အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁) ဝတ်ရုံလုပွဲ - ၃
ကလပ်တွန်၏ နဖူးမှ ချွေးစေးများ စီးကျလာတော့သည်။ သူ့လေသံတွင်လည်း တုန်လှုပ်ခြောက်ခြားမှုနှင့် အံ့အားသင့်မှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
“မင်း... မင်း တကယ်တမ်း ဘာလိုချင်တာလဲ”
“ကျွန်တော်က ခင်ဗျားကို အခြေအနေကို သဘောပေါက်အောင် ကူညီပေးနေတာပါ အရာရှိကြီး”
အစ်ကိုကြွယ်က ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် သိသလောက်တော့ ဂေါ့သမ်ရဲ့ ရဲတပ်ဖွဲ့အင်အားက အရမ်းနည်းနေတာမို့ ခင်ဗျားတို့လူတွေ ထိခိုက်ဒဏ်ရာရတာကို ခင်ဗျားတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ အခု ကျွန်တော်တို့ဘက်က အပြည့်အဝ ပြင်ဆင်ထားပြီးပြီမို့ ကျွန်တော်တို့ကို မသိစေဘဲ ဒီအဆောက်အအုံထဲကို ဝင်ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ခင်ဗျားတို့က အတင်းအကျပ် ဝင်စီးနင်းဖို့ပဲ ဇွတ်လုပ်နေမယ်ဆိုရင်တော့ သေချာပေါက် တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်။
ဒါ့အပြင် ကျွန်တော်ရှင်းပြချင်တာက ဒီဘဏ်ရဲ့ ဘဏ်တိုက်က ပြည်ပကနေ တင်သွင်းထားတဲ့ ထုတ်ကုန်ဖြစ်ပြီး အရမ်းဆန်းပြားတဲ့ ဒီဇိုင်းမျိုး ရှိတယ်၊ တကယ်လို့ လျှပ်စစ်မီး ဖြတ်တောက်လိုက်မယ်ဆိုရင် အတွင်းထဲက လေထုဟာ ချက်ချင်း အပြင်စုပ်ထုတ်ခံရလိမ့်မယ်၊ ပြီးတော့ တံခါးက အီလက်ထရွန်နစ်သော့ကလည်း မီးပြတ်သွားတဲ့အချိန်မှာ ကျပန်းဂဏန်းတွဲတစ်ခုကို အလိုအလျောက် ထုတ်လုပ်ပေးလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ပေးထားတဲ့ လျှို့ဝှက်နံပါတ်က အကျုံးမဝင်တော့ဘူး၊ ဒီလိုတံခါးမျိုးကို ထုတ်လုပ်တဲ့ ဥရောပဌာနချုပ်ကို ဆက်သွယ်ပြီး အရမ်းရှုပ်ထွေးတဲ့ အထောက်အထားစိစစ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်ကျော်ရလိမ့်မယ်၊ အထူးကုဒ်ဖြေတဲ့ပရိုဂရမ်ကို ယူပြီးမှသာ အဲဒီကျပန်းဂဏန်းတွဲကို ပြန်ဖြေပြီး ဘဏ်တိုက်တံခါးကို ပြန်ဖွင့်နိုင်မှာ ဖြစ်တယ်။
ကံမကောင်းစွာနဲ့ပဲ... အတွင်းထဲက လူတွေက အဲဒီလောက်အထိ အချိန်အကြာကြီး မစောင့်နိုင်ကြဘူးလေ”
“ခင်ဗျားတို့ လျှပ်စစ်မီးဖြတ်တောက်ပြီးပြီးချင်း ချက်ချင်း ပြန်လွှတ်ပေးရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး၊ လေက အတွင်းထဲကို ပြန်စီးဝင်မှာ မဟုတ်ဘူးလေ၊ သူတို့က တစ်မိနစ်ခန့်အတွင်း အသက်ရှူကျပ်လာမှာဖြစ်ပြီး သုံးမိနစ်ကြာရင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဦးနှောက်ပျက်စီးမှုကို ပြန်လည်ကုစားနိုင်တော့မှာ မဟုတ်ဘူး၊ ငါးမိနစ်ကြာရင်တော့... သူတို့သေဆုံးမှုကို မီဒီယာတွေနဲ့ သူတို့မိသားစုတွေကို ဘယ်လိုရှင်းပြရမလဲဆိုတာကိုပဲ ခင်ဗျားတို့ စဉ်းစားရတော့မယ်။
ဟုတ်တာပေါ့... ခင်ဗျားတို့လူတွေ ဒါမှမဟုတ် စူပါဟီးရိုးတစ်ယောက်ယောက်က ကျွန်တော်တို့ သတိထားစောင့်ကြည့်နေတဲ့ ကြားကနေ လျှပ်စစ်မီးကို မဖြတ်တောက်ဘဲ အတင်းတိုးဝင်ပြီး ကျွန်တော်တို့ကို ဖမ်းဆီးနိုင်လောက်အောင် သန်မာပါစေလို့ ဆုတောင်းရုံပဲ ရှိတော့တာပေါ့။
ကျွန်တော်ကိုယ်တိုင်ကတော့ အဲဒီအချက်အပေါ် သံသယရှိနေပေမဲ့ အဲဒီလို ဖြစ်လာခဲ့ရင်တောင် အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ။
ဓားစာခံတွေရဲ့ အသက်က ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေသေးတယ်၊ ဒီဘဏ်တိုက်ကို ပြင်ပအားအသုံးပြုပြီး မိနစ်သုံးဆယ်အတွင်း... အာ... တောင်းပန်ပါတယ်၊ အခုဆို နှစ်ဆယ့်ငါးမိနစ်အတွင်း အတင်းဖွင့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ ပေးမယ့် လျှို့ဝှက်နံပါတ်သာ မရှိရင် ခင်ဗျားတို့က ဓားစာခံတွေ အသက်ရှူကျပ်ပြီး သေသွားတာကိုပဲ ဒီအတိုင်း ငေးကြည့်နေရလိမ့်မယ်”
“ကောင်းပြီ၊ ကောင်းပြီ”
ကလပ်တွန်က နောက်လှည့်၍ သူ့ဘေးက လူများကို အော်ဟစ်လိုက်တော့သည်။
“နည်းဗျူဟာအဖွဲ့ကို လှုပ်ရှားမှုတွေ အားလုံးရပ်ခိုင်းပြီး အသင့်အနေအထားမှာပဲ စောင့်ခိုင်းထားလိုက်”
သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ဖုန်းလက်ခံကိရိယာထဲသို့ ပြောလိုက်လေသည်။
“ကဲ... မင်း ကြားတယ်မဟုတ်လား၊ အခုကော စိတ်ကျေနပ်ပြီလား”
“ဟုတ်ကဲ့... ရှင်းရှင်းလင်းလင်း ကြားရပါတယ်ခင်ဗျာ”
ဖုန်းပုကြွယ်က ပြုံးလိုက်သည်။
“အရမ်းပညာရှိတဲ့ ရွေးချယ်မှုပါပဲ အရာရှိကလပ်တွန်”
သူက တစ်စက္ကန့်ခန့် ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ဒါဆို... နောက်ထပ် ဆယ်မိနစ်ကြာရင် ကျွန်တော့်ဆီ ဖုန်းပြန်ဆက်ပေးပါ၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ပြောပြပေးပါမယ်”
ထို့နောက် သူက ဖုန်းကို ချလိုက်တော့သည်။
...
