အခန်း (၆၁၅-၆၁၆)
Vol. 31 Ch. 615-616
အခန်း (၆၁၅) ရေဘဝဲ မိစ္ဆာသားရဲ
ထိုစဉ် ယန်ရု၏ မျက်ဝန်းအစုံသည် ကွက်လပ်ပြင်ကြီးတစ်ခုကဲ့သို့ အသက်မဲ့နေပြီး ရှေ့တည့်တည့်သို့ ငေးစိုက်ကြည့်နေလေသည်။
သူမ၏ ပုံစံမှာ ဝိညာဉ် ချောက်ကပ်ခြင်း ခံထားရသူတစ်ဦးကဲ့သို့ပင် ဖြစ်နေတော့၏။
ထိုအချိန်တွင် ပင်လယ်ပြင်ထက်၌မူ ချင်ယွမ်ဖုန်းနှင့် စီဒန်ဟွာတို့သည် အဆင့်မြင့် မိစ္ဆာသားရဲ ရှိရာ နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေကြပြီ ဖြစ်သည်။
"ဦးလေး... အဲဒီ ပင်လယ်သားရဲက ဘယ်နားမှာလဲ"
ချင်ယွမ်ဖုန်းက တိုးတိုးသာသာ မေးမြန်းလိုက်သည်။
စီဒန်ဟွာက ပြုံးလိုက်ပြီး-
"အသံကို ခပ်အုပ်အုပ်ပဲ ထားပါ ၊ မနေ့တုန်းက ဦးလေး အဲဒီ မိစ္ဆာသားရဲကို ဒီနားတစ်ဝိုက်မှာ တွေ့ခဲ့တာ။ သိပ်ပြီး မဝေးလှတဲ့ နေရာမှာ ရှိနေမှာ သေချာတယ်"
သူ့စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေပြင်အောက်မှ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာလေတော့သည်။
"မဟန်ဘူး၊ မြန်မြန်... သွားကြစို့"
စီဒန်ဟွာက ရုတ်တရက် ကိုယ်တွင်းစွမ်းအားကို စိုက်ထုတ်လိုက်ရာ များပြားလှသော ကိုယ်တွင်းစွမ်းအင်တို့သည် ဝိညာဉ်လှေငယ်အတွင်းသို့ တမဟုတ်ချင်း စီးဝင်သွားပြီး လှေငယ်သည် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားတော့၏။
ယင်းနှင့်အတူ ထိုကြီးမားလှသော အရိပ်မည်းကြီးသည်လည်း ပင်လယ်ရေအောက်ခြေမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာပြီး ၎င်းတို့ထံသို့ တိုက်ရိုက်ဦးတည်ကာ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ချင်ယွမ်ဖုန်းသည် ထိုမျှမက ကြီးမားလှသော သတ္တဝါကြီးကို ငေးမောကြည့်ရင်း-
"ဦးလေး... ဦးလေးပြောတဲ့ ပင်လယ်သားရဲဆိုတာ ဒါကို ပြောတာလား"
၎င်းကား ရေဘဝဲနှင့်တူသော ပင်လယ်သားရဲကြီးတစ်ကောင် ဖြစ်ပေသည်။ ပင်လယ်ရေပြင်ထက်သို့ ပေါ်ထွက်နေသော ၎င်း၏ ဦးခေါင်းတစ်ခုတည်းတင် အိမ်ကြီးတစ်လုံးထက်ပင် ပိုမိုကြီးမားနေပြီး ဦးခေါင်း၏ ဝဲယာတစ်ဖက်တစ်ချက်တွင် လှည်းဘီးခန့်ရှိသော မျက်လုံးကြီးနှစ်လုံး ရှိနေသည်။
ပင်လယ်ရေမျက်နှာပြင်အောက်တွင်မူ သစ်ပင်ကြီးတစ်ပင်စာခန့် တုတ်ခိုင်လှသော ရေဘဝဲလက်တံကြီး တစ်ဆယ်ကျော်သည် လှုပ်ရှားနေကြ၏။
"သတိထား"
ဧရာမလှိုင်းလုံးကြီး လှိမ့်ဝင်လာသည်ကို မြင်သည်နှင့် စီဒန်ဟွာသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ အလျင်အမြန် ခုန်ဝင်လိုက်ပြီး ကိုယ်တွင်းစွမ်းအင်များကို သူ့လက်ရှိ သုံးခွလှံအတွင်းသို့ အလုံးအရင်း ထည့်သွင်းကာ အင်တိုက်အားတိုက် လွှဲခုတ်ချလိုက်လေသည်။
၎င်းတို့ရှေ့ရှိ ဧရာမလှိုင်းလုံးကြီးသည် နှစ်ခြမ်းကွဲသွားပြီး ၎င်းတို့ကို လွှဲဖယ်၍ ဝေးရာသို့ ပြယ်လွင့်သွားတော့၏။
"မနေ့ကတော့ သတိမထားမိလိုက်ဘူး၊ ဒီအနံ့အသက်မကောင်းတဲ့ ရေဘဝဲက တကယ်ပဲ ဒီလောက်တောင် စွမ်းဆောင်နိုင်ရည် ရှိလိမ့်မယ်လို့ မထင်ထားမိဘူး" စီဒန်ဟွာက တည်ငြိမ်စွာ ဆိုသည်။
ချင်ယွမ်ဖုန်းသည် တအံ့တဩ ဖြစ်သွားရာမှ ယခုမှပင် အသိပြန်ဝင်လာဟန်ဖြင့်-
"ဟုတ်ပါပီ ဦးလေးရယ်၊ ဦးလေးက အရင်တုန်းက ဒီလောက်ကြီးတဲ့ ပင်လယ်သားရဲတွေကို အမဲလိုက်ခဲ့တာလား"
"မင်းအတွက် ဦးလေး ရှာပေးထားတဲ့ ပင်လယ်သားရဲက ဒါထက်တောင် ကြီးသေးတယ်၊ ဘာလဲ... မင်း ကြောက်နေတာလား" စီဒန်ဟွာက ရယ်မောလျက် မေးမြန်း၏။
