← Chapters

အခန်း ၈၉၀

Vol. 60 Ch. 890

အခန်း ၈၉၀

Vol. 60 Ch. 890

အခန်း (၈၉၀) ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော ဓားသွားကျင့်ကြံအတတ်နှင့် ရွှေဓာတ်စွမ်းအင်။(၁)

"မကောင်းတော့ဘူး"

အဘိုးအို ဝမ်ထျန်းကုန်း တစ်ခုခု မှားနေပြီဖြစ်ကြောင်း စိတ်ထဲမှ သိလိုက်သည်။ ပရမ်းပတာ လေဟာပြင်အတွင်းရှိ ထိုစက်လုံးကြီးသည် သူ ချောင်းကြည့်နေသည်ကို သတိပြုမိသွားပုံရပြီး သူ၏ ဝိညာဉ်ကို ဝါးမျိုချေမှုန်းရန် ဆွဲငင်နေခြင်း ဖြစ်သည်။

"သတိထား"

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် စူးချန်ခုန်းသည် အဘိုးအို၏ အရှိန်အဝါများ ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားသည်။ သူသည် ချက်ချင်းပင် အဘိုးအို၏ နားစည်အတွင်း၌ ပေါက်ကွဲသံကြီးကဲ့သို့ ကျယ်လောင်လှသော ဟစ်အော်သံကို ထုတ်လွှတ်လိုက်ရာ ၎င်းမှာ အသိဉာဏ်ကို ပွင့်လင်းစေသည့် ဆေးစွမ်းတစ်ခွက်အလား ဖြစ်သွားသည်။

ထိုအသံကြောင့် မိန်းမောနေသော အဘိုးအို ဝမ်ထျန်းကုန်းမှာ သတိပြန်ဝင်လာသည်။ သူသည် သူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို ဟင်းလင်းပြင်အတွင်းမှ အတင်းအဓမ္မ ပြန်လည်ရုန်းထွက်လိုက်ပြီး ဆက်လက်ရှာဖွေခြင်းကို စွန့်လွှတ်လိုက်တော့သည်။

အဘိုးအို ဝမ်ထျန်းကုန်း၏ မျက်လုံးများမှာ ပြန်လည်ကြည်လင်လာပြီး ခန္ဓာကိုယ်မှာ တုန်ရင်ကာ ညည်းတွားလိုက်မိသည်။ သူ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်လာပြီး အသက်ရှူသံများမှာလည်း တဖြည်းဖြည်း အားနည်းသွားတော့သည်။

"အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"

စူးချန်ခုန်းသည်လည်း ထိတ်လန့်သွားပြီး ချက်ချင်း မေးလိုက်သည်။ ဟုန်ကျန်းရှန့်၏ တည်နေရာကို စစ်ဆေးခိုင်းမိရာမှ အဘိုးအိုမှာ အတော်လေး ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခြင်း ဖြစ်သည်။

အဘိုးအိုမှာ အားအင်ကုန်ခမ်းနေပုံရသည်။ သူသည် ခေါင်းကို ခက်ခဲစွာ ခါလိုက်ပြီး မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ရှိနေသည်။ "ငါ... အဆင်ပြေပါတယ်။ မိစ္ဆာ... ငါ မိစ္ဆာကြီးတစ်ကောင်ကို မြင်လိုက်ရတယ်။"

"မိစ္ဆာ ဟုတ်လား" စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။

အဘိုးအို ဝမ်ထျန်းကုန်းမှာ နှစ်ပေါင်း ရာနှင့်ချီ၍ နေထိုင်လာခဲ့သူဖြစ်ပြီး ယခုလည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ပင် ရောက်ရှိထားသူ ဖြစ်သည်။ သို့သော် သူသည် ဤမျှအထိ ထိတ်လန့်နေသည်လား။

