← Chapters

အခန်း (၁၂၅၃-၁၂၅၄)

Vol. 109 Ch. 1253-1254

အခန်း (၁၂၅၃-၁၂၅၄)

Vol. 109 Ch. 1253-1254

အခန်း ၁၂၅၃

“ချီးဘဲ... ဒါက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူဌေးတို့မဟာမိတ်အဖွဲ့ရဲ့ အရှေ့မြောက်ဘက်ကျွန်းမှာ မင်းရိုက်ခဲ့တဲ့ ဓာတ်ပုံ မဟုတ်ဘူးလား။”

“လျှောက်မပြောနဲ့။ ဒါ ငါအခုလေးတင် ရိုက်ထားတာကွ။ ကြည့်လိုက်စမ်းပါ...။ ငါ့ဓာတ်ပုံပေါ်မှာ ရက်စွဲပါ ပါတယ်။”

“ရက်စွဲပါတော့ ဘာဖြစ်လဲ။ အဲ့ဒါတွေကို ဖိုတိုရှော့နဲ့ ပြင်လို့ရတာပဲ။”

“မင်းတို့ ယုံချင်ယုံ မယုံချင်နေ။ သူဌေးရဲ့ ရေတပ်စစ်အင်အားစုက အော်ကုအင်ပါယာကို တိုက်ခိုက်ဖို့ ငါတို့ မဟာမိတ်အဖွဲ့ဆီကနေ ဖြတ်သန်းသွားတော့မှာ။”

“သူဌေးက မနေ့လေးမှ ပြန်တိုက်ဖို့ ပြောခဲ့တာလေ။ ဒီနေ့ စပြီးလှုပ်ရှားနေပြီလား။ ဒါက တကယ့်ကို လျင်မြန်တဲ့ လုပ်ဆောင်ချက်ပဲ။”

“သူဌေး ပြောပုံအရဆိုရင် စောစောလုပ်နိုင်လေ ပိုကောင်းလေပဲ။ ဒေသခံတွေ ဖမ်းဆီးထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အမြန်မကယ်တင်နိုင်ရင် ငါတို့တွေ ဒီနေရာမှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ်။”

“ဒါနဲ့နေပါဦး... မင်းတို့ မဟာမိတ်အဖွဲ့ကော အမြတ်လေးဘာလေးရအောင် အတူတူ လိုက်မတိုက်ဘူးလား။”

“မလိုက်ရဲပါဘူးကွာ။ အဲ့ဒီအင်ပါယာအင်အားစုတွေက အရမ်းအစွမ်းထက်တယ်။ သူဌေးတို့အဖွဲ့တောင် မနေ့က နောက်ဆုတ်ခဲ့ရသေးတာပဲ။ ငါတို့သာ သွားလိုက်ရင် ပြာဖြစ်သွားလိမ့်မယ်။ ကိုယ့်ကျွန်းမှာကိုယ် ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပဲ။”

“ဒါလည်း ဟုတ်တာပဲ။ သူဌေး ဒီတစ်ခေါက် အပျော်စီးသင်္ဘောကြီး ယူလာရဲ့လားဆိုတာ သိချင်မိတယ်။”

“မယူလာဘူး။ ငါသေချာကြည့်ပြီးပြီ။ အကြီးစား လေယာဉ်တင်သင်္ဘော ငါးစင်းပဲ ပါတယ်။ ကျန်တဲ့သင်္ဘောတွေက မနေ့က ဖမ်းမိထားတဲ့ ဒေသခံတွေ ဖြစ်ပုံရတယ်။”

“ဪ... အဲ့လိုကိုး။ မနေ့က သူဌေး ဘာလို့ ကရုဏာသက်ပြခဲ့သလဲဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။”

“ဘာကရုဏာမှ မဟုတ်ဘူး။ သူက သုံ့ပန်းတွေကို ရှေ့တန်းကနေ အသုံးချဖို့ လုပ်နေတာပဲ။”

“ဒါက အရမ်းကောင်းတဲ့ အကွက်ပဲ။ အော်ကုအင်ပါယာအနေနဲ့ တိုက်ရမလို မတိုက်ရမလိုနဲ့ အကျပ်ရိုက်သွားတော့မှာပဲ။ သူဌေးကတော့ တကယ် လန်းလွန်းတယ်။”

“နောက်တစ်ခါ သူဌေးကို သူတော်စင်ကြီးလို့ ထပ်ပြောတဲ့သူရှိရင် ငါ့အချိုရည်နဲ့ လှမ်းပက်ပစ်မယ်ကွ။”

ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်အင်အားအားလုံးကို ထိုနေရာသို့ ရွှေ့ပြောင်းပြီးခဲ့ပြီ ဖြစ်သည်။ ကျန်းယွင်ထျန်း၏ အမိန့်ပေးမှုနှင့်အတူ ရေတပ်တစ်ခုလုံးသည် အော်ကုအင်ပါယာဆီသို့ စတင်ဦးတည်၍ ခရီးနှင်ခဲ့ကြတော့သည်။

