← Chapters

ချုံတောင်လေးမှ အထူးထုတ်လုပ်သော ကာမအားတိုးဆေးလုံး

Vol. 9 Ch. 118

ချုံတောင်လေးမှ အထူးထုတ်လုပ်သော ကာမအားတိုးဆေးလုံး

Vol. 9 Ch. 118

“ တာအိုလက်တွဲဖော်ဆိုတာ အတူတူ တာအိုတရားကျင့်တဲ့သူတွေကို ခေါ်တာမဟုတ်ဘူးလား။ ဘယ်တုန်းက တာအိုလက်တွဲဖော်ဆိုတာ သာမန် အိမ်ထောင်ဖက်တွေလို ဖြစ်သွားရတာလဲ။ ငါ တာအိုတရားကျင့်တဲ့ပေါ်မှာပဲ စိတ်နှစ်ထားလို့မရဘူးလား... ”

“ ငါ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျင့်ကြံလို့မရဘူးလား။ ဟင် မရဘူးလား... ”

ချုံတောင်လေးပေါ်ရှိ ဆေးဖော်ဆောင်အတွင်း၌ ကျိုးဝူ၏ မျက်နှာသည် အတန်ငယ် နီမြန်းနေလေသည်။ သူသည် စားပွဲဘေးတွင်ထိုင်၍ စားပွဲခုံကို အဆက်မပြတ်ထုကာ ညီးညူနေ၏။

ဆေးဖော်ဆောင်ရှိ စားပွဲသောက်ပွဲတွင် ကျိုးဝူသည် အဓိကနေရာတွင် ထိုင်၏။ ကျိုးဝူ၏‌ဘေးတွင် သူ၏ ညီမခြောက် ကျိုးလုအာနှင့် ညီလေးခုနှစ် ကျိုးချီတို့ ထိုင်ကြ၏။ ကျိုးကျိုးလည်း ပါလေသည်။

သို့သော် သူမသည် လီချန်ရှို့နှင့် လင်းအယ်တို့၏ဘေးတွင် ထိုင်၏။ သူမသည် ဧည့်သည့်များကိုဧည့်ခံနေသော အိမ်ရှင်နှင့်ပင် တူပေသေးသည်။

ကျိုးလုအာသည် သိမ်မွေ့နူးညံသော စိတ်နေစိတ်ထားရှိသည့် လှပ၍ ဉာဏ်ကောင်းသော သူတစ်ယောက်ပင်။ သူမသည် အစိမ်းရောင် ကြိုက်ပုံရ၏။ သူမသည် ကြော့ရှင်းသော အစိမ်းဖျော့ရောင် ဝတ်စုံနှင့် မြက်စိမ်းရောင် အပေါ်အင်္ကျီလေးကို ဝတ်ဆင်ထား၏။ သူမ၏ ဆံထိုးလေးသည် သန့်စင်သောကျောက်ဖြင့် ပြုလုပ်ထားသည့် အနီရောင်ဆံထိုးလေးပင်။

ကျိုးလုအာသည် အရပ် မပု၊ မရှည် ရှိ၏။ သူမ၏ ခန္ဓာကိုယ်သည် သွယ်လျကျစ်လစ်ပေသည်။ ကိုယ်လုံးကိုယ်ပေါက်သည် ကျိုးကျိုးနှင့် ဆင်တူသည်ဟုဆိုနိုင်သော်လည်း ကျိုးကျိုးကိုတော့ မမီသေးပေ။

သူမ၏ မျက်နှာသည် သေးငယ်ဝိုင်းစက်ပြီး သမင်မျက်လုံး၊ ပါးလျသောနှုတ်ခမ်းနှင့် ကျော့ရှင်းသော လည်တိုင်တို့ရှိ၏။

တစ်ချက်မျှကြည့်ရုံဖြင့်ပင် သူမသည် အလွန်သိမ်မွေ့သူဖြစ်ကြောင်း သိနိုင်ပေသည်။ သူမသည် သိမ်မွေ့သော အသံဖြင့်စကားပြောပြီး သူမ၏ စကားအသွားအလာသည်လည်း ကောင်းမွန်၏။ သူမအား အသံကျယ်ကျယ်ပြောမိသူသည် ရှိုင်းပြနေမိသည်ဟုပင် ခံစားရပေမည်။

သူမ၏ ဘေးရှိ ကျိုးချီမှာမူ သူသည် အစ်ကိုငါးအတွက်စိုးရိမ်၍ သူမနှင့်အတူ လိုက်လာခဲ့ခြင်းပင်။

ကျိုးဝူသည် ဝမ်းနည်းနေဟန်ဖြင့် အရက်နှစ်ခွက်ကို မော့လိုက်၏။ ကျိုးလုအာက သိမ်မွေ့စွာမေးလိုက်သည်။

“ အစ်ကိုငါး... အစ်ကိုနဲ့ အစ်မလေးတို့ကြားမှာ ဘာဖြစ်ကြတာလဲ ”

ထို့ကြောင့် ကျိုးဝူသည် တိတ်တဆိတ် အရက်သောက်နေရာမှ ထ၍ ညည်းညူလိုက်ခြင်းပင်။

ကျိုးလုအာနှင့် ကျိုးချီတို့သည် မျက်မှောင်ကြုတ်လိုက်ပြီး ခပ်မဆိတ်သာ နေကြလေသည်။

ဘေးရှိ လီချန်ရှို့သည် ကျိုးဝူကို နှစ်သိမ့်ပေးနေ၏။ သူသည် ကျိုးဝူကို နှပ်ညှစ်စေလိုက်ပြီး ကြက်သားစွတ်ပြုတ် အနည်းငယ်ကို သောက်စေလိုက်၏။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း အထာမပေါက်သောသူ နှစ်ဦးဖြစ်သည့် လင်းအယ်နှင့် ကျိုးကျိုးတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