အဘိုးအိုက တံတွေးကို မျိုချလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်သည်။ "သွေးထဲမှာပါတဲ့ အနှစ်သာရကနေတစ်ဆင့် အခြားတစ်ဖက်က အဆက်အသွယ်ကို ငါ ချောင်းကြည့်ခဲ့တာ... ပရမ်းပတာ လေဟာပြင်ထဲမှာ ကြီးမားတဲ့ မိစ္ဆာကြီးတစ်ကောင် ရှိနေတယ်။"

"အဲဒါက နှလုံးနဲ့လည်း တူတယ်။ ဧရာမ အသိုက်ကြီးနဲ့လည်း တူတယ်။ တစ်ခုခုကို မွေးဖွားပေးနေသလိုပဲ။ အဲဒါက အရမ်းကို ကြောက်စရာကောင်းတယ်... ပရမ်းပတာတွေ ပျက်ဆီးခြင်းတွေ ပေါင်းစပ်နေတာပဲ။ ငါ့ရဲ့ ဝိညာဉ်က အဲဒီအထဲကို ဆွဲသွင်းခံရပြီး ဖျက်ဆီးခံရလုနီးပါးပဲ။"

အဘိုးအိုမှာ တုန်ရင်နေဆဲ ဖြစ်သည်။ သူသည် နှစ်ပေါင်း ရာချီ နေထိုင်လာစဉ်အတွင်း ထိတ်လန့်ဖွယ်ရာများစွာကို မြင်ဖူးခဲ့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော သက်ရှိမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

"ဧရာမ အသိုက်ကြီးလား။ ဒါဆိုရင် အဲဒါက ချင်းမေ့ရှန် ပုန်းနေတဲ့နေရာ ဖြစ်ရမယ်။ ဟုန်ကျန်းရှန့်ကိုလည်း အဲဒီနေရာကိုပဲ ခေါ်သွားတာ ဖြစ်လိမ့်မယ်။" စူးချန်ခုန်း၏ မျက်ခုံးများမှာ တင်းတင်းကြပ်ကြပ် စုမိသွားသည်။

ဟုန်ကျန်းရှန့်ကို ဖမ်းဆီးပြီးနောက် ချင်းမေ့ရှန်သည် သူ၏ အခြေစိုက်စခန်းသို့ ချက်ချင်း ပြန်သွားခဲ့ခြင်း ဖြစ်သည်။

"အဘိုးကြီးဝမ်ထျန်းကုန်း... ခင်ဗျား ကျွန်တော့်ကို အဲဒီနေရာအထိ လမ်းပြပေးနိုင်မလား" စူးချန်ခုန်းက စဉ်းစားပြီးနောက် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အဘိုးအိုက ခေါင်းကို အသည်းအသန် ခါလိုက်သည်။ "မသွားဘူး... လုံးဝ မသွားဘူး။ သွားလိုက်ရင် သေတွင်းထဲ ခုန်ဆင်းတာနဲ့ အတူတူပဲ။ အဲဒီအရာက ငါတို့နှစ်ယောက်စလုံး ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး။ ကိုးနိုင်ငံလုံးမှာ ရှိတဲ့ အစွမ်းအထက်ဆုံး သိုင်းဝိဇ္ဇာသူတော်စင်တွေတောင် အဲဒါကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး။"

အဘိုးအို ဝမ်ထျန်းကုန်း၏ ငြင်းဆိုမှုမှာ အလွန်ပြတ်သားလှသည်။ သူ ချောင်းကြည့်စဉ်ကပင် ထိုနှလုံးပုံစံ 'အသိုက်' ၏ ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို ခံစားမိခဲ့သည်။ အဘိုးအိုက ဤမြေပေါ်တွင် မည်သူမျှ ထိုအရာကို မယှဉ်နိုင်ဟု ခံစားနေရသည်။

"အဲဒီလောက်တောင် ကြောက်စရာကောင်းတာလား" စူးချန်ခုန်းလည်း အံ့ဩသွားသည်။

အဘိုးအို ဝမ်ထျန်းကုန်းက စကားကို ချဲ့ကားပြောတတ်သူ မဟုတ်ပေ။ သူက အတိအလင်းပင် သူတို့နှစ်ဦး မယှဉ်နိုင်ကြောင်းနှင့် ကိုးနိုင်ငံမှ အစွမ်းအထက်ဆုံး သိုင်းဝိဇ္ဇာသူတော်စင်ပင်လျှင် သေတွင်းထဲဆင်းသလို ဖြစ်မည်ဟု ဆိုနေသည်။ စူးချန်ခုန်းသည် ကိုးနိုင်ငံအတွင်း၌ ထိပ်တန်း သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးဖြစ်ကြောင်း ယုံကြည်မှုရှိသော်လည်း မိမိကိုယ်ကိုယ် အစွမ်းအထက်ဆုံးဟု မယူဆပေ။ အထက်အဆင့် သုံးနိုင်ငံတွင် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ တတိယအလွှာသို့ ရောက်ရှိထားသူများ ရှိနေသောကြောင့်ပင်။

အဘိုးအိုက အလေးအနက် ပြောပြသည်။ "အဲဒီအရာက အသိုက်တစ်ခုနဲ့ တူတယ်။ အဲဒီထဲမှာ မိစ္ဆာစွမ်းအင်တွေက အရမ်းမြင့်မားနေပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာကြီးတစ်ကောင်ကို မွေးဖွားပေးနေသလိုပဲ... အဲဒါက အရင်က မိစ္ဆာသိုင်းပညာရှင်တွေနဲ့ မတူဘူး။ အဲဒါက... မိစ္ဆာသားရဲ အစစ်တစ်ကောင် ဖြစ်လာလိမ့်မယ်။"

အဘိုးအိုသည်လည်း မိစ္ဆာသိုင်းပညာရှင်များကို မြင်ဖူးခဲ့ပြီး ဟုန်ကျန်းရှန့်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ သို့သော် အဘိုးအို၏ အာရုံခံစားမှုအရ ထိုမိစ္ဆာနန်းတော်အတွင်းမှ မကြာမီ မွေးဖွားလာမည့် သက်ရှိမှာ ဟုန်ကျန်းရှန့်ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ ပိုမို ကြောက်မက်ဖွယ်ကောင်းမည် ဖြစ်သည်။ ၎င်းမှာ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ကိုပင် သဘာဝအတိုင်း ယှဉ်ပြိုင်နိုင်သော အစစ်အမှန် မိစ္ဆာတစ်ကောင် ဖြစ်ပေလိမ့်မည်။

စူးချန်ခုန်း၏ မျက်နှာမှာ တည်ကြည်သွားတော့သည်။ သူသည် မိစ္ဆာစစ်တစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အဘိုးကြီး ဝမ်ထျန်းကုန်းထက် ပိုသိထားသည်။ မဟာနတ်ဘုရားစွမ်းရည် သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်သော မှန်သခင်ပင်လျှင် မိစ္ဆာဘုရင်ကြောင့် ကျဆုံးခဲ့ရသည် မဟုတ်ပါလား။ အကြောက်စရာဆုံးသော မိစ္ဆာများသည် ရှေးဟောင်းသူတော်စင်များနှင့်ပင် ယှဉ်နိုင်သည်။

"ဒါဆိုရင် ချင်းမေ့ရှန်က တကယ့် မိစ္ဆာတစ်ကောင် ဖြစ်နေတာပဲ... သာမန်မိစ္ဆာလည်း မဟုတ်ဘူး။ သူက မှန်သခင်ကို သတ်ခဲ့တဲ့ မိစ္ဆာဘုရင်နဲ့ ဆက်စပ်နေမလား" စူးချန်ခုန်း၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေသည်။

မိစ္ဆာများသည် ကြောက်စရာကောင်းသော်လည်း အားနည်းသော မိစ္ဆာမှာ နတ်ဘုရားမျိုးစေ့ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးနှင့်သာ တူသော်လည်း ချင်းမေ့ရှန်မှာမူ သာမန်မိစ္ဆာအဆင့်ထက် သာလွန်နေပုံရသည်။

"ညီလေးစူး... အဲဒီ မိစ္ဆာအသိုက်က ပရမ်းပတာ လေဟာပြင်ထဲမှာ ရှိနေတာ။ မင်း အဲဒီကို သွားဖို့ မဖြစ်နိုင်ဘူးနော်။ အဲဒီထဲကို ဝင်တာဟာ ရေမကူးတတ်တဲ့ လူတစ်ယောက် ပင်လယ်ထဲ ဆင်းသလိုပဲ... လှုပ်ရှားဖို့တောင် ခက်ခဲလိမ့်မယ်။ မင်း ဟုန်ကျန်းရှန့်နဲ့ ရင်းနှီးတာ ငါသိပေမယ့် ဒါက မဖြစ်နိုင်တဲ့ အရာပဲ" အဘိုးအို ထျန်းစူးက အကြံပေးလိုက်သည်။

အဘိုးအိုမှာ အရှိန်အဝါနောက်ကို လိုက်၍ တည်နေရာကို ခြေရာခံနိုင်သော်လည်း မိစ္ဆာအသိုက်မှာ လေဟာပြင်၏ အလွန်နက်ရှိုင်းသော နေရာတွင် ရှိနေသဖြင့် သိုင်းဝိဇ္ဇာသူတော်စင်များပင် မရောက်ရှိနိုင်သော နယ်ပယ် ဖြစ်သည်။ အကယ်၍ စူးချန်ခုန်း ရောက်သွားနိုင်လျှင်ပင် ထိုကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာနန်းတော်ကို ရင်ဆိုင်ခြင်းမှာ သေမိန့်အတည်ပြုလိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ အဘိုးအိုသည် စူးချန်ခုန်းနှင့်အတူ သေတွင်းထဲသို့ မလိုက်လိုပေ။

စူးချန်ခုန်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အဘိုးအို ဝမ်ထျန်းကုန်းက သူ တတ်နိုင်သလောက် ကူညီပေးခဲ့သည်ကို ကျေးဇူးတင်မိသဖြင့် အတင်းအဓမ္မ လုပ်ခိုင်း၍ မရနိုင်ပေ။ အဓိက အချက်မှာ အဘိုးအို ပြောသကဲ့သို့ ထိုနေရာသို့ ရောက်ရန်ပင် မဖြစ်နိုင်ခြင်း ဖြစ်သည်။

"ကဲ... ညီလေးစူးရေ…ငါ အရင်ပြန်ပြီး နားနားနေနေနဲ့ ဒဏ်ရာကုရဦးမယ်"

အဘိုးအိုက ခေါင်းခါလိုက်ကာ မိစ္ဆာသွေးပုလင်းကို စူးချန်ခုန်းထံ ပြန်ပေးပြီးနောက် အလောင်းမြှုပ်တောင်၏ နက်ရှိုင်းသော နေရာသို့ ပြန်သွားလေတော့သည်။

'အဘိုးအို ဝမ်ထျန်းကုန်း ပြောပုံအရဆိုရင် ဟုန်ကျန်းရှန့်က အခု အဲဒီ မိစ္ဆာနန်းတော်ထဲမှာ ရောက်နေပြီ။ အဲဒီအရာက တစ်ခုခုကို မွေးဖွားပေးနေပြီး ချင်းမေ့ရှန် ဒီကမ္ဘာကို ပြန်ပေါ်လာတဲ့အခါ ကြီးမားတဲ့ ကပ်ဆိုးကြီးတွေ သယ်ဆောင်လာနိုင်တယ်။ ပြီးတော့ သူက ငါ့ကိုလည်း သေချာပေါက် ပြန်လာရှာဦးမှာပဲ။'

စူးချန်ခုန်းသည် လေးလံသော စိတ်အခြေအနေဖြင့် ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။

All Chapters