အခန်း (၆၁၉-၆၂၀)
Vol. 31 Ch. 619-620
အခန်း (၆၁၉)ဝိညာဉ်စွမ်းအား ဆေးမီးဖို
ချင်ယွမ်ဖုန်း၏ စကားကို ကြားရလျှင် စီဒန်ဟွာက အနည်းငယ် နှာခေါင်းရှုံ့၍ ရယ်မောလိုက်ချေသည်။ မည်သို့ဆိုစေ ဆေးဝါးဖော်စပ်ခြင်း အတတ်ပညာဟူသည် ဆေးမီးဖိုကို အသုံးပြု၍သာ အောင်မြင်အောင် ဆောင်ရွက်ရသည် ဖြစ်ပေရာ အကယ်၍ ဆေးမီးဖိုကို မျှမသုံးဘဲ ဆေးဖော်စပ်သည်ဆိုပါက ယင်းကို ဆေးဖော်စပ်ခြင်းဟု ခေါ်ဆိုနိုင်ပါဦးမည်လော။
ချင်ယွမ်ဖုန်းသည်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးလိုက်ပြီး “ကျွန်တော်လည်း သေသေချာချာတော့ မသိပါဘူး ဦးလေး။ ဒီလို ပုံရိပ်တွေက ကျွန်တော့်စိတ်ထဲမှာ ပေါ်လာလို့ပါ။ ကျွန်တော့် မှတ်ဉာဏ်တွေ မှားယွင်းနေတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဆို၏။
သို့သော် ထိုအချိန်တွင် စီယန်ရုသည် ချင်ယွမ်ဖုန်း၏ အနားသို့ ရောက်ရှိလာပြီး “အဖေ၊ အာဟိုင်က သမီးတို့ကို အံ့အားသင့်စရာတွေ ပေးခဲ့တာ နည်းလို့လား။ ဖြစ်နိုင်တာက အာဟိုင်က တကယ်ပဲ လုပ်နိုင်တာ ဖြစ်နေမလား” ဟု ဝင်ရောက်ပြောဆိုသည်။
စီဒန်ဟွာက သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး “ယန်ရု၊ အဖေက အာဟိုင်ကို မယုံကြည်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သမီးက ဆေးဖော်စပ်ခြင်း အတတ်ပညာအကြောင်းကို မသိလို့ပါ။ ဆေးဖော်စပ်တဲ့နေရာမှာ ဆေးမီးဖိုကို မသုံးဘူးဆိုရင် ဘယ်လိုနည်းနဲ့ ဆေးလုံးကို ဖော်စပ်နိုင်မှာလဲ” ဟု ရှင်းပြချေသည်။
စီယန်ရုသည် ချင်ယွမ်ဖုန်းအပေါ် အလွန်အမင်း ကာကွယ်လိုစိတ် ရှိနေသည် ဖြစ်ရာ မည်သို့ဆိုစေ ယင်းလူသားသည် သူမ၏ အသက်ကို ခုတင်တင်မှ ကယ်တင်ပေးခဲ့ခြင်း မဟုတ်လော။
“သမီး ဒါတွေ ဂရုမစိုက်ဘူး၊ သမီးကတော့ အာဟိုင်ကိုပဲ ယုံတယ်” ဟု စီယန်ရုက အခိုင်အမာ ပြောကြားလိုက်ပြီး “အာဟိုင်၊ အဖေနင့်ကို အထင်မသေးရအောင် တစ်ချက်လောက် ထုတ်ပြလိုက်ပါလား” ဟု တိုက်တွန်းလေသည်။
“မလိုပါဘူး၊ ဒါကို ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့် သေချာတာ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက ငြင်းပယ်ရန် အားထုတ်၏။
သို့သော် စီယန်ရုမှာမူ စိတ်အားထက်သန်လာပြီး ချင်းယွမ်ဖုန်းအား လက်တွေ့ပြသရန် အတင်းအကျပ် တောင်းဆိုတော့သည်။
စီဒန်ဟွာသည်လည်း ချင်ယွမ်ဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုနေမိပြီး ထိုလူငယ်ထံမှ အံ့ဖွယ်နိမိတ်တစ်ခု တကယ်ပဲ ဖြစ်ပေါ်လာနိုင်မလားဟု တွေးတောနေမိ၏။
ငြင်းပယ်ရန် ခက်ခဲလှပေရာ ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်၍ သဘောတူလိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
စီဒန်ဟွာထံတွင်လည်း ဆေးလုံးများ သန့်စင်ဖော်စပ်ရာတွင် အသုံးပြုသည့် အထူးလောင်စာများ အဆင်သင့် ရှိနေသဖြင့် ယင်းကို ဆေးလုံးသန့်စင်ရန် မီးလျှံအဖြစ် အသုံးပြုနိုင်ပေသည်။
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ အတိုင်းအဆမရှိ ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် အလယ်၌ အပေါက်ပါသော အဝိုင်းပုံသဏ္ဌာန်တစ်ခုအဖြစ် စုစည်းသွားချေသည်။
