← Chapters

အခန်း ၈၉၅

Vol. 60 Ch. 895

အခန်း ၈၉၅

Vol. 60 Ch. 895

အခန်း (၈၉၅) သိုင်းဝိဇ္ဇာသူတော်စင်၏ အရှိန်အဝါနှင့် ကျောက်ဝါ ကောင်းကင်ဂူနန်း။ (၁)

"ဘယ်သူလဲ"

ရှီမိသားစုမှ သိုင်းပညာရှင်တိုင်း၏ မျက်နှာတွင် အကျည်းတန်လှသော အမူအရာများ ကိုယ်စီနှင့်။ တစ်စုံတစ်ယောက်က ရုတ်တရက် ရောက်လာပြီး ရှီကျင့်ထျန်း၏ နာမည်ကို တိုက်ရိုက် ခေါ်ထုတ်လိုက်ခြင်းမှာ ရှီကျင့်ထျန်း ဤနေရာတွင် ရှိနေသည်ကို သိလျက်နှင့်ပင် ရဲတင်းလွန်းလှသဖြင့် ရောက်လာသူမှာ သာမန်လူ မဟုတ်ကြောင်း သိသာနေသည်။

ရှီမိသားစုဝင် အားလုံးသည် ပြိုင်တူ မတ်တပ်ရပ်လိုက်ကြပြီး တိုက်ပွဲအတွက် အဆင်သင့် ပြင်လိုက်ကြသည်။ စာပေနိဗ္ဗာန်ဘုံ ဝင်ပေါက်ဘက်မှ လူနှစ်ယောက် လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူတို့ မြင်လိုက်ရသည်။

"လီမိသားစုက လူတွေလား"

ရှီမိသားစုဝင်များသည် သူတို့အထဲမှ တုန်လှုပ်ချောက်ချားနေသော လီကျန့်ကောင်းကို ချက်ချင်း မှတ်မိသွားကြသည်။ သူသည် ယခင်က ထွက်ပြေးလွတ်မြောက်သွားသော လီမိသားစုဝင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ လီကျန့်ကောင်းက စစ်ကူတွေ ခေါ်လာခဲ့တာများလား။

အခြားတစ်ယောက်မှာမူ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အေးစက်တည်ကြည်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေပြီး သာမန်ကာလျှံကာ ပုံစံရှိသော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူများကို အလိုအလျောက်ပင် လေးနက်တည်ကြည်သွားစေသည့် အရှိန်အဝါမျိုး ရှိနေသည်။

စူးချန်ခုန်းသည် စာပေနိဗ္ဗာန်ဘုံအတွင်းရှိ လီမိသားစု အိမ်ရာဝန်းထဲသို့ ရောက်ရှိလာကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူသည် စောင့်ကြပ်နေသော ရှီမိသားစုဝင်များကိုရော၊ ကျောက်ရုပ်ထုများကိုပါ သတိပြုမိလိုက်သည်။

"လီရွယ်၊ လီမော့လား" ကျောက်ရုပ်ထုများမှာ အသက်ဝင်လွန်းလှသဖြင့် စူးချန်ခုန်းသည် လီမိသားစုမှ ရင်းနှီးသော မျက်နှာအချို့နှင့် အကြီးအကဲအချို့ကိုပင် မှတ်မိနေသည်။

'သူတို့တွေ တစ်စုံတစ်ယောက်ရဲ့ နတ်ဘုရားစွမ်းရည်ကြောင့် ကျောက်ရုပ်အဖြစ် ပြောင်းလဲခံထားရတာပဲ' ဟု စူးချန်ခုန်းက တွေးလိုက်မိသည်။ ဤကျောက်ရုပ်အားလုံးမှာ လီမိသားစုဝင်များ ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်သည်။ ၎င်းအပြင် ကျောက်ရုပ်အချို့မှာ ကျိုးပဲ့ပျက်စီးနေသည်ကို သူ တွေ့လိုက်ရသလို လီမိသားစု ခေါင်းဆောင် လီစုန့်မှာလည်း ဤနေရာတွင် ရှိမနေကြောင်း သူ အာရုံခံမိသည်။