“ဟူး... ငါတို့တွေ‌ အသုံးချခံ နယ်ရုပ်တွေ ဖြစ်သွားရပြန်ပြီလား။”

“အေးလေ။ ငါတို့က သုံ့ပန်းတွေ ဖြစ်နေမှတော့ သူတို့ခိုင်းတာပဲ လုပ်ရတော့မှာပေါ့။”

“အော်ကုက ငါတို့ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိမ့်မယ်လို့ မင်းထင်လား။”

“ဒါပေါ့။ သူက ငါတို့ကို စွန့်ပစ်လိုက်တာ ကြာပြီပဲ။”

“ဟုတ်တယ်။ တစ်ကမ္ဘာလုံးက ငါတို့ကို စွန့်ပစ်လိုက်သလိုမျိုး ခံစားနေရတယ်။”

အခြားစစ်သင်္ဘောများပေါ်ရှိ စစ်သားများ စိတ်ဓာတ် လုံးဝကျဆင်းနေသည်ကို မြင်သောအခါ ရှောင်ယီသည် ထိုဒေသခံသုံ့ပန်းများ၏ အတွေးကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထိုအခါ သူသည် အသံချဲ့စက်ကို ကောက်ကိုင်လိုက်ပြီး စတင်ပြောကြားလိုက်သည်။

“အားလုံးပဲ စိုးရိမ်မနေကြပါနဲ့။ ဒါက မင်းတို့ကို အသေခံခိုင်းတာတို့၊ ဒိုင်းအဖြစ် ဘာညာလိုမျိုး အသုံးချနေတာ မဟုတ်ပါဘူး။ မင်းတို့ အခုမောင်းနှင်နေတဲ့ စစ်သင်္ဘောတွေရဲ့ စွမ်းဆောင်ရည်က အော်ကုအင်ပါယာရဲ့ သင်္ဘောတွေနဲ့ ထပ်တူပဲ။ မင်းတို့ သူတို့ကို တစ်ကြိမ်လောက် အနိုင်မတိုက်ချင်ဘူးလား။ အော်ကုကို သူ့ရဲ့ဆုံးဖြတ်ချက်အတွက်၊ မင်းတို့လို ထူးချွန်တဲ့စစ်သားတွေကို စွန့်ပစ်ခဲ့မိတဲ့အတွက် လုံးဝနောင်တရသွားအောင် လုပ်ပြလိုက်ကြစမ်းပါ။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ထိုသုံ့ပန်းများမှာ ချက်ချင်း သတိဝင်လာကြတော့သည်။ သူတို့သည် သုံ့ပန်းဖြစ်နေသည့် စိတ်အခြေအနေမှ မရုန်းထွက်နိုင်သေး၍သာ ဖြစ်သည်။ ယခုမူ သူတို့၏မျက်ဝန်းများတွင် အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါ ကတိပေးတယ်။ ဒီတိုက်ပွဲပြီးရင် မင်းတို့အားလုံး ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာစေရမယ်။ ပြီးတော့ မဟာမိတ်အဖွဲ့ထဲမှာလည်း နေထိုင်ခွင့်ရစေရမယ်။”

ထိိုစကားကို ကြားရသောအခါ စစ်သားများ၏ မျက်လုံးများ၌ တက်ကြွမှုများဖြင့် တောက်ပလာခဲ့သည်။

သူတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အကျဉ်းထောင်ထဲတွင် တစ်ညသာ အချုပ်ခံခဲ့ရသော်လည်း ထိုတစ်ညတည်းဖြင့်ပင် ယီရန်ပင်မဟာမိတ်ဟာမိတ်အဖွဲ့အတွင်းရှိ လူနေမှုဘဝအပေါ် စိတ်ကူးယဉ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

လင်းထိန်နေသော အကျဉ်းခန်းများ၊ ကောင်းမွန်လှသော ထောင်ဝင်စာ အစားအစာများ...အရာအားလုံးက ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အင်အားတောင့်တင်းမှုကို သက်သေပြနေခဲ့သည်။

“ကောင်းပြီ။ ကျုပ်တို့ အစွမ်းကုန် ကြိုးစားပြီး အော်ကုအင်ပါယာရဲ့ စစ်တပ်ကို အနိုင်တိုက်ကြမယ်။”

“မှန်တယ်။ နောင်တစ်ချိန်မှာ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာဖို့အတွက် ငါတို့မှာရှိတဲ့ အင်အားရှိသမျှနဲ့ တိုက်ပွဲဝင်ကြမယ်။”

“တိုက်...တိုက်...တိုက်...။”

သုံ့ပန်းများ၏ စိတ်ဓာတ် တက်ကြွလာမှုကို မြင်သောအခါ ရှောင်းယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ သူ့ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းကလည်း လက်မထောင်ပြလိုက်၏။

“သူတို့ကို အော်ကုအင်ပါယာစစ်တပ်နဲ့ တိုက်ခိုက်ခိုင်းမှာလား။ ဒါမှမဟုတ် ဗုံးကြဲလေယာဉ်တွေကိုပဲ တန်းသုံးလိုက်မလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

