အခန်း (၁၂၅၁-၁၂၅၂)
Vol. 109 Ch. 1251-1252
အခန်း ၁၂၅၁
လူတစ်ယောက် ရှောင်းယီထံသို့ အလျင်အမြန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဘေးနားရှိ အစောင့်သည် ထိုထုတ်လွှင့်သူကို တားဆီးရန် ချက်ချင်း ရှေ့တက်လာခဲ့သည်။
“ရပ်စမ်း။”
အစောင့်က အော်ငေါက်လိုက်သည်။ ထုတ်လွှင့်သူသည် သူ့လက်ထဲရှိ ဖုန်းကို ချက်ချင်း မြှောက်ပြလိုက်၏။
“အထင်မလွဲပါနဲ့။ ကျွန်တော်က စစ်မြေပြင်သတင်းထောက် ထုတ်လွှင့်သူတစ်ယောက်ပါ။ ယီရန်ပင်း သူဌေးကို အင်တာဗျူးခွင့်ပေးဖို့ မျှော်လင့်ပါတယ်။”
ထိုသူ၏ ကိုယ်တိုင်မိတ်ဆက်မှုကို ကြားလိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် သူ့ကို လွှတ်ပေးလိုက်ရန် အစောင့်အား လက်ဟန်ပြလိုက်သည်။
အစောင့်သည် ထိုထုတ်လွှင့်သူကို အစုန်အဆန် အကဲခတ်ကြည့်ရှုပြီး လက်နက်မပါရှိသည်ကို တွေ့ရှိရလေသည်။
“ကျွန်းပိုင်ရှင်က မင်းကို ဖြတ်သွားခွင့်ပြုလိုက်ပြီ။ ဘာအကွက်မှ ထွင်ဖို့ မကြိုးစားနဲ့။”
“စိတ်ချပါ။ ကျွန်တော် တကယ် ဘာအကွက်မှ မထွင်ပါဘူး။”
ထုတ်လွှင့်သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှောင်းယီ သူ့ကို ဖြတ်သွားခွင့်ပြုလိုက်ခြင်းက သူ၏ အင်တာဗျူးကို သဘောတူလိုက်ခြင်းပင် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ အခြားသော ထုတ်လွှင့်သူများသည်လည်း ဝိုင်းအုံလာကြရန် ပြင်ဆင်လိုက်ကြ၏။ သို့သော်လည်း ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ကျန်တဲ့သူတွေကို တားထားလိုက်။”
“ဟုတ်ကဲ့။”
အစောင့်က ပြန်ဖြေလိုက်ပြီးနောက် အနောက်ဘက်မှ တိုးဝှေ့တက်လာသော အခြားထုတ်လွှင့်သူများကို တားဆီးရန် ကျန်အစောင့်များကို အချက်ပြလိုက်သည်။
ယခုအခါ အင်တာဗျူးခွင့် ရရှိသွားသော ထုတ်လွှင့်သူမှာ ပို၍ပင် စိတ်လှုပ်ရှားနေတော့သည်။ သီးသန့်အင်တာဗျူးခွင့် ရရှိခြင်းသည် ကြည့်ရှုသူဦးရေကို ဆိုလိုပြီး ကြည့်ရှုသူဦးရေသည် ငွေကြေးကို ဆိုလိုပေသည်။
“မင်း ဘာမေးချင်တာလဲ။”
ရှောင်းယီသည် ထိုထုတ်လွှင့်သူကို အနီးနားရှိ ပင်လယ်ကမ်းခြေ တဲတစ်ခုသို့ ခေါ်ဆောင်သွားကာ ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
“ငါ့မှာ အချိန်အများကြီးမရှိဘူး။”
“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်ကို အင်တာဗျူးခွင့်ပေးတဲ့အတွက် သူဌေးကို ကျေးဇူးတင်ပါတယ်။”
ထုတ်လွှင့်သူက ကပျာကယာ ပြောဆိုလိုက်သည်။
“ကျွန်တော် ရိုးရှင်းတဲ့ မေးခွန်း နည်းနည်းပဲ မေးပါ့မယ်။”
ရှောင်းယီက ဆက်ပြောရန် အချက်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီတစ်ကြိမ် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို လာရောက်တိုက်ခိုက်တဲ့ ဒေသခံအင်အားစုတွေရဲ့ နောက်ခံက ဘာလဲဆိုတာ သူဌေး သိပါသလား။”
ထုတ်လွှင့်သူက မေးလိုက်သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“သူတို့တွေက ကျုပ် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ တိုက်သစ်ကြီးက မဟာအင်ပါယာကြီး လေးခုပဲ။ ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။”