ယင်းသည် ဟင်းလင်းပြင်ထဲတွင် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေသော ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက် ရုတ်ချည်းပေါ်ပေါက်လာသည့်နှယ် ရှိပေရာ ထိုမြင်ကွင်းမျှဖြင့်တင် စီဒန်ဟွာနှင့် စီယန်ရုတို့ နှစ်ဦးစလုံး အလွန်တရာ အံ့အားသင့်သွားကြရသည်။
ချင်ယွမ်ဖုန်းက ယင်းအတတ်ပညာကို ထုတ်ဖော်ပြသနေချိန်တွင် ကျွန်းငယ်ပေါ်သို့ လူရိပ်သုံးခု ဖြည်းညင်းစွာ ရောက်ရှိလာ၏။
ယင်းတို့မှာ ကွမ်းဟိုင်နှင့် သူ၏ တပည့်နှစ်ဦး ဖြစ်ကြပေသည်။
၎င်းတို့သည် စီဒန်ဟွာ၏ သတင်းကို စုံစမ်းမေးမြန်းပြီးနောက် ယခုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ချေသည်။
သို့သော် ၎င်းတို့ ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် ချင်းယွမ်ဖုန်း ထိုနေရာတွင် ထိုင်နေသည်ကိုလည်းကောင်း၊ သူ၏ ရှေ့မှောက် ဟင်းလင်းပြင်တွင် ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက်က အလယ်၌ အပေါက်ပါသော အဝိုင်းပုံသဏ္ဌာန် ပြုလုပ်နေသည်ကိုလည်းကောင်း မြင်တွေ့လိုက်ရတော့သည်။
“ဆရာ၊ သွားပြောလိုက်ရမလား။ ကျွန်တော်တို့ ရောက်လာတာကို သူတို့က ထွက်တောင် မကြိုကြဘူးလား” ဟု ချွေကျားက မောက်မာသော လေသံဖြင့် ဆို၏။
သို့သော် ကွမ်းဟိုင်က ချွေကျား၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ပုတ်လိုက်ပြီး “မင်း ပါးစပ်ပိတ်ထားစမ်း။ ငါတို့ ဒီကိုလာတာ ဆရာတင်ဖို့ လာတာ။ အကယ်၍ မင်းကိစ္စကို ဖျက်ဆီးရင် ငါ မင်းကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်” ဟု ငေါက်ငမ်းလေသည်။
“ဒါပေမဲ့ ဆရာရယ်၊ ဒီကောင်လေးက ဘာများ တော်နေလို့လဲ။ နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးက တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နိုင်တာပဲကို” ဟု ချွေကျားက မကျေမနပ် ဖြစ်လျက် ဆိုရှာသည်။
သူသည် သူ၏ ဆရာဖြစ်သူ ဆရာတင်သည့် ကိစ္စ အောင်မြင်သွားမည်ကို အလိုမရှိပေ။ အကြောင်းမူကား အကယ်၍ အောင်မြင်သွားပါက သူသည် အာဟိုင်၏ မြေးတပည့် ဖြစ်သွားမည် ဖြစ်ရာ အဆင့်အတန်း သုံးဆက်မျှ နိမ့်ကျသွားမည် ဖြစ်သောကြောင့်ပင်။
“မိုက်မဲလိုက်တာ။ နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးကို တိုက်ဆိုင်မှုနဲ့ ဖော်စပ်လို့ ရနိုင်ပါ့မလား။ မင်း တိုက်ဆိုင်လို့ တစ်လုံးလောက် ဖော်စပ်နိုင်တာ ငါ မမြင်မိပါလား။ ပြီးတော့ ဆေးဖော်စပ်သူတွေ အများကြီးထဲမှာ နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးကို သန့်စင်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ” ဟု ကွမ်းဟိုင်က သူ၏ တပည့်အပေါ် စိတ်ပျက်လက်ပျက်ဖြင့် ဆို၏။
“ဒါပေမဲ့...” ချွေကျားက တစ်စုံတစ်ခုကို ထပ်မံ ပြောဆိုရန် အားထုတ်သော်လည်း ကွမ်းဟိုင်က တိုက်ရိုက်ပင် စကားဖြတ်လိုက်ချေသည်။
“တော်စမ်း၊ စကားတစ်လုံးမှ ထပ်မပြောနဲ့။
မဟုတ်ရင် ငါ အခုချက်ချင်း မင်းကို ဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်” ဟု ကွမ်းဟိုင်က အလေးအနက် ဆိုလိုက်တော့သည်။
ချီယန်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး စကားတစ်လုံးမျှ မဆိုချေ။ သူမသည် သူမ၏ ရှေ့မှောက်ရှိ ချင်ယွမ်ဖုန်း၏ အပြုအမူကြောင့် စိတ်အာရုံ အကြွင်းအကျန်မရှိ ဖမ်းစားခြင်း ခံထားရပြီး ဖြစ်ပေသည်။
ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ဖက်သည် စုစည်းခြင်း ပြီးမြောက်သွားပြီး လက်နှစ်ဖက် ပူးကပ်သွားသောအခါ အမှန်တကယ်ပင် ဆေးမီးဖိုတစ်ခုနှင့် တူညီလှချေသည်။