ဘဏ်ခန်းမအတွင်း၌ မီးရောင်များမှာ တောက်ပစွာ လင်းထိန်နေဆဲ ဖြစ်သည်။ ဝင်ပေါက်ရှိ မှန်တံခါးများကို သံလိပ်တံခါးများဖြင့် ပိတ်ဆို့ထားသော်လည်း နေ့ခင်းဘက်တွင် မျက်နှာကြက်မီးများ ဖွင့်ထားခြင်းကြောင့် မည်သည့်အရာကိုမျှ ထိခိုက်မှုမရှိချေ။ ဖုန်းပုကြွယ်သည် ကောင်တာဘေးတွင် ရပ်၍ ကလပ်တွန်နှင့် စကားပြောပြီးနောက် ဖုန်းကို အောက်ချလိုက်သည်။
စက်သေနတ်ကိုင်ထားသည့် ဓားပြသည် သေနတ်ပြောင်းဝဖြင့် ဖုန်းပုကြွယ်ကို တစ်ချိန်လုံး ချိန်ရွယ်ထားခဲ့သည်။ သဘာဝအတိုင်းပင် သူသည် ဤထူးဆန်းသော သူစိမ်းကို အလွယ်တကူ ယုံကြည်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ဖုန်းပုကြွယ်သာ ဖုန်းထဲတွင် လျှို့ဝှက်ကုဒ် သို့မဟုတ် သတင်းအချက်အလက်တစ်ဝက်တစ်ပျက်ကို ပြောဆိုလိုက်ပါက သူသည် ချက်ချင်း ပစ်သတ်ခံရပေလိမ့်မည်။ ကျန်ရှိသောဓားပြနှစ်ဦးမှာမူ ခန်းမအလယ်တွင် စုဝေးထားသော ဓားစာခံ ဒါဇင်ပေါင်းများစွာကို စောင့်ကြည့်ရန်အတွက် ခန်းမ၏ ဆန့်ကျင်ဘက်အစွန်းနှစ်ဖက် အနည်းငယ် ကွာဝေးသောနေရာ၌ ရှိနေကြသည်။
“ငါပြောတာ မှန်တယ်မဟုတ်လား၊ ငါက လျှောက်ပြီး ပေါက်ကရတွေ ပြောလိုက်ရုံနဲ့ သူတို့ရဲ့ ဝင်ရောက်စီးနင်းမှုကို တားဆီးနိုင်ခဲ့ပြီလေ”
ဖုန်းပုကြွယ်က ပေါ့ပေါ့ပါးပါး ပြောရင်း ပုခုံးတွန့်လိုက်သည်။
“ကောင်းပြီ... မင်းက မင်းကိုယ်မင်း ဆယ်မိနစ်စာ ဘေးကင်းချိန်ကိုတော့ ဝယ်နိုင်ခဲ့ပြီ၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ မင်းက ငါတို့ကို ဘယ်လို လွတ်အောင်ပြေးရမလဲဆိုတာ အခုထိ မပြောရသေးဘူးနော်”
သေနတ်သမား မေးမြန်းလိုက်ချိန်တွင် သူ့လေသံမှာ အတော်လေး နူးညံ့သွားပြီး ယခင်ကလို ခြိမ်းခြောက်နေသည့် ပုံစံမျိုး မရှိတော့ချေ။
“ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဓားစာခံဖမ်းဆီးတဲ့အခြေအနေမျိုးမှာ ပြန်ပေးဆွဲသူတွေအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးအလုပ်ကတော့ ဓားစာခံအရေအတွက်ကို ရေတွက်ဖို့ပဲ”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။ တစ်ဖက်လူ စကားမဆိုမီ သူက ဆက်ပြောလိုက်သည်။
“ငါ အကဲခတ်မိသလောက်တော့ မင်းတို့ သုံးယောက်စလုံးက အဲဒီအလုပ်ကို အခုထိ မလုပ်ရသေးဘူး၊ ကံကောင်းတာက ငါမင်းတို့အတွက် ရေတွက်ပေးပြီးသားပါ၊ မင်းတို့သုံးယောက်နဲ့ ငါ့အပြင် ဒီနေရာမှာ လူပေါင်း နှစ်ဆယ့်ကိုးယောက် ရှိတယ်”
သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ဝါးဖြင့် လက်ဟန်ပြလိုက်သည်။
“မင်း သေနတ်ကို ငါ့ဆီကနေ ရွှေ့ပေးလို့ ရမလား”
သေနတ်သမားသည် ဖုန်းပုကြွယ်၏ မျက်လုံးများကို စိန်ခေါ်သကဲ့သို့ စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးနောက် သေနတ်ကို ဖြည်းညှင်းစွာ ဘေးသို့ ရွှေ့လိုက်လေသည်။
ဖုန်းပုကြွယ်သည် ဘဏ်မန်နေဂျာ (ထိပ်ပြောင်ပြီး မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်း အမျိုးသား) ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး သူ့ကျောကို လက်ညှိုးဖြင့် တို့လိုက်သည်။
“မင်းက ဒီနေရာက မန်နေဂျာလား”
“ဟုတ်... ဟုတ်ပါတယ်ခင်ဗျာ”
မန်နေဂျာ၏ ပြန်ဖြေသံမှာ အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သူသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကပင် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်၍ ကြမ်းပြင်ပေါ် ဝပ်နေခြင်းဖြစ်ပြီး အသက်ပင် ဝဝမရှူရဲဘဲ ရှိနေခြင်းဖြစ်သည်။ ဖုန်းပုကြွယ်၏ ခြေသံများ ချဉ်းကပ်လာသည်ကို ကြားကတည်းကပင် သူသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေခဲ့ခြင်းဖြစ်ပြီး ဖုန်းပုကြွယ်၏ လက်ချောင်းများက သူ့ကို ထိတွေ့လိုက်သောအခါ ပို၍ပင် လန့်ဖျပ်သွားရသည်။
“စိတ်မပူပါနဲ့ ငါ့ကောင်ရာ”
ဖုန်းပုကြွယ်က သူ့ပုခုံးကို ပုတ်လိုက်သည်။
“ငါက ပိုက်ဆံအိတ်တွေနဲ့ အိတ်တွေကို ချိတ်ပိတ်ဖို့ သုံးတဲ့ ပလတ်စတစ်သော့တွေ ဘယ်မှာရှိလဲကိုပဲ သိချင်လို့ပါ”
“အိုး... အဲဒါတွေက...စတိုခန်းထဲမှာ ရှိပါတယ်၊ အများကြီးပါပဲ... ကောင်တာနောက်က တံခါးကနေ ဝင်သွားရင်...”
