အခန်း (၆၂၁-၆၂၂)
Vol. 31 Ch. 621-622
အခန်း (၆၂၁)ဖောင်ဖျက်ကျွန်း
ချင်ယွမ်ဖုန်းသည် သူအသစ်တင်ရုံရှိသေးသည့် တပည့်ဖြစ်သူ ကွမ်းဟိုင်ကို သတိရမိလိုက်ချေသည်။ ဆေးဖော်စပ်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ ထိုပစ္စည်းများကို ရှာဖွေရန်အတွက် ယင်း၌ အဆက်အသွယ်ကောင်းများ ရှိပေလိမ့်မည်။
ထိုအချိန်တွင် အပြင်ဘက်၌ မိုးလင်းစပြုနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းသည် အခန်းထဲမှ အမြန်ထွက်ခဲ့သော်လည်း ကွမ်းဟိုင် ချွေကျားနှင့် ချီယန်တို့ သုံးဦးစလုံးမှာ သူ့တံခါးဝ၌ အဆင်သင့် စောင့်ဆိုင်းနေကြသည်ကိုသာ တွေ့လိုက်ရတော့သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ" ချင်ယွမ်ဖုန်းက အံ့ဩတကြီး မေးလိုက်သည်။
ကွမ်းဟိုင်နှင့် အခြားနှစ်ဦးမှာ ချက်ချင်းပင် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ကြပြီး ညီညီညာညာ အော်ဟစ် နှုတ်ဆက်ကြလေသည်။
"ဆရာသခင်အား ဂါရဝပြုပါသည်"
"ဆရာဘိုးဘိုးအား ဂါရဝပြုပါသည်"
ချင်ယွမ်ဖုန်းသည် ထိုသုံးဦးကို အလျင်အမြန်ပင် ဆွဲထူလိုက်ရင်း "တပည့်တစ်ယောက် လက်ခံရတာ ဒီလောက်တောင် ရှုပ်ထွေးရသလား" ဟု တိုးတိုးရေရွတ်မိချေသည်။
ချွေကျားက ယင်းကို ကြားဖြတ်သိရှိသွားရာ မကျေမနပ်ဖြစ်သွားပြီး 'ငါတို့က မနက်စောစောစီးစီး လာရောက်ဂါရဝပြုတာကို သူက ကျေးဇူးမသိတတ်သေးဘူး' ဟု စိတ်ထဲမှ တွေးတောနေမိသည်။
ကွမ်းဟိုင်ကမူ အခြေအနေကို ရိပ်မိသဖြင့် အလျင်အမြန်ပင် လျှောက်တင်လေသည်။
"တပည့်အဖြစ် ခံယူပြီးပြီဖြစ်လို့ စည်းကမ်းချက်တွေ ရှိရပါမယ်။ နေ့စဉ် ဂါရဝပြုဖို့က လိုအပ်ပါတယ်။ ဆရာသခင် မရှိတဲ့အခါမှသာ ယင်းစည်းကမ်းက ကင်းလွတ်ခွင့် ရှိတာပါ"
"ဟူး" ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရင်း "မင်းတို့ သဘောရှိသာ လုပ်ကြပါတော့။ ကွမ်းဟိုင် ငါ မင်းကို မေးစရာ ရှိတယ်"
"မိန့်မှာတော်မူပါ ဆရာသခင်" ကွမ်းဟိုင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။ ချင်ယွမ်ဖုန်းအတွက် တစ်ခုခု လုပ်ဆောင်ပေးခွင့်ရခြင်းမှာ ကွမ်းဟိုင်အတွက် များစွာ ဂုဏ်ယူစရာ ကောင်းလှပေသည်။
"ဒီလိုရှိတယ်၊ ငါက ဆေးလုံးတစ်လုံး ဖော်စပ်ချင်လို့ ရတနာအဆင့်ရှိတဲ့ ဆေးပင်တွေ အများကြီး လိုအပ်နေတယ်။ ဘယ်နေရာမှာ ရှာလို့ရနိုင်မလဲ" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်ချေသည်။
ကွမ်းဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီးမှ ဖြည်းညှင်းစွာ လျှောက်တင်၏။
"ဆရာသခင်၊ အကယ်၍ ဆေးပင်တွေကို ဝယ်ယူလိုတယ်ဆိုရင် အမြစ်မဲ့ကျွန်းများရဲ့ ဈေးကွက်မှာ ကုန်သည်ကြီးများအသင်းတွေ ရှိပါတယ်။ ဒါ့အပြင် ငါးနှစ်တစ်ကြိမ်မှာ တိုက်ကြီးဘက်က သင်္ဘောတွေ ဒီကို လာတတ်ပြီး အဖိုးတန်ဆေးပင် အမြောက်အမြားကို သယ်ဆောင်လာတတ်ကြပါတယ်"
"တိုက်ကြီးနဲ့ ဒီနေရာက ငါးနှစ်မှ တစ်ကြိမ်ပဲ ဆက်သွယ်မှု ရှိတာလား" ချင်ယွမ်ဖုန်းက ပြန်လည်မေးမြန်းသည်။
ကွမ်းဟိုင်က ခေါင်းညိတ်ပြလျက် " ဒီနေရာက တိုက်ကြီးနဲ့ အလွန်ဝေးကွာလှတာမို့ ခရီးစရိတ်က အလွန်ကြီးမားတဲ့အပြင် လမ်းခရီးတစ်လျှောက်မှာလည်း ပင်လယ်မိစ္ဆာသားရဲတွေ ရှိနေတာကြောင့် အလွန်အမင်း အန္တရာယ်များလှပါတယ်" ဟု ဆိုလေသည်။
