← Chapters

သူဖော်သည့်ဆေး သူ့ကို နှစ်ဆပြန်ကျွေးခြင်း

Vol. 9 Ch. 116

သူဖော်သည့်ဆေး သူ့ကို နှစ်ဆပြန်ကျွေးခြင်း

Vol. 9 Ch. 116

ချုံတောင်လေးပေါ်တွင် မီးတောက်ဓားပျံများ လွန်းထိုးနေပြီး မန္တန်အစီအရင်များ လှည့်ပတ်နေကြသည်။ လူနှစ်ယောက်သည် လေထဲတွင် တိုက်ခိုက်နေကြ၏။

ယနေ့တွင် အပြာနုရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသော ယုံချင်ရွှမ်းယာသည် ရှေးနည်းတူ လှမြဲလှဆဲ၊ ချောမြဲချောဆဲပင်။

တဲအိမ်လေးအရှေ့တွင် ဆရာဒေါ်လေးနှင့် လင်းအယ်တို့သည် စားပွဲပု‌လေး တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး မုန့်စား၊ လက်ဖက်ရည်သောက်ရင်း ခေါင်းမော့ကာ တိုက်ပွဲကို ကြည့်နေကြလေသည်။

သူမတို့၏ ခေါင်းပေါ်မှ ယုံချင်ရွှမ်းယာဖြတ်သန်းသွားလျှင် ဆရာဒေါ်လေးကျိုးကျိုးက လှမ်းအော်ပြောတတ်သည်။

“ ရှောင်ယာ... မင်းဝတ်ထားတာက... ”

လင်းအယ် လျင်မြန်စွာပင် တားမြစ်လိုက်သည်။

“ ဆရာဒေါ်လေး... ”

ကျိုးကျိုးဆက်ပြောလိုက်၏။

“ ‌ဟေး...ဟီးဟီး.. ရှောင်ယာက မနေ့ကလိုပဲ လှတယ်လို့ ပြောမလို့ပါ... ”

လေထဲတွင် လီချန်ရှို့သည် ပြုံး၍ မန္တန်အစီအရင်တစ်ခုကို သုံးလိုက်သည်။ သူ၏ သွက်လက်သော လှုပ်ရှားမှုများကြောင့် ယုံချင်ရွှမ်းယာနှင့် လက်ရည်တူနည်းပါး ယှဉ်နိုင်နေသည်ဟု ထင်ရ၏။ သို့သော် အမှန်တွင် သူသည် လိုက်၍ ဖိအားပေးတိုက်ခိုက်မှုကို ခံနေရခြင်းပင်။

ယုံချင်ရွှမ်းယာသည် ကျိုးကျိုး၏ လမ်းညွှန်မှုများကို လိုက်နာနေ၏။ သူမသည် သူမကျင့်ကြံခြင်းအဆင့်၏ (၈၀)ရာခိုင်နှုန်းကိုသာ သုံးသော်လည်း သူမ၏ ဓမ္မရတနာများကိုမူ အကုန်သုံး၍ လက်ရည်စမ်းပွဲတိုင်းတွင် အလေးအနက်ထား တိုက်ခိုက်၏။

အဆောင်မန္တန်အစီအရင်များကို ပြုလုပ်ရာတွင် သုံးသောအဆောင်များသည် ကုန်ဆုံးသွားနိုင်ပေသည်။ ထိုအဆောင်များသည် ဈေးမကြီးသော်လည်း ရက်အတော်ကြာ လက်ရည်စမ်းပြီးနောက် လီချန်ရှို့၏ ဘဏ္ဍာရေး အနည်းငယ် ထိခိုက်လာ၏။

သူတို့၏ ဆင်းရဲသောတောင်လေးပေါ်ရှိ အရင်းအမြစ်တိုင်းသည် တန်ဖိုးရှိ၏။

သို့သော် အဆောင်များကိုသုံးလိုက်ရသော်လည်း တန်သည်ဟုဆိုရပေမည်။

မြောက်ကျွန်းနယ်စပ်ရှိ မြို့တစ်မြို့၏ အနီးမှ တောနက်ကြီးအပေါ်ရှိ ကောင်းကင်တွင် ဝတ်ရုံခြုံထားသော လူတစ်ယောက် ဖြတ်သန်းပျံသွား၏။ သိပ်မကြာမီ နောက်လူတစ်ယောက် ထပ်၍ ပျံသန်းသွား၏။

ထိုလူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သိပ်မကွာပေ။ ရှေ့မှသွားသောလူသည် တာအိုရသေ့ခွိုက်စစ်၏ အသွင်ကိုယူထားသော လီချန်ရှို့၏ စက္ကူကိုယ်ပွားပင်။ နောက်မှ လိုက်လာသောသူသည် လီချန်ရှို့ အဆက်မပြတ် စောင့်ကြည့်နေခဲ့သော တာအိုရသေ့ခွိုက်စစ် အစစ်ပင်။

ထိုအခွင့်အရေးကို ရရန် လီချန်ရှို့သည် ဆယ်နှစ်ကျော်စောင့်ခဲ့ရ၏။ သူ၏ စက္ကူကိုယ်ပွားကိုလည်း ခွိုက်စစ်သည် လီ(၁၀,၀၀၀)ချီ နောက်ယောင်ခံလိုက်လာ၏။

ခွိုက်စစ်သည် မျှားခေါ်ရန် အလွန်လွယ်ကူသော သူဖြစ်၍ လီချန်ရှို့တစ်ယောက် သူအချိန်အတော်ကြာ စဉ်းစားထားရသော အခြားနည်းလမ်းများကိုပင် ထုတ်မသုံးလိုက်ရချေ။

