← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) ငှားထားတာပဲ

​"ဒါ G-Wagen ကွ... အနည်းဆုံး ယွမ်နှစ်သန်းလောက်တော့ တန်တယ်" ကျန်းဇီဟောင်၏ မျက်လုံးများထဲတွင် မနာလိုအားကျမှုများ တောက်ပသွားခဲ့လေသည်။ ရိုးရိုးသားသားပြောရလျှင် ဤ G-Wagen နှင့် ယှဉ်လိုက်ချိန်တွင် သူ၏ BMW က လုံးလုံးလျားလျား သေးသိမ်သွားရချေ၏။

သူသာ G-Wagen ပိုင်ရှင်ဖြစ်ခဲ့လျှင်...

"ကျစ်... ယောက်ျားဆိုတာ ဒီလိုကားမျိုး မောင်းသင့်တာကွ... အရမ်းမိုက်တာပဲ..."

"ယွမ် သန်းနှစ်ဆယ်ကျော်တောင်... ငါ ဘယ်တော့များမှ ဝယ်နိုင်ပါ့မလဲ..."

"နောက်မနေစမ်းပါနဲ့... အဲဒီကားကို ပြုပြင်ထိန်းသိမ်းရတဲ့ စရိတ်ကတင် မနည်းဘူး... တကယ်လို့ မင်းက အဲဒီကားကို ဝယ်နိုင်တယ်ဆိုရင်တောင် မင်းရဲ့ ပိုင်ဆိုင်မှုက ကားတန်ဖိုးရဲ့ အနည်းဆုံး ဆယ်ဆလောက်တော့ ရှိရမယ်..."

"ရှူး... ဒါဆို ကျန်းဇီဟောင်ရဲ့ BMW က ၈ သိန်းဆိုတော့ သူ့ဆီမှာ စုဆောင်းငွေ ယွမ် ၈ သန်း ရှိနေတယ်ဆိုတဲ့ သဘောပေါ့..."

"သေချာတာပေါ့... ကျန်းဇီဟောင်တောင် G-Wagen မဝယ်ရသေးတာ မင်းက လိုချင်သေးတယ်... အိမ်မက်မက်နေတာလား..."

ဤစကားများကို ကြားချိန်တွင် ကျန်းဇီဟောင်က ကျေနပ်သွားပေ၏။

သူတို့ပြောသည်က မှန်ပါသည်။ သူသည် ကျန်းချန် အိမ်ထောင်စုစာရင်းဝင်ဖြစ်ပြီး ယွမ် နှစ်သန်းကျော်တန် အိမ်တစ်လုံး၊ ကားတစ်စီးနှင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ရာ သူသည် အထက်တန်းလွှာတစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။

အထက်တန်းလွှာတစ်ဦးဖြစ်သော သူပင်လျှင် G-Wagen ကို မဝယ်နိုင်ချေ။ ၎င်းတို့က လိုချင်နေခြင်းမှာ တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းလှပေ၏။

"ဟေ့ မြန်မြန်ကြည့်... အဲဒီကားက ငါတို့ဆီ မောင်းလာနေပြီ..."

မျက်စိလျင်သူတစ်ဦးက အာမေဍိတ်သံဖြင့် ပြောဆိုလိုက်သည်။

"ဘုရားရေ... အဲဒီကားပိုင်ရှင်က အရမ်းချမ်းသာမှာပဲ... ငါတို့ထဲက ဘယ်သူက အဲဒီလိုလူမျိုးကို သိလို့လဲ..."

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အကြည့်များသည် ကျန်းဇီဟောင်ထံသို့ ရောက်ရှိသွားပေ၏။ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများနှင့် အဆက်အသွယ်ရှိသူမှာ ဤနေရာတွင် ကျန်းဇီဟောင် တစ်ဦးတည်းသာ ရှိလေသည်။

ကျန်းဇီဟောင်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။

"ဟုတ်တယ်... အဲဒီကားပိုင်ရှင်က တကယ်တော့ ငါ့ကို လာတွေ့တာ..."