"ဒါဆို တိုက်ကြီးဘက်က သင်္ဘော နောက်ဆုံးအကြိမ် လာခဲ့တာ ဘယ်တုန်းကလဲ" ချင်ယွမ်ဖုန်းက ထပ်မံမေးမြန်း၏။
ကွမ်းဟိုင်က ပြုံးလိုက်ရင်း "ဆရာသခင် မေးတာ အလွန်အချက်ကျပါတယ်။ နောက်ဆုံးအကြိမ် တိုက်ကြီးသင်္ဘော လာခဲ့တာက အခုဆို ငါးနှစ်ပြည့်ခဲ့ပြီဖြစ်လို့ မကြာခင်မှာ တိုက်ကြီးဘက်ကလူတွေ ထပ်မံရောက်ရှိလာတော့မှာ ဖြစ်ပါတယ်"
"သိပ်ကောင်းတာပေါ့။ ငါလိုအပ်တဲ့ ဆေးပင်တွေ ပါလာဖို့ မျှော်လင့်ရတာပဲ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
"ဆရာသခင် ဖော်စပ်မယ့် ဆေးလုံးက ဘယ်လိုအဆင့်မျိုးလဲဆိုတာ တပည့် မသိရပါဘူး။ တပည့်ဆီမှာ နှစ်ပေါင်းများစွာ မသုံးဘဲ သိမ်းဆည်းထားတဲ့ အဖိုးတန်ဆေးပင် အချို့ ရှိပါသေးတယ်။ ဖြစ်တန်ရာတာက ဆရာသခင် အသုံးတည့်နိုင်မလားလို့ပါ" ကွမ်းဟိုင်က ဆိုလေသည်။
"ငါက အဆင့်ခြောက် ဆေးလုံးကို ဖော်စပ်ဖို့အတွက် အဆင့်လေး အထက်တန်း ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ ဆေးပင်တွေ လိုအပ်တာ။ မင်းဆီမှာ ဘယ်လောက်ရှိလဲ"
"အဆင့်လေး အထက်တန်းနဲ့ အဲ့ထက်မြင့်တဲ့ ဆေးပင်တွေလား" ကွမ်းဟိုင် မျက်မှောင်ကြုတ်သွားပြီး "အမျိုးအစား အများကြီးမရှိပေမယ့် ဆရာသခင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဖြစ်တန်ရာတာက အသုံးဝင်မယ့်အရာ ပါရှိနေနိုင်ပါတယ်"
"ကောင်းပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ဒါဆို ဒီနေ့ပဲ သွားကြည့်ကြတာပေါ့" ဟု ဆုံးဖြတ်လိုက်သည်။
ဘေးတွင် ရပ်နေသော ချွေကျားကမူ အထင်သေးစိတ်ဖြင့် ပြည့်နှက်နေလေသည်။
'အဆင့်ခြောက် ဆေးလုံး ဟုတ်လား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ ထင်တယ်။ အကယ်၍ မင်းသာ အဆင့်ခြောက် ဆေးလုံးကို တကယ်ဖော်စပ်နိုင်ရင် မင်းကို ဆရာဘိုးဘိုးလို့ ငါခေါ်ရင် ဘာဖြစ်မှာလဲ'
ထိုသို့သော စကားကို ယင်းက အပြင်ထုတ်၍မူ မပြောရဲချေ။ အကြောင်းမူကား ၎င်း၏ ဆရာဖြစ်သူမှာ ယခုအခါ ချင်ယွမ်ဖုန်း၏ အခိုင်းအစေသဖွယ် ဖြစ်နေရပေပြီ။
စီဒန်ဟွာသည် အိပ်ရာမှနိုးပြီးနောက် ထိုအမည်းရောင် ပုတီးစေ့များကို ကျေးရွာနှစ်ရွာသို့ သွားရောက်ပို့ဆောင်ရန်နှင့် အခြားပင်လယ်ကျွန်းများရှိ လူနာများကို သွားရောက်ကြည့်ရှုရန် ပြင်ဆင်လေသည်။
ယန်ရုသည် ချင်ယွမ်ဖုန်း ဈေးကွက်သို့ ထပ်မံသွားမည်ကို ကြားသိရသောအခါ အတူ လိုက်ပါရန် အတင်းအကျပ် တောင်းဆိုတော့သည်။
ထို့ကြောင့် ၎င်းတို့ ခြောက်ဦးမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားကြချေသည်။ စီဒန်ဟွာသည် လူနာများကို ကယ်တင်ရန်အတွက် အခြားပင်လယ်ကျွန်းများသို့ တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။
ချင်ယွမ်ဖုန်းနှင့် အခြားသူများသည်ကွမ်းဟိုင်၏ ဝိညာဉ်လှေငယ်ကို စီးနင်းကာ ဈေးကွက်သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။ ကွမ်းဟိုင်မှာ ဆေးဖော်စပ်သူများအသင်းခွဲ၌ နေထိုင်သူ ဖြစ်သည်။
အမြစ်မဲ့ကျွန်းများတွင် ကျွန်းကြီးကျွန်းငယ် အစင်းပေါင်း ရာချီရှိပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟု ခွဲခြားမည်ဆိုပါက စုစုပေါင်း နယ်မြေလေးခု ရှိပေသည်။ စီဒန်ဟွာနှင့် ယင်း၏ မိသားစု နေထိုင်ရာ အရပ်မှာ အရှေ့ဘက်နယ်မြေ၏ အစွန်ဆုံးအပိုင်း၌ တည်ရှိသည်။