ထုတ်လွှင့်သူသည် အနည်းငယ် ဆွံ့အသွားပြီးနောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ထပ်မံမေးမြန်းလိုက်သည်။
“သူဌေး ဆိုလိုတာက ဒီတစ်ကြိမ်မှာ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို လာတိုက်ခိုက်တာက အင်အားစုတစ်ခုတည်း မဟုတ်ဘဲ မဟာအင်ပါယာကြီး လေးခုလုံး ပူးပေါင်းပြီး လာတိုက်ခိုက်တာပေါ့။”
“ဟုတ်တယ်။”
ရှောင်းယီက ပြန်လိုက်ဖြေလိုက်သည်။
“တကယ်တော့ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူတို့တွေ ကျုပ်တို့ မဟာမိတ်အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာမျိုး အရင်ကလည်း ရှိခဲ့ဖူးတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ထုတ်လွှင့်သူနှင့် တိုက်ရိုက်လွှင့်ထုတ်မှု အခန်းတွင်းရှိ အင်တာနက်အသုံးပြုသူများအားလုံး ထိတ်လန့်အံ့ဩသွားကြသည်။
“သူဌေးကတော့ သူဌေးပါပဲ။ အခြားသူတွေက အင်အားစုတစ်ခုရဲ့ တိုက်ခိုက်မှုကို တောင့်ခံဖို့ ရုန်းကန်နေရချိန်မှာ သူဌေးကတော့ အင်အားစု လေးခုစလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေနိုင်ပြီ။”
“ဟုတ်တယ်။ ပြီးတော့ အဲ့ဒါက ဒီတိုက်ကြီးရဲ့ အင်အားအကြီးဆုံး အင်ပါယာကြီး လေးခုလည်း ဖြစ်နေသေးတယ်။”
“တော်သေးတာပေါ့။ အဲ့ဒီ မဟာအင်ပါယာကြီး လေးခုက သူဌေးကြီးကိုပဲ ပစ်မှတ်ထားလို့။ မဟုတ်လို့ အခြားမဟာမိတ်အဖွဲ့တစ်ခုခုကိုသာ ပစ်မှတ်ထားခဲ့ရင် ခုခံနိုင်စွမ်း ရှိမှာတောင် မဟုတ်ဘူး။”
“ကံကောင်းလို့ပေါ့။ ငါတို့အတွက် ဒီလိုအင်အားစုတွေကို ခုခံကာကွယ်ပေးနေတဲ့ သူဌေးကြီး ရှိနေလို့။”
ထုတ်လွှင့်သူသည် ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်လက်မေးမြန်းလိုက်သည်။
“အစပိုင်းတုန်းကတော့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အင်အားက အသာစီးမရခဲ့သလိုပဲ။ အဲ့ဒါက တစ်ဖက်ရန်သူရဲ့ လက်နက်တွေက ပိုမိုအဆင့်မြှင့်တင်ထားလို့လား။”
“ဟုတ်တယ်။ ကျုပ်တို့ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောလိုမျိုး ကြီးမားတဲ့ ပင်လယ်လက်နက်တွေ ရှိနေရင်တောင် ဘာမှလုပ်လို့မရခဲ့ဘူး။”
ရှောင်းယီက ကူကယ်ရာမဲ့နေသည့်လေသံဖြင့် ပြောလိုက်သည်။
“သူတို့ရဲ့ လက်နက်တွေက ကျုပ်တို့ထက် အမြဲတမ်း တစ်လှမ်းသာနေတယ်။”
ရှောင်းယီ၏ အဖြေကို ကြားလိုက်ရပြီးနောက် ထုတ်လွှင့်သူက ဆက်မေးသည်။
“ဒါဆိုရင် သူဌေးမှာ အပျော်စီးရွက်သင်္ဘောရှိပြီး ရှေးဦးဧရာမ သားရဲကြီး ကို ဆွဲဆောင်နိုင်ခဲ့လို့ ကံကောင်းသွားတာပေါ့။ မဟုတ်ရင် ယီရန်ပင်းမဟာမိတ်အဖွဲ့က ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။”
ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းပြန်ခါကာ ပြောလိုက်သည်။