လင်းအယ်သည် အချစ်ကိစ္စများကို အနည်းငယ်သာ သိ၏။

ကျိုးကျိုးမှာမူ သူမငယ်စဉ်ကတည်းက တာအိုလက်တွဲဖော်ရှိသူများကြားတွင် နေခဲ့ရသည်ဖြစ်၍ သိတန်သလောက်သိ၏။ သူမသည်လည်း နှစ်တစ်ထောင်ကျော် ကျင့်ကြံခဲ့သူဖြစ်၍ ထိုကိစ္စများကို သိနေပြီဖြစ်သည်။ သို့သော် သူမသည် ကိုယ်တိုင် အတွေ့အကြုံမရှိသဖြင့် အစ်ကိုငါး မည်သည့်ကိစ္စကို ခံစားနေရကြောင်း မသိပေ။ သူ့မှာ ရုတ်တရက် အထွန့်တက်စရာများ များပြားလာသည်ဟုသာ သူမ သိလေသည်။

စားပွဲသောက်ပွဲ စတင်ချိန်တွင် သူမသည် ကျိုးဝူတစ်ယောက် အဆက်မပြတ် ညည်းညူနေသံကို ကြားရ၏။

လီချန်ရှို့သည် ကျိုးဝူကို သူနှင့်အတူ အပြင်သို့ လမ်းလျှောက်ထွက်၍ စိတ်အပန်းဖြေရန် အကြံပေးလိုက်သဖြင့် တော်ပေသေးသည်။ သူသည် ကျန်လေးဦးကို စားသောက် ဆော့ကစားရန် ပြောလိုက်၏။ ထို့ကြောင့်သာ အရသာရှိသော အစားအသောက်များ အလေအလွင့်ဖြစ်မသွားခြင်းပင်။

လီချန်ရှို့သည် သားရဲမွေးမြူရေးခြံအနီးတွင် လမ်းလျှောက်နေရင်း ထိုအခြေအနေအား မည်သို့ ဖြေရှင်းရမည်ကို တွေးတောနေ၏။

ကျိုးဝူတစ်ယောက် စိတ်တည်ငြိမ်သွားပြီဖြစ်ကြောင်း တွေ့လိုက်သဖြင့် သူ ညင်ညင်သာသာ မေးလိုက်သည်။

“ ဆရာဦးလေးကျိုးဝူ ဒီမှာ အခြားဘယ်သူမှ မရှိပါဘူး။ ကျွန်တော်က ဆရာဦးလေးကို ဦးလေးတစ်ယောက်လိုရော မိတ်ဆွေကောင်းတစ်ယောက်လိုရော သဘောထားတာ သိတယ်မလား။ ဘာတွေများဖြစ်နေတာလဲ... ဆရာဦးလေးနဲ့ ဆရာဒေါ်လေးကျိုးရှစ်တို့က အမြဲ ချစ်ချစ်ခင်ခင် နေခဲ့တာမဟုတ်ဘူးလား... ”

“ ဟူး... ”

ကျိုးဝူ သက်ပြင်းချ၍ အကြည့်လွှဲလိုက်သည်။

လီချန်ရှို့ ထပ်မေးလိုက်သည်။

“ ဆရာဦးလေးကျိုးဝူ... ဆရာဦးလေးဆီမှာ ပြောဖို့ ခက်နေတဲ့ ကိစ္စများရှိနေလို့လား... ”

“ ဟူး... ”

ကျိုးဝူ ထပ်မံသက်ပြင်းချလိုက်ပြီး ပြောရန် ချီတုံချတုံဖြစ်နေသည်။ လီချန်ရှို့သည် ထိုအကြောင်းကို တွေးတောလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ဆရာဦးလေး... ကျွန်တော် ပြောသင့်လား၊ မပြောသင့်လားကို မသိတဲ့ ကိစ္စတစ်ခုရှိပါတယ်... ”

ကျိုးဝူ ပြန်ပြောလိုက်၏။

“ ပြောပါ... ငါနားထောင်နေပါတယ် ”

“ ဆရာဦးလေး... တစ်ခါတလေကျတော့ ဆရာဦးလေးက အဲ့အပိုင်းမှာ သိပ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလိုပဲ ”

လီချန်ရှို့ ဆက်ပြောလိုက်၏။

“ တကယ်တော့ ဆရာဦးလေးက တော်တော်လေး စွမ်းဆောင်နိုင်နေပါပြီ။ ဒါကို ဆရာဦးလေးတောင် ဒီလိုဖြစ်နေရင်တော့ ကျွန်တော်လည်း နောင်ကို တာအိုလက်တွဲဖော်ရှာဖို့ စိတ်ကူးရဲတော့မှာ မဟုတ်ဘူး... ”

ကျိုးဝူ တုံ့ဆိုင်းသွားပြီး ခါးသက်သက်ရယ်လိုက်ကာ ကိုယ့်ပေါင်ကိုယ် ရိုက်လိုက်သည်။

“ ကောင်းပြီ... ငါမင်းကို အမှန်အတိုင်းပြောပြမယ်။ ဘာလို့လဲတော့ ငါလည်းမသိဘူး။ ဒါပေမဲ့... အခုတလော ငါ မိန်းမတွေနားကို မကပ်ချင်ဘူးဖြစ်နေတယ် ”

လီချန်ရှို့ နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်၏။ ကျိုးဝူသည် တဟားဟား ထရယ်လိုက်တော့သည်။

သူ ပြောလိုက်၏။

“ ဟေး ပေါက်ကရတွေ တွေးမနေနဲ့... ငါက ပန်းသေနေတာ မဟုတ်ဘူး... ”

“ ဟုတ်..ဟုတ်ကဲ့... ”

လီချန်ရှို့သည် တမင် ဟာသလုပ်လိုက်ခြင်းပင်။ ကျိုးဝူ၏ ပြဿနာသည် မည်သည်ဖြစ်ကြောင်း သူသိရှိပြီးသား ဖြစ်သည်။

လီချန်ရှို့သည် မိမိကိုယ်ကို ရေရွတ်နေပြီးနောက် ပြောလိုက်၏။

“ ဆရာဦးလေး... ဆရာဦးလေးတို့ မိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့ ဆရာပြောပြလို့ ကျွန်တော် သိပြီးသွားပါပြီ။ ဆရာဦးလေး ကျွန်တော်ဆွဲထားတဲ့... ‘ အရွယ်လွန်အလှ ’ ပန်ချီကားကို မြင်ခဲ့တာလား... ”

“ အင်း... ငါမြင်ခဲ့တယ် ”

ကျိုးဝူ မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။

“ မင်းရဲ့ ပန်းချီကားက သာမန် ပန်းချီကားပါပဲ။ ဘယ်လိုလုပ် ငါ့အပေါ် အကျိုးသက်ရောက်မှု ရှိမှာလဲ။ ငါက အတုမဲ့နတ်ဝိဇ္ဇာပါကွ။ ငါရဲ့ စိတ်က တော်တော်လေး တည်ငြိမ်ပါတယ် ”

“ အဲ့ပန်းချီကား သပ်သပ်ဆိုရင်တော့ ပြဿနာမဟုတ်ဘူးပေါ့... ဒါပေမဲ့ အဲ့အချိန်တုန်းက ဆရာဦးလေးက မြေခွေးမိစ္ဆာရဲ့ စိတ်ညှို့အတတ်ကို ခံနေရတာမဟုတ်လား။ အဲ့အချိန်တုန်းက ဆရာဦးလေးရဲ့ စိတ်အခြေအနေက ပျက်ပြားနေတာလေ... ”

လီချန်ရှို့ သူ့ကို အနည်းငယ် အရိပ်အမြွက်ပြလိုက်၏။ ကျိုးဝူသည် ခေတ္တမျှ တွေးတောပြီး‌နောက် တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

“ အဲ့လိုလား... ”

“ အဲ့လိုပဲ ဖြစ်နိုင်ပါတယ် ”

လီချန်ရှို့ သက်ပြင်းချလိုက်၏။

“ ဒီပြဿနာက ကျွန်တော်ဆွဲထားတဲ့ ပန်းချီကားကြောင့် ဖြစ်လာရတာပဲ။ ဆရာဦးလေးက စိတ်ညှို့အတတ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရတာဆိုပေမယ့် ကျွန်တော်လည်း တာဝန်မကင်းဘူး။ ဆရာဦးလေး... ကျွန်တော့်ကို ဒီပြဿနာကို ကြိုးစား ဖြေရှင်းခွင့်ပြုပါ... ”

ကျိုးဝူ၏ တိုတောင်းထူထဲသော မျက်ခုံးမွေးများ တွန့်သွားသည်။

“ မင်းက ဒီပြဿနာကို ဘယ်လို ဖြေရှင်းမှာလဲ ”

လီချန်ရှို့က တည်တည်ငြိမ်ငြိမ် ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။

ခေတ္တကြာသောအခါ ကျိုးဝူတစ်ယောက် အားအင်များ ပြည့်သွား၏။ ကျိုးဝူ ဆေးဖော်ဆောင်ရှိ စားပွဲသောက်ပွဲသို့ ပြန်ရောက်လာသောအခါ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် ပြည့်နေပြီဖြစ်သည်။

သူသည် အခြားသူတစ်ယောက်အဖြစ် ပြောင်းသွားသကဲ့သို့ပင် ထင်ရလေသည်။ သူသည် ဆေးဖော်ဆောင်အတွင်းရှိ လူအချို့ကိုပင် သောက်ရန် စားရန် လောကွတ်ပြုနေသေး၏။ ပတ်ဝန်းကျင်သည် လျင်မြန်စွာပင် အသက်ဝင်လာလေတော့သည်။

သူ၏ ဆရာတူညီလေးနှင့် ဆရာတူညီမလေးနှစ်ဦးသည် နားမလည်နိုင်ဖြစ်နေကြ၏။

လီချန်ရှို့သည် ကျိုးဝူနှင့်အတူ ပြန်လိုက်မလာခဲ့ပေ။ သူသည် နှစ်နာရီကြာသောအခါမှ နဖူးကိုပွတ်၍ ဆေးဖော်ဆောင်သို့ ပြန်လာ၏။ သူသည် ကျိုးဝူ၏ လက်ထဲသို့ ရတနာအိတ်နှစ်အိတ်ကို တည်တည်ငြိမ်ငြိမ်ထည့်ပေးလိုက်သည်။

ကျိုးဝူက လေသံတိုးတိုးဖြင့် မေးလိုက်၏။

“ ဘယ်နှစ်လုံးလဲ ”

“ သုံးဆယ့်ခြောက်လုံးပါ။ ကောင်းကင်နက္ခတ်အရေအတွက် အတိုင်းပေါ့... ”

“ အရမ်းကောင်းတယ်... ကျေးဇူးပဲကွာ တူလေး... ” ကျိုးဝူပြုံးလိုက်သည်။

ထိုအခြင်းအရာကို မြင်သောအခါ ကျိုးကျိုးသည် ကျိုးဝူလက်အတွင်းရှိ ရတနာအိတ်များကို စိတ်ဝင်စားဟန်ဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်လေသည်။

တာအိုရသေ့ဂျပုသည် ရယ်၍ ပြောလိုက်၏။

“ ဒါကို အကြာကြီး စိုက်ကြည့်မနေနဲ့... ဒါက ညီမလေးလို ကလေးအရွယ်တွေ ကြည့်လိုရတဲ့ ပစ္စည်းမဟုတ်ဘူး ”

