← Chapters

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း (၈၉၄) ရှီမိသားစု၏ သိုင်းဝိဇ္ဇာသူတော်စင် ရှီကျင့်ထျန်းနှင့် ဟွမ်ထျန်းရွှေးယွင်။ (၂)

လီကျန့်ကောင်းက သွားကို တင်းတင်းကြိတ်လိုက်မိသည်။ သူ၏ လီမိသားစုမှာ မကြာသေးမီကပင် အလွန် စိတ်ပျက်အားငယ်ဖွယ်ရာ အခြေအနေနှင့် ကြုံခဲ့ရသည်။ ရှီမိသားစုနှင့် ရင်ဆိုင်ရစဉ်က သူတို့တစ်မိသားစုလုံး အမြစ်ပြတ် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ပိုင်ရှင်းကျစ် ချန်ထားခဲ့သော နတ်ဘုရားမျိုးစေ့ကို ပြန်လည်ရရှိခြင်းမှာ လီမိသားစုတစ်ခုလုံးအတွက် စိတ်လှုပ်ရှားဝမ်းသာစရာ ဖြစ်ခဲ့သော်လည်း ထိုပျော်ရွှင်မှုမှာ ကြာရှည်မခံခဲ့ပေ။

"မကြာခင်ကပဲ ရှီမိသားစုကလူတွေ ကျွန်တော်တို့ ရှိတဲ့နေရာကို ရှာတွေ့သွားပြီး အလုံးအရင်းနဲ့ လာတိုက်ခိုက်ကြတယ်။ ကျွန်တော့်အဖေက နတ်ဘုရားမျိုးစေ့ကို သုံးပြီး ရှီမိသားစုက လာတိုက်တဲ့ သိုင်းပညာရှင်တွေကို အနိုင်ယူနိုင်ခဲ့လို့ ချက်ချင်းပဲ မိသားစုကို တခြားနေရာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့... အဲဒီအချိန်မှာပဲ ကောင်းကင်မှာ ဘာအကူအညီမှ မပါဘဲ ပျံသန်းလာတဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက အသက်ငယ်တဲ့ပုံပေါက်ပေမဲ့ တကယ့် သိုင်းဝိဇ္ဇာသူတော်စင်တစ်ယောက်ပဲ။"

လီကျန့်ကောင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ လှစ်ခနဲ ပေါ်လာသည်။ "သူက အရမ်း အစွမ်းထက်လွန်းတယ်... အဖေက ဘိုးဘေးတွေရဲ့ နတ်ဘုရားမျိုးစေ့ကို ကိုင်ထားပေမဲ့ သူ့ရှေ့မှာတော့ အရမ်းကို အားနည်းနေခဲ့တာ။ ကျွန်တော်တို့လူတွေက အရပ်ရပ်ကို ထွက်ပြေးခဲ့ကြပေမဲ့ အများစုကိုတော့ အဲဒီလူ ဖမ်းသွားခဲ့တယ်။ အဖေ့ရဲ့ ကာကွယ်ပေးမှုအောက်မှာ မိသားစုဝင် အနည်းငယ်ပဲ လွတ်မြောက်ခဲ့တာပါ"

'ရှီမိသားစုက ပျံသန်းနိုင်တဲ့ သိုင်းဝိဇ္ဇာသူတော်စင်ဆိုတော့... အဲဒါ ရှီကျင့်ထျန်းဖြစ်ရမယ်'