“အန္တရာယ်ရှိတယ်လို့တော့ မသတ်မှတ်နိုင်ပါဘူး။ သူတို့ကို ဖြေရှင်းဖို့ အချိန်ပိုပေးလိုက်ရရုံပါပဲ။ သူတို့ရဲ့ လက်နက်တွေက အဆင့်မြှင့်ထားတယ်ဆိုပေမဲ့ ခဲယမ်းမီးကျောက်တွေက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်။ စစ်ပွဲက ရေရှည်အင်အားပြုန်းတီးတဲ့ စစ်ပွဲအဖြစ် ရောက်သွားတာနဲ့ ကျုပ်တို့အတွက် အောင်ပွဲရဖို့က အချိန်တစ်ခုပဲ လိုတယ်။”
ထိုစကားများသည် အလွန်ရိုးရှင်းပြီး နားလည်ရလွယ်ကူလှပေသည်။ ထုတ်လွှင့်သူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“တစ်ဖက်လူတွေက သူဌေးတို့ရဲ့ မဟာမိတ်အဖွဲ့ကို ဒီလိုမျိုး တိုက်ခိုက်ခဲ့တာတောင် သုံ့ပန်းတစ်ယောက်ကိုမှ သတ်ဖြတ်ခဲ့တာ မတွေ့ရဘူးနော်။ သူဌေးအနေနဲ့ ကရုဏာသက်မိသွားလို့လားဆိုတာ သိချင်ပါရစေ။”
“ကျုပ်က အကြောင်းမဲ့ သတ်ဖြတ်နေစရာ မလိုဘူးလို့ ခံစားရလို့ပါ။ ပြီးတော့ ကျုပ်တို့အတွက် လမ်းပြပေးဖို့ သူတို့ကို လိုအပ်နေသေးတယ်လေ။”
ရှောင်းယီက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။
“လမ်းပြပေးဖို့ ဟုတ်လား။”
ထုတ်လွှင့်သူမှာ အနည်းငယ် ဆွံ့အသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားခဲ့လေသည်။
“သူဌေး... ခင်ဗျား ဆိုလိုတာက သူတို့ကို တန်ပြန်တိုက်ခိုက်တော့မယ်ပေါ့ ဟုတ်လား။”
“ဟုတ်တယ်။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဒါပေမဲ့ တစ်ဖက်လူရဲ့ လက်နက်တွေက အဆင့်မြှင့်တင်ထားပြီးပြီဆိုတော့ ပြန်တိုက်ဖို့က လွယ်ကူမှာတော့ မဟုတ်ဘူး မဟုတ်လား။”
ထုတ်လွှင့်သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“တိုက်ဖို့တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျုပ် မဖြစ်မနေ တိုက်ရမယ်။ ပြီးတော့ လူတိုင်းကိုလည်း ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေကို အတူတူ ဝိုင်းရှာကြဖို့ တောင်းဆိုချင်ပါတယ်။”
ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
တိုက်ရိုက်လွှင့်ထုတ်မှုအခန်းတွင်းရှိ အသက်ရှင်ကျန်ရစ်သူများမှာ လုံးဝ ဆွံ့အသွားကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် မေးမြန်းကြတော့သည်။
“သူဌေးက ဘာကိုဆိုလိုတာလဲ။ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အဲ့ဒီ အုတ်မြစ်ကျောက်ကျွန်းတွေမှာ ထူးခြားတာတစ်ခုခု ရှိနေလို့လား။”
“ဟုတ်သားပဲ။ ဘာလို့ ဒါကို အခုမှ တောင်းဆိုနေရတာလဲ။ ငါ့မှာ ရှေးဦးဧရာမ သားရဲကြီးကိစ္စနဲ့တင် ဗာဟီရများလှပြီ။”
“သူဌေးက မဖြစ်မနေ တိုက်ရမယ်လို့ ပြောမှတော့ အကြောင်းပြချက် ရှိမှာပေါ့။ အားလုံးပဲ ဆက်မမေးကြနဲ့ဦး။ သူဌေး ရှင်းပြတာကို စောင့်ကြည့်ကြရအောင်။”
ထုတ်လွှင့်သူသည်လည်း ရှောင်းယီ၏စကားကို ကြားဖြတ်မပြောဘဲ သူ နောက်ထပ် ဘာဆက်ပြောမလဲဆိုသည်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။
ထိုစဥ် ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေပေါ်မှာ ဖမ်းဆီးခံထားရတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်လို့ပဲ။”
ထုတ်လွှင့်သူသည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွားတော့သည်။
