အခန်း (၁၂၅၇-၁၂၅၈)
Vol. 109 Ch. 1257-1258
အခန်း ၁၂၅၇
ကျန်းယွင်ထျန်း၏ အမိန့်ပေးမှုအောက်တွင် လေယာဉ်တင်သင်္ဘောပေါ်ရှိ တိုက်လေယာဉ်များသည် ချက်ချင်းး ပျံတက်သွားကြပြီး ရန်သူ့ကျွန်းဆီသို့ ဦးတည်ပျံသန်းသွားကြတော့သည်။
လေယာဉ်တင်သင်္ဘောပေါ်မှ လေယာဉ်များ ပျံတက်သွားသည့် ဆူညံသံကြောင့် ဒေသခံတပ်ဖွဲ့များ ချက်ချင်းပင် သတိပြုမိသွားကြသည်။
ရန်သူများသည် ကောင်းကင်သို့ အဆင့်မြင့် ရှာဖွေရေးမီးမောင်းကြီးများကို ချက်ချင်းပင် ထိုးပြလိုက်ကြ၏။
“အားလုံးပဲ သတိထားကြ။ ရန်သူ့ဘက်မှာ တိုက်လေယာဉ်တွေပါတယ်။ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”
ဒေသခံတပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့။”
တိုက်လေယာဉ်များ သူတို့ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ ကျွန်းပေါ်ရှိ ဒေသခံများသည် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များကို ချက်ချင်း ပစ်လွှတ်လိုက်ကြတော့လေသည်။
“ရှုး... ရှုး... ရှုး...”
ထိုလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များသည် တိုက်လေယာဉ်များဆီသို့ ချက်ချင်း ပျံသန်းသွားကြ၏။
“လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေပဲလား။”
ကျန်းယွင်ထျန်းက နှုတ်ခမ်းကို မဲ့လိုက်ရင်း ရေရွတ်လိုက်သည်။
ဒေသခံများ၏ လေကြောင်းရန်ကာကွယ်ရေးကို စမ်းသပ်ရန် အသုံးပြုသည့် တိုက်လေယာဉ်သည် မြေပြင်သို့ ကျည်ဆန်အမြောက်အမြား ပစ်ချလိုက်ပြီးနောက် ချက်ချင်းပင် အပေါ်သို့ ဆွဲတက်သွားရာ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်အားလုံးကို နောက်ကောက်ချန်ထားရစ်ခဲ့သည်။
ထို့ပြင် တိုက်လေယာဉ်မှ ပစ်ချလိုက်သည့် ထိုစက်သေနတ်ကျည်ဆန်များကြောင့် ဒေသခံ ခံစစ်တပ်ဖွဲ့ဝင်များအကြား အကျအဆုံး များပြားသွားခဲ့ရလေသည်။
ကျန်းယွင်ထျန်းတစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
“ဗုံးကြဲလေယာဉ်တွေတောင် မလိုတော့ဘူး ထင်တယ်။”
သို့သော်လည်း ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်ကို ကိုယ်တိုင် မောင်းနှင်ရမည့် ထိုကဲ့သို့သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ အထူးသဖြင့် ယခုတစ်ကြိမ် ခဲယမ်းမီးကျောက် ကုန်ကျစရိတ်ကို သူတို့မဟာမိတ်အဖွဲ့က ကျခံရန် မလိုသောကြောင့် သူသည် ဗုံးကြဲလေယာဉ်တစ်စင်းကို တိုက်ရိုက် မောင်းနှင်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်သည်။
“တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ အားလုံး... ဗျူဟာမြောက် ထွက်ခွာကြ။ တကယ်လို့ တစ်ယောက်ယောက်သာ ရန်သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်နဲ့ အပစ်ခံရလို့ကတော့ ပြန်ရောက်တာနဲ့ အချုပ်ထဲ ထည့်ပစ်မယ်။”
“ဟုတ်ကဲ့”
အားလုံးက တုံ့ပြန်လိုက်ကြ၏။
“ရွှစ်... ရွှစ်... ရွှစ်...”
လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ အားလုံးသည် ဒေသခံကျွန်းဆီသို့ ပျံသန်းသွားကြ၏။
ကျန်းယွင်ထျန်းသည်လည်း ရန်သူ့စစ်သင်္ဘောများကို ချက်ချင်း ဗုံးကြဲတိုက်ခိုက်လိုက်တော့သည်။
အခြား တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များသည်လည်း သူတို့၏ ခဲယမ်းမီးကျောက်များကို ရူးသွပ်စွာဖြင့် စတင် သုံးစွဲကြတော့သည်။
ဒုံးကျည်အမျိုးမျိုးနှင့် ဗုံးများသည် ရမ်းသန်းကာ ပျံသန်းသွားခဲ့ကြလေသည်။
မျက်နှာချင်းဆိုင်မှ ဒေသခွများသည် ဆယ်မိနစ်ပင် မခံလိုက်ဘဲ အလံဖြူများ အလျင်အမြန် ထောင်လိုက်ကြရတော့သည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည်လည်း လေယာဉ်တင်သင်္ဘောပေါ်သို့ ချက်ချင်း ပြန်လာရန်သာ ရွေးချယ်လိုက်ကြရသည်။ သူက ဗုံးကြဲလေယာဉ်ပေါ်မှ ဆင်းလာပြီး ပြောလိုက်သည်။
“ကျန်တာကတော့ မင်းတို့အလှည့်ပဲ။ သူတို့ ပြန်ပြီး မတော်လှန်နိုင်အောင် ငါတို့ ဒီမှာ ခဏလောက် ထပ်နေပေးမယ်။”
“ကျေးဇူးအများကြီးတင်ပါတယ် နည်းပြကျန်း။”
ချွေ့တုန်ဖုန်းက ကျေးဇူးတင်စွာ ပြောလိုက်သည်။
“ခဲယမ်းမီးကျောက် ကုန်ကျစရိတ်ကကော...”
“ငါ နောက်မှ စာရင်းတွက်လိုက်မယ်။”
ကျန်းယွင်ထျန်းက တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ကောင်းပါပြီ။ ဒါဆို ကျွန်တော်တို့ သွားပြီး ရှင်းလင်းရေးလုပ်လိုက်ပါဦးမယ်။”
ချွေ့တုန်ဖုန်းသည် အဖွဲ့ကို ဒေသခံကျွန်းဆီသို့ ချက်ချင်း ဦးဆောင်ခေါ်သွားတော့သည်။
“နည်းပြ... ဒီတိုက်ပွဲက တကယ့်ကို အားရစရာပဲ။”
“ဟုတ်တယ်။... ရန်သူက လုံးဝကို ပြန်မတွန်းလှန်နိုင်ဘူး။”
“ကျည်ဆန်တွေ ပစ်ထုတ်လိုက်ရုံပဲ။ အရမ်း လွယ်ကူလွန်းတယ်။”
ကျန်းယွင်ထျန်းက သူတို့ကို စိုက်ကြည့်လိုက်သည်။
“နောက်ကျရင် မင်းတို့ လေယာဉ်တစ်စင်းချင်းစီရဲ့ ဗီဒီယိုတွေကို သေချာလေ့လာပြီး ဘယ်လို ဆက်ပြီး တိုးတက်အောင် လုပ်ရမလဲဆိုတာ ကြည့်ရမယ်။ တကယ်လို့ မင်းတို့တွေ ရမ်းသန်းပစ်ခတ်ခဲ့တာကို ငါတွေ့ရရင် အပြစ်ပေးခံရဖို့ ပြင်ဆင်ထားကြ။”
“ဗျာ... နည်းပြ ခဲယမ်းမီးကျောက် ကုန်ကျစရိတ်ကို တာဝန်ယူမယ့်သူ ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”
လေသူရဲတစ်ဦးက ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြောလိုက်သည်။
“ဟမ့်... တာဝန်ယူမယ့်သူ ရှိရုံနဲ့ မင်းတို့က ရမ်းသန်းပစ်လို့ရမလား။ မင်းတို့ကို ဒီခေါ်လာတာက တိုက်ပွဲအတွေ့အကြုံ တိုးလာအောင်လို့ပဲ။ မင်းတို့ ပျော်ပျော်ပါးပါး ဆော့ကစားပြီး ပြီးသွားဖို့ မဟုတ်ဘူးကွ။”
ကျန်းယွင်ထျန်းက ဆူပူလိုက်သည်။
“သွားပြီ... ငါတော့ အပြစ်ပေးခံရတော့မယ် ထင်တယ်။”
“ငါလည်း သိပ်မထူးပါဘူး။ နောက်ကျရင်တော့ သေချာ တိုက်ခိုက်ရမယ်။ ငါတို့ရဲ့ အမှားတွေကို ပြန်ပြင်နိုင်ဖို့ မျှော်လင့်ရတာပဲ။”
“နည်းပြ... ပထမဆုံးတိုက်ပွဲမို့လို့ ထည့်မတွက်ပေးလို့ မရဘူးလား။”
ကျန်းယွင်ထျန်းက သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ ထိုစဉ် အနီးအနားရှိ ရိက္ခာထိန်းအရာရှိက ချက်ချင်း ရောက်လာပြီး ပြောလိုက်သည်။
