← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 31 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 31 Ch. 611-612

အခန်း(၆၁၁)

"ဟင်း... အာမခံချက်မရှိတဲ့ လူအညတရဆိုတာ လူအညတရပါပဲကွာ။ မင်းက တကယ်ပဲ ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာဖို့ လွယ်ကူလှတယ်လို့ ထင်မှတ်နေတာလား။ ခဏနေရင် ငါ့ကို ဒူးထောက်ဦးချဖို့ မမေ့နဲ့ဦး" ချွေကျားက အေးစက်စက် လေသံဖြင့် ဆိုလာ၏။

"ဪ... ဒူးထောက်ဦးချရုံတင် ဘယ်ကမလဲ။ အဲ့မိန်းကလေးငယ်က ငါနဲ့အတူ တစ်ညတာ ကုန်လွန်စေရမှာဖြစ်ပြီး မင်းတို့နှစ်ယောက်စလုံးက ငါ့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် လျော်ကြေးပေးရဦးမယ်"

ချင်ယွမ်ဖုန်းသည်လည်း ထိုအခိုက်အတန့်တွင် ဆေးရည်အားလုံး ဗယောက်ဗယက် ဖြစ်နေပြီး ဆေးဖိုကြီး ပေါက်ကွဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေသည်ကို ခံစားမိသော်လည်း ချွေကျား၏ စကားများကို အာရုံမစိုက်အားပေ။

ထိုသို့ အသည်းအသန် ဖြစ်နေရသည့် အခြေအနေတွင် ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် တိုးဝှေ့ထွက်ပေါ်လာပြီး ဆေးဖိုကြီးအတွင်းသို့ တိုက်ရိုက် စီးဝင်သွားသည်ကို သိရှိလိုက်ရ၏။

ယင်းစွမ်းအားသည် ဧရာမ လက်ဝါးကြီးတစ်ပြင်ကဲ့သို့ ဆေးဖက်ဝင် အဆီအနှစ်များကို ခိုင်မာစွာ ဆုပ်ကိုင် ပေါင်းစပ်ပေးလိုက်လေသည်။

လှုပ်ခတ် ဗယောက်ဗယက် ဖြစ်နေသော ဆေးအဆီအနှစ်များသည် ငြိမ်သက်သွားကြပြီး နောက်ဆုံးတွင် တစ်သားတည်း ပေါင်းစပ်သွားကြချေသည်။

မီးလျှံများက ဟုန်းဟုန်းတောက်ကာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာပြီး ဆေးလုံးကို ဝန်းရံလျက် နောက်ဆုံးအဆင့် ချက်လုပ်ခြင်းကို စတင်လေတော့သည်။

ချွေကျားမှာမူ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရ၏။ သူသည် ချင်ယွမ်ဖုန်း ဆေးလုံး ဖော်စပ်နိုင်သည်ကိုသာမက အလွန်ကြမ်းတမ်း ရိုးရှင်းလှသော နည်းလမ်းဖြင့် ဆေးဖော်စပ်ခြင်း အောင်မြင်သွားသည်ကို ပို၍ပင် အံ့ဩတုန်လှုပ်မိနေချေသည်။

"အောင်ပြီ" ယန်ရုက ချက်ချင်းပင် လှေကားထခုန်လျက် ဝမ်းသာအားရ ဆိုရှာ၏။

"အာဟိုင်က တကယ်ကို တော်တာပဲ"

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ဆေးဖိုကြီးအတွင်းသို့ လက်လှမ်းကာ ဆေးလုံးကို ယူဆောင်လျက် မိမိ၏ လက်ဖဝါးပေါ်တွင် တင်ထားလိုက်သည်။

"တွေ့တယ်မလား။ ဆေးလုံးက အောင်မြင်စွာ ဖော်စပ်ပြီးစီးသွားပြီ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

ချွေကျား၏ မျက်နှာမှာမူ ပြာနှမ်းသွားရချေသည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူအပေါင်းက စူးစိုက်ကြည့်ရှုနေကြပြီး သူ၏ ယခင်က အော်ဟစ်ကြုံးဝါးခဲ့မှုများကြောင့် လူစုလူဝေးက ပိုမိုကြီးမားလာခဲ့ပြီ ဖြစ်ရာ အကယ်၍ သူသာ ကတိဖျက်ပယ်ပါက ဤနေရာတွင် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

"ဘာကြည့်နေတာလဲ" ယန်ရုက အနားသို့ ချက်ချင်း တိုးကပ်သွားပြီး "မြန်မြန် ငါတို့ကို ဒူးထောက်ဦးချတော့လေ" ဟု ဆိုလိုက်၏။

ချွေကျားသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် သွားကို ကြိတ်ထားမိသော်လည်း နောက်ဆုံးတွင် ချင်ယွမ်ဖုန်း၏ ရှေ့၌ ဒူးထောက်ကာ မြည်ဟီးသွားစေလောက်အောင် ပြင်းပြင်းထန်ထန် သုံးကြိမ်တိုင်တိုင် ဦးချလိုက်ရရှာသည်။