အဆုံးသတ်၌ ၎င်းတို့သည် သုံ့ပန်းများသာ ဖြစ်ပြီး အချို့အဝက် ဆုံးရှုံးသွားလျှင်ပင် ကြီးမားသောကိစ္စ မဟုတ်ပေ။

“သူတို့ကို တိုက်ခိုက်ခိုင်းရင်းနဲ့ ဗုံးကြဲလေယာဉ်တွေကိုပါ တွဲသုံးမယ်။ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်။ ငါတို့ကို စောင့်နေတဲ့ အခြား အင်ပါယာ သုံးခု ရှိသေးတယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

အခန်း ၁၂၅၄

နှစ်နာရီ ကြာပြီးနောက် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေတပ်စုသည် အော်ကုအင်ပါယာ သိမ်းပိုက်ထားသော မဟာမိတ်ကျွန်းအနီးသို့ ချဉ်းကပ်မိသွားကြပြီ ဖြစ်သည်။

အကြီးစား လေယာဉ်တင်သင်္ဘောကြီး ငါးစင်းနှင့်အတူ မနေ့ကတင် သူကိုယ်တိုင် ဆုံးရှုံးခဲ့ရသည့် စစ်သင်္ဘောများကို မြင်လိုက်ရသောအခါ အော်ကု၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။

“သူတို့ကို ပင်လယ်ထဲမှာတင် အသေပိတ်ဆို့ထားကြစမ်း။ လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေကို အဆင်သင့်ပြင်ထား။ သူတို့ တိုက်လေယာဉ်တွေ သေချာပေါက် သုံးလိမ့်မယ်။”

သူက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အော်ကုအင်ပါယာဘက်ကလည်း အလုံးစုံ ပြင်ဆင်ထားပြီး ဖြစ်သည်။

လေယာဉ်တင်သင်္ဘော ငါးစင်းသည် အော်ကုအင်ပါယာမဟာမိတ်အဖွဲ့၏ တောင်ဘက်ကျွန်းအနီးသို့ ရောက်ရှိလာသောအခါ ရှောင်းယီက အသံချဲ့စက်ကို အသုံးပြု၍ အော်ပြောလိုက်သည်။

“အခုချက်ချင်း လက်နက်ချကြစမ်း။ မဟုတ်ရင် ငါတို့ ချက်ချင်း ထိုးစစ်ဆင်တော့မယ်။ မင်းတို့ စဉ်းစားဖို့ အချိန် တစ်မိနစ် ပေးမယ်။”

ရှောင်းယီ၏ အော်သံကို ကြားလိုက်ရသောအခါ အော်ကုက အသံချဲ့စက်ဖြင့် ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်သည်။

“မင်းသာ လက်နက်ချလိုက်စမ်း။ မင်းတို့ ငါတို့ကို လုံးဝ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက သူ့စကားကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ တစ်မိနစ် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

“စတော့။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

ဖမ်းဆီးရမိထားသော စစ်သင်္ဘော ခြောက်ရာသည် အော်ကုအင်ပါယာမဟာမိတ်အဖွဲ့၏ တောင်ဘက်ကျွန်းဆီသို့ ချက်ချင်း ဦးတည်ကာ ရှေ့သို့ တက်လှမ်းသွားကြတော့သည်။

အော်ကုအင်ပါယာ၏ ရေတပ်စုကလည်း အလားတူပင် ရှေ့သို့ အလုံးအရင်းဖြင့် ချီတက်လာခဲ့သည်။

နှစ်ဖက်စလုံး၏ စစ်သင်္ဘော စွမ်းဆောင်ရည် သတ်မှတ်ချက်များသည် ထပ်တူညီနေသဖြင့် သူတို့သည် တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ ပစ်ခတ်မှုဧရိယာအတွင်းသို့ ရောက်ရှိသွားကြပြီး ပြိုင်တူပင် အပြန်အလှန် ပစ်ခတ်ကြတော့သည်။

သူတို့ အပြန်အလှန် တိုက်ခိုက်နေကြသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်တစ်စင်းပေါ်သို့ ချက်ချင်း တက်သွားပြီး အမိန့်ပေးလိုက်သည်။

“တိုက်လေယာဉ်တွေ လေကြောင်းကနေ အကာအကွယ်ပေးထား။ ရန်သူ့လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေကို သတိထားကြ။ ဗုံးကြဲလေယာဉ်တွေ စတင်ထွက်ခွာမယ်။ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ လေယာဉ်ပေါ်မှာပါတဲ့ ဗုံးတွေအားလုံးကို ရန်သူတွေ အဓိက စုပြုံနေတဲ့ နေရာတွေဆီ တိုက်ရိုက် ကြဲချပစ်လိုက်။”

“ဟုတ်ကဲ့။”

ဗုံးကြဲလေယာဉ်များကို မောင်းနှင်နေကြသော အခြားစစ်သားများကလည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များသည် လေယာဉ်တင်သင်္ဘောများပေါ်မှနေ၍ ကောင်းကင်ထက်သို့ ပျံတက်သွားကြတော့သည်။

“လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေကို အသင့်ပြင်...။ သူတို့ကို ပစ်ချပစ်ကြစမ်း။”

အော်ကုက မဲ့ပြုံးပြုံးလျက် အမိန့်ပေးလိုက်သည်။

တိုက်လေယာဉ်များသည် အော်ကုအင်ပါယာ၏ စစ်သင်္ဘောများအနီးသို့ ချဉ်းကပ်လာသည်နှင့် ထိုလေကြောင်းရန်ကာကွယ်ရေး အမြောက်များ၏ အဓိက ပစ်မှတ်ထားခြင်းကို ခံလိုက်ရတော့သည်။

သို့သော် မနေ့က တိုက်ပွဲအပြီးတွင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ လေသူရဲများသည် တန်ဖိုးရှိသော သင်ခန်းစာများနှင့် အတွေ့အကြုံများစွာကို ရရှိထားကြပြီး ဖြစ်၏။

ထို့အပြင် ကျန်းယွင်ထျန်းကဲ့သို့ ကျွမ်းကျင်သော စစ်ဘက်ဆိုင်ရာ နည်းပြတစ်ဦးကိုယ်တိုင် သင်ကြားပြသပေးထားသဖြင့် ယနေ့တွင် သူတို့၏ စစ်ဗျူဟာမြောက် ရှောင်တိမ်းမှု စွမ်းရည်များမှာ အလွန်တရာ ကောင်းမွန်လှသည်။

သူတို့သည် ရန်သူ့လေကြောင်းရန်ကာကွယ်ရေး အမြောက်ဆန်အားလုံးနီးပါးကို ပါးပါးလေး ရှောင်တိမ်းသွားနိုင်ခဲ့ကြသည်။

တိုက်လေယာဉ်များက လေကြောင်းရန်ကာကွယ်ရေး အမြောက်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားစဉ်မှာပင် ၎င်းတို့နောက်မှ ဗုံးကြဲလေယာဉ်များသည် အော်ကုအင်ပါယာ စစ်သင်္ဘောများ၏ ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီး ၎င်းတို့၏ ဗုံးများကို တိုက်ရိုက် ကြဲချပစ်လိုက်ကြတော့သည်။

ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်ကို အော်ကုအင်ပါယာ၏ စစ်သင်္ဘောတိုက်ပွဲလိုင်းတစ်လျှောက် တည့်တည့်မတ်မတ် မောင်းနှင်သွားခဲ့သည်။

ကောင်းကင်ထက်မှနေ၍ ဗုံးမိုးများ တရစပ် ရွာသွန်းဖြန်းပက်သကဲ့သို့ ကျဆင်းလာခဲ့တော့သည်။

“ဒါ... ဒါက ဘာကြီးလဲ။”

“ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးနေရတာလဲ။”

“ဒါက အမြောက်ဆန်တွေလိုမျိုး အရာတစ်ခုပဲ ဖြစ်ရမယ်။ အားလုံးပဲ ချက်ချင်း ပုန်းကြစမ်း။”

သို့သော် အော်ကုအင်ပါယာ၏ စစ်သင်္ဘောများသည် အချင်းချင်း ပူးကပ် စုပြုံနေကြသဖြင့် ရှောင်တိမ်းရန် နေရာလွတ်မှာ အလွန်နည်းပါးလှပေသည်။

ထိုဗုံးများသည် အော်ကုအင်ပါယာ၏ စစ်သင်္ဘောများပေါ်သို့ တဝုန်းဝုန်းမြည်ဟီးလျက် ကျရောက်သွားတော့သည်။

“ဝုန်း၊ ဝုန်း၊ ဝုန်း။”

စစ်မြေပြင်၏ နောက်ကွယ်တွင် ရှိနေသော ရှောင်းယီပင်လျှင် ပြင်းထန်သော ပေါက်ကွဲမှုအရှိန်ကြောင့် နားအစုံ အူသွားခဲ့ရသည်။

သူသည် အော်ကုအင်ပါယာ စစ်သင်္ဘောများ၏ ထက်ဝက်ကျော်ခန့်မှာ ချက်ချင်းပင် အစအနမကျန် အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးသွားသည်ကို အံ့ဩတကြီး ကြည့်ရှုနေမိသည်။ ဤမျှလောက်အထိ ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကိုမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့်ပင် ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပေ။

သင်္ဘောပေါ်ရှိ စစ်သားများကိုမူ ပြောနေစရာပင် မလိုတော့ချေ။ ခန္ဓာကိုယ်အစိတ်အပိုင်း အပိုင်းအစများမှာ နေရာအနှံ့ လွင့်စင်သွားခဲ့သည်။ ပေါက်ကွဲမှုအတွင်း ချက်ချင်း သေဆုံးသွားသူများမှာ ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး ကံမကောင်းသူများမှာမူ မသေဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြပြီး ဝေဒနာကို အလူးအလဲ ခံစားရင်း ညည်းတွားနေကြရရှာသည်။