နယ်မြေတစ်ခုစီ၌ ဈေးကွက်တစ်ခုစီ ရှိကြပြီး ဈေးကွက်တိုင်းတွင် ဆေးဖော်စပ်သူများအသင်းခွဲတစ်ခုစီ ရှိလေသည်။
ဆေးဖော်စပ်သူများအသင်း၏ ဌာနချုပ်မူကား အမြစ်မဲ့ကျွန်းများ၏ ဗဟိုချက်မ တည့်တည့်တွင် တည်ရှိပြီး အစည်ကားဆုံးနှင့် အကြီးမားဆုံး ပင်လယ်ကျွန်းဖြစ်သော ဖောင်ဖျက်ကျွန်းပေါ်တွင် တည်ရှိပေသည်။
ဆေးဖော်စပ်သူများအသင်းဆိုသည်မှာလည်း ဆေးဖော်စပ်သူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အာဏာအရှိဆုံး ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့ မဟုတ်သော်လည်း ဆေးဖော်စပ်သူများအသင်းရှိ အဆင့်သုံးနှင့် ယင်းထက်မြင့်သော ဆေးဖော်စပ်သူများ အားလုံးမှာ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့၏ အသိအမှတ်ပြု လက်မှတ်ရရှိထားသူများ သာ ဖြစ်ကြသည်။
ကွမ်းဟိုင်သည် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်၍ အသင်းခွဲအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ယင်းက ဤအသင်းခွဲ၏ အကြီးအကဲ ဖြစ်သဖြင့် နှစ်ပေါင်းများစွာအတွင်း ဆေးပင်အတော်များများကို စုဆောင်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုဆေးပင်များကို ကြည့်ရှုပြီးနောက် မတတ်သာဘဲ ခေါင်းခါယမ်းမိတော့သည်။ ဤဆေးပင်များထဲတွင် သူလိုအပ်သောအရာမှာ အနည်းငယ်မျှသာ ရှိပြီး ကျန်ရှိသောအရာများမှာ ယင်းအတွက် အသုံးမဝင်ချေ။
သို့သော်လည်း ကွမ်းဟိုင်က ချင်ယွမ်ဖုန်းကို စိတ်ရင်းမှန်ဖြင့် ကူညီလိုသည် ဖြစ်သောကြောင့် ချင်ယွမ်ဖုန်းသည်လည်း ဤတပည့်ကို အသိအမှတ်ပြုလိုက်ပေသည်။
"ဒီလိုလုပ်မယ်၊ ငါ မင်းရဲ့ပစ္စည်းတွေကို အလကား မယူပါဘူး။ မင်းကို တစ်ခုခု သင်ပေးမယ်၊ ဒါကို အလဲအလှယ်လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
ကွမ်းဟိုင်သည် သဘာဝအတိုင်း အလွန်ဝမ်းမြောက်သွားသော်လည်း ခေါင်းကို ခါယမ်းကာ ငြင်းဆန်ရှာသည်။
"ဆရာသခင်၊ တပည့်က ဆရာ့ရဲ့ တပည့်ဖြစ်ရုံမျှသာ ရှိပါသေးတယ်။ ဆရာသခင်ကို လုပ်ကျွေးပြုစုရမှာက တပည့်ရဲ့ တာဝန်သာ ဖြစ်ပါတယ်"
ချင်ယွမ်ဖုန်းသည် ဤစကားကို ကြားရသောအခါ အနည်းငယ် နေရခက်သွားရသည်။ အထူးသဖြင့် ဤလူမှာ အဘိုးအိုတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
"ငါက မင်းရဲ့ ဆရာသခင်ဖြစ်တာမို့ ဒါက ငါသင်ပေးနိုင်တဲ့ အရာပဲ။ ငြင်းပယ်ဖို့ မလိုပါဘူး" ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။
မကြာမီပင် ချင်ယွမ်ဖုန်းသည် ကွမ်းဟိုင်ကို ဂါထာမန္တန်တစ်ခု သင်ကြားပေးလိုက်ချေသည်။
ယင်းမှာ ချင်ယွမ်ဖုန်း၏ ပျက်ပြယ်နေသော မှတ်ဉာဏ်အပိုင်းအစများထဲမှ ထုတ်ယူထားသော အချက်အလက်များဖြစ်ပြီး မိမိ၏ ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပေးနိုင်သည့် ဂါထာမန္တန်တစ်ခု ဖြစ်ပေသည်။
အတိုချုပ်ဆိုရသော် ထိုအရာက ချင်ယွမ်ဖုန်းအတွက် အလွန်အသုံးဝင်ခဲ့သလို ကွမ်းဟိုင်အတွက်လည်း သဘာဝအတိုင်း အသုံးဝင်စေမည် ဖြစ်သည်။