ဖမ်းဆီးခံထားရတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေရင်တောင် သူတို့ကို ဘာလို့ ကယ်တင်ရမှာလဲ။ သူဌေးက သူတော်စင် အလင်းတန်းတွေ စပြီးထုတ်လွှင့်တော့မလို့လား။
ဒါပေမဲ့ ယီရန်ပင်းရဲ့ အရင်က လုပ်ရပ်တွေကို ကြည့်ရရင် သူက သူတော်စင်လုပ်မယ့်နေနေသာသာ ဆန့်ကျင်ဘက်အနေနဲ့ စီးပွားရေးသမား အမြတ်ကြီးစားတစ်ယောက်နဲ့တောင် ပိုတူနေသေးတယ်။
“ဒီဒေသခံတွေရဲ့ ပြုမူပုံတွေကို ကြည့်ရရင် သူတို့က အရင်အသုတ်က အသက်ရှင်ကျန်ရစ်သူတွေအကြောင်းကို သိထားကြသလို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အင်္ဂါရပ်တွေကိုလည်း သိနေကြတာ ထင်ရှားတယ်။ ကျုပ်တို့ ဒီကမ္ဘာကနေ ထွက်ခွာပြီး နောက်တစ်ဆင့်ကို ကူးပြောင်းသွားတာနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ချက်ချင်း အစကနေ ပြန်ဖြစ်သွားလိမ့်မယ်။ သူတို့လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးနိုင်တော့မှာ မဟုတ်ဘူး။”
ရှောင်းယီက ဆက်ရှင်းပြလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ ဒီဒေသခံတွေ ဘာလုပ်ကြမလဲလို့ ခင်ဗျားတို့ ထင်သလဲ။”
“ကျွန်တော်တို့ကို ဆွဲထားပြီး နောက်တစ်ဆင့်ကို မကူးပြောင်းနိုင်အောင် လုပ်မှာပေါ့။”
ထုတ်လွှင့်သူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“မှန်တာပေါ့။ ကျုပ်တို့ နောက်တစ်ဆင့်ကို ကူးပြောင်းနိုင်ဖို့အတွက် ကြိုတင်သတ်မှတ်ချက်က အသက်ရှင်ကျန်ရစ်သူ အားလုံး SSS အဆင့်ကို ရောက်ရှိရမယ်။ အကယ်၍ ဖမ်းဆီးခံထားရပြီး အဆင့်မတက်တင်နိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေမယ်ဆိုရင် ကျုပ်တို့ ဒီကမ္ဘာကြီးထဲမှာပဲ ထာဝရ ရှိနေရလိမ့်မယ်။”
ရှောင်းယီက တုံ့ပြန်လိုက်သည်။
“သေစမ်း... အခု သူဌေး ပြောပြမှပဲ သူဌေး ဘာလို့ အဲ့ဒီ မဟာအင်ပါယာကြီး လေးခုကို မဖြစ်မနေ ပြန်တိုက်ရသလဲဆိုတာ ငါ နားလည်သွားတော့တယ်။”
“ဟုတ်ပါ့။ ငါတော့ ရှေးဦးဧရာမ သားရဲကြီးတွေရဲ့ ဒဏ်ကို ခံရင်း ဒီနေရာမှာ ထာဝရ မနေချင်ဘူး။”
“ဒီဒေသခံတွေက အရမ်းမုန်းဖို့ကောင်းတာပဲ။ ယုတ်မာလိုက်တာ။”
“ဒါက အတော်လေးတော့ ဒုက္ခများလိမ့်မယ်။ အုတ်မြစ်ကျောက်ကျွန်းတွေ အားလုံးကို ရှာဖွေရမယ်။ တစ်ခုလောက်လေး ကျန်ခဲ့ရင်တောင် ငါတို့တွေ ထွက်ခွာနိုင်မှာ မဟုတ်ဘူး။”
“အုတ်မြစ်ကျောက်ကျွန်းတွေတင် ဘယ်ကမလဲ။ အသက်ရှင်ကျန်ရစ်သူ တချို့သာ ဒေသခံတွေရဲ့ ကျွန်းတွေဆီ အခေါ်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ ဒါကို လုံးစေ့ပတ်စေ့ ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်။”
“မင်းတို့ ပြောနေတာတွေ ကြားပြီး ငါတော့ မျှော်လင့်ချက် မရှိတော့သလိုတောင် ခံစားလိုက်ရတယ်။ လက်လျှော့ပြီးပဲ နေလိုက်တော့မယ်။”
“မလုပ်ပါနဲ့။ ငါတို့ နောက်တစ်ဆင့်ကို မဖြစ်မနေ သွားရမယ်။ အားလုံးပဲ အတူတူ ကြိုးစားကြရအောင်။ နောင်တရစရာတွေ မချန်ထားခဲ့ကြနဲ့။”
ရှောင်းယီသည် လူတိုင်းအား ထိုကိစ္စအကြောင်း အသိပေးလို၍သာ ထိုထုတ်လွှင့်သူ၏ အင်တာဗျူးကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်ရာ သူက မတ်တတ်ထရပ်လိုက်တော့သည်။