ထို့နောက် ကျိုးဝူသည် ရတနာအိတ်များကို တည်တည်ငြိမ်ငြိမ် သိမ်းဆည်းလိုက်ပြီး လီချန်ရှို့ကို လက်မထောင်ပြလိုက်သည်။

“ တူလေး... မင်းက အားအကိုးရဆုံးပဲ... ”

“ ဒါက အသေးအဖွဲလေးပါ။ ဆရာဦးလေးသာ ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့... ”

“ ဒါပေါ့ မမေ့ပါဘူး... လာပါ ငါတို့ ခွက်ချင်းတိုက်ရအောင်။ မင်းသာ ဒီတစ်ခေါက်အောင်မြင်ခဲ့ရင် ငါမင်းကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာပါ ”

“ ဆရာဦးလေး... ဆုတွေဘာတွေ မလိုပါဘူး။ တခြားသူတွေကို မပြောမိဖို့သာ သတိထားပါ... ”

သူတို့နှစ်ဦးသည် တစ်ယောက်တစ်ခွန်းပြောနေကြရာ ဘေးမှလူများသည် သိချင်စိတ်များ မရိုးမယွ ဖြစ်လာ၏။ သို့သော် ထိုလေးဦးသည် မည်မျှပင် ကြိုးစား၍ ပြောပြခိုင်းသော်လည်း လီချန်ရှို့တို့နှစ်ဦးသည် ပြုံး၍သာနေပြီး မည်သို့မှ ပြန်မဖြေပေ။

မကြာမီ ကျိုးဝူသည် သူ၏ ဆရာညီလေး၊ ညီမလေးများကို ထားခဲ့ကာ တိမ်စီး၍ အလျင်အမြန် ထွက်သွားလေတော့သည်။

ကျိုးလုအာနှင့် ကျိုးချီတို့သည်လည်း နှုတ်ဆက်၍ ပြန်သွားကြ၏။

ထိုသူတို့ပြန်သွားပြီးနောက် ကျိုးကျိုးသည် လီချန်ရှို့ကို မေးခွန်းများနှင့် ပစ်ပေါက်လေတော့သည်။ လီချန်ရှို့သည် ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ ဆရာဒေါ်လေးကို ရှင်းပြလိုက်ရ၏။

“ ဆရာဦးလေးကျိုးဝူက ခန္ဓာကိုယ်နဲ့ ပတ်သတ်တဲ့ ပြဿနာတစ်ခုနဲ့ ကြုံနေရတာ။ သူ့ရဲ့ ယန်ဓာတ်က နည်းနည်းထိခိုက်နေတာပေါ့။ အဲဒါ‌ကြောင့် ကျွန်တော် သူ့ကို ဆေးလုံးနည်းနည်းနဲ့ မျက်စိပသာဒရှိတဲ့ ပန်ချီကားအချို့ပေးလိုက်တာပါ ”

“ အဲဒါပဲလား... ”

“ ဟုတ်ကဲ့... အဲဒါပါပဲ ”

သို့သော် လီချန်ရှို့ စကားဆုံးသွားပြီးနောက် ပန်းကန်များကို သိမ်းဆည်းနေသော လင်းအယ်သည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွား၏။ သူမ၏ လက်များတုန်သွားသဖြင့် ကျောက်စိမ်းပန်းကန်များကို လွတ်ကျသွားမလိုပင် ဖြစ်သွားလေသည်။

လီချန်ရှို့သည် သူမကို လှည့်၍ကြည့်လိုက်၏။ လင်းအယ်သည် ခေါင်းငုံ့၍ ရယ်ချင်စိတ်ကို ထိန်းထားနေ၏။ သူမပို၍ သွက်လက်လာပြီး ကျောက်စိမ်းဖားများ၏ အလျင်အမြန် မျိုးပွားလာမှုကို ပြန်တွေးမိသွားလေတော့သည်။

*****

ကောင်းကင်ခွင်းတောင်ပေါ်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့ နေရာအရပ်တွင် ကျိုးဝူသည် လျင်မြန်စွာပျံသန်းလာပြီး သူ၏ အဆောက်အအုံအတွင်းသို့ ဝင်သွား၏။ သူသည် ရတနာအိတ်နှစ်ခုကို ထုတ်လိုက်သည်။ သူသည် ရတနာတစ်အိတ်အတွင်းမှနေ၍ ဆေးလုံးပုလင်း အနည်းငယ်ကို ထုတ်လိုက်ပြီး နောက်တစ်အိတ်မှနေ၍ ကောင်းမွန်သော ပုံတူပန်းချီကားအချို့ကို ထုတ်လိုက်လေသည်။

လီချန်ရှို့၏ အကြံပေးချက်သည် တာအိုရသေ့ဂျပု အတွေးထဲတွင် ပြန်ပေါ်လာ၏။

“ ဆရာဦးလေး... ပန်းချီကားထဲက ပုံတွေကို အရင်ကြည့်ပြီး ဆရာဦးလေးရဲ့ ခေါင်းထဲမှာစွဲနေတဲ့ ပုံတွေကို မေ့ပစ်ဖို့လုပ်လိုက်ပါ။ ပြီးရင် ကာမအားတိုးဆေး တစ်လုံးကိုသောက်ပြီး အလုပ်ဖြစ်လာဆိုတာ စောင့်ကြည့်လိုက်ပါ။ အဲ... ဆေးလုံးတွေကို အများကြီးသောက်လို့မရဘူးဆိုတာ မှတ်ထားနော်။ တစ်လုံးဆိုရင် ဆရာဦးလေး နိုးထလာလိမ့်မယ်။ နှစ်လုံးဆိုရင် သက်လုံကောင်းလာလိမ့်မယ်။ အဲ...သုံးလုံးဆိုရင်တော့ ပြဿနာတွေ အလွယ်တကူဖြစ်လာတော့မှာပဲ ”

ကျိုးဝူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“ တူလေးချန်ရှို့... ငါရဲ့ အနာဂတ်ကို မင်းလက်ထဲ အပ်လိုက်ပြီ‌နော်... ”

ထိုသို့ပြောပြီးနောက် သူသည် ‘ တစ် ’ ဟု အမှတ်အသားလုပ်ထားသော ပန်းချီကားလိပ်ကို တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်၏။ သူ ကဗျာနှစ်ကြောင်းကို တွေ့လိုက်ရ၏။

“ နွေဦးနဲ့ ဆောင်းဦးက ဘယ်တော့မှ ကုန်ဆုံးပါ့မလဲ။ ငါ့ရဲ့ အိပ်မက်ရှည်ကြီးအကြောင်းကိုရော မင်းဘယ်လောက်သိရှိသလဲ... ”

ထို့နောက် ပန်းချီကားသည် တဖြည်းဖြည်း ‌ပေါ်ပေါက်လာတော့သည်။ ဖော်ပြရန် မဖြစ်နိုင်သော ပန်းချီကားကို အကောင်းစား မှင်ဖြင့် ရေးဆွဲထား၏။

ကျိုးဝူသည် တစ်စုံတစ်ခု ထူးခြားလာသည်ကို ခံစားလိုက်ရ၏။ သူသည် ပန်ချီကားကို ဖြည်းဖြည်းချင်းကြည့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်စပေါ်ပေါက်လာလေ၏။

တစ်နာရီကြာပြီးနောက် သူသည် ပန်ချီကားအားလုံးကို ဖွင့်ကြည့်ပြီးသွားပြီ ဖြစ်ပြီး နောက်ထပ်ဆေးတစ်လုံး ထပ်သောက်လိုက်၏။ သူသည်ထိုင်နေရင်းပင် မူးဝေသောခံစားချက်ကို ရလာလေသည်။

ဤအကြိမ်တွင် ကျိုးဝူသည် ခေတ္တမျှကြာပြီးနောက် ထရပ်လိုက်၏။

သူ၏ လည်စလုတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ရင်ခုန်သံများလည်း မြန်နေ၏။ သူ၏ မျက်လုံးများသည်လည်း နီမြန်းနေပေသည်။

‘ ဒီဟာက... ’

‘ ဒီခံစားချက်က ငါ ဆယ်စုနှစ်တစ်ခုလောက် မခံစားခဲ့ရတဲ့ ခံစားချက်ပဲ ’

“ ရှစ်ရှစ်...ရှစ်ရှစ်.. ငါ ပြန်ကောင်းသွားပြီ... ”

တာအိုရသေ့ဂျပုသည် ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး ပန်းချီကားများကိုကိုင်ကာ အဆောက်အအုံအတွင်းမှ ခပ်သုတ်သုတ် ထွက်သွားလိုက်၏။ သူသည် သူ့တာအိုလက်တွဲ၏ အဆောက်အအုံဆီသို့ အပြေးသွားလိုက်လေသည်။

လဝက်ကြာပြီး‌နောက်...

ကျိုးဝူနှင့် ကျိုးရှစ်သည် လီချန်ရှို့ကို ကျေးဇူးတင်ရန် လက်ချင်းချိတ်၍ ချုံတောင်လေးဆီသို့ အတူတကွလာခဲ့ကြသည်။ သူတို့သည် လီချန်ရှို့မှာ သူတို့ကို အံ့အားသင့်ဖွယ် ကူညီပေးခဲ့ကြောင်း၊ အလွန်တော်သော သမားတော်တစ်ဦးဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းပြောဆိုခဲ့ကြ၏။

ထို့နောက် လင်းအယ်သည် မထိန်းနိုင်တော့ဘဲ ခွက်ထိုးခွက်လန် ရယ်လေတော့သည်။

ဂိုဏ်းတွင်းပြိုင်ပွဲသည် နီးကပ်လာပြီဖြစ်၍ ကျိုးဝူသည် သူတို့ကို နတ်ရတနာတစ်ခုနှင့် အဆင့်မြင့် ဓမ္မရတနာနှစ်ခုကို လက်ဆောင်အနေဖြင့် ပေးခဲ့၏။ လီချန်ရှို့ မငြင်းလိုက်ပေ။ ဆရာဦးလေးကျိုးဝူသည် ဂိုဏ်းတွင်း၌ တာဝန်ထမ်းဆောင်နေသည်မှာ ကြာပြီဖြစ်ပြီး ချမ်းသာသော မိသားစုနောက်ခံရှိသူတစ်ဦးဖြစ်ကြောင်း သိသဖြင့် ထိုရတနာလောက်သည် သူ့အတွက် စာမဖွဲ့လောက်ကြောင်းကိုသိ၍ လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူပေးသည့် ရတနာသုံးခုစလုံးကို လက်ခံလိုက်ခြင်းပင်။ ထို့နောက် သူသည် ဆရာဦးလေးကျိုးဝူကို နဂါးဆေးအရက် သုံးအိုးပြန်ပေးလိုက်၏။

ဆရာဦးလေးကျိုးဝူသည် စိတ်ညှို့အတတ်၏ ဆိုးကျိုးများကို ဖယ်ရှားကာ သူ၏ စွမ်းအားများကို ပြန်ဖြည့်တင်းပြီးဖြစ်သော်လည်း လွန်ခဲ့သော လဝက်ကထက် အတန်ငယ် အားနည်းနေပုံပေါ်၏။