“ဒီဗုံးတွေရဲ့ စွမ်းပကားက... နည်းနည်းတော့ လွန်ကဲလွန်းတယ်။”

ရှောင်းယီတစ်ယောက် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

ကမ်းခြေမှနေ၍ ကြည့်ရှုနေသော အော်ကုမှာမူ လုံးဝ ဆွံ့အမှင်တက်သွားခဲ့တော့လေသည်။

“ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”

အော်ကုအင်ပါယာနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသော သုံ့ပန်းများပင်လျှင် ဆွံ့အမှင်တက်သွားကြရသည်။

“ဒီယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။”

“တော်သေးတာပေါ့။ ဒီနေ့ ငါတို့က ယီရန်ပင်းမဟာမိတ်အဖွဲ့ဘက်ကနေ တိုက်ခိုက်နေလို့။ မဟုတ်ရင် တကယ်ပဲ အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးသွားလောက်ပြီ။”

“သူတို့မှာ ဒီလိုလက်နက်မျိုးတွေ ရှိနေမှတော့ ငါတို့ကိုတောင် လုံးဝ လိုအပ်မှာ မဟုတ်တော့ဘူး။”

ထိုအချိန်တွင် လေယာဉ်တင်သင်္ဘောပေါ်ရှိ အသံချဲ့စက်မှ အသံထပ်မံထွက်ပေါ်လာပြန်သည်။

“အော်ကု... အခုချက်ချင်း လက်နက်ချပါ။ မဟုတ်ရင် နောက်တစ်လှိုင်းမှာ မင်းတို့ရဲ့ မြို့တွေကို ဗုံးကြဲတိုက်ခိုက်တော့မယ်။”

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ငါ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ မသတ်ချင်ဘူး။ ဒါပေမဲ့ မင်းက မိုက်မဲနေဦးမယ်ဆိုရင်တော့ ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူး။”

ရှောင်းယီ၏ စကားကို ကြားသောအခါ အော်ကုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟမ့်... ငါတို့ အော်ကုအင်ပါယာရဲ့ သွေးထဲမှာ လက်နက်ချရိုးထုံးစံ မရှိဘူးကွ။ နောက်ဆုံး စစ်သားတစ်ယောက်ကျန်တဲ့အထိ ဆက်တိုက်ကြစမ်း။”

သူ့ဘေးနားရှိ စစ်သားများမှာမူ အော်ကုကို ထိတ်လန့်တကြား ကြည့်ရှုလိုက်ကြသည်။ စောစောက စစ်သင်္ဘောများ၏ ပျက်စီးသွားသော အနိဋ္ဌာရုံ မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့ လုံးဝ မမေ့ပျောက်နိုင်တော့ပေ။

အော်ကုသည်လည်း သူ့ဘေးနားရှိ စစ်သားများ၏ အမူအရာကို မြင်လိုက်ရပြီး ချက်ချင်း အော်ငေါက်လိုက်၏။

“ဘာကို ကြောက်နေတာလဲ။ ငါတို့မှာ လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေ ရှိတယ်။ သူတို့တွေ ကောင်းကင်ကနေ ဖြတ်ကျော်လာနိုင်မှာ မဟုတ်ဘူး။”

အော်ကု၏ အသံမစဲသေးခင်မှာပင် လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ ကောင်းကင်သို့ ထပ်မံပျံတက်လာကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းတို့၏ ပစ်မှတ်မှာ အော်ကုအင်ပါယာ၏ စစ်သင်္ဘောများ မဟုတ်တော့ဘဲ ကမ်းခြေရှိ အဓိက ခံစစ်ခံတပ်များ ဖြစ်ပေသည်။

“သူတို့ လာနေကြပြီ။”

စစ်သားတစ်ယောက်က ကောင်းကင်ထက်မှ လေယာဉ်များကို လက်ညှိုးထိုးပြကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ထိုစဉ် အော်ကုက အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်အမိန့်ပေးလိုက်သည်။

“လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေ အားလုံး...သူတို့ဆီ ဦးတည်ပြီး ပစ်ကြစမ်း။ ပြင်းပြင်းထန်ထန် ပစ်ချကြ။”

“ဟုတ်ကဲ့။”

ထိုစစ်သားများသည် ရင်ထဲမှ ကြောက်စိတ်ကို အောင့်အည်းးမျိုသိပ်ကာ ကောင်းကင်သို့ လေကြောင်းရန်ကာကွယ်ရေး အမြောက်များဖြင့် တရစပ် ပစ်ခတ်ကြတော့သည်။

သို့သော် ၎င်းတို့၏ တုန်ရီနေသော လက်များက ရင်ထဲမှ ကြောက်ရွံ့မှုကို ဖော်ပြနေခဲ့သည်။ မူလကပင် ထိုအပျော်တမ်းကစားသမားများသည် လေကြောင်းရန်ကာကွယ်ရေး အမြောက်များကို ကောင်းစွာ မကိုင်တွယ်တတ်ကြချေ။ ယခုအခါတွင်မူ သူတို့၏ ပစ်မှတ်ချိန်ဆမှုမှာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။