“ကျုပ်မှာ လုပ်စရာ အခြားအလုပ်တွေ ရှိသေးလို့ ဒီလောက်နဲ့ပဲ တော်ကြရအောင်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် မဟာမိတ်အဖွဲ့ အရှေ့မြောက်ဘက်ကျွန်း၏ အတွင်းပိုင်းဆီသို့ လျှောက်သွားတော့သည်။
ထုတ်လွှင့်သူသည် မတ်တတ်ထရပ်ကာ ရှောင်းယီကို လှမ်းခေါ်ရန် ကြိုးစားသော်လည်း ဘေးနားရှိ စစ်သားက သူ့ကို တားဆီးလိုက်ပြီ ဖြစ်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်ခွာသွားခဲ့ရတော့သည်။
တိုက်ပွဲ ပြီးဆုံးသွားကြောင်း သိလိုက်ကြရသောအခါ အရှေ့မြောက်ဘက်ကျွန်းပေါ်ရှိ ဒေသခံ ပြည်သူအားလုံးသည် လေကြောင်းရန်ကာကွယ်ရေး ကတုတ်ကျင်းများထဲမှ ထွက်လာခဲ့ကြတော့သည်။
အခန်း ၁၂၅၂
ဒေသခံပြည်သူများသည် စစ်မီးလျှံများအောက်တွင် ငြိမ်းချမ်းမှုကို အနည်းငယ်မျှပင် ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေသေးသော မိမိတို့၏ အိမ်ဂေဟာများကို ကြည့်ရှုကာ အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့ကြသည်။
“တိုက်ပွဲက ငါတို့ဆီကို လုံးဝ ရောက်မလာခဲ့ဘူး ထင်တယ်။”
“ဒါပေါ့။ ငါကြားရသလောက်တော့ အမြောက်သံတွေက တစ်ချိန်လုံး ကမ်းခြေမှာပဲ ဆူညံနေတာ။ အတွင်းပိုင်းအထိ လုံးဝ ပြန့်မလာဘူး။”
“ငါတို့ရဲ့ တိုင်းမှူးက နည်းနည်း စိုးရိမ်လွန်သွားတာ ထင်တယ်။”
“တိုင်းမှူးက စစ်ပွဲကြောင့် ငါတို့ ထိခိုက်မှာကို စိုးရိမ်လို့ပါကွာ။ ကျေးဇူးကန်းတဲ့ စကားတွေ မပြောစမ်းပါနဲ့။”
လူတိုင်း ထိုသို့ ဝိုင်းဝန်းဆွေးနွေးနေကြစဉ်မှာပင် ရှောင်းယီတစ်ယောက် အဝေးမှ လျှောက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ရောက်လာပြီဟေ့။”
တစ်ယောက်က အော်ပြောလိုက်၏။ လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး ကျွန်းပိုင်ရှင်ဘက်သို့ လက်ယှက်ကာ အရိုအသေပေးလိုက်ကြတော့သည်။
“ကျွန်းပိုင်ရှင် ဂါရဝပြုပါတယ်။”
ရှောင်းယီက လူအုပ်ကြီးကို ခေါင်းညိတ်ပြလိုက်သည်။
“လူတိုင်း ဒဏ်ရာရတာ ဘာညာ မရှိကြဘူးမလား။”
“မရှိပါဘူး။ ကျွန်တော်တို့ကို တိုင်းမှူးက လေကြောင်းရန်ကာကွယ်ရေး ကတုတ်ကျင်းတွေထဲ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့လို့ အရမ်း လုံခြုံခဲ့ပါတယ်။”
လူတစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ဘယ်သူမှ ဒဏ်ရာမရတာ အကောင်းဆုံးပဲ။ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို ရှင်းလင်းပြီးသွားပြီမို့လို့ ထိတ်လန့်နေစရာ မလိုတော့ပါဘူး”
“မဟာမိတ်အဖွဲ့ရဲ့ စစ်တပ်က ရန်သူကို အနိုင်တိုက်နိုင်မှာကို ကျွန်တော် ကြိုသိနေသားပဲ။”
“ဒါပေါ့။ အခုအချိန်မှာ ငါတို့ မဟာမိတ်အဖွဲ့ကို ယှဉ်ပြိုင်နိုင်တဲ့ အခြား ဘယ်အင်အားစု ရှိဦးမှာလဲ။”
“ယီရန်ပင်း မဟာမိတ်အဖွဲ့ သက်တော်ရာကျော် ရှည်ပါစေ။”
ထိုအချိန်တွင် ချူဖုန်းနှင့် ချူရှန်းနို့ ညီအစ်ကိုနှစ်ယောက် ရောက်လာခဲ့ကြသည်။
“ကျွန်းပိုင်ရှင်...”