“နည်းပြ... စာရင်းတွက်ပြီးပါပြီ။ ကုန်ကျသွားတဲ့ ခဲယမ်းမီးကျောက် စုစုပေါင်းကို ပေါက်စျေးနဲ့ တွက်ချက်မယ်ဆိုရင် ခန့်မှန်းခြေ အုတ်မြစ်ကျောက် ၆၀၀၀ လောက် ရှိပါတယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် သူတို့ကို အုတ်မြစ်ကျောက် ၈၀၀၀ တောင်းလိုက်။ လေယာဉ်တွေ ပျက်စီး ဟောင်းနွမ်းမှုအတွက်လည်း ကုန်ကျစရိတ် ရှိသေးတယ်။”
“ဟုတ်ကဲ့ပါ။”
ရိက္ခာထိန်းအရာရှိက ချက်ချင်း တုံ့ပြန်လိုက်လေသည်။
ဗုံးကြဲလေယာဉ်များ၏ အလွန်ပြင်းထန်လှသော ဖျက်ဆီးမှုစွမ်းအားကြောင့် ထိုဒေသခံများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး လုံးဝ ပြန်မတိုက်ရဲတော့ပေ။
ထို့ကြောင့် တုန်ဖုန်းမဟာမိတ်အဖွဲ့၏ ရှင်းလင်းရေးလုပ်ငန်းမှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။ ချွေ့တုန်ဖုန်းသည် ဒေသခံများ သိမ်းပိုက်ထားသော ကျွန်းကို မိမိကျွန်းနှင့် ပြန်လည် ပူးတွဲချိတ်ဆက်ပြီးနောက် ကျန်းယွင်ထျန်းထံသို့ ပြန်လာခဲ့လိုက်သည်။
“နည်းပြကျန်း... ခဲယမ်းမီးကျောက် ကုန်ကျစရိတ်အတွက် အုတ်မြစ်ကျောက် ဘယ်လောက် ပေးရမလဲမသိဘူး။”
ချွေ့တုန်ဖုန်းက အနည်းငယ် ရင်တထိတ်ထိတ်ဖြင့် မေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့သည် လေယာဉ်တင်သင်္ဘော၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ ဤအရာများသည် ပြင်ပတွင် လုံးဝ မရှိနိုင်သော အရာများဖြစ်ရာ ဈေးနှုန်းကို ခန့်မှန်းရခက်လှသည်။
“စုစုပေါင်း အုတ်မြစ်ကျောက် ရှစ်ထောင်။”
ကျန်းယွင်ထျန်းက တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“ရှစ်ထောင်လား။”
ချွေ့တုန်ဖုန်းတစ်ယောက် ဆွံ့အသွား၏။
“ဘာလဲ ဈေးကြီးလို့လား။”
ကျန်းယွင်ထျန်းက သံသယဖြင့် မေးလိုက်ရင်း စိတ်ထဲကလည်း ‘ငါ တကယ်ပဲ အများကြီး တောင်းမိသွားတာလား’ ဟု ရေရွတ်လိုက်မိသည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ဈေးမကြီးတဲ့အပြင် အရမ်းကို တန်လွန်းနေလို့ပါ။ ခင်ဗျားတို့ ဒီလောက်အကြာကြီး ဗုံးကြဲပေးခဲ့တာကို အုတ်မြစ်ကျောက် ရှစ်ထောင်ပဲ တောင်းတယ်ဆိုတော့ တကယ့်ကို မေတ္တာရှေ့ထားလွန်းပါတယ်။”
ချွေ့တုန်ဖုန်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။ ကျန်းယွင်ထျန်းမှာမူ အနည်းငယ် ကူကယ်ဂာမဲ့သလို ခံစားလိုက်ရ၏။ စိတ်ထဲကနေလည်း “ငါက စီးပွားရေးသမား အလုပ်နဲ့ တကယ်မကိုက်ဘူးပဲ။ တိုက်ပွဲပဲ တိုက်နေရတာ ပိုကောင်းတယ်။” ဟု တွေးလိုက်မိလေသည်။
“အခြားကိစ္စ မရှိရင် ငါ အရင်ပြန်တော့မယ်။ အုတ်မြစ်ကျောက်တွေကိုတော့ ငါတို့မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံခြားကုန်သွယ်ရေး တာဝန်ခံ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီကိုပဲ လွှဲပေးလိုက်ပါ။”
ကျန်းယွင်ထျန်းက လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် နည်းပြကျန်း။”
ချွေ့တုန်ဖုန်းက ရိုရိုသေသေဖြင့် ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည်လည်း အဖွဲ့ကို ဦးဆောင်ကာ ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီသို့ ပြန်လာခဲ့၏။
ထိုအချိန်တွင် ယီထျန်းဂရုချတ်ကြီးမှာလည်း ထပ်မံ၍ အသက်ဝင် လှုပ်ခတ်လာပြန်သည်။
“စောစောက အုတ်မြစ်ကျောက်ကျွန်းကို ရှာတွေ့တဲ့ မဟာမိတ်အဖွဲ့က သူဌေး ယီရန်ပင်းဆီကနေ အကူအညီ တောင်းလိုက်တာလား။”
“တောင်းတာပေါ့။ ကိုယ့်အင်အားနဲ့ မနိုင်မှတော့ သူဌေးကိုပဲ အားကိုးရတော့မှာပေါ့။”
“တိုက်ပွဲ ပြီးသွားပြီလား။”
“ပြီးသွားတာ ကြာပြီ။ ကျွန်းကိုတောင် ပြန်ပြီး ပူးတွဲချိတ်ဆက်ပြီးသွားပြီ။”
“ဟာ... ဘုရားရေ...အဲ့လောက်တောင် မြန်ရသလား။”
“သာမန် ဒေသခံမဟာမိတ်အဖွဲ့တွေက မဟာအင်ပါယာကြီးလေးခုလောက် ဘယ်သန်မာပါ့မလဲ။ မဟာအင်ပါယာကြီးလေးခုတောင် အချိန်ဝက်အတွင်း ရှင်းလင်းခံလိုက်ရတဲ့ဟာ။ သာမန်ဒေသခံတွေဆို ပြောနေစရာတောင်မလိုဘူး။”
“တကယ် မြန်တယ်။ ဆယ်မိနစ်လောက်ပဲ ဗုံးကြဲလိုက်ရတယ်။ ရန်သူတွေ အလံဖြူတန်းထောင်သွားတာပဲ။ ကျန်တဲ့အချိန်ကတော့ ငါတို့ ရှင်းလင်းရေးလုပ်တာနဲ့ပဲ ကုန်သွားတာ။”
“အခု လေယာဉ်တင်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ဆိုတော့ သူတို့က တကယ့်ကို အနှိုင်းမဲ့ပဲ။ ဘယ်မဟာမိတ်အဖွဲ့မှ သူတို့ကို ယှဉ်နိုင်မယ် မထင်ဘူး။”
“တကယ်တော့ ငါက ခဲယမ်းမီးကျောက် ကုန်ကျစရိတ်ကို ပိုပြီးစိတ်ဝင်စားတယ်။ တကယ်လို့ အရမ်းများရင် မတန်မှာစိုးလို့။”
“အဲ့ဒါကိုတော့ စိတ်မပူနဲ့။ သူဌေးရဲ့ အဖွဲ့က တကယ့်ကို သဘောကောင်းလွန်းတယ်။ အခု သူဌေး ကူညီပြီး သိမ်းပေးခဲ့တဲ့ မဟာမိတ်ကျွန်းရဲ့ ဧရိယာအကျယ်အဝန်းက ဘယ်လောက်ရှိလဲ သိကြလား။”
“ဘယ်လောက်လဲ။ အာရုံလာမစားစမ်းနဲ့။ မြန်မြန်ပြောစမ်းပါ။”
“စုစုပေါင်း စတုရန်းမီတာ ကိုးသန်းပဲ။ အဲ့ဒါက အုတ်မြစ်ကျောက် ကိုးသန်းနဲ့ ညီမျှတယ်။ ဒါပေမဲ့ သူဌေးရဲ့အဖွဲ့က ခဲယမ်းမီးကျောက် ကုန်ကျစရိတ်အတွက် အုတ်မြစ်ကျောက် ရှစ်ထောင်ပဲ တောင်းသွားတယ်း။”
“ဘာကြီး... ရှစ်ထောင်တည်းလား။ ဒါ အရမ်းတန်လွန်းတယ်။”
“ဝိုး... မင်းတို့တော့ ကံထူးပြီပဲ။ ဒါက အဆတစ်ထောင်လောက် မြတ်သွားတာပဲဟ။”
“အားကျလိုက်တာ။ ငါတို့ ရေတပ်လည်း အခုချက်ချင်း ထွက်ခွာပြီး အုတ်မြစ်ကျောက်ကျွန်းတွေကို လိုက်ရှာတော့မယ်။”
“ငါတို့တော့ ထွက်သွားတာ ကြာပြီ။ အုတ်မြစ်ကျောက်ကျွန်း တစ်ကျွန်းပဲ ရှာတွေ့ပါစေဦး၊ ငါတို့ကျွန်းရဲ့ ဧရိယာက အနည်းဆုံး နှစ်ဆလောက် ကျယ်သွားမှာ။ အဲ့ဒီကျရင် နောက်ထပ် အဆင့်တစ်ခုထဲ ရောက်သွားရင်တောင် ငါတို့အတွက် အားသာချက် အကြီးကြီး ရှိနေလိမ့်မယ်။”
ဂရုချတ်ထဲတွင် ဆွေးနွေးနေကြသည်များကို မြင်သောအခါ ရှောင်းယီတစ်ယောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ သူ ယခုကဲ့သို့ စေတနာထား ကူညီပေးခြင်းမှာ အားလုံးကို အုတ်မြစ်ကျောက်ကျွန်းများ ပူးပေါင်းရှာဖွေလာစေရန် လှုံ့ဆော်ပေးချင်သောကြောင့်ပင် မဟုတ်ပါလော။
“အစ်ကိုကျန်း...မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။”
ရှောင်းယီက သူတို့၏ အတွင်းရေးဂရုချတ်ထဲတွင် ကျန်းယွင်ထျန်းကို လက်မထောင်ပြလိုက်သည်။
ကျန်းယွင်ထျန်းက ချက်ချင်းပင် ပြန်စာပို့လာခဲ့သည်။
“အဲ့အကြောင်း မပြောပါနဲ့တော့။ ငါက အုတ်မြစ်ကျောက် သုံးပုံတစ်ပုံလောက် ပိုတောင်းလိုက်တာဆိုတော့ တော်တော်လေး ရက်စက်တယ်လို့ ထင်နေတာ။ ဒါပေမဲ့ အဲဒ့ါက နည်းလွန်းနေသေးတယ်လို့ ဘယ်သူက ထင်မှာလဲ။ ထားလိုက်ပါတော့... ငါက စီးပွားရေးအလုပ်နဲ့ တကယ် မကိုက်ဘူး။”
