← Chapters

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ပြီ

Vol. 9 Ch. 115

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ပြီ

Vol. 9 Ch. 115

“ ဂိုဏ်းတွင်း ပြိုင်ပွဲ... ”

ချုံတောင်လေးတွင် မိုးစတင်ရွာလာ၏။ လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်းမှ ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး တဲအိမ်လေးဆီသို့ သွားလိုက်သည်။ သူသည် သူနှင့် သူ၏ညီလေးတို့ လျှောင်လွှဲ၍ မရသည့် ဂိုဏ်းတွင်းပြိုင်ပွဲအကြောင်းကို တွေးနေခြင်းပင်။

ယခုတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တာအိုပေါင်းစည်းခြင်း ပထမအဆင့်အထိ ဖော်ပြထားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ဂိုဏ်းတွင်းတပည့်အဆင့်သည် အဆင့်နှစ်ဆယ်အတွင်း၌ ရှိလေသည်။

ဂိုဏ်း၏အမြင်တွင် သူသည် လမ်းမှားကိုလိုက်မိသော နတ်ဝိဇ္ဇာအလောင်းအလျာ တစ်ဦးဖြစ်၏။ သူသည် ကျင့်ကြံခြင်းထက် ဆေးဖော်ခြင်း၊ မန္တန်အစီအရင်ဆင်ခြင်းတို့တွင်ပါ မွေ့လျော်နေသော တပည့်တစ်ဦးဖြစ်၏။

လီချန်ရှို့အတွက် ထိုအဆင့်သည် အနေတော်ပင်။ ထိုအဆင့်တွင် သူသည် သိပ်၍မကျော်ကြားသော်လည်း ဂိုဏ်းထံမှ ပို၍ ကောင်းကောင်းဆက်ဆံခံရလေသည်။

သူသည် နတ်အာရုံအနည်းငယ်ကို သုံး၍ နတ်ရေတံခွန်တောင်တွင် ဂူအောင်းကျင့်ကြံနေသော တာအိုရသေ့ခွိုက်စစ်ကို အာရုံခံနေ၏။ လီချန်ရှို့သည် သူ၏အာရုံအများစုကို မျက်စိရှေ့မှ ကိစ္စတွင် အာရုံစိုက်လိုက်၏။

“ အင်း အဆိပ်မနဲ့ တွေ့ဖို့ အချိန်တန်ပြီ ”

ယုံချင်ရွှမ်းယာသည် ချုံတောင်လေးသို့ ယမန်နေ့က ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုအထိ မပြန်လောက်သေးကြောင်း သူတွေးလိုက်မိ၏။

လွန်ခဲ့သည် ဆယ်စုနှစ်အတွင်း၌ ယုံချင်ရွှမ်းယာသည် ချုံတောင်လေးသို့ ပုံမှန်လာခဲ့၏။ နှစ်နှစ်လျှင် တစ်ကြိမ် ချုံတောင်လေးဆီသို့ အချိန်မှန်ရောက်လာတတ်လေသည်။

သူမသည် သူတို့၏ မိတ်ဆွေ ဆက်ဆံရေးကို ထိန်းသိမ်းရန် ပုံမှန်လုပ်နေကျ အလုပ်တစ်ခုခဲ့သို့ ချုံတောင်လေးဆီ လာလည်နေခြင်းပင်။

ထို့ပြင် သူမသည် သူမ၏ ဂိုဏ်းတူအစ်ကိုကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သတိရနေသောကြောင့်လည်း ဖြစ်၏။

သူမအတွက် ဂိုဏ်းတူအစ်ကိုချန်ရှို့သည် စံပြပုဂ္ဂိုလ်တစ်ယောက်ဟု သူမခံစားရ၏။ သူမ လမ်းလွဲသွားသလောဟု သိရန် သူမ၏ ဂိုဏ်းတူအစ်ကိုကို မကြာမကြာ လာ၍ ကြည့်တတ်သည်။

သူမ အလည်လာတိုင်း လီချန်ရှို့သည် သူမကို ရှောင်နေပြီး လင်းအယ်ကိုသာ လက်ဖက်ရည်သောက်ရင်း ဧည့်ခံစေခဲ့၏။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာတစ်ယောက် ဆက်၍ အခန်းအောင်းကျင့်ကြံရန် ကောင်းကင်ခွင်းတောင်သို့ပြန်ခါနီးမှာ ပေါ်လာတတ်၏။ သူသည် သူမကို စကားအနည်းငယ်ပြောပြီးနောက် နှုတ်ဆက်စကားဆိုလိုက်သည် ချည်းသာဖြစ်သည်။

ထိုမှသာ ယုံချင်ရွှမ်းယာတစ်ယောက် သူမ၏ အလည်လာခြင်းမှာ အလကားဖြစ်သွားသည်ဟု မခံစားရမည်ဖြစ်၏။ သူမသည် ပြန်သွားသောအခါတွင်လည်း နောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်တတ်သော လူစားမျိုးမဟုတ်ပေ။

မိုးဖွဲဖွဲကျနေပြီး ကောင်းကင်တွင် တိမ်များဖုံးနေ၏။

လီချန်ရှို့သည် ရေကန်ဘေးသို့ ခပ်သုတ်သုတ်လျှောက်သွားလိုက်ပြီး ငါးစာအချို့ကို ကန်အတွင်းသို့ ပစ်လိုက်၏။

မိုးပေါက်များကြောင့် အဝေးရှိတောင်များကို မမြင်ရ‌တော့ပေ။ ကန်ရေပြင်တွင်လည်း ဂယက်လေးများထနေ၏။

သူ့အနောက်ရှိ မန္တန်အစီအရင်နှစ်ထပ်ကာထားသော တဲအိမ်အတွင်း၌ ခွက်များ၊ ပန်ကန်များ တဲအနှံ့ပြန့်ကျဲနေ၏။ စားသောက်ပွဲ ပြီးဆုံးသွားသည်မှာ ကြာပေပြီ။ လင်းအယ်၏ ခုတင်ပေါ်တွင် လူသုံးယောက်အိပ်နေ၏။

ယုံချင်ရွှမ်းယာ။ သီးသန့်နေရာလေးသည် ခုတင်ခြေရင်းတွင် ဖြစ်၏။ သူမသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေ၏။ လင်းအယ်သည် သူမ၏ဘေးတွင် အိပ်နေပြီး ဆရာဒေါ်လေးကျိုးကျိုးသည် အရက်အိုးကိုပိုက်ကာ ခုတင်စောင်းကိုမှီ၍ အိပ်နေ၏။

သူတို့သုံးဦးလုံး၏ မျက်နှာပေါ်တွင် မျက်နှာချေမှုန့်များကို ရယ်ရွှင်ဖွယ် လိမ်းထား၏။ ကျိုးကျိုး၏ မျက်နှာပေါ်တွင် မျက်နှာချေမှုန့် အများဆုံးရှိလေသည်။ သူမသည် ယမန်နေ့ညက ကစားပွဲတွင် မရှူနိုင်မကယ်နိုင် ရှုံးခဲ့သည် မဟုတ်ပါလား။ လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်မျှကြည့်လိုက်၏။

သူမသည် တာအိုပေါင်းစည်းခြင်း ဆဋ္ဌမအဆင့်ကို ရောက်နေပေပြီ။ ကောင်းကင်ပြစ်ဒဏ်ခံရရန် သုံးဆင့်သာလိုတော့သည်။

လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏ ကောင်းကင်ပြစ်ဒဏ်အတွက် အတန်ငယ် စိုးရိမ်နေ၏။ ယုံချင်ရွှမ်းယာ၏ ပါရမီအရဆိုလျှင် သူမသည် အနိမ့်ဆုံး မိုးကြိုးခုနှစ်ချက်ကောင်းကင်ပြစ်ဒဏ် သို့မဟုတ် မိုးကြိုးရှစ်ချက်ကောင်းကင်ပြစ်ဒဏ်ကို ခံရပေလိမ့်မည်။

သို့သော် ယုံချင်ရွှမ်းယာ၏ ကျင့်ကြံခြင်းအဆင့်သည် အတန်ငယ်လိုသေး၏။ အကယ်၍ သူမသာ သူခံခဲ့ရသော ကောင်းကင်ပြစ်ဒဏ်မျိုးကိုသာခံခဲ့ရပါက သေချာပေါက်...

ယုံချင်ရွှမ်းယာသည် သူ့ကို များစွာ အကျိုးမပြုသော်လည်း သူမသည် သူ၏ မိတ်ဆွေ မကျတကျသူ တစ်ဦးဖြစ်၏။

‘ သူ့ကို လင်းအယ် ကောင်းကင်ပြစ်ဒဏ်ခံယူဖို့အတွက် ငါ ပြင်ဆင်ပေးထားတဲ့ ‌အရာတွေထဲက (၁၀)ရာခိုင်နှုန်းလောက်တော့ ပေးဦးမှပါပဲ... ’

လီချန်ရှို့ စိတ်ထဲမှ ပြုံးလိုက်၏။ ထို့နောက် သူသည် သူ့ဆရာ၏ အခြေအနေကို အာရုံခံလိုက်ပြီး ရန်သူကို ကြည့်လိုက်သည်။

ထိုနှစ်ဦးကို နှိုင်းယှဉ်ကြည့်ရာ တရားမျှတမှုမရှိဟု လီချန်ရှို့ ခံစားလိုက်ရ၏။

လင်းအယ်သည် မောင်လေးကျိကျိနှင့် မမယန်အာတို့ နှစ်ဦးကြားတွင် ဖြစ်ပွားခဲ့သော ကိစ္စများမှနေ၍ သူမဆရာ၏ အတိတ်အကြောင်းများကို ကြားမိခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုအကြောင်းကို လိုက်၍စုံစမ်းခဲ့ရာ သူတို့ ဆရာ၊ ဆရာဒေါ်လေးနှင့် တာအိုရသေ့ခွိုက်စစ်တို့ကြားမှ သုံးပွင့်ဆိုင်ဇာတ်လမ်း၏ ကောလဟလများကို သိခဲ့ရ၏။

ကောလဟလများအရ သူတို့၏ဆရာနှင့် တာအိုရသေ့ခွိုက်စစ်သည် တာအိုလက်တွဲဖော်ကိစ္စနှင့်ပတ်သတ်၍ ပဋိပက္ခများရှိခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် တစ်ဦးချင်း တိုက်ခဲ့ကြသည်။

သို့သော် ဆရာဦးလေးကျိုးဝူ ပြောပုံအရဆိုလျှင် ခွိုက်စစ်က အလစ်တိုက်ခဲ့ခြင်းပင်။ လီချန်ရှို့သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူစုံစမ်းထားသော သတင်းအချက်အလက်များနှင့် သူ၏ ဆရာထံမှ သိခဲ့ရသော သတင်းအချက်အလက်များကို အခြေခံ၍ အတိတ်တွင် အမှန်တကယ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အနည်းနှင့် အများ သိရှိနေပေပြီ။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ချုံတောင်လေး၏ တောင်ထိပ်သခင်သည် တပည့်နှစ်ဦး လက်ခံခဲ့၏။ သူ့ တပည့်နှစ်ဦး၏ ကျင့်ကြံခြင်းလမ်းစဉ်သည် လမ်းကြောင်းမှန်အပေါ် ရောက်သွားသောအခါ သူသည် ဉာဏ်အလင်းပွင့်မှုကိုရှာရန် လောကအနှံ့ခြေဆန့်ခဲ့၏။ သူသည် သူ၏တပည့်ကြီးဖြစ်သော ဝမ်ကျန်းယွီကို သူမ၏ ဆရာတူမောင်လေး ချီယွမ်နှင့်အတူ ချန်ထားခဲ့လေသည်။

