← Chapters

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း ၈၉၉

Vol. 60 Ch. 899

အခန်း (၈၉၉) သဲပွင့်များမှ ဝိညာဉ်ဖွဲ့ခြင်း။ ကျောက်တုံးကို ရွှေဖြစ်စေခြင်း။ (၂)

"ဖောင်း"

ရွှေဓာတ်စွမ်းအင်အမြောက်အမြားကို စုပ်ယူထားသော စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ ယခင်ကထက် ပိုမိုခိုင်မာပြီး ထက်မြက်လှသည်။ ၎င်းသည် ကျောက်သားစစ်သည်တော်၏ ဦးခေါင်းကို တို့ဟူးတုံး လှီးဖြတ်သကဲ့သို့ အလွယ်တကူ ထိုးဖောက်လိုက်ပြီး အဝါရောင်ဖျော့ဖျော့ရှိသော ဝိညာဉ်ကျောက်တုံးတစ်ခုကို ချိတ်ဆွဲကာ ပြန်လည်ပျံသန်းလာခဲ့သည်။

၎င်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ခုပင် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများသည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့် သိုင်းပညာရှင်များအတွက် သူတို့၏ နတ်ဘုရားမျိုးစေ့ကို ဖွံ့ဖြိုးစေရန်နှင့် နတ်ဘုရားအမှတ်အသားများ ပိုမိုထွက်ပေါ်လာစေရန် အလွန်အသုံးဝင်သည်။ သို့သော် ထိုသို့ဖြစ်ရန် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်လှရာ ဝိညာဉ်ကျောက်တုံး တစ်ခု၊ နှစ်ခုနှင့် ဘာမှ ထူးခြားမည် မဟုတ်ပေ။

အရည်အသွေး ပြောင်းလဲမှု ဖြစ်ပေါ်ရန်အတွက် ပမာဏအမြောက်အမြား သို့မဟုတ် ပိုမိုအဆင့်မြင့်သော ဝိညာဉ်ကျောက်တုံးများ၊ နတ်ဆေးလုံးကဲ့သို့သော ဆေးဝါးများ လိုအပ်သည်။ ထိုကဲ့သို့ အဖိုးတန်သော အရင်းအမြစ်များကိုမူ အရင်းအမြစ် ကြွယ်ဝသော မြင့်မြတ်သော ရှေးဟောင်းနယ်မြေရှိ အင်အားကြီး ဂိုဏ်းဝင်များသာ ပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။

"ရှူး... ရှူး... ရှူး"

စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ လျှပ်စီးကဲ့သို့ လက်ခနဲ ပေါ်လာပြီး ကျန်ရှိသော ကျောက်စစ်သည်တော် သုံးဦး လှုပ်ရှားခွင့်မရမီမှာပင် သူတို့၏ ဦးခေါင်းများကို ဖောက်ထွင်းကာ အတွင်းရှိ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

ဧရာမ ကျောက်စစ်သည်တော်ကြီး လေးဦးစလုံးမှာ လဲပြိုကျသွားသော ရုပ်ထုကြီးများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။ စူးချန်ခုန်း၏ ရလဒ်မှာလည်း မဆိုးလှပေ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးခုအပြင် ဧရာမ လက်နက်ကြီး လေးခုကိုလည်း သူ၏ ဓားသွားဝိညာဉ်ကို အားဖြည့်ရန် ရွှေဓာတ်စွမ်းအင် အဖြစ် ပြုလုပ်နိုင်ခဲ့သည်။

"ဆက်သွားကြတာပေါ့... နောက်ထပ် ရတနာတွေ ရှိဦးမယ်လို့ မျှော်လင့်ရတာပဲ"

စူးချန်ခုန်းသည် စစ်သည်တော် လေးဦးကို ရှင်းလင်းပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်ဝါ ကောင်းကင်ဂူနန်းတော်၏ အခြားတစ်ဖက်ရှိ နန်းတော်တစ်ခုအတွင်း၌ စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ထူးကဲသော သတ္တိနှင့် အရှိန်အဝါရှိသော လူငယ်တစ်ဦး လျှောက်လှမ်းနေသည်။ ထိုသူမှာ ရှီမိသားစုမှ ရှီကျင့်ထျန်းပင် ဖြစ်သည်။ ပြင်ပလူများက သူ့ကို သူတို့၏ ဘိုးဘေးများနှင့်ပင် ယှဉ်နိုင်သော 'ကျောက်တုံးဘုရင်' ဟု လေးစားစွာ ခေါ်ဝေါ်ကြသည်။

ရှီကျင့်ထျန်း၏ ဘေးတွင်မူ လီမိသားစု ခေါင်းဆောင် လီစုန့်က လိုက်ပါလာသည်။ ယခုအချိန်တွင် လီစုန့်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။ ခရီးစဉ်အတွင်း သူသည် သူ၏ နတ်ဘုရားမျိုးစေ့မှ နတ်ဘုရားစွမ်းရည်များကို အကြိမ်ကြိမ် အသုံးပြုခဲ့ရသောကြောင့် ဖြစ်သည်။