"နည်းနည်းတော့ ရင်တုန်တာပေါ့" ချင်ယွမ်ဖုန်းက အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။
ထိုရေဘဝဲကြီးသည် သေးငယ်လှသော လူသားနှစ်ယောက်က မိမိအား ရန်စဝံ့သည်ကို တွေ့ရှိသောအခါ ပင်လယ်ပြင်ထဲမှ ကြီးမားလှသော ရေဘဝဲလက်တံကြီးတစ်ခုကို ရုတ်တရက် မြှောက်ချီ၍ ချင်ယွမ်ဖုန်းနှင့် သူ့အဖော်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
"ကောင်လေး... ဦးလေးကို သေသေချာချာ ကြည့်ထားစမ်း"
ထိုအချိန်တွင် ဝိညာဉ်လှေငယ်သည် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားပြီး စီဒန်ဟွာကမူ ရုတ်တရက် မြှောက်တက်သွားကာ လက်ထဲမှ သုံးခွလှံသည် ထက်မြက်အေးစက်သော အလင်းတန်းကို ထုတ်လွှတ်နေသည်။
"ဦးလေး... သတိထားပါ" ချင်ယွမ်ဖုန်းသည် အနောက်မှနေ၍ လှမ်းအော်ရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။
စီဒန်ဟွာက ပြုံးလိုက်၏။ တုတ်ခိုင်လှသော ရေဘဝဲခြေတံကြီးကို ရင်ဆိုင်ရာတွင် သူသည် စိုးရိမ်ကြောက်ရွံ့ခြင်း အလျှင်းမရှိဘဲ ရှေ့သို့ တိုးဝင်သွားကာ လက်ထဲမှ သုံးခွလှံဖြင့် သူ့ရှေ့တွင် လခြမ်းပုံသဏ္ဌာန် ငွေရောင်အကွင်းတစ်ခုကို ဖြတ်တောက်လိုက်လေသည်။
ထိုတုတ်ခိုင်လှသော ရေဘဝဲခြေတံကြီးသည် တိုက်ရိုက်ပင် ပြတ်တောက်သွားပြီး ပြတ်စမျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွေ့နေကာ ဓားဖြင့် တိတိရိရိ လှီးဖြတ်လိုက်သကဲ့သို့ ဖြစ်နေတော့၏။
ချင်ယွမ်ဖုန်းသည် စီဒန်ဟွာ၏ အစွမ်းအစအပေါ် အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုသွားမိသည်။
စီဒန်ဟွာသည် ပထမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိသေးပြီး ကိုယ်ရံစွမ်းအင်ကိုပင် ခန္ဓာကိုယ်အပြင်ဘက်သို့ မထုတ်လွှတ်နိုင်သော်လည်း သူ၏ လက်တွေ့အင်အားမှာမူ အလွန်တရာ အားကိုးလောက်ပေသည်။
မိမိထက် အဆပေါင်းရာချီ ကြီးမားသော ရေဘဝဲ ပင်လယ်သားရဲကြီးကို ရင်ဆိုင်ရာတွင်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိချေ။
ရေဘဝဲခြေတံမှ သွေးများ ပန်းထွက်လာသည်။ ရေဘဝဲကြီးသည် နာကျင်မှုကို ခံစားရသဖြင့် ပိုမိုဒေါသထွက်လာပြီး ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးကို သောင်းကျန်းလှုပ်ခတ်စေကာ လှိုင်းလုံးကြီးများကို ထကြွစေတော့၏။
ပင်လယ်ရေအောက်ခြေမှ ရေဘဝဲခြေတံများ ပိုမိုများပြားစွာ ထွက်ပေါ်လာပြီး လက်တံများစွာရှိသော မိစ္ဆာကောင်ကြီးများကဲ့သို့ စီဒန်ဟွာကို တိုက်ရိုက် ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
စီဒန်ဟွာသည် ပင်လယ်ပြင်ထက်တွင် ပေါလောပေါ်နေသော ပြတ်တောက်သွားသည့် ရေဘဝဲခြေတံကြီးပေါ်တွင် မတ်တပ်ရပ်လျက် သုံးခွလှံကို ကိုင်ဆောင်ကာ တည်ငြိမ်စွာပင် ကြည့်ရှုနေသည်။
"အို... ခက်ပါလား၊ ငါ့ကို ဒီလက်တံတွေနဲ့ လာမတိုက်ပါနဲ့လား။ ရေဘဝဲခြေတံတွေက စားလို့အကောင်းဆုံးပဲဟာကို၊ မင်းက အကုန်လုံးကို စုတ်ပြတ်သတ်အောင် လုပ်ပစ်ရင် ငါ ဘယ်လိုလုပ် စားရတော့မှာလဲ" စီဒန်ဟွာက အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောဆိုလိုက်သည်။
သို့သော်လည်း ရေဘဝဲကြီးသည် စီဒန်ဟွာ၏ စကားကို နားမထောင်ဘဲ ယင်းအစား ၎င်း၏ ရေဘဝဲခြေတံအားလုံးကို အသုံးချကာ စီဒန်ဟွာကို တိုက်ခိုက်လေသည်။
