← Chapters

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း (၈၈၇) ပရမ်းပတာ မိစ္ဆာအသိုက်နှင့် အဆုံးမဲ့ ဟင်းလင်းပြင်။ (၁)

"ကောင်းတယ်... ကောင်းတယ်။ သတ်ပစ်။ သူတို့ကို အမြစ်ပြတ် ရှင်းပစ်။"

ချီးကျူးစကားများ အဆက်မပြတ် ပြောကြားရင်း ရှယန်လုံသည် စူးချန်ခုန်း၏ အစွမ်းကို အံ့ဩနေမိသလို တိုက်ခိုက်ရန် အမိန့်ကိုလည်း ပေးလိုက်သည်။ စူးချန်ခုန်း၏ မြားချက်ကြောင့် တုန်လှုပ်နေသော ရန်သူများကို အခွင့်ကောင်းယူကာ သူ၏ လက်အောက်ရှိ သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးကိုလည်း မိစ္ဆာများကို အပြတ်ရှင်းရန် စစ်မြေပြင်သို့ စေလွှတ်လိုက်သည်။

"သွားကြစို့... တိုက်ပွဲထဲမှာ အချိန်ဆွဲမနေနဲ့တော့။"

အရိုးမျက်နှာဖုံးနှင့် လူက အော်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အသက်ရှိသကဲ့သို့ လှုပ်ရှားနေသော အနက်ရောင် မိစ္ဆာမြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ မိစ္ဆာအုပ်စုထဲတွင် သူသည် အစွမ်းအထက်ဆုံး ဖြစ်သည်။ အကြောင်းမှာ သူသည် အခြားသူများကဲ့သို့ မိစ္ဆာသိုင်းပညာရှင် သက်သက်မဟုတ်ဘဲ အရင်ဘဝတုန်းကလည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သောကြောင့်ပင်။

"ပြေး.. အမြန်ပြေး"

အခြားသော မိစ္ဆာသိုင်းပညာရှင်များလည်း ထိတ်လန့်နေကြသည်။ သူတို့သည် ရှယန်လုံတို့နှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် မရှိခဲ့ပေ။ သို့သော် စူးချန်ခုန်းမှာမူ အခြားသိုင်းဝိဇ္ဇာသူတော်စင်များနှင့် လုံးဝ မတူပေ။ သူ၏ တိုက်ကွက်တိုင်းမှာ နတ်ဘုရားစွမ်းရည်အဆင့်တွင် ရှိနေပြီး သူ့ထက် အားနည်းသူ မည်သူမဆို သူ့ရှေ့တွင် အချိန်အတော်ကြာ ခုခံနိုင်စွမ်း မရှိပေ။ သူတို့မှာ စူးချန်ခုန်း၏ ပြိုင်ဘက် မဟုတ်ကြချေ။

မိစ္ဆာအုပ်စုမှာ အရပ်မျက်နှာအသီးသီးသို့ ကွဲပြားကာ ထွက်ပြေးကြသော်လည်း စူးချန်ခုန်းက သူတို့ကို လွှတ်ပေးမည်လား။ သူသည် သူ၏ ရွှေဆေးလုံး စွမ်းအင်ကို အသုံးပြု၍ နတ်သမင် ကောင်းကင်ခြေလှမ်းကို ထုတ်ဖော်လိုက်ရာ ခြေတစ်လှမ်းလှမ်းတိုင်း ကိုက်တစ်ရာကျော် ခရီးပေါက်ကာ ရန်သူများနှင့် အကွာအဝေးကို ချက်ချင်း ကျဉ်းမြောင်းစေသည်။ သူ၏ လှုပ်ရှားမှုများမှာ လုံးဝ ခြေရာခံ၍ မရနိုင်လောက်အောင် မြန်ဆန်လှသည်။

စူးချန်ခုန်းသည် တူကို ကိုင်ဆောင်ထားသော မိစ္ဆာ၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်လာသည်။ ထိုမိစ္ဆာသည် သွားကို တင်းတင်းကြိတ်ကာ ကျွန်းငယ်လေးတစ်ခုကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားပါသည့် တူကြီးဖြင့် ပြန်ရိုက်ချလိုက်သည်။

ကျားဖြူ ဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။

စူးချန်ခုန်းသည် မတွန့်မဆုတ်ဘဲ လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကျားဖြူဟိန်းသံ လက်သီးစွမ်းအားမှာ အတွင်းဘက်သို့ ဝဲဂယက်အလား လည်ပတ်ကာ ထွက်ပေါ်သွားသည်။

"ဒိန်း"

