← Chapters

ဟူး... ငါ့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာပြီ

Vol. 9 Ch. 117

ဟူး... ငါ့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာပြီ

Vol. 9 Ch. 117

‘ ငါ ဘာတွေလွဲသွားသေးလဲ... ’

သူ စိတ်ပေါ့ပါးမှုကို ခံစားလာရလေလေ ပို၍ သတိကြီးကြီးထားလာလေလေဖြစ်သည်။ လီချန်ရှို့သည် ရေကန်ဘေးတွင် ရပ်၍ တွေးတောနေ၏။

တာအိုရသေ့ခွိုက်စစ် ဂိုဏ်းမှထွက်သွားခဲ့သည်မှာ ခုနှစ်ရက် ရှိခဲ့ပေပြီ။ ချုံတောင်လေးတွင်လည်း ပြန်၍ တိတ်ဆိတ်အေးချမ်းနေပေပြီ။

ယုံချင်ရွှမ်းယာသည်လည်း ကျင့်ကြံရန် အခန်းအောင်းသွားပေပြီ။ ယနေ့မှစ၍ သူမသည် ချုံတောင်လေးသို့ ရောက်လာမည် မဟုတ်တော့ချေ။ ထို့ပြင် သူမသည် ချုံတောင်လေးတွင် အချိန်အတော်ကြာအောင် နေ့ခဲ့၏။ သူမသည် ထိုရက်ပိုင်းအတွင်း လီချန်ရှို့နှင့် သူ၏ဆရာတို့ ချုံတောင်လေးတွင်သာ ရှိနေကြောင်းကို သက်သေခံနိုင်ပေသည်။ ထိုမျှဆိုလျှင် လုံလောက်ပေပြီ။

လီချန်ရှို့ စိတ်ရှည်ရပေမည်။

ထိုအခိုက်တွင် သူသည် ဂိုဏ်းအတွင်းရှိ နတ်ဝိဇ္ဇာအလောင်းအလျာ တစ်ဦးအဖြစ်သာရှိသေးသည်။ အကယ်၍ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးပါး အန္တရာယ်ကြုံခဲ့လျှင် သူ့ကို မည်သူမှ သံသယဝင်ကြမည် မဟုတ်ချေ။

သို့သော် နောင်တွင် သူဖုံးကွယ်ထားသော ကျင့်ကြံခြင်းအဆင့်ပေါ်သွားပါက သူသည် ခွိုက်စစ်ပျောက်သွားခြင်းနှင့် ပတ်သက်မှုရှိရမည်ဟု နတ်ရေတံခွန်တောင်က ဆက်စပ်မိသွားနိုင်လေသည်။ သူ့ဆရာချီယွမ်နှင့် ခွိုက်စစ်သည် ရန်ငြိုးရန်စရှိသည် မဟုတ်ပါလော။

ယုံချင်ရွှမ်းယာသည် အလွန်ဖြောင့်မတ်သော ချီကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကယ်၍ လီချန်ရှို့ ပြဿနာများနှင့် ရင်ဆိုင်ရပါက သူမသည် ရှေ့ထွက်၍ သက်သေလိုက်ပေးပေလိမ့်မည်။

ထိုအခါ အမှန်တရားသည် ပို၍ ဝေဝါးသွားပြီး သူသည် ထိုကိစ္စကို ကိုင်တွယ်ရန် အခွင့်အရေးများပိုရလာမည် ဖြစ်သည်။

ထိုအခိုက်တွင် နတ်ရေတံခွန်တောင်မှ တစ်စုံတစ်ဦးသည် တာအိုရသေ့ခွိုက်စစ်ကို ဆက်သွယ်၍ မရကြောင်း သတိထားမိခဲ့ပြီဖြစ်သည်။ သူတို့သည် ခွိုက်စစ်တစ်ယောက် တစ်ခုခုဖြစ်နေနိုင်သည်ဟု သံသယဝင်လာကြ၏။

ခွိုက်စစ်နှင့် မျိုးဆက်တူသော အတုမဲ့နတ်ဝိဇ္ဇာအချို့သည် ဂိုဏ်းပြင်သို့ထွက်၍ သူ့ကိုလိုက်ရှာကြ၏။

သူတို့သည် လီချန်ရှို့ချန်ပေးခဲ့သော သဲလွန်စများကို မတွေ့ခဲ့လျှင်လည်း ကိစ္စမရှိပေ။ အကယ်၍ သူတို့ရှာတွေ့ခဲ့ပါမူ မြောက်ကျွန်းအကျယ်ကြီးထဲတွင် ဆက်ရှာ၍ လမ်းလွဲကို လိုက်မိမည် ဖြစ်သည်။ မည်သည့်အရာ ဆက်ဖြစ်မည်ကိုမူ လီချန်ရှို့လည်း မသိနိုင်ပေ။

ထို့ပြင် ခွိုက်စစ်အဖြစ် ဟန်ဆောင်ခဲ့သော စက္ကူကိုယ်ပွားသည် ချိုင့်ဝှမ်းအောက်ခြေရှိ ပက်ကြားအက်တစ်ခုကိုရှာ၍ အတွင်းသို့ဝင်ကာ သူ့ကိုယ်သူ သမာဓိမီးတောက်ဖြင့် ရှို့ခဲ့၏။ ထို့ကြောင့် စက္ကူကိုယ်ပွား၏ ခြေရာလက်ရာ မကျန်တော့ချေ။

လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ခံရန်နှင့် သူ၏နေ့စဉ်ဘဝအတွင်းမှ အသေးအဖွဲကိစ္စလေးများမှ လွဲ၍ အခြားကိစ္စကြီးနှစ်ခုကိုသာ လက်ဦးမှုယူ၍ စီစဉ်ခဲ့ဖူးလေသည်။

ပထမတစ်ခုမှာ သူ့ဆရာ ကောင်းကင်ပြစ်ဒဏ်ခံရာတွင် ကူညီရန် မြောက်ကျွန်းသို့သွား၍ ဆေးပင်ရှာခဲ့သော ကိစ္စဖြစ်သည်။ သူသည် ထိုကိစ္စအတွက် ဆယ်နှစ်ကျော် ကြိုတင်ပြင်ဆင်ခဲ့၏။

ဒုတိယတစ်ခုမှာ ခွိုက်စစ်နှင့် ပတ်သက်သော ကိစ္စပင်။ သူသည် ထိုကိစ္စကိုလည်း အချိန်ဆယ်နှစ်ကျော်ယူ၍ ပြင်ဆင်ခဲ့လေသည်။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပတ်သက်သော ကိစ္စသည် ထိုနှစ်ခုလောက် မကြီးမားချေ။ ထိုကိစ္စသည် သူ မတော်တဆကြုံတွေ့ခဲ့ရသော ကိစ္စဖြစ်ပြီး သူ့ကို ချောင်ပိတ်လိုက်သဖြင့် ရွေးစရာမရှိတော့ဘဲ ပြန်လည် တိုက်ခိုက်၍ ကုသိုလ်များကိုယူကာ အပြစ်များကိုမူ အခြားသူများအပေါ် ပုံချခဲ့ရခြင်းပင်။

သူသည် မည်သည့်ကမ္မနှောင်ကြိုးကိုမှ မရလိုလျှင် တောင်ပေါ်၌သာ အချိန်ပြည့်နေ,နေရမည်ဖြစ်သည်။

သို့သော် ရှေးယခင်က မြောက်ကျွန်းရှိ လိပ်နက်ကြီးသည် မည်သည့်အရာမှ မလုပ်ခဲ့သော်လည်း ပြဿနာများသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။ တန်ခိုးရှင်များသည် ၎င်း၏ ခြေလက် လေးဘက်စလုံးကို ဖြတ်ခဲ့ပြီး လောကကြီး၏ ထောက်တိုင်အဖြစ် အသုံးပြုခဲ့ပေသည်။

လီချန်ရှို့သည် ထိုအကြောင်းကို စိတ်ငြိမ်သုတ္တန်အတွင်း၌ ထည့်မရေးဝံ့ပေ။

ထို့ကြောင့် သူသည် ဂိုဏ်းအတွင်း၌ လျှို့ဝှက်ကျင့်ကြံနေစဉ် မိမိကိုယ်ကို ကာကွယ်နိုင်ရန် သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ရပေမည်။ လီချန်ရှို့အတွက် သိုသိုသိပ်သိပ် နေရန်လည်း လိုအပ်ပေသည်။ ထိုမှသာ သူအသက်ရှင်သန်နိုင်ရေးအတွက် ရှောင်ပြေးနိုင်ရန် အလုံအလောက် ပြင်ဆင်ထားကြောင်း အခြားသူများ မသိကြမည် ဖြစ်သည်။

လီချန်ရှို့သည် တဲအိမ်ထဲ အခန်းအောင်းနေလိုက်ပြီး နတ်ရေတံခွန်တောင်မှ လူများ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။

သူသည် ထိုတောင်မှ အကြီးအကဲများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သော အစွမ်းရှိသော်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းမှ သူရရှိနေသော အကျိုးကျေးဇူးများသည် နောက်ဆုံးတွင် တည်ငြိမ်လာပြီဖြစ်ပြီး သူသည်လည်း ဂိုဏ်းမှ အသိအမှတ်ပြုခြင်းကို ခံရသော တပည့်တစ်ဦး ဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ နောက်ခံအင်အားကို မဆုံးရှုံးလိုပေ။

လီချန်ရှို့တစ်ယောက် တာအိုရသေ့ခွိုက်စစ်၏ ဝိညာဉ်ကို စစ်ဆေးခဲ့စဉ်က တာအိုရသေ့ခွိုက်စစ်ကို နောက်မှ ထောက်ခံပေးပြီး သူ့ဆရာနှင့် ဆရာဒေါ်လေးကို အရှက်ရစေခဲ့သော အကြီးအကဲတစ်ဦးကို တွေ့ခဲ့ရလေသည်။

ထိုအကြီးအကဲသည် တာအိုရသေ့ခွိုက်စစ်၏ ဆရာဖြစ်ပြီး နတ်ရေတံခွန်တောင်မှ ကောင်ကင်နတ်မင်း အစောပိုင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးဖြစ်၏။

ထိုအကြီးအကဲကြောင့်သာ သူ၏ဆရာချီယွမ်ကို အလစ်တိုက်ခိုက်ခဲ့သော တာအိုရသေ့ခွိုက်စစ်သည် ဂိုဏ်း၏ စည်းမျဉ်းအတိုင်းခံရမည့် ပြစ်ဒဏ်ကြီးကြီးမားမားကို မခံခဲ့ရခြင်းပင်။ ထို့ကြောင့် ချုံတောင်လေးသည် ထိုကိစ္စတွင် မည်သို့မှ ဝင်၍ မပြောနိုင်ခဲ့ခြင်းပင်။