လီချန်ရှို့သည် ထိုကိစ္စကို ဆက်၍ မတွေးတောတော့ရန် စဉ်းစားလိုက်လေသည်။

လီချန်ရှို့ ရရှိခဲ့သော နတ်ရတနာသည် ဓားတိုလေးတစ်ချောင်းပင်။ သူသည် ထိုရတနာကို လင်းအယ် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ပေးလိုက်၏။

သို့သော် လီချန်ရှို့သည် အဆင့်မြင့် ဓမ္မရတနာနှစ်ခုကိုမူ သူ့ဘာသာ သိမ်းထားလိုက်လေသည်။ နောင်တွင် သူ ရတနာပြုလုပ်ရာတွင် အသုံးပြုရသည့် တံဆိပ်တော်များကို လေ့လာရာတွင် ထိုဓမ္မရတနာနှစ်ခုကို အသုံးချရန် တွေးလိုက်၏။

လီချန်ရှို့သည် လင်းအယ်၏ ဂိုဏ်းတွင်းပြိုင်ပွဲအဆင့်အတွက် ပန်းတိုင်တစ်ခု သတ်မှတ်ပေးလိုက်၏။ လင်းအယ်တစ်ယောက် သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖော်ပြလိုက်ရစေကာမူ အဆင့်(၁၀၈)အတွင်း ဝင်ရန် ကြိုးစားရမည်ဖြစ်သည်။

ထိုမှသာ လင်းအယ်သည် ဂိုဏ်းမှ ဂရုစိုက်မှုကို ပိုခံရမည် ဖြစ်၏။

လီချန်ရှို့သည် လက်ရှိတွင် ချုံ‌‌တောင်လေး၏ ဝှက်ဖဲပင်။ သူ၏ ညီမလေးအနေဖြင့် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ခြင်း၊ မဖုံးကွယ်ခြင်းသည် အရေးမကြီးပေ။

လင်းအယ်တစ်ယောက် ချုံတောင်လေးအပြင်တွင် ရှိနေစဉ်၌ သူမ၏ ကတိများကို တည်၍ မည်သည့်ပြဿနာမှ မရှာသ၍ အရာအာလုံးအဆင်ပြေမည်သာ ဖြစ်သည်။ လီချန်ရှို့အတွက်မူ ဂိုဏ်းတွင်းပြိုင်ပွဲကို များစွာ မမျှော်လင့်ထားပေ။ သူသည် အဆင့်(၃၆)အတွင်းဝင်အောင် လုပ်ရန်သာဖြစ်သည်။ ကြိုးစားယှဉ်ပြိုင်နေရန် အကြောင်းမရှိပေ။

ရက်များ ကုန်ဆုံးသွား၏။ ချုံတောင်လေး အနောက်ဘက်တွင် စိုက်ပျိုးထားသော ဝိညာဉ်သစ်ပင်ပေါက်လေးများသည် ကျန်းကျန်းမာမာဖြင့် ကြီးထွားနေကြ၏။ ထို့ကြောင့် စက္ကူကိုယ်ပွားများအတွက် ကုန်ကြမ်းများ မပြတ်ရနေလေတော့သည်။

များစွာ အကျိုးပြုခဲ့သော ဝိညာဉ်သစ်ပင်အိုကြီးများကိုမူ လီချန်ရှို့သည် ထင်းစိုက်လိုက်ပေပြီ။

၎င်းတို့သိနေသည့် ကိစ္စများသည် များပြားနေပြီဖြစ်၍ ထိုသို့သာ စမုန်တုန်းပေးလိုက်ရခြင်းပင်။ ၎င်းတို့ အသက်ဝင်လာခါမှ ထင်းစိုက်ရလျှင် အလွန်ရက်စက်သလိုဖြစ်နေပေမည်။

၎င်းတို့သည် လက်ရှိတွင် သစ်ပင်များအဖြစ်သာ ရှိသေ၏။ ၎င်းတို့ကို ခုတ်၍ ထင်းစိုက်လိုက်လျှင်လည်း မည်သို့မှ ခံစားရမည် မဟုတ်ချေ။ ၎င်းတို့သည် မည်သည့်နာကျင်မှုကိုမှ ခံစားရမည် မဟုတ်ဘဲ အေးချမ်းစွာ သေဆုံးသွားမည်သာ။

ဆရာဒေါ်လေးသည် လွန်ခဲ့သည့် လပိုင်းအတွင်း၌ တည်တည်ငြိမ်ငြိမ်ရှိနေ၏။ သူမသည် လီချန်ရှို့နှင့် လင်းအယ်တို့၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်နေခြင်းပင်။

သို့သော် ထိုနှစ်ဦးသည် ဂိုဏ်းတွင်းပြိုင်ပွဲမစမီ ဂိုဏ်းအတွင်း၌ အတည်ငြိမ်ဆုံး တပည့်ငယ်နှစ်ဦး ဖြစ်လေသည်။

သူတို့နှစ်ဦးသည် အားလပ်ချိန်တွင် သူတို့၏ ဆရာကို ပူဆွေးနေမှုမှ ကျော်ဖြတ်နိုင်အောင် မည်သို့ ကူညီရမည်ကို ဆွေးနွေးကြ၏။ လင်းအယ်၏ အကြံပြုချက်သည် သူမတို့၏ ဆရာကို တာအိုလက်တွဲဖော်တစ်ယောက် ရှာပေးရန် ဖြစ်သည်။ လီချန်ရှို့ကလည်း သဘောတူ၏။

သို့သော် လီချန်ရှို့သည် ထိုကဲ့သို့သော ကိစ္စမှာ သဘာဝတရား၏ လုပ်ဆောင်မှုကိုသာ လက်ခံရမည့် ကိစ္စဖြစ်ကြောင်းလည်း ပြောလိုက်၏။ သူတို့ အတင်းစီစဉ်ပေး၍ မရပေ။