“ဟားဟားဟား... အဲ့ဒါတော့ ဟုတ်တယ်။ ဒီလူတွေက တစ်ထိုင်တည်းနဲ့ ကိုးသန်းတောင် မြတ်သွားတာပဲ။ မင်း အုတ်မြစ်ကျောက် တစ်သောင်း တောင်းရင်တောင် သူတို့က တန်တယ်လို့ ခံစားရဦးမှာ။”
အန်းယွဲ့က ရယ်မောကာ ပြောလိုက်လေသည်။
အခန်း ၁၂၅၈
“ရပါတယ်... ငါတို့ကလည်း ဒီလိုမျိုး တန်တယ်လို့ပဲ ခံစားရစေချင်တာပဲလေ။ အဲ့ဒါမှ လူတိုင်း အုတ်မြစ်ကျောက်ကျွန်းတွေကို လိုက်ရှာဖို့ စိတ်အားထက်သန်မှု ပိုရှိလာကြလိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်... ယွင်ထျန်း ဒီလိုလုပ်လိုက်တော့ လူတိုင်းရဲ့ စိတ်အားထက်သန်မှုက ပိုတောင် မြင့်တက်သွားသေးတယ်။”
ယွမ်နွန်ကလည်း ဝင်ပြောလိုက်သည်။
“ကျုပ်တော့ ဘာမှမပြောချင်တော့ဘူး။ စိတ်လေသွားလို့ အိပ်တော့မယ်။”
ကျန်းယွင်ထျန်းက အတွင်းရေးဂရုထဲတွင် ပြန်စာပို့လိုက်သည်။
ရှောင်းယီတစ်ယောက် ပြုံးကာသာ ခေါင်းခါလိုက်မိပြီး တာအိုကျမ်းကို ခဏကြာအောင် ဆက်လက်ကျင့်ကြံပြီးမှ အနားယူရန် ရွေးချယ်လိုက်တော့သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် SSS အဆင့် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေပြီဖြစ်ပြီး ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုများ မကြာခဏ ရှိနေသော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ပစ်ခတ်မှုစွမ်းအားက အလွန်တရာ အစွမ်းထက်လှသည်။ ကျန်းယွင်ထျန်းတို့အနေဖြင့် ထိုအရာများကို အာရုံစိုက်နေရန်ပင် မလိုဘဲ ရေငုပ်သင်္ဘောတပ်ဖွဲ့များနှင့်တင် အားလုံးကို ရှင်းလင်းကိုင်တွယ်နိုင်စွမ်း ရှိပေသည်။
ညတာသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့၏။ နောက်တစ်နေ့တွင် ရှောင်းယီ နိုးလာသည်နှင့် သူ၏ ပုံမှန်အလေ့အထအတိုင်း ကျင့်ကြံခြင်းနှင့် လက်မှတ်ထိုးဝင်ခြင်းကို ပြုလုပ်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - တိုက်ချင်းပစ်ဒုံးကျည် ပုံစံခွက် (SSS အဆင့်) ၁။”
ထိုပုံစံခွက်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ပြုံးလိုက်မိသည်။
“ဒါကတော့ အဝေးပစ် တိုက်ခိုက်ရေးလက်နက်တစ်ခု ပေးလိုက်တာပဲ။”
သူသည် ထိုအရာကို စနစ်သိုလှောင်ခန်းထဲမှ တိုက်ရိုက်ထုတ်ယူကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်သည်။
ထို့နောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ရာ လူတိုင်းလည်း အစုံအလင် ရောက်ရှိနေကြပြီ ဖြစ်သည်။
“အားလုံးပဲ SSS အဆင့်ကို ရောက်သွားကြပြီလား။”
ရှောင်းယီက လူတိုင်းကို ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ငါ မရောက်သေးဘူး။”
ယွမ်နွန်က ကူကယ်ရာမဲ့နေဟန်ဖြင့် လက်ထောင်ပြလိုက်သည်။
“ကျွန်မလည်း မရောက်သေးဘူး။”
လုပင်းအာကလည်း တိုးတိုးလေး ပြောလာခဲ့သည်။
ရှောင်းယီ သူတို့နှစ်ဦးကို ကြည့်လိုက်ရာ နှစ်ယောက်လုံး SS အဆင့်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။
“ရပါတယ်... နှစ်ယောက်လုံး ရောက်ခါနီးနေပြီပဲ။”
ကျန်းယွင်ထျန်းက ပြုံးလိုက်၏။
“ကျွန်းပိုင်ရှင်... ဒီနေ့ ဘာလက်နက်အသစ်တွေ ရထားလဲ။”
“ရတာပေါ့... တကယ့် အဝေးပစ်လက်နက်ကြီးပဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“တကယ်ကြီး လက်နက်အမျိုးအစားသစ် ရထားတာလား။”
ကျန်းယွင်ထျန်းတစ်ယောက် ချက်ချင်းပင် စိတ်ဝင်စားသွားတော့လေသည်။
“ဘာလက်နက်လဲ... ငါ့ကိုထုတ်ပြပါဦး။”
“ဒီနေရာမှာတော့ မဆင်ပြေဘူး။ စစ်စခန်းကို ရောက်မှပဲ ပြောကြတာပေါ့။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။”
သူတို့နှစ်ဦး မနက်စာကို အမြန်စားသောက်ပြီးနောက် စစ်စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ရှောင်းယီသည် ကျွန်းအထိမ်ူအမှတ်ကျောက်တိုင်ကို ထုတ်လုပ်ရေးစာမျက်နှာသို့ ပြောင်းလဲလိုက်ပြီး တိုက်ချင်းပစ်ဒုံးကျည် (Intercontinental Missile) ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ကြည့်လိုက်... ဒါပဲ။”
ထိုအမည်ကို မြင်လိုက်ရပြီးနောက် ကျန်းယွင်ထျန်းတစ်ယောက် ခဏကြာအောင် ဆွံ့အသွားခဲ့ပြီး နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အခု ငါတို့ဆီမှာ ဂြိုဟ်တုတွေ မရှိသေးဘူး။ အဲ့တော့ ဒီတိုက်ချင်းပစ်ဒုံးကျည်ရဲ့ စွမ်းဆောင်ရည်က အများကြီး ကျဆင်းသွားလိမ့်မယ်။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“တိုက်ချင်းပစ်ဒုံးကျည်တွေက ဂြိုဟ်တုတွေ လိုအပ်လို့လား။”
“လိုတာပေါ့ဗျာ...။ မဟုတ်ရင် တိကျတဲ့ လမ်းညွှန်မှုစနစ်ကို ဘယ်လိုလုပ်မလဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အရင်ဆုံး တစ်စင်းလောက် ထုတ်လုပ်ကြည့်ပြီး အခြေအနေ ကြည့်တာပေါ့။”
“အင်း။”
ကျန်းယွင်ထျန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တိုက်ချင်းပစ်ဒုံးကျည်ကို ချက်ချင်း ထုတ်လုပ်လိုက်ပြီး လေ့ကျင့်ရေးကွင်းထဲသို့ ချလိုက်သည်။
လေ့ကျင့်ရေးကွင်းအတွင်း လေ့ကျင့်နေကြသော စစ်သည်တစ်စုသည် ရုတ်တရက် ပေါ်လာသော တိုက်ချင်းပစ်ဒုံးကျည်ကြီးကို မြင်သောအခါ ဆွံ့အသွားကြပြီးနောက် အချင်းချင်း စတင် ဝေဖန်ပြောဆိုကြတော့သည်။
“ဒါက ဘာကြီးလဲဟ။ တီဗွီထဲက ဒုံးကျည်တွေနဲ့ တူလိုက်တာ။”
“ဒါ ဒုံးကျည်လား။ ငါတို့ကို ကောင်းကင်ပေါ် တကယ် ခေါ်သွားနိုင်တော့မှာလား။”
“အင်း...ဒုံးကျည်ပဲ ဖြစ်ရမယ်။ ပုံစံက အရမ်းတူလွန်းတယ်။”
ဤနေရာမှ ဒေသခွများသည် တိုက်ချင်းပစ်ဒုံးကျည်ကို တစ်ခါမျှ မမြင်ဖူးကြချေ။ သူတို့သည် ဒုံးကျည်ကဲ့သို့သော အရာများကို တီဗွီမှတစ်ဆင့်သာ သိရှိကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဤအရာကို ဒုံးကျည်ဟု ထင်မှတ်နေကြခြင်း ဖြစ်လေသည်။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ လေ့ကျင့်ရေးကွင်းသို့ ရောက်လာသောအခါ ထိုစစ်သည်များသည် ချက်ချင်းပင် သူတို့၏ လေ့ကျင့်မှုကို ဆက်လက် ပြုလုပ်ကြတော့သည်။
အကယ်၍ ကျန်းယွင်ထျန်းသာ သူတို့ အလုပ်မလုပ်ဘဲ စကားစမြည် ပြောနေသည်ကို ဖမ်းမိသွားပါက နောက်ထပ် ကီလိုမီတာ ငါးဆယ် အတင်းအကျပ် ချီတက် အပြစ်ပေးခြင်းကို ခံရနိုင်ပေသည်။
“ဒီကောင်ကြီးက တကယ့် ကြီးတာပဲ။ ကြည့်ရတာ ဒုံးကျည်တစ်ခုလိုတောင် ခံစားရစေတယ်။”
ရှောင်းယီက အံဩတကြီး ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့။ တိုက်ချင်းပစ်ဒုံးကျည်တွေက အဝေးပစ် အကွာအဝေး အရမ်းများတယ်။ ဒုံကျည်မပါရင် သတ်မှတ်ထားတဲ့ နေရာဆီကို ဘယ်လိုလုပ် ရောက်အောင် ပို့ပေးနိုင်ပါ့မလဲ။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည့်အချိန်မှာပင် စနစ်ဆီမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
“တိုက်ချင်းပစ်ဒုံးကျည် (SSS အဆင့်) - ဒုံးပျံတင်ယာဉ် ပါဝင်သည်။ လက်ရှိအချိန်တွင် ဂြိုဟ်တုများ မရှိသေးသည့်အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံလုပ်ဆောင်ချက်ကို အသုံးပြု၍ ပစ်မလွှတ်မီ တိကျစွာ နေရာချထားနိုင်သည်။ ပစ်ခတ်နိုင်သည့် အကွာအဝေး - ကီလိုမီတာ ၂၀၀၀၀။”
ထိုအကွာအဝေးကို မြင်လိုက်ရသောအခါ ရှောင်းယီက “ဒီအရာရဲ့ အကွာအဝေးက တကယ်ဝေးတာပဲ။” ဟု မှတ်ချက်ပြုလိုက်သည်။
ကျန်းယွင်ထျန်းသည် ဒုံးပျံတင်ယာဉ်ပေါ်သို့ တက်ပြီးနေပြီးဖြစ်၏။ သူက စူးစမ်းလေ့လာရင်း ရေရွတ်လိုက်သည်။
“ဂြိုဟ်တုမပါဘဲနဲ့ ဘယ်လိုလုပ်ပြီး တိကျတဲ့ လမ်းညွှန်မှုကို ရယူနိုင်မှာလဲ။”
ထိုစဥ် ရှောင်းယီက ဝင်ရောက် ရှင်းပြလိုက်သည်။
“ဒါက ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်နဲ့ တွဲသုံးဖို့ ထုတ်လုပ်ထားတာပဲ။ ဂြိုဟ်တုတွေ မလိုဘူး။”
ကျန်းယွင်ထျန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ။ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်က ဂြိုဟ်တုထက်တောင် ပိုအစွမ်းထက်နေမှာပဲ။ မဆိုးဘူး... မဆိုးဘူး။ ဒါနဲ့ ကျွန်းပိုင်ရှင် ဒီတိုက်ချင်းပစ်ဒုံးကျည်ရဲ့ အကွာအဝေး ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား။”
“ကီလိုမီတာ နှစ်သောင်း။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နှစ်သောင်းလား။ အဲ့လောက်ထိ ဝေးတာလား။”
ကျန်းယွင်ထျန်းတစ်ယောက် ဆွံ့အသွားတော့သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပြုလိုက်သည်။
“ငါတို့ရဲ့ အရင်ကမ္ဘာဟောင်းတုန်းကဆို တိုက်ချင်းပစ်ဒုံးကျည်တွေက ကီလိုမီတာ ရှစ်ထောင်လောက်ပဲ ရှိတာ။ နျူကလီးယား အင်အားကြီးနိုင်ငံတွေရဲ့ ဒုံးကျည်တွေတောင် ကီလိုမီတာ ၁၁၀၀၀ ကျော်လောက်ပဲ ရှိတယ်။ အခု မင်းရဲ့ ဒုံးကျည်က ကီလိုမီတာ နှစ်သောင်းအထိ ရောက်သွားတယ်ဆိုတော့ တကယ့်ကို အံ့မခန်းပဲ။”
ကျန်းယွင်ထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှောင်းယီသည် ဤဒုံးကျည်၏ အကွာအဝေးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပို၍ပင် ရှင်းလင်းစွာ သဘောပေါက်သွားတော့သည်။
ထိုအချိန်တွင် ဆုဝမ်က ဖုန်းဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... ဂရုထဲမှာ လူတွေအများကြီးက ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေကို ရှာတွေ့နေကြတယ်။ ကျွန်မတို့ရဲ့ လေယာဉ်တင်သင်္ဘောတွေနဲ့ လိုက်မီအောင် မကူညီနိုင်တော့ဘူး။”
“ကောင်းပြီ... ငါကြည့်လိုက်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်ပြီး ဖုန်းချကာ ယီထျန်းဂရုချတ်ကို ဖွင့်လိုက်သည်။
“သူဌေး... ကျွန်တော်တို့ဆီမှာ အကူအညီ လိုနေပါတယ်။ ကျွန်တော်တို့ ဒေသခံတွေ သိမ်းထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတစ်ကျွန်း တွေ့ထားတယ်။”
“ကျုပ်တို့ဆီမှာလည်း တွေ့ထားတယ်။ အကူအညီပေးဖို့ တောင်းဆိုပါတယ်။”