"အပြင်လက်တွေ့ဘဝက ငါ့သူငယ်ချင်းတစ်ယောက်ပါ..."

ကျန်းဇီဟောင်၏ စကားကို ကြားချိန်တွင် လူတိုင်း အံ့သြမှင်တက်သွားကြပေသည်။

ကျန်းဇီဟောင်ဆိုသည့်အတိုင်းပင် သူ၏ အဆက်အသွယ်များသည် အလွန် သြဇာကြီးမားလှပေ၏။

သူသည် G-Wagen မောင်းနှင်သူများကိုပင် သိကျွမ်းနေသေးသည်။

အမည်းရောင် G-Wagen ကားကြီး လုံးဝရပ်တန့်သွားပြီးနောက် ကျန်းဇီဟောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး စိတ်ကိုတင်းကာ လျှောက်သွားလိုက်၏။

"သူငယ်ချင်း... ဒီမှာ..."

ကျန်းဇီဟောင် စကားပြော၍ မပြီးဆုံးမီမှာပင် ကားတံခါး ရုတ်တရက် ပွင့်လာပြီး လူတိုင်း၏ရှေ့မှောက်တွင် စုယွမ်၏ ပုံရိပ်က ရုတ်ချည်း ထွက်ပေါ်လာခဲ့လေသည်။

လူတိုင်းက စုယွမ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် သူတို့သည် ချက်ချင်းပင် အံ့သြမှင်တက်သွားကြပေ၏။

ဘာ...

တစ်ခုခုတော့ မှားနေပြီ မဟုတ်လား...

"ဘာလို့ စုယွမ်က ဆင်းလာတာလဲ..."

"စုယွမ်က အလုပ်မရှိဘူးဆို... သူက ဘယ်လိုလုပ်ပြီး G-Wagen ကားနဲ့ ရောက်လာတာလဲ..."

"ဘာတွေ ဖြစ်နေတာလဲ... ဒါက ယွမ် နှစ်သန်းကျော်တန် ကားကြီးလေ... စုယွမ်က သာမန်မိသားစုက မဟုတ်ဘူးလား..."

"စုယွမ်က ဒီနှစ်တွေတစ်လျှောက်လုံး ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို ဖုံးကွယ်ထားခဲ့တာများလား..."

"ဘုရားရေ..."

ကျန်းဇီဟောင်သည် ကားရှေ့တွင် ရပ်နေကာ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အံ့အားသင့်တုန်လှုပ်နေကာ စုယွမ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့ပေ၏။

စုယွမ် ဤသို့သောကားမျိုး မောင်းနှင်နေသည်ကို သူ လက်မခံနိုင်ချေ။

ဘာကြောင့်လဲ...

အလုပ်အကိုင်တောင် မရှိသော တောနယ်မှ အဆင့်အတန်းနိမ့်သူတစ်ဦးက သူ့ထက် ကောင်းသောကားကို မည်သို့လုပ်၍ မောင်းနှင်နိုင်မည်နည်း။

ထို့အပြင် သူ၏ BMW ကားမှာလည်း ငှားထားခြင်းသာ ဖြစ်လေသည်။

တကယ်ပဲ စုယွမ်က လျှို့ဝှက် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက် ဖြစ်နေတာလား...

စုယွမ် ရောက်ရှိလာမှုနှင့်အတူ သူသည် လူတိုင်း၏ အာရုံစိုက်ရာဗဟိုချက်မှ ဘေးဖယ်ခံလိုက်ရသည့်အလား ဖြစ်သွားကာ ဤသည်က ကျန်းဇီဟောင်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူ၏ အတုအယောင်ဂုဏ်မာနများ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေ၏။

နေပါဦး...