ထို့ပြင် စီဒန်ဟွာ ဖြတ်တောက်ခဲ့သော ရေဘဝဲလက်တံကြီးသည်ပင် ဖြည်းညှင်းစွာ ပြန်လည်ပေါက်ဖွားလာနေသည် မဟုတ်လော။
"ဘယ်လောက်တောင် ပြန်လည်ရှင်သန်နိုင်စွမ်း အားကောင်းလိုက်တဲ့ အရာလဲ" စီဒန်ဟွာက အံ့အားသင့်သွားသော်လည်း သူ့လက်များကမူ ညှာတာခြင်း အလျှင်းမရှိချေ။
ရေဘဝဲခြေတံတစ်ခုပြီးတစ်ခု ပြတ်တောက်သွားကာ ပင်လယ်ရေမျက်နှာပြင်ထက်သို့ ကျဆင်းသွားတော့၏။
ချင်ယွမ်ဖုန်းသည် အဝေးမှနေ၍ ထိုမြင်ကွင်းကို သဘောကျစွာ ကြည့်ရှုနေသော်လည်း ဘေးအန္တရာယ်က သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ရေဘဝဲလက်တံတစ်ခုသည် ပင်လယ်ရေအောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း မတ်တပ်ရပ်နေသော ဝိညာဉ်လှေငယ်ကို တိုက်ရိုက် တိမ်းမှောက်စေခဲ့ရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားရတော့၏။
"အာဟိုင်"
စီဒန်ဟွာသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်နှလုံး တုန်လှုပ်သွားရသည်။ ရေဘဝဲ ပင်လယ်သားရဲကြီးသည် မိမိနှင့် တိုက်ခိုက်နေစဉ်အတွင်း ချင်ယွမ်ဖုန်းကိုပါ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။
"သေပေတော့... မိစ္ဆာကောင်ရဲ့"
စီဒန်ဟွာက အော်ဟစ်လိုက်ပြီး လက်ထဲမှ သုံးခွလှံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
သုံးခွလှံ၏ ရှေ့ဖျားရှိ ထက်မြက်သော ဆူးချွန်နှစ်ခုသည် အေးစက်သော အလင်းရောင်ကို ဖြာထွက်စေ၏။
သူ၏ ခန္ဓာကိုယ်သည် အထက်သို့ မြင့်မားစွာ ခုန်တက်သွားပြီးနောက် ရေဘဝဲကြီး၏ ဦးခေါင်းထံသို့ တရှိန်ထိုး ကျဆင်းသွားကာ လက်ထဲမှ သုံးခွလှံဖြင့် ရေဘဝဲ၏ ဦးခေါင်းခွံကို ဖောက်ထွင်းပစ်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ရေဘဝဲခြေတံတစ်ခုသည် ပြင်းထန်စွာ ရိုက်ခတ်လာပြီး စီဒန်ဟွာ၏ ခါးကို တိုက်ရိုက်ပတ်လျက် သူ့ကို ဝေဟင်အလယ်တွင် ဆွဲချိတ်ထားတော့၏။
စီဒန်ဟွာသည် ထိုရေဘဝဲခြေတံကို ဖြတ်တောက်ရန် ပြင်လိုက်သော်လည်း သူ၏ အကြည့်သည် ပင်လယ်ရေမျက်နှာပြင်ထက်သို့ မတော်တဆ ကျရောက်သွားရာမှ တခဏချင်းပင် မှင်တက်သွားရသည်။
ပင်လယ်ပြင်ထက်တွင် ပေါလောပေါ်နေသော ရေဘဝဲခြေတံများသည် မူလက သူ ဖြတ်တောက်ထားခဲ့သော အစိတ်အပိုင်းများ ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုရေဘဝဲခြေတံများသည် အသက်ပြန်ဝင်လာပြီး ရေဘဝဲ ပင်လယ်သားရဲငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားကြချေပြီ။
"မင်းက ဒီလိုမျိုး မျိုးပွားတာလား" စီဒန်ဟွာက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ဖြတ်တောက်ထားသော အစိတ်အပိုင်းများမှ ပြန်လည်ပေါက်ဖွားလာသော ရေဘဝဲငယ်လေးများသည် တစ်ကောင်ပြီးတစ်ကောင် ကူးခတ်လာကြသည်။
၎င်းတို့တွင်လည်း ရှည်လျားသော လက်တံများ ရှိကြပြီး သိပ်သည်းဆဲ သိပ်သည်းနေကာ အသက်ကို ရန်ရှာမည့် ကလဲ့စားချေဝိညာဉ်များကဲ့သို့ပင် မြင်တွေ့ရတော့၏။
စီဒန်ဟွာသည် လက်ထဲမှ သုံးခွလှံကို လှည့်ပတ်လိုက်ရာ သူ့ကို ပတ်ခွေထားသော ရေဘဝဲခြေတံသည် တိုက်ရိုက် ပြတ်တောက်သွားသည်။
သို့သော်လည်း ရေဘဝဲကြီးနှင့် ရေဘဝဲငယ်များထံမှ ရေဘဝဲခြေတံများ ပိုမိုများပြားစွာ ထွက်ပေါ်လာပြီး သူ့ကို ထိုနေရာတွင်ပင် တင်းကျပ်စွာ တုတ်နှောင်ထားကြပြန်သည်။
ရေဘဝဲခြေတံများ ပိုမိုများပြားလာပြီး စီဒန်ဟွာကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာကြတော့သည်။ ယခုအကြိမ်တွင်မူ စီဒန်ဟွာသည် အမှန်တကယ်ပင် အခြေအနေမလှ ဖြစ်နေရချေပြီ။