ဤနန်းတော်အတွင်း၌ သတ္တုအပိုင်းအစများ ပြန့်ကျဲနေပြီး နန်းတော်တစ်ခုလုံးမှာလည်း ထက်ပိုင်းပြတ်လုနီးပါး ဖြစ်နေရာ ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိသာလှသည်။ ရှေ့တွင်မူ ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ရုပ်သေးရုပ်တစ်ရုပ် ရှိနေသည်။ ဤရုပ်သေးရုပ်မှာ အလွန် မာကျောရုံသာမက ပြင်းထန်သော အရှိန်အဝါကိုလည်း ထုတ်ဖော်နေသဖြင့် ရှီကျင့်ထျန်းပင်လျှင် မျက်နှာ အနည်းငယ် လေးနက်သွားရသည်။

ရွှေရောင်ချပ်ဝတ် ရုပ်သေးရုပ်သည် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားပြီး သူ၏ခြေအောက်ရှိ ကျောက်သားများမှာ ရွှေနှင့် သံအဖြစ်သို့ ပြောင်းလဲနေသည်။ ၎င်းက လူစကားဖြင့် အရှိန်အဝါပါပါ ပြောလိုက်သည်။ "ကျောက်ဝါ ဘိုးဘေးရဲ့ အမွေအနှစ်ကို ရယူဖို့အတွက် သူ့ရဲ့ မျိုးဆက်တွေကလွဲရင် ကျန်တဲ့သူတွေ ရှေ့မဆက်ရဘူး။ မင်းမှာ မင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြဖို့ ကျောက်ဝါဘုရင်ရဲ့ အမိန့်တော် ရှိသလား"

ကျောက်ဝါ ဘိုးဘေး ချန်ထားခဲ့သော ဂူနန်းတော်မှာ ပြင်ပလူများ၏ လက်ထဲသို့ မရောက်စေရန် သူ၏ မျိုးဆက်များသာ အမိန့်ပြားကို အသုံးပြု၍ အမွေဆက်ခံနိုင်အောင် စီစဉ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ထိုအမိန့်ပြားကိုလည်း သူ၏ သွေးမျိုးဆက်များသာ အသက်သွင်းနိုင်ပေသည်။

"ရှိပါတယ်" ရှီကျင့်ထျန်းက ပြန်ဖြေလိုက်ပြီး လီစုန့်ကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

လီဆုန့်က စိတ်အတွင်းမှ သတင်းစကား ပေးပို့လိုက်သည်။ "ကျောက်တုံးဘုရင်... ခင်ဗျား ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို လိုက်နာရမယ်။ ကျွန်တော် ခင်ဗျားကို ကောင်းကင်ဂူနန်းထဲက ရတနာတွေရအောင် ကူညီမယ်။ အဲဒီနောက်မှာတော့ ကျွန်တော်နဲ့ လီမိသားစုကို နောက်ထပ် ဒုက္ခမပေးရဘူး"

ရှီကျင့်ထျန်းသည် လီမိသားစု၏ စာပေနိဗ္ဗာန်ကို တိုက်ခိုက်ကာ တပည့်များကို ဖမ်းဆီးခဲ့ပြီး လီစုန့်ကို ကောင်းကင်ဂူနန်းအတွင်းသို့ ဝင်ရန် အဓမ္မစေခိုင်းခဲ့ခြင်း ဖြစ်သည်။ လီစုန့်သည် ပန်းချီသိုင်းဝိဇ္ဇာသူတော်စင် ပိုင်ရှင်းကျစ်၏ နတ်ဘုရားမျိုးစေ့ကို ဆက်ခံထားသူဖြစ်ပြီး 'ပန်းချီကားမှ အစစ်အမှန်ဖြစ်ပေါ်လာခြင်း' ဟူသော နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဤစွမ်းရည်ကြောင့်သာ ရှီကျင့်ထျန်းသည် ကောင်းကင်ဂူနန်းကို ဖွင့်လှစ်ပြီး ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လီစုန့်မှာ အင်အားနည်းသော အနေအထားတွင် ရှိနေသဖြင့် ရှီကျင့်ထျန်းနှင့် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ရှီကျင့်ထျန်းကလည်း ကိစ္စပြီးလျှင် လီမိသားစုကို ဒုက္ခမပေးတော့ဘဲ ဆုလာဘ်များပင် ပေးမည်ဟု ကတိပေးထားသည်။

ရှီကျင့်ထျန်းက အေးစက်စွာ ပြန်ပြောသည်။ "ငါ ရှီကျင့်ထျန်းဟာ ပြောတဲ့အတိုင်း လုပ်တဲ့သူပဲ။ လီမိသားစုကို ဒုက္ခမပေးဘူးလို့ ပြောရင် မပေးဘူး... မင်းသာ ငါခိုင်းတာကို နာနာခံခံ လုပ်ဖို့ပဲ လိုတယ်။"