စူးချန်ခုန်း၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ လီကျန့်ကောင်း၏ ဖော်ပြချက်အရ ထိုသူမှာ မည်သူဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။ ရှီကျင့်ထျန်းသည် ရှီမိသားစု၏ 'နတ်ဘုရားသားတော်' ဖြစ်ပြီး သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပြန်ဝင်စားလာသူလည်း ဖြစ်သည်။ သူ၏ အစွမ်းမှာ ရှီမိသားစု၏ ဘိုးဘေးဖြစ်သော 'ကျောက်တုံးဘုရင်' နှင့် မခြားနားဘဲ နက်နဲလှပေသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က စူးချန်ခုန်းသည် မှန်ကောင်းကင်ဘုံကမ္ဘာ၌ ရှီကျင့်ထျန်းကို မြင်ဖူးခဲ့သည်။ ထိုစဉ်က ရှီကျင့်ထျန်းသည် စူးချန်ခုန်းထက်စော၍ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် စမ်းသပ်မှုများကို မကျော်ဖြတ်နိုင်ဘဲ ထွက်ခွာသွားခဲ့သူ ဖြစ်သည်။ ယခုအခါ ရှီကျင့်ထျန်းသည်လည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိသွားပုံရသည်။ သူသည် အခြားသူများကဲ့သို့ နတ်ဘုရားမျိုးစေ့ကို သန့်စင်ခြင်းဖြင့် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် တက်လှမ်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ရှီမိသားစုသည် လီမိသားစုကို လိုက်လံနှောင့်ယှက်ခြင်းကို မစွန့်လွှတ်သေးပေ။ ရှီကျင့်ထျန်းကိုယ်တိုင် ဟွမ်ထျန်းနိုင်ငံသို့ လာရောက်ကာ ကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လီမိသားစုခေါင်းဆောင် လီစုန့်မှာ နတ်ဘုရားမျိုးစေ့ ရှိနေသော်လည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်နေသော ရှီကျင့်ထျန်းကို မယှဉ်နိုင်ဘဲ မိသားစုဝင်အားလုံးနီးပါး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

"ဆရာစူး... ကျွန်တော့်ကို ကူညီပါဦးဗျာ။ ကျွန်တော်... တခြား ဘာနည်းလမ်းမှ မစဉ်းစားတတ်တော့လို့ အားကိုးရာမဲ့ပြီး ဆရာစူးဆီကို လာခဲ့ရတာပါ" လီကျန့်ကောင်းက မျှော်လင့်ချက်မဲ့စွာ တောင်းပန်လိုက်သည်။

လီမိသားစုမှာ အလွန် အခြေအနေ ဆိုးရွားနေသည်။ သူတို့ အားကိုးနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ စူးချန်ခုန်းသာ ဖြစ်သဖြင့် လီကျန့်ကောင်းသည် အသက်ကယ်ကြိုးကို ဆုပ်ကိုင်သကဲ့သို့ စူးချန်ခုန်းထံ အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းက တွေဝေနေသည်ကို မြင်သောအခါ လီကျန့်ကောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒူးထောက်ရန် ပြင်လိုက်သည်။

စူးချန်ခုန်းကို အခက်တွေ့စေမည်ကို သူ သိသော်လည်း သူ့မှာ အခြား ရွေးချယ်စရာ မရှိပေ။ အကယ်၍ စူးချန်ခုန်းက မကူညီလျှင် ရက်စက်သော ရှီမိသားစုသည် သူ၏ အဖေအပါအဝင် လီမိသားစုဝင် အားလုံးထံမှ အနှစ်သာရများကို စုပ်ယူပြီးနောက် အသုံးမဝင်တော့လျှင် အားလုံးကို သတ်ပစ်ကြပေလိမ့်မည်။ ရှီမိသားစုသည် မကြာသေးမီ နှစ်များအတွင်း ဆုတ်ယုတ်သွားသော မိသားစုများစွာကို အမြစ်ပြတ် သုတ်သင်ခဲ့ကြောင်း သူ ကြားဖူးထားသည်။

"ဟမ်း"

စူးချန်ခုန်းက လက်ကို ဝေ့ယမ်းလိုက်ရာ မမြင်နိုင်သော အားအင်တစ်ခုက လီကျန့်ကောင်းကို မတ်တပ်ရပ်လျက်သား ဖြစ်စေပြီး ဒူးထောက်ခွင့်မပေးခဲ့ပေ။ သူက သက်ပြင်းချကာ ပြောလိုက်သည်။ "ရှီမိသားစုက မင်းတို့ လီမိသားစုကို အညှိုးကြီးကြီးနဲ့ လိုက်နေတာဟာ ငါ့ကိုလည်း သက်ရောက်မှု ရှိနေတာပဲ။ ဒီတစ်ခေါက်တော့ ငါမင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်"

ရှီမိသားစုသည် လီမိသားစုအပေါ် အညှိုးမပြေဖြစ်နေရခြင်းမှာ သူတို့၏ မောက်မာမှုကြောင့်သာမက ယခင်က စာပေနိဗ္ဗာန်ဘုံအတွင်း၌ ရှီမိသားစု၏ ထူးချွန်သော သိုင်းပညာရှင်များနှင့် ရှီပုဖောတို့ကို စူးချန်ခုန်းက သတ်ဖြတ်ခဲ့သောကြောင့်လည်း ပါဝင်သည်။ ရှီမိသားစုက ထိုအညှိုးအတေးများအတွက် လီမိသားစုကို အပြစ်တင်နေခြင်း ဖြစ်သည်။

စူးချန်ခုန်း သွားရန် ဆုံးဖြတ်လိုက်သည်။ လီမိသားစုဝင်များ ရှီမိသားစုလက်ထဲ ရောက်နေသဖြင့် အနည်းငယ် ဖိအားပေးရုံနှင့် သူတို့၏ လူများကို သတ်ခဲ့သူမှာ စူးချန်ခုန်းဖြစ်ကြောင်း ရှီမိသားစု သိသွားပေလိမ့်မည်။ ရှီမိသားစု၏ သဘာဝအရ စူးချန်ခုန်းကိုလည်း ရန်သူတော်အဖြစ် သတ်မှတ်ကြမည်မှာ သေချာသည်။ သူတို့ လာရှာမည့်အချိန်ကို ထိုင်စောင့်နေမည့်အစား ရှီမိသားစုနှင့် ရှီကျင့်ထျန်းကို ကိုယ်တိုင် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဆရာစူး… တကယ်ကို ကျေးဇူးတင်ပါတယ်။" လီကျန့်ကောင်းမှာ အတိုင်းမသိ ဝမ်းသာသွားသည်။

"အခုပဲ သွားလိုက်ကြရအောင်" စူးချန်ခုန်းက မတ်တပ်ရပ်လိုက်သည်။

လီကျန့်ကောင်းက ဇဝေဇဝါနှင့် မေးလိုက်သည်။ "ဆရာစူး... ရှယန် မိသားစုကို အရင် အကြောင်းမကြားသင့်ဘူးလား"

လီကျန့်ကောင်း၏ အထင်တွင် စူးချန်ခုန်းအနေဖြင့် ရှယန် မိသားစုမှ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးကို အကူအညီတောင်းလိုက်လျှင် ရှီကျင့်ထျန်းအနေဖြင့် ရှယန် မိသားစုကို မျက်နှာထောက်၍ လီမိသားစုကို လွှတ်ပေးနိုင်သည်ဟု ယူဆနေခြင်း ဖြစ်သည်။

စူးချန်ခုန်းက ထိုစကားကို ကြားသောအခါ ပြုံးလိုက်မိသည်။ သူသည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် ဖြစ်ပွားခဲ့သော မိစ္ဆာသိုင်းပညာရှင်များနှင့် တိုက်ပွဲမှာ မြို့တော်နှင့် ဝေးကွာလှသဖြင့် ပါဝင်ပတ်သက်သူများမှလွဲ၍ ကျန်လူများမှာ စူးချန်ခုန်းသည်လည်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း မသိကြချေ။ လီကျန့်ကောင်း သိထားသည်မှာ စူးချန်ခုန်းသည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်အောက်၌ အစွမ်းထက်ဆုံးသူ ဖြစ်သည်ဟုသာ။

စူးချန်ခုန်းက အေးဆေးစွာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့... ရှီမိသားစုလောက်ကိုတော့ တခြားလူတွေကို အားကိုးစရာ မလိုပါဘူး"

ထိုစကားကြောင့် လီကျန့်ကောင်းလည်း အနည်းငယ် စိတ်အေးသွားသည်။ စူးချန်ခုန်းကဲ့သို့ လူမျိုးမှာ အစီအစဉ်မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။ သူတို့နှစ်ဦးသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ ထွက်ခွာကာ ဟွမ်ထျန်းနိုင်ငံရှိ လေဟာပြင်တိမ်တောင်ဆီသို့ ဦးတည်ပျံသန်းခဲ့ကြသည်။

တစ်ရက်ခန့် ကြာပြီးနောက် သူတို့သည် တောင်ထိပ်သို့ ရောက်ရှိလာသည်။ လီကျန့်ကောင်းက စိုးရိမ်တုန်လှုပ်စွာဖြင့် စာပေနိဗ္ဗာန်ဘုံ၏ ဝင်ပေါက်ကို ဖွင့်လိုက်သည်။ သူသည် အတွင်းထဲ၌ သူ၏ မိသားစုဝင်များ အသတ်ခံထားရသည့် မြင်ကွင်းကို မြင်ရမှာ အလွန်ကြောက်နေမိသည်။

စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်သည်။ စာပေနိဗ္ဗာန်ဘုံအတွင်း၌ ယခင်က လှပသော ပန်းချီကားကဲ့သို့ မြင်ကွင်းမှာ ယခုအခါ ပျက်စီးယိုယွင်းနေသည်။ မြစ်များ ပြတ်တောက်ကာ၊ သစ်ပင်များ ကျိုးပဲ့နေပြီး အိမ်ရာဝန်းအတွင်း၌ ရှီမိသားစုမှ လူပေါင်း ဒါဇင်ချီ၍ နေရာယူထားကြသည်။

အိမ်ရာဝန်းအတွင်း၌ ကျောက်ရုပ်ထုများစွာ ရှိနေပြီး ၎င်းတို့မှာ အသက်ဝင်လှကာ တကယ့်လူသားများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့မှာ လီမိသားစုဝင်များ ဖြစ်ပုံရပြီး ကြောက်ရွံ့နေသည့် မျက်နှာအမူအရာများဖြင့် အေးခဲနေကြသည်။

ရှီမိသားစုဝင်တစ်ဦးက ကျောက်ရုပ်ထုတစ်ခုဘေးတွင် ထိုင်ကာ အသားစားရင်း လက်ကို ထိုကျောက်ရုပ်ထုဖြင့် သုတ်လိုက်ကာ ရယ်မောလိုက်သည်။ "မင်းတို့ လီမိသားစုက အရင်က အစွမ်းထက်တယ်ဆို... အခုတော့ ဘာဖြစ်သွားလဲ။ အားနည်းတဲ့သူဟာ အမိန့်ကို နာခံရုံပဲ ရှိတာပေါ့။"

ထိုအချိန်တွင် ရှီမိသားစုဝင် အားလုံးသည် မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြသည်။ စာပေနိဗ္ဗာန်ဘုံ၏ ဝင်ပေါက် ပွင့်သွားသည်ကို သူတို့ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

"ကျောက်တုံးဘုရင် ပြန်လာတာလား" သူတို့အားလုံး ရှီကျင့်ထျန်း ပြန်လာသည်ဟု ထင်ကာ မတ်တပ်ထရပ်လိုက်ကြသည်။

သို့သော် မကြာမီမှာပင် သူတို့အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားလေ၏။

"ရှီကျင့်ထျန်း ဒီမှာ ရှိလား"

စိမ်းသက်သော အသံတစ်ခုမှာ စာပေနိဗ္ဗာန်ဘုံတစ်ခုလုံးအတွင်း ဟိန်းထွက်သွားတော့သည်။

All Chapters