အမြောက်သမားများ၏ စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကို မြင်သောအခါ အော်ကုသည် ရှေ့တက်ကာ အမြောက်သမားတစ်ဦးကို ကန်ထုတ်ပစ်လိုက်၏။

“ငါပစ်ပြတာကို ကြည့်စမ်း။”

အော်ကုသည် သူကိုယ်တိုင် အမြောက်ကို ကိုင်တွယ်ကာ ကောင်းကင်သို့ စတင်ပစ်ခတ်တော့သည်။

အော်ကုမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပေမည်။ သူ၏ ပစ်ခတ်မှုအောက်တွင် တိုက်လေယာဉ် နှစ်စင်းကို အမှန်တကယ်ပင် ထိမှန်အောင် ပစ်ချနိုင်ခဲ့သည်။

“ဟားဟားဟား... မြင်ကြလား။ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ လေယာဉ်တွေလည်း ပြိုင်ဘက်ကင်းနေတာ မဟုတ်ဘူးကွ။ ငါတို့သာ တည်တည်ငြိမ်ငြိမ် ပစ်ခတ်မယ်ဆိုရင် အမြဲတမ်း ထိမှန်နိုင်တယ်။”

အော်ကုက စတင်၍ ဆုံးမဩဝါဒ ပေးတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် ဘေးပတ်ဝန်းကျင်ရှိ စစ်သားများက အလန့်တကြား အော်ဟစ်လိုက်ကြတော့သည်။

“အရှင်မင်းကြီး... ဝပ်လိုက်....”

ထိုစစ်သားများသည် အော်ဟစ်ရင်း ဘေးဘက်သို့ လှိမ့်ကာ ပုန်းရှောင်လိုက်ကြသည်။

အော်ကုသည် အထက်ကောင်းကင်မှ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။

“ဘုန်း...”

အော်ကု၏ ဦးခေါင်းမှာ ဘေးဘက်သို့ စောင်းထွက်သွားပြီးနောက်...

“ဘမ်း....”

ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ အော်ကုမှာ အစအနမကျန် ပေါက်ကွဲထွက်သွားတော့သည်။

အနီးနားရှိ စစ်သားများသည် ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်သို့ သွေးများနှင့် အသားစများဖြင့် ပက်ဖျန်းခြင်း ခံလိုက်ရပြီး ၎င်းတို့မှာ မိမိတို့၏ သွေးသားစများလား သို့မဟုတ် အော်ကု၏ သွေးသားစများလားပင် မခွဲခြားတတ်တော့ပေ။

“အရှင်မင်းကြီး နတ်ရွာစံသွားပြီ။”

စစ်သားတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ယခုအခါ အော်ကုအင်ပါယာ စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်မှာ လုံးဝ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။

သူတို့တွင် ခုခံရန် သတ္တိ အနည်းငယ်မျှပင် မရှိတော့ဘဲ အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်ကြတော့သည်။

အော်ကုကို ကောင်းကောင်းကြီး ဗုံးကြဲလိုက်သော ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်ကို မောင်းနှင်ရင်း ဂုဏ်ယူစွာ ပြောလိုက်၏။

“ကျွန်းပိုင်ရှင်... ငါ့ရဲ့ ဗုံးကြဲတဲ့ပညာက မဆိုးဘူးမလား။”

“မိုက်တယ်။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်လည်ချီးကျူးလိုက်ပြီးနောက် အသံချဲ့စက်ကို ပြန်လည်ကောက်ကိုင်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“အော်ကုအင်ပါယာက စစ်သားတွေ... အခုချက်ချင်း လက်နက်ချကြစမ်း။ မဟုတ်ရင် ငါတို့ရဲ့ ဗုံးကြဲလေယာဉ်တွေက မဟာမိတ်ကျွန်းတစ်ခုလုံးကို ဆက်ပြီး ဗုံးကြဲရလိမ့်မယ်။”

ထိုအသံကို ကြားလိုက်ရသောအခါ အော်ကုအင်ပါယာ စစ်သားများသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်တပ်က သူတို့ကို မမြင်ဘဲ ဗုံးများ ထပ်မံကြဲချမည်ကို စိုးရိမ်ပြီး လက်ထဲရှိ လက်နက်များကို ချက်ချင်း အဝေးသို့ လွှင့်ပစ်ကာ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ပြလိုက်ကြတော့သည်။

တိုက်ပွဲသည် လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့လေတော့သည်။

“အစ်ကိုကျန်း... ကျွန်းပေါ်ကို တက်ဖို့ အသက်ရှင်ကျန်ရစ်သူတွေကို ချက်ချင်း စီစဉ်လိုက်ပါ။ လက်နက်အားလုံးကို သိမ်းဆည်းလိုက်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီး ကျွန်းတစ်ခုလုံးကို ငါတို့ မဟာမိတ်အဖွဲ့ထဲ ပူးပေါင်းပစ်လိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်ကို လေယာဉ်တင်သင်္ဘောဆီသို့ မကျေမနပ်ဖြင့် ပြန်လည်မောင်းနှင်လာခဲ့သည်။ သူသည် ဗုံးကြဲ၍ပင် ဝမရှိသေးချေ။