ထိုသို့ဖြင့် နောက်ထပ်လအနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားလေတော့သည်။ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ တောင်များတွင် နေ့စဉ် အလင်းတန်းများ၊ လူများ မပြတ်ထွက်ပေါ်လာကြလေသည်။ သူတို့သည် ဂိုဏ်းတွင်းပြိုင်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြခြင်းဖြစ်၏။

ထိုအခြေအနေသည် လူသားလောကတွင် ပွဲလမ်းသဘင်များ ရှိနေစဉ်အခြေအနေနှင့် အလွန် တူလှပေသည်။

လီချန်ရှို့သည်လည်း လင်းအယ်ကို သူမကိုယ်သူမ မည်သို့ကာကွယ်ရမည်ကို စတင်သင်ပေးနေပြီ ဖြစ်သည်။ သူသည် သူ၏ညီမလေး အလွယ်တကူအဆင့်တက်စေနိုင်ရန် ရိုးရှင်းသော လှည့်ကွက်အချို့ကို သင်ပေးလိုက်၏။

တပည့်ငယ်များ အကြားတွင် လင်းအယ်သည် ဂိုဏ်းသို့ နောက်ဆုံးမှ ဝင်ရောက်လာသူဖြစ်သည်။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အနိမ့်ဆုံးမဟုတ်ပေ။

ပြိုင်ပွဲ စတင်ရန် လဝက်ခန့်လိုသေး၏။ ကောင်းကင်ခွင်းတောင်ပေါ်တွင် ပြိုင်ပွဲစင်မြင့်နှင့် ပွဲကြည့်စင်များကို စတင် ဆောက်လုပ်နေပေပြီ။ တစ်နှစ်ပတ်လုံး အခန်းအောင်းကျင့်ကြံနေသည့် အကြီးအကဲအများစုသည်လည်း အခန်းအောင်းရာမှ ထွက်လာကြပြီး တုနတ်ဝိဇ္ဇာဂိုဏ်းတွင် နှစ်(၂၀၀)လျှင် တစ်ကြိမ်ကျင်းပသော ခမ်းနားသည့် ပြိုင်ပွဲကို ကြည့်ရှုရန် ပြင်ဆင်နေကြပေပြီ။

ထိုမျှသာမကသေး။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်သော အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများကိုလည်း ဖိတ်ကြားခဲ့၏။ ထို့ပြင် ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းအချို့ကိုလည်း ဖိတ်ကြားခဲ့၏။

အာကာသနတ်မင်းအဆင့်ရှိသော ဂိုဏ်းချုပ်၏ ကိုယ်ရောင်ကိုယ်ဝါကိုလည်း ရံဖန်ရံခါတွင် တစ်ကြိမ်၊ နှစ်ကြိမ် အာရုံခံမိခဲ့၏။

လီချန်ရှို့သည် ဂိုဏ်းချုပ်ကို သတိရ၏။ ဂိုဏ်းချုပ်သည် သွေးအန်နေဆဲပင်လောဟု သူတွေးမိခဲ့သည်။

လီချန်ရှို့သည် ပြိုင်ပွဲမစမီတွင် မည်သည့်ကိစ္စမှ ဖြစ်မည်မဟုတ်ဟု တွေးထားခဲ့၏။ နတ်ရေတံခွန်တောင်မှ လူများသည်လည်း တာအိုရသေ့ခွိုက်စစ်၏ အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်မှာ အချိန်တစ်ခုပင် ရှိပေပြီ။ တုနတ်ဝိဇ္ဇာဂိုဏ်း၏ ပတ်ဝန်းကျင်သည်လည်း တည်ငြိမ်နေပြီး မည်သည့် အကောက်ကြံနေသူမှ မရှိပေ။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပတ်သက်၍လည်း ၎င်းတို့၏ အလျင်အမြန်တိုးပွားနေမှုသည် နောက်ဆုံးတွင် တည်ငြိမ်လာပြီဖြစ်သည်။ နဂါးမျိုးနွယ်သည်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ သူတို့သည် အခြားဘုံကျောင်းများနှင့် ထိပ်တိုက်ယှဉ်ပြိုင်၍ နယ်မြေလုခြင်းများကို မပြုလုပ်တော့ပေ။ သူတို့သည် သူတို့ရရှိနေသော ကုသိုလ်များကိုသာ စောင့်ရှောက်နေကြလေသည်။

လီချန်ရှို့သည်လည်း အမွှေးတိုင်ပူဇော်မှုများမှနေ၍ ကုသိုလ်တော်တော်များများ ရခဲ့ပြီးဖြစ်သည်။ သူသည် ရွှေကုသိုလ်ခန္ဓာကိုယ်အတွက် လက်သည်းခွံအသေးလေးတစ်ခုကို ကုသိုလ်များကို စုစည်း၍ ပြုလုပ်နိုင်ပြီဖြစ်သည်။

သို့သော် လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူတစ်ယောက် တိမ်စီး၍ လက်ဆောင်တစ်ပွေ့တစ်ပိုက်ဖြင့် ချုံတောင်လေးသို့ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တာအိုရသေ့ဂျပုသည် လီချန်ရှို့ကို တွေ့သောအခါ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်၏။

“ ချန်ရှို့ ... မင်းမှာ နှလုံးတားအိုးဆေးလုံးတွေ ရှိသေးလား ”

လီချန်ရှို့ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ ဆရာဦးလေး... ပုံမှန်အတိုင်းသောက်ရင် ဆရာဦးလေးဆီမှာ ဆေးလုံးတွေ မကုန်လောက်သေးပါဘူး ”

“ ငါ့အတွက် ကုန်သွားတာ မဟုတ်ပါဘူး... ”