သူတို့နှစ်ဦးသည် ထိုစဉ်က တပည့်မျိုးဆက်အတွင်းမှ နတ်ဝိဇ္ဇာအလောင်းအလျာလေးများဖြစ်ကြ၏။ ဝမ်ကျန်းယွီသည် အဆင့်(၈၉)ဖြစ်ပြီး ချီယွမ်သည် အဆင့်(၁၄၅)ဖြစ်သည်။ သူတို့နှစ်ဦးသည် ငယ်ကျွမ်းဆွေများလည်း ဖြစ်၏။ တာအိုလက်တွဲဖော်ရွေးသည့် ဓလေ့ရှိသော တုနတ်ဝိဇ္ဇာဂိုဏ်းတွင် သူတို့နှစ်ဦးသည် တစ်ဦးအပေါ်တစ်ဦး ချစ်ကျွမ်းဝင်ခဲ့ကြ၏။

ထို့နောက်တွင် နတ်ရေတံခွန်တောင်မှ နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးဖြစ်သော ခွိုက်စစ်သည် ဝမ်ကျန်းယွီကို မြင်မြင်ချင်း ချစ်သွားခဲ့၏။ သူသည် သူ့ကို ပြန်၍ မေတ္တာတုံ့ပြန်လာရန် ဝမ်ကျန်းယွီကို ဆယ်နှစ်ကျော်မျှ ချစ်ရေးဆိုခဲ့သော်လည်း အချည်းနှီးသာ။ ထို့ကြောင့် သူသည် ချီယွမ်အပေါ် အပြစ်ပုံချခဲ့၏။ သူသည် ချီယွမ်ကို လျှို့ဝှက်ရန်စခဲ့ပြီး သူနှင့် အဆင်မပြေဖြစ်အောင်လုပ်ခဲ့သည်။

နောက်ဆုံးတွင် သူသည် ချီယွမ်ကို တစ်ဦးချင်းတိုက်ရန် စိန်ခေါ်ခဲ့၏။ လက်တွေ့တွင်မူ သူသည် အလစ်တိုက်ခဲ့ပြီး ချီယွမ်ကို အကြီးအကျယ် ဒဏ်ရာရစေခဲ့လေသည်။

ထို့ကြောင့် ဝမ်ကျန်းယွီသည် စွန့်စား၍ မြောက်ကျွန်းသို့သွားကာ ချီယွမ်အတွက် ဆေးပင်သွားရှာခဲ့၏။

လင်းအယ်ပထမဆုံး သိခဲ့ရသော ကောလဟလများအရ ဝမ်ကျန်းယွီမှာ အမျိုးသားကျင့်ကြံသူနှစ်ဦးသည် သူမကို သက်မဲ့ရတနာတစ်ခုအဖြစ် သဘောထား၍ မည်သူပိုင်ဆိုင်နိုင်ကြောင်းကို တိုက်ခိုက်ယှဉ်ပြိုင်၍ ဆုံးဖြတ်ခဲ့ခြင်းအပေါ်တွင် လွန်စွာစိတ်ဆိုးခဲ့သည်ဟု သိရ၏။ ထို့ကြောင့် သူမသည် ချီယွမ်နှင့် ခွိုက်စစ်တို့ တိုက်ခိုက်နေစဉ် သူမ၏ ဆရာကိုရှာရန် ဂိုဏ်းမှထွက်သွားသည်ဟု ဆိုကြ၏။ ချီယွမ်မှာမူ ခွိုက်စစ်နှင့်မယှဉ်နိုင်ခဲ့သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု ဆိုကြလေသည်။

သို့သော် ယင်းကောလဟလသည် ထိုစဉ်က နတ်ရေတံခွန်တောင်မှ ဖြန့်ခဲ့သော ကောလဟလပင်။ သူတို့သည် ခွိုက်စစ်ဘက်ကို မျက်နှာလိုက်ခဲ့ကြခြင်း ဖြစ်၏။

ထိုစဉ်က သူ၏ဆရာနှင့် ဆရာဒေါ်လေး ဝမ်ကျန်းယွိတို့တွင် နောက်ခံအင်အားကောင်းကောင်း မရှိခဲ့ကြပေ။ ချုံတောင်လေးတွင် တောင်ထိပ်သခင်သာမက မည်သည့်အကြီးအကဲမှလည်း ရှိမနေခဲ့ပေ။ ထို့ကြောင့် သူတို့သည် ထိုဘက်လိုက်သည့် ဆုံးဖြတ်ချက်ကို ခေါင်းငုံ့ခံခဲ့ရလေသည်။

ယခုတွင်မူ...

ဆရာဒေါ်လေးဝမ်ကျန်းယွီသည် မြောက်ကျွန်းတွင် မရှုမလှသေခဲ့ရ၏။ သို့သော် သူမ၏ ဝိညာဉ်အကြွင်းအကျန်သည် ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်မှနေ၍ ပြန်လည်ဝင်စားနိုင်ခဲ့သဖြင့် တော်ပေသေးသည်။

ချီယွမ်၏ တာအိုအခြေခံ ထိခိုက်သွားပြီး နှစ်ရှစ်ရာကျော် ကိုးရာနီးပါး ရုန်းကန်ခဲ့ရ၏။ သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူစဉ်အတွင်း သေသွားသင့်သော်လည်း သူ့တပည့်ကြီး လီချန်ရှို့၏ ဆေးလုံးကြောင့် အသက်ချမ်းသာရာရခဲ့၏။

လီချန်ရှို့ အတန်ငယ် ဒေါသထွက်နေ၏။ သူ ဒေါသထွက်နေရသည့် အကြောင်းအရင်းမှာ ခွိုက်စစ်သည် စက်ဆုပ်စရာကောင်း၍ အရှက်မဲ့သော သူတစ်ယောက်ဖြစ်နေခြင်းကြောင့်မဟုတ်ပေ။ သူသည် ခွိုက်စစ်ကဲ့သို့သော သူများကို ယခင်ဘဝကတည်းက တွေ့ကြုံခဲ့ဖူးပြီးဖြစ်သည်။