“ဒီနေ့က ဘာနေ့မို့လို့လဲ။ ဘာလို့ လူတိုင်း အုတ်မြစ်ကျောက်ကျွန်းတွေကို တစ်ပြိုင်နက်တည်း ရှာတွေ့နေကြတာလဲ။”
“ဒီနေ့က ကံကောင်းတဲ့နေ့မို့လို့ ဖြစ်မှာပေါ့ဗျာ။ ကိုယ်ဖြစ်ချင်တာ မှန်သမျှ အကုန်ဖြစ်လာမှာလေ။”
“ဟာ... ငါတောင် သီချင်းဆိုမိတော့မလို့ပဲ။ အုတ်မြစ်ကျောက်ကျွန်းတွေနဲ့ တွေ့တဲ့သူက များနေတော့ သူဌေးလည်း အားလုံးကို လိုက်ကူညီပေးနိုင်မှာ မဟုတ်လောက်ဘူးထင်တယ်။”
“အကူအညီ မပေးနိုင်သေးရင်လည်း ဖြည်းဖြည်းချင်း စောင့်ပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် ဒေသခံကျွန်းတွေကို ရှာတွေ့ထားပြီးသားပဲ။ သူတို့က ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားမှာမှ မဟုတ်တာ။”
“ဟုတ်တယ်။ တချို့လူတွေကို စောင့်ကြည့်ခိုင်းထားပြီး ကျန်တဲ့သူတွေကို ရှာခိုင်းထားလိုက်။ ငါတို့ မဟာမိတ်အဖွဲ့ အလှည့်ကျရင် ကျွန်းနှစ်ကျွန်း တစ်ပြိုင်နက်တည်း သိမ်းနိုင်ရင် ကောင်းမှာပဲ။”
“အကြံကောင်းပဲ။ ငါတို့လည်း အဲ့ဒီအတိုင်း လုပ်မယ်။”
လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်နေရင်း ရှောင်းယီသည် သူ၏ရှေ့ရှိ တိုက်ချင်းပစ်ဒုံးကျည်ကို ကြည့်လိုက်မိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ညွှန်ကြားလိုက်သည်။
“အစ်ကိုကျန်း... သူတို့ ရှာတွေ့ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေရဲ့ တည်နေရာတွေကို စုစည်းလိုက်ပါ။ ဒီဒုံးကျည်ကို သုံးပြီး သူတို့ကို အကူအညီပေးမယ်။”
“ငါ သဘောပေါက်ပြီ။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဂရုထဲတွင် ချက်ချင်းပြောလိုက်သည်။
“အားလုံးပဲ... ခင်ဗျားတို့ ရှာတွေ့ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေရဲ့ တည်နေရာကို ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကတစ်ဆင့် ကျုပ်ဆီ သီးသန့်မက်ဆေ့ခ်ျ ပို့ပေးပါ။ ဒီကနေတစ်ဆင့် သက်ဆိုင်ရာ အကူအညီတွေကို ပေးသွားပါမယ်။”
“မိုက်တယ်ဟေ့။ နည်းပြကျန်း နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ကျွန်တော်တို့ စောင့်နေတာ ကြာပြီ။”
“ကျုပ်တို့ အကူအညီအရင် တောင်းထားတာပါ။ ကျွန်တော်တို့ကို အရင်ဦးစားပေးပါ။”
“မင်း ဘယ်သူ့ကို လာလိမ်နေတာလဲ။ ငါတို့ အရင်တောင်းထားတာကွ။ မင်းတို့က ငါတို့နောက်မှာပဲ။ မယုံရင် ဂရုမှတ်တမ်း ပြန်ကြည့်ကြလိုက်။”
ဂရုထဲတွင် စတင် ငြင်းခုံနေကြသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ချက်ချင်း ပြောလိုက်သည်။
“ထပ်ပြီးငြင်းခုံနေရင်တော့ ငါတို့ မဟာမိတ်အဖွဲ့က ဘယ်သူ့ကိုမှ အကူအညီ ပေးတော့မှာ မဟုတ်ဘူး။”
“မလုပ်ပါနဲ့ နည်းပြကျန်း။ ကျုပ်တို့က ချစ်လြို ကျီစယ်နေတာပါ။ အတည်မယူပါနဲ့။”
“ဟုတ်ပါတယ်။ ကျွန်တော်တို့က အပြန်အလှန် ခင်မင်ကြတဲ့သူတွေပါ။ သူတို့ မိသားစုတွေအကြောင်းတောင် ကျွန်တော် မကြာခဏ မေးမြန်းလေ့ရှိပါတယ်။”
“အမှန်ပဲ။ ကျွန်တော်တို့ ဆက်ဆံရေးက တကယ်ကို ကောင်းပါတယ်။”
မုသားစကားများအား လိမ်ညာပြောဆိုနေကြသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှာ သီးသန့်မက်ဆေ့ခ်ျ ပို့ထားတဲ့ အစဉ်လိုက်အတိုင်းပဲ အကူအညီ ပေးသွားမယ်။”