လီချန်ရှို့မှာ ထိုသူသည် သူ၏ပြိုင်ဘက်မဟုတ်ကြောင်း ခံစားလိုက်ရ၏။ သူ၏ ရန်သူသည် သူ့ကို အထင်သေးသော်လည်း သူကမူ သတိကြီးကြီးထားရမည်သာ ဖြစ်သည်။ လီချန်ရှို့၏ စက္ကူကိုယ်ပွား ဦးတည် ပျံသန်းနေသော အရပ်တွင် မည်သည့် ခြုံခိုတိုက်ခိုက်မှု၊ မည်သည့်မန္တန်အစီအရင်ကိုမှ ကြိုတင်ပြင်ဆင်မထားပေ။ ကြိုတင်ပြင်ဆင်ထားခဲ့ပါက ရန်သူမှာ အာရုံခံမိသွားနိုင်လေသည်။ တချိန်တည်းမှာပင် လီချန်ရှို့သည် သူ၏ သတ်ဖြတ်လိုသော အရောင်အဝါများကိုလည်း ဖိနှိပ်ထားရ၏။ လီချန်ရှို့သည် ရန်သူ သံသယမဝင်လာစေရန် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေ၏။

လီချန်ရှို့သည် အာရုံခံကျောက်မျက်ကို ကြည့်လိုက်ပြီးနောက် စတင်လှုပ်ရှားရန် အခွင့်အရေးရပြီဖြစ်ကြောင်း သိလိုက်၏။ ထိုအခိုက် လူအနည်းငယ်သာ သူတို့ကို အာရုံစိုက်နေသည်။

သူသည် အလျင်မလိုပေ။ သူဆက်၍ အချိန်ဆွဲထားရပေဦးမည်။

သူ၏ နတ်အာရုံသည် စက္ကန့်မလပ် အလုပ်လုပ်နေ၏။ သူသည် စက္ကူကိုယ်ပွားနှင့် လီ(၁၀၀၀)ကျော် အဝန်းအဝိုင်းအတွင်း၌ရှိသော ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ထို့ပြင်သူသည် ကောင်းကင်ထက်မှနေ၍ မြေအောက် ကျန့်(၁၀၀၀)အကွာအထိကိုလည်း လေ့လာလိုက်၏။

လီချန်ရှို့သည် သူ၏ စွမ်းအားများကို အဆက်မပြတ် တွက်ချက်ခြင်း၊ နိမိတ်ဖတ်ခြင်းများတွင် သုံးလိုက်လေသည်။

စက္ကူကိုယ်ပွားတစ်ရုပ်သည် ရန်သူကို မျှားခေါ်နေစဉ် အခြား စက္ကူကိုယ်ပွားတစ်ရုပ်သည် တတိယမြောက်စက္ကူကိုယ်ပွားကို ထုတ်လိုက်ပြီး သာမန်စက္ကူရုပ်ရှစ်ရုပ်ကိုလည်း အရပ်ရှစ်မျက်နှာသို့ စေလွှတ်လိုက်၏။ သူတို့သည် မကြာခင် အသုံးပြုရမည့် တိုက်ပွဲနေရာကို စတင်ပြင်ဆင်လိုက်ကြသည်။

ဂိုဏ်းမှပေးသည့် သူ၏ လစဉ်အသုံးစရိတ်များကို စု၍ ဝယ်ထားသော ရတနာတစ်ဝက်ကျော်နှင့် ဆယ်စုနှစ်တစ်ခုကျော် ကိုယ်တိုင်ပြုလုပ်စုဆောင်းထားသော ရတနာများကို ထိုနေရာတွင် အသုံးပြုလိုက်၏။

လင်းအယ်လည်း ထိုကိစ္စတွင် သူမ အနည်းငယ်ပါဝင်သည်ဟု ခံစားရအောင် သူသည် လင်းအယ်ကို သူမ၏ လစဉ်အသုံးစရိတ် လအနည်းငယ်စာကို သုံးစေ၍ မန္တန်အစီအရင်ကြီးများ၏ အောက်ခြေများကိုဆင်ရာတွင် သုံးနိုင်မည့် ပစ္စည်းအချို့နှင့် လဲလှယ်စေခဲ့၏။

သို့သော် လင်းအယ်မှာမူ ထိုပစ္စည်းများကို သူမ၏ အစ်ကိုကြီးတစ်ယောက် မည်သည့်နေရာတွင် အသုံးပြုမည်မှန်း မသိပေ။ သို့သော် သူမ၏အစ်ကိုကြီး အလိုရှိသောအရာဆိုလျှင် သူမ ရအောင် လုပ်ပေးမည်သာဖြစ်သည်။

လီချန်ရှို့သည် လက်ဦးမှုရအောင် ပြုလုပ်ချင်သူတစ်ဦးဖြစ်သော်လည်း ကမ္မနှောင်ကြိုးများ ငြိတွယ်မည်ကိုလည်း မကြိုက်ပေ။

ယနေ့တွင် လီချန်ရှို့သည် လက်ဦးမှုယူ၍ တိုက်ခိုက်ရပေမည်။ သူသည် အသေးစိတ် အစီအစဉ်တစ်ခုဆွဲထားပြီးဖြစ်ပြီး ဖြစ်ပေါ်လာသော အခြေအနေများကို လိုက်၍ တုံ့ပြန်နိုင်ရန်လည်း အရံအစီအစဉ်များဆွဲထား၏။