"သူက ဘယ်သူလဲ"

ရှီမိသားစုဝင်များသည် အာရုံစိုက်လိုက်ကြသည်။ ဤအနက်ရောင်ဝတ်စုံနှင့် လူမှာ လီမိသားစု လိုက်ရှာလာသော စစ်ကူဖြစ်ရမည်ဟု သူတို့ တွေးလိုက်ကြသည်။ ဤနေရာတွင် ရှီမိသားစု ရှိနေသည်ကို သိလျက်နှင့် တိုက်ရိုက် လာရဲသည်ဆိုလျှင် သာမန်လူ မဖြစ်နိုင်ပေ။

"မင်းက... တာ့ဝူဖုန်းလား။"

ရှီမိသားစုဝင်များထဲမှ တစ်ဦးက စူးချန်ခုန်း၏ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသွားပြီး အော်ပြောလိုက်သည်။

"တာ့ဝူဖုန်းလား။ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်မှာ စွမ်းအားအကြီးဆုံးလို့ ကျော်ကြားတဲ့ တာ့ဝူဖုန်းလား"

လူတိုင်း ပြိုင်တူ တုန်လှုပ်သွားကြသည်။ တာ့ဝူဖုန်း၏ ပြိုင်ဘက်ကင်းသော နာမည်ကျော်ကြားမှုကို သူတို့ ကြားဖူးထားကြသည်။

"သူက တာ့ဝူဖုန်းပဲ။ ငါတို့ ရှီမိသားစုက သိုင်းပညာရှင်တွေ အများကြီးကို သတ်ခဲ့တဲ့ လူသတ်သမားပဲ။" အချို့သော မျက်လုံးများထဲတွင် ရန်ငြိုးများ ပေါ်လာတော့သည်။

လီမိသားစုကို နှိမ်နင်းပြီးနောက် ရှီပုဖောနှင့် အခြားလူများ ဘာကြောင့် သေဆုံးခဲ့ရကြောင်း သူတို့ သိရှိခဲ့ကြသည်။ အစပိုင်းတွင် ရှီမိသားစုက လီမိသားစု၏ ဘိုးဘေးများ ချန်ထားခဲ့သော အသက်ကယ်နည်းလမ်း တစ်ခုခုကြောင့် ရှီပုဖောတို့ သေဆုံးရသည်ဟု ထင်ခဲ့ကြသည်။ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ထွက်ပေါ်ခဲ့ဖူးသော မိသားစုတစ်ခုတွင် ထိုကဲ့သို့သော အခြေခံအုတ်မြစ်များ ရှိနေခြင်းမှာ သာမန်ပင် ဖြစ်သည်။

သို့သော် လီမိသားစုဝင်များကို ဖမ်းဆီးပြီးနောက်တွင်မှ စာပေနိဗ္ဗာန်ဘုံအတွင်း၌ ရှီပုဖောတို့ကို သတ်ဖြတ်ခဲ့သူမှာ ယခု ကျော်ကြားနေသော တာ့ဝူဖုန်းဖြစ်ကြောင်း သူတို့ သိခဲ့ရခြင်း ဖြစ်သည်။ ရှီမိသားစုဝင်တိုင်း စူးချန်ခုန်းကို ရန်ငြိုးထားကြသော်လည်း သူသည် လွယ်ကူသော ပစ်မှတ်မဟုတ်ကြောင်းလည်း သူတို့ သိထားကြသည်။ သူကိုယ်တိုင်က အစွမ်းထက်ရုံသာမက ရှယန်မိသားစု၏ ဧည့်သည်တော် အကြီးအကဲလည်း ဖြစ်နေသည်။

မမျှော်လင့်ဘဲ လွတ်မြောက်သွားသော လီမိသားစုဝင်များသည် မဟာမီးလျှံအင်ပါယာသို့ သွားကာ တာ့ဝူဖုန်းကို ရှာတွေ့ခဲ့ကြပြီး ယခု တာ့ဝူဖုန်း ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။