တူနှင့် လက်သီး ထိတွေ့မိသောအခါ လက်သီးအတွင်းမှ စွမ်းအားများမှာ ပေါက်ကွဲထွက်လာပြီး တုန်ခါမှုလှိုင်းများကြောင့် ထိုဗလတောင့်တောင့် မိစ္ဆာ၏ တူကြီးမှာ လက်မချင်းစီ အက်ကွဲပျက်စီးသွားတော့သည်။ မဆုတ်မနစ်သော လက်သီးစွမ်းအားမှာ တူအကျိုးအပဲ့များကို ဖြတ်ကျော်ကာ မိစ္ဆာ၏ ရင်ဘတ်သို့ တိုက်ရိုက် ထိုးစိုက်သွားပြီး သူ၏ သိစိတ်ပင်လယ်အတွင်း၌ ကျယ်လောင်လှသော ဟိန်းသံကြီး ပေါက်ကွဲသွားသည်။

"ဖျောင်း"

ထိုမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အက်ကွဲနေသော ကြွေထည်မြေထည်ပစ္စည်းကဲ့သို့ အပိုင်းပိုင်း ပြိုကွဲသွားပြီး မြူမှုန်များအဖြစ် ပျောက်ကွယ်သွားတော့သည်။ သူ ကျန်ရစ်ခဲ့သည်မှာ နတ်ဆိုးအမြုတေများသာ ဖြစ်သည်။

ဒါဟာ တစ်ဖက်သတ် သတ်ဖြတ်ခြင်းပင်။

စူးချန်ခုန်း၏ ရှေ့တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော သိုင်းဝိဇ္ဇာသူတော်စင်အဆင့် မိစ္ဆာများမှာ တစ်ချက်ပင် မခံနိုင်ကြပေ။ တိုက်ရဲသော သတ္တိများ ပျောက်ဆုံးကုန်ကြပြီး အရပ်မျက်နှာအသီးသီးသို့ အသည်းအသန် ထွက်ပြေးကြတော့သည်။

စူးချန်ခုန်းသည် ထွက်ပြေးနေသော နောက်ထပ် မိစ္ဆာတစ်ဦးကို အမှီလိုက်ကာ သူ၏ ဓားသွားဝိညာဉ်ကို ထုတ်သုံးလိုက်သည်။ သံဖြတ်ဓားသည် ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ရန်သူကို သစ်သားတုံးတစ်ခုကဲ့သို့ နှစ်ခြမ်းတိတိ ပိုင်းဖြတ်လိုက်သည်။ ထို့နောက်တွင်မူ ကျန်ရှိသော မိစ္ဆာများမှာ ခြေရာဖျောက် ပျောက်ကွယ်သွားကြပြီ ဖြစ်သဖြင့် သူ ရပ်လိုက်သည်။

ရှယန်လုံ၏ ဘက်တွင်လည်း ရွှေရောင်ဓားဝိညာဉ်ဖြင့် နောက်ထပ် မိစ္ဆာတစ်ဦးကို မြူမှုန်ဖြစ်အောင် ချေမှုန်းနိုင်ခဲ့ပြီးနောက် တိုက်ခိုက်မှုကို ရပ်နားလိုက်သည်။

"အစွမ်းအထက်ဆုံး သုံးယောက်ကတော့ လွတ်သွားပြီ..." ထွမ်မုထောင်နှင့် ကုဖေးယန်တို့က တိုးတိတ်စွာ ဆိုလေ၏။

အရိုးမျက်နှာဖုံးနှင့် လူအပါအဝင် အစွမ်းအထက်ဆုံး မိစ္ဆာသုံးဦးမှာ တိုက်ချင်စိတ် မရှိတော့ဘဲ အမြန်ဆုံး ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ထွမ်မုထောင်နှင့် ကုဖေးယန်တို့မှာလည်း အခုမှ သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်သူများ ဖြစ်သဖြင့် သူတို့ကို မတားဆီးနိုင်ခဲ့ပေ။ စူးချန်ခုန်းသည်လည်း လူစုကွဲသွားသော ရန်သူများကို အကုန်လိုက်ရန် ခက်ခဲသဖြင့် ဆက်မလိုက်တော့ပေ။ မိစ္ဆာကိုးယောက်အနက် ခြောက်ယောက်ကို နေရာတင် သတ်နိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်ပွဲပင် ဖြစ်သည်။

"အကြီးအကဲ စူး... မင်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာပြီးနောက်ပိုင်းမှာ စွမ်းအားက တခြားသူတွေနဲ့ လုံးဝကို ကွာခြားလွန်းတယ်... ငါကိုယ်တော် သိုင်းဝိဇ္ဇာသူတော်စင် စဖြစ်တုန်းကဆိုရင် မင်းကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။"