ရှောင်းယီက ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။
“ကျန်တဲ့ကိစ္စတွေကို မင်းတို့ပဲ ဆက်ပြီးကိုင်တွယ်လိုက်တော့။ ငါ အခု ပြန်တော့မယ်။ တစ်ခုခု ညှိနှိုင်းဖို့ လိုအပ်တာရှိရင် ဦးလေးအန်းကို သွားရှာလိုက်ပါ။”
“ဟုတ်ကဲ့။”
အရှေ့မြောက်ဘက်ကျွန်းခွဲမှ ဒေသခံများကို ကြည့်ရှုစစ်ဆေးပြီးနောက် ရှောင်းယီသည် သူတို့ကို ကူညီပံ့ပိုးရန် ရောက်ရှိလာကြသော မျိုးနွယ်ခြားများထံသို့ သွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“အားလုံးပဲ ကူညီပံ့ပိုးပေးဖို့ ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်သူကို နှိမ်နင်းပြီးပြီမို့လို့ လူတိုင်း ပြန်ပြီး အနားယူလို့ရပါပြီ။”
“ဟားဟားဟား...စောစောက အခြေအနေက အတော်လေး ပြင်းထန်နေသလို ပြောတော့ ကျုပ်တို့ ဝင်ကူရတော့မယ် ထင်နေတာ။ ဘယ်လောက်ပဲ အင်အားကြီးကြီး ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ရေတပ်ကိုတော့ မယှဉ်နိုင်ဘူးပဲ။”
သမန်းဝံပုလွေ ဘင်နီက ရယ်မောကာ ပြောလိုက်သည်။ အမှောင် နတ်သူငယ် ဘုရင်မ ဆာရာကလည်း ပြုံးလိုက်သည်။
“အမှန်ပဲ။ နောက်ဆို မဟာမိတ်အဖွဲ့ထဲက အဆင့်မြင့်လက်နက်တွေ ကိုင်တွယ်တာကို ပိုပြီး လေ့လာထားရတော့မယ် ထင်တယ်။ မဟုတ်ရင် နောက်ကျရင် ကူညီနိုင်မှာတောင် မဟုတ်တော့ဘူး။”
လူတိုင်း ထိုသို့ ပြောဆိုဆွေးနွေးရင်း မဟာမိတ်အဖွဲ့၏ အရှေ့မြောက်ဘက်ကျွန်းမှနေ ပြန်လည်ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် ညနေ လေးနာရီခွဲကျော်နေပြီ ဖြစ်သည်။
ကျန်းယွင်ထျန်းမှာမူ မဟာအင်ပါယာကြီး လေးခုမှ ဖမ်းဆီးရမိသော သုံ့ပန်းများကို စစ်ဆေးမေးမြန်းရင်း အလုပ်ရှုပ်နေခဲ့သည်။ အမှန်တော့ စစ်ဆေးမေးမြန်းခြင်းဟူသော စကားလုံးကို သုံးစွဲရန်ပင် အနည်းငယ် မသင့်တော်ပေ။
အကြောင်းမူကား ထိုသုံ့ပန်းများသည် စိုးစဉ်းမျှပင် ခုခံခြင်းမရှိဘဲ မိမိတို့သိထားသော အချက်အလက်အားလုံးကို ကျန်းယွင်ထျန်းအား တိုက်ရိုက် ထုတ်ဖော်ပြောဆိုခဲ့ကြသောကြောင့်ပင်။
ညစာစားချိန်တွင် ကျန်းယွင်ထျန်းတစ်ယောက် ဗီလာသို့ ပြန်ရောက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် မဟာအင်ပါယာကြီး လေးခုရဲ့ ကျွန်းတည်နေရာတွေကို အတည်ပြုပြီးပါပြီ။ ပြီးတော့ အဲ့ဒီအင်ပါယာကျွန်းတစ်ခုချင်းစီရဲ့ စစ်အင်အား ဖြန့်ကျက်ပုံကိုလည်း အကြမ်းဖျင်း သိရှိထားပါတယ်။”
ကျန်းယွင်ထျန်းက ထမင်းစားရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ဒီစစ်အင်အား ဖြန့်ကျက်ပုံက ရည်ညွှန်းချက်အဖြစ်ပဲ သုံးလို့ရလိမ့်မယ်။ မဟာအင်ပါယာကြီး လေးခုက ဒီညတွင်းချင်းပဲ သူတို့ရဲ့ စစ်အင်အား ဖြန့်ကျက်မှုကို သေချာပေါက် ပြောင်းလဲပစ်လိုက်ကြမှာပဲ။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် လိုအပ်သလို ပြင်ဆင်ထားလိုက်ပါ။ မနက်ဖြန် မနက်စောစော မဟာအင်ပါယာကြီး လေးခုကို သိမ်းပိုက်ဖို့ ငါတို့ စစ်ချီကြမယ်။”
“ဟုတ်ကဲ့။”
ညစာစားပြီးနောက် အားလုံးက ခဏကြာအောင် စကားစမြည်ပြောဆိုပြီးနောက် အနားယူရန် ပြန်သွားခဲ့ကြသည်။ စစ်တပ်စေလွှတ်ရန် ဆုံးဖြတ်ထားသည်ဖြစ်ရာ ကဏ္ဍပေါင်းစုံတွင် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပြီး မနက်ဖြန်တွင်လည်း လူတိုင်း စောစောထကြရမည် ဖြစ်သည်။