ကွမ်းဟိုင်သည် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် မြေကြီးပေါ်သို့ ထပ်မံဒူးထောက်ကာ ချင်ယွမ်ဖုန်းကို သုံးကြိမ်တိုင်တိုင် ဦးခိုက်လေတော့သည်။
ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပေးနိုင်သည့် ကျင့်စဉ်ပညာရပ်များမှာ ဤလောကတွင် အလွန်တရာ ရှားပါးလှပေရာ ထိုသို့ ဦးခိုက်ခြင်းမှာ မလွန်လှချေ။
ချင်ယွမ်ဖုန်း ပြန်လည်မမှတ်မိသောအချက်မှာ ယင်းက ကွမ်းဟိုင်ကို သင်ကြားပေးလိုက်သည့် ဂါထာမန္တန်မှာ 'ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်' ၏ အပိုင်းအစတစ်ခု ဖြစ်နေခြင်းပင်။
ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ဆိုသည်မှာ နတ်ဘုရားအဆင့် အထက်တန်းစား ဝိညာဉ်သိုင်းပညာရပ် တစ်ခုဖြစ်ပြီး ကြုံတွေ့ရခဲလှသော အရာမျိုး ဖြစ်သည်ကို သိထားရပေမည်။
ကွမ်းဟိုင်သည် တကယ့်ရတနာ အစစ်အမှန်ကို ကောက်ရလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤဂါထာမန္တန် အပိုင်းအစလေးတစ်ခုတည်းနှင့်ပင် ကွမ်းဟိုင်အတွက် တစ်သက်တာလုံး အကျိုးထူး ခံစားရစေရန် လုံလောက်လှပေသည်။
"အော်၊ ဟုတ်သားပဲ၊ ဆရာသခင်၊ ဒီနေရာမှာ ဘာမှမရှိဘူးဆိုရင် ကျွန်တော်တို့ ဖောင်ဖျက်ကျွန်းကို သွားကြည့်လို့ ရပါတယ်။ အဲဒီမှာ အမြစ်မဲ့ကျွန်းတွေပေါ်မှာ အကြီးမားဆုံးဖြစ်တဲ့ ကုန်သည်ကြီးများအသင်း နှစ်ခု ရှိပါတယ်" ကွမ်းဟိုင်က တင်ပြသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ဒါဆို သွားကြည့်ကြတာပေါ့" ဟု ဆိုသည်။
ယန်ရုသည် ဖောင်ဖျက်ကျွန်းသို့ သွားမည်ဟု ကြားရသောအခါ ပို၍ပင် ဝမ်းမြောက်သွားတော့သည်။
သူမသည် ထိုကျွန်းသို့ တစ်သက်တွင် တစ်ကြိမ်သာ ရောက်ဖူးခြင်း ကြောင့် ဖြစ်သည်။
ကွမ်းဟိုင်သည် မိမိ၏ ပစ္စည်းများကို ချက်ချင်းပင် သိမ်းဆည်းပြီး ချင်ယွမ်ဖုန်းကို ဖောင်ဖျက်ကျွန်းသို့ ခေါ်ဆောင်ခဲ့သည်။
သို့သော်လည်း ၎င်းတို့နှင့် ဖောင်ဖျက်ကျွန်းမှာ အလွန်ဝေးကွာလှသဖြင့် ခရီးနှင်ခဲ့ရသည်မှာ တစ်နေ့ခွဲခန့် ကြာမြင့်မှသာ လုလုနီးပါး ရောက်ရှိတော့သည်။
၎င်းတို့ ဖောင်ဖျက်ကျွန်းသို့ ရောက်ရှိချိန်တွင် မိုးကုပ်စက်ဝိုင်းမှာ မှောင်ရီပျိုးစပြုနေပြီဖြစ်ရာ ညအချိန်သို့ ကူးပြောင်းတော့မည် ဖြစ်သည်။
"ယန်ရု၊ မင်း ဒီည အိမ်မပြန်ရင် အဆင်ပြေပါ့မလား" ချင်ယွုန်းဖုန်းသည် ဤအချိန်မှသာ ယန်ရုကို သတိရမိတော့သည်။
ယန်ရုက အလျင်အမြန်ပင် ခေါင်းခါပြလျက် "စိတ်မပူပါနဲ့၊ အဖေက သမီး ဆရာနဲ့အတူ ရှိနေတာ သိရင် အလွန်အမင်း စိတ်ချနေမှာပါ" ဟု ဆိုလေသည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့" ချင်ယွမ်ဖုန်းက ပြုံးလိုက်သည်။
ယခုအချိန်တွင် အိမ်သို့ ပြန်လည်ရောက်ရှိနေသော စီဒန်ဟွာမှာမူ ချင်ယွမ်ဖုန်းကို တတွတ်တွတ် ဆဲရေးတိုင်းထွာနေသည်ကို ယင်းက မသိရှိရှာချေ။
ယင်းမှာ ၎င်း၏ သမီးဖြစ်သူကို ခိုးယူဖျားယောင်းသွားခြင်း၊ ၎င်းက စနစ်တကျ ပြုစုပျိုးထောင်ထားသော ဂေါ်ဖီထုပ်လေးကို ဝက်တစ်ကောင်က ဖျက်ဆီးသွားခြင်း စသည်ဖြင့် မကျေမနပ် ညည်းညူနေခြင်းသာ ဖြစ်ပေသည်။
ထို့နောက် ချင်ယွမ်ဖုန်းသည် ဖောင်ဖျက်ကျွန်းပေါ်တွင်ပင် ကွမ်းဟိုင်ဟူသော ဤအဘိုးအို၌ အလွန်ကောင်းမွန်သော ကျော်စောမှု ရှိသည်ကို သတိပြုမိလိုက်သည်။ ဤနေရာရှိ လူအများအပြားမှာ ကွမ်းဟိုင်ကို သိရှိနေကြပေသည်။