မန်နေဂျာက အနည်းငယ် စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။
“ငါ့ကို သော့တွေနဲ့ ဝင်ခွင့်ကတ်တွေ ပေးပါ”
ဖုန်းပုကြွယ်က ထပ်လောင်းပြောဆိုလိုက်သည်။
ထိပ်ပြောင်မန်နေဂျာသည် နှစ်စက္ကန့်ခန့် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ သူခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်လေသည်။
ဖုန်းပုကြွယ်သည် ဖုန်းတစ်ဖက်မှ ရဲအရာရှိ ကလပ်တွန်ကို ပုံပြင်ပြောနေသည့် အချိန်အတွင်းမှာပင် ခန်းမအတွင်းရှိ လူတိုင်းကို အကဲခတ်ပြီးသားဖြစ်သဖြင့် သူတို့၏ အမျိုးမျိုးသော အသေးစိတ်အချက်အလက်များမှတစ်ဆင့် အချက်အလက် အမြောက်အမြားကို တွက်ချက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် မည်သူက ဘဏ်မန်နေဂျာဖြစ်ကြောင်းနှင့် ဝန်ထမ်းဧရိယာအတွင်းသို့ ဝင်ရောက်ရန် လိုအပ်သော သော့များနှင့် ဝင်ခွင့်ကတ်များမှာ ထိုလူ့အိတ်ကပ်ထဲတွင် ရှိနေကြောင်းကို သိရှိနေခဲ့ခြင်း ဖြစ်သည်။
“မင်း ဘာလုပ်မလို့လဲ”
ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြက မေးမြန်းလိုက်သည်။
“သေချာတာပေါ့... အခြေအနေကို ပိုကောင်းအောင် ထိန်းချုပ်ဖို့အတွက်လေ”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“မင်း အဲဒီပစ္စည်းတွေကို သွားယူပေးဖို့ ဒုက္ခပေးလို့ ရမလား”
သူ စကားပြောရင်း သော့နှင့် ဝင်ခွင့်ကတ်ကို ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြထံသို့ သဘာဝကျကျ လှမ်းပေးလိုက်လေသည်။
“ဘယ်အချိန်ကစလို့ ငါ့ကို လာပြီး အမိန့်ပေးပိုင်ခွင့် ရှိသွားတာလဲ...”
ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြက မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်သည်။
စက်သေနတ်ကိုင်ထားသည့် ဓားပြက ကြားဖြတ်ပြောလိုက်သည်။
“ရတယ်၊ သူခိုင်းတဲ့အတိုင်း လုပ်လိုက်စမ်းပါ”
သူက ဆက်ပြောသည်။
“သူသွားယူရင်တောင် မင်းလိုက်သွားရမှာပဲ မဟုတ်လား”
ဘော့စ်ဖြစ်သူက ဆိုလာသဖြင့် ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြမှာ ဖုန်းပုကြွယ်ကို စိုက်ကြည့်လျက် သော့ကိုယူကာ ကောင်တာပေါ်သို့ ကျော်တက်၍ စတိုခန်းဆီသို့ လျှောက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။
ဓားပြထွက်ခွာသွားပြီးနောက် စက်သေနတ်ကိုင်ထားသည့် ဓားပြက စကားလုံးနှစ်လုံး ထပ်ပြောလိုက်သည်။
“အခုရော... ဘာလဲ”
ဖုန်းပုကြွယ်က ပြုံးလိုက်ပြီးနောက် ရုတ်တရက် သူ့လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားလေသည်။ တောက်ပသော ဖဲချပ်တစ်ချပ်သည် သူ့ထံမှ မီတာအနည်းငယ်သာ ကွာဝေးသော ဓားပြဆီသို့ တိုးဝင်သွားတော့သည်။
ဤအကွာအဝေးမျိုးတွင် သေမင်းဖဲချပ်၏ တိကျမှုသည် အပြစ်ပြောစရာမရှိချေ။ အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် ပစ်မှတ်၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။
စက်သေနတ်ကိုင်ထားသည့် ဓားပြသည် လက်နက်မရှိသော ထိုလူက မည်သည့်ပစ်ခတ်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်ဘဲ ရုတ်တရက် မည်သို့ သေစေနိုင်သောလက်နက်တစ်ခုကို ထုတ်ယူလိုက်နိုင်ကြောင်းကို လုံးဝ နားမလည်နိုင်ဘဲ သေဆုံးသွားရတော့သည်။
“မင်း”
အဝေးက သေနတ်သမားသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သေနတ်ကိုမြှောက်၍ ပစ်ခတ်လိုက်တော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
သေနတ်သံများ ထွက်ပေါ်လာ၏။ သို့သော်လည်း ဖုန်းပုကြွယ်သည် ရှောင်ရှားခြင်း သို့မဟုတ် တုန်လှုပ်ခြင်းမရှိဘဲ နေရာတွင်ပင် ရပ်နေလေသည်။ သူသည် ဖဲချပ်၏ ဒိုင်းသက်ရောက်မှုကို အသက်မသွင်းဘဲ သူ့မျက်နှာကို ကာကွယ်ရန်အတွက် လက်မောင်းနှစ်ဖက်ကို မြှောက်လိုက်ရုံသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖုန်းပုကြွယ် ခန့်မှန်းထားခဲ့သည့်အတိုင်းပင် တစ်ဖက်လူ၏ သေနတ်ပစ်စွမ်းရည်မှာ တကယ့်ကို ဆိုးဝါးလွန်းလှသည်။ သူသည် အထိတ်တလန့်ဖြစ်နေသည့်ကြားမှ ပစ္စတိုအတွင်းရှိ ကျည်ဆန်များ အားလုံး ကုန်စင်အောင် ပစ်ခတ်ခဲ့သော်လည်း နှစ်ချက်သာ ထိမှန်ခဲ့သည်။ ထိုကျည်ဆန်နှစ်ချက်မှာလည်း အက်ခိုးချပ်ဝတ်၏ အသံလှိုင်းအတားအဆီးကြောင့် ယာယီတားဆီးခံခဲ့ရသဖြင့် ဖုန်းပုကြွယ်၏ ဝမ်းဗိုက်နှင့် ပေါင်ပေါ်တွင် သွေးထွက်နေသော ဒဏ်ရာအပေါက်ငယ်လေးတစ်ခုသာ ဖြစ်ပေါ်စေခဲ့ပြီး ပြင်းထန်ခြင်း မရှိချေ။ သူ၏ အသက်အမှတ်၂၄ ရာခိုင်နှုန်းသာ ဆုံးရှုံးခဲ့ရသည်။
ဖုန်းပုကြွယ်သည် သေနတ်သံများကို စိတ်ထဲမှ တိတ်တဆိတ် ရေတွက်လိုက်သည်။ တစ်ဖက်လူက ကျည်ကတ်တစ်ခုလုံးကို ကုန်စင်အောင် ပစ်ခတ်ပြီးနောက်တွင်မူ သူသည် လက်ကို တည်ငြိမ်စွာ ပြန်ချလိုက်ပြီး ပစ္စည်းသိုလှောင်အိတ်ထဲမှ သူ၏ စက်သေနတ်ငယ် (မစ္စမောက်ဇီ၏ဒေါသ) ကို ထုတ်ယူကာ ကျည်ဆန်ကုန်သွားသော ထိုလူကို လျစ်လျူရှုထားလိုက်သည်။ သူသည် ပထမဦးဆုံးအနေဖြင့် ပိုက်ဆံအိတ်ကိုင်ထားသည့်ဓားပြ ဝင်သွားသော တံခါးဝဆီသို့ အရင်ဆုံး ချိန်ရွယ်လိုက်ပြီး ခြေသံများကို နားထောင်လျက် သူပြန်ရောက်လာမည့်အချိန်ကို ကြိုတင်တွက်ချက်လိုက်သည်။ ထိုလူခေါင်းပြူထွက်လာသည့် အခိုက်အတန့်မှာပင် သူက မောင်းဖြုတ်လိုက်တော့သည်။
“ဘာတွေ ဖြစ်နေတာ...”
သူ့စကားလုံးများသည် တဒက်ဒက်မြည်ဟီးလာသော သေနတ်သံများကြောင့် ပြတ်တောက်သွားရသည်။ ပိုက်ဆံအိတ်ကိုင်ထားသည့်ဓားပြသည် တံခါးဝမှ ခြေလှမ်းလှမ်းလိုက်ရုံသာ ရှိသေးသော်လည်း မျက်နှာကို သေနတ်ဖြင့် အပစ်ခံရသဖြင့် နေရာတင် ချက်ချင်း သေဆုံးသွားရတော့သည်။
“မင်းသေနတ်ကို အောက်ချလိုက်စမ်း”
ဖုန်းပုကြွယ်သည် လူနှစ်ယောက်ကို သတ်ဖြတ်ပြီးပြီ ဖြစ်သော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကျန်ရှိနေသော ပစ္စတိုကိုင်ထားသည့် ဓားပြကို ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
“အိပ်မက်မက်မနေနဲ့၊ မင်းခွေးကောင်”
ပစ္စတိုကိုင်ထားသည့်ဓားပြက အော်ဟစ်လိုက်ပြီးနောက် ခန်းမ၏ အနောက်ဘက်နံရံနောက်တွင် ပုန်းအောင်းလိုက်သည်။ ATM စက် ထည့်သွင်းထားသည့် အခန်းငယ်လေးတစ်ခုအတွင်း၌ (ATM စက်ကို နံရံတွင် မြှုပ်နှံထားပြီး ၎င်း၏ ရှေ့မျက်နှာမှာ ဖုန်းရုံတစ်ခုနှင့် တူညီကာ တစ်မီတာပတ်လည်ခန့် ကျယ်ဝန်းပြီး သုံးဖက်စလုံးကို ကျည်ကာမှန်များဖြင့် ဝန်းရံထားခြင်းဖြစ်သဖြင့် မှန်တံခါးကို အတွင်းထဲမှ ချိတ်ပိတ်ထားနိုင်သည်) သူက ပစ္စတိုထဲသို့ ကျည်ဆန်များ ပြန်ဖြည့်ရန် ပြင်ဆင်လိုက်လေသည်။
သူသည် ဖုန်းပုကြွယ်က ဘယ်နေရာမှ လက်နက်ကို ဆွဲထုတ်လိုက်ကြောင်းကိုရော ဘယ်အရာက သူ့ဘော့စ်ကို သေဆုံးစေခဲ့ကြောင်းကိုပါ မသိရှိချေ။ သူသိထားသည်မှာ ဤရက်စက်ကြမ်းတမ်းသော လူသတ်သမားသည် ဓားစာခံများ၏ အသက်ကို ဂရုစိုက်လိမ့်မည်မဟုတ်သောကြောင့် သူ့လက်ထဲက သေနတ်သည်သာ သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်ပြီး လက်နက်ချလိုက်ပါက ဖမ်းဆီးသူ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
“ငါ တစ်ဆယ်အထိ ရေတွက်မယ်၊ တကယ်လို့ မင်းအဲဒီအချိန်အထိ ထွက်ပြီး လက်နက်မချဘူးဆိုရင်တော့ နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
ဖုန်းပုကြွယ်က သူ့ကို လှမ်းအော်လိုက်သည်။
ပစ္စတိုကိုင်ထားသည့်ဓားပြ၏ လက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေသဖြင့် ကျည်ဆန်ပြန်ဖြည့်ခြင်း စွမ်းရည်ကို ထိခိုက်နေစေ၏။ သူသည် တစ်ဖက်လူက သူ့ဆီသို့ ချက်ချင်း ပြေးဝင်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ယခု ဖုန်းပုကြွယ်က သူ့ကို တစ်ဆယ်အထိ ရေတွက်ခိုင်းနေသဖြင့် သူသည် အချိန်အနည်းငယ် ရရှိသွားသည်ဟု တွေးတောကာ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားရသည်။
“တစ်... နှစ်... သုံး... လေး...”
ဖုန်းပုကြွယ်သည် တစ်စက္ကန့်ချင်းစီကို တိကျစွာ ရေတွက်နေလေသည်။ ခုနစ်အထိ မရောက်မီ ထိုခုနစ်စက္ကန့်အတွင်း သူက အောက်ပါအတိုင်း လုပ်ဆောင်လိုက်သည်။ သူ၏ စက်သေနတ်ငယ်ကို သိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ အဆုံးမဲ့လက်ပစ်ဗုံးကျည်အိမ်ကို ထုတ်ယူကာ ကျည်အိမ်ထဲမှ Mark II အမျိုးအစားလက်ပစ်ဗုံး (ထုတ်လုပ်ပြီးသား) တစ်လုံးကို ထုတ်ယူလိုက်သည်။ ပြီးနောက် အဆုံးမဲ့လက်ပစ်ဗုံးကျည်အိမ်ကို ပြန်လည်သိမ်းဆည်းကာ လက်ပစ်ဗုံး၏ စနက်တံကို ဆွဲနှုတ်လိုက်ပြီး ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် ကွာဝေးသော အခန်းငယ်လေးဆီသို့ လွှဲပစ်လိုက်တော့သည်။
“ရှစ်...”
ဖုန်းပုကြွယ်က ထိုဂဏန်းသို့ ရောက်သောအခါ လက်ပစ်ဗုံးကို လှမ်းပစ်လိုက်ပြီ ဖြစ်သည်။
ပစ္စတိုကိုင်ထားသည့် ဓားပြသည် သူ့လက်နက်ကို ပြန်လည်ကျည်ဖြည့်ပြီးဖြစ်သဖြင့် အသက်ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
“စိတ်အေးအေးထားစမ်း... ငါလုပ်နိုင်တယ်၊ ဒီကောင်က ဒဏ်ရာရထားပြီးပြီပဲ၊ ငါသာ အပြင်ကို အတင်းတိုးထွက်ပြီး အမြန်လှုပ်ရှားလိုက်မယ်ဆိုရင်...”
ထပ်... ထပ်... ခရက်...
ဤသည်မှာ အခန်းငယ်လေး၏ အပေါ်မှ ပစ်ချလိုက်သော လက်ပစ်ဗုံးက နှစ်ချက်ခန့်တုန်ခါပြီးနောက် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့် အသံ ဖြစ်သည်။
သေနတ်သမားသည် စနက်တံဆွဲနှုတ်ပြီးသားဖြစ်သော သူ့ခြေရင်းက လက်ပစ်ဗုံးကို စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ခဏမျှ ဗလာဖြစ်သွားပြီးနောက် သူ၏ နောက်ဆုံးစကားလုံးကို ဆိုလိုက်တော့သည်။
“ငါယိုး”
...
ဝုန်း။
နားကွဲလုမတတ် ပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။
ပိတ်ထားသော သံတံခါးမှတစ်ဆင့် ဖြစ်သော်လည်း ပေါက်ကွဲသံကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
“အထဲမှာ ဘာတွေ ဖြစ်နေတာလဲ၊ အရင်ဆုံး သေနတ်သံကြားရပြီးတော့ အခုကျတော့ တစ်ခုခု ပေါက်ကွဲသွားပြန်ပြီ၊ ဒါက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလား”
ကလပ်တွန်သည် နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ချေ။ သဘောတူထားသည့် အချိန်ရောက်ရန် လေးမိနစ်ခန့် ကျန်နေသေးသော်လည်း သူ ဖုန်းကိုယူ၍ စောင့်ကြည့်ရေးယာဉ်အတွင်းက လုပ်ဖော်ကိုင်ဖက်များကို အချက်ပြလိုက်တော့သည်။
တီ... တီ... တီ...
“ဓားစာခံတွေ အဆင်ပြေပါတယ်”
ဖုန်းပုကြွယ်က ဖုန်းကို ကိုင်၍ တိုက်ရိုက် ပြောဆိုလိုက်သည်။
“ဒါပေမဲ့ အချိန်က မပြည့်သေးဘူးနော် အရာရှိ၊ ကျွန်တော်က အချိန်တိကျမှုမရှိတဲ့ လူတွေကို အရမ်းမုန်းတာ၊ ခင်ဗျား နောက်ထပ်ဆယ်မိနစ်လောက် ထပ်စောင့်ရဦးမယ်၊ အခုအချိန်ကစပြီး အချိန်ကို ပြန်ရေတွက်မယ်”
သူသည် တစ်ဖက်လူကို ကြားဖြတ်ပြောဆိုခွင့် လုံးဝမပေးခဲ့ချေ။
“တကယ်လို့ ခင်ဗျားသတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး ဖုန်းဆက်မယ်ဆိုရင်... မိနစ်အနည်းငယ် စောရင်တောင်မှ ကျွန်တော်ဓားစာခံတချို့ကို သတ်ပစ်မယ်”
သူ စကားပြောပြီးနောက် ဖုန်းကို ရိုင်းစိုင်းစွာ ချလိုက်တော့သည်။
...
ဘဏ်ခန်းမအတွင်း၌ ဓားစာခံများမှာ ကြမ်းပြင်ပေါ်တွင် ဝပ်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဖုန်းပုကြွယ်သည် ဓားပြသုံးဦးကို သတ်ဖြတ်ပြီးနောက် စက်သေနတ်ကိုင်ထားသည့် ဓားပြထံမှ သေနတ်နှစ်လက်ကို လုယူထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဓားစာခံဖမ်းဆီးမှု အခြေအနေကတော့ ဆက်လက်ရှိနေဆဲပင်...။
“လူကြီးမင်းတို့ ခင်ဗျာ...”
ဖုန်းပုကြွယ်က ဒဏ်ရာရထားသော သူ့ခြေထောက်ကို တရွတ်တိုက်ဆွဲရင်း ကောင်တာနောက်သို့ သွားကာ ပိုက်ဆံအိတ်ကိုင်ထားသည့် ဓားပြထံမှ သေနတ်ကို ပြန်လည်ထုတ်ယူလိုက်သည်။
“အခုကစပြီး ဒီနေရာမှာ ကျွန်တော်ကပဲ အမိန့်ပေးပိုင်ခွင့် ရှိသူပါ၊ ခင်ဗျားတို့အားလုံး ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကို ပူးပေါင်းပါဝင်ပေးသရွေ့ ဘယ်သူမှ ဒဏ်ရာရမှာ မဟုတ်ပါဘူး။
တကယ်လို့ အားလုံးအဆင်ပြေမယ်ဆိုရင် နောက်ထပ်နာရီအနည်းငယ်အတွင်းမှာ ခင်ဗျားတို့အားလုံး ထမင်းစားပွဲမှာ ထိုင်ပြီး ခင်ဗျားတို့မိသားစုတွေနဲ့အတူ ညစာကို ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နိုင်ကြပါလိမ့်မယ်၊ ကံကောင်းမယ်ဆိုရင်တော့ ဒီနေရာမှာရှိတဲ့ အိမ်ထောင်သည်အမျိုးသားတွေဟာ ဒီညမှာ သူတို့ရဲ့ ကြာရှည်စောင့်ဆိုင်းနေရတဲ့ လိင်မှုဘဝကို တကျော့ပြန် အသက်သွင်းနိုင်ကြပါလိမ့်မယ်”
သူ့လေသံမှာ ရင်းနှီးသော သူငယ်ချင်းတစ်စုနှင့် နောက်ပြောင်နေသည့်အလားဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှု အရိပ်အမြွက်မျှ ရှိမနေခဲ့ချေ။
“ဒါပေမဲ့ ဘယ်သူမဆို ကျွန်တော့်ကို ပူးပေါင်းဖို့ ငြင်းဆန်တာ ဒါမှမဟုတ် တားဆီးဖို့ ကြိုးစားမယ်ဆိုရင်တော့...”
သူက ဘီးတပ်ရုံးထိုင်ခုံတစ်ခုကို ကောင်တာအပြင်ဘက်သို့ တွန်းထုတ်လျက် ထိုင်လိုက်ပြီး သေနတ်ကို ကိုင်ကာ ဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ မြင်ကွင်းထဲမှာ ရှိနေတဲ့ သက်ရှိမှန်သမျှကို ကျည်ဆန်တွေအားလုံး ကုန်သွားတဲ့အထိ ပစ်ခတ်ရပါလိမ့်မယ်”
သူသည် စက္ကန့်အနည်းငယ် ရပ်တန့်လိုက်ပြီး ဓားစာခံများ၏ မျက်နှာအမူအရာများကို လိုက်လံစစ်ဆေးလိုက်သည်။ ထို့နောက် သူက မေးမြန်းလိုက်သည်။
“ခင်ဗျားတို့ နားလည်ကြလား”
ဓားစာခံများသည် အသုံးမကျသော သူခိုးသုံးဦး သေဆုံးသွားပြီးနောက် ယခုကဲ့သို့ လူမဆန်သော အရူးလူသတ်သမားတစ်ဦး ထပ်မံပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားကြချေ။ သူ့အကြည့်ကို ဘယ်သူမှ ရင်မဆိုင်ရဲကြသလို မေးခွန်းကိုလည်း တိုက်ရိုက် မဖြေရဲကြချေ။ ဓားစာခံအချို့မှာမူ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကို စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေကြပြီဖြစ်ပြီး သူတို့၏ အသံများမှာ ရှိုက်ကြီးတငင် ငိုကြွေးသံများနှင့်အတူ တုန်လှုပ်နေကြတော့သည်။
“ကောင်းပြီ... အခု အသားရောင် ကုတ်အင်္ကျီ ဝတ်ထားတဲ့ အမျိုးသမီး... ဟုတ်တယ်၊ ခင်ဗျားပဲ”
ဖုန်းပုကြွယ်က ဆို၏။
“ကျေးဇူးပြုပြီး ခေါင်းလေး မော့ပေးလို့ ရမလား”
သူမသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိသော ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သာမန် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ရုပ်ရည်မျိုး ရှိသည်။ သူမ၏ မိတ်ကပ်များသည် ငိုယိုထားခြင်းကြောင့် ပျက်နေပြီဖြစ်ပြီး အဝတ်အစားပေါ်တွင်လည်း အန်ဖတ်အချို့ ပေကျံနေလေသည်။ ယင်းကို ကြားလိုက်ရသဖြင့် သူမ ဖုန်းပုကြွယ်ကို ခေါင်းမော့ကြည့်သောအခါ သူမ၏ မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ပြန်လည်ဖြေကြားလာသည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်မကို နာကျင်အောင် မလုပ်ပါနဲ့...”
“စိတ်မပူပါနဲ့ မဒမ်၊ ကျွန်တော် ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ချင်ပါဘူး”
ဖုန်းပုကြွယ်က ဆို၏။
“ခင်ဗျားရဲ့ ဘယ်ဘက်ကြမ်းပြင်ပေါ်မှာ အညိုရောင်လက်ကိုင်အိတ်တစ်ခု ရှိနေတာကို ကျွန်တော် သတိထားမိတယ်၊ အဲဒါ ခင်ဗျားအိတ်ပဲ မဟုတ်လား”
အမျိုးသမီးက အိတ်ကို လှမ်းကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်... ဟုတ်ပါတယ်... ရှင်လိုချင်တာမှန်သမျှ ယူနိုင်ပါတယ်... ကျေးဇူးပြုပြီး... ကျွန်မကို နာကျင်အောင် မလုပ်ပါနဲ့”
“ကျွန်တော်မေးပါရစေ မဒမ်... ခင်ဗျားဒီနေ့ မိတ်ကပ်အိတ် ယူလာခဲ့လား”
“ဘာ...”
သူမသည် ဗီဇအရ ခေတ္တရပ်တန့်သွားသော်လည်း တုံ့ပြန်မှုနှေးကွေးခြင်းကြောင့် ဖုန်းပုကြွယ်ကို ဒေါသထွက်စေမည် စိုးရိမ်သဖြင့် လျင်မြန်စွာ ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့... ယူလာခဲ့ပါတယ်ရှင်”
“ခင်ဗျားရဲ့ မိတ်ကပ်အိတ်ထဲမှာ မျက်ခုံးမွှေးပုံဖော်ဖို့ သုံးတဲ့ ဇာဂနာ ပါသလား”
“ဟုတ်ကဲ့... ဟုတ်”
“ဒါဆိုရင်... အခုပဲ အဲဒီနေရာကိုသွားပြီး အိတ်ကိုဖွင့်ပါ၊ မိတ်ကပ်အိတ်ကို ရှာပြီး ဇာဂနာကို ထုတ်ပြီး ကျွန်တော့်ကို ပေးပါ”
ဖုန်းပုကြွယ်က ခေတ္တရပ်တန့်လိုက်ပြီး ထပ်လောင်းပြောကြား၏။
“လောစရာ မလိုဘူးနော်၊ ခင်ဗျားကို ဘယ်သူမှ အမြန်မလုပ်ခိုင်းပါဘူး၊ ခင်ဗျား ပျာပျာသလဲဖြစ်ပြီး ပစ္စည်းတွေကို လျှောက်မွှေနေတာမျိုး ကျွန်တော် မမြင်ချင်ဘူး”
အမျိုးသမီးသည် ဇာဂနာကို လျင်မြန်စွာ ရှာတွေ့သွားပြီး တုန်တုန်ရင်ရင်ဖြင့် ဖုန်းပုကြွယ်ထံသို့ လှမ်းပေးလိုက်သည်။
ဖုန်းပုကြွယ်က ပစ္စည်းကို ယူ၍ ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး ခင်ဗျားလက်တွေကို မြင်ရအောင် နောက်ပြန်လှည့်ပြီး ဝပ်နေပေးပါ”
သူမ ပြန်ဝပ်သွားပြီးနောက် ဖုန်းပုကြွယ်က ထိပ်ပြောင်မန်နေဂျာကို လှည့်ကြည့်ကာ ဆို၏။
“မန်နေဂျာ... ကျေးဇူးပြုပြီး ဒီဘက်ကို ခဏလောက် လာပေးလို့ ရမလား”
ဘဏ်မန်နေဂျာက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဘယ်သူမှ တုံ့ပြန်ခြင်း မရှိချေ။ ကြည့်ရသည်မှာ သူ့ကို ခေါ်နေပုံရသဖြင့် သူ မတ်တတ်ရပ်၍ လျှောက်သွားလိုက်သည်။
“ပိုက်ဆံအိတ် ၃၀ နဲ့ ပလတ်စတစ်သော့ ၆၀... ကျေးဇူးပြုပြီး အဲဒါတွေကို သွားယူပေးပါ”
ဖုန်းပုကြွယ်က ပိုက်ဆံအိတ်ကိုင်ထားသည့်ဓားပြ၏ အလောင်းရှိရာသို့ လက်ညှိုးထိုးပြရင်း ဆို၏။
“သော့တွေနဲ့ ဝင်ခွင့်ကတ်တွေက သူ့အလောင်းပေါ်မှာ ရှိတယ်၊ မင်း အဲဒါတွေကို ပြန်ယူတာကို သူ စိတ်ဆိုးမယ် မထင်ဘူး”
သူက သွားရန်အတွက် ခေါင်းကို အချက်ပြလိုက်သည်။
“သွားလေ”
ဓားပြ၏ အလောင်းမှာ ကောင်တာနောက်ရှိ တံခါးဘောင်အောက်တွင် လဲလျောင်းနေခြင်းဖြစ်သဖြင့် လမ်းကြုံနေခဲ့သည်။ ဘဏ်မန်နေဂျာသည် သတ္တိမွေးလိုက်ပြီး ခေါင်းကို သေနတ်ဖြင့် အပစ်ခံထားရသည့် လူထံမှ သော့များနှင့် ဝင်ခွင့်ကတ်များကို ကောက်ယူကာ ဘဏ်တိုက်ဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။
“အိုး... ဟုတ်သားပဲ”
ဖုန်းပုကြွယ်က လှမ်းအော်လိုက်သည်။
“ငါ့ကို အကြာကြီး မစောင့်ခိုင်းနဲ့နော်၊ မဟုတ်ရင်တော့... ဘာဖြစ်မလဲဆိုတာ မင်း သိတယ်မဟုတ်လား”
“ဟုတ်... ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်ခင်ဗျာ”
ဘဏ်မန်နေဂျာက ပြန်ဖြေလိုက်ပြီးနောက် ပစ္စည်းများယူရန်အတွက် ခပ်သွက်သွက် လျှောက်သွားလိုက်တော့သည်။
“ဟေး... ဝတ်စုံပြည့်ဝတ်ထားတဲ့ လူကြီးမင်း... ဟုတ်တယ်၊ မင်းပဲ၊ ကျေးဇူးပြုပြီး မင်းမီးခြစ်ကို ငါ့ကို ပေးလို့ ရမလား”
ဖုန်းပုကြွယ်က အခြားဓားစာခံတစ်ဦးကို လှမ်းပြောလိုက်သည်။ ထိုလူ၏ ညာဘက် လက်သည်းများကို ကြည့်ခြင်းအားဖြင့် သူသည် ဆေးလိပ်သောက်သူတစ်ဦး ဖြစ်ကြောင်းကို သူသိနိုင်ပေသည်။ တကယ်တမ်းတွင် အကဲခတ်ကြည့်ရှုခြင်းအားဖြင့် သူသည် ဤလူ နှစ်ဆယ့်ကိုးယောက်ထံမှ သူတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ အိမ်ထောင်ရေး အခြေအနေ၊ လူနေမှုပုံစံ၊ ဝါသနာ စသဖြင့် အမျိုးမျိုးသော သတင်းအချက်အလက်များကို စုဆောင်းခဲ့ပြီးသား ဖြစ်နေပြီ ဖြစ်သည်...။
ဖုန်းပုကြွယ်သည် သေနတ်ကို အလွယ်တကူ လက်လှမ်းမီနိုင်သော နေရာတွင် ထားလိုက်ပြီး မီးခြစ်ဖြင့် ဇာဂနာကို အနည်းငယ်အပူပေးကာ ဒဏ်ရာကိုဖွင့်၍ ကျည်ဆန်ကို ထုတ်ယူလိုက်သည်။ သူသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ကျည်ဆန်အစအနများနှင့် သူ့အသားစအချို့ကို ဆွဲထုတ်လိုက်လေတော့သည်...။
သူ့ကို လှမ်းကြည့်မိသော ဓားစာခံများအားလုံး အံ့အားသင့်သွားကြရသည်။ ကစားသမား၏ နာကျင်မှုခံစားနိုင်စွမ်းမှာ လျော့နည်းနေကြောင်းကို သူတို့ လုံးဝ မသိကြပါချေ။ သူတို့အားလုံး စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ကြတော့ချေ။
‘ဒီကောင်က တကယ့်ကို သံမဏိလူသားပဲ...’
ဖုန်းပုကြွယ်သည် ကျည်ဆန်နှစ်ချက်ကို မည်သည့်ပတ်တီးမျှ မစည်းဘဲ လျင်မြန်စွာ ထုတ်ယူလိုက်သဖြင့် သူ့အခြေအနေပြဘားအတွင်းရှိ သွေးထွက်ခြင်းသက်ရောက်မှုမှာ အလိုအလျောက် ရပ်တန့်သွားခဲ့သည်။ သူက သူ၏ အသက်အမှတ်တန်ဖိုးကို လှမ်းကြည့်လိုက်ရာ ၆၈ ရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်။ ပြန်လည်ကုစားရန်အတွက် အလောတကြီး မလိုသေးချေ။
ထိုအခိုက်အတန့်တွင် ဘဏ်မန်နေဂျာသည် ပိုက်ဆံအိတ်များနှင့် ပလတ်စတစ်သော့ အပုံလိုက်ကို သယ်ဆောင်လျက် ပြန်လည်ရောက်ရှိလာလေသည်။ သူက ထိုပစ္စည်းတွေကို ဖုန်းပုကြွယ်ရှေ့ ကြမ်းပြင်ပေါ်မှာ တင်ထားလိုက်ပြီး မေးလိုက်သည်။
“နောက်ထပ် ဘာများလိုပါသေးလဲ ဆရာ”
ဖုန်းပုကြွယ်က အခြားဓားစာခံများ ရှိရာနေရာသို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။
“သော့တွေကို သုံးပြီး သူတို့ရဲ့ လက်တွေကို နောက်ပြန်ချည်လိုက် ပြီးတော့ ခြေထောက်တွေကိုလည်း အတူတူ ချည်ထားလိုက်၊ ပြီးရင် ပိုက်ဆံအိတ်တွေကို သူတို့ခေါင်းပေါ်မှာ စွပ်ထားလိုက်”
(TL note - ဤနေရာတွင် ပိုက်ဆံအိတ်ဆိုသည်မှာ ဘဏ်များပိုက်ဆံထုတ်ပေးရာတွင် အသုံးပြုသော ပလတ်စတစ်အိတ်ဖြစ်ပြီး သော့ဆိုသည်မှာ ပလတ်စတစ်ကြိုး (Cable Tie ဟုလည်းခေါ်ကြသည်) များကို ဆိုလိုခြင်းဖြစ်ပါသည်။)
...
နောက်ထပ် ဆယ်မိနစ် ကုန်လွန်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အမှန်တကယ် ဆယ်မိနစ်အပြည့် ဖြစ်သည်။ ရဲတပ်ဖွဲ့ဘက်က နည်းပညာရှင်များအားလုံး အသင့်ဖြစ်ပြီးနောက် ကလပ်တွန်က ဖုန်းကိုယူ၍ ဘဏ်ဖုန်းနံပါတ်ဆီသို့ ခေါ်ဆိုလိုက်တော့သည်။
ဖုန်းသံလေးချက် မြည်ပြီးနောက်တွင်မူ ဖုန်းပုကြွယ်က ဖုန်းကို ကိုင်လိုက်သည်။
“ခင်ဗျားက ဒီတစ်ကြိမ်တော့ အချိန်တော်တော်လေး တိကျတာပဲ အရာရှိ”
“ဘဏ်တိုက်ထဲက ဓားစာခံတွေ ဘယ်လိုလဲ၊ သူတို့ အသက်ရှိသေးရဲ့လား”
ကလပ်တွန်က မေးမြန်းလိုက်သည်။
“မင်း တကယ်ပဲ ဘာလိုချင်တာလဲ၊ မင်း အခု လွတ်အောင်ပြေးလို့ မရတော့ဘူးဆိုတာကိုကော နားလည်ရဲ့လား၊ နားထောင်စမ်း... မင်းက ဓားစာခံတွေကို သတ်တဲ့လူ မဟုတ်ဘူးဆိုတာကို ငါ သိပါတယ် ငါ့ကောင်ရာ၊ မင်းက ဉာဏ်ကောင်းတဲ့လူပဲ၊ တကယ်လို့ မင်း မင်းရဲ့ အပေါင်းအပါကို ဖျောင်းဖျပြီး အတူတူထွက်လာပြီး လက်နက်ချမယ်ဆိုရင် ငါ တရားသူကြီးရှေ့မှာ မင်းအတွက် အသနားခံပေးနိုင်ပါတယ်”
သူသည် ထိုနောက်ဆုံးအပိုင်းကို ပြောသောအခါ လေသံကို တမင်တကာ နှိမ့်၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကြည့်ရသည်မှာ ထိုအပေးအယူက တကယ်ဖြစ်ပွားတော့မည့်အတိုင်းပင်။
“ဟဲ... ဒါက အတော်လေးဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တစ်ခုလိုပဲနော်၊ ဒါပေမဲ့... ထောင်ကျခံရတာနဲ့ လွတ်မြောက်သွားတာ နှစ်ခုကြားမှာတော့ နောက်ဆုံးတစ်ခုက ပိုဆွဲဆောင်မှုရှိတာကတော့ အထင်အရှားပဲလေ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်လက်ထဲမှာ ဘဏ်တိုက်ရဲ့ လျှို့ဝှက်နံပါတ် ရှိနေပြီး ဓားစာခံတွေကို မကယ်တင်နိုင်မချင်း... ဒါမှမဟုတ် သူတို့ မသေမချင်း... ခင်ဗျားတို့ ကျွန်တော့်ကို သေနတ်နဲ့ ပစ်နိုင်မှာမဟုတ်ဘူး မလား... ဟားဟား...”
သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်သည်။ ဤကဲ့သို့ စိတ်ကူးပေါက်ရာ လိမ်ညာလိုက်သော စကားလုံးများမှာ တကယ့်ကို ကောင်းမွန်လှသော ဒိုင်းတစ်ခု ဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ပိတ်ထားသော ဘဏ်တံခါးကြီးမှာ ထပ်မံပွင့်ဟလာလေသည်။
သံလိပ်တံခါး ဖြည်းညင်းစွာ အပေါ်တက်သွားသည်နှင့် ရဲများ၏ မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာသော မြင်ကွင်းကတော့...။