ညတာသည် ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့တွင် ရှောင်းယီသည် စောစောထကာ ချက်ချင်းလက်မှတ်ထိုးဝင်လိုက်တော့သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - အကြီးစားဗုံးကြဲလေယာဉ် ပုံစံခွက် (SSS အဆင့်) ၁။”
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“အခု မဟာအင်ပါယာကြီး လေးခုကို တိုက်ခိုက်ဖို့ ငါ့မှာ နောက်ထပ် ထက်မြက်တဲ့ လက်နက်ဆန်းတစ်ခု ရှိသွားပြီ။”
သူသည် ထိုပုံစံခွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်းအသုံးပြုကာ စတင်ထုတ်လုပ်လိုက်တော့သည်။
ထုတ်လုပ်ပြီးနောက် ၎င်းကို ရေတပ်ဆိပ်ကမ်းရှိ လေဆိပ်သို့ တိုက်ရိုက် ရွှေ့ပြောင်းနေရာချထားလိုက်သည်။
နံနက်ခင်း ကျင့်ကြံပြီးနောက် ရှောင်းယီသည် အောက်ထပ်သို့ဆင်းကာ နံနက်စာစားပြီးသည်နှင့် ရေတပ်ဆိပ်ကမ်းသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
ကျန်းယွင်ထျန်းမှာမူ စစ်တပ်ကို စုစည်းပြင်ဆင်နေပြီ ဖြစ်သည်။
ရှောင်းယီ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ကပျာကယာဖြင့် မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီတစ်ကြိမ်မှာ ငါတို့ ရေတပ်အင်အား ဘယ်လောက်အထိ ထုတ်ဖို့ စီစဉ်ထားလဲ။”
“ဒီတစ်ကြိမ်မှာတော့ ငါတို့ လေယာဉ်တင်သင်္ဘော ငါးစင်းနဲ့ မနေ့က ဖမ်းဆီးရမိထားတဲ့ စစ်သင်္ဘော ခြောက်ရာကိုပဲ ထုတ်သုံးမယ်။”
“ဟမ်...။”
ကျန်းယွင်ထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အဲ့ဒီလိုဆိုရင် တိုက်ပွဲဝင်ဖို့ နည်းနည်း ခက်ခဲလိမ့်မယ်။”
ယီရန်ပင်း မဟာမိတ်အဖွဲ့အနေဖြင့် အရင်က ခုခံကာကွယ်ရုံသာ ဖြစ်သဖြင့် ပြဿနာမရှိခဲ့ပေ။ သင်္ဘောအရေအတွက် နည်းပါးလျှင်ပင် ကုန်းမြေပေါ်၌ ခုခံစစ် ပြင်ဆင်နိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့က ထိုးစစ်ဆင် တိုက်ခိုက်ရမည် ဖြစ်သည်။ သင်္ဘောအရေအတွက် နည်းပါးလွန်းပါက ရန်သူကို အနိုင်တိုက်ရန် လုံးဝ အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။
ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
“မင်း ရေတပ်ဆိပ်ကမ်းက လေဆိပ်ကို သွားကြည့်ပြီးပြီလား။”
ရှောင်းယီ၏ စကားနှင့် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် ချက်ချင်း သဘောပေါက်သွားတော့သည်။
“ငါတို့ဆီမှာ လက်နက်ပစ္စည်းအသစ်တွေ ထပ်ရှိလာပြန်ပြီလား။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ထျန်းသည် လေဆိပ်ရှိရာသို့ ချက်ချင်းပင် အပြေးအလွှား သွားရောက်ကြည့်ရှုတော့၏။ ထိုနေရာသို့ ရောက်သောအခါ သူသည် လေဆိပ်တွင် သပ်ရပ်စွာ ရပ်နားထားသော ဗုံးကြဲလေယာဉ်များကို မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“ဒါ... ဒါက ဗုံးကြဲလေယာဉ်လား။”
ကျန်းယွင်ထျန်းက အံ့ဩတကြီး မေးလိုက်သည်။
“ဟုတ်တယ်။ အကြီးစားဗုံးကြဲလေယာဉ်ပဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတယ်။ ဒါရှိရင် အခြားစစ်ကြောင်းတွေ ထပ်မလိုတော့ဘူး။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟုတ်တယ်။ သုံ့ပန်းတွေကို ပြင်ဆင်ခိုင်းထားလိုက်။ မဟာအင်ပါယာကြီး လေးခုကို အမြန်ဆုံး သွားရောက်ချေမှုန်းမယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် လေယာဉ်တင်သင်္ဘောပေါ်ရှိ တိုက်လေယာဉ်အချို့ကို ချက်ချင်း ဖယ်ရှားခိုင်းလိုက်ပြီး ၎င်းတို့နေရာတွင် ဗုံးကြဲလေယာဉ်များဖြင့် အစားထိုး၍ လဲလှယ်တပ်ဆင်စေခဲ့သည်။
ဤဘက်တွင် အရာအားလုံး အဆင်သင့်ဖြစ်သွားချိန်တွင် သုံ့ပန်းများဘက်ကလည်း အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။
သုံ့ပန်းများ ရှိနေသည့် သင်္ဘောများပေါ်တွင် နောက်ဆုံးမိနစ်၌ သူတို့ သစ္စာဖောက် ပုန်ကန်ခြင်းမပြုနိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုရန် မဟာမိတ်အဖွဲ့မှ စစ်သားအချို့ကို ထည့်သွင်းထားသည်။
မနေ့က မဟာအင်ပါယာကြီး လေးခု၏ ကျွန်းတည်နေရာများကို စစ်ဆေးမေးမြန်းပြီးနောက် ရှောင်းယီသည် ဂရုချက်ထဲရှိ လူတိုင်းကို မိမိတို့၏ ကျွန်းတည်နေရာများကို မျှဝေကြရန် တောင်းဆိုခဲ့လေသည်။
ယခုအချိန်တွင် လူတိုင်းအနေဖြင့် မိမိတို့ကျွန်း၏ တည်နေရာကို ဖုံးကွယ်ထားစရာ မလိုတော့ချေ။ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်တပ်များသည် လူအများစု၏ ကျွန်းများသို့ ရောက်ရှိဖူးကြပြီး ဖြစ်သလို ရှေးဦးဧရာမ သားရဲကြီးများကို ရင်ဆိုင်ရန်အတွက်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘောတပ်ဖွဲ့များ၏ ပံ့ပိုးကူညီမှုကို လိုအပ်နေသေးသည်။
ထို့ကြောင့် ရှောင်းယီက ထိုသို့ တောင်းဆိုလိုက်သောအခါ လူတိုင်းက မိမိတို့ မဟာမိတ်အဖွဲ့၏ တည်နေရာများကို ရှောင်းယီထံသို့ ချက်ချင်း ပေးပို့ခဲ့ကြသည်။
ရှောင်းယီသည် အော်ကာအင်ပါယာနှင့် အနီးဆုံး အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ကို ရှာတွေ့ပြီးနောက် အခြေအနေကို ရှင်းပြလိုက်သည်။
“အော်ကုအင်ပါယာကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ဆီကနေ လမ်းငှားချင်တာလား။ ရပါတယ်...လုံးဝကို ပြဿနာမရှိပါဘူး။”
ထိုအသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ခေါင်းဆောင်သည် ရှောင်းယီ၏ တောင်းဆိုမှုကို ကြားသည်နှင့် ချက်ချင်း သဘောတူခဲ့သည်။
“ဒါဆိုရင် ကျေးဇူးတင်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အားနာနေစရာ မလိုပါဘူး။ သူဌေးသာ မရှိရင် ကျွန်တော်တို့ မဟာမိတ်အဖွဲ့လည်း အခုလောက်ဆို တည်ရှိနေတော့မှာ မဟုတ်ဘူး။”
တစ်ဖက်မဟာမိတ်ခေါင်းဆောင်က ပြုံးကာ ပြန်ပြောလာခဲ့သည်။
“ကျုပ်ကို ချီးမွမ်းလွန်းနေပါပြီ။ ကျုပ်တို့မှာ အချိန်သိပ်မရှိလို့ အခုဲ လာခဲ့ပါတော့မယ် “
ရှောင်းယီက ဆိုသည်။
တစ်ဖက်မဟာမိတ်ခေါင်းဆောင်သည် မြို့ပြန်ကျောက် တစ်တုံးကို ချက်ချင်း ငှားရမ်းပေးပို့လာခဲ့သည်။ ရှောင်းယီသည် ၎င်းကို ပြတ်ပြတ်သားသား အသုံးပြုကာ ထိုမဟာမိတ်အဖွဲ့ထံသို့ ရောက်ရှိသွားပြီးနောက် ၎င်းမဟာမိတ်အဖွဲ့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လေယာဉ်တင်သင်္ဘောများကို ရယူလိုက်သည်။
လေယာဉ်တင်သင်္ဘောပေါ်ရှိ စစ်သားများမှာမူ လေယာဉ်တင်သင်္ဘောပေါ်ရှိ အစီအရင်များမှတစ်ဆင့် ကူးပြောင်းလာခဲ့ကြသည်။
မဟာအင်ပါယာကြီး လေးခုမှ သင်္ဘောများနှင့် သုံ့ပန်းများကိုလည်း ထိုနည်းလမ်းအတိုင်းပင် ကူးပြောင်းကာ ခေါ်ဆောင်ခဲ့ကြသည်။
ကြီးမားလှသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးကို မြင်လိုက်ရသောအခါ ထိုမဟာမိတ်အဖွဲ့မှ လူများသည် ရူးသွပ်တော့မတတ် ဓာတ်ပုံများ ဝိုင်းရိုက်ကြတော့သည်။
“ကြည့်ကြဦး။ သူဌေးရဲ့ လေယာဉ်တင်သင်္ဘောကြီး ငါတို့ မဟာမိတ်အဖွဲ့ဆီ ရောက်လာပြီကွ။”
လူတစ်ယောက်က ထိုဓာတ်ပုံကို ယီထျန်းဂရုချက်ထဲသို့ တန်းပို့လိုက်လေသည်။