ကျိုးဝူ၏ မျက်နှာထားသည် အတန်ငယ် အိုးတိုးအန်းတန်းဖြစ်နေ၏။ သူသည် အသံလုံအလွှာတစ်ခုကို ဖန်ဆင်းလိုက်သည်။

“ အင်း... ဘယ်လိုလုပ် ငါ့ရဲ့ဆရာက ရှစ်ရှစ်နဲ့ ငါ့ရဲ့ကိစ္စကို သိသွားတာလဲမသိပါဘူး.... ”

သူဆက်ပြော၏။

“ ဆရာက ငါ့ကို ဘာဖြစ်တာလဲ ဆိုပြီးမေးတယ်။ ငါ မင်းအကြောင်းတော့ ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ဆရာငါ့ကို အဲ့အကြောင်းမေးနေတဲ့အချိန်တုန်းက ဘေးမှာ တခြား အကြီးအကဲနှစ်ယောက်လည်း ရှိနေတယ်။ နောက်တော့ အဲ့ထဲက အကြီးအကဲတစ်ယောက်က ငါ့ကို ခိုးကြောင်ခိုးဝှက်လာရှာတယ်... ”

“ ချန်ရှို့... မင်းလည်းသိတာပဲ.. ရေရှည် ကျင့်ကြံတဲ့အခါမှာ စိတ်အခြေအနေက ထုံထိုင်းလာတယ်လေ။ အကြီးအကဲတွေမှာလည်း တာအိုလက်တွဲဖော်တွေရှိတာပဲ။ အဲ့တော့ သူတို့လည်း အဲ့ကိစ္စအတွက် ပူပန်ရတာပေါ့။ ငါအနေနဲ့ သူတို့ကို ငြင်းလိုက်ဖို့လည်း မသင့်တော်တော့ ကာမအားတိုးဆေးလုံးနည်းနည်းပေးလိုက်ရတာပဲ။ ဘာဖြစ်သွားတယ်မှတ်လဲ ... အဲဒါက တကယ် အလုပ်ဖြစ်သွားတယ်ကွ ”

လီချန်ရှို့သည် သူ၏လက်တစ်ဖက်ဖြင့် နဖူးကို ထိန်းကိုင်လိုက်ရလေသည်။

သူ ရန်ကျောင်းတော် လက်အောက်ခံ ဂိုဏ်းတွင် ကျင့်ကြံနေရခြင်းမှာ သူ့ကိုယ်သူကာကွယ်နိုင်မည့် နောက်ခံအင်အားကို အလိုရှိ၍ဖြစ်သည်။ ထိုမှသာ သူသည် အမတလမ်းစဉ်ကို အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

‘ ငါက ဒီမှာကျင့်ကြံနေတယ်ဆိုတာ ဆေးဆိုင်ဖွင့်ပြီး ကာမအားတိုးဆေးလုံးတွေ ရောင်းဖို့မဟုတ်ဘူး။ ပြီးတော့ အားမကိုးလောက်တဲ့ တာအိုအကြီးအကဲတချို့ ခိုင်းတဲ့ကိစ္စတွေလုပ်ပေးပြီး ပြဿနာမီးမွှေးဖို့လည်း မဟုတ်ဘူးလေ ’

ကျိုးဝူက ပြုံး၍ ပြောလိုက်သည်။

“ ချန်ရှို့... မင်း ကာမအားတိုးဆေးလုံးတွေ ထပ်ဖော်နိုင်သေးတယ်မလား။ မင်း ဘာကုန်ကြမ်းတွေ လိုလဲ။ ငါ အဲ့ဒါတွေကို ချက်ချင်းယူလာပေးပါ့မယ် ”

“ ဟင့်အင်း... ”

လီချန်ရှို့ ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

“ ဒီဆေးလုံးတွေကို ဖော်ရတာ တော်တော်လေး ခက်တယ်။ ဆေးလုံးအသစ်တွေ ထပ်ဖော်နိုင်မှာ မဟုတ်တော့ဘူး ”

ဆရာဦးလေးကျိုးဝူတစ်ယောက် စိတ်ပျက်ဟန် ပေါ်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။

“ တကယ်ကြီးလား... အဲ့လိုဆိုရင် ငါ အကြီးအကဲတွေကို ဒီအတိုင်းပဲ သွားပြောရတော့မှာပေါ့။ ဟူး... သူတို့က မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တွေအများကြီး ပေးလိုက်တာကို... ကျမ်းစာတိုက်က အကြီးအကဲကလည်း မင်းနတ်ဝိဇ္ဇာဖြစ်လာတာနဲ့ စိတ်ငြိမ်သုတ္တန် နောက်တစ်တွဲ ထပ်ပြီး ဆုချဖို့ လုပ်ထားတာ... ”

လီချန်ရှို့ ပြုံး၍ တွေးလိုက်သည်။

‘ ငါက အဲ့လို ပစ္စည်းတွေကြောင့် စိတ်ပြောင်းသွားမယ့် သူမို့လို့လား... ”

‘ ဟုတ်တာပေါ့... ’

လီချန်ရှို့သည် သူ၏ အင်္ကျီလက်အတွင်းမှ ကြွေပုလင်းခြောက်ပုလင်းကို ထုတ်၍ ပြောလိုက်၏။

“ ကျွန်တော် အကြီးအကဲတစ်ယောက်စီအတွက် တစ်ပုလင်းစီပေးလိုက်မယ်။ ကျွန်တော့်မှာလည်း ဒါအကုန်ပဲ ထပ်မရှိတော့ဘူး... ”

သူသည် သူ၏ သားရဲမွေးမြူရေးခြံအတွင်းမှ ဝိညာဉ်သားရဲများအတွက်လည်း ဆေးလုံးအချို့ ချန်ထားရဦးမည် မဟုတ်ပါလား။

***

All Chapters