ခဏချင်းတွင်ပင် စီဒန်ဟွာသည် လက်သီးချက်ပေါင်း တစ်သောင်းမက ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ မျက်နှာတစ်ခုလုံးလည်း ဖူးရောင်သွားတော့၏။
"တောက်... မျက်နှာကိုတော့ မရိုက်ပါနဲ့လား" စီဒန်ဟွာသည် သူ၏ ဦးခေါင်းကို မနည်းကာကွယ်ထားရပြီးနောက် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းကို ရှာဖွေရတော့သည်။
ထိုရေဘဝဲခြေတံများ၏ တိုက်ခိုက်မှုမှာ ပြင်းထန်လှသော်လည်း စီဒန်ဟွာ ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း၌သာ ရှိသေးသဖြင့် သူ သေဆုံးသွားသည်အထိတော့ မဖြစ်နိုင်ချေ။
ချင်ယွမ်ဖုန်း၏ အခြေအနေနှင့် ပတ်သက်၍မူ စီဒန်ဟွာသည် လောလောဆယ်တွင် သူ့ကို ကယ်တင်ရန် အားအင် မရှိတော့ချေ။
"အာဟိုင်... မင်း သေလို့မဖြစ်ဘူးနော်၊ မဟုတ်ရင် ငါ ပြန်ရောက်တဲ့အခါ ယန်ရုက ငါ့ကို အရှင်လတ်လတ် စားပစ်လိမ့်မယ်" စီဒန်ဟွာက တိုးတိုးရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် ဝေဟင်ထဲသို့ တိုက်ရိုက် လွင့်စင်သွားပြီးနောက် ရေဘဝဲခြေတံတစ်ခု၏ ပတ်ခွေခြင်းကို ခံလိုက်ရကာ ပင်လယ်ရေပြင်ထက်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရလေသည်။
ထိုရိုက်ခတ်မှု၏ အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသည်။ ထိုမျှမကသော အရှိန်ဖြင့် ပင်လယ်ရေမျက်နှာပြင်ကို ရိုက်ခတ်မိခြင်းမှာ ကွန်ကရစ်ကြမ်းပြင်ကို ဆောင့်မိသကဲ့သို့ပင် ဖြစ်နေတော့၏။
ချင်ယွမ်ဖုန်းသည် သူ၏ ရင်ဘတ်အတွင်းမှ အောင့်တောင့်တောင့် နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးလည်း ကိုက်ခဲနေကာ ခန္ဓာကိုယ်မှာ ပင်လယ်ရေအောက်သို့ တိုက်ရိုက် နစ်မြုပ်သွားတော့သည်။
ထိုသို့ ပျာယာခတ်နေစဉ်အတွင်း ချင်ယွမ်ဖုန်းသည် ရေမျက်နှာပြင်ထက်သို့ ရုန်းကန်ကူးခတ်ခဲ့ပြီး နောက်ဆုံးတွင်မူ ရေပြင်ထက်သို့ ခေါင်းပြူထွက်လာနိုင်ခဲ့သည်။
မနီးမဝေးတွင်မူ စီဒန်ဟွာသည် ဝေဟင်အလယ်တွင် ချိတ်ဆွဲခံထားရလျက် ပြင်းထန်စွာ အရိုက်ခံနေရပြီး အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်နေကာ ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်ပင် သနားစိတ် အနည်းငယ် ဖြစ်ပေါ်လာစေသည်။
"ဦးလေးက ပင်လယ်သားရဲတွေ ပင်ပန်းသွားတဲ့အထိ စောင့်ပြီးမှ ဖမ်းဆီးတတ်တာကိုး၊ သူက တကယ်ပဲ အံ့ဩဖို့ကောင်းတာပဲ" ချင်ယွမ်ဖုန်းက လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်မိသည်။
သို့သော်လည်း သူ၏ ကိုယ်ပိုင်အခြေအနေမှာမူ ထိုအချိန်တွင် သိပ်ပြီး မထူးခြားလှချေ။ ရေဘဝဲ ပင်လယ်သားရဲငယ်တစ်ကောင်သည် ချင်ယွမ်ဖုန်းထံသို့ ဦးတည်လာပြီး လက်ဖျံခန့် တုတ်ခိုင်လှသော ရေဘဝဲခြေတံ တစ်ဆယ်ကျော်သည် ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်လှသော တိုက်ခိုက်မှုများအဖြစ် မိုးရွာသကဲ့သို့ ကျဆင်းလာလေတော့သည်။
အခန်း(၆၁၆)
ပင်လယ်ရေပြင်သည် တစ်ခဏချင်းအတွင်းမှာပင် အရစုတ်ပြတ်ကာ လှိုင်းတံပိုးများ ထန်သွားချေသည်။
ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ရေဘဝဲသားရဲငယ်၏ တိုက်ခိုက်မှုကို ရှောင်ကွင်းရန် ရေထဲသို့ တိုက်ရိုက် ငုပ်လျှိုးသွားခဲ့၏။
သို့သော်လည်း ထိုရေဘဝဲသားရဲငယ်သည် လက်လျှော့ခြင်းမရှိဘဲ ရေထဲသို့ လိုက်လံငုပ်လျှိုးကာ ချင်ယွမ်ဖုန်းအား ထပ်မံ၍ အသည်းအသန် တိုက်ခိုက်ပြန်သည်။
ချင်ယွမ်ဖုန်း၏ ရေကူးနှုန်းသည် ရေဘဝဲသားရဲငယ်ကို ယှဉ်နိုင်စွမ်း မရှိပေရာ မကြာမီပင် အမီလိုက်ခြင်း ခံလိုက်ရပြီး ရေဘဝဲလက်တံတစ်ခုက ချင်ယွမ်ဖုန်း၏ ခြေထောက်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်တော့သည်။
ဘေးကျပ်နံကျပ် အခြေအနေတွင် ချင်ယွမ်ဖုန်းသည် မိမိရှိသမျှ အားအင်အကုန်သုံး၍ ရုန်းကန်သော်လည်း ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းတို့သည် စိတ်ထဲ၌ ရှင်းလင်းပြတ်သားသွားချေသည်။
သူ့ထံသို့ ဦးတည်ကူးခတ်လာနေသော ရေဘဝဲမိစ္ဆာငယ်၏ လှုပ်ရှားမှုများသည် သူ့မျက်စိထဲ၌ နှေးကွေးသွားသကဲ့သို့ ဖြစ်သွားပြီး အဝေးရှိ ရေဘဝဲသားရဲကြီးပင်လျှင် တရွေ့ရွေ့သာ လှုပ်ရှားနိုင်တော့သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ ယခုကြုံတွေ့နေရသည့် အခြေအနေသည် ဈေးအတွင်း၌ ဆေးဖော်စပ်စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် တစ်ထေရာတည်း တူညီနေပေသည်။
တစ်စုံတစ်ရာသော စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲမှ တိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိ အခြေအနေ အရပ်ရပ်ကို သူ့စိတ်အာရုံထဲသို့ ပြန်လည် ထင်ဟပ်စေခြင်း ဖြစ်တန်ရာသည်။
"ဒါ... ဝိညာဉ်စွမ်းအားလား"
ချင်ယွမ်ဖုန်းသည် ရုတ်တရက် သဘောပေါက်သွားမိသည်။
သိုင်းပညာရှင်တစ်ယောက်၏ စွမ်းအားသည် ခန္ဓာကိုယ်ခွန်အားနှင့် ကိုယ်တွင်းစွမ်းအင်အပေါ်၌သာ ကန့်သတ်ထားသည်မဟုတ်ဘဲ အလွန်တရာ ဆန်းကြယ်လှသော ဝိညာဉ်စွမ်းအားလည်း ရှိသေးချေသည်။
သို့သော် သိုင်းပညာရှင်အများစုမှာမူ ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်စွမ်း အလွန်ပင် နည်းပါးလှ၏။
ဆေးဖော်စပ်သူများပင်လျှင် အများစုမှာ မိမိတို့၏ ဝိညာဉ်စွမ်းအားကို ကန့်သတ်ချက်တစ်ခုအထိသာ မြှင့်တင်နိုင်ကြသည်။
ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်စဉ်ကတည်းက ဤစွမ်းအားသည် ဒဏ္ဍာရီလာ ဝိညာဉ်စွမ်းအား ဖြစ်ကြောင်းကို သိရှိခဲ့သင့်သည်။
မိမိ၏ ဝိညာဉ်စွမ်းအားသည် အခြားသူများနှင့်မတူဘဲ အလွန်တရာ ထူးခြားထက်မြက်နေသည်ကို သူ သတိပြုမိလိုက်၏။
ထိုစွမ်းအားသည် သန်မာထက်မြက်ရုံသာမက မိမိ၏ လက်မောင်းကဲ့သို့ပင် စိတ်တိုင်းကျ ခိုင်းစေနိုင်ပြီး အလွန်ပင် အသုံးတည့်လှပေသည်။
ရေဘဝဲသားရဲငယ်သည် သူ့ရှေ့သို့ ဒုံးကျည်ကဲ့သို့ ပြေးဝင်လာပြီး တုတ်ခိုင်လှသော ရေဘဝဲလက်တံဖြင့် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အသက်ရှူကျပ်၍ သေဆုံးသွားစေရန် ကြံစည်နေချေသည်။
သို့သော်လည်း အနန္တှသော ဝိညာဉ်စွမ်းအားတို့သည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးတစ်ပြင်အဖြစ် ပြောင်းလဲသွားပြီး ရေဘဝဲသားရဲငယ်အား ရုပ်သေးရုပ်လေးတစ်ခုကို ဖမ်းဆုပ်လိုက်သကဲ့သို့ တိုက်ရိုက် ဖမ်းချုပ်လိုက်တော့သည်။
မိမိ၏ စွမ်းအား မည်မျှအထိ ထက်မြက်သည်ကို သိရှိသွားသောအခါ ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး ရေဘဝဲသားရဲငယ်၏ ရှေ့တည့်တည့်သို့ ကူးခတ်သွားလိုက်၏။
