← Chapters

အခန်း (၆၁၀)

Vol. 30 Ch. 610

အခန်း (၆၁၀)

Vol. 30 Ch. 610

အခန်း(၆၁၀)

"အာဟိုင်... သူ့ကို ဂရုမစိုက်နဲ့တော့၊ ငါတို့ သွားကြစို့"

ယန်ရုသည် ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲကိုင်ကာ အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ ထိုစကားကို ကြားဟန်မတူဘဲ စိတ်အာရုံ လွင့်ပျံနေသကဲ့သို့ ရှိနေသော်လည်း အတွင်းစိတ်၌မူ များစွာ အံ့ဩတုန်လှုပ်နေမိချေသည်။

အကြောင်းမူကား အဆင်သင့် ကြားလိုက်ရသော ထိုအသံက ဆေးဖော်စပ်သူ၏ အမည်ကို သူ့အား ပြောပြလိုက်သောကြောင့် ဖြစ်ပေရာ ယင်းက မိမိအပေါ် ထားရှိသော အခြားသူများ၏ စိတ်ခံစားချက်ကို သိမြင်နိုင်သည့် တန်ခိုးစွမ်းအားများ မိမိ၌ ရှိနေလေသလောဟု တွေးတောနေမိသည်။

ထိုစဉ်မှာပင် ချွေကျားသည် ရှေ့သို့ လှမ်းမြှောက် ဝင်ရောက်လာပြီး သူတို့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

"နေဦး... မင်းက ငါ့ရဲ့ ဆေးလုံးအတွက် လျော်ကြေး မပေးရသေးဘူးလေ။ ဒုတိယအဆင့် ရှိတဲ့ ဆေးလုံးတစ်လုံးကို မင်းတို့ လျော်နိုင်ပါ့မလား"

ချွေကျားက လှောင်ပြောင်သရော်သော အမူအရာဖြင့် ဆိုလိုက်ပြီးလျှင် "ဆေးဖော်စပ်သူ ဟုတ်လား၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ချီအရှိန်အဝါ တစ်စွန်းတစ်စတောင် မရှိဘဲနဲ့ သာမန်လူတစ်ယောက် သက်သက်ပါပဲ။ ဆေးဖော်စပ်သူ ဖြစ်ချင်နေတာ စိတ်ကူးယဉ်နေတာပဲ ဖြစ်ရမယ်" ဟု ဆက်လက် ပြောဆိုချေသည်။

"နင်က တကယ်ကို ရွံရှာဖို့ကောင်းတဲ့ လူပဲ" ယန်ရုမှာ ဒေါသ အလိပ်လိပ် ထွက်သွားရုံမျှမက ဖြစ်ချေသည်။

သို့သော် ချင်ယွမ်ဖုန်းသည် ယန်ရု၏ ကိုယ်လေးကို မိမိ၏ နောက်ကွယ်သို့ ညင်သာစွာ ဆွဲပို့လိုက်ပြီးနောက် "ငါက မင်းရဲ့ ဆေးဖော်စပ်တဲ့ နည်းစနစ်မှာ ပြဿနာ ရှိနေတယ်လို့ ပြောခဲ့တာ။ ရှိလည်း ရှိနေတာပဲ။ မင်းကိုယ်မင်း ပြဿနာ ရှိနေတာကို ပြုပြင်ဖို့ မသိဘဲ တခြားသူကို လိုက်လံ အပြစ်ဖို့နေတယ်။ မင်းလို လူမျိုးဟာ ဆေးဖော်စပ်သူ ဆိုတဲ့ ဘွဲ့အမည်နဲ့ လုံးဝ မထိုက်တန်ပါဘူး" ဟု တည်ငြိမ်စွာ တုံ့ပြန်လိုက်လေသည်။

"မင်းက ငါ့ကို တိုက်ခိုက် စော်ကားရဲတယ်ပေါ့" ချွေကျားသည် ဒေါသမီး ဟုန်းဟုန်းတောက်သွားပြီး ချင်ယွမ်ဖုန်းထံသို့ လက်သီးတစ်ချက် ပြင်းထန်စွာ လွှဲယမ်း ထိုးနှက်လိုက်တော့သည်။