လီချန်ရှို့သည် ထိုကိစ္စကို စိတ်ထဲတွင် တေးထား၏။

အကယ်၍ နောင်တွင် ထိုအကြီးအကဲကို လက်စားချေရန် အခွင့်အရေးရခဲ့လျှင် သူသည် သေချာပေါက် ချုံတောင်လေးတစ်ခုလုံးအစား လက်စားချေပေးမည် ဖြစ်သည်။

ယခင်က တာအိုရသေ့ခွိုက်စစ်၏ အကြောင်းကို သူ မှတ်တမ်းတင်ရန် သုံးခဲ့သော ဝါးပေလိပ်‌လေးသည် ဆေးပေါင်းဖို့အတွင်း၌ လောင်ကျွမ်းပျောက်ကွယ်သွားပေပြီ။ လဝက်ကြာပြီးနောက် နတ်ရေတံခွန်တောင်တွင် ရုတ်ရုတ်သဲသဲဖြစ်လာလေတော့သည်။

ပုံမှန်ဆိုလျှင် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါး ဂိုဏ်းမှထွက်သွားပြီး ရက်တစ်ရာကျော်မျှ ပြန်မလာခြင်းသည် သာမန်သာဖြစ်သည်။ သို့သော် တာအိုရသေ့ခွိုက်စစ်သည် ဂိုဏ်းအပြင်သို့ မသွားခင် သူ့တပည့်များ ဂိုဏ်းတွင်း ပြိုင်ပွဲတွင် သုံးရန် ဓမ္မရတနာများ သွားဝယ်မည် ဖြစ်ကြောင်း ပြောခဲ့၏။ သို့သော် ယခုအထိ သူ့ထံမှ မည်သည့်သတင်းမှ မကြားရသေးပေ။ သူတို့သည် သူ့ကို ဆက်သွယ်ကျောက်စိမ်းအဆောင်နှင့်ပင် ဆက်သွယ်၍ မရချေ။

သူတို့ထဲတွင် နိမိတ်ဖတ်ကျွမ်းကျင်သော အကြီးအကဲတစ်ဦးရှိ၏။ သူသည် နိမိတ်ဖတ်ကြည့်သောအခါ လိပ်ခွံသည် ကွဲသွား၏။

ခွိုက်စစ်၏ တာအိုလက်တွဲဖော်သည် သူ့အကြောင်းကို တော်တော်များများသိသဖြင့် သူမသည် သူမ၏ လက်အောင်ငယ်သားများကို မြောက်ကျွန်းနယ်စပ်ရှိ မြို့သို့ သွားရောက် ရှာစေလိုက်သည်။ သူမတို့သည် မြို့မှ ရရှိသော သဲလွန်စများ နောက်ကို လိုက်ခဲ့ရာ မြို့ပြင်ရှိ မြောက်ကျွန်းနယ်စပ်အနားသို့ ရောက်သွား၏။

နောက်တစ်လကြာပြီးနောက် နတ်ရေတံခွန်တောင်မှ လူများသည် ခွိုက်စစ်တစ်ယောက် သေဆုံးသွားပြီဖြစ်ကြောင်း သေချာသလောက်ရှိသွားလေသည်။ သူသေသွားရသည့် အကြောင်းအရင်းမှာ မြို့ပြင်တွင် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်။

ထိုကိစ္စများသည် အာဒိကပ္ပလောကတွင် သာမန်သာဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည်လည်း စုပေါင်း၍ နိမိတ်ဖတ်ခဲ့ကြ၏။ သူတို့သည် ခွိုက်စစ်သေသွားသည့် နေ့ကိုသာ သိရှိနိုင်ခဲ့ပြီး အခြားသတင်းအချက်အလက်များကို မသိခဲ့‌ရပေ။

သူတို့ မည်သို့မှ မတတ်နိုင်တော့ချေ။

အကယ်၍ ရန်သူကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါက တုနတ်ဝိဇ္ဇာဂိုဏ်းသည် ရှေ့ထွက်ရပ်၍ သူ့တို့ဂိုဏ်းမှ ဂိုဏ်းသားအတွက် ဖြေရှင်းချက်တောင်းမည် ဖြစ်သည်။

သို့သော် ခွိုက်စစ်၏ ရန်သူသည် မည်သူဖြစ်ကြောင်း မသိချေ။ ထို့ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ခွိုက်စစ်၏ တာအိုလက်တွဲဖော်နှင့် တပည့်များကို နှစ်သိမ့်ရုံသာ တတ်နိုင်ခဲ့လေသည်။

ဂိုဏ်းသည် ခွိုက်စစ်၏ တပည့်များအတွက် အခြား အတုမဲ့နတ်ဝိဇ္ဇာတစ်ဦးထံတွင် ဆက်လက်သင်ကြားနိုင်ရန် စီစဉ်ပေးခဲ့၏။ ထို့ပြင် သူ၏ တာအိုလက်တွဲဖော်ကိုလည်း အခြားလက်တွဲဖော်တစ်ဦး ရှာပေးခဲ့၏။

