← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) ဝတ်ရုံလုပွဲ - ၄

ဘဏ်ဝင်ပေါက်၏ ပင်မတံခါးရှေ့တွင် ဓားစာခံတစ်ဦး မတ်တတ်ရပ်နေခဲ့သည်။ သူ့လက်နှင့် ခြေထောက်များသည် သေးငယ်ခိုင်ခံ့သော ပလတ်စတစ်သော့များဖြင့် ချည်နှောင်ခံထားရပြီး ခေါင်းပေါ်တွင်မူ ပိုက်ဆံအိတ်တစ်အိတ် စွပ်ခံထားရ၏။

ဘဏ်၏ မှန်တံခါးများမှာ အလိုအလျောက် ဘေးတိုက်ပွင့်သော တံခါးများဖြစ်ပြီး လူတစ်ယောက်ယောက် ချဉ်းကပ်လာတိုင်း အာရုံခံကိရိယာကို အသက်ဝင်စေသဖြင့် ဓားစာခံ ဤနေရာတွင် ရှိနေခြင်းက တံခါးများကို ဆက်ပွင့်နေစေလေသည်။

လမ်းမပေါ်မှနေ၍ ဘဏ်ခန်းမအတွင်းသို့ လှမ်းကြည့်လိုက်သောအခါ ရဲများသည် အခြားမည်သည့် ဓားစာခံကိုမှ မမြင်ရတော့ချေ။ သူတို့မြင်ကွင်းထဲတွင် ဝင်ပေါက်တွင်ရှိသော ထိုလူတစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်။

ကြမ်းပြင်ပေါ်တွင်မူ အလောင်းနှစ်လောင်း လဲလျောင်းနေလေသည်။ တစ်လောင်းမှာ ဝင်ပေါက်တွင် သေဆုံးနေခြင်းဖြစ်ပြီး ယခင်က သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသော ဓားစာခံဖြစ်ကာ အခြားတစ်လောင်းမှာမူ ကောင်တာဘေးတွင် လဲလျောင်းနေပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရချေ။ ထိုပိုနေသောအလောင်းမှာ ဓားစာခံ ဟုတ်မဟုတ် သို့မဟုတ် မည်သို့သေဆုံးခဲ့ကြောင်းကို ရဲများ မသိကြသော်လည်း သူတို့၏ ကနဦးသုံးသပ်ချက်အရမူ... ၎င်းသည် သေနတ်သံများ၊ ပေါက်ကွဲသံများဖြင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။

ပိုက်ဆံသယ်ထားသည့် ဓားပြ၏ အလောင်းနှင့် ပေါက်ကွဲမှုကြောင့် သေနတ်သမား သေဆုံးသွားခဲ့ရသည့် နေရာတို့မှာမူ အပြင်ဘက်ကနေ လှမ်းကြည့်လျှင် မမြင်တွေ့နိုင်ချေ။

“ကျွန်တော် ထင်တာတော့ ခင်ဗျားလက်ထဲမှာ မှန်ပြောင်းပါလိမ့်မယ် အရာရှိ”

ဖုန်းပုကြွယ်က ထပ်မံ ပြောဆိုလိုက်သည်။

ကလပ်တွန်သည် ဓားပြ၏ အစီအစဉ်အပေါ် လုံးဝစိတ်ရှုပ်ထွေးနေလေသည်။ သူက ရိုးရှင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ပါတယ်”

“အဲဒါကိုယူပြီး ကောင်တာဘက်ကို လှမ်းကြည့်လိုက်ပါ”

ဖုန်းပုကြွယ်က ဆို၏။

ကလပ်တွန်သည် ဖုန်းမချခဲ့ချေ။ သူသည် သူ့ဘေးက အရာရှိကို မှန်ပြောင်းတစ်လက် လှမ်းပေးရန် အချက်ပြလိုက်သည်။

သူ့နေရာကနေ ကြည့်လျှင် ကောင်တာတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သော်လည်း ဖုန်းပုကြွယ်မှာမူ ကောင်တာနောက်ကွယ်တွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ ကောင်တာပေါ်က ဖုန်းမှာလည်း သဘာဝကျကျ အောက်ဘက်သို့ ရွှေ့ပြောင်းခံထားရပြီ ဖြစ်သည်။