ယန်ရုသည် မျက်လုံး အစုံဝိုင်းသွားကာ ချင်ယွမ်ဖုန်းကို ကယ်ဆယ်ရန် ကြိုးပမ်းသော်လည်း အချိန်နှောင်းသွားခဲ့ရုံမက သူမကိုယ်တိုင်ကလည်း တတိယအဆင့် သိုင်းပညာရှင် မျှသာ ရှိသေးပြီး ထိုဆေးဖော်စပ်သူမှာမူ အဋ္ဌမအဆင့် သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်ချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ အမြင်အာရုံထဲတွင်မူ ချွေကျား၏ လက်သီးအဟုန်မှာ အလွန်ပင် နှေးကွေးလွန်းလှသည်ဟု ခံစားရသည်။ ချွေကျား တစ်ယောက်တည်းသာမက ဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းသည်လည်း နှေးကွေး သွားသကဲ့သို့ပင် ဖြစ်ချေသည်။

သူသည် များစွာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် ရှေ့သို့ လက်လှမ်းကာ ချွေကျား၏ လက်သီးကို တိုက်ရိုက် ဖမ်းဆွဲလိုက်လေသည်။

ချွေကျားသည် မိမိ၏ လက်သီးမှာ သံညှပ်ကြီးဖြင့် ညှပ်ထားသကဲ့သို့ ရုန်းမရ၊ လှုပ်မရ ဖြစ်သွားသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားရုံမျှမက ဖြစ်ချေသည်။

ဤလူ၏ ခန္ဓာကိုယ်အတွင်း၌ ချီအရှိန်အဝါ လုံးဝ မရှိသော်လည်း ထိုသို့သော ခွန်အားမျိုး ရှိနေသည်မှာ အံ့ဩဖွယ်ရာ ကောင်းလှပေသည်။

"ဟွန်း... လူမိုက် အားကိုးနဲ့" ချွေကျားက အေးစက်စွာ ဆိုလိုက်ပြီးလျှင် "မင်းကိုယ်မင်း ဆေးဖော်စပ်သူလို့ ပြောခဲ့တယ် မဟုတ်လား။ ကောင်းပြီလေ၊ ဒါဆိုရင် ငါ့ရှေ့မှာ ဆေးဖော်စပ်ပြစမ်း။ မင်းသာ ဒုတိယအဆင့် ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ရင် ငါ မှားသွားတယ်လို့ ဝန်ခံမယ်" ဟု စိန်ခေါ်လိုက်ချေသည်။

"ကောင်းပြီလေ" ချင်ယွမ်ဖုန်းက မထုံတန်ဖျင်း အမူအရာဖြင့်ပင် သဘောတူလိုက်သည်။

"နေဦး... မင်းတကယ်လို့ ဆေးမဖော်စပ်နိုင်ရင်ကော ဘာလုပ်မလဲ" ချွေကျားသည် ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်ကာ "မင်းသာ ဆေးလုံးကို မဖော်စပ်နိုင်ရင် ဒီမိန်းကလေးက ငါနဲ့အတူ တစ်ညတာ ကုန်လွန်စေရမယ်၊ ပြီးတော့ မင်းက ငါ့ကို သုံးကြိမ်တိုင်တိုင် ဦးခိုက် ဒူးထောက်ရမယ်" ဟု ဆိုလေသည်။

ယန်ရုသည် အလွန် လှပသူ ဖြစ်ချေသည်။ ဤပင်လယ်ကျွန်းငယ်ပေါ်တွင် လေဒဏ်၊ နေဒဏ် ခံရသော်လည်း သူမ၏ အသားအရေမှာ ဖြူစင်ဝင်းပကာ နုနယ်ပျော့ပျောင်းနေဆဲ ဖြစ်ရာ မရိုးသားသော စိတ်ထားရှိသည့် အခြားသူများ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နေခြင်း ဖြစ်ပေသည်။

ထိုသို့ ယန်ရုနှင့် ပတ်သက်လာသောအခါ ချင်ယွမ်ဖုန်းသည် တုံ့ဆိုင်းသွားမိချေသည်။

"ဘာဖြစ်တာလဲ... ကြောက်သွားပြီလား"

ချွေကျားက ကဲ့ရဲ့ရှုတ်ချသော မျက်နှာထားဖြင့် လှောင်ပြောင်လိုက်ပြီး "ကြောက်ရင်လည်း ငါ့ကို သုံးကြိမ် ဦးခိုက်လိုက်၊ ဒါဆိုရင် မင်းတို့ကို ထွက်သွားခွင့်ပေးမယ်" ဟု ဆိုသည်။

သို့သော်လည်း ယန်ရုသည် သတ္တိရှိရှိဖြင့် ရှေ့သို့ လှမ်းထွက်လာကာ ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲကိုင်လိုက်ပြီး "အာဟိုင်... သူနဲ့ လောင်းကြေးထပ်လိုက်၊ ငါ နင့်ကို ယုံကြည်တယ်" ဟု ဆိုချေသည်။

"ဒါပေမဲ့..." ချင်ယွမ်ဖုန်းမှာမူ တုံ့ဆိုင်းနေမိဆဲ ဖြစ်သည်။

"ဒါပေမဲ့တွေ လုပ်မနေနဲ့တော့" ယန်ရုက ပြတ်သားစွာ ဆိုလိုက်ပြီးနောက် ချွေကျားဘက်သို့ လှည့်ကာ "ငါတို့ နင်နဲ့ လောင်းကြေးထပ်မယ်။ တကယ်လို့ နင်ရှုံးနိမ့်သွားခဲ့ရင် နင် မှားကြောင်း ဝန်ခံရုံတင်မကဘဲ ငါတို့ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ် ဦးခိုက်ရမယ်" ဟု ဆိုလိုက်လေသည်

"ကောင်းပြီ... အဖျက်အဆီးမရှိ ကတိအတိုင်းပဲ" ချွေကျားက လေးနက်စွာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှု အချို့ ရှိနေဆဲ ဖြစ်ချေသည်။

မိမိ၏ စိတ်အာရုံထဲ၌ အတိတ်မှတ်ဉာဏ် အစအန အချို့သာ ရှိနေသဖြင့် ဆေးဖော်စပ်ခြင်း ပညာရပ်အပေါ် အမှန်တကယ် ယုံကြည်ချက် မရှိခြင်း ဖြစ်ပေသည်။

သို့သော်လည်း ယန်ရုအတွက်ကြောင့်သာ ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်သည့် မီးဖိုရှေ့တွင် ဝင်ရောက် ထိုင်လိုက်ရချေသည်။

ချွေကျားနှင့် ယန်ရုတို့၏ စိုးရိမ်တကြီး စူးစိုက်ကြည့်ရှုနေမှု အောက်တွင် ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်ရာ မီးဖိုဆီသို့ လက်ချောင်းဖြင့် တစ်ချက် တောက်လိုက်သော်လည်း ထိုသို့ ပြုလုပ်ပြီးနောက် မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။

"ဟင်... အရင်တုန်းက ငါ ဆေးဖော်စပ်တဲ့ မီးဖိုကို ဒီလိုမျိုး လက်နဲ့တောက်ပြီး မီးညှိနိုင်ခဲ့တယ်လို့ မှတ်မိနေတာပါ" ချင်ယွမ်ဖုန်းသည် ရေရွတ်လိုက်မိသည်။

ချွေကျားသည် ထိုအသံကို ကြားလျှင် ဝါးလုံးကွဲမတတ် အော်ဟစ် ရယ်မောလိုက်ပြီး မျက်ရည်များပင် ထွက်ကျလာကာ "ဟားဟားဟား... မင်းတို့ ကြားလိုက်ကြရဲ့လား။ သူက လက်ချောင်းတစ်ချက် တောက်ရုံနဲ့ ဆေးဖော်စပ်တဲ့ မီးဖိုကို မီးညှိနိုင်တယ်တဲ့။ ရယ်ရလွန်းလို့ ငါတော့ အသက်ထွက်တော့မှာပဲ" ဟု လှောင်ပြောင်လေသည်။

ယန်ရု၏ ရင်ဘတ်တစ်ခုလုံးလည်း တဒိန်းဒိန်း တုန်လှုပ် စိုးရိမ်လာရသော်လည်း သူမ၏ မျက်ဝန်းများကမူ ချင်ယွမ်ဖုန်းကို ကြည့်လျက်ပင် ခိုင်မာမြဲမြံနေဆဲ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်း၏ နဖူးပြင်ထက်တွင် ချွေးစက်များ ထွက်ပေါ်လာသော်လည်း နောက်ဆုံး၌ အရာအချို့ကို သတိရသွားမိသည်။ သူသည် ဘေးနားရှိ အထူးပြုလုပ်ထားသော လောင်စာများကို ယူကာ ဆေးဖော်စပ်ရာ မီးဖိုအတွင်းသို့ ထည့်သွင်းပြီးနောက် ဖြည်းညှင်းစွာ မီးညှိလိုက်လေသည်။

နောက်ဆုံးတွင် ဆေးဖော်စပ်ရာ မီးဖိုအတွင်း၌ မီးလျှံများ တောက်လောင်လာခဲ့သော်လည်း ချင်ယွမ်ဖုန်း၏ စိတ်အာရုံများမှာမူ ရှုပ်ထွေးပွေလီနေပြီး နောက်ထပ် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်ကို မသိနားမလည် ဖြစ်နေမိချေသည်။

ချွေကျားသည် လှောင်ပြောင် သရော်သော အမူအရာဖြင့် ဘေးမှ စောင့်ကြည့်နေပြီး အခြားတစ်ဖက်တွင်မူ ယန်ရုသည် ယုံကြည်ချက် ပြည့်ဝစွာဖြင့် ရှိနေသည်။

ထိုသို့ စိုးရိမ်ပူပန်နေရသည့် အခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာ ထွက်ပေါ်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး ဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းသည် အလွန်ပင် ရှင်းလင်းပြတ်သား သွားခဲ့ချေသည်။

ချွေကျား၏ လှောင်ပြောင်နေသော မျက်နှာထားကို ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ရှင်းလင်းစွာ မြင်တွေ့နေရသကဲ့သို့ ယန်ရုသည် ယုံကြည်ချက် ရှိနေပုံ ပေါက်သော်လည်း အမှန်စင်စစ်မူ မိမိ၏ အဝတ်စွန်းကို အဆက်မပြတ် ဆွဲလိမ်နေမိပြီး အတွင်းစိတ်၏ စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည်ကို သိမြင်လိုက်ရသည်။

"ငါ... ဉာဏ်အလင်းပွင့်သွားတာလား" ချင်ယွမ်ဖုန်းသည် မိမိဘာသာ တွေးတောလိုက်မိသော်လည်း ဘေးပတ်ဝန်းကျင် အခြေအနေများ ရှင်းလင်းလာသည်နှင့်အမျှ မိမိ၏ စိတ်ကူး စိတ်သန်းများကလည်း တဖြည်းဖြည်း ပိုမို ကြည်လင် ပြတ်သားလာခဲ့ချေသည်။

ထိုနေရာ အနီးအနား၌ တန်ဖိုးမကြီးလှသော ဆေးဘက်ဝင် အပင်များစွာလည်း ရှိနေပြီး ယင်းတို့ကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးနောက်တွင်မူ တန်ဖိုးမှာ ဆယ်ဆကွာခြားသွားမည် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် တစ်ချက်မျှ ကြည့်ရုံဖြင့် ချွေကျား ဖော်စပ်လိုသော ဆေးလုံး အမျိုးအစားကို သိရှိသွားသဖြင့် ထိုဆေးဘက်ဝင် အပင်များကို ဆေးဖော်စပ်ရာ မီးဖိုအတွင်းသို့ တစ်ပင်ပြီးတစ်ပင် ပစ်ထည့်လိုက်လေသည်။

ချွေကျားသည် ယင်းကို မြင်လျှင် သာ၍ပင် ရူးသွပ်စွာ ရယ်မောလိုက်ပြီး "သူက ဆေးဘက်ဝင် အပင်အားလုံးကို တစ်ခါတည်း ပစ်ထည့်လိုက်တာလား။ မင်းက ထင်းစိုက်နေတယ်လို့ ထင်နေတာလား" ဟု ဆိုချေသည်။

ဆေးဘက်ဝင် အပင်တစ်မျိုးစီတိုင်းတွင် မီးလျှံ၏ အပူချိန် လိုအပ်ချက်ချင်း မတူညီကြပေ။ ချွေကျား၏ အမြင်တွင်မူ ချင်ယွမ်ဖုန်း ပြုလုပ်နေသည်မှာ ဖြုန်းတီးပစ်ခြင်း သက်သက်သာ ဖြစ်သည်ဟု ထင်မြင်မိချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ ဆေးဖော်စပ်ရာ မီးဖိုအတွင်းရှိ အပူချိန်ကို တိကျစွာ ထိန်းချုပ်နိုင်သည်ဟု ခံစားနေရသည်၊ အကြောင်းမူကား မီးဖိုအတွင်းမှ အခြေအနေ အားလုံးသည် မိမိ၏ စိတ်အာရုံထဲ၌ အလွန် ပြတ်သားစွာ ပေါ်လွင်နေသောကြောင့် ဖြစ်ပေသည်။

ယင်းအပြင် သူသည် သတ်မှတ်ထားသော နယ်ပယ်အတွင်းရှိ အပူချိန်ကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ရုံမျှမက ထိုဆေးဘက်ဝင် အပင်များကိုလည်း မိမိအလိုအတိုင်း ထိန်းချုပ်နိုင်ချေသည်။