ရေဘဝဲသားရဲငယ်သည် အစွမ်းကုန် ရုန်းကန်သော်လည်း မြူတစ်မှုန်မျှ မလှုပ်ရှားနိုင်ဘဲ အလွန်တရာ စိတ်ပျက်အားငယ်နေသည့် ပုံစံ ပေါက်နေချေသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် မိမိကိုယ်မိမိ ခွန်အားကြီးမားသည်ဟု အစဉ်သဖြင့် ပြောဆိုခဲ့ဖူးရာ ယခုအခါတွင် မိမိ၏ ခွန်အား မည်မျှအထိ ရှိသည်ကို စမ်းသပ်ကြည့်လိုစိတ် ပြင်းပြလာမိ၏။
'မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့၊ ဒီညတော့ မင်းကို ကင်စားပစ်မယ်'
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှနေ၍ ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ရေဘဝဲသားရဲငယ်၏ ဦးခေါင်းတည့်တည့်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
အုန်းခနဲ မြည်သံနှင့်အတူ ပင်လယ်ရေအောက်၌ ဧရာမ ရေပူဖောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရေပြင်ပေါ်သို့ လျင်မြန်စွာ လွင့်တက်သွားချေသည်။
ထိုရေဘဝဲသားရဲငယ်မှာမူ ချင်ယွမ်ဖုန်း၏ လက်သီးချက်အောက်တွင် အသားစိမ်းတုံးများအဖြစ်သို့ တိုက်ရိုက် ကြေမွပျက်စီးသွားရရှာသည်။
ချင်ယွမ်ဖုန်းသည် ရေစုန်းစုန်းမြုပ်နေသည့် အသားစစ အရိုးစများ ပင်လယ်ရေနှင့် ရောနှောသွားသည်ကို အံ့အားသင့်စွာ ကြည့်ရှုရင်း မည်သို့ပြောရမှန်း မသိအောင် ဖြစ်နေမိ၏။ မိမိ၏ ခွန်အား ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"သွားပြီ၊ အခုတော့ စားလို့မရတော့ဘူး။ "
တစ်ဖက်တွင်မူ အပြင်းအထန် အရိုက်အနှက် ခံနေရသော စီဒန်ဟွာသည် နောက်ဆုံးတွင် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ရရှိသွားချေပြီ။
သူ့ခန္ဓာကိုယ်သည် ရေဘဝဲခြေထောက်များကြားမှ ရုန်းထွက်လိုက်ပြီး ဝုန်းခနဲ ခုန်တက်ကာ ရေဘဝဲသားရဲကြီး၏ ဦးခေါင်းထက်သို့ နင်းချလိုက်၏။
ထို့နောက် မိမိ၏ သုံးခွလှံကို ရေဘဝဲသားရဲကြီး၏ ဦးခေါင်းတည့်တည့်သို့ ရက်စက်စွာ ထိုးစိုက်ချလိုက်တော့သည်။
ရေဘဝဲသားရဲကြီး၏ ခန္ဓာကိုယ်သည် ရုန်းကန်လှုပ်ရှားသွားပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးကြောင့် ပင်လယ်ပြင်ထက်၌ လှိုင်းလုံးကြီးများ ထန်သွားရချေသည်။
သို့သော်လည်း ဤသုံးခွလှံချက်သည် အသက်အန္တရာယ်ဖြစ်စေလောက်အောင် မပြင်းထန်ပေရာ ရေဘဝဲလက်တံများသည် စီဒန်ဟွာထံသို့ ဆက်လက်၍ ရိုက်ခတ်လာနေဆဲပင် ဖြစ်သည်။
စီဒန်ဟွာသည်လည်း စိတ်ထဲတွင် အလွန်တရာ ပူပန်လာမိ၏။ အကြောင်းမူကား ချင်ယွမ်ဖုန်းသည် ရေထဲသို့ မြုပ်သွားကတည်းက ယခုထက်တိုင် ရေပြင်ပေါ်သို့ ပြန်လည် ပေါ်မလာတော့သောကြောင့် ဖြစ်ချေသည်။
သူသည် ရေအောက်၌ ရေဘဝဲသားရဲကြီး၏ ရစ်ပတ်ခြင်းကို ခံလိုက်ရပြီလော။
သူသည် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေရာ တာဝန်ယူမှုရှိရှိဖြင့် တစ်ကိုယ်လုံး အကောင်းပကတိအတိုင်း ပြန်လည်ခေါ်ဆောင်သွားလိုသည့် စိတ်ဆန္ဒ ရှိချေသည်။
ထို့ကြောင့် သူသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ချင်ယွမ်ဖုန်းရှိရာကို ရှာဖွေရန် ပင်လယ်ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။
သိုသော် စီဒန်ဟွာ ရေထဲသို့ ခုန်ဆင်းသွားသည့် အချိန်၌ပင် ချင်ယွမ်ဖုန်းသည် ရေဘဝဲလက်တံတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရေပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက်လာခဲ့ချေပြီ။
"ဦးလေး၊ ကျွန်တော် ဦးလေးကို ကယ်ဖို့ လာပြီ"