သူ၏ ရန်သူသည် ရန်ကျောင်းတော်မှ တပည့်တစ်ဦးဖြစ်သဖြင့် လီချန်ရှို့သည် (၁၀၀)ရာခိုင်နှုန်းယုံကြည်မှုရှိသည်ဟု မပြောနိုင်သော်လည်း ထိုရန်သူတာအိုရသေ့သည် သူ၏ ငါးစာကို ဟပ်ထားပေပြီ။

ထိုအခိုက်တွင် သူ၏ ယုံကြည်မှုသည် (၉၈)ရာခိုင်နှုန်းရှိသည်ဟု ဆိုနိုင်ပေသည်။

******

ထိုလူနှစ်ဦးသည် လီ(၁၀၀၀)ကျော် ဆက်လက်ပျံသန်းလိုက်သည်။ တာအိုရသေ့ခွိုက်စစ်၏ သူ့ပုံစံ အယောင်‌ဆောင်ထားသူအပေါ် သတ်ဖြတ်လိုသော အရောင်အဝါများသည် ပို၍ တိုးပွားလာ၏။

ထိုတာအိုရသေ့သည် အခြားသူများကို သတ်ဖြတ်၍ ရတနာများကို လုယူခြင်းနှင့် နောက်ယောင်ခံလိုက်ခြင်းစသော မကောင်းသည့်လုပ်ရပ်များကို အသားကျနေသော လူတစ်ယောက်ဖြစ်ကြောင်း သိသာလေသည်။ သူသည် နောက်ယောင်ခံလိုက်ရာတွင် မလှမ်းမကမ်းအကွာမှနေ၍ လိုက်လာနိုင်၏။ သူသည် ထိုအလုပ်များကို အံတိုနေပေပြီ။ လီ(၁၂၀၀)မျှပျံသန်းပြီးသောအခါ တာအိုရသေ့ခွိုက်စစ်သည် အရှိန်ကို တိတ်တဆိတ်မြှင့်တင်လိုက်လေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဆက်လက်ဖုံးကွယ်ထားပြီး ဘေးမှနေ၍ တိတ်တဆိတ်ချည်းကပ်လာ၏။

တာအိုရသေ့ခွိုက်စစ်သည် သူ၏ပုံစံ ဟန်ဆောင်ထားသော စက္ကူကိုယ်ပွားကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

လီချန်ရှို့စောင့်နေသော အရာမှာ အာရုံခံကျောက်မျက်တွင် ပြနေသော သူတို့ကို အာရုံခံနေမှုများ မရှိတော့မည့် အချိန်ကို ဖြစ်သည်။

လူသားများနှင့် မိစ္ဆာများ အတူတကွနေထိုင်သော ထိုမြို့တွင် အခြားသူများကိုနောက်ယောင်ခံလိုက်၍ သတ်ပစ်ခြင်းသည် သာမန်သာ ဖြစ်ကြောင်း ထင်ရှားလေသည်။

တာအိုရသေ့ခွိုက်စစ်၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားသည် ကြွေပုလင်းလေးကို ဖွင့်လိုက်ပြီး ကျန့်(၁၀၀)ခန့် ဆက်၍ပျံသန်းလိုက်၏။ ထို့နောက် စက္ကူကိုယ်ပွားသည် ရုတ်တရက် နောက်လှည့်၍ ကြည့်လိုက်၏။

သူ၏နောက် ကျန့်(၁၀၀၀)အကွာရှိ တာအိုရသေ့ခွိုက်စစ်သည် မျက်မှောင်ကြုတ်၍ ရပ်တန့်လိုက်သည်။ သို့သော် ထို့နောက် တာအိုရသေ့ခွိုက်စစ်သည် ဖြည်းဖြည်းချင်းကောင်းကင်ပေါ်သို့ ပျံတက်လာပြီး သူ၏အ‌ယောင်ဆောင်နှင့် အမြင့်အတူတူတွင် ရပ်လိုက်၏။

“ မိတ်ဆွေ တာအိုရသေ့... ”

တာအိုရသေ့ ခွိုက်စစ်သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

“ ကျုပ်ရဲ့ ပုံစံဟန်ဆောင်ပြီး လျှောက်သွားနေမယ်ဆိုရင် ဘာလို့လဲဆိုတာ ကျုပ်ကို ရှင်းပြသင့်တယ်မလား။ ကျုပ်တို့ ဒီကမ္မနှောင်ကြိုးမှာ ရစ်တွယ်နေပြီဆိုတော့ ဒီနေ့တော့ စာရင်းရှင်းမှ ရတော့မယ်ထင်တယ် ”

ခွိုက်စစ်အယောင်ဆောင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် လေထဲတွင် ဖြည်းဖြည်းချင်းနောက်ဆုတ်၍ လက်နှစ်ဖက်ဆုပ်ကာ တာအိုရသေ့ခွိုက်စစ်ကို လှမ်းပြောလိုက်၏။

“ မိတ်ဆွေ တာအိုရသေ့ ... ကျုပ်ကို အပြစ်မတင်ပါနဲ့။ ကျုပ် ဒီလိုဟန်ဆောင်ထားရတာ မိတ်ဆွေကို မျှားခေါ်ချင်လို့ပါ... မိတ်ဆွေကို စော်ကားလိုစိတ်မရှိပါဘူး... ”

“ မျှားခေါ်တယ် ဟုတ်လား... ”