စီဒန်ဟွာသည် လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး အတွင်းပိုင်းရှိ အထူးလောင်စာကို မီးညှိပေးလိုက်၏။
ကျွန်းငယ်ပေါ်တွင် ဆေးပင်များစွာလည်း ရှိနေပေသည်။ လွန်ခဲ့သော နှစ်များအတွင်း စီဒန်ဟွာသည် အဖိုးတန် ဆေးပင်များစွာကိုပင် စုဆောင်းရရှိခဲ့သဖြင့် ဆေးလုံး သန့်စင်ဖော်စပ်လိုပါက ဤနေရာတွင် ကုန်ကြမ်းပစ္စည်း ရှားပါးမှု မရှိပေ။
ဆေးလုံး သန့်စင်ဖော်စပ်ရမည့် အချိန်တိုင်းတွင် ချင်ယွမ်ဖုန်း၏ စိတ်အာရုံသည် အထူးပင် ကြည်လင်ပြတ်သားလာတတ်ပြီး စိတ်ထဲတွင် ဆေးဖော်စပ်နည်း အစုံအလင် အကျဉ်းချုပ်များပင် မရေမတွက်နိုင်အောင် ပေါ်ပေါက်လာတတ်ချေသည်။
ဆေးလုံးများ သန့်စင်ခြင်းဆိုင်ရာ အမျိုးမျိုးသော နည်းစနစ်များ၊ ဆေးပင်များအတွက် လိုအပ်သော အပူချိန်များနှင့် အသေးစိတ် အချက်အလက် အားလုံးသည်လည်း ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အတိုင်းသား ထင်ဟပ်နေ၏။
“မြရနံ့သီး၊ ကြက်သွေးရောင် အမွေးအတောင်သစ်ပင် အဖူးအညှောက်၊ မြရောင်စို နွယ်ပင်...” ချင်ယွမ်ဖုန်းသည် ဆေးပင် ဆယ်မျိုးကျော်၏ အမည်များကို တစ်ပါဒတည်း ရွတ်ဆိုလိုက်သည်။
စီဒန်ဟွာသည် ယင်းဆေးပင် အားလုံးကို လျင်မြန်စွာ သွားရောက်ယူဆောင်ပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ချထားပေးချေသည်။
“ကျွန်တော် စမ်းရုံပဲ စမ်းကြည့်တာပါ။ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာတော့ ပြောရခက်ပါတယ်” ဟု ချင်ယွမ်ဖုန်းက နှိမ့်ချစွာ ဆို၏။
စီဒန်ဟွာက ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး “ရပါတယ် အာဟိုင်၊ မင်း အစွမ်းကုန်သာ စမ်းကြည့်ပါ။ အမှန်တော့ မင်း ဒီလောက်အထိ လုပ်နိုင်တာတင်ပဲ မင်းပြောတဲ့ စကားကို ငါ့ကို ယုံကြည်သွားစေပါပြီ” ဟု ဆိုသည်။
ရိုးရိုး သံ သို့မဟုတ် ကြေးနီ ဆေးမီးဖိုများ မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကို ဆေးမီးဖိုအဖြစ် အသုံးပြုခြင်းသည်လည်း ဆေးမီးဖို အသုံးပြုခြင်းတွင်ပင် အကျုံးဝင်ပေသည်။
ထို့ကြောင့် ဆေးမီးဖိုမပါဘဲ ဆေးလုံးဖော်စပ်နိုင်သည်ဟူသော ချင်ယွမ်ဖုန်း၏ အဆိုကို စီဒန်ဟွာသည် ယခုအခါတွင် အများစု ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ချင်းယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူ၏ အတိုင်းအဆမရှိ ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများသည် ခွဲခြမ်းစိတ်ဖြာသွားနိုင်ပြီး သူ၏ ရှေ့မှောက်ရှိ ဆေးပင် အားလုံးကို လက်ဝါးကြီးများ၏ အလယ်ဗဟိုဆီသို့ ဆွဲခေါ်သွားချေသည်။
မီးလျှံများ တောက်လောင်လာပြီး ဆေးပင် အားလုံးကို တစ်ခဏချင်းအတွင်း ဝါးမြိုသွားတော့သည်။
“ဆရာ၊ သူ ဘာလုပ်နေတာလဲ” ဟု ချီယန်က သိလိုစိတ်ဖြင့် မေးမြန်း၏။
ထိုအချိန်တွင် ကွမ်းဟိုင်၏ ခန္ဓာကိုယ်သည် စတင်တုန်ရင်လာပြီး “ဒါ... ဒါက ဆေးဖော်စပ်ခြင်းပဲ” ဟု ရေရွတ်မိသည်။
“ဆေးဖော်စပ်ခြင်း ဟုတ်လား။ ဝိညာဉ်စွမ်းအား သက်သက်ကိုပဲ သုံးပြီးတော့လား” ချီယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး “ဒီအာဟိုင်ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် အားကောင်းလိုက်လဲ” ဟု အံ့ဩမိချေသည်။