“ခင်ဗျား ကျွန်တော့်ကို မြင်ရလား”

သူက လက်တစ်ဖက်မြှောက်၍ ကောင်တာအပေါ်တွင် သူ့ညာဘက်လက်ကို တင်ကာ အကြိမ်အနည်းငယ် လှမ်းပြလိုက်သည်။

“ဟုတ်တယ်၊ မင်းနောက်ထပ် ဘာလုပ်ဖို့ ကြံစည်နေတာလဲ၊ ငါ့ကို လက်ခလယ်ပြမလို့လား”

ကလပ်တွန်က ပြန်ဖြေလိုက်သည်။

“ဟဲ... ကျွန်တော်က ခင်ဗျားကို လက်ပဲ ပြနိုင်လို့ စိတ်မကောင်းပါဘူး အရာရှိ”

ဖုန်းပုကြွယ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

“မှန်တံခါးက လက်ရှိပွင့်နေတာဆိုတော့ ခင်ဗျားရဲ့ စနိုက်ပါသမားက အထဲကို ပစ်နိုင်တယ်လေ၊ ကျွန်တော့်လက်ထဲမှာ ဘဏ်တိုက်ရဲ့ လျှို့ဝှက်နံပါတ်ရှိနေလို့ အားသာချက် ရနေပေမဲ့လည်း ကျွန်တော့်ခေါင်းကို ရိုင်ဖယ်မှန်ပြောင်းအောက်မှာ စမ်းသပ်ခံဖို့ဆိုတာတော့ တကယ့်ကို စွန့်စားရလွန်းလို့ လုံးဝမလုပ်ချင်ပါဘူးနော်”

“ကောင်းပြီ၊ မင်း တကယ်ပဲ ဘာလိုချင်တာလဲ၊ မင်း ဓားစာခံတွေကို ဘဏ်တိုက်ထဲမှာ ပိတ်လှောင်ထားတာ မိနစ်နှစ်ဆယ်လောက် ရှိနေပြီ၊ အခုထိလည်း ဘာမှ မပြောသေးဘူး...”

“ကျွန်တော့်မှာ ခင်ဗျားအတွက် လက်ဆောင်တစ်ခုရှိတယ် အရာရှိ”

ဖုန်းပုကြွယ်က ကလပ်တွန်၏ စကားကို ကြားဖြတ်လိုက်သည်။

အရာရှိက ခေတ္တမျှ ရပ်တန့်သွား၏။

“မင်း ဆိုလိုတာက... တံခါးဝက ဓားစာခံကို လွှတ်ပေးချင်တာလား၊ ကောင်းပြီ... ဒါဆိုငါ့လူတွေကို အဲဒီလူကို ချက်ချင်း သွားခေါ်ခိုင်းလိုက်မယ်...”

“တကယ်လို့ ခင်ဗျားတို့လူတွေ တစ်လှမ်းလောက်ပဲ တိုးလာဝံ့ရင်တောင်မှ ကျွန်တော်တံခါးဝက ကောင်ကို ချက်ချင်း ပစ်သတ်လိုက်မယ်”

ဖုန်းပုကြွယ်က ဆို၏။

“ဒါဆို မင်းဘာလုပ်နေတာလဲ”

“ကျွန်တော် သူ့ကို အဲဒီနေရာမှာ ထားထားတာက မှန်တံခါးကို ဆက်ပွင့်နေစေချင်လို့ပဲ”

ဖုန်းပုကြွယ်က ပြုံးလျက် ဆိုသည်။

“ဒါမှပဲ ကျွန်တော် ခင်ဗျားကို လက်ဆောင် ပေးနိုင်မှာလေ”

သူသည် စကားပြောနေရင်း ကောင်တာနောက်မှနေ၍ အတော်လေး ကြီးမားသော စတုရန်းပုံစံ ပစ္စည်းတစ်ခုကို တဖြည်းဖြည်းချင်း မြှောက်တင်လိုက်လေသည်။

မှန်ပြောင်းဖြင့် စောင့်ကြည့်နေသော ကလပ်တွန်သည် သူ့မျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ ဖြစ်သွားရသည်။