အဟမ်း... ထိုကိစ္စကို သူမအလိုရှိမှသာ လုပ်ပေးမည် ဖြစ်သည်။

ချုံတောင်လေး၏ တောင်ထိပ်သခင်နှင့် သူ၏တပည့်နှစ်ဦးသည် ထိုကိစ္စတွင် မည်သို့မှ သက်ဆိုင်ခြင်းမရှိပေ။

လီချန်ရှို့သည် ထိုကိစ္စကို တစ်နှစ်မျှ တိတ်တဆိတ်လေ့လာခဲ့ပြီးနောက် ထိုကိစ္စကို ယာယီ ဘေးဖယ်ထား၍ ရပေပြီ။ တာအိုရသေ့ခွိုက်စစ် လုပ်ခဲ့သော မကောင်းမှုများကိုမူ လီချန်ရှို့ ထုတ်ဖော် ပြောမနေတော့ပေ။

သူသည် သူ၏ဂိုဏ်းတူညီမလေး အဆိပ်မကဲ့သို့ မဟုတ်ပေ။ သူသည် တရားမျှတမှုကို ထိုမျှ လိုလိုလားလား ရှိသူတစ်ဦး မဟုတ်ချေ။

အသက်နှင့်ကိုယ်မြဲနေသ၍ သူ့အတွက် လုံလောက်ပေပြီ။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ တောင်များသည် ပျားပန်းခတ် အလုပ်ရှုပ်နေကြပေပြီ။ မျိုးဆက်သစ်တပည့်များ၏ ဂိုဏ်းတွင်းပြိုင်ပွဲကို စော၍ကျင်းပမည်ဖြစ်ပြီး တပည့်ငယ်တိုင်း ပါဝင်ရမည်ဖြစ်သည်။

မျိုးဆက်ဟောင်းမှ နတ်ဝိဇ္ဇာများသည်လည်း မျိုးဆက်သစ်တပည့်များကို တိုက်ခိုက်ရေး သင်ပေးနိုင်ရန် တစ်ဦးပြီးတစ်ဦး အခန်းအောင်းကျင့်ကြံခြင်းမှ ထွက်လာကြ၏။

ဆရာများသည်လည်း သူတို့ကိစ္စများနှင့် သူတို့ အလုပ်ရှုပ်နေကြလေသည်။ သူတို့သည် သူတို့မလိုအပ်တော့သော ဓမ္မရတနာများကို သူတို့၏ တပည့်များကို ချီးမြှင့်လိုက်ကြပြီး တိုက်ပွဲအတွင်း မည်သို့လိုက်လျောညီထွေ တုံပြန် တိုက်ခိုက်ရမည်ကို သင်ပေးကြ၏။

အရည်အချင်း သိပ်မရှိသော တပည့်များသည် ချုံတောင်လေးမှ နတ်ဝိဇ္ဇာအလောင်းအလျာနှင့် နဂါးနန်းတော်မှ ဒုတိယမင်းသားလေးတို့၏ တိုက်ပွဲကို အားကျသဖြင့် သူတို့၏ ကိုယ်ယောင်ဖျောက်အတတ်များကို ပို၍ ကျွမ်းကျင်လာအောင် လေ့ကျင့်နေကြ၏။

သို့သော် သူတို့အများစုတွင် မေးခွန်းတစ်ခု ရှိနေ၏။

အဘယ်ကြောင့် သူတို့၏ မြေကိုယ်ယောင်ဖျောက်အတတ်သည် တောင့်တောင့်ကြီး ဖြစ်နေရသနည်း။

သူတို့အတွက် မြေကြီးအတွင်းသို့ အဝင်အထွက်သည် ခက်ခဲနေ၏။ သူတို့၏ အဝင်အထွက်သည် ချုံတောင်‌လေးမှ လီချန်ရှို့တစ်ယောက် ဆူးချွန်တင်းပုတ်ကြီးကို ကိုင်၍ ဝင်သွား၊ ထွက်သွားတုန်းကကဲ့သို့ ချောမွေ့ခြင်းမရှိပေ။

ထိုအရာသည် ပါရမီနှင့် ပင်ကိုစရိုက်တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ပြိုင်ပွဲရက်သည် တဖြည်းဖြည်းနီးကပ်လာပေပြီ။

လီချန်ရှို့သည် လပေါင်းများစွာ ဆေးဖော်နေခဲ့၏။ သူသည် စက္ကူကိုယ်ပွားများကို နှစ်ကြိမ် ဂိုဏ်းအပြင်သို့ လွှတ်ကာ ထိုဆေးလုံးများကို ရောင်းခိုင်းပြီး ပိုက်ဆံရှာခဲ့၏။ နောက်ဆုံးတွင် သူ၏ အဆိပ်ဆေးလုံးများကို ပြန်ဖြည့်တင်းနိုင်ခဲ့ပေပြီ။