"မှတ်ထားဦး။ နောင်ကို လူတွေကို အထင်မသေးနဲ့။ မင်း မပြစ်မှားဝံ့တဲ့သူကို ပြစ်မှားမိသွားလိမ့်မယ်" ယန်ရုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်သီးကို ဝှေ့ယမ်းပြလိုက်ပြီးနောက် ဆေးလုံးကို ချွေကျားထံသို့ ပစ်ပေးကာ ချင်ယွမ်ဖုန်းကို ဆွဲ၍ ထိုနေရာမှ ထွက်ခွာခဲ့ကြလေသည်။

စီဒန်ဟွာက သက်ပြင်းကို မောစွာ ချလိုက်မိပြီး "ဒီအာဟိုင်က ငါ့ကို ဘယ်လောက်တောင် အံ့ဩစရာတွေ ပေးဦးမှာပါလိမ့်" ဟု ရေရွတ်မိချေသည်။

သူကိုယ်တိုင်ပင်လျှင် ချင်ယွမ်ဖုန်းက နောက်ဆုံးအခိုက်အတန့်တွင် ဆေးအဆီအနှစ်အားလုံးကို မည်သို့ မည်ပုံ ပေါင်းစပ်နိုင်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်ရပေသည်။

ချွေကျားမှာမူ မိမိ၏ မျက်နှာတွင် ပူလောင်လှသော နာကျင်မှုကိုသာ ခံစားနေရ၏။ သူသည် လူအများရှေ့တွင် မျက်နှာအဖြတ်ခံရရုံသာမက ဆင့်ကာဆင့်ကာ နင်းခြေခြင်းကိုပါ ခံလိုက်ရသဖြင့် ခေါင်းပင် မဖော်ဝံ့တော့ပေ။

"ချွေကျား... မင်း ဘာလုပ်နေတာလဲ။ ဆေးလုံးက ဖော်စပ်လို့ ပြီးပြီလား" အခြားသော ဆေးဖော်စပ်သူ တစ်ဦးက နောက်ဖေးတံခါးမှ ထွက်လာပြီး မေးမြန်းလိုက်၏။

"စီနီယာအစ်မ... ပြီးပါပြီ " ချွေကျားက ချင်ယွမ်ဖုန်း ချက်လုပ်အောင်မြင်ခဲ့သော ဆေးလုံးကို ပျာပျာသလဲ ကမ်းပေးလိုက်သည်။

ထိုစီနီယာအစ်မက ချွေကျားကို အံ့ဩစိတ်ဝင်စားစွာ ကြည့်လျက် "မဆိုးဘူးပဲ။ ဒီတစ်ခါတော့ မင်း ဆေးဖော်စပ်တာ တော်တော် မြန်တာပဲလား" ဟု ဆို၏။

"ဒါက စီနီယာအစ်မရဲ့ ကောင်းမွန်လှတဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ပါ" ချွေကျားက ဖားယားသော မျက်နှာပေးဖြင့် ဆိုလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် ငါ ဆေးလုံးကို ဆရာ့ဆီ အရင်ဆုံး ယူသွားလိုက်ဦးမယ်။ မင်း ဆေးဆက်ဖော်စပ်နေလိုက်ဦး" ဟု စီနီယာအစ်မက ဆိုလေသည်။

"ဟုတ်ကဲ့ပါ " ချွေကျားက လိုလိုလားလားပင် သဘောတူလိုက်၏။

စီနီယာအစ်မဖြစ်သူ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက်မှသာ ချွေကျားသည် စုဝေးနေသော လူစုကို လူစုခွဲလိုက်ပြီး ချင်ယွမ်ဖုန်း၏ တည်ငြိမ်အေးဆေးသော မျက်နှာပေးကို စိတ်ထဲတွင် မြင်ယောင်လျက် ဒေါသတကြီး ထိုင်နေမိတော့သည်။

သို့သော်လည်း မကြာမြင့်မီ အချိန်မှာပင် ထိုစီနီယာအစ်မက အလောတကြီး ပြေးထွက်လာပြန်၏။

"ချွေကျား... မင်းရဲ့ ဆေးလုံးက ပြဿနာရှိနေပြီ။ ဆရာက မင်းကို ခေါ်ခိုင်းနေတယ်"

"ပြဿနာ ဟုတ်လား" ချွေကျားက မိမိ၏ ပေါင်ကို ချက်ချင်း ရိုက်လိုက်မိပြီး ထိုသူငယ်မှာ ဆေးဖော်စပ်ခြင်း မတတ်မြောက်ကြောင်းနှင့် မိမိအနေဖြင့် စောစောက ဒူးထောက်ဦးချမိခြင်းကို တွေးတောကာ နောင်တရမိလေသည်။

သို့သော်လည်း ချွေကျားသည် မဆိုင်းမတွဘဲ အမြန်ပြေးဝင်သွားကာ မိမိ၏ ဆရာ့ရှေ့တွင် ဒူးထောက်လိုက်ရ၏။

"ချွေကျား... ဒီဆေးလုံးက တကယ်ပဲ မင်း ဖော်စပ်ခဲ့တာ ဟုတ်သလား" ဆရာဖြစ်သူက တင်းမာစွာ မေးမြန်းလိုက်သည်။

ချွေကျားက ပျာပျာသလဲ ခေါင်းခါလျက် "မဟုတ်ပါဘူး ဆရာ။ ဒါက ကျွန်တော် ဖော်စပ်တာ မဟုတ်ပါဘူး။ လူငယ်တစ်ယောက် ဖော်စပ်သွားတာပါ..."