လီချန်ရှို့ ဒေါသထွက်နေရသည့် အကြောင်းအရင်း နှစ်ခုရှိ၏။

ပထမတစ်ခုမှာ ဂိုဏ်းသည် ကြီးသည့်အမှုကို ငယ်အောင်လုပ်၍ ပြဿနာများကိုရှောင်ရှားပါ ဟူသော နိယာမကို အခြေခံ၍ ဂိုဏ်းတွင်းအပြစ်ဒဏ် အသေးစားကိုသာ ပေးခဲ့မှုဖြစ်သည်။ နတ်ရေတံခွန်တောင်သည် ခွိုက်စစ်ကို ကာကွယ်ပေးနိုင်ခဲ့၏။ ယခုတွင် ခွိုက်စစ်သည် အေးအေးလူလူ နေနိုင်နေပြီဖြစ်သည်။ သူ့တွင် တာအိုလက်တွဲဖော်တစ်ဦးလည်းရှိပြီး ကောင်းကင်နတ်မင်းအဆင့်ရောက်ရန်ပင် ကျင့်ကြံနေကာ အမတလမ်းစဉ်ကို လျှောက်လှမ်းနေပြီဖြစ်သည်။

သို့သော် သူ့ဆရာသည် အမြင့်ဆုံးအဆင့်အနေဖြင့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိသာ ရောက်နိုင်၏။

ဒုတိယတစ်ခုမှာ ဆရာဒေါ်လေးဝမ်ကျန်းယွီတစ်ယောက် ထိုသို့ မြောက်ကျွန်းသို့ စွန့်စားသွားခဲ့ရခြင်းမှာလည်း နတ်ရေတံခွန်တောင်၏ ချောင်ပိတ်ထားမှုများကြောင့် ဖြစ်သည်။ သူမ မည်မျှပင် ကူရာကယ်ရာမဲ့နေခဲ့ပေမည်နည်း။ ဂိုဏ်းအတွင်း၌ နတ်ဝိဇ္ဇာအများအပြားရှိသော်လည်း သူမသည် မြောက်ကျွန်းကို တစ်ဦးတည်း သွားခဲ့ရ၏။

သို့သော် ကိစ္စမရှိပေ။

ဂိုဏ်းက အပြစ်သားကို အပြစ်ဒဏ်မပေးလျှင် ချီယွမ်၏ တပည့်ကြီးဖြစ်သော သူက သူ့ဆရာအစား တရားမျှတမှုကို ဆောင်ကျဉ်းပေးရပေမည်။

ဂိုဏ်းရှိ တောင်ထိပ်များအကြားတွင် တင်းမာမှုများ၊ စိတ်သဘောကွဲလွဲမှုများရှိနေ၏။ ထိုအချက်သည် လီချန်ရှို့ ဂိုဏ်းသို့ရောက်ရှိခဲ့စဉ်ကတည်းက ကောက်ချက်ချထားခြင်းပင်။

ထို့ကြောင့် သူသည် နတ်ရေတံခွန်တောင်ကို သူကိုယ်တိုင် ပစ်မှတ်ထားရန်ပင် မလိုချေ။ အများဆုံးအနေဖြင့် ဂိုဏ်းတွင်းပြိုင်ပွဲတွင် သူသည် နတ်ရေတံခွန်တောင်မှ တပည့်များနှင့် ယှဉ်ပြိုင်ရပါက မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ရုံသာဖြစ်သည်။

‘ အခု ငါလိုအပ်နေတာက မင်းစပြီး လှုပ်ရှားဖို့ပဲ... ’

လီချန်ရှို့ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ သူသည် မိုးပေါက်များ၊ မြူခိုးအကြားရှိ နတ်ရေတံခွန်တောင်ကို ငေးကြည့်လိုက်ပြီး ဂူတစ်ခုအတွင်း၌ တရားထိုင်နေသော လူတစ်ယောက်ကို အာရုံခံလိုက်လေသည်။

“ အစ်ကိုကြီး... ဘယ်တုန်းကရောက်နေတာလဲ ”

လီချန်ရှို့ လှည့်ကြည့်လိုက်ရာ လင်းအယ်တစ်ယောက် တဲအိမ်အတွင်းမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။

သူမသည် လက်ချောင်းများဖြင့် သူမ၏ ရှည်လျားချောမွေ့သော ဆံပင်များကို သပ်နေ၏။ သူမသည် အိပ်ရာမှ နိုးလာခါစဖြစ်၍ လှပသောမျက်နှာလေးသည် အတန်ငယ် နီရဲနေ၏။ သူမသည် လီချန်ရှို့ကို ပြုံးလိုက်သည်။ တဲအိမ်အတွင်းရှိ ကျန်နှစ်ဦးသည်လည်း ဖြည်းဖြည်းချင်းနိုးလာကြပေပြီ။

လီချန်ရှို့လည်း လင်းအယ်ကို ပြန်ပြုံးပြလိုက်၏။

ယခင်က ဝမ်ကျန်းယွီသည် သူမ၏ ဆရာတူမောင်လေးကို မကာကွယ်နိုင်ခဲ့သလို ချုံတောင်‌လေးဘက်မှ ရပ်တည်ပေးမည့် သူများလည်း မရှိခဲ့ပေ။ ယခုတွင်မူ ထိုသို့မဟုတ်တော့ပေ။

ခေတ္တမျှကြာပြီးနောက်...