ထိုနေ့တွင် သူနှင့် လန်လင်းအယ်သည် ဆွေးနွေးမှု တစ်ခုပြုလုပ်လိုက်ပြီး အတူတကွ စတင်လုပ်ဆောင်လိုက်သည်။ သူတို့သည် ရောင်စုံအမွေးအတောင်များ ရှိသော ကြက်နှစ်ကောင်နှင့် ဝိညာဉ်ငါးနှစ်ကောင်ကို သတ်လိုက်ပြီး ကျောက်စိမ်းဖားကိုလည်း တစ်အိုးစာချက်လိုက်၏။ ထို့ပြင် အရက်ကောင်း နှစ်အိုးနှင့် မြည်းရန် နတ်အစိမ်းကြော်အချို့ကိုလည်း ကျော်လိုက်၏။ သူတို့သည် လီချန်ရှို့၏ တဲထဲတွင် စားပွဲတစ်လုံး ပြင်ဆင်ခင်းကျင်းလိုက်သည်။

‌

သူမ၏ အစ်ကိုကြီးသည် တောင်ပေါ်တွင် ပွဲခံစရာ မည်သည့်ကိစ္စမှမရှိဘဲ အဘယ်ကြောင့် ထိုသို့ စားသောက်ပွဲကျင်းပလိုကြောင်းကို လင်းအယ်မသိသော်လည်း သူမ၏ဆရာ အခန်းအောင်းကျင့်ကြံရာမှ စောစောထွက်လာပြီး စိတ်ဓာတ်ပြန်တက်ကြွလာစေလိုသည့်အတွက် သူမသည် အစွမ်းကုန်လုပ်ဆောင်ပေးမည်သာ ဖြစ်သည်။

နေ့ဝက်ခန့် အလုပ်များပြီးနောက် ထိုနှစ်ဦးသည် သူတို့ဆရာ၏ တဲအိမ်အပြင်တွင် ရပ်လိုက်ကြ၏။

လီချန်ရှို့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

“ ဆရာ... ဂိုဏ်းတွင်းပြိုင်ပွဲစဖို့ နောက်တစ်နှစ်လောက်လိုပါသေးတယ်။ ဆရာ ကျွန်တော်တို့ကို ပြိုင်ပွဲဝင်တိုက်ခိုက်ဖို့အတွက် နည်းနည်း ညွှန်ကြားပေးချင်တာများ ရှိပါသလားခင်ဗျာ... ”

တဲအိမ်အတွင်းမှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာချေ။

ထို့ကြောင့် ဘေးရှိ လင်းအယ်သည် လည်ချောင်းရှင်းလိုက်ပြီး အော်ပြောလိုက်၏

“ အာ... အစ်ကိုကြီး..အဲ့လိုမလုပ်ပါနဲ့။ ညီမလေးတို့ ဆရာ့ရဲ့ ခွင့်ပြုချက်မှမရသေးတာ.. ညီမလေးတို့ ဒီလိုလုပ်လို့မရသေးဘူးလေ... ”

“ ဟေး... တပည့်ဆိုးတွေ... ရပ်လိုက်ကြစမ်း... မင်းတို့က မင်းတို့ကိုယ်မင်းတို့ လူကဲ့ရဲ့စရာဖြစ်အောင် လုပ်နေတာပဲ။ မင်းတို့ အရင်ဆုံး ပိုင်ဖန်ခန်းမကိုသွားပြီး စာရင်းသွင်းရမယ်လေ... ”

ဝုန်းဟူသော အသံနှင့်အတူ တဲအိမ်ကလေး၏ တံခါးသည် ဒိုင်းကနဲ ပွင့်သွားလေ၏။ ချီယွမ်သည် သူ၏ မြင်းမြီးနှင်တံကိုမြှောက်၍ အပြင်သို့ ခပ်သုတ်သုတ်ထွက်လာ၏။ သူ၏ ပတ်ပတ်လည်တွင် ဉာဏ်အလင်းပွင့်တာအိုသင်္ကတ အကြွင်းအကျန်အနည်းငယ် ရှိနေပေသေးသည်။

သူ၏ ရှေ့တွင် ရပ်နေသော တပည့်နှစ်ဦးကို တွေ့လိုက်သောအခါ တာအိုရသေ့အိုကြီး ချီယွမ်သည် ခါးသက်သက်ရယ်လိုက်ပြီး ဆူပူလိုက်၏။

“ မင်းတို့ ဘယ်လိုလုပ် ဒီလိုကိစ္စကို ဟာသလုပ်နေရတာလဲ။ အဲဒါက မင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်... ”

“ ဟီးဟီး... ”

လင်းအယ်က လျင်မြန်စွာပင် သွားဖြီးပြလိုက်၏။

“ ဆရာ... လိုက်ပြီး စားကြည့်ပါ။ လင်းအယ် အစ်ကိုကြီးနဲ့ ပေါင်းပြီး အဲလေ အစ်ကိုနဲ့ အတူတူ အစားကောင်းအသောက်ကောင်းတွေကို စားပွဲပြည့် လက်စွမ်းပြထားတယ် ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ ကျွန်တော်လည်း မကြာခင်တုန်းက အရက်ကောင်း နှစ်အိုး စိမ်ထားတယ် ”

တာအိုရသေ့အိုကြီး ချီယွမ်သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး စိတ်ဆင်းရဲနေဟန် ပြန်ပေါ်သွား၏။ သူသည် အဝေးကို ငေးကြည့်လိုက်၏။ သူ၏ မီးခိုးရောင်ဆံပင်ရှည်သည်လည်း အနည်းငယ် လှုပ်ခါသွားလေသည်။

“ ငါ့ရဲ့ နှလုံးသားက သေဆုံးသွားပါပြီ။ စားကောင်းသောက်ဖွယ်တွေ၊ အရက်တွေက အရသာရှိတယ်။ မင်းတို့ လူငယ်တွေ ခံစားနိုင်တုန်း ကောင်း‌ကောင်းခံစားကြပေါ့ကွယ်... ဟူး... ချန်ရှို့ ငါမကြာခင်တုန်းက ကိစ္စတစ်ခုကို သဘောပေါက်သွားခဲ့တယ်... ”

“ ပြောပါ ဆရာ... ”

လီချန်ရှို့သည် အာရုံစိုက်၍ နားထောင်လိုက်သည်။

ချီယွမ် ပြောလိုက်၏။

“ မင်း မျက်စိရှေ့မှာ ရှိနေတဲ့ သူကို တန်ဖိုးထားပါ။ အနာဂတ်အကြောင်းကို မတွေးပါနဲ့။ ကံတရားက ရာသီဥတုလိုပဲ ခန့်မှန်းရခက်တယ်... ကောင်းချီးလား၊ ကြမ္မာဆိုးလားဆိုတာ ဘယ်သူပြောနိုင်မလဲ... ”

ဘေးရှိ လင်းအယ်သည် အတန်ငယ် မျက်တောင်ခတ်လိုက်၏။ သူမသည် နှုတ်ခမ်းစေ့၍ သူမ၏ အစ်ကိုကြီးကို တစ်ချက် ခိုးကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် အနည်းငယ် နီမြန်းနေ၏။

သူမသည် ပြောသည်ကတစ်မျိုး၊ ဆိုလိုသည်က တစ်ဖုံဖြစ်နေသည်။

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ ကျွန်တော် မှတ်သားထားပါမယ်။ ဆရာ မစိုးရိမ်ပါနဲ့... ကျွန်တော် ညီမလေးကို ကောင်းကောင်းကာကွယ်ပေးမှာပါ ”

“ ကောင်းတယ်..ကောင်းတယ် ”

ချီယွမ် လက်ဝှေ့ယမ်း၍ ဆက်ပြောလိုက်၏။

“ မင်းက ငါ့ထက် ပိုပြီး လုပ်ရည်ကိုင်ရည် ကောင်းပါတယ်။ ဂိုဏ်းတွင်းပြိုင်ပွဲနဲ့ ပတ်သတ်ပြီး မင်းနဲ့ လင်းအယ်တို့ သင့်တော်သလို ဆုံးဖြတ်လိုက်ကြပါ... ”

“ ငါ ဆက်ပြီး အခန်းအောင်းကျင့်ကြံလိုက်ဦးမယ်။ မင်းလည်း အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို မြန်မြန်ရောက်အောင် လုပ်ပြီး မင်းခုနက ပြောခဲ့သလို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ မင်းတို့နှစ်ယောက် သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူးရှိဖို့ ဆရာ မျှော်လင့်နေပါမယ် ”

ထိုသို့ပြောပြီးနောက် ချီယွမ်သည် နောက်လှည့်၍ တဲအိမ်ဆီသို့ ပြန်သွားလိုက်သည်။ သူတို့၏ ဆရာကို နောက်မှ ကြည့်ရသည်မှာ မှိုင်တွေ၍နေလေသည်။ သူသည် သီချင်းတစ်ပုဒ်ညည်းနေဟန်ရ၏။

“ နှင်းပွင့်လေးတွေကျနေပြီ...မြောက်ပြန်လေလည်း တိုက်လေပြီ... ”

တဲအိမ်လေး၏ သစ်သားတံခါးသည် ပိတ်သွားပြီး မန္တန်အစီအရင်များလည်း ပြန်ပွင့်လာ၏။

လီချန်ရှို့နှင့် လင်းအယ်တို့သည် စိုးရိမ်ဟန်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

လင်းအယ်က လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။

“ အစ်ကိုကြီး ညီမလေးတို့ ဒီကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ”

လီချန်ရှို့သည် ခေါင်းခါပြလိုက်ပြီး တော်သေးသည်ဟုခံစားလိုက်ရ၏။ ဆရာ့အတွက် သူနှင့် သူ့ဆရာတူအစ်မတို့၏ အချစ်ဇာတ်လမ်းသည် လွမ်းမောဖွယ်ဇာတ်လမ်းတစ်ပုဒ်သာ မကဘဲ သူ၏ ရင်တွင်းရှိ ဆူးတစ်ချောင်းလည်းဖြစ်ပြီး သံယောဇဉ်တစ်ခုလည်းဖြစ်သည်။

သူ့ဆရာကို သူအမှန်အတိုင်း မပြောခဲ့၍ တော်သေးပေသည်။ မဟုတ်လျှင် သူ့ဆရာ၏ လက်ရှိစိတ်အခြေအနေသည် “ တောင်များအသက်မဲ့သွားပြီး မိုးများရွာသွန်းလာချိန်တွင် အရှေ့တောင်အရပ်ရှိ သစ်ကိုင်းတစ်ခုတွင် ကိုယ့်ကိုယ်ကို ကြိုးဆွဲချတော့မည်... ” ဟူသော စာသားများကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

“ ကျွတ်... ဒီကိစ္စက တော်တော်ခက်တာပဲ ”

လီချန်ရှို့ ခေတ္တမျှတွေးတောနေလိုက်သည်။ လက်ရှိတွင် သူ့၌ အကြံကောင်းမရှိသေးပေ။

လင်းအယ်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ အချစ်ဆိုတာ ပူလောင်ရတာပဲ ”

“ မဟုတ်ဘူး... ”

လီချန်ရှို့က ခေါင်းခါ၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

“ ညီမလေးမြင်နေရတဲ့ အရာက ညီမလေး မြင်သလိုမဟုတ်ဘူး။ အပူလောင်ရဆုံးအရာက တစ်ယောက်ယောက်က နောက်ကွယ်ကနေ လျှို့ဝှက်ပြီး ပြဿနာရှာနေတာပဲ... ”

“ ထားလိုက်ပါတော့... အစ်ကို ဒီအကြောင်းတွေကို အများကြီးပြောလို့မရဘူး။ နောက်ကျ ညီမလေးရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်လာပြီး စိတ်ငြိမ်သုတ္တန်ကို စတင်လေ့လာရပြီဆိုရင် ညီမလေးနားလည်လာမှာပါ ”

လင်းအယ်သည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

လီချန်ရှို့သည် လက်ဝှေ့ယမ်း၍ ပြောလိုက်၏။

“ အစ်ကိုတို့ ချက်ထားတဲ့ အစားအသောက်တွေကို ဖြုန်းတီးပစ်လို့မရဘူး။ ညီမလေး ဟင်းပွဲနည်းနည်း ထပ်လုပ်ထားလိုက်။ အစ်ကို ကောင်းကင်ခွင်းတောင်ကို သွားပြီး ဆရာဒေါ်လေးကျိုးကျိုးနဲ့ ဆရာဦးလေးကျိုးဝူကို သွားဖိတ်ခေါ်လိုက်မယ်။ အစားအသောက်တွေကို ဆေးဖော်ဆောင်ထဲ ယူသွားလိုက်... ”

“ ဟုတ်ကဲ့... ”

လင်းအယ်သည် ရိုရိုကျိုးကျိုး နာခံလိုက်၏။

“ ပြီးတော့ ငါးနှစ်ကောင် ထပ်ချက်ပြီး ချိုင့်ထဲထည့်ထားလိုက်ဦး။ အစ်ကို ခဏနေရင် အကြီးအကဲဝမ်လင်းယွမ်ဆီ အလည်သွားဦးမယ် ”

“ ချုံတောင်လေးရဲ့ အမျိုးသမီးစားဖိုမှူးလေး လင်းအယ် အစ်ကိုကြီးရဲ့ အမိန့်ကို နာခံပါတယ် ”

“ အမျိုးသမီးစားဖိုမှူးဟုတ်လား... ညီမလေးက ရှေ့ဖုံးခါးစည်းဆိုတာတောင် ဘာမှန်းမသိသေးဘဲနဲ့... ”

လီချန်ရှို့သည် လက်မြှောက်၍ လင်းအယ်၏ ခေါင်းကို ပွတ်လိုက်၏။ သူသည် တိမ်စီး၍ ကောင်းကင်ခွင်းတောင်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

လင်းအယ်သည် သူမ၏ ဆရာကို မည်သို့ စိတ်ဓာတ်ပြန်တက်ကြွလာအောင် လုပ်ရမည်ကို ဆက်တွေးတောနေလိုက်၏။ ထို့နောက် သူမသည် ရေကန်ဘေးရှိ မီးခိုဆောင်အတွင်းသို့သွား၍ ဆက်လက် ချက်ပြုတ်လိုက်လေတော့သည်။

‘ ငါဆရာ့ကို ဘယ်လို ကူညီပေးနိုင်မလဲ ’

လင်းအယ်သည် ဂိုဏ်းတွင်ကြုံခဲ့သော အ‌ကြောင်းများကို ပြန်တွေးတောလိုက်၏။ သူမ၏ စိတ်ထဲတွင် အစ်ကိုကြီး၏ ပုံရိပ်များသာ ပေါ်လာပြီး ဆရာကို ကူညီပေးနိုင်မည့် နည်းလမ်းကို ရှာမတွေ့ပေ။

သူမသည် သေမျိုးလောကရှိ သူမ၏ မိသားစုအကြောင်းကို ပြန်တွေးကြည့်လိုက်၏။ သူမ ငယ်ရွယ်စဉ်က သူမ၏ မိခင်နှင့် မိထွေးတို့ ဆွေးနွေးနေခြင်းကို ကြားခဲ့ဖူး၏။ ထိုအချိန်က သူတို့ဆွေးနွေးနေသော အကြောင်းအရာမှာ သူမ၏ ဦးလေးဖြစ်သော စစ်သူကြီးတစ်ဦး၏ ဇနီး သေဆုံးသွားမှုဖြစ်သည်။ သူမ၏ ဦးလေးသည် အသည်းကွဲနေခဲ့၏။

ထို့နောက် သူမ၏ မိခင်နှင့် မိထွေးတို့သည် သူမ၏ဦးလေးကို မိန်းမလှလေးတစ်ဦးဖြင့် မိတ်ဆက်ပေးခဲ့လေသည်။ နှစ်လအတွင်းမှာပင် သူမ၏ ဦးလေးသည် နောက်ထပ် မင်္ဂလာဆောင်ခဲ့၏။

ထိုဇာတ်လမ်း၏ သင်ခန်းစာမှာ ယောက်ျားများသည် ငါးစိမ်းမြင် ငါးကင်ပစ်တတ်သော သူများဖြစ်ကြောင်းပင်။ ယောက်ျားများအပေါ် အမြဲ မျက်ခြည်မပြတ်စောင့်ကြည့်နေရပေမည်။

သို့သော် သူမ၏ ဆရာအတွက် ထိုနည်းလမ်းကို အသုံးချနိုင်၏။

လင်းအယ်သည် မျက်တောင်ခတ်လိုက်ပြီး စတင်၍ အလေးအနက် တွေးတောလိုက်၏။ သူမသည် ထိုနည်းလမ်းကို နောက်မှ သူမ၏ အစ်ကိုကြီးကို ပြောပြရန် ရည်ရွယ်လိုက်သည်။

သူမသည် သူမဘာသာ ကြုံရာ အစီအစဉ်များလျှောက်ဆွဲ၍ မရပေ။ စိတ်ငြိမ်သုတ္တန်ကို အကြိမ်တစ်ထောင်ကျော် ကူးရန် အပြစ်ပေးခံရမည်ကို သူမ မလိုချင်ပေ။

*****

ကောင်းကင်ခွင်းတောင်ပေါ်တွင် လီချန်ရှို့သည် ကျိုးနတ်ဝိဇ္ဇာများနေထိုင်သော နေရာသို့ သွားလိုက်၏။ သူ တိမ်ပေါ်မှ မဆင်းရသေးခင်၌ပင် မြင်ကွင်းကြီး တစ်ခုကို မြင်လိုက်ရ၏။

ထိုမြင်ကွင်းကို သူတစ်ဦးတည်း ကြည့်နေခြင်းမဟုတ်ပေ။ လက်တိုလက်တောင်းလုပ်ရသော တပည့်ငယ်လေးအချို့၊ ဆရာဒေါ်လေးကျိုးကျိုးနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တိုက်ပွဲတွင် ဝင်ရောင်ဆင်နွှဲခဲ့သော အခြား ကျိုးနတ်ဝိဇ္ဇာအချို့တို့လည်း ဆရာဦးလေးကျိုးဝူ၏ အဆောက်အအုံကို မသိမသာ အကဲခတ်နေလေသည်။

လီချန်ရှို့သည် အောက်ပါစကားများကို ကြားလိုက်ရ၏။

“ ရှင့်ရဲ့ စိတ်ထဲမှာ တခြားတစ်ယောက်ရှိနေရင်လည်း ထုတ်ပြောလိုက်ပါ။ ကျွန်မ ကျိုးရှစ် ရှင့်ကို ဆက်မနှောင့်ယှက်တော့ပါဘူး ”

ထို့နောက် ကျိုးရှစ်သည် အဆောက်အအုံအတွင်းမှ ပျံသန်းထွက်လာပြီး ပါးစပ်နှင့်နှာခေါင်းကို အုပ်ကာ အဝေးသို့ အလျင်အမြန်ပျံသန်းသွားလေတော့သည်။ လီချန်ရှို့သည် ခေတ္တမျှကြောင်သွားပြီးနောက် ခါးသက်သက် ပြုံးလိုက်လေ၏။

သူသည် ဆရာဒေါ်လေးဝမ်ကျန်းယွီအကြောင်း ကြားခဲ့ရပြီး နတ်ရေတံခွန်တောင်ကို အာရုံစိုက်နေရသည်နှင့် အလုပ်ရှုပ်နေသည်ဖြစ်ရာ ဆရာဦးလေးကျိုးဝူကို နဂါးဆေးအရက် မပေးဖြစ်ခဲ့ပေ။

သို့သော် နဂါးဆေးရက် စိမ်သည့်နည်းလမ်းကို ဆရာဦးလေးကျိုးဝူနှင့် ဆရာဒေါ်လေးကျိုးရှစ်တို့ကို ပေးခဲ့ပြီး ဖြစ်၍ ပြဿနာမဖြစ်နိုင်ဟု ထိုအချိန်က သူ ယူဆမိခဲ့၏။ ယခုကဲ့သို့ ပြဿနာမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူ၏ အဆောက်အအုံအရှေ့တွင် ဆင်းလိုက်ပြီး ပြောလိုက်၏။

“ ကျွန်တော် ဆရာဦးလေးကျိုးဝူကို ပြောစရာကိစ္စတစ်ခုရှိပါတယ် ”

“ ချန်ရှို့...”

အဆောက်အအုံအတွင်းမှ နေ၍ သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရ၏။

“ ဝင်ခဲ့လေ... ”

လီချန်ရှို့ ဝင်သွားရာ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ထား‌သော ပစ္စည်းများကို တွေ့လိုက်ရသည်။ ဆရာဦးလေးကျိုးဝူသည် အဆောက်အအုံအပြင်ဘက်ရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်၏။

“ ဘာကိစ္စပြောမှာလဲ... ”

လီချန်ရှို့က လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။

“ ဆရာဦးလေး.. ဘာတွေဖြစ်နေတာလဲ... ”

ကျိုးဝူသည် ဘေးတွင် ဝင်ထိုင်လိုက်၏။ သူသည် နဖူးကို လက်နှင့်ထောက်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်၏။

ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ ဟူး... ငါ့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာပြီ... ”

***

All Chapters