အခန်း(၆၂၂)
အမှန်စင်စစ်သော်ကား တစ်ကျွန်းလုံးတွင် အမြစ်မဲ့ကျွန်းများ၌ ပဉ္စမအဆင့် ဆေးဖော်စပ်သူ လေးဦးနှင့် ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ တစ်ဦးတည်းသာ ရှိချေရာ ထိုသူတို့၏ အဆင့်အတန်းမှာ အလိုအလျောက်ပင် မြင့်မြတ်လှပေသည်။
ကွမ်းဟိုင်သည် ဖူပင်းကျွန်းပေါ်ရှိ အကောင်းဆုံး တည်းခိုခန်းတွင် ချင်ယွမ်ဖုန်းအတွက် အခန်းနှစ်ခန်း ငှားရမ်းပေးပြီး ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့ကို နေထိုင် စေခဲ့သည်။
ထိုသို့ ရိုသေပျပ်ဝပ်လှသော သူ၏ အမူအရာကို မြင်သော် ကွမ်းဟိုင်နှင့် ရင်းနှီးပြီးသားဖြစ်သည့် တည်းခိုခန်းပိုင်ရှင်မှာ လွန်စွာ အံ့ဩမိလေသည်။
ချင်ယွန်းဖုန်းနှင့် ယန်ရုတို့ အခန်းထဲသို့ ဝင်သွားကြသည်နှင့် တည်းခိုခန်းပိုင်ရှင်သည် မျက်နှာတစ်ခုလုံး ပြုံးဖြည်းဖြည်း လုပ်လျက် ကွမ်းဟိုင်၏ တပည့်ဖြစ်သူ ချွေကျားထံသို့ ကပ်သွားတော့သည်။
"ကျုပ်ပြောပါရစေဦး ချွေညီလေးရာ၊ အဲ့ဒီ လူငယ်နှစ်ယောက်က ဘယ်သူတွေမလို့လဲဗျာ၊ မင်းရဲ့ ဆရာက ဘာလို့ ဒီလောက်တောင် ရိုသေကိုင်းညွတ်နေရတာလဲ" ဟု တည်းခိုခန်းပိုင်ရှင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းချေသည်။
ထိုစကားကို ကြားရသော် ချွေကျား၏ မျက်နှာရိပ်မှာ အနည်းငယ် ပျက်ယွင်းသွားပြီး "ဘာမှမဟုတ်ဘူး၊ သူများကိစ္စထဲ ဝင်မစွက်ဖက်နဲ့" ဟု ခပ်ပြတ်ပြတ်ပင် ဆိုလိုက်၏။
ချွေကျား၏ ဒေါသတနုံနုံ ဖြစ်နေသော အသွင်ကို မြင်ရသဖြင့် တည်းခိုခန်းပိုင်ရှင်မှာ အတော်ပင် အံ့အားသင့်သွားရသည်။
သို့သော်လည်း မကြာမီပင် သူသည် ချီယန်၏ ထံမှ အမှန်တရားကို သိရှိခွင့်ရခဲ့လေရာ ထိုလူငယ်သည်ကား အမှန်စင်စစ် ကွမ်းဟိုင်၏ ဆရာသခင် ဖြစ်နေပေတော့သည်။
ဤသတင်းမှာ ပေါက်ကွဲထွက်သွားလောက်အောင်ပင် ဟိုးဟိုးကျော်သွားခဲ့သည်။ ကွမ်းဟိုင်သည် ပဉ္စမအဆင့် ဆေးဖော်စပ်သူ တစ်ဦးဖြစ်သည့် အလျောက် ဤနေရာ၌ အထူးပင် လေးစားကြည်ညိုခြင်း ခံရသူ ဖြစ်ပေရာ ထိုသို့သော ကွမ်းဟိုင်၏ ဆရာသခင် ဖြစ်နိုင်မည့်သူမှာ မည်မျှအထိ ကြီးမြတ်လှမည်နည်း။
ပုံမှန်အားဖြင့် တည်းခိုခန်းပိုင်ရှင်ဟူသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်သူများ မဟုတ်ကြပေရာ ဤသတင်းမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့တော့သည်။
ထိုအကြောင်းကိုမူ ကွမ်းဟိုင်က ရိပ်မိခြင်း မရှိရှာပေ။ သူသည် မိမိ၏ တပည့်နှစ်ဦးအတွက်ပါ အခန်းများ ငှားရမ်းပေးပြီးနောက် တည်းခိုခန်းမှ ထွက်ခွာ၍ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ လျှောက်လှမ်းသွားခဲ့သည်။
ဤသည်ကား စည်ကားသိုက်မြိုက်လှသော ဖူပင်းကျွန်းသို့ ယန်ရု ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သဖြင့် သူမသည် လွန်စွာ ဝမ်းမြောက်ပျော်ရွှင်နေမိသည်။
ထို့ကြောင့်ပင် စျေးဝယ်ထွက်ရန်အတွက် ချင်ယွမ်ဖုန်းကို ချက်ချင်းပင် အော်ခေါ်တော့သည်။
ညဉ့်ဦးယံ အချိန်သို့ ရောက်ရှိသော်လည်း ဖူပင်းကျွန်းမှာ မီးရောင်စုံများဖြင့် လင်းထိန်နေဆဲပင် ဖြစ်သည်။
၎င်း၏ အကျယ်အဝန်းမှာ ကုန်းမြေပေါ်ရှိ မြို့တစ်မြို့နှင့်ပင် နှိုင်းယှဉ်နိုင်ချေရာ လူအများအပြား နေထိုင်ကြသည်။
သူတို့နှစ်ဦးသည် အေးအေးလူလူ လမ်းလျှောက်ရင်း စိတ်ကျေနပ်မှု ရနေကြသည့် အသွင် ရှိပေသည်။
ထိုအချိန်တွင် လူရိပ်တစ်ခုသည် ချင်ယွမ်ဖုန်း၏ အခန်းတံခါးဝသို့ ချဉ်းကပ်လာခဲ့သည်။
"ဆရာသခင်ကြီး၊ အထဲမှာ ရှိလား" ချီယန်သည် ချင်ယွမ်ဖုန်း၏ တံခါးဝတွင် ရပ်လျက် မေးမြန်းလိုက်၏။
အခန်းတွင်းမှ မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာသဖြင့် ချီယန်မှာ အံ့ဩသွားရသည်။
"ဆရာသခင်ကြီး အပြင်ထွက်သွားတာလား"
ချီယန်သည် မျက်မှောင်ကြုတ်လျက် တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရလေသည်။
"အင်းလေ၊ ဒါဆိုရင်လည်း ဒီနေရာမှာပဲ ဆရာသခင်ကြီးကို စောင့်နေရုံပေါ့"
ချင်ယွမ်ဖုန်းမှာမူ မိမိ၏ အခန်းတွင်းသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည့် ဧည့်သည်တစ်ဦး ရှိနေသည်ကို သိရှိခြင်း မရှိပေ။
သူနှင့် ယန်ရုတို့သည် ယခုအချိန်တွင် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားကြသည်။
၎င်းမှာ သူတို့နှစ်ဦးစလုံးထံတွင် ဝိညာဉ်ကျောက်တုံး တစ်တုံးမျှ ပါမလာခြင်းပင် ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် ကွမ်းဟိုင်က အစစအရာရာ သေချာစွာ ဂရုစိုက်ပေးခဲ့သဖြင့် ငွေကြေး သုံးစွဲရန် မလိုခဲ့ပေ။
သို့သော် ယခုအခါတွင်မူ ကွမ်းဟိုင်နှင့် ခွဲခွာနေချိန်ဖြစ်ရာ သူတို့ထံ၌ ဝိညာဉ်ကျောက်တုံး တစ်တုံးမျှ ရှိမနေတော့ချေ။
"ဆေးပင်တွေ ဝယ်ဖို့ဆိုရင်တောင် ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တာပဲ။ ငါ ဝိညာဉ်ကျောက်တုံးတွေ ရနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာရမယ်" ချင်ယွမ်ဖုန်း၏ စိတ်ကူးများက မြန်ဆန်စွာ လည်ပတ်နေသည်။
သို့သော်ငြားလည်း အတန်ကြာအောင် စဉ်းစားပြီးသည့်တိုင် ဝိညာဉ်ကျောက်တုံး ရှာဖွေရန် နည်းလမ်းကို မတွေးတောနိုင်သေးပေ။
"ယန်ရု၊ မင်းမှာကော အကြံဥာဏ် တစ်ခုခု ရှိလား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ယန်ရုက ခေါင်းကို ခါယမ်းလျက် "င့လည်း ဘာမှ မတွေးတတ်ဘူး" ဟု ဆိုသည်။
"ထားလိုက်ပါတော့၊ ဒါဆိုရင်လည်း ကွမ်းဟိုင်ကိုပဲ သွားရှာကြတာပေါ့" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် ရွေးချယ်စရာ မရှိသည့်အဆုံး ပြောလိုက်ရတော့သည်။
မိမိအနေဖြင့် ဤနေရာ၌ တပည့်ဖြစ်သူ၏ အကူအညီကို ယူရဦးမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဆရာတစ်ယောက် အနေဖြင့် သူ၏ သိက္ခာမှာ အမှန်ပင် ကျဆင်းရချေသည်။
ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို ရှာဖွေရန်မှာ လွယ်ကူလှပေရာ ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့သည် မခက်ခဲဘဲ ရှာဖွေတွေ့ရှိသွားကြသည်။
"မင်္ဂလာပါ၊ ကျုပ် ကွမ်းဟိုင်ကို လာရှာတာပါ" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။
တံခါးဝတွင် ရှိနေသော သိုင်းပညာရှင်သည် ချင်ယွမ်ဖုန်း၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ရွံရှာမုန်းတီးသော မျက်နှာပေးကို ပြသလာသည်။
"အကြီးအကဲ ကွမ်းဟိုင်ရဲ့ နာမည်က မင်းလိုကောင်က ဒီအတိုင်း လှမ်းခေါ်လို့ရတဲ့ နာမည်မျိုး မဟုတ်ဘူး၊ မင်းက ဘယ်သူမလို့လဲ" ဟု ထိုသိုင်းပညာရှင်က နှာခေါင်းရှုံ့လျက် မေးမြန်းလိုက်သည်။
"ဟုတ်ပ၊ ဟုတ်ပ။ မင်းတို့နှစ်ယောက် ဆင်းရဲဒုက္ခရောက်နေတဲ့ ပုံစံကို ကြည့်ရတာ သူတောင်းစားတွေ မဟုတ်ဘူးလား" ဟု အခြား သိုင်းပညာရှင် တစ်ဦးကလည်း လှောင်ပြောင် သရော်လျက် "တခြားနေရာမှာ သွားတောင်းစားကြစမ်း၊ ငါတို့ ဆေးဖော်စပ်သူများအသင်းရဲ့ နေရာကို လာပြီး မညစ်ပတ်စေနဲ့" ဟု ဆိုသည်။
ထိုစကားများကြောင့် ယန်ရုမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မှားချင်သွားရသည်။ "ငါပြောပါရစေဦး၊ နင်တို့တွေကတော့ တကယ့်ကို လူအထင်သေးတတ်တဲ့ ကောင်တွေပဲ။သူက နင်တို့ရဲ့ အကြီးအကဲ ကွမ်းဟိုင်ရဲ့ ဆရာသခင်ပဲ၊ ဒါကို မင်းတို့က ဒီနေရာမှာ လာပြီး အော်ဟစ်ဝံ့တယ်ပေါ့"
"အကြီးအကဲ ကွမ်းဟိုင်ရဲ့ ဆရာသခင် ဟုတ်လား" သိုင်းပညာရှင် တစ်ဦးက အော်ဟစ် ရယ်မောလိုက်ရာ မျက်ရည်များပင် ထွက်ကျလုမတတ် ဖြစ်သွားရသည်။
အခြား သိုင်းပညာရှင် တစ်ဦးကလည်း မိမိ၏ ဗိုက်ကို နှိပ်လျက် ကျယ်လောင်စွာ ရယ်မောရင်း "သူသာ အကြီးအကဲ ကွမ်းဟိုင်ရဲ့ ဆရာသခင်ဆိုရင် ငါက ဒီနေရာမှာ စွမ်းအားအရှိဆုံး ဆေးဖော်စပ်သူ ဖြစ်နေမှာပေါ့" ဟု ဆိုလေသည်။
သူတို့၏ အရှက်မရှိသော အပြုအမူများကို မြင်သော် ယန်ရုမှာ အလွန် ဒေါသထွက်မိသော်လည်း တတ်နိုင်ခြင်း မရှိရှာပေ။
"အာဟိုင် သူတို့တွေ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ ကြည့်ပါဦး" ယန်ရုက စိတ်တိုတိုဖြင့် ပြောသည်။
ချင်ယွမ်ဖုန်းက ယန်ရု၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း "ကဲပါ၊ စိတ်မဆိုးပါနဲ့။ သူတို့က အိမ်စောင့်ခွေး နှစ်ကောင်မျှသာပဲ။ ခွေးက မင်းကို ကိုက်ရင် မင်းက ခွေးကို ပြန်ကိုက်မှာမလို့လား" ဟု ဆိုလိုက်၏။
ယန်ရုသည် ချင်ယွမ်ဖုန်း၏ စကားထဲမှ ရွဲ့စောင်းမှုကို ကြားလိုက်ရသဖြင့် မပြုံးဘဲ မနေနိုင်တော့ပေ။ "ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ကျမက ဘာလို့ အိမ်စောင့်ခွေး နှစ်ကောင်ကို စိတ်တိုနေရမှာလဲ"
သိုင်းပညာရှင် နှစ်ဦးသည် ချင်ယွမ်ဖုန်း၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားကြတော့သည်။ "ဟေ့ကောင်၊ မင်း သေချင်နေတာလား"
ပြဿနာရှာရသည်ကို ကြောက်ရွံ့ခြင်း မရှိသော ယန်ရုသည် ချင်ယွမ်ဖုန်း၏ ကျောပြင် နောက်ကွယ်သို့ ချက်ချင်းပင် ပုန်းကွယ်လိုက်ပြီး ခေါင်းလေး ပြူလျက် "အိမ်စောင့်ခွေး နှစ်ကောင်၊ လာကိုက်လေ" ဟု အော်ပြောတော့သည်။
သိုင်းပညာရှင် နှစ်ဦးသည် ရုတ်တရက်ပင် သူတို့၏ မြင်းဖြတ်ဓားမကြီးများကို ဆွဲထုတ်လိုက်ကြပြီး ဤရူးသွန်းနေသော လူများကို ခုတ်သတ်ရန် အသင့်ပြင်လိုက်ကြသည်။
"ရပ်လိုက်စမ်း"
ချင်ယွမ်ဖုန်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခု ဆင်ယင်လျက် "မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြောဆိုဖို့ ငါ အကြံပြုချင်တယ်၊ မဟုတ်ရင် ငါ့ရဲ့ ဒီလက်သီးတစ်ချက်အောက်မှာ မင်းတို့ သေသွားနိုင်တယ်" ဟု ဆို၏။
"မင်းက အရူးလား"
သိုင်းပညာရှင် နှစ်ဦးမှာ ဆက်လက် အောင့်အည်းနိုင်ခြင်း မရှိတော့ပေ။