သူသည် စောစောက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အလုံးစုံကို ဆရာဖြစ်သူအား လျှောက်တင်ပြီးနောက် မြေပြင်တွင် ဒူးထောက်လျက် မလှုပ်မရဲ နေမိချေသည်။

သူသည် ဤနေရာတွင် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာစေရန် များစွာသော ဒုက္ခများကို ကျော်ဖြတ်ခဲ့ရသဖြင့် အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက ယခင် ကြိုးပမ်းအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်ပေသည်။

"ဒါပေါ့... မင်းလိုကောင်မျိုးက ဒီလို ဆေးလုံးမျိုးကို မဖော်စပ်နိုင်မှန်း ငါ သိတာပေါ့" ဆရာဖြစ်သူက သက်ပြင်းချရင်း ဆိုလာ၏။

"ဗျာ" ချွေကျားမှာ ခဏမျှ ကြောင်အသွားရပြီး စီနီယာအစ်မသည်လည်း ဝေခွဲမရ ဖြစ်သွားရှာသည်။

"ဘာဗျာလဲ။ ဒါက နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးကွ။ ဒါက အပြစ်အနာအဆာမရှိ ပြည့်စုံလွန်းတဲ့ ဆေးလုံးပဲ။ မင်းလိုကောင်က ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ။ မြန်မြန်... ငါ့ကို အဲဒီလူငယ်ဆီ ခေါ်သွားပေးစမ်း။ ငါတောင် သူ့ကို ဆရာတင်ရမလား မသိဘူး" ဆရာဖြစ်သူက ပျာပျာသလဲ ထရပ်လိုက်၏။

"ဗျာ" ချွေကျားမှာ ပို၍ပင် ကြောင်အသွားရပြီး မိမိ၏ ဆရာဖြစ်သူ၏ ဆွဲခေါ်သွားခြင်းကို အူကြောင်ကြောင်ဖြင့် ပါသွားလေတော့သည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့သည် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းနေကြ၏။ စီဒန်ဟွာက ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့အတွက် အသားမုန့်ကိတ်တစ်ခုစီ ဝယ်ပေးထားသဖြင့် လေထုထဲတွင် အသားကိတ်၏ မွှေးရနံ့များ ပျံ့လွင့်နေချေသည်။

"အာဟိုင်... မင်းက ဘယ်လိုလုပ် ဒီလောက်တောင် တော်နေရတာလဲ။ မင်းက အရာအားလုံးကို သိနေသလိုပဲနော်" ယန်ရုက မေးမြန်းလိုက်၏။

စီဒန်ဟွာကလည်း ခေါင်းညိတ်လျက် "ဟုတ်တယ် အာဟိုင်... မင်း နောက်ဆုံးမှာ ပေါင်းစပ်လိုက်တဲ့အချိန်တုန်းက ငါတောင် ဘာဖြစ်သွားမှန်း မသိလိုက်ဘူး" ဟု ဆိုလာသည်။

"တကယ်တော့ ကျွန်တော်လည်း မသိပါဘူး" ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး "ကျွန်တော် စိတ်ပူသွားတာနဲ့ အဲဒီလို ဖြစ်သွားတာပဲ။ ဒါကို ကျွန်တော်လည်း မတတ်နိုင်ဘူးလေ" ဟု ဆို၏။

ထိုစကားကို ကြားရသောအခါ စီဒန်ဟွာမှာ ဆွံ့အသွားရချေသည်။ အကယ်၍ ဤသည်ကို မတတ်နိုင်ဟု သတ်မှတ်ပါက ဆေးဖော်စပ်သူ မည်မျှလောက် ရူးသွပ်သွားကြမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ချင်ယွမ်ဖုန်းသည် အသားမုန့်ကိတ်ကို စားရင်း မိမိ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အသံအကြောင်းကို တွေးတောနေမိသဖြင့် စမ်းသပ်မှုတစ်ခု ပြုလုပ်လိုစိတ် ဖြစ်ပေါ်လာ၏။

"ယန်ရု... မင်း ငါ့ကို သဘောကျလား" ချင်ယွမ်ဖုန်းက တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ယန်ရု၏ မျက်နှာမှာ ချက်ချင်းပင် ရဲကနဲ ဖြစ်သွားပြီး ရှက်သွေးဖြန်းသွားရရှာ၏

"အို... နင်က ဘာတွေ လျှောက်ပြောနေတာလဲ" ယန်ရုက ခန္ဓာကိုယ်ကို လွှဲဖယ်လိုက်ပြီး သူမ၏ ရှက်ပြုံးဝေဆာနေသော အသွင်အပြင်ကြောင့် စီဒန်ဟွာမှာ စိတ်ထဲတွင် ဟစ်ကြွေးမိချေသည်။

". ယန်ရုထံမှ စိတ်အာဃာတမိစ္ဆာ ခံစားချက် +၆၆ ရရှိပါသည်"

ချင်ယွမ်ဖုန်းသည် ယန်ရုထံမှ မိမိအလိုရှိသော အသံကို ကြားလိုက်ရသော်လည်း ဤအသံက ချင်ယွမ်ဖုန်းအား ယန်ရုက လူအများရှေ့တွင် ထိုသို့ပြောဆိုခြင်းအပေါ် စိတ်ခုနေကြောင်း သတိပေးနေခြင်း ဖြစ်ပေသည်။