ဒီအော်ကုအင်ပါယာက ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် လက်နက်ချသွားရတာလဲ။

ရှောင်းယီသည် သူ့ဖုန်းကို ထုတ်ကာ အန်းယွဲ့ကို ဖုန်းခေါ်လိုက်သည်။

“ဦးလေးအန်း...ခဏနေရင် အော်ကုအင်ပါယာရဲ့ ကျွန်းကို ပူးပေါင်းတော့မယ်။ ကျုပ်တို့ရဲ့ အရင်စီမံကိန်းအတိုင်းပဲ ပူးပေါင်းလိုက်ပါ။”

“ကောင်းပြီ။”

“သတိထားရမှာက အဲ့ဒီကျွန်းပေါ်မှာ အော်ကုအင်ပါယာရဲ့ စစ်တပ်တွေ အများကြီး ရှိနေသေးတယ်။ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ မဟာမိတ်အစောင့်တပ်ဖွဲ့ကို စီစဉ်ထားလိုက်ဦး။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဟုတ်ကဲ့။”

အော်ကုအင်ပါယာကို ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် မြင့်တက်နေမင်းအင်ပါယာနှင့် အနီးဆုံး နောက်ထပ်မဟာမိတ်အဖွဲ့တစ်ခုထံသို့ ထပ်မံ ဆက်သွယ်လိုက်သည်။

တစ်ဖက်လူသည်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့ ဖြတ်သန်းသွားမည့်ကိစ္စကို သဘာဝအတိုင်း အလွန်ဝမ်းမြောက်ဝမ်းသာဖြင့် သဘောတူခဲ့ကြလေသည်။

ထိုမဟာမိတ်အဖွဲ့ထံသို့ ကူးပြောင်းပြီးနောက် မြင့်တက်နေမင်းအင်ပါယာ အနီးဝန်းကျင်သို့ ရောက်ရှိရန် နောက်ထပ် နှစ်နာရီကြာ သင်္ဘောစီးခဲ့ရပြန်သည်။

ဤအချိန်တွင် မြင့်တက်နေမင်းအင်ပါယာဘုရင်မှာ မျက်မှောင်ကြုတ်နေခဲ့သည်။ လွန်ခဲ့သော နှစ်နာရီခန့်က အော်ကုအင်ပါယာသည် သူ့ဆီသို့ အရေးပေါ်အကူအညီတောင်းခံစာ ပေးပို့ခဲ့၏။ သူတို့ ဘာဖြစ်နေသလဲဆိုသည်ကို စုံစမ်းရန် ပြင်ဆင်နေစဉ်မှာပင် တစ်ဖက်လူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား သီးသန့်စာ ပေးပို့၍မရတော့ပေ။ ၎င်းသည် သိမ်းပိုက်ခြင်း ခံလိုက်ရပြီ ဖြစ်ရမည်။

မြင့်တက်နေမင်းဘုရင်သည် အစီအရင်မှတစ်ဆင့် လူများကို ချက်ချင်း စေလွှတ်ခဲ့သော်လည်း ကူးပြောင်း၍ မရတော့ပေ။ တစ်ဖက်လူက အစီအရင်ကို ပိတ်ပစ်လိုက်ပြီ ဖြစ်သည်။

“အော်ကုအင်ပါယာမှာ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။ မိနစ်ပိုင်းအတွင်းမှာတင် ဘာလို့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားရတာလဲ။”

မြင့်တက်နေမင်းဘုရင်မှာ လုံးဝ ဝေခွဲမရ ဖြစ်နေတော့သည်။

“ပြီးတော့ အော်ကုအင်ပါယာမှာ အနည်းဆုံး SSS အဆင့် ပညာရှင်တွေ အများကြီး ရှိတာပဲ။ ဘယ်လိုလုပ်ပြီး အဆက်အသွယ် ပြတ်သွားရတာလဲ။”

“အစီရင်ခံပါတယ်။ ကျွန်တော်မျိုးတို့ မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ကျွန်းဆီကို စစ်သင်္ဘောအမြောက်အမြား ချဉ်းကပ်လာနေပါတယ်။ အကြီးစား စစ်သင်္ဘောကြီး ငါးစင်းလည်း ပါဝင်ပါတယ်။”

စစ်သားတစ်ယောက်က အပြေးအလွှား ဝင်ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ လျှောက်တင်လိုက်သည်။

“အကြီးစား စစ်သင်္ဘောကြီးတွေ ဟုတ်လား။”

ထိုစကားလုံးကို ကြားလိုက်ရသည်နှင့် မြင့်တက်နေမင်းဘုရင်သည် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ချက်ချင်း ပြေးမြင်လိုက်မိ၏။

ယီရန်ပင်းမဟာမိတ်အဖွဲ့တွင်သာ ထိုကဲ့သို့သော အကြီးစား စစ်သင်္ဘောကြီးများ ရှိပေသည်။

“အခုချက်ချင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်။ ယီရန်ပင်းမဟာမိတ်အဖွဲ့ တိုက်ခိုက်လာပြီ။ စစ်သားအားလုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