ကျန်းဇီဟောင်သည် သူ၏ BMW ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကာ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူ့ကားက ငှားထားတာဆိုတော့ စုယွမ်ကားကရော ဝယ်ထားတာလား...

ရယ်စရာပဲ...

"စုယွမ်... ဒီလိုလုပ်စရာ မလိုပါဘူးကွာ... ဒါက သာမန် အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲလေးပါ... ကားငှားလာစရာ မလိုပါဘူး... ဟန်ရေးပြနေတာက တကယ်ကို အခြေအနေနဲ့ မကိုက်ညီဘူးလေ..."

ကျန်းဇီဟောင်က ပြုံးလျက် လှောင်ပြောင်လိုက်၏။

"အာ... စုယွမ် ကားက ငှားထားတာလား..."

"ချီးး.. ငါက သူက ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်လို့တောင် ထင်လိုက်မိသေးတယ်..."

"ဒါက အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲလေးကို ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်လို ဟန်ဆောင်ဖို့ လိုလို့လား..."

"စုယွမ်... အရင်တုန်းက မင်း ဒီလိုမဟုတ်ပါဘူး... ဘာလို့ အခုမှ အတုအယောင်ဂုဏ်တွေကို မက်မောနေရတာလဲ..."

ကျန်းဇီဟောင်၏ စကားကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး စုယွမ်အား အထင်သေးစွာဖြင့် ကြည့်လိုက်ကြပေ၏။

စုယွမ်က ဖျော့တော့စွာ ပြုံးလိုက်သည်။ ဤကျန်းဇီဟောင်သည် တကယ်ကို ပြောရခက်သူပင်။ သူကိုယ်တိုင် ကားငှားလာရုံသာမကဘဲ အခြားသူများကိုပါ ကားငှားသည်ဟု အရှက်အကြောက်မရှိ စွပ်စွဲနေသေးသည်။

ဟန်ရေးပြနေသူမှာ သူ ဖြစ်သင့်သည် မဟုတ်လော။

"ငါ့မှာ ကားငှားတဲ့ အကျင့်မရှိပါဘူး... တချို့လူတွေလို အတုအယောင်ဂုဏ်တွေအတွက် လူကြီးလူကောင်း ဟန်ဆောင်ဖို့ ကားငှားပြီး တကယ်တမ်းကျတော့ ဘာမှအသုံးမကျတဲ့သူတွေနဲ့ မတူဘူးလေ..."

စုယွမ်က အမည်မတပ်သော်လည်း စကားပြောနေစဉ် ကျန်းဇီဟောင်ကို ကြည့်နေခဲ့ပေ၏။

"မင်း..."

ကျန်းဇီဟောင်သည် ဒေါသထွက်သွားပြီး ထိန်းမထားနိုင်တော့လုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ပါးစပ်ကို အလျင်အမြန် ထိန်းချုပ်လိုက်လေသည်။

သူ ကားငှားထားသည်ကို သူသာ သိသည် မဟုတ်လော။

စုယွမ်က သူ့ကို ရည်ရွယ်ပြောဆိုနေခြင်းများလား... သူ ခန့်မှန်းမိသွားတာလား...

ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် သူ့မှာ သက်သေမှ မရှိတာ။ သူ့ကို ပြောချင်သလို ပြောပါစေ။ အကယ်၍ သူ ဒေါသထွက်လိုက်ပါက တကယ်ကို 'မရှိလို့မထူး' သကဲ့သို့ ဖြစ်သွားပေမည်။

ဤအကြောင်းကို တွေးမိချိန်တွင် ကျန်းဇီဟောင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သဘောထားကြီးဟန်ဆောင်လိုက်၏။

"ဟားဟား... စုယွမ်က ဒီကား ငါ့ကားဆိုတာ မယုံဘူးထင်တယ်..."

"ရပါတယ်... အောင်မြင်တဲ့သူတွေက အမြဲတမ်း ဒီလို သံသယဝင်ခံရလေ့ရှိတာပဲ... ငါ ဂရုမစိုက်ပါဘူး..."

"ဒါပေမဲ့... ဟားဟားဟား..."

ကျန်းဇီဟောင်သည် တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောနေသကဲ့သို့ စုယွမ်၏ အနောက်ဘက်ရှိ G-Wagen ကိုကြည့်ကာ ရယ်မောလိုက်လေသည်။

အခြား အတန်းဖော်များကလည်း စုယွမ်အား အထင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။

သူသည် တက္ကသိုလ်တက်စဉ်က အလွန်ကောင်းမွန်သူ တစ်ယောက်ဖြစ်ခဲ့သော်လည်း ဘွဲ့ရပြီးနောက်တွင် အဘယ်ကြောင့် ဤမျှလောက်အထိ အဆင့်အတန်းကျဆင်းပြီး အတုအယောင်ဂုဏ်ကို မက်မောလာရသနည်း။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဇီဟောင်သည် တက္ကသိုလ်တက်စဉ်က ထူးချွန်သူတစ်ဦး မဟုတ်ခဲ့သော်လည်း ဘွဲ့ရပြီးနောက်တွင် လူယုတ်မာ လီခိုင်အား တိုက်ရိုက် တိုင်ကြားခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ စာရင်းဝင် ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်နိုင်ခဲ့ကာ ယွမ် ၈ သိန်းကျော်တန် ဇိမ်ခံကားကို ဝယ်ယူနိုင်ခဲ့ပြီး လှပသော ဝမ်ယန်ကို ချစ်သူအဖြစ် ပိုင်ဆိုင်နိုင်ခဲ့လေပြီ။

သူသည် ဘဝတွင် လုံးလုံးလျားလျား အောင်မြင်သူတစ်ဦး ဖြစ်ပေ၏။

ဤနေရာရှိ မည်သူကမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။

"ကဲ အားလုံးပဲ... သွားစားကြရအောင်... အခု ၆ နာရီ ၁၀ မိနစ်ရှိပြီ... နောက် ၁၀ မိနစ်လောက်နေရင် ဟင်းတွေ ချပေးတော့မှာ..."

ကျန်းဇီဟောင်က အိမ်ရှင်တစ်ယောက်ကဲ့သို့ လူတိုင်းကို အထဲသို့ ဦးဆောင်ခေါ်သွားလေသည်။

ထိုအချိန်၌ ဒေါက်မြင့်ဖိနပ်စီးထားသော အမျိုးသမီးတစ်ဦးသည် ၎င်းတို့ထံသို့ သွက်လက်စွာ လျှောက်လာခဲ့ပေ၏။

ကျန်းဇီဟောင်၏ မျက်လုံးများ လင်းလက်သွားပြီး ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုကို ပြသလိုက်သည်။

"အားလုံးပဲ ခဏလေး ရပ်ကြပါဦး... လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ..."

ကျန်းဇီဟောင်က စုယွမ်အား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် အောင်ပွဲခံသည့်ဟန်ဖြင့် ကြီးမားသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အမျိုးသမီး၏ ခါးကို ဖက်လိုက်၏။

"ငါ့ကောင်မလေး ဝမ်ယန်လေ..."

ကျန်းဇီဟောင်က နတ်သမီးတစ်ပါးကို ဖက်ထားသကဲ့သို့ လူတိုင်းကို နှုတ်ဆက်လိုက်သည်။

"ယန်ယန်... ဒါ စုယွမ်လေ... မင်း မှတ်မိသေးလား... သူက ဒီနေ့ G-Wagen ငှားလာတယ်... သူ တကယ် မျက်နှာပန်းလှချင်နေတာ..."