"ကောင်းပြီ" ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးနောက် စီဒန်ဟွာဘက်သို့ လှည့်ကာ "ဟို... ဦးလေးကော ကျွန်တော့်ကို သဘောကျလား" ဟု မေးလိုက်ပြန်၏။

စီဒန်ဟွာမှာ သွေးအဟောင်းများပင် အန်ထွက်လုနီးပါး ဖြစ်သွားရပြီး "ငါပြောမယ် အာဟိုင်... မင်းရဲ့ အကြိုက်က တော်တော်လေး ပြင်းထန်လွန်းတယ်။ ဦးလေးကတော့ မင်းရဲ့ အရှိန်အဟုန်ကို လိုက်နိုင်မှာ မဟုတ်ဘူး" ဟု ဆိုရှာသည်။

" စီဒန်ဟွာထံမှ စိတ်အာဃာတမိစ္ဆာ ခံစားချက် +၁၀၀ ရရှိပါသည်"

ချင်ယွမ်ဖုန်းက စီဒန်ဟွာကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။

'စိတ်အာဃာတ' ဟူသော စကားလုံးသည် ယေဘုယျအားဖြင့် မိန်းမပျိုများအကြား ခံစားချက်များနှင့် ဆက်စပ်၍ အသုံးပြုလေ့ရှိသော်လည်း စီဒန်ဟွာသည်လည်း ချင်ယွမ်ဖုန်းအပေါ် ထိုသို့သော ခံစားချက်မျိုး ရှိနေသည်လား ဟု တွေးတောမိသည်။

ထိုသို့ ပိုမိုတွေးတောမိလေလေ ချင်ယွမ်ဖုန်းသည် ကျောချမ်းလာလေဖြစ်ပြီး တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများပင် ထလာရချေသည်။

"ဦးလေး... ဦးလေးက အရမ်းဆွဲဆောင်မှု ရှိတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ စိတ်မရှိပါနဲ့... ကျွန်တော်က မိန်းကလေးတွေကိုပဲ သဘောကျတာပါ" ချင်ယွမ်ဖုန်းက တည်ကြည်စွာ ဆိုလိုက်၏။

စီဒန်ဟွာမှာမူ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဖြစ်သွားရပြီး "ငါကလည်း မိန်းကလေးတွေကိုပဲ သဘောကျတာကွ။ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ ခေါင်းထိခိုက်သွားတာလား" ဟု အော်ဟစ်တော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းကမူ စီဒန်ဟွာအား ရှင်းပြခွင့်မပေးတော့ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

၎င်းတို့၏ နောက်ကွယ်တွင်မူ ချွေကျားသည် မိမိ၏ ဆရာနှင့်အတူ နတ်ဘုရား အမှတ်အသားပါသော ဆေးလုံးကို ဖော်စပ်နိုင်သည့် လူငယ်ကို ရှာဖွေရန် လမ်းတစ်လျှောက်လုံး လိုက်လံ ရှာဖွေနေကြချေသည်။

ထို့ပြင် ၎င်းတို့၏ နောက်ကွယ်တွင် လိုက်ပါလာသော အခြားလူတစ်ဦးလည်း ရှိနေသေးပြီး ထိုသူ၏ မျက်ဝန်းများတွင် ရံဖန်ရံခါ ပေါ်လာတတ်သော မကောင်းကြံစည်လိုသည့် အရိပ်အယောင်များကြောင့် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အခန်း(၆၁၂)

လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် ယန်ရုအား အကဲစမ်းလိုသဖြင့် အကြိမ်အနည်းငယ်မျှ ထပ်မံကြိုးစားကြည့်သော်လည်း ထိုသို့သော စိတ်လှုပ်ရှားမှုမျိုးကို တစ်ကြိမ်သာ ခံစားရရှိနိုင်ပြီး ထပ်ခါတလဲလဲ မရနိုင်ကြောင်းကို သိရှိသွားချေသည်။

ထို့ပြင် ယင်းသို့ ရရှိလာသည့် တန်ဖိုးများကို မည်သည့်နေရာတွင် အသုံးချရမည်ကိုလည်း ချင်ယွမ်ဖုန်း တစ်ယောက် သိနားမလည်နိုင် ဖြစ်နေရပြန်သည်။

မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် စျေးဆိုင်တန်းများရှိရာသို့ ရောက်ရှိလာကြလေသည်။

ထိုစဉ် စီဒန်ဟွာသည် သူတို့အား တိုက်ရိုက်ထားရစ်ခဲ့ပြီး မိမိဘာသာ ရတနာများ ရှာဖွေရန်အတွက် သီးခြားထွက်ခွာသွားတော့သည်။

စျေးဆိုင်တန်းများပေါ်ရှိ ပစ္စည်းပစ္စယများမှာ စုံလင်လှပလွန်းသဖြင့် မျက်စိပန်းလည်မတတ် ဖြစ်ရသော်လည်း အများစုမှာ အတုအယောင်များသာ ဖြစ်ချေသည်။

ထိုသို့သောနေရာမျိုးတွင် အစစ်အမှန် ပစ္စည်းကောင်းကို ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲလှသည် ဖြစ်၏။ သို့သော်လည်း ရံဖန်ရံခါတွင် ထိုစျေးဆိုင်ငယ်လေးများမှ ရတနာပစ္စည်းကောင်းများ ရှာဖွေတွေ့ရှိသွားသူများ ရှိကြောင်း သတင်းများလည်း ထွက်ပေါ်တတ်ပေသည်။