တာအိုရသေ့ခွိုက်စစ်သည် တိမ်စီး၍ ရှေ့ကို တိုးလာ၏။ သူသည် လက်နောက်ပစ်ကာ ဓားရှည်တစ်ချောင်းနှင့် စကြာပျံတစ်ခုကို ဖွက်၍ကိုင်ထား၏။ သူ၏ နတ်တန်ခိုးများကိုလည်း သူ၏ဓမ္မရတနာများအတွင်းသို့ ပို့ပြီးဖြစ်သည်။

ခွိုက်စစ်အယောင်ဆောင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာ၏။

“ မိတ်ဆွေ တာအိုရသေ့... ကျုပ်က မိတ်ဆွေရဲ့ပုံစံ ဟန်ဆောင်ထားပေမယ့် မိတ်ဆွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် မလုပ်ခဲ့ပါဘူး။ ဒီလိုလုပ်ဖို့ မလိုဘူးထင်ပါတယ် ”

“ ဟမ်... ”

တာအိုရသေ့ခွိုက်စစ် မျက်မှောင်ကြုတ်လိုက်၏။ စကြာပျံသည် သူ၏လက်တွင်းမှ ပျောက်ကွယ်သွားပေပြီ။

ထိုစကြာပျံသည် ကိုယ်ဖျောက်နိုင်သည့် အစွမ်းရှိပုံရ၏။ ထိုအခိုက်တွင် ၎င်းသည် ကွေ့ပျံ၍ ခွိုက်စစ်အယောင်ဆောင်၏ နောက်ကျောကို တိတ်တဆိတ်ပျံဝင်သွားလေသည်။

လီချန်ရှို့ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး တွေးလိုက်၏။

‘ ဒီကောင်ကလည်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တဲ့ နေရာ၊ အကောက်ကြံတဲ့နေရာတွေမှာတော့ ဆရာတစ်ဆူပဲ ’

‘ အဲ... ငါဘာလို့ ဒီကောင်က ‘လည်း’ လို့ ပြောမိတာလဲ... ’

တာအိုရသေ့ခွိုက်စစ်ထံတွင် စကြာပျံဓမ္မရတနာရှိသော်လည်း သူသည် သိပ်၍ သတိမကြီးသေးပေ။

လေထဲတွင် ရှိနေသော တစ်စုံတစ်ယောက်ကို အဆိပ်ခပ်နိုင်ရန် မလွယ်ကူပေ။ ထိုသို့ အဆိပ်ခပ်နိုင်ရန် အချိန်တစ်ခုပေးရပြီး အဆိပ်ခပ်ခံရသူသည်လည်း ထိုအကြောင်းကို အလွယ်တကူ ရိပ်မိသွားနိုင်လေသည်။

သို့သော် ထိုအခိုက်တွင် ထိုလူနှစ်ဦးသည် တိုက်လိုက်၊ ဆုတ်လိုက် လုပ်နေကြ၏။ တာအိုရသေ့ခွိုက်စစ်၏ အာရုံအများစုသည် စကြာပျံကို ထိန်းချုပ်သည့်အပေါ်တွင်သာ စုစည်းထားလေသည်။

ရုတ်တရက် ခွိုက်စစ်အယောင်ဆောင်၏ နောက်ဘက်ဆီသို့ စကြာပျံ ပျံသန်းဝင်ရောက်သွားသဖြင့် လေခွင်းသံများကို ကြားလိုက်ရသည်။ ၎င်းကို မီးတောက်များလွှမ်းခြုံထားပြီး ခွိုက်စစ်အယောင်ဆောင်၏ နောက်စေ့ကိုသွားရောက် ထိမှန်သွားတော့ပေမည်။

တာအိုရသေ့ခွိုက်စစ်၏ နှုတ်ခမ်းတွင် အေးစက်စက်အပြုံးတစ်စ ပေါ်လာ၏။ သို့သော် ထိုအပြုံးသည် ရုတ်ခြည်း ‌အသက်မဲ့သွားသည်။

သူ၏ပုံစံ ဟန်ဆောင်ထားသော လူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ရုတ်ခြည်း မြင့်တက်သွား၏။ သူသည် အတုမဲ့နတ်ဝိဇ္ဇာ အစောပိုင်းအဆင့်မှနေ၍ အတုမဲ့နတ်ဝိဇ္ဇာ နောက်ပိုင်းအဆင့်အထိ ရောက်သွားပေသည်။

စကြာပျံသည် ထိုသူ၏ နောက်စေ့ကို ထိမှန်သွားတော့မည်ဟု ထင်ထားသော်လည်း လက်ကြီးတစ်ဖက်သည် သူ၏နောက်ဘက်သို့ လှမ်းလိုက်၏။ နတ်တန်ခိုးများသည် လက်ဖဝါးအတွင်း၌ စုစည်းသွားပြီး စကြာပျံကို ဖမ်းလိုက်၏။ ၎င်းကိုလွှမ်းခြုံနေသော မီးတောက်များလည်း ပျောက်ကွယ်သွားလေသည်။

“ မိတ်ဆွေ တာအိုရသေ့.... ”

ခွိုက်စစ်အယောင်ဆောင်သည် တဆတ်ဆတ်တုန်နေသော စကြာပျံကို ကိုင်ထားရင်း အေးစက်စက်ပြောလိုက်၏။

“ ကြည့်ရတာ ကျုပ်လည်း ဒီနေ့ စားရင်းရှင်းရတော့မယ် ထင်တယ်... ”

တာအိုရသေ့ ခွိုက်စစ်၏ မျက်နှာထားပြောင်းလဲသွား၏။ သို့သော် သူသည် မည်သည့်စကားမှ မဆိုလိုက်ဘဲ ရုတ်ခြည်း ပြန်ဆုတ်လိုက်၏။

သို့ရာတွင် သူနောက်သို့လှည့်၍ (၁၀)ကျန့်မျှပင် မသွားရသေးခင် သူ၏အမြင်များ မှောင်မိုက်သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

သူ၏ မူလဝိညာဉ်သည် မူးဝေနေပြီး သူ၏ စိတ်သည်လည်း ရှုပ်ထွေးနေလေ၏။

သို့သော် ခွိုက်စစ်အယောင်ဆောင်သည် ရှေ့သို့ လျင်မြန်စွာ ပျံသန်းလာ၍ ပြုတ်ကျနေသောခွိုက်စစ်ကို ဖမ်းလိုက်၏။ သူ၏ လက်တစ်ဖက်တွင် စကြာပျံကိုကိုင်၍ ကျန်တစ်ဖက်တွင် တာအိုရသေ့ခွိုက်စစ်ကို ကိုင်ထားလေသည်။ သူသည် ခွိုက်စစ်၏ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်လိုက်၏။

သူသည် အောက်ရှိ တောအုပ်အတွင်းသို့ လျင်မြန်စွာ ပျံသန်းသွားပြီး မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ ပျောက်ကွယ်သွားလေတော့သည်။

ပထမအဆင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပေပြီ။

လီချန်ရှို့သည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်လောက်သာ ရှိသူကို လှည့်စားနေခြင်းဖြစ်သော်လည်း သူ၏ သရုပ်ဆောင်မှုများနှင့် စကားလုံးများကို ဂရုစိုက်ခဲ့၏။ သူသည် ရန်သူ၏ တုံပြန်မှုကို ခန့်မှန်းတွက်ချက်၍ အဆိပ်ခပ်နည်းလမ်းများထဲမှ အသင့်တော်ဆုံး နည်းလမ်းတစ်ခုကို သုံးခဲ့၏။

ခေတ္တကြာပြီးနောက်...

မြို့နှင့် လီ(၂၅၀၀)ကျော်အကွာရှိ အနက်ရှိုင်းဆုံး ချိုင့်ဝှမ်းတစ်နေရာကို မန္တန်အစီအရင်တစ်ခုက ကာရံထားလေသည်။

ခွိုက်စစ်သည် သူ၏မူလဝိညာဉ်မှ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။ တာအိုရသေ့ခွိုက်စစ် သတိလည်လာသောအခါ သူသည် ကြောက်မက်ဖွယ်အိပ်မက်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ အိပ်မက်အတွင်း၌ တစ်စုံတစ်ယောက်က သူ၏မှတ်ဉာဏ်များကို ရှာဖွေနေသကဲ့သို့ အတိတ်ပုံရိပ်များကို တစ်ခုပြီးတစ်ခု ပြန်၍တွေ့နေရပေသည်။

သို့သော် လက်တွေ့တွင် သူသတိမေ့သွားသည်မှာ နာရီဝက်လောက်ပင် ကြာပေသေးသည်။ တစ်စုံတစ်ယောက်သည် သူ့အပေါ်တွင် ဝိညာဉ်ရှာဖွေအတတ်ကို သုံးခဲ့ခြင်းပင်။

လီချန်ရှို့သည် သေချာမှုရှိစေရန် ထိုခွိုက်စစ်ဆိုသူက သူ၏ဆရာကို ဒုက္ခပေးခဲ့သူ ဟုတ်၊ မဟုတ်ဆိုသည်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဝိညာဉ်ရှာဖွေအတတ်သည် သဘာဝနှင့် ဆန့်ကျင်သော အတတ်တစ်ခုဖြစ်သော်လည်း ကျွမ်းကျင်လာအောင် လေ့ကျင့်ရန် မခက်ခဲပေ။ လီချန်ရှို့သည် ထိုအတတ်ကို ရှေးဟောင်းပေလိပ်တစ်ခုအတွင်း၌ တွေ့ခဲ့ခြင်းပင်။

ခွိုက်စစ်၏ ဝိညာဉ်ကို ရှာဖွေ၍ အတည်ပြုခြင်းသည် လူမှားသတ်မိခြင်းထက် ပိုကောင်းပေသည်။

သို့သော် သူစတင်ရှာဖွေလိုက်သောအခါ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်သွား၏။

လီချန်ရှို့သည် ရန်ကျောင်းတော်မှ သိမ်မွေ့၍ အကျင့်စရိုက်ကောင်းမွန်သော တပည့်ငယ်တစ်ဦးဖြစ်သော်လည်း ခွိုက်စစ်ဆိုသူကို ချက်ချင်း ပြာချပစ်လိုစိတ်ပင် ပေါက်သွားလေသည်။

တုနတ်တိဇ္ဇာဂိုဏ်းသည် အလယ်အလတ်အဆင့်သာရှိသော နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း တပည့်အရေအတွက် အတော်အတန်များ၏။ ထို့ကြောင့် တပည့်များအတွင်း၌ ထိုကဲ့သို့ မကောင်းကောင်အချို့လည်း ပါလာနိုင်သည်ကို နားလည်ပေးနိုင်ပေသည်။

လီချန်ရှို့သည် တိုက်ခိုက်ရာတွင် မြန်မြန်တိုက်၊ မြန်မြန်ရှောင်တိမ်းဟူသော သူ၏ နိယာမကို အမြဲလိုလို တည်တည်ပပ အသုံးချခဲ့သူ တစ်ယောက်ဖြစ်သည်။ သို့သော် ဤအကြိမ်တွင်မူ သူသည် သီးခြားမန္တန်အစီအရင်တစ်ခုကို ကြိုတင်ပြင်ဆင်ထားလိုက်၏။ သူသည် “သဲလွန်စ” အချို့ကို ချန်ထား၍ သူ၏ ရန်သူကို ဆိုးဝါးသော အတွေ့အကြုံကို ခံစားစေမည်ဖြစ်သည်။

ထိုအခိုက်တွင် တာအိုရသေ့ခွိုက်စစ်သည် သတိပြန်လည်နေပြီ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း စစ်ဆေးပြီးပေပြီ။

“ သွားပြီ... ငါ့ရဲ့ မူလဝိညာဉ်... ”

တာအိုရသေ့ခွိုက်စစ်သည် ဖျော့တော့စွာ အော်လိုက်၏။

ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။ သူ၏ မျက်လုံးများသည် အသက်မဲ့နေပြီး အစပိုင်းတွင် ကြောင်စီစီဖြစ်နေ၏။ ထို့နောက် သူ တုန်လှုပ်လာလေတော့သည်။

သူ၏ မူလဝိညာဉ်သည် ညှိုးခြောက်နေပေပြီ။

မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူ မသိသော်လည်း သူ၏ မူလဝိညာဉ်သည် အောက်အဆင့်များသို့ ကျဆင်းနေပေပြီ။ သူသည် မူးဝေနေပြီး အစွမ်းမဲ့နေ၏။ သူ၏ခန္ဓာကိုယ်တွင်လည်း နတ်တန်ခိုးအနည်းငယ်သာ ကျန်တော့လေသည်။

လက်သည်းရှည်ကြီး ကိုးချောင်းသည် သူ၏ကိုယ်အတွင်းဖောက်ဝင်၍ သူ၏ ရင်ဝမ်းခြားကြွက်သား၊ ချက်အောင်ပိုင်း၊ ဦးခေါင်းခွံနှင့် သူ၏ မရှိမဖြစ်အရေးပါသော အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ချိတ်ပိတ်ထားပေသည်။ ထို့ကြောင့် သူ မခံမရပ်နိုင်အောင် နာကျင်နေခြင်းပင်။

ထိုမျှသာ မဟုတ်သေးပေ။ ညစ်ညမ်းမြေကြောအတွင်းမှ ညစ်ညမ်းချီဓာတ်များသည်လည်း သူ၏ နတ်ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်ကာ သူ၏ နတ်အရောင်အဝါကို စွန်းထင်းညစ်နွမ်းအောင် ပြုနေလေ၏။ မဖူးပွင့်ရသေးသော တာအိုပန်းပွင့်သုံးပွင့်သည် ညှိုးခြောက်သွားပေပြီ။

ထိုအခိုက်တွင် တာအိုရသေ့ခွိုက်စစ်တစ်ယောက် မသန်မစွမ်းဖြစ်သွားပြီဖြစ်ကြောင်း သူ့ကိုယ်သူ သိလိုက်လေသည်။

သူ၏ တာအိုအခြေခံသည် အလုံးစုံ ဖျက်ဆီးခြင်းကို ခံခဲ့ရပေပြီ။

တာအိုရသေ့ခွိုက်စစ်သည် မျက်လုံးများရဲရဲနီလာပြီး ဆဲဆိုလိုက်၏။

“ ဘယ်ခွေးမသားလဲကွ... မင်းက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ ”

သူ၏ရှေ့ မြေပြင်အတွင်းမှနေ၍ လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော မျက်နှာတစ်ခုရှိလေသည်။ သူ့ကို အနက်ရောင် အရောင်အဝါများကို လွှမ်းခြုံထား၏။ သူသည် တာအိုရသေ့ခွိုက်စစ်ကို ‌အေးစက်စက် ပြုံးပြလိုက်သည်။

တာအိုရသေ့ခွိုက်စစ်တစ်ယောက် အံ့အားသင့်သွားသည်ကို အထင်အရှားပင် မြင်လိုက်ရသည်။ သူသည် ထိုလူကို မှတ်မိသွားပြီး ကြိမ်းမောင်းလိုက်၏။

“ မင်းကိုး... မင်းက ငါ့ဆီက ဝိညာဉ်ကျောက်တုံးတွေ၊ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူသေးတယ်... ဒါကို ဘာလို့ မင်းရဲ့စကားကို မတည်ဘဲ ငါ့ကို ပြန်တိုက်ခိုက်ရတာလဲ ”

ထိုလူသည် လီချန်ရှို့နှင့် ကျိုးဝူတို့ ဆောင်ကြာမြိုင်တွင် သတ်ဖြတ်ခဲ့သော ကင်းခြေများမိစ္ဆာပင်။ ထိုမိစ္ဆာအဖြစ် လီချန်ရှို့၏ စက္ကူကိုယ်ပွားက ဟန်ဆောင်နေခြင်းပင်။

လီချန်ရှို့သည် ကင်းခြေများမိစ္ဆာ၏ အသံကို တစ်ခါမှ မကြားခဲ့ဖူးသဖြင့် အသံဩဩလုပ်၍သာ ပြောလိုက်ရသည်။

“ ဟိုဘက်က ကျုပ်ကို ပိုပေးလိုက်လို့ပေါ့... ”

“ ငါ မင်းကို မယုံလိုက်သင့်ဘူး။ သူက မြေနတ်ဝိဇ္ဇာလေးပဲဟာကို မင်းကို ဘာတွေများ ပေးနိုင်မှာ မလို့လဲ ”

ရုတ်တရက် တာအိုရသေ့ခွိုက်စစ်သည် တစ်စုံတစ်ခု မူမမှန်ကြောင်း အာရုံခံမိလိုက်၏။ သူသည် သူ၏မျက်နှာကို ထိုကင်းခြေများ မိစ္ဆာအား တစ်ကြိမ်မျှ မပြခဲ့ဖူးချေ။

ဂျိမ်း...ဂျိမ်း...