ကျန်းဇီဟောင်က ပြောလိုက်ပေ၏။

ဤစကားကို ကြားချိန်တွင် ဝမ်ယန်သည် စုယွမ်ထံသို့ ချက်ချင်း အကြည့်ရောက်သွားသည်။ စုယွမ်သည် ယွီထျန်းရှား အိမ်ရာဝင်းထဲတွင် ယွမ်သန်းပေါင်းများစွာတန်သော အိမ်တစ်လုံးကို ပိုင်ဆိုင်ထားကြောင်း သူမ သိထားသည် မဟုတ်လော။

ထို့အပြင် သူက အပြတ်ဝယ်ထားပုံရပေ၏။

သူက G-Wagen ငှားလာတယ် ဟုတ်လား...

ဝမ်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး အခြေအနေကို ချက်ချင်း နားလည်သွားခဲ့လေသည်။

ဤကားကို စုယွမ် လုံးလုံးလျားလျား ငှားလာခြင်း မဟုတ်ချေ။

သူ၏ ကိုယ်ပိုင်ငွေဖြင့် အတိအကျ ဝယ်ယူခဲ့ခြင်း ဖြစ်ပေမည်။

စုယွမ် အို စုယွမ်... မင်း ငါနဲ့တွဲတုန်းကတော့ ဆင်းရဲဟန်ဆောင်ပြီး အခုကျတော့ ကြွယ်ဝချမ်းသာမှုကို ပြသနေတာပေါ့လေ...

ဝမ်ယန်သည် စိတ်ထဲမှ တွေးတောလိုက်သည်။ ညစာစားနေစဉ် ကျန်းဇီဟောင်ကို အသုံးပြု၍ စုယွမ်အား အရက်မူးအောင် တိုက်ပြီးနောက် စုယွမ်အပေါ်တွင် အခွင့်အရေးယူရန် သူမ ကြံစည်လိုက်၏။

ထိုအခါ သူ၏အိမ်နှင့် ကားသည် သူမ၏အရာ ဖြစ်လာပေလိမ့်မည်။

"စုယွမ်... မတွေ့ရတာ ကြာပြီနော်..."

ဝမ်ယန်က စုယွမ်ကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။

"အင်း... အလုပ်က အခုလေးတင် ပြန်လာတာလား... ဟားဟားဟား..."

စုယွမ်က ဝမ်ယန်၏ နီရဲနေသော ဒူးခေါင်းများနှင့် ဆံပင်များပေါ်ရှိ ချွေးပေါက်များကို ကြည့်ကာ ကောက်ချက်ချလိုက်၏။

ဝမ်ယန်မှာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူမ တကယ်ပင် အလုပ်က အခုလေးတင် ပြန်လာခဲ့ခြင်း ဖြစ်သည်။

"အင်း... ဟုတ်တယ်... ငါတို့ မြန်မြန်စားကြရအောင်... ငါ နည်းနည်း ဗိုက်ဆာနေပြီ..."

ဝမ်ယန်သည် စုယွမ်နှင့် ဆက်မပြောရဲတော့ဘဲ အလျင်အမြန် တိုက်တွန်းလိုက်လေသည်။

"စုယွမ်... ယန်ယန်က အကြီးတန်း အရောင်းသမားလေ... သူ့လစာက အရမ်းများတာကွ..."

ကျန်းဇီဟောင်က စုယွမ်အား ဂုဏ်ယူဝင့်ကြွားစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ယန်အား ဖက်ကာ အထဲသို့ လျှောက်သွားလိုက်၏။

စုယွမ်က ခေါင်းခါကာ ပြုံးလိုက်ပြီးနောက် အချိန်ကို ကြည့်လိုက်သည်။ သတင်းအချက်အလက်အရ ကျန်းဇီဟောင်၏ BMW သည် ၇ နာရီတွင် တိုက်မိပေလိမ့်မည်။ ထိုအချိန်၌ ထိုကောင်လေးသည် မြေပြင်ပေါ်တွင် ငိုကြွေးနေလောက်မည် မဟုတ်လော။

နောက်ထပ် မိနစ်ငါးဆယ် လိုသေးသည်။

All Chapters