ကွမ်းဟိုင်၏ မျက်နှာတွင် ဝမ်းမြောက်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ ရောပြွမ်းနေပြီး “ဟားဟား၊ ငါ မင်းတို့ကို ပြောသားပဲ။ ဒီအာဟိုင်က အောက်ခြေလွတ်တဲ့သူ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဝိညာဉ်စွမ်းအားရဲ့ အင်အားက ဆေးဖော်စပ်သူတစ်ယောက်အတွက် အခြေခံအကျဆုံးပဲ။ ဒီလောက် အားကောင်းတဲ့ ဝိညာဉ်စွမ်းအားမျိုး ရှိနေမှတော့ သူ့ရဲ့ ဆေးဖော်စပ်ခြင်း အတတ်ပညာက ဘယ်လိုလုပ် ညံ့ဖျင်းနိုင်မှာလဲ” ဟု ဆို၏။
ချွေကျား၏ မျက်နှာတွင် အထင်သေးသော အမူအရာ ရှိနေဆဲ ဖြစ်သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ လှိုင်းတံပိုးကြီးများ ထကြွသောင်းကျန်းနေပြီ ဖြစ်သည်။
ဆေးဖော်စပ်သူတစ်ယောက်အနေဖြင့် ဝိညာဉ်စွမ်းအားသည် ဆေးဖော်စပ်သူတစ်ဦးအတွက် မည်မျှအရေးကြီးကြောင်း သူသည် သဘာဝအတိုင်း နားလည်ပေသည်။
သာ၍ဆိုးသည်မှာ သူ၏ ဆရာဖြစ်သူသည် ယင်းလူ၏ စွမ်းဆောင်ရည်ကို ထပ်ခါတလဲလဲ ချီးမွမ်းပြောဆိုနေခဲ့သဖြင့် သူ၏ စိတ်ကို တုန်လှုပ်ချောက်ချားသွားစေချေသည်။
ချင်ယွမ်ဖုန်းနှင့် စီဒန်ဟွာတို့သည် ကွမ်းဟိုင်နှင့် သူ၏ တပည့်နှစ်ဦးကို သတိပြုမိကြသော်လည်း မည်သူမျှ ၎င်းတို့ကို ဂရုစိုက်ခြင်း မပြုကြချေ။
ဆေးပင်များသည် အညစ်အကြေးများကို ဖယ်ရှားရန် မီးလျှံထဲတွင် လောင်ကျွမ်းသွားပြီး သန့်စင်သော အနှစ်သာရများသာ ကျန်ရစ်ကာ ဆေးမီးဖိုအတွင်း၌ အမျိုးမျိုးသော အရောင်အသွေးများဖြင့် လွင့်မျောနေချေသည်။
နောက်ဆုံးအဆင့်ဖြစ်သော ဆေးလုံးများ ပေါင်းစပ်ခြင်းသည် ဆေးဖော်စပ်သူ အများစုအတွက် အစိုးရိမ်ရဆုံး အပိုင်း ဖြစ်သော်လည်း ယင်းသည် ချင်ယွမ်ဖုန်း အကျွမ်းကျင်ဆုံးသော အပိုင်းပင် ဖြစ်ပေသည်။
အကြောင်းမူကား သူ ယခင်က အသုံးပြုခဲ့သည်မှာ အားကောင်းသော ဝိညာဉ်စွမ်းအားကို သုံး၍ အနှစ်သာရ အားလုံးကို အတင်းအကျပ် ဆေးလုံးအဖြစ် စုစည်းခြင်း ဖြစ်သောကြောင့်ပင်။
အားကောင်းလှသော ဝိညာဉ်စွမ်းအားသည် ယင်းအနှစ်သာရများကို ပဋိပက္ခမဖြစ်ပွားအောင် တားဆီးပေးသဖြင့် ၎င်းတို့သည် သဘာဝအတိုင်း ဖြည်းညင်းစွာ ပေါင်းစပ်သွားကြခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ လက်ရှိ မှတ်ဉာဏ်ထဲတွင် ယင်းဆေးလုံး စုစည်းခြင်း နည်းလမ်းတစ်ခုတည်းသာ ရှိနေသဖြင့် သူသည် ယခင်တစ်ကြိမ်ကကဲ့သို့ပင် အနှစ်သာရ အားလုံးကို စည်းကမ်းစနစ်မရှိဘဲ ပေါင်းစပ်လိုက်တော့သည်။
အားကောင်းသော ဝိညာဉ်စွမ်းအားသည် အနှစ်သာရများကို လွှမ်းခြုံထားပြီး မကြာမီအတွင်း အနှစ်သာရ အားလုံးသည် ငြိမ်သက်သွားကာ စတင်ပေါင်းစပ်သွားကြချေသည်။
ဆေးလုံးသည် မီးလျှံများထဲတွင် ဖြည်းညင်းစွာ ပုံသဏ္ဌာန် ပေါ်ပေါက်လာပြီး ဆေးရနံ့တစ်ခုသည်လည်း ဖြည်းညင်းစွာ လွင့်ပျံလာ၏။
“သူ တကယ်ပဲ အောင်မြင်သွားတာလား” စီဒန်ဟွာသည် ချင်ယွမ်ဖုန်းကို တုန်လှုပ်ခြောက်ချားသော အမူအရာဖြင့် ကြည့်ရှုနေမိပြီး အချိန်အတော်ကြာအောင် စကားပင် မဆိုနိုင်တော့ချေ။
စီယန်ရုသည် ဆေးဖော်စပ်ခြင်း အတတ်ပညာအကြောင်းကို များစွာမသိသော်လည်း ချင်ယွမ်ဖုန်းသည် ထူးကဲပြောင်မြောက်သူ ဖြစ်ကြောင်း သိရုံမျှဖြင့်တင် သူမအတွက် စိတ်ချမ်းမြေ့စရာ ဖြစ်နေချေပြီ။
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ လုံးဝန်းညီညာလှသော ဆေးလုံးတစ်လုံးသည် သူ၏ လက်ဝါးပြင်ပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေတော့သည်။