“ ကျွတ်.. ကျွတ်... ချန်ရှို့လေး..ချန်ရှို့လေး... ဒီဂိုဏ်းတွင်းပြိုင်ပွဲမှာ မင်းက ချုံတောင်လေးကို ကိုယ်စားပြုပြီး ဝင်ပြိုင်ရမှာဆိုတော့ ဘယ်အဆင့်လောက်ထိရနိုင်တယ်လို့ မှန်းထားလဲ ”

ဆရာဒေါ်လေးကျိုးကျိုးသည် တဲအိမ်၏ တံခါးကိုမှီ၍ ပြုံးကာ မေးလိုက်သည်။

လင်းအယ်သည်လည်း မျက်တောင်ခတ်လိုက်ပြီး သူမ၏ အစ်ကိုကြီးကို ကြည့်လိုက်၏။

သူမ၏ ဝတ်ရုံလေးကို စိတ်လှုပ်ရှားစွာ ပြင်ဆင်နေသော ယုံချင်ရွှမ်းယာသည်လည်း ခြေဖျားထောက်၍ တဲအပြင်သို့ ကဲကြည့်လိုက်၏။

သူတို့သည် လီချန်ရှို့၏ “စိတ်အားထက်သန်မှု”ကို သိချင်နေကြကြောင်း ထင်ရှားလေသည်။

လီချန်ရှို့ ခေတ္တမျှ တွေးတောလိုက်၏။ သူသည် မူလက အဆင့်ငါးဆယ်အတွင်းဝင်လျှင် တော်ပြီဟု ပြောလိုခဲ့၏။ ထိုအဆင့်အတွင်းမှာလည်း ဂိုဏ်းမှချီးမြှင့်သော ဆုအများစုကို ရနိုင်သည်ဖြစ်ရာ အဆင့်နှစ်ဆယ်အတွင်းဝင်အောင် တိုက်ခိုက်နေရန်မလိုပေ။

သို့သော် လုံခြုံရေးအတွက် သူသည် အတန်ငယ်ချီတုံချတုံဖြစ်နေဟန်ဆောင်၍ သူမျှော်မှန်းထားသည့် အဆင့်ကို ပြောလိုက်သည်။

“ ကျွန်တော်က အဆင့်(၁၀၈)လောက်ရမှာတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ ကျွန်တော် အဆင့်(၇၂)လောက်အထိ ရအောင်ယူမယ်လို့တော့ စိတ်ကူးထားတယ် ”

လင်းအယ် အသံထွက်၍ ရယ်လိုက်၏။

ကျိုးကျိုး မျက်လုံးပင့်လိုက်၏။ အင်္ကျီကို ခါးစည်းကြိုးလေးဖြင့် ချည်၍ပြီးသွားသော ယုံချင်ရွှမ်းယာသည်လည်း မျက်မှောင်ကြုတ်သွား၏။

အစ်ကိုချန်ရှို့သည် အလွန်ထူးချွန်သူတစ်ယောက်ဖြစ်ကြောင်း ယုံချင်ရွှမ်းယာတစ်ယောက် သူမဘာသာ တွေးလိုက်၏။ အစ်ကိုချန်ရှို့သည် မိမိကိုယ်ကို နှိမ့်ချတတ်လွန်းပြီး ယုံကြည်မှု သိပ်မရှိခြင်းသာဖြစ်သည်။

သူမစကားပြောရန်ပြင်လိုက်စဉ်မှာပဲ ဆရာဒေါ်လေးသည် တဖျစ်တောက်တောက် ပြစ်တင်ပြောဆိုနေပေပြီ။

“ ချန်ရှို့လေး... မင်းပိုပြီးတော့ ရည်မှန်းချက်ကြီးကြီးထားလို့ မရဘူးလား။ ငါက မင်းနဲ့ ရင်းနှီးတယ်ဆိုတာကို ကောင်းကင်ခွင်းတောင်က လူအကုန်လုံးသိတယ်။ တကယ်လို့ ဒီဂိုဏ်းတွင်းပြိုင်ပွဲမှာ မင်းရဲ့ အဆင့်က အရမ်းနိမ့်နေရင် ငါလည်း အတော် အရှက်ရလိမ့်မယ်... ”

လင်းအယ် တခစ်ခစ်ရယ်လိုက်၏။ သူမ၏ အစ်ကိုကြီးသည် ကောင်းကင်ပြစ်ဒဏ်ခံပြီးသူတစ်ဦးဖြစ်ကြောင်း သူမ သိထား၍ အစ်ကိုကြီး၏ ဂိုဏ်းတွင်းပြိုင်ပွဲအတွင်း စွမ်းဆောင်ရည်အတွက် တစိုးတစိမျှပင် မပူပန်ချေ။

“ အစ်ကိုချန်ရှို့... ”

ယုံချင်ရွှမ်းယာသည် တဲအိမ်အတွင်းမှ ထွက်လာပြီး လီချန်ရှို့ကို ကြည့်လိုက်၏။

“ ပြိုင်ပွဲစဖို့ သုံးနှစ်လောက်လိုပါသေးတယ်။ ရွှမ်းယာလည်း အခုရက်ပိုင်း ကျင့်ကြံတာမှာ အခက်အခဲလေးတွေ တွေ့နေတယ်... အဲ့တော့ ရွှမ်းယာ ဒီမှာ ရက်နည်းနည်းလောက်လာနေရင် မကောင်းဘူးလား။ ရွှမ်းယာတို့ လက်ရည်စမ်းရင်း အတိုက်အခိုက်စွမ်းရည်တွေ တိုးတက်လာအောင် လေ့ကျင့်လို့ရတာပေါ့ ”

လီချန်ရှို့ ပြုံး၍ ပြန်ပြောလိုက်၏။

“ ညီမလေးယုံချင်... ညီမရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ။ အချိန်ကျလာရင် အစ်ကို အကောင်းဆုံးကြိုးစားမှာပါ။ အစ်ကို အဆင့်ကောင်းကောင်း ရမှာပါ... ”

“ ဒီလိုမှပေါ့... ”