"တာ့ဝူဖုန်း... မင်း ဒီကို ဘာလာလုပ်တာလဲ။ မင်းကို ဒီမှာ မကြိုဆိုဘူး။"

ရှီမိသားစုဝင်များထဲမှ မီးခိုးရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာကာ ဒေါသတကြီး မေးမြန်းလိုက်သည်။ ထိုသူမှာ ရှီပုဖော၏ ဦးလေးဖြစ်ပြီး သူ၏ တူဖြစ်သူက စူးချန်ခုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသဖြင့် စကားကောင်းပြောရန် မဖြစ်နိုင်ပေ။ အကယ်၍ သူသည် စူးချန်ခုန်း၏ နာမည်နှင့် အစွမ်းကိုသာ ကြောက်မနေခဲ့လျှင် စိတ်ကို မထိန်းနိုင်ဘဲ တိုက်ခိုက်မိပြီးသားပင်။

စူးချန်ခုန်းက အေးဆေးစွာ ပြောလိုက်သည်။ "ငါ ဘာလို့ မလာနိုင်ရမှာလဲ။ ဒီစာနိဗ္ဗာန်ဘုံက လီမိသားစု ပိုင်တာပဲလေ။ ရှီမိသားစုက ပိုင်ရှင်အစစ်ကို မောင်းထုတ်ပြီး အိမ်ရှင်လုပ်ချင်နေတာလား"

လီကျန့်ကောင်း၏ မျက်နှာတွင်လည်း နာကျင်မှုနှင့် ရန်ငြိုးများ ပြည့်နှက်နေသည်။ လီမိသားစု တပည့်များမှ ပြောင်းလဲထားသော ကျောက်ရုပ်အချို့မှာ ကျိုးပဲ့နေသည်ကို မြင်ရသဖြင့် သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ သူတို့ လီမိသားစုမှာ လူတစ်ရာကျော်သာ ရှိပြီး အားလုံးမှာ ရင်းနှီးကြသူများ ဖြစ်သည်။ သို့သော် ရှီမိသားစုက သူတို့နောက်ကို ဟွမ်ထျန်းနိုင်ငံအထိ လိုက်လံ နှောင့်ယှက်နေကြဆဲ ဖြစ်သည်။

စူးချန်ခုန်း၏ စကားကြောင့် ရှီမိသားစုဝင်များ၏ မျက်နှာများမှာ ပျက်ယွင်းသွားသည်။ သူတို့၏ လုပ်ရပ်မှာ ဓားပြများ၊ သူခိုးများနှင့် မခြားနားသည်မှာ အမှန်ပင်။

ဤလူများနှင့် စကားများနေရန် အချိန်မဖြုန်းလိုသဖြင့် စူးချန်ခုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ရှီကျင့်ထျန်း ဘယ်မှာလဲ။ ငါ သူ့ကို ကိုယ်တိုင် တွေ့ပြီး စကားပြောချင်တယ်"

စူးချန်ခုန်း ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ရှီကျင့်ထျန်းနှင့် ညှိနှိုင်းရန် ဖြစ်သည်။ ရှီမိသားစုအနေဖြင့် လီမိသားစုကို တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် သူ နားချချင်သည်။ အကယ်၍ ရှီကျင့်ထျန်းက ငြင်းပယ်လျှင်မူ စူးချန်ခုန်းသည် မိုးကြိုးကဲ့သို့ ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်ကာ နောက်ထပ် ခြိမ်းခြောက်မှုများကို အမြစ်ပြတ် သုတ်သင်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ရှီမိသားစုဝင်များထဲမှ သန်မာထွားကြိုင်းသော အကြီးအကဲတစ်ဦး ရှေ့သို့ ထွက်လာသည်။ သူက ဂါရဝပြုကာ ပြောလိုက်သည်။ "တာ့ဝူဖုန်း... ကျောက်တုံးဘုရင်က ဒီမှာ မရှိဘူး။ သူ ကိစ္စတစ်ခုခုအတွက် အပြင်သွားနေတယ်။ မင်း သူ့ကို တွေ့ချင်ရင် ဒီမှာပဲ စောင့်နေလိုက်။ သူ မကြာခင် ပြန်လာလိမ့်မယ်"