သူ့ခေါင်းပေါ်တွင် မိုးခြုန်းသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာ၏။ တာအိုရသေ့ခွိုက်စစ်သည် မော့ကြည့်လိုက်ရာ ကောင်းကင်သည် မည်းမှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

တာအိုရသေ့၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့လာ၏။

တိမ်မည်းများသည် ခပ်နိမ့်နိမ့်၌သာ ရှိနေသည်။ တိမ်မည်းများအတွင်း၌ လျှပ်စီးစက်ကွင်းများ ရှိနေ၏။ ယင်းတိမ်မည်းများနှင့် လျှပ်စီးစက်ကွင်းအနီးတွင် စိတ်တန်ခိုးများ စုစည်းနေလေသည်။

မလှမ်းမကမ်းနေရာရှိ မြက်ခင်းပြင်တစ်ခုအောက်မှ နေ၍ လက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး ထိုနေရာတွင် ထား,ထားသော အသံဖမ်းစက်လုံးကို ပြန်ယူလိုက်၏။

ထိုအသံဖမ်းစက်လုံးသည် ကိစ္စများကို ပို၍ ကြီးထွားမလာအောင် ကာကွယ်ရန်ဖြစ်သည်။ သူသည် ရန်ကျောင်းတော်မှ ပညာရှင်များကို သွား၍ သတိပေးလိုက်သလိုမဖြစ်စေရန်နှင့် ထိုပညာရှင်များ ဤကိစ္စကို ခန့်မှန်း ကောက်ချက်မချစေရန် ဤသို့ ပြုလုပ်ထားခဲ့ခြင်းပင်။

ထိုသို့ဖြစ်လာနိုင်ချေ သိပ်မရှိသော်လည်း သူသည် ဖြစ်နိုင်ချေအားလုံးအတွက် ထည့်သွင်းစဉ်းစားရပေမည်။

ကင်းခြေများမိစ္ဆာ၏ အသွင်ကိုယူထားသော စက္ကူကိုယ်ပွားသည် လှောင်ပြုံး ပြုံးလိုက်၏။ သူသည် ဖြည်းဖြည်းချင်း ရှေ့သို့ ခြေနှစ်လမ်းတိုးလိုက်၏။ သူ၏ မျက်နှာထားသည်လည်း တဖြည်းဖြည်းပြောင်းလဲလာလေတော့သည်။ သူသည် လက်မြှောက်ကာ သူ၏မျက်နှာကို ဖျစ်လိုက်၏။ တာအိုရသေ့ခွိုက်စစ် အရှေ့မှာပင် သူသည် ခွိုက်စစ်အတုအဖြစ် ပြောင်းလဲသွားလေသည်။

ခွိုက်စစ် ဒေါသတကြီး အော်လိုက်၏။

“ မင်း... ”

“ မော့ကြည့်လိုက်ပါဦး...”

စက္ကူကိုယ်ပွားသည် ကောင်းကင်ကို လက်ညှိုးထိုး၍ ပြောလိုက်၏။

မန္တန်အစီအရင်အတွင်း၌ ရှိနေသော တာအိုရသေ့ခွိုက်စစ်သည် ခေါင်းမော့၍ ကြည့်လိုက်သည်။ ကောင်းကင်ပေါ်ရှိ တိမ်မည်းများသည် အရောင်တောက်နေကြပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ရုတ်ခြည်းပေါက်ကွဲ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်တွင် လျှပ်စီးတန်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုအရာသည် ကောင်းကင်မြစ်ဂိတ်တံခါးဖွင့်လိုက်၍ လျှပ်စီးပင်လယ်ကြီး ကျဆင်းလာသကဲ့သို့ပင် ထင်ရပေသည်။

လျှပ်စီးများလက်သွားပြီး လျှပ်စီးတန်းကြီးသည် မြေပေါ်တွင် ဒူးထောက်နေသော တာအိုရသေ့ခွိုက်စစ်ကို ဝါးမျိုသွားလေသည်။ ထိုအရာကား သုံးကြိမ်သတ်ဖြတ် ကောင်းကင်မိုးကြိုးမန္တန်အစီအရင်ပင်။

ထိုမန္တန်အစီအရင်သည် လီချန်ရှို့ ဆင်ခဲ့ဖူးသမျှထဲတွင် အားအပြင်းဆုံး မန္တန်အစီအရင်ဖြစ်၏။ ထိုမန္တန်အစီအရင်၏ မိုးကြိုးလျှပ်စီးသည် ကောင်းကင်ပြစ်ဒဏ်၏ မိုးကြိုးလျှပ်စီးဖြင့် အနီးစပ်ဆုံး တူလေသည်။

သူသည် ထိုမန္တန်အစီအရင်၏ အောက်ခြေများကို အိပ်ဆောင်မန္တန်အစီအရင်ပြားလေးများအဖြစ် ပြုလုပ်ခဲ့ခြင်းပင်။ သူသည် ထိုအိပ်ဆောင်မန္တန်အစီအရင်လေးကို ဤနေရာတွင်ထားလိုက်ပြီး စိတ်တန်ခိုးစုစည်း မန္တန်အစီအရင်အသေးစားလေးကို အသုံးပြုကာ စိတ်တန်ခိုးများကို အလျင်အမြန် စုစည်းခဲ့ခြင်းဖြစ်၏။