ကျိုးကျိုးနှာ‌ခေါင်းရှုံ့၍ ပြောလိုက်၏။ သို့သော် သူမသည် သိပ်တော့ မကျေနပ်သေးပေ။

“ ဂိုဏ်းတွင်း တပည့်အရေအတွက်က နှစ်နှစ်ရာမှာ တစ်ကြိမ်ပြန်ပြီး ပုံသေဖြစ်သွားမှာ... ဂိုဏ်းတွင်းပြိုင်ပွဲက တော်တော်လေး အရေးကြီးတယ်။ အဲ့ပြိုင်ပွဲက မင်းဂိုဏ်းအတွင်းမှာ ဆက်ပြီး ကျင့်ကြံနိုင်၊ မကျင့်ကြံနိုင်ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပြိုင်ပွဲပဲ။ လင်းအယ်က ဂိုဏ်းကို ရောက်တာမကြာသေးပေမယ့် မင်းကတော့ ဂိုဏ်းကိုရောက်တာ နှစ်တစ်ရာကျော်နေပြီ။ မင်း အဆင့်(၃၆)အတွင်း ဝင်အောင်လုပ်မှရမယ်... ”

“ ဆရာဒေါ်လေးပြောတာ မှန်ပါတယ် ”

လီချန်ရှို့ မျက်နှာထားတည်တည်ဖြင့် ဦးညွှတ်လိုက်၏။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ လေးလေးနက်နက်ပြောလိုက်၏။

“ အဲ့လိုဆို‌တော့လည်း ကျွန်တော်ဒီတစ်ခေါက် ရည်မှန်းချက်ကြီးကြီးထားတာပေါ့။ ကျွန်တော် အဆင့်(၇၂)အတွင်း ဝင်ကိုဝင်ရမယ်။ ဒါပေမဲ့ အဆင့်(၃၆)အတွင်းဝင်အောင်လည်း ကြိုးစားမယ် ”

ကျိုးကျိုး ရုတ်ခြည်း ကျေနပ်အားရသွား၏။ သူမသည် လီချန်ရှို့ကို လက်မထောင်ပြ၍ ပြောလိုက်သည်။

“ အဲ့ပွဲမှာ အဆိပ်ဆေးလုံးတို့၊ အားအင်မဲ့နတ်ဆေးတို့ကို သုံးခွင့်မပြုပေမယ့် မန္တန်အစီအရင်ကိုတော့ သုံးခွင့်ပြုတယ်ဆိုတော့ မင်းသာ အကောင်းဆုံးကြိုးစားရင် အဆင့်ကောင်းကောင်းရနိုင်မှာပါ ”

ကျိုးကျိုး၏ဘေးတွင် ရပ်နေသော လင်းအယ်သည် လက်နောက်ပစ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“ အစ်ကိုချန်ရှို့... ”

ယုံချင်ရွှမ်းယာသည်လည်း ရှေ့သို့ ခြေလှမ်းဝက်လျှောက်၍ ပြောလိုက်၏။ သူမ၏ မျက်လုံးများသည် တလက်လက်တောက်ပနေပေသည်။

“ ရွှမ်းယာရော ဘယ်အဆင့်လောက်ရမယ်လို့ အစ်ကိုထင်လဲ ”

“ အင်း...ညီမက တပည့်ခေါင်းဆောင်ဆိုတော့... ”

လီချန်ရှို့ စကားစရပ်၍ စဉ်းစားလိုက်၏။ သူ၏ စကားကြောင့် ယုံချင်ရွှမ်းယာတစ်ယောက် ဖိအားများခံစားသွားရမည်ကို သူစိုးရိမ်၏။ ထို့ကြောင့် သူသည် ပြောမည့် စကားကိုပြောင်း၍ ပြောလိုက်၏။

“ အဆင့်သုံးအတွင်း ဝင်အောင်ကြိုးစားပေါ့ ”

“ ဟွန်း... ”

ကျိုးကျိုးသည် နှာခေါင်းရှုံ့လိုက်ပြီး အတန်ငယ် လှုပ်ရှားသွား၏။ သူမ စိတ်ဆိုးသွားဟန်ရှိ၏။

သူမက ခပ်ဆတ်ဆတ်ပြောလိုက်သည်။

“ ရွှမ်းယာက အဆင့်(၁)ရအောင် တိုက်ခိုက်ရမှာပေါ့။ ဒါမှ သူက တပည့်ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားမှာ... ”

လီချန်ရှို့ ပြုံး၍ ပြန်ပြောလိုက်သည်။

“ တိုက်ပွဲဆိုတာ ကျင့်ကြံခြင်းအဆင့်‌အပေါ်မှာပဲ မူတည်တာ မဟုတ်ဘူးလေ။ အရေးပေါ်အချိန်မှာ အကောင်းဆုံးတုံ့ပြန်နိုင်စွမ်းတွေ၊ မှော်အတတ်တွေနဲ့ ရတနာတွေကလည်း တိုက်ပွဲအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာပဲ။ အဲ့ ကျွန်တော်ပြောလိုက်တဲ့ သုံးခုက ကျင့်ကြံခြင်းအဆင့်ထက်တောင် ပိုပြီး အရေးကြီးသေးတယ်... ”

လီချန်ရှို့ ခေတ္တ စကားစရပ်လိုက်၏။

နတ်ရေတံခွန်တောင်ရှိ တာအိုရသေ့ခွိုက်စစ်သည် မတ်တတ်ရပ်ကာ ဂူအပြင်သို့ လျှောက်နေပေပြီ။

ဂူအပြင်တွင် စောင့်နေသော သူ၏ တပည့်သုံးဦးသည် သူ့အား ဂိုဏ်းတွင်းပြိုင်ပွဲအကြောင်းကို တင်ပြလိုက်၏။ လီချန်ရှို့၏ ခေါင်းထဲတွင် အတွေးများပေါ်လာလေ၏။ သူသည် တည်တည်ငြိမ်ငြိမ်ပင် ဆက်နေလိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်သည်။

“ တကယ်လို့ ညီမသာအဆင်ပြေမယ်ဆိုရင် မနက်ဖြန် ဒီကို ထပ်လာခဲ့ပါလား... အစ်ကိုတို့ ရက်နည်းနည်းလောက် လက်ရည်စမ်းကျတာပေါ့ ”

ယုံချင်ရွှမ်းယာ ပြုံး၍ ပြန်ပြောလိုက်၏။

“ ရွှမ်းယာ မနက်ဖြန် မနက်ပြန်လာခဲ့ပါမယ် ”

“ အဲ့လိုဆို အစ်ကို ညီမကို မျှော်နေပါ့မယ် ”

လီချန်ရှို့နှင့် ယုံချင်ရွှမ်းယာတို့သည် တစ်ဦးကိုတစ်ဦး ဦးညွှတ်၍ ပြုံးပြလိုက်ကြသည်။

ယုံချင်ရွှမ်းယာသည် ထိုအကြောင်းကို များစွာတွေးတောမနေပေ။ သူမသည် ဝမ်းသာ၍သာ နေ၏။

လီချန်ရှို့သည် သူမကို အကြံဖြင့် ဖိတ်ခေါ်ခဲ့ခြင်းပင်။ အကယ်၍ တာအိုရသေ့ခွိုက်စစ်သည် ဤအကြိမ်တွင် ဂိုဏ်းအပြင်သို့ သွားခဲ့ပါမူ...

ထိုအချိန်အတွင်း၌ လီချန်ရှို့သည် ဂိုဏ်းအတွင်းမှာပင် ရှိနေကြောင်းကို သက်သေပြနိုင်မည့် ပထမဦးဆုံး မျက်မြင်သက်သေတစ်ဦးကို ရပေပြီ။

လီချန်ရှို့သည် သူ့ရှေ့ရှိ သုံးယောက်၏ အကျင့်စရိုက်များကိုသိသဖြင့် မကြာမီ သူ့အား သက်သေလိုက်ပေးနိုင်သော ဒုတိယမျက်မြင်သက်သေသည် သူ့အလိုလို ရှေ့ထွက်လာမည်ကို သိနေ၏။

“ အဲဒီလိုဆိုတော့လည်း... အဟမ်း... ”

ကျိုးကျိုးသည် လက်နှစ်ဖက်နောက်ပစ်၍ ပညာရှင်တစ်ဦးသဖွယ် ရှေ့သို့ခြေနှစ်လှမ်းတိုးလာ၏။

“ ငါက မင်းတို့ရဲ့ ဆရာဒေါ်လေးဆိုတော့ အဲ့ရက်ပိုင်းအတွင်းမှာ ငါ မင်းကို့ကို ညွှန်ကြားပြသပေးပါမယ်... ”

သူမက ဆက်ပြောလိုက်၏။

“ ငါ့အတွက် မင်းတို့ရဲ့ လက်ဆောင်တွေ ပြင်ဆင်ထားဖို့တော့ မမေ့နဲ့‌ပေါ့။ ငါ... ဝိညာဉ်သေရည်ဆေးလုံး အလုံးတစ်ရာနဲ့ အရက်ကောင်းကောင်း ဆယ်အိုးလိုချင်တယ် ”

လီချန်ရှို့ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

******

အတန်ငယ် နွမ်းနယ်နေဟန်ရှိသော ချီယွမ်သည် သူ၏တဲအိမ် တံခါးအရှေ့တွင် ရပ်နေ၏။ သူသည် အပြင်ရှိ ရယ်သံများကို ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် ဝမ်းမြောက်ဝမ်းသာပြုံးသွား၏။ သူသည် လက်လှမ်းလိုက်ပြီးနောက် လက်ပြန်ချလိုက်၏။

ထို့နောက် ချီယွမ်သည် နောက်ပြန်လှည့်ကာ တရားထိုင်ဖျာလေးဆီသို့ပင် ပြန်သွားလိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်၍ တရားထိုင်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။ လီချန်ရှို့သည် ထိုအဖြစ်ကို အာရုံခံမိလိုက်၏။ သူ ခေတ္တမျှတွေးတောလိုက်ပြီးနောက် အကြံတစ်ခုရသွား၏။

လက်စားချေခြင်းသည် အရေးကြီးသော်လည်း သူ၏ဆရာတစ်ယောက် ပြန်၍ စိတ်ပျော်ရွှင်လာရန်နှင့် လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ရန်သည်လည်း ထပ်တူအရေးကြီးလေသည်။

လီချန်ရှို့သည် သူ၏ဒေါသများကို ပုံချရန် တာအိုရသေ့ခွိုက်စစ်ကို လက်စားချေခြင်းမဟုတ်ပေ။

သူ၏ဆရာအတွက် မတရားဟုခံစားရ၍သာ လက်စားချေရန် ကြံခဲ့ခြင်းဖြစ်သည်။

တာအိုရသေ့ခွိုက်စစ်သည် လီချန်ရှို့ကို စိတ်မပျက်စေခဲ့ပေ။ ဆယ်နှစ်ကျော် ဂူအောင်း၍ ကျင့်ကြံနေခဲ့သော အတုမဲ့နတ်ဝိဇ္ဇာ ခွိုက်စစ်သည် ဂိုဏ်းတွင်းပြိုင်ပွဲအတွက် သူ့တပည့်များကို အဆင့်မြင့် ဓမ္မရတနာ တစ်ခုစီ ဝယ်ပေးမည်ဟု ကတိပေးခဲ့၏။

ထို့ကြောင့် နောက်တစ်နေ့တွင် တာအိုရသေ့ခွိုက်စစ်သည် ဂိုဏ်းမှထွက်၍ မြောက်ပိုင်းရှိ အကျွမ်းတဝင်ရှိသည့် မြို့တစ်မြို့သို့ သွားလိုက်၏။