သူတို့သည် ချင်ယွမ်ဖုန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာကြပြီး မြင်းဖြတ်ဓားမကြီးများကို ဦးခေါင်းထက်မှနေ၍ လေထဲတွင် ဝူးဝူးဝါးဝါး မြည်ဟီးသံများ ထွက်ပေါ်စေလျက် ခုတ်ပိုင်းချလိုက်ကြတော့သည်။
သူတို့နှစ်ဦးစလုံး၏ ကျင့်စဉ်အဆင့်မှာ ပထမအဆင့် မဟာဆရာနယ်ပယ်တွင် ရှိနေကြသည်။ ချင်ယွမ်ဖုန်းအနေဖြင့် ကြောက်ရွံ့ခြင်း မရှိသော်လည်း အနည်းငယ်တော့ အံ့ဩမိသွားသည်။
ဆေးဖော်စပ်သူများအသင်းက မိမိတို့၏ တံခါးဝကို စောင့်ကြပ်ရန် ဤမျှ စွမ်းအားကြီးမားသော သိုင်းပညာရှင်များကို ငှားရမ်းထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
သူတို့သည် အမှန်ပင် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာ ကြီးမားကြပေသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိရင်း "ဒီလောကကြီးထဲမှာ ဘာလို့ အမှန်တရားကို ပြောတဲ့အခါ ဘယ်သူမှ မယုံကြတာလဲမသိဘူး" ဟု ဆိုသည်။
ထိုသို့ ပြောဆိုရင်းပင် သူသည် ရုတ်တရက် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်တော့သည်။
သိုင်းပညာရှင် တစ်ဦးသည် ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုကို ကြည့်နေခဲ့သော်လည်း လက်သီးချက်မှာ မိမိ၏ မျက်နှာရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ မည်သို့မျှ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ချေ။
"ဘုန်း"
ချင်ယွမ်ဖုန်းသည် သိုင်းပညာရှင်၏ မျက်နှာကို တည့်တည့်ပင် ထိုးနှက်လိုက်ရာ ထိုသူမှာ လွင့်စင်သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ဆယ်ပတ်ကျော်မျှ လည်ပတ်သွားပြီးနောက် နံရံကို သွားရောက် ရိုက်ခတ်မိကာ သွားများအားလုံး ကျိုးပဲ့ထွက်ကျကုန်တော့သည်။
အခြား သိုင်းပညာရှင် တစ်ဦးမှာမူ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူသည် နောက်သို့ ဆုတ်ခွာလိုသော်လည်း ချင်ယွမ်ဖုန်းက နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ပစ်သွင်းလိုက်ရာ သူ၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားခဲ့သည်။
ထိုလက်သီးချက်မှာ ဧရာမ ကျောက်တုံးကြီး တစ်တုံးကဲ့သို့ ပြင်းထန်လှပေရာ သိုင်းပညာရှင်၏ ရင်ဘတ်မှာ ချက်ချင်းပင် ချိုင့်ဝင်သွားခဲ့ရသည်။ သူ၏ နံရိုးအားလုံး ကြေမွသွားခဲ့ပြီ ဖြစ်တန်ရာ၏။
"ငါ ပြောသားပဲ၊ ငါ တကယ် လက်သီးတစ်ချက် ထိုးလိုက်ရင် မင်းတို့ တကယ် သေသွားလိမ့်မယ်လို့" ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် ဆိုလိုက်သည်။
သိုင်းပညာရှင် နှစ်ဦးမှာ လွန်စွာ နာကျင်လှသဖြင့် မေ့လဲလုမတတ် ဖြစ်နေကြရသည်။ ကိုယ်တွင်းစွမ်းအင် အကြွင်းအကျန်မျှ မရှိသော လူတစ်ယောက်က ဤမျှ ပြင်းထန်လှသော စွမ်းအားကို မည်သို့ ပိုင်ဆိုင်ထားနိုင်သည်ကို သူတို့ မည်သို့မျှ နားမလည်နိုင်ကြတော့ပေ။
ဝင်ပေါက်ဝရှိ ပြဿနာများကြောင့် ဆေးဖော်စပ်သူများအသင်း အတွင်းမှ သိုင်းပညာရှင် ဆယ်ဂဏန်းကျော်မှာ လျင်မြန်စွာပင် ပြေးထွက်လာကြသည်။
သူတို့သည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ငှားရမ်းခြင်း ခံထားရသူများ ဖြစ်ကြပြီး ထိုသူတို့အထဲတွင် ပဉ္စမအဆင့် မဟာဆရာနယ်ပယ်၏ ဆရာသခင် တစ်ဦးပင် ပါဝင်နေချေသည်။