ချင်ယွမ်ဖုန်းသည် စီဒန်ဟွာ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ရေဘဝဲသားရဲကြီး သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု ထင်မှတ်ကာ စိတ်ထဲတွင် ဒေါသအဟုန်တို့ အလိပ်လိပ် ထွက်ပေါ်လာချေသည်။
သူသည် ရေဘဝဲသားရဲကြီး၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ခုန်တက်ကာ လက်သီးဖြင့် အရှိန်အကုန်သုံး၍ ထိုးချလိုက်တော့သည်။
အတိုင်းအဆမဲ့သော ခွန်အားများသည် သူ့လက်မောင်းမှတစ်ဆင့် ရေဘဝဲသားရဲကြီး၏ ဦးခေါင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားချေသည်။
ရုန်းကန်လှုပ်ရှားနေသော ရေဘဝဲသားရဲကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ရုတ်ချည်းဆိုသလိုပင် ငြိမ်သက်သွားရတော့၏။
တစ်ခဏမျှအကြာတွင် ထိုဆန်းကြယ်လှသော ဦးခေါင်းကြီးသည် ဝုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားပြီး သွေးစသားစများသည် ကောင်းကင်ယံထက်သို့ လွင့်စင်ကာ သွေးမိုးရွာသွန်းသကဲ့သို့ ကျဆင်းလာချေသည်။
ဖြတ်တောက်ခံလိုက်ရသော လက်တံများမှ ဖြစ်ပေါ်လာသည့် ရေဘဝဲသားရဲငယ်လေးများသည်လည်း ပင်လယ်ရေပြင်ထက်၌ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကာ အလိုအလျောက် ပေါ်လာကြတော့သည်။
စီဒန်ဟွာသည် ပင်လယ်ရေပြင်ကြီး ငြိမ်သက်သွားသည်ကို ခံစားမိသဖြင့် ရေပြင်ပေါ်သို့ ခေါင်းပြူ၍ ကြည့်လိုက်ရာ မိမိအား အချိန်အတော်ကြာအောင် နှိပ်စက်ခဲ့သော ရေဘဝဲသားရဲကြီး၏ ဦးခေါင်းသည် ပေါက်ကွဲထွက်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရချေသည်။
"ငါက ဒီလောက်တောင် သန်မာတာလား"
စီဒန်ဟွာသည် မိမိ ထိုးစိုက်လိုက်သော သုံးခွလှံကြောင့် ရေဘဝဲသားရဲကြီး သေဆုံးသွားရခြင်း ဖြစ်သည်ဟုသာ ထင်မှတ်နေဆဲပင်။
ချင်ယွမ်ဖုန်းသည် သွေးမိုးများကြားမှ ထွက်လာပြီး မလှမ်းမကမ်းရှိ စီဒန်ဟွာကို မြင်သောအခါ အလျင်အမြန် လက်ဝှေ့ယမ်းလျက် မေးမြန်းလိုက်သည်။
"ဦးလေး၊ အဆင်ပြေရဲ့လား"
စီဒန်ဟွာသည် မိမိ၏ ဝိညာဉ်လှေငယ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းသည် ပြင်းထန်စွာ ပျက်စီးဆုံးရှုံးခြင်း မရှိဘဲ ဆက်လက်အသုံးပြုနိုင်သေးကြောင်း တွေ့ရသဖြင့် ချင်ယွမ်ဖုန်းကို အမြန်ဆုံး လှေပေါ်သို့ ခေါ်တင်လိုက်ချေသည်။
"အာဟိုင်၊ မင်း အဆင်ပြေရဲ့လား။ ဘာလို့ ဟိုဘက်ကို လျှောက်ပြေးရတာလဲ"
စီဒန်ဟွာသည် ပင်လယ်ရေဖြင့် မိမိကိုယ်ပေါ်ရှိ သွေးစများကို ဆေးကြောရင်း မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းမှာမူ သန့်ရှင်းသော ပင်လယ်ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းကာ ရေချိုးသန့်စင်ပြီးနောက် လှေပေါ်သို့ ပြန်လည် တက်လာခဲ့သည်။
"ဦးလေး အန္တရာယ်ကြုံနေတာကို တွေ့လို့ ကျွန်တော် ပြေးလာတာ၊ ပြီးတော့ အဲဒီကောင်ကြီးကို လက်သီးတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်တာပေါ့"
ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ပြောဆိုလိုက်၏။
"လက်သီးတစ်ချက်တည်း ဟုတ်လား"
စီဒန်ဟွာသည် ရုတ်တရက် သဘောပေါက်သွားချေပြီ။
သူသည် မိမိ၏ သုံးခွလှံချက်မျှဖြင့် ရေဘဝဲသားရဲကြီး၏ ဦးခေါင်းကို မည်သို့ကြောင့် ပေါက်ကွဲစေနိုင်သနည်းဟု အမြဲတစေ သံသယဝင်နေခဲ့သော်လည်း ယခုအခါတွင်မူ ထိုအရာသည် သူ့ကြောင့် မဟုတ်ကြောင်း သိရှိသွားရတော့သည်။