ချင်ယွမ်ဖုန်းအနေဖြင့်မူ ယင်းသတင်းစကားများသည် ဆိုင်ရှင်များက လူအများ စိတ်ဝင်စားလာစေရန် တမင်ဖန်တီး၍ ဖြန့်ဝေထားခြင်းမျိုး ဖြစ်နိုင်သည်ဟု တွေးတောမိသည်။

“အာဟိုင်… ဒီလိုဆိုင်တွေမှာ ပစ္စည်းကောင်းတွေ ရှိတတ်တယ် သိလား၊ ငါတို့လည်း ရတနာ တစ်ခုခု ရှာတွေ့နိုင်တာပဲလေ” ဟု ယန်ရုက ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

သို့သော် ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး “မဖြစ်နိုင်ပါဘူး၊ ဒီအပေါ်မှာ ရှိသမျှ အရာအားလုံးက အတုတွေချည်းပဲ” ဟု ဆိုလေသည်။

“ငါတော့ မယုံပါဘူး၊ လာပါ… ငါနဲ့တူတူ သွားကြည့်ရအောင်၊ ငါ ကံကောင်းလို့ ရတနာတစ်ခုခု ဝယ်မိနိုင်တာပဲကို” ယန်ရုသည် လောင်းကစားသမားတစ်ဦးကဲ့သို့ စိတ်အားထက်သန်နေသည့် အသွင်ဖြင့် ပြောကြားပြန်သည်။

အမှန်စင်စစ် ဤနေရာသို့ ပစ္စည်းဝယ်ယူရန် လာရောက်ကြသူတိုင်းသည် မိမိတို့၏ ကံကြမ္မာကို ပုံအောကာ လောင်းကစားဆန်ဆန် စွန့်စားနေကြခြင်းသာ ဖြစ်ပေသည်။

“ယန်ရု… ငါ မင်းကို စကားတစ်ခု ပြောပြမယ်” ချင်ယွမ်ဖုန်းက ရုတ်တရက် ဆိုလိုက်သည်။

ယန်ရုသည် ချင်ယွမ်ဖုန်းအား အံ့သြတကြီး ကြည့်ရှုလျက် မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း “ဘာစကားလဲ” ဟု ရိုးသားစွာ မေးမြန်းရှာသည်။

“လောင်းကစားသမားတွေရဲ့ လမ်းဆုံးဟာ ပျက်စီးခြင်းပဲ”

“အာဟိုင်… နင်အရိုက်ခံချင်နေတာလား” ယန်ရုသည် ချင်ယွမ်ဖုန်းနောက်သို့ အမှီလိုက်ကာ လိုက်လံထုရိုက်တော့သည်။

မလှမ်းမကမ်းနေရာမှ စီဒန်ဟွာသည် ထိုသို့ အပြန်အလှန် စနောက်နေကြသော စုံတွဲကို လှမ်းမြင်ရသောအခါ စိတ်အေးသွားရချေသည်။

သားရဲခြေဆန့်ကျွန်းပေါ်တွင် ပါရမီရှင် အတတ်ပညာရှင်များစွာ ရှိသော်လည်း သူသည် မည်သူ့ကိုမျှ သဘောမကျခဲ့ပေ၊ ထိုအထဲတွင် ယန်ရုပင် ပါဝင်သည်။

သို့သော်လည်း ယန်ရုသည် မှတ်ဉာဏ်များ ဆုံးရှုံးနေသော ဤအာဟိုင်အပေါ်တွင်မူ အလွန်ပင် တက်ကြွထက်သန်စွာ ဆက်ဆံတတ်ချေသည်။

ဖြစ်နိုင်သည်မှာ ချင်ယွမ်ဖုန်း၏ ဝန်းရံနေသော လျှို့ဝှက်ချက်များက ယန်ရုအား ဆွဲဆောင်နေခြင်းလည်း ဖြစ်တန်ရာသည်

စီဒန်ဟွာအနေဖြင့် ယင်းအချက်ကို ကန့်ကွက်ရန် မရှိပေ။

အဘယ်ကြောင့်ဆိုသော် မိမိသမီးအတွက် အဖော်ပြုပေးမည့်သူတစ်ဦးကို ရှာဖွေတွေ့ရှိခြင်းသည် ကောင်းမွန်သောအရာ ဖြစ်ရုံမျှမက ဤအာဟိုင်သည်လည်း အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိသူတစ်ဦး ဖြစ်ပုံရပေသည်။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် ယန်ရုနှင့်အတူ စျေးဆိုင်တန်းများ၏ ရှေ့မှောက်သို့ လိုက်ပါလာခဲ့ရပြီး ဆိုင်ရှင်များ၏ နွေးထွေးလှသော ကြိုဆိုမှုကို ရရှိခဲ့ကြသည်။