စူးချန်ခုန်းသည်လည်း ရှီကျင့်ထျန်း ဤစာပေနိဗ္ဗာန်ဘုံထဲတွင် မရှိကြောင်း အာရုံခံမိပါသည်။ သို့မဟုတ်လျှင် သူ ရောက်လာသည်နှင့် ရှီကျင့်ထျန်းသည် သတိပြုမိကာ ပေါ်လာပြီး ဖြစ်ပေလိမ့်မည်။ ထိုအကြီးအကဲသည် စူးချန်ခုန်းအပေါ် ရန်ငြိုးထားသော်လည်း တာ့ဝူဖုန်းမှာ သာမန်လူ မဟုတ်ကြောင်း သိသဖြင့် စိတ်ကို ထိန်းထားခြင်း ဖြစ်သည်။ ယခု အလျင်စလို တိုက်ခိုက်ခြင်းမှာ မိုက်မဲရာ ရောက်လိမ့်မည်။ ရှီကျင့်ထျန်း ပြန်လာလျှင် စူးချန်ခုန်းကို စိတ်ကြိုက် ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ တွေးထားသည်။

စူးချန်ခုန်းက တိုက်ရိုက် မေးလိုက်သည်။ "ရှီကျင့်ထျန်း အခု ဘယ်မှာလဲ။ ငါ စောင့်နေဖို့ အချိန်မရှိဘူး။ ငါ့ဘာသာငါ သွားရှာလိုက်မယ်"

ထိုအကြီးအကဲက ခေါင်းယမ်းလိုက်သည်။ "ငါ မသိဘူး... ကျောက်တုံးဘုရင် သွားတဲ့နေရာကို ငါတို့က ဘယ်လိုလုပ် သိမှာလဲ"

စူးချန်ခုန်းသည် ထိုအကြီးအကဲ လိမ်ညာနေသည်ကို ရိပ်မိသလို အခြားသူများ၏ အတွေးကိုလည်း ခန့်မှန်းမိသည်။ သူက လေးလေးနက်နက် ဖျောင်းဖျလိုက်သည် "ငါ ဒီကို လာတာက ရှီကျင့်ထျန်းဆီကနေ တစ်ခု တောင်းဆိုချင်လို့ပဲ။ အဲဒါက လီမိသားစုကို နောက်ထပ် ရန်မမူဖို့ပဲ။ လီမိသားစုက မင်းတို့ကို အရင် ရန်စခဲ့တာ မဟုတ်ဘူး။ ပြောင်းပြန်အနေနဲ့ မင်းတို့ ရှီမိသားစုကပဲ သူတို့ကို အကြိမ်ကြိမ် အမြစ်ပြတ်အောင် လုပ်ဖို့ ကြိုးစားနေတာ။ ငါ ယုံကြည်တာကတော့ လီမိသားစုဟာ အတိတ်က ကိစ္စတွေကို မေ့ပစ်လိုက်ပြီး ရန်သူကနေ မိတ်ဆွေအဖြစ် ပြောင်းလဲဖို့ အဆင်သင့် ရှိနေတယ်ဆိုတာပဲ"

"ဒါ အမှန်ပဲ... ခင်ဗျားတို့ ရှီမိသားစုကသာ ကျွန်တော်တို့ လီမိသားစုကို နောက်ထပ် ဒုက္ခမပေးတော့ဘူးဆိုရင် နောင်မှာ ကျွန်တော်တို့ဘက်ကလည်း ဘာရန်ငြိုးမှ ထားမှာ မဟုတ်ပါဘူး" လီကျန့်ကောင်းကလည်း အားဖြည့် ပြောလိုက်သည်။

All Chapters