ချင်ယွမ်ဖုန်းက ရေဘဝဲသားရဲကြီး၏ ဦးခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် မှုန့်မှုန့်ညက်ညက် ကြေစေခဲ့ခြင်း ဖြစ်ပေသည်။
"မင်းရဲ့ ခွန်အားက ဒီလောက်တောင် ကြီးမားတာလား"
စီဒန်ဟွာသည် သံသယစိတ်များဖြင့် မေးမြန်းလိုက်ဆဲပင်။
ချင်ယွမ်ဖုန်းသည် မိမိ၏ လက်သီးကို ကြည့်ကာ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ခေါင်းယမ်းလျက် ပြန်ပြော၏။
"ကျွန်တော်လည်း သေသေချာချာ မသိဘူး"
"လာ၊ ငါ့ကို တစ်ချက်လောက် ထိုးကြည့်စမ်း"
စီဒန်ဟွာသည် မိမိ၏ ရင်ဘတ်ကို ကော့ပေးလိုက်ရာ သူ၏ ကြွက်သားအမြှောင်းမြှောင်းနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံသည် စည်းကျကျ ပေါ်လွင်နေချေသည်။
"ဦးလေးကို ထိုးရမယ် ဟုတ်လား"
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်သွားမိ၏။
"ဟုတ်တယ်"
စီဒန်ဟွာက ခေါင်းညိတ်ပြလျက် စိန်ခေါ်လိုက်သည်။
"အားကုန်သုံးပါ၊ အားနာမနေနဲ့"
"ကောင်းပါပြီ"
ချင်ယွမ်ဖုန်းသည် မတတ်သာသည့်အဆုံး မတ်တတ်ရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စီဒန်ဟွာ၏ ရင်ဘတ်တည့်တည့်သို့ အားထည့်၍ ထိုးနှက်လိုက်တော့သည်။
စီဒန်ဟွာ၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ တုန်ခါသွားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။
"တကယ်ကို သန်မာတာပဲ။ ရေဘဝဲသားရဲကြီးရဲ့ ဦးခေါင်းကို မင်းပဲ ခြေမှုန်းခဲ့တာဆိုတာ ငါ ယုံပါပြီ"
"အော်၊ ဒါဆို ကျွန်တော့်ခွန်အားက ဘယ်လောက်အထိ ရှိတာလဲ"
ချင်ယွမ်ဖုန်းသည် ဤမေးခွန်းကိုသာ အလေးအနက်ဆုံး သိလိုနေပေသည်။
"ငါ့ထက်တော့ နည်းနည်းလေး လျော့တာပေါ့"
စီဒန်ဟွာက ဟန်မပျက် ပြောဆိုလိုက်၏။
ချင်ယွမ်ဖုန်းသည် ကလေးငယ်တစ်ယောက်ကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသည်။
အကြောင်းမူကား သူ ယခုလေးတင် အသုံးပြုလိုက်သော ခွန်အားသည် မိမိ၏ တကယ့်ခွန်အား အစစ်အမှန် ဆယ်ပုံတစ်ပုံမျှပင် မရှိသောကြောင့် ဖြစ်ချေသည်။
စီဒန်ဟွာသည် လှည့်ထွက်သွားပြီးနောက် အဝေးသို့ ရောက်မှသာ ဝုန်းခနဲ သွေးတစ်လုပ် အန်ချလိုက်ရရှာသည်။
ချင်ယွမ်ဖုန်း၏ လက်သီးချက်သည် သူ့အား ကိုယ်တွင်းဒဏ်ရာ အပြင်းအထန် ရရှိစေလောက်နီးပါး ဖြစ်သွားခဲ့ရ၏။
ယခုလေးတင် အေးအေးလူလူ ဟန်ဆောင်နေခြင်းမှာ မာနကြောင့်သာ ဖြစ်ပြီး ထိုလက်သီးချက်၏ ပြင်းအားသည် သူ့ထက်ပင် သာလွန်နေချေပြီ။
သို့သော်လည်း စီဒန်ဟွာသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ သိက္ခာမကျလိုသဖြင့် သွေးစများကို အလျင်အမြန် သုတ်သင်လိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြန်လည် ထိုင်လိုက်ချေသည်။
"အာဟိုင်၊ ရေဘဝဲသားရဲကြီးရဲ့ မှော်အမြူတေကို သွားရှာလိုက်ဦး၊ ပြီးတော့ အဲဒီ ရေဘဝဲလက်တံတွေကို အကုန်လုံး ကြိုးနဲ့ချည်ထားလိုက်။ ဒီညတော့ ပြန်ရောက်ရင် ရေဘဝဲကင် စားကြတာပေါ့"
စီဒန်ဟွာက စေခိုင်းလိုက်၏။
"ကောင်းပါပြီ"
ချင်ယွမ်ဖုန်းသည် ပြုံးရွှင်စွာဖြင့် လျှော်ကြိုးအရှည်ကြီးတစ်ခုကို ကိုင်ဆောင်လျက် ပင်လယ်ရေထဲသို့ ခုန်ဆင်းသွားတော့သည်။
မကြာမီပင် ရေဘဝဲလက်တံအားလုံးကို စနစ်တကျ ချည်နှောင်ပြီးနောက် ဝိညာဉ်လှေငယ်၏ အနောက်ဘက်၌ ဆွဲချိတ်လိုက်ချေပြီ။ ထို့ပြင် ရေဘဝဲသားရဲကြီး၏ မှော်အမြူတေကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။