“အာဟိုင်… ဒါလေးကို ကြည့်စမ်းပါဦး၊ ကြည့်ရတာ အတော်လေး ရှေးကျပုံရတယ်၊ ရှေးဟောင်းခေတ်က လက်ဆင့်ကမ်းလာတဲ့ ရတနာတစ်ခုခု ဖြစ်နေမလား” ယန်ရုသည် သံချေးတက်နေသော သံမဏိဓားတစ်ချောင်းကို လက်တွင် ကိုင်မြှောက်လျက် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ထိုသံမဏိဓားကို ကြည့်ရှုလိုက်ရာ ဓားမျက်နှာပြင်ပေါ်တွင် သန္တာကျောက်တန်းများ၏ အကြွင်းအကျန် အမှတ်အသားများစွာ ရှိနေဆဲ ဖြစ်သဖြင့် ပင်လယ်ရေအောက်ခြေမှ ဆယ်ယူရရှိထားသည့်အလား ထင်မှတ်ရပေသည်။

သို့သော်လည်း ယင်းတို့သည် တမင်တကာ ရှေးဟောင်းပစ္စည်းအသွင် ဖြစ်အောင် ပြုလုပ်ထားခြင်းသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိနေသည်။

“မိန်းကလေး… မင်းရဲ့ မျက်စိက တကယ်ကို စူးရှထက်မြက်တာပဲ၊ ဒါကို ပင်လယ်ရေအောက်ခြေကနေ ခက်ခက်ခဲခဲ ဆယ်ယူခဲ့ရတာပါ၊ ရှေးဟောင်းခေတ်က ပစ္စည်းလို့ အသေအချာ မပြောနိုင်ပေမယ့် ရတနာအစစ်အမှန် ဖြစ်တာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ”

ဆိုင်ရှင်ဖြစ်သူက ကြွားဝါပြောဆိုလိုက်ရာ ယန်ရုမှာ အတိုင်းမသိ ဝမ်းမြောက်သွားပြီး ထိုသံမဏိဓားအတွက် ငွေချေရန် ပြင်ဆင်တော့သည်။

ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားနေသော ယန်ရုကို အလျင်အမြန်ပင် ဆွဲခေါ်လိုက်ပြီး “ယန်ရု… မင်း မိုက်မဲနေတာလား၊ စဉ်းစားကြည့်စမ်းပါဦး၊ တကယ်လို့ ဒါက ရတနာတစ်ခုသာ ဆိုရင် ပင်လယ်အောက်ခြေမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သံချေးတက်နေပါ့မလား၊ သံချေးတက်နေတဲ့ အရာတစ်ခုကို ရတနာလို့ ခေါ်နိုင်ပါ့မလား၊ ဒါကို အမှိုက်လို့ပဲ ခေါ်ရမှာပေါ့” ဟု ဆိုလေသည်။

ယန်ရုသည် ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်ဟု ခံစားလိုက်ရသည်။

ရတနာပစ္စည်းများကို ရတနာဟု ခေါ်ဆိုကြခြင်းမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်သော်လည်း ဆွေးမြည့်ပျက်စီးခြင်းမရှိဘဲ တည်တံ့နေခြင်းကြောင့် မဟုတ်လော။

ဆိုင်ရှင်ဖြစ်သူသည် ယင်းစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားပြီး “မိတ်ဆွေငယ်… မင်းက ဘာလို့ ဒီလို စကားမျိုး ပြောရတာလဲ၊ ငါ့ဆိုင်ပေါ်မှာ ရှိတဲ့ ပစ္စည်းမှန်သမျှက ရတနာတွေချည်းပဲ၊ မင်းက ပစ္စည်းအစစ်ကို မခွဲခြားတတ်ရင်လည်း အမြန်ဆုံး ထွက်သွားပေးပါ၊ ငါ့ရဲ့ အရောင်းအဝယ်ကို လာပြီး မနှောင့်ယှက်ပါနဲ့” ဟု ခက်ထန်စွာ ဆိုတော့သည်။

“အစ်ကိုကြီး… မင်းက ပစ္စည်းမကျွမ်းကျင်တဲ့ အတွေ့အကြုံမရှိသူတွေကိုပဲ လှည့်စားလို့ ရမှာပါ” ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်ပြီး “ရတနာလို့ ခေါ်နေသေးတယ်ပေါ့၊ မင်းရဲ့ ရတနာတွေက တစ်သုတ်တည်းက ထွက်လာတာ ဖြစ်ရမယ်၊ ရှေးဟောင်းပစ္စည်းဖြစ်အောင် လုပ်တဲ့ နည်းစနစ်တွေက အကုန်အတူတူပဲမို့ တကယ့်ကို ဆန်းသစ်မှု မရှိလှဘူး” ဟု ဆိုချေသည်။

ချင်ယွမ်ဖုန်း ကိုယ်တိုင်ပင်လျှင် ဤပစ္စည်းများ၏ ဟန်ဆောင်ဖုံးကွယ်မှုများကို မည်သို့သော အကြောင်းကြောင့် အတိုင်းအတာတစ်ခုအထိ အလွယ်တကူ ထိုးထွင်းသိမြင်နိုင်ပြီး ရတနာအစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်နေသည်ကို မိမိဘာသာ ရှင်းလင်းစွာ မသိနားမလည်နိုင် ဖြစ်ရပြန်သည်။