ရှယန်လုံ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ရှယန်လုံမှာ ကိုယ်တိုင်ကျင့်ကြံမှုဖြင့် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ခဲ့သူဖြစ်ပြီး မိသားစု၏ အမွေအနှစ် ကျင့်စဉ်နှစ်ခုကို အထွတ်အထိပ်အထိ ကျင့်ကြံထားနိုင်သဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ ဒုတိယအလွှာသို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် ကိုးနိုင်ငံအတွင်း၌ ထိပ်တန်း သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း ယခုအခါ စူးချန်ခုန်း၏ စွမ်းအားမှာ ကိုးနိုင်ငံလုံးရှိ သိုင်းဝိဇ္ဇာသူတော်စင်များထဲတွင် ထိပ်ဆုံးတန်း၌ ရှိနေကြောင်း သူ ဝန်ခံရပေမည်။ လွန်ခဲ့သော တစ်နှစ်အတွင်းမှ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာသူဟု မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။

စူးချန်ခုန်းသည် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ခဲ့သည်မှာ သုံးလသာ ရှိသေးသော်လည်း သူ၏ အခြေခံမှာ အလွန်နက်ရှိုင်းလှသဖြင့် ယခုမှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ သူသည် ကိုယ်ပိုင်လမ်းစဉ်ကို ဖော်ထုတ်ကာ ကမ္ဘာပေါ်တွင် ထူးခြားသော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဘေးမှ ကြည့်နေသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်အထိ သူ၏ တိုးတက်မှုမှာ ထူးခြားလှသည်။

အဓိက အကြောင်းရင်းမှာ ဤမိစ္ဆာအုပ်စုမှာ အားနည်းလွန်းနေခြင်းကြောင့်လည်း ပါဝင်သည်။ အများစုမှာ နတ်ဘုရားမျိုးစေ့ကို သုံးပြီး အတင်းအဓမ္မ အဆင့်တက်ထားသူများ ဖြစ်သဖြင့် စူးချန်ခုန်းအတွက် သတ်ဖြတ်ရန် လွယ်ကူနေခြင်း ဖြစ်သည်။

"ဧကရာဇ်... ကျွန်တော်တို့ မဟာမီးလျှံမြို့တော်ကို အရင်ပြန်တာ ပိုကောင်းမယ်ထင်တယ်" စူးချန်ခုန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။ သူ ဟုန်ကျန်းရှန့်၏ အခြေအနေကို စိုးရိမ်နေမိသည်။

"ဟုတ်တယ် ပြန်ကြစို့" ရှယန်လုံသည်လည်း သူ၏ ကောင်းကင်ဂူနန်း ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေသည်။

သူတို့ ငါးဦးမှာ မဟာမီးလျှံမြို့တော်သို့ ချက်ချင်း ပြန်လာခဲ့ကြသည်။ နန်းတော်အတွင်းရှိ အဆောက်အအုံများစွာမှာ ပြိုကျပျက်စီးနေပြီး ၎င်းမှာ ကောင်းကင်ဂူနန်းအတွင်းမှ တုန်ခါမှုများကြောင့် ဖြစ်သည်။ ရှယန်လုံသည် အပျက်အစီးများကြားမှ ကောင်းကင်ဂူနန်းသို့ သွားရာ လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီး အားလုံး အထဲသို့ ဝင်ရောက်သွားကြသည်။

ကောင်းကင်ဂူနန်းအတွင်း၌ ပုံမှန်ဆိုလျှင် ငှက်သံများ၊ ပန်းရနံ့များဖြင့် အမြဲတမ်း နွေဦးသဖွယ် သာယာနေတတ်သော်လည်း ယခုမူ အေးစိမ့်နေပြီး စွမ်းအင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။

"ဧကရာဇ်"

ရှယန် မိသားစုဝင်များစွာမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ရှယန်လုံကို လာရောက်နှုတ်ဆက်ကြသည်။ အဝေးမှပင် တောင်တန်းကြီးများ ပြိုကျနေသည်ကို စူးချန်ခုန်း တွေ့လိုက်ရသလို အပေါ်ယံတွင်လည်း ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ရှယန် မိသားစုမှ သိုင်းဝိဇ္ဇာသူတော်စင် သုံးဦးမှာ ထိုပျက်စီးမှုများကို ပြန်လည် ပြုပြင်ရန် ကြိုးစားနေကြသည်။

ထိုစဉ် ပိုးသားဝတ်စုံများနှင့် လူငယ်တစ်ဦးက အပြေးအလွှား ရောက်လာလေ၏။ ထိုသူမှာ ရှယန်ယီပင် ဖြစ်သည်။ သို့သော် ရှယန်ယီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ဝတ်စုံများမှာလည်း စုတ်ပြတ်နေသည်။ သူ၏ လက်တစ်ဖက်မှာလည်း ပြတ်တောက်သွားပုံရပြီး ဒဏ်ရာကို အကြမ်းဖျင်းသာ ကုသထားရသေးသည်။

"ခမည်းတော်... အကြီးအကဲစူး..." ရှယန်ယီက အားမရှိသော အသံဖြင့် နှုတ်ဆက်လိုက်သည်။

ရှယန်လုံက စိုးရိမ်တကြီး မေးလိုက်သည်။ "ခုနက ဘာတွေ ဖြစ်သွားတာလဲ"

All Chapters