ဤသို့ သိရှိလိုက်ရခြင်းက ချင်ယွမ်ဖုန်းကို များစွာ စိတ်လှုပ်ရှား တက်ကြွသွားစေပြီး ပျော်ရွှင်ဖွယ်ရာ အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤဒုတိယအဆင့် ရှိသော ဆေးလုံးအား သွေးအကြောပိတ်ရောဂါ ပျောက်ဆေးလုံးဟု ခေါ်ဆိုပြီး ခြေကျိုးလက်ပျံခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့အတွက် အလွန် ကောင်းမွန်သော အာနိသင်ရှိကာ ဆေးဘက်ဝင် အပင် ငါးမျိုးမျှသာ လိုအပ်ခြင်း ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ထိုဆေးဘက်ဝင် အပင်များကို ဆေးဖော်စပ်ရာ မီးဖိုအတွင်း၌ လွယ်ကူစွာပင် အနှစ်သာရများအဖြစ် အရည်ကျို ဖော်စပ်လိုက်ပြီး ယင်းတို့သည် မီးဖိုအတွင်း၌ မျောလွင့်နေကြချေသည်။

ချွေကျားမှာမူ ယခုအချိန်တွင် အနည်းငယ် အံ့အားသင့်သွားရသည်။ မိမိ၏ ခန္ဓာကိုယ်အတွင်း ချီအရှိန်အဝါ တစ်စွန်းတစ်စတောင် မရှိသော ချင်ယွမ်ဖုန်းကဲ့သို့သော လူမျိုးသည် ဆေးဘက်ဝင် အပင်များကို အောင်မြင်စွာ အရည်ကျို နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့သောကြောင့် ဖြစ်ချေသည်။

ထိုအချိန်တွင် စီဒန်ဟွာသည်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့ရာ ယန်ရုသည် အမြန်ပြေးသွားပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို သူမ၏ ဖခင်အား ပြောပြလိုက်လေသည်။

"ဆေးဆရာတစ်ယောက်က ဆေးဖော်စပ်ခြင်း ပညာကို သိနေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်" စီဒန်ဟွာက တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

အချို့သော ဆေးဆရာများသည် ဆေးဖော်စပ်ခြင်း ပညာကို နားလည်ကြပြီး အခြေခံ ဆေးလုံးအချို့ကို ဖော်စပ်နိုင်ကြသော်လည်း ဆေးဆရာများ အကျွမ်းကျင်ဆုံး အရာမှာ ဆေးဝါးများကို ကျိုချက်ခြင်းသာ ဖြစ်သဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ဆေးဖော်စပ်သူများနှင့် သိသိသာသာ ကွဲပြားခြားနားလှပေသည်။

စီဒန်ဟွာသည် ချင်ယွမ်ဖုန်း ဆေးဖော်စပ်ခြင်း ပညာကို နားလည်သည်ဟူသော အချက်အပေါ် များစွာ အံ့ဩခြင်း မရှိသော်လည်း ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ချီအရှိန်အဝါ တစ်စွန်းတစ်စတောင် မရှိဘဲနှင့် ဆေးလုံးကို မည်သို့ ဖော်စပ်နိုင်သလဲ ဆိုသည်ကိုမူ သူ လုံးဝ နားမလည်နိုင် ဖြစ်နေမိချေသည်။

ဆေးဘက်ဝင် အပင်အားလုံးကို အရည်ကျိုပြီးနောက်တွင်မူ နောက်ထပ် အဆင့်မှာ ပေါင်းစပ်ခြင်း ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အတိတ်မှတ်ဉာဏ် အစအနများကို အခြေခံကာ ထိုအနှစ်သာရ အားလုံးကို အတူတကွ ပေါင်းစပ်လိုက်တော့သည်။

ဤအခြေအနေတွင် စီဒန်ဟွာသည် စိုးရိမ်ပူပန်လာရသည်၊ အကြောင်းမူကား ပေါင်းစပ်ခြင်း အဆင့်သည် အလွန် ရှုပ်ထွေးနက်နဲသော ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ကြမ်းတမ်းစွာ ပေါင်းစပ်လိုက်ရုံမျှဖြင့် မပြီးမြောက်နိုင်သောကြောင့် ဖြစ်ပေသည်။

ထိုသို့ ပြုလုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ ဆေးဖော်စပ်ရာ မီးဖိုကြီး ပေါက်ကွဲသွားခြင်းသာ ဖြစ်တန်ရာသည်။

ချွေကျားသည်လည်း ဤအချက်ကို ရှင်းလင်းစွာ သိရှိထားသဖြင့် သူ၏ စိုးရိမ်ပူပန်မှု အားလုံးသည် ချက်ချင်းပင် လွင့်ပျယ် ပျောက်ကွယ်သွားရတော့သည်။

မှတ်ချက် (ခုအခန်းမှာလဲ ကျင့်စဥ်အဆင့်ကို Martial Warrior Realmလို့ အသစ်ဖော်ပြလာလို့

သိုင်းပညာရှင်လို့သာ အသုံးပြုထားပါတယ်)

All Chapters