အမှန်စင်စစ် ဤသည်မှာ သာမန်အရည်အသွေးရှိသော ပစ္စည်းများအတွက်သာ အကန့်အသတ် ရှိပေသည်။ အကယ်၍ ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် ပစ္စည်းများ ဖြစ်ပါက ချင်ယွမ်ဖုန်းအနေဖြင့် ဧကန်မုချ ခွဲခြားနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ယခင် ကျင့်ကြံခြင်းအဆင့်အတန်း တည်ရှိခဲ့မှုကြောင့် ထိုသို့သော အရာများကို ခွဲခြားနိုင်ခြင်းမှာ သဘာဝကျလှသော ကိစ္စရပ်တစ်ခုသာ ဖြစ်ချေသည်။

ဆိုင်ရှင်၏ မျက်နှာမှာ ညိုမည်းသွားပြီး ချင်ယွမ်ဖုန်းက မိမိအား ဒေါသထွက်အောင် လုပ်ဆောင်နေသည့်အလား ခံစားလိုက်ရသည်။

“ကဲပါ… အစ်ကိုကြီး၊ မင်းလည်း အဆင်မပြေဖြစ်နေတာကို ငါမြင်ပါတယ်၊ ဒီလိုလုပ်ရအောင်လေ… ငါ မင်းရဲ့ဆိုင်ကနေ ပစ္စည်းနှစ်ခု ရွေးချယ်ပြီး ယူသွားမယ်၊ မင်းလည်း ငါ့ကို သာမန်စျေးနှုန်းပဲ တွက်ချက်ပေးပေါ့၊ မင်းရဲ့ ဒီနေ့ အရောင်းအဝယ် ဖွင့်လှစ်နိုင်ဖို့ ငါ ကူညီပေးပါ့မယ်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ ကျွမ်းကျင်လှသော အမူအရာကို မြင်တွေ့ရသောအခါ ဆိုင်ရှင်သည် သက်ပြင်းချလျက် ခေါင်းညိတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ “ကောင်းပြီ… ကောင်းပြီ၊ တကယ်လို့ ငါသာ ဒီနေ့ အရောင်းအဝယ် မဖွင့်ရသေးဘူးဆိုရင် မင်းလိုလူမျိုးကို လုံးဝ ရောင်းမှာ မဟုတ်ဘူး” ဟု ညည်းတွားရှာသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ဆိုင်ပေါ်မှ အသစ်လွင်ဆုံးဟု ထင်ရသော ကျောက်စိမ်းပစ္စည်း နှစ်ခုကို ရွေးချယ်ယူလိုက်လေသည်။

“အာဟိုင်… မင်း မသိဘူးလား၊ အဲဒီလို ရတနာတွေက ကြည့်ရတာ အလွန် ရှေးကျနေရမှာလေ၊ အခု မင်းရွေးလိုက်တဲ့ ပစ္စည်းတွေက သိသိသာသာကို အသစ်စက်စက်ကြီး ဖြစ်နေတာကို” ယန်ရုသည် အပြေးအလွှား လာရောက်ပြီး ရိုးသားစွာ ပြောဆိုပြန်သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချလျက် ခေါင်းကို ခါယမ်းကာ “ငါ သိပါတယ်၊ ငါက စာဖတ်ခန်းထဲမှာ ထားဖို့အတွက် ပစ္စည်းနှစ်ခု ဝယ်နေတာပါ၊ ကြည့်စမ်း… ဒီမှင်ကျောက်ပြားက ဦးလေး အသုံးပြုဖို့ အလွန် သင့်တော်တယ်၊ ပြီးတော့ ဒီကလောင်တံအိမ်ကလည်း ကြည့်ရတာ အတော်လေး လှပတယ် မဟုတ်လား” ဟု ရှင်းပြလေသည်။

“ဟွန်း… နင်က ဘာမှ နားမလည်ပါဘူး” ယန်ရုက နှာခေါင်းရှုံ့လျက် ဆိုသည်။

“ကဲ… ဆရာကြီး၊ ဒီပစ္စည်းနှစ်ခုကို စျေးနှုန်း ဘယ်လောက် ကျသင့်မလဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

“ပစ္စည်းနှစ်ခုလုံးအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးပါ” ဟု ဆိုင်ရှင်က စိတ်မရှည်သော လေသံဖြင့် ဆိုချေသည်။

ဤစျေးနှုန်းမှာ အလွန်ပင် နိမ့်ကျနေပြီ ဖြစ်သဖြင့် ဆိုင်ရှင်အနေဖြင့် စျေးနှုန်းကို အများအပြား တောင်းဆိုထားခြင်း မဟုတ်ပေ။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် မကျေနပ်သေးသည့် အမူအရာဖြင့် “ဒီကျောက်စိမ်းပစ္စည်းတွေက တန်ဖိုးအများကြီး မရှိပါဘူး၊ အစ်ကိုကြီး… ဒါက စျေးကြီးလွန်းပါတယ်၊ ဒီလိုလုပ်ရအောင်… နှစ်ခုလုံးအတွက် အဆင့်နိမ် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ပဲ ပေးပါရစေ” ဟု ဆိုလေသည်။

ဆိုင်ရှင်သည် သွားကို တင်းတင်းကြိတ်လိုက်ပြီး ချင်ယွမ်ဖုန်းက မိမိအား ထပ်မံ၍ အနှောင့်အယှက် မပေးစေလိုတော့သည့်အလား အလျင်အမြန်ပင် လက်ကို ဝှေ့ယမ်းကာ “ယူသွား… ယူသွားတော့၊ မင်းလိုလူမျိုးနဲ့ အရောင်းအဝယ် လုံးဝ မလုပ်ချင်တော့ဘူး” ဟု ဆိုတော့သည်။