လီချန်ရှို့သည် သူဆယ်နှစ်ကျော်မျှ စောင့်နေခဲ့ရသည့် ထိုကဲ့သို့ အခွင့်အရေးကောင်းမျိုးကို လက်လွှတ်မခံနိုင်ပေ။ သူ ဂိုဏ်းအပြင်တွင် ဖွက်ထားသော ‘ကောင်းကင်’ စက္ကူကိုယ်ပွားနှစ်ရုပ်သည် တစ်ပြိုင်တည်းပင် ခွိုက်စစ်၏ အနောက်သို့ လိုက်သွားကြ၏။ ထိုစက္ကူကိုယ်ပွားများသည် အပိုစက္ကူကိုယ်ပွားများကိုလည်း သယ်ဆောင်သွား၏။

ခွိုက်စစ်သည် ပျံသန်း၍ သွားနေပြီး စက္ကူကိုယ်ပွားများသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ သူ့နောက်သို့ လျှို့ဝှက်နောက်ယောင်ခံလိုက်နေကြလေသည်။ သူ့အနောက်သို့ နှစ်ရက်မျှ နောက်ယောင်ခံလိုက်ပြီးသောအခါ သူတို့သည် မြောက်ကျွန်းနယ်စပ်အနီးရှိ မြို့လေးတစ်မြို့သို့ ရောက်ရှိသွားလေတော့သည်။

သူ့ကို သတ်လိုလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် လုပ်ရပေမည်။

ထိုမြို့သည် မိစ္ဆာများ၊ လူသားများဖြင့် ပြည့်နှက်နေ၏။ ထိုမြို့လေးသည် စည်ကားသက်ဝင်နေပြီး အလုပ်ကြမ်းလုပ်၍ ပိုက်ဆံရှာသူများလည်း အများအပြားရှိပေသည်။

ခေတ္တမျှတွေးတောပြီးနောက် လီချန်ရှို့သည် ဒုတိယအစီအစဉ်ကို စတင်အကောင်အထည်ဖော်လိုက်သည်။

တစ်နာရီကြာပြီးနောက်...

တာအိုရသေ့ခွိုက်စစ်သည် သူသိသော ဓမ္မရတနာအရောင်းဆိုင်တစ်ခုဆိုင်တွင် ဇစ်မြစ်ကိုမသိရသော ဓမ္မရတနာအချို့ကို ကြည့်ရှုနေ၏။ ထိုအချိန်တွင် လမ်း၏ အခြားတစ်ဖက်မှနေ၍ သူမြင်ဖူးဟန်ရှိသည့် လူတစ်ယောက် လမ်းလျှောက်လာသည်ကို ရုတ်တရက် မြင်လိုက်ရလေသည်။

ခွိုက်စစ်သည် ခေတ္တမျှ ကြောင်သွား၏။ သူ၏ နတ်အာရုံသည် ထိုလူ၏ အနောက်သို့ ချက်ချင်းပင် လိုက်ပါသွား၏။ သူ၏ မျက်လုံးများထဲတွင် နားမလည်နိုင်ဟန်များဖြင့် ပြည့်နှက်နေပေသည်။

ထိုလူသည် ဝတ်ရုံတစ်ခုကိုခြုံထား၏။ သို့သော် သူ၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်သည် တာအိုရသေ့ခွိုက်စစ်နှင့် တထေရာတည်း တူလေသည်။

သို့သော် ထိုလူ၏ ကျင့်ကြံခြင်းအဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာအစောပိုင်း အဆင့်တွင်ပင် ရှိပေသေးသည်။

ထိုလူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတုမဲ့နတ်ဝိဇ္ဇာ အလယ်အလတ်အဆင့်အထိ ရောက်အောင် အကောင်းဆုံးကြိုးစား၍ ဟန်ဆောင်ထားသော်လည်း အမြင်စူးရှသောသူသည် ထိုလူကို တစ်ချက်မျှကြည့်လိုက်ရုံဖြင့်ပင် ထိုအကြောင်းကို သိနိုင်ပေသည်။

‘ ဒါက တော်တော် ဆိုးဝါးတာပဲ... ’

‘ မင်းက ဒီနေရာမှာ ငါ့ပုံစံ ဟန်‌ဆောင်ထားရဲတယ်ပေါ့လေ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ... ’

ထို့နောက် တာအိုရသေ့ခွိုက်စစ်သည် ဓမ္မရတနာအရောင်းဆိုင် ပိုင်ရှင်ကို မကြာခင် ပြန်လာခဲ့မည်ဖြစ်ကြောင်း ပြော၍ ဆိုင်အတွင်းမှ ခပ်သုတ်သုတ်ထွက်သွားလိုက်၏။ သူသည် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်လိုက်ပြီး ထိုလူ၏ အနောက်သို့ လျှို့ဝှက်နောက်ယောင်ခံလိုက်သွားလေသည်။ မကြာမီ သူသည် မြို့ပြင်သို့ရောက်သွားသဖြင့် တိမ်စီးကာ ထိုလူ၏အနောက်သို့ ဆက်လိုက်သွား၏။

*******

ထိုအချိန် ချုံတောင်လေးအပေါ်တွင် လီချန်ရှို့သည် သူ၏ရှေ့၌ရှိသော တောက်ပနေပြီး စွဲဆောင်မှုရှိသော ယုံချင်ရွှမ်းယာကို ကြည့်၍ စတင်ရန် လက်ဟန်ပြလိုက်၏။

“ ညီမလေး... စတိုက်လို့ရပြီ။ အလျှော့ပေးဖို့တော့ မမေ့နဲ့နော်။ ဒီနေ့ စွမ်းအားတွေကို ပိုပြီး ချွေတာထားရမယ် ”

ယုံချင်ရွှမ်းယာသည် လေးနက်သော မျက်နှာထားရှိနေ၏။ သူမသည် လီချန်ရှို့ကို ဦးညွှတ်လိုက်ပြီး သူမ၏ ဓားကြီးကို ကိုင်ကာ ရှေ့သို့ ပြေးထွက်လိုက်လေတော့သည်။

All Chapters