“အာဟိုင်၊ နင်က တကယ် တော်တာပဲ” စီယန်ရုသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာရင်း ပြောကြားလိုက်ချေသည်။
အခန်း(၆၂၀)
စီဒန်ဟွာသည်လည်း အရက်ကို တစ်ကျိုက်တည်းနှင့် အဝသောက်ချလိုက်ပြီးနောက် မိမိမျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသမျှအရာအားလုံးသည် တကယ်ပဲ ဟုတ်ပါလေစဟု မသင်္ကာစိတ် ဖြစ်မိချေသည်။
ယခုမျှတင် ချင်ယွမ်ဖုန်းက သူ၏ လောကအမြင်ကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်ပေရာ ဆေးမီးဖို မရှိဘဲနှင့်လည်း ဆေးလုံးများကို ဖော်စပ်သန့်စင်နိုင်သည်ဟူသောအချက်မှာ ဧကန်အမှန်ပင် ဖြစ်နေတော့သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ချေသည်။ ယင်းက တတိယအဆင့်ရှိသော ဆေးလုံးတစ်လုံးမျှသာ ဖြစ်သည်။
ဤဆေးလုံးကို ဖော်စပ်သန့်စင်ခြင်းမှာ အပန်းမကြီးလှဟု သူက ခံစားမိပြီး ယခုထက် ပိုမိုမြင့်မားသောအဆင့်ရှိ ဆေးလုံးများကိုပင် သူက ဖော်စပ်နိုင်သေးချေသည်။
သို့ရာတွင် ဤပင်လယ်ကျွန်းငယ်ပေါ်၌ ဆေးပင်များမှာ ကန့်သတ်ချက်ရှိနေပြီး အဆင့်မြင့်ဆေးလုံးများ ဖော်စပ်ရန် လိုအပ်သော ဆေးပင်များကို စုဆောင်းရန်မှာမူ ထိုမျှ မလွယ်ကူလှချေ။
ထိုအချိန်တွင် ကွမ်းဟိုင်က ဒူးထောက်တတ်လုတတ်ခင် ပြေးဝင်လာတော့သည်။ ချင်ယွမ်ဖုန်း၏ ခုနက စွမ်းဆောင်ရည်က ဤအဘိုးအို၏ နှလုံးသားကို အကြွင်းမဲ့ သိမ်းပိုက်သွားနိုင်ခဲ့ပြီ ဖြစ်ချေသည်။
"ဆရာသခင်... ကျွန်တော့်ကို တပည့်အဖြစ် သိမ်းပိုက်တော်မူပါ" ကွမ်းဟိုင်သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်သည်နှင့် မည်သို့မျှ တွန့်ဆုတ်ခြင်း သို့မဟုတ် ဝေခွဲမရခြင်းမရှိဘဲ ချက်ချင်းပင် ဒူးထောက်ချလိုက်တော့သည်။
ချွေကျားနှင့် ချီယန်တို့သည်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ဆရာ့နောက်လိုက်၍ လျင်မြန်စွာ ဒူးထောက်ကြရချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို အမြန်ပင် ခါယမ်းလိုက်ပြီး "အဘိုးအို... ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်တွေကိုတောင် ပြန်မရသေးတာ၊ အဘိုးအိုကို ဘယ်လိုလုပ် သင်ကြားပေးနိုင်မှာလဲ" ဟု ဆိုချေသည်။
"မဟုတ်ပါဘူး... ဆရာသခင်ဟာ အရည်အချင်း ပါရမီ ထူးမြတ်လှမှန်း ကျွန်တော် သိပါတယ်၊ ဆရာသခင်... ကျွန်တော့်ကို လက်ခံပေးပါ၊ ခုနက ဆရာသခင် ပြသခဲ့တဲ့ ဆေးဖော်စပ်ခြင်းပညာရပ်တွေဟာ ကျွန်တော့်အတွက် တစ်သက်လုံး လေ့လာလို့ မကုန်နိုင်ပါဘူး" ဟု ကွမ်းဟိုင်က စိတ်ရင်းမှန်ဖြင့် လျှောက်တင်ချေသည်။
ဤအခိုက်အတန့်တွင် ယန်ရုပင်လျှင် စိတ်နှလုံး အနည်းငယ် နူးညံ့သွားပြီး ချင်ယွမ်ဖုန်း၏ အနားသို့ လျှောက်လှမ်းလာခဲ့သည်။
"အာဟိုင်... ဒီအဘိုးအိုကို တပည့်အဖြစ် ဘာလို့ လက်မခံရမှာလဲ၊ ကြည့်ရတာ သူ တော်တော် သနားဖို့ကောင်းပါတယ်"
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ချလိုက်မိချေသည်။ သူက ယခုမျှ ငယ်ရွယ်သေးသော်လည်း အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ဦးကို တပည့်အဖြစ် သိမ်းပိုက်ရတော့မည် ဖြစ်ရာ ဤသည်မှာ မည်သို့သော အခြေအနေပါနည်း။
သို့သော်လည်း အဆုံးသတ်တွင်မူ ချင်ယွမ်ဖုန်းက ကွမ်းဟိုင်ကို တပည့်အဖြစ် လက်ခံလိုက်ရတော့သည်။