“ကောင်းပါပြီ” ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာဖြင့် “ယန်ရု… ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပေးလိုက်ဦး” ဟု ဆိုလိုက်သည်။

“ငါ့ကို ဝိညာဉ်ကျောက်တုံး ထုတ်ပေးခိုင်းတာလား” ယန်ရုသည် မလိုလားအပ်သည့် အမူအရာ ဖြစ်သွားသော်လည်း ချင်ယွမ်ဖုန်းတွင် ငွေကြေးတစ်ပြားတစ်ချပ်မျှ မရှိသည်ကို သိနားလည်ထားသဖြင့် ဂရုတစိုက်ဖြင့် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ကို ထုတ်ယူကာ ဆိုင်ရှင်ထံသို့ အပ်နှံလိုက်ရှာသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် ခေါင်းကို ခါယမ်းကာ “အို… အစ်ကိုကြီး ကြည့်စမ်းပါဦး၊ ငါ့ရဲ့ မိတ်ဆွေက စိတ်ဆိုးသွားပြီ၊ ဒီလိုလုပ်ရအောင်… ဒီလက်ကောက်လေးကိုပါ ငါ့ကို ပေးလိုက်ပါတော့” ဟု ဆိုချေသည်။

ထိုသို့ ပြောဆိုရင်း သူသည် ဆိုင်ပေါ်မှ ဟောင်းနွမ်းသောအသွင်ရှိသည့် ကြေးနီလက်ကောက်တစ်ခုကို အမှတ်မထင် ကောက်ယူလိုက်လေသည်။

“အို… မင်းပဲ ဒါတွေအားလုံးက အတုတွေလို့ ပြောခဲ့တာ မဟုတ်ဘူးလား…”

ယန်ရု စကားပင် မဆုံးသေးမီမှာပင် စးချင်ယွမ်ဖုန်းသည် သူမအား ထိုနေရာမှ အလျင်အမြန်ပင် ဆွဲခေါ်၍ ထွက်ခွာခဲ့တော့သည်။

ဆိုင်ရှင်ဖြစ်သူမှာမူ မျက်ရည်ဝဲမတတ် ခံစားလိုက်ရပြီး မိမိအနေဖြင့် ငွေကြေးတစ်ပြားတစ်ချပ်မျှ အမြတ်အစွန်း မရရှိခဲ့ရုံမျှမက လက်ကောက်တစ်ခုပါ ဆုံးရှုံးသွားရချေသည်။

“အို… နေဦး၊ အဲဒီလက်ကောက်က ပင်လယ်အောက်ခြေကနေ ငါ အမှန်အကန် ဆယ်ယူခဲ့တဲ့ ပစ္စည်းပါ၊ ငါတော့ အကြီးအကျယ် ရှုံးသွားပြီ” ဟု ဆိုင်ရှင်က စိတ်ပျက်အားလျော့စွာဖြင့် ညည်းတွားကျန်ရစ်တော့သည်။

“အာဟိုင်… နင်ပဲ ဒီပစ္စည်းတွေအားလုံးက အတုတွေလို့ ပြောခဲ့ပြီးတော့ ဘာလို့ အဲဒီလက်ကောက်ကို ယူခဲ့ရတာလဲ၊ မင်းက ငါ ဒါကို တကယ် ကြိုက်လိမ့်မယ်လို့ ထင်နေတာလား” ယန်ရုသည် ပိုက်ဆံအိတ်ကို ပိုက်လျက် မောက်မာသောအသွင်ဖြင့် ဆိုလေသည်။

ချင်ယွမ်ဖုန်းက လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခုကို ပြသလိုက်ပြီး “ယန်ရု… နင်ဒီလက်ကောက်ကို ဧကန်မုချ သဘောကျနှစ်သက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်” ဟု ဆိုချေသည်။

ထိုသို့ ပြောဆိုရင်း ချင်ယွမ်ဖုန်းသည် ကြေးနီလက်ကောက်ကို ကိုင်မြှောက်ကာ ပြင်းထန်စွာ ခါယမ်းလိုက်လေရာ လက်ကောက်ပေါ်ရှိ ကြေးနီသံချေးများနှင့် အခြားသော အမှတ်အသားများမှာ တိုက်ရိုက်ပင် ကွာကျသွားပြီး ယင်း၏ မူလစစ်မှန်သော ရုပ်အသွင်သဏ္ဌာန်က ပေါ်ထွက်လာတော့သည်။

ထိုလက်ကောက်တွင် စုစုပေါင်း ဆည်းလည်းကိုးလုံး ပါရှိပြီး ရှေးဟောင်းခေတ်က လက်ရာမြောက်လှသော အနုစိတ်ပန်းပုံရိပ်များ ထုဆစ်ထားချေသည်။

ထို့ပြင် ဆည်းလည်းများမှလည်း သာယာကြည်လင်လှသော အသံများကို မြည်ဟီးစေသဖြင့် ယန်ရုသည် မြင်မြင်ချင်းပင် ထိုလက်ကောက်လေးအား အလွန်တရာ စွဲလန်းနှစ်သက်သွားရတော့သည်။

All Chapters