ထိုမန္တန်အစီအရင်တွင် မိုးကြိုးလျှပ်စီး သုံးချက်ပါ၏။

ပထမ မိုးကြိုးလျှပ်စီးအချက် ကျဆင်းသွားပြီဖြစ်ပြီး တာအိုရသေ့ခွိုက်စစ်တွင် ခုခံရန် နတ်တန်ခိုးများမရှိတော့ပေ။ သူ၏ နတ်ခန္ဓာသည် ပျက်ဆီးသွားပြီဖြစ်ပြီး သူ၏ မူလဝိညာဉ်သည်လည်း တစ်စစီဖြစ်သွားပေပြီ။ မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ကျင်း ဖြစ်သွား၏။

ခွိုက်စစ်တစ်ယောက် အသက်ရှူနေဆဲမှာပင် လီချန်ရှို့သည် ဒုတိယမိုးကြိုးလျှပ်စီးကို နှိုးလိုက်ပြီး ပစ်ချလိုက်၏။ လျှပ်စီးတန်းကြီးသည် ထပ်မံ၍ ကျဆင်းလာပြန်သည်။

ထိုအရာသည် ကောင်ကင်ပြစ်ဒဏ်အစစ်မဟုတ်ခြင်းသည် ဆိုးလေစွဟု လီချန်ရှို့ ခံစားလိုက်ရ၏။ သို့သော် မည်သည့်ကောင်းကင်ပြစ်ဒဏ်မှ ချီကျင့်ကြံသူတစ်ဦးကို ရုတ်ခြည်း ပြာမချပစ်နိုင်ချေ။

တတိယအချက် ကျဆင်းပြီးသွားသောအခါ တာအိုရသေ့ခွိုက်စစ်သည် မီးကျွမ်းနေသောခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်တော့လေသည်။

လီချန်ရှို့သည် သူ၏အာရုံကို စက္ကူကိုယ်ပွားဆီပို့လိုက်၏။ ထိုအခိုက်တွင် စက္ကူကိုယ်ပွားသည် တာအိုရသေ့ခွိုက်စစ်၏ အလောင်းရှေ့သို့ရောက်နေပြီ ဖြစ်သည်။ လီချန်ရှို့သည် စကားတစ်ခွန်းမှ မဆိုလိုက်ဘဲ တွေးတောလိုက်၏။

‘ အင်း... တာအိုအခြေခံကတော့ လျှပ်စီးကြောင့် ပျက်ဆီးသွားပြီ... ”

“ အခုတော့ မင်းအဲ့အရသာကို သိပြီပေါ့ ဟုတ်လား... ”

စက္ကူကိုယ်ပွားသည် အင်္ကျီလက်ဝှေ့ယမ်းလိုက်ရာ စက္ကူရုပ်များသည် ခေါင်းလှည့်၍ ခုန်ထွက်လာကြ၏။ သူတို့သည် မန္တန်အစီအရင်၏ အကြွင်းအကျန်များကို လျင်မြန်စွာ ရှင်းလင်းလိုက်၏။

အခြား ဝိညာဉ်ထိန်းပုလဲလုံး သုံးလုံးကို ပစ်လွှတ်လိုက်ပြီး ဝိညာဉ်အကြွင်းအကျန်များကို စုပ်ယူလိုက်၏။

ဤအကြိမ်တွင် လီချန်ရှို့သည် သုတ္တန်များကို မရွတ်စေလိုက်ပေ။

လီချန်ရှို့အနေဖြင့် ထိုကောင်ကို ပြန်ဝင်စားခွင့်မပေးနိုင်ချေ။

ထိုအစား လီချန်ရှို့သည် ခွိုက်စစ်၏ အလောင်းကို သမာဓိမီးတောက်ဖြင့် တစ်ကြိမ်မျှ လောင်ကျွမ်းစေပြီးနောက် မြေအောက်ကမ္ဘာမှ မီးတောက်အေးများဖြင့် ဆက်၍ လောင်မီးတိုက်လိုက်လေသည်။

သို့သော် သူသည် စိုးရိမ်နေသေးသဖြင့် ထိုပြာပုံအနီးတွင် ဝိညာဉ်စားပိုးကောင်နှစ်ကောင်ကို ထားလိုက်၏။ ထို့နောက် သူသည် သမာဓိမီးတောက်ကို သုံး၍ ထို အဆိပ်ပိုးကောင်နှစ်ကောင်ကို မီးရှို့လိုက်၏။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို ထိန်းချုပ်၍ မြေပေါ်ရှိ ပြာများကို လွှင့်မျှောလိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ သူသည် ပို၍ စိတ်လက်ပေါ့ပါးသွားပြီး တစ်စုံတစ်ခုကိုလည်း နားလည်သွား၏။

သို့သော် ဤအကြိမ်တွင် သူ့၌ လုပ်စရာအလုပ်များစွာ ရှိနေသေး၍ ဉာဏ်အလင်းပွင့်ခြင်းကို ငြင်းဆန်ရပေမည်။

ရန်သူများကို သတ်ပစ်ရန် လွယ်သော်လည်း ထိုသို့သတ်လိုက်ခြင်းကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲကိစ္စများအတွက် ဂရုတစိုက် ကြိုတင်ပြင်ဆင်ရဦးမည် ဖြစ်ပေသည်။

All Chapters