မြင့်တက်နေမင်းဘုရင်က ချက်ချင်း အမိန့်ပေးလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချင်းကျူးအင်ပါယာနှင့် မြင့်မြတ်အလင်းအင်ပါယာထံသို့ စာတိုများ ပေးပို့လိုက်တော့သည်။

“ချင်းကျူးအင်ပါယာနဲ့ မြင့်မြတ်အလင်း...ငါ အကူအညီ လိုအပ်နေတယ်။ ငါတို့တွေ ပူးပေါင်းမတိုက်ကြဘူးဆိုရင် ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ တစ်ခုချင်းစီ ချေမှုန်းတာကို ခံရလိမ့်မယ်။”

ထိုစာကို မြင်ရသောအခါ ချင်းကျူးအင်ပါယာနှင့် မြင့်မြတ်အလင်းတို့သည် အနည်းငယ် စဉ်းစားလိုက်ကြပြီးနောက် မြင့်တက်နေမင်းဘုရင်ကို ကူညီပံ့ပိုးရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။

အော်ကုအင်ပါယာသည်လည်း မပျက်စီးမီက သူတို့ထံသို့ အရေးပေါ် အကူအညီတောင်းခံစာများ ပေးပို့ခဲ့ဖူးသည်။ ချင်းကျူးအင်ပါယာနှင့် မြင့်မြတ်အလင်းတို့သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အော်ကုမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်လေသည်။

သူတို့၏ ခန့်မှန်းချက်အရ အော်ကုအင်ပါယာသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်မှာ သေချာသလောက် ရှိသော်လည်း ၎င်းသည် ဘာကြောင့် ဤမျှလောက်အထိ လျင်မြန်စွာ ပျက်စီးသွားရသလဲဆိုသည်နှင့် ဘာကြောင့် မည်သည့်သတင်းအချက်အလက်မျှ ထွက်ပေါ်မလာရသလဲဆိုသည်ကိုမူ သူတို့ မသိကြချေ။

ယခုအခါတွင်လည်း အပြင်လူများ၏ ဂရုချက်ထဲတွင် မည်သည့် အသုံးဝင်သော အချက်အလက်မျှ ရှာမတွေ့နိုင်ချေ။ ယီရန်ပင်း ဖြတ်သန်းသွားသည့် အရင်က သတင်းအဟောင်းများကိုသာ တွေ့ရှိခဲ့ရသည်။

ယခုတစ်ကြိမ်တွင် မြင့်တက်နေမင်းဘုရင်ကို ကူညီပံ့ပိုးခြင်းသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် မျှော်လင့်ချက်ဖြင့်သာမက တစ်ပြိုင်နက်တည်းမှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့အနေဖြင့် အော်ကုအင်ပါယာကို အဘယ်ကြောင့် ဤမျှမြန်မြန်ဆန်ဆန် ဖျက်ဆီးပစ်နိုင်ခဲ့သလဲဆိုသည်ကို သိရှိနားလည်နိုင်ရန်လည်း ဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် မြင့်မြတ်အလင်းနှင့် ချင်းကျူးအင်ပါယာတို့သည် မြင့်တက်နေမင်းအင်ပါယာသို့ စစ်ကူများကို ချက်ချင်း စေလွှတ်လိုက်ကြတော့သည်။

မကြာမီမှာပင် မြင့်တက်နေမင်းအင်ပါယာ မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ကျွန်းအနီး ရေပြင်တွင် စစ်သင်္ဘော တစ်ထောင်ကျော် ထွက်ပေါ်လာခဲ့ပြီး ကျွန်း၏ကမ်းခြေတွင်လည်း စစ်သားများဖြင့် ပြည့်နှက် စုပြုံလာခဲ့တော့သည်။

အကွာအဝေး ပိုမိုနီးကပ်လာသည်နှင့်အမျှ ရှောင်းယီသည် မြင့်တက်နေမင်းအင်ပါယာ၏ ရေတပ်စုမှာ ပုံမှန်ထက် ထူးခြားစွာ ကြီးမားနေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

ခဏမျှ အကဲခတ်ကြည့်ရှုပြီးနောက် ရှောင်းယီ ပြုံးလိုက်မိ၏။

“ချင်းကူးအင်ပါယာနဲ့ မြင့်မြတ်အလင်းတို့လည်း နောက်ထပ်ပစ်မှတ်က သူတို့ဖြစ်လာမှာကို စိုးရိမ်နေကြပုံရတယ်။”

“သူတို့တွေ အတူတူ ပူးပေါင်းလာတာကမှ ပိုကောင်းသေးတယ်။ တစ်ခုချင်းစီ လိုက်ရှာနေရမယ့် ဒုက္ခကနေ သက်သာသွားတာပေါ့။”

ကျန်းယွင်ထျန်းက အေးအေးလူလူပင် တုံ့ပြန်လိုက်လေသည်။

All Chapters