'ဟမ့်... မင်းတို့ကို လွှတ်ပေးစရာလား။ မင်းတို့ရဲ့ ဘိုးဘေး ပိုင်ရှင်းကျစ်က ငါ့ရဲ့ဘိုးဘေး ကျောက်တုံးဘုရင်နဲ့ ရန်ငြိုးဟောင်း ရှိခဲ့တာ။ မင်းတို့ကို လွှတ်ပေးဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ လီမိသားစုကို သုတ်သင်လိုက်ရင် နောက်ထပ် နတ်ဘုရားမျိုးစေ့တစ်ခု ရဦးမှာပဲ။ ငါ ဘာလို့ မလုပ်ဘဲ နေရမှာလဲ' ရှီကျင့်ထျန်းက အတွင်းစိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ သူသည် လီမိသားစုကို လွှတ်ပေးရန် လုံးဝ အစီအစဉ်မရှိပေ။

ပထမအချက်မှာ လီစုန့်ပင်လျှင် မသိသော ရှေးဟောင်း ရန်ငြိုးကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ လီစုန့်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားမျိုးစေ့ကြောင့် ဖြစ်သည်။ ထိုနတ်မျိုးစေ့မှာ ရှီကျင့်ထျန်းအတွက် အသုံးမဝင်သော်လည်း ၎င်းကို အသုံးပြု၍ မြင့်မြတ်သော ရှေးဟောင်း နယ်မြေတွင် နတ်ဆေးလုံးများ၊ ဝိညာဉ်ရည်များနှင့် လဲလှယ်နိုင်သလို ရှီမိသားစုအတွင်းရှိ သင့်တော်သော သူတစ်ဦးအား ပေးအပ်၍ မိသားစု၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်သောကြောင့် ဖြစ်သည်။ ရှီကျင့်ထျန်းသည် ကျုပင်ခုတ် ကျူငုတ်ပါ မကျန်ဟူသော မူဝါဒကို ကိုင်စွဲထားသူ ဖြစ်သည်။

'ပြီးတော့ တာ့ဝူဖုန်း... ငါ့လူတွေကို သတ်ခဲ့တဲ့အတွက် မင်းနဲ့လည်း နောင်တစ်ချိန်မှာ စာရင်းရှင်းရဦးမယ်။'

ရှီကျင့်ထျန်း၏ မျက်လုံးထဲတွင် အေးစက်သော အရောင်များ လက်ခနဲ ပေါ်လာသည်။ သူသည် စူးချန်ခုန်းကို မှန်ကောင်းကင်ဘုံကမ္ဘာတွင် တွေ့ခဲ့ဖူးသော်လည်း ထိုစဉ်က စူးချန်ခုန်းနှင့် သူ၏ ရန်ငြိုးကို မသိသေးသလို စမ်းသပ်မှုများကို ဖြတ်ကျော်နေရသဖြင့် ဂရုမစိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လီစုန့်မှာမူ စိတ်ပျက်အားငယ်နေမိသည်။ သူက လူအ မဟုတ်ရာ ရက်စက်လှသော ရှီမိသားစုမှာ သူတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်း သိနေသည်။ သို့သော် လီမိသားစုဝင် အားလုံးမှာ ရှီကျင့်ထျန်း၏ လက်ထဲတွင် ဓားစာခံ ဖြစ်နေသဖြင့် ရှီကျင့်ထျန်းကို ယုံကြည်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။

လီစုန့်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျယ်ပြန့်သော အင်္ကျီလက်အတွင်း၌ လက်ချောင်းများဖြင့် တစ်စုံတစ်ခုကို စတင်ရေးဆွဲလိုက်သည်။ မကြာမီမှာပင် သူသည် အင်္ကျီလက်အတွင်းမှ အမိန့်တော်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအမိန့်ပြားမှာ ကြေးနီရောင်ရှိပြီး အဝါရောင် ပုံစံများ ရေးထိုးထားရာ ၎င်းမှာ ကျောက်ဝါ ဘိုးဘေး ချန်ထားခဲ့သော 'ကျောက်ဝါ အမိန့်တော်' ပင် ဖြစ်သည်။

လီစုန့်၏ လက်ထဲတွင် ထိုအမိန့်တော်ပြားမှာ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်နေပြီး အသက်ဝင်လာသည်။ လီစုန့်သည် 'ပန်းချီကားမှ အစစ်အမှန်ဖြစ်ပေါ်လာခြင်း' ဟူသော စွမ်းရည်ကို အသုံးပြု၍ ထိုအမိန့်ပြားကို ဖန်တီးကာ ရှီကျင့်ထျန်းကို ကောင်းကင်ဂူနန်းအတွင်းသို့ ခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

All Chapters