"ဒါပေမဲ့ ကြိုပြောထားရမယ်၊ မင်း ငါ့ဆီကနေ ဘာမှ မသင်ယူနိုင်ဘူးဆိုရင်တော့ ကိုယ့်လမ်းကိုယ်သွားရလိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက ဆိုချေသည်။
ကွမ်းဟိုင်သည် ကျေးဇူးတင်လှသဖြင့် ချင်ယွမ်ဖုန်းအား သုံးကြိမ်တိုင်တိုင် ဦးခိုက်ပြီးမှ ထရပ်ချေသည်။
"အထက်က ဆရာသခင်... ကျွန်တော်က ဆရာ့ကို ဆရာအဖြစ် ဆည်းကပ်ပြီးပြီဆိုမှတော့ ကတိဖျက်မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ အမြင်ကို ကျွန်တော် ယုံကြည်ပါတယ်" ဟု ကွမ်းဟိုင်က ဝမ်းမြောက်ဝမ်းသာ ဆိုလေရာ ချင်ယွမ်ဖုန်း၏ တပည့်ဖြစ်ရခြင်းမှာ သူ၏အတွက် ကြီးမားသော အခွင့်အရေးကြီးတစ်ခု ရလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။
"မင်းတို့နှစ်ယောက်... မြန်မြန်လာပြီး မင်းတို့ရဲ့ ဘိုးဘေးဆရာကို ဂါရဝပြုကြစမ်း" ဟု ကွမ်းဟိုင်က သူ၏ တပည့်နှစ်ဦးကို ငေါက်ငမ်းလိုက်ချေသည်။
ချီယန်ကမူ စိတ်ပါလက်ပါ ရှိလှချေသည်။ ချင်ယွမ်ဖုန်းက ငယ်ရွယ်ပုံရသော်လည်း အစစ်အမှန် စွမ်းရည်ရှိသူ ဖြစ်ပေသည်။ ချွေကျားကမူ အနည်းငယ် မကျေမနပ် ဖြစ်နေချေသည်။
"ဘိုးဘေးဆရာကို ဂါရဝပြုပါတယ်" ထိုနှစ်ဦးက ချင်ယွမ်ဖုန်း၏ ရှေ့တွင် ဒူးထောက်လျက် အသံကျယ်ကျယ်ဖြင့် အော်ဟစ် နှုတ်ဆက်ကြချေသည်။
ချွေကျား၏ စိတ်ထဲတွင် စိတ်ရင်းမပါမှန်း သိသော်လည်း ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး သူတို့အား ထရန် အမိန့်ပေးလိုက်ချေသည်။
"ကဲ... ကဲ... အခုတော့ ငါတို့အားလုံး မိသားစုတွေ ဖြစ်သွားကြပြီပဲ၊ ဒီဘက်ကိုလာပြီး တစ်ခုခု စားကြဦးစို့" ဟု စီဒန်ဟွာက ပြုံးရွှင်စွာဖြင့် ဆိုချေသည်။
လတ်ဆတ်သော ရေဘဝဲလက်မကြီးများမှာ အလျှံပယ် ရှိနေသဖြင့် လူအများအပြား စားရန်ပင် လုံလောက်လှချေသည်။ လူခြောက်ဦးတို့သည် ဤပင်လယ်ကျွန်းငယ်ပေါ်တွင် ကင်ပွန်းတပ် အကင်ပါတီပွဲတစ်ခုကို ကျင်းပကြချေသည်။
ထိုညတွင် ပုံမှန်အားဖြင့် တည်ငြိမ်လှသော ကွမ်းဟိုင်ပင်လျှင် မူးယစ်သွားခဲ့ရသော်လည်း သူက အလွန်ပင် စိတ်လှုပ်ရှားနေပြီး မိမိ၌ ကောင်းမွန်သော ဆရာသခင်တစ်ဦးကို တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း တတွတ်တွတ် ပြောဆိုနေသဖြင့် ချင်ယွမ်ဖုန်းအား အတော်ပင် မျက်နှာပူ စိတ်အနှောင့်အယှက် ဖြစ်စေချေသည်။
အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသုံးဦးမှာ ဤပင်လယ်ကျွန်းငယ်မှ ထွက်ခွာနိုင်ဦးမည် မဟုတ်ချေရာ စီဒန်ဟွာက တဲအချို့ကို ထုတ်ပေးပြီး ကွမ်းဟိုင်နှင့် သူ၏ နောက်လိုက်များအား ပင်လယ်ကျွန်းငယ်ပေါ်၌ပင် တည်းခိုစေချေသည်။
"ဪ... အာဟိုင်၊ ငါ မင်းကို ကယ်တင်ခဲ့တုန်းက မင်းရဲ့ ကိုယ်ပေါ်မှာ ပစ္စည်းအချို့ကို တွေ့ခဲ့ရတယ်" ဟု စီဒန်ဟွာက ချင်ယွမ်ဖုန်း၏ အနားသို့ ချဉ်းကပ်လာရင်း ခပ်ပေါ့ပေါ့ ပြောလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် အလွန်ပင် စူးစမ်းလိုစိတ် ဖြစ်သွားချေသည်။ သူ၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုများမှာ လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် တံခါးကြီး ပုံစံငယ်နှင့် လက်ပေါ်မှ လက်စွပ်တစ်ကွင်းသာ ရှိသည်ဟု ထင်ထားခဲ့ရာ အခြားအရာများ ရှိနေဦးမည်ဟု သူက မမျှော်လင့်ထားခဲ့ချေ။
စီဒန်ဟွာက အခန်းထဲမှ သေတ္တာတစ်လုံးကို လျှို့ဝှက်စွာ ယူဆောင်လာပြီး ချင်ယွမ်ဖုန်းထံသို့ ကမ်းပေးလိုက်ချေသည်။
"ဒါဟာ အလွန် အစွမ်းထက်တဲ့ ရတနာတစ်ခု ဖြစ်ရမယ်လို့ ငါထင်ခဲ့လို့ မင်းအတွက် သိမ်းထားပေးတာ၊ ဒါပေမဲ့ အခု မင်းက သာမန်လူတစ်ယောက် မဟုတ်မှန်း ငါမြင်လိုက်ရပြီ၊ ကျင့်ကြံခြင်း မလုပ်နိုင်ရင်တောင်မှ ဒါကို မင်းဆီ ပြန်ပေးရမှာပေါ့" ဟု စီဒန်ဟွာက တည်ငြိမ်စွာ ဆိုချေသည်။
ချင်ယွမ်ဖုန်းက သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ပျံလွှားဓားမြှောင် သုံးစင်းကို တွေ့ရှိလိုက်ရချေသည်။
ထိုပျံလွှားဓားမြှောင်များမှာ ပုစဉ်းရင်ကွဲကောင်၏ အတောင်ပံကဲ့သို့ ပါးလွှာလှပြီး အလေးချိန် မရှိသကဲ့သို့ ပေါ့ပါးလှသော်လည်း ထူးခြားပြောင်မြောက်စွာ ထက်မြက်လှချေသည်။
ယင်းတို့ကို ကြည့်ရုံမျှဖြင့်ပင် မိမိ၏ မျက်လုံးများကို ဓားဖြင့် အလှီးခံလိုက်ရသကဲ့သို့ ခံစားရချေသည်။
စီဒန်ဟွာသည် ချင်ယွမ်ဖုန်းက မှတ်ဉာဏ်များ ပျောက်ဆုံးနေပြီး ကျင့်ကြံခြင်း မလုပ်နိုင်သည်ကို မြင်ခဲ့သောကြောင့် ဤပျံလွှားဓားမြှောင် သုံးစင်းကို သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ချေသည်။
ဤပျံလွှားဓားမြှောင် သုံးစင်းမှာ ချင်ယွမ်ဖုန်း၏ လက်နက်များ ဖြစ်မလာနိုင်သည့်အပြင် ယင်းတို့ကို ထုတ်ယူအသုံးပြုခြင်းက သူ့အတွက် ဒုက္ခများကိုသာ တိုးပွားစေလိမ့်မည် ဖြစ်ပေရာသည်။
"သိကျွမ်းနေတဲ့ ခံစားချက်မျိုးပါလား" ချင်ယွမ်ဖုန်း၏ လက်ချောင်းများက ထိုပျံလွှားဓားမြှောင် သုံးစင်းပေါ်သို့ ညင်သာစွာ ပွတ်သပ်သွားချေသည်။
ထိုဓားမြှောင်များထံမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဟစ်အော်သံများ ထွက်ပေါ်လာသည်ကိုပင် သူက ခံစားလိုက်ရချေသည်။
"ဒါတွေက မင်းရဲ့ ပစ္စည်းတွေပဲ၊ အခုတော့ မင်းဆီ ပြန်အပ်ပါတယ်" ဟု စီဒန်ဟွာက ပြုံး၍ ဆိုချေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး" ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ အခန်းသို့ ပြန်လာပြီး ဆေးရေချိုးခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ဤဆေးပင်များ၏ အနှစ်သာရမှာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကြောင့် လျင်မြန်စွာ စုပ်ယူခြင်း ခံလိုက်ရပြီး သူ၏ ဒဏ်ရာများအပေါ် သက်ရောက်မှုမှာမူ အနည်းငယ် အားနည်းနေပုံရချေသည်။
"ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်တောင် အားကောင်းနေတာ၊ တိုက်ခိုက်ရေး နည်းလမ်းတစ်ခုအနေနဲ့လည်း သုံးလို့ရနိုင်ပုံပဲ" ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်ချေသည်။
သူက မိမိ၏ ဝိညာဉ်စွမ်းအားကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလိုက်ရာ အံ့ဩစရာကောင်းလှသည်မှာ စားပွဲပေါ်ရှိ သစ်သားသေတ္တာသည် ရုတ်တရက် အလိုအလျောက် ပွင့်သွားခဲ့ချေသည်။
ပျံလွှားဓားမြှောင် သုံးစင်းသည် သစ်သားသေတ္တာထဲမှ ပျံသန်းထွက်လာပြီး မိခင်ဖြစ်သူကို ရှာဖွေတွေ့ရှိသွားသော ကလေးသူငယ်များကဲ့သို့ ချင်ယွမ်ဖုန်း၏ ဘေးပတ်ပတ်လည်တွင် ဝဲပျံနေကြတော့သည်။
ချင်ယွမ်ဖုန်းသည် ဤပျံလွှားဓားမြှောင် သုံးစင်းမှာ မိမိ၏ လက်ခြေအင်္ဂါများကဲ့သို့ပင် စိတ်တိုင်းကျ စေခိုင်းနိုင်သည်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ချေသည်။
စိတ်ကူးလိုက်ရုံမျှဖြင့် ထိုပျံလွှားဓားမြှောင် သုံးစင်းသည် သူ၏ အလိုဆန္ဒအတိုင်း လှုပ်ရှားနိုင်ကြရာ အလွန်ပင် အဆင်ပြေလှချေသည်။
"ဒါဆို ဒီပျံလွှားဓားမြှောင် သုံးစင်းက ဝိညာဉ်စွမ်းအားနဲ့ မောင်းနှင်တာပေါ့၊ တကယ်ပဲ အစွမ်းထက်တယ်၊ အခုတော့ ငါ့မှာ အားကောင်းတဲ့ တိုက်ခိုက်ရေးနည်းလမ်းတစ်ခု ရှိသွားပြီလို့ ပြောလို့ရတာပေါ့" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုချေသည်။
ပျံလွှားဓားမြှောင် သုံးစင်းကို ကိုယ်ပေါ်တွင် သိမ်းဆည်းလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံခြင်း စိတ်အာရုံပြုသည့် အခြေအနေသို့ ဝင်ရောက်သွားချေသည်။
သို့သော်လည်း ယခင်ညကကဲ့သို့ပင် ချင်ယွမ်ဖုန်း စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအား အားလုံးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပြန်လည်ပျံ့လွင့်သွားခဲ့ပြီး အလွန်မတန် သေးငယ်သော ပမာဏမျှသာ ကျန်ရှိတော့ချေသည်။
ထိုမျှမက ဤသေးငယ်လှသော ကိုယ်တွင်းစွမ်းအင် အပိုင်းအစလေးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သူ၏ ခန္ဓာကိုယ်အတွင်း၌ မည်သို့မျှ လှည့်ပတ်စီးဆင်းနိုင်ခြင်း မရှိချေ။
နောက်ထပ် ညတစ်ညမှာလည်း အလဟဿ ကုန်ဆုံးသွားခဲ့ရပြန်ချေသည်။
"ဟူး... ဒီလိုတော့ မဖြစ်သေးပါဘူး၊ ငါ့ရဲ့ ကိုယ်တွင်းဒဏ်ရာတွေ ပိုပြီးမြန်မြန် သက်သာလာဖို့အတွက် ပိုပြီး အစွမ်းထက်တဲ့ ဆေးလုံးတွေကို ငါကိုယ်တိုင် ဖော်စပ်ရမယ်" ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်ချေသည်။
ထိုဆေးလုံးများထဲတွင် 'ရာစုမြက်ပင် ကိုးလှည့်ဆေးလုံး' ဟု ခေါ်တွင်သော ဆေးလုံးမှာ ချင်ယွမ်ဖုန်း၏ လက်ရှိအခြေအနေနှင့် အလွန်ပင် သင့်လျော်လှချေသည်။
သို့သော်လည်း အမည်အတိုင်းပင် ဤဆဋ္ဌမအဆင့်ရှိ ဆေးလုံးမှာ ကွဲပြားခြားနားသော ဆေးပင် အမျိုးပေါင်း တစ်ရာကျော် လိုအပ်လှချေသည်။
စီဒန်ဟွာက ချင်ယွမ်ဖုန်းအတွက် အသုံးပြုခဲ့သော ကုသမှုနည်းလမ်းမှာ နူးညံ့သိမ်မွေ့လှချေသည်။ သက်ရောက်မှု နှေးကွေးသော်လည်း ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာ အားလုံးကို မည်သည့် နောက်ဆက်တွဲဆိုးကျိုးမျှ မကျန်ရစ်စေဘဲ ပျောက်ကင်းစေရန် အာမခံနိုင်ချေသည်။
အမှန်စင်စစ် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်ရှိသော ပိုမိုအစွမ်းထက်သည့် ဆေးလုံးများကလည်း ဤသို့ စွမ်းဆောင်နိုင်သော်လည်း အမြစ်မဲ့ကျွန်းများပေါ်တွင်မူ ထိုကဲ့သို့သော အဆင့်မြင့်ဆေးလုံးများမှာ အလွန်ပင် အဖိုးတန်လွန်းလှသဖြင့် စီဒန်ဟွာက သိလျက်နှင့်ဖြစ်စေ မသိလျက်နှင့်ဖြစ်စေ မျက်ကွယ်ပြုထားခဲ့ခြင်း ဖြစ်ချေသည်။
ပဉ္စမအဆင့် ဆေးဖော်စပ်သူတစ်ဦးဖြစ်သော ကွမ်းဟိုင်သည် အမြစ်မဲ့ကျွန်းများပေါ်တွင် ရိုသေလေးစားခြင်း ခံရပြီး စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကို ခံစားနေရခြင်းဖြစ်ရာ ဤနေရာတွင် အဆင့်မြင့်ဆေးဖော်စပ်သူဟူ၍ မရှိသလောက်ပင် ဖြစ်ချေသည်။
လက်ရှိတွင် အမြစ်မဲ့ကျွန်းများပေါ်၌ အစွမ်းအထက်ဆုံး ဆေးဖော်စပ်သူမှာ ဆဋ္ဌမအဆင့်ရှိ ဆေးဖော်စပ်သူမျှသာ ဖြစ်ချေသည်။
ယခုအခါ ချင်ယွမ်ဖုန်းသည် ရာစုမြက်ပင် ကိုးလှည့်ဆေးလုံးကို ဖော်စပ်ရန်အတွက် ဆေးဝါးပစ္စည်းများကို ရှာဖွေရန် လိုအပ်နေပြီး ထို့နောက်တွင် ဤဆေးလုံးကို မိမိကိုယ်တိုင် ဖော်စပ်သန့်စင်ရန် ကြိုးပမ်းရမည် ဖြစ်ချေသည်။