“ဒါက စက္ကူတိပ်တွေနဲ့ ချည်နှောင်ထားတဲ့ တစ်ကုဗပေ အရွယ်အစားရှိတဲ့ အထုတ်တစ်ထုတ်ဖြစ်ပြီး အထဲမှာ ဒေါ်လာနှစ်ဆယ်တန် ကျည်ဆန်တွေ အပြည့်ပါပဲ”

ဖုန်းပုကြွယ်သည် ထိုပစ္စည်းကို လက်ဖြင့် ကိုင်ထားခြင်းမဟုတ်ဘဲ သူ၏ ဒြပ်ဆွဲအားဆန့်ကျင်လက်နက်၏ လေဟာနယ်မြှောက်တင်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြုထားခြင်း ဖြစ်သည်။

“မင်း ဘာလုပ်မလို့လဲ...”

ကလပ်တွန်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။

“ကျွန်တော်က... ဒီလိုမျိုးလေး...”

ဖုန်းပုကြွယ်က ဆိုရင်း တိကျစွာ ချိန်ရွယ်လိုက်ပြီးနောက် “ငွေစက္ကူကျည်ဆန်” ကို ပစ်လွှတ်လိုက်တော့သည်။

ထိုပိုက်ဆံပုံကြီးသည် ဝင်ပေါက်ရှိ ဓားစာခံ၏ ခေါင်းပေါ်မှနေ၍ ပျံသန်းသွားပြီး ဘဏ်အပြင်ဘက်သို့ ထောင့်ဖြတ်အတိုင်း ထွက်ခွာသွားလေသည်။ လေထဲတွင် ပျံသန်းနေစဉ်အတွင်း ရာပေါင်းများစွာသော ငွေစက္ကူများမှာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားခဲ့သဖြင့် လမ်းမပေါ်ရှိ ရဲများ၊ သတင်းထောက်များနှင့် ပြည်သူများအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သွား၏။

ထိုပိုက်ဆံကျည်ဆန်သည် လေထုထဲတွင် ဆွဲဆောင်မှုရှိသော မျဉ်းကွေးပုံစံအတိုင်း လွင့်ပျံသွားပြီး နောက်ဆုံးတွင် လမ်းတစ်ဖက်ဆီက အဆောက်အအုံတစ်ခု၏ အပြင်ဘက်နံရံကို ထိမှန်သွားခဲ့သည်။ ၎င်းသည် သုံးထပ် သို့မဟုတ် လေးထပ်ခန့် အမြင့်တွင် ပေါက်ကွဲသွားခဲ့ပြီး...။

ကံကောင်းထောက်မစွာဖြင့် ထိုအခိုက်အတန့်တွင် လေပြေတစ်ချက် တိုက်ခတ်လာသဖြင့် ငွေစက္ကူများကို... လမ်းမတစ်လျှောက်လုံး လွင့်ပျံသွားစေတော့သည်။

ငါးစက္ကန့်... ဆယ်စက္ကန့်...

လူများမှာ တုံ့ပြန်ရန်အတွက် အချိန်အကြာကြီး မယူခဲ့ကြချေ။ ရဲတပ်ဖွဲ့တားမြစ်မျဉ်းကြောင်းနောက်မှ လူအုပ်ကြီးထဲက လူအချို့က ပိုက်ဆံများကို လှမ်းဖမ်းရန် လက်ဆန့်လိုက်ကြသောအခါ အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။

မကြာမီအချိန်အတွင်း ရဲကားများ ဝန်းရံထားသည့် ဘဏ်ရှေ့က နေရာလေးတစ်ခုသာလျှင် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ကျန်ရှိနေတော့သည်။ မီတာဒါဇင်ပေါင်းများစွာ ကွာဝေးသော အကွာအဝေးအတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများနှင့် သတင်းထောက်များသည် ရဲတပ်ဖွဲ့တားမြစ်မျဉ်းကြောင်းကို အတင်းအဓမ္မ ဖောက်ထွက်လာကြတော့သည်။ သူတို့ကို တားဆီးရမည့် ရဲအရာရှိများပင်လျှင် တိတ်တဆိတ် ကုန်း၍ ပိုက်ဆံများကို လိုက်လံကောက်ယူနေကြပြီ ဖြစ်သည်။

“ဟားဟားဟား...”

ဖုန်းတစ်ဖက်မှ ရူးသွပ်စွာရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အရင်းရှင်စနစ်ရဲ့ ကျွန်တွေ၊ သကြားရည်လူးထားတဲ့ ကျည်ဆန်တွေရဲ့ အရသာကို မြည်းစမ်းကြည့်စမ်းပါ”

“မင်း ရူးနေတာလား၊ မင်း ဘာလုပ်နေလဲဆိုတာကော ကိုယ့်ကိုယ်ကိုယ် သိရဲ့လား”

ကလပ်တွန်သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“မင်းက ဓားပြမဟုတ်ဘူး၊ မင်းက အကြမ်းဖက်သမားပဲ၊ မင်းက ဘယ်သူလဲ၊ မင်းက ဘယ်အဖွဲ့အစည်းကလဲ”

“ဟားဟား... ငါက ဘီလ်ဂိတ်စ်ပဲဟေ့၊ မဟာ ကွန်မြူနစ်ရဲဘော်ကြီးပေါ့”

ဖုန်းပုကြွယ်က အော်ဟစ်ပြောဆိုရင်း ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်သည်။

“ငါ မင်းတို့အတွက် အင်ဒရူးဂျက်ဆင် (အမေရိကန်ရဲ့ သတ္တမမြောက် သမ္မတဖြစ်ပြီး သူ့ပုံတူကို ဒေါ်လာ ၂၀ တန်ပေါ်မှာ ရိုက်နှိပ်ထားခြင်း ဖြစ်သည်) ရဲ့ စစ်မှန်တဲ့ နှုတ်ခွန်းဆက်သမှုကို ယူဆောင်လာခဲ့တာပါ”

သူပြောဆိုရင်း ဒုတိယမြောက် “ငွေစက္ကူကျည်ဆန်” ကို ထပ်မံစုပ်ယူလိုက်ပြီး လျင်မြန်စွာ ပစ်လွှတ်လိုက်ပြန်သည်။

ဒုတိယမြောက် ပိုက်ဆံကျည်ဆန် ပေါက်ကွဲသွားပြီးနောက်တွင်မူ လမ်းမကြီးတစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်သွားရသည်။ မည်သို့ပင်ဖြစ်စေ... ရဲအရာရှိတွေကလည်း လူသားတွေပဲမဟုတ်လား၊ ပြီးလျှင် ဂေါ့သမ်မြို့ကြီးတွင် ရဲလုပ်ရခြင်းသည် အလွန်အမင်းဖိအားများပြီး စွန့်စားရလွန်းသော အလုပ်အကိုင်တစ်ခု ဖြစ်သည်။ ဘယ်သူကကော ဆွဲဆောင်မခံရဘူးလို့ အာမခံနိုင်မှာလဲ။ မကြာမီအချိန်အတွင်းမှာပင် ဘဏ်ပင်မဝင်ပေါက် ပတ်ဝန်းကျင်တစ်ခုလုံး အရပ်သားများဖြင့် ပြည့်နှက်သွားခဲ့သည်။ အချို့က မြေပြင်ပေါ်တွင် ကုန်း၍ ရှာဖွေနေကြပြီး အချို့ကမူ လက်များကို ရူးသွပ်စွာ လွှဲယမ်း၍ ပိုက်ဆံများကို အမြောက်အမြား သိမ်းကျုံးယူနေကြတော့သည်။

ထို့အပြင် ငွေစက္ကူများသည် အသစ်စက်စက်များ ဖြစ်သဖြင့် လေထဲတွင် အချိန်အတော်ကြာအောင် လွင့်မျောနေကြလေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ယံသို့ တောက်ပသော မီးရှူးမီးပန်းတစ်ခု ပစ်လွှတ်လိုက်သည့်အလား ဖြစ်နေပြီး လေထုထဲတွင် တောက်ပသော စက္ကူများဖြင့် ပြည့်နှက်နေကာ မြေပြင်ပေါ်တွင်လည်း ပျော်ရွှင်မြူးထူးနေသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေသဖြင့် နေရာယူထားသော စနိုက်ပါသမားများမှာ လုံးဝ အသုံးမဝင်တော့ချေ။

“ပိုက်ဆံတွေကို မေ့ထားလိုက်စမ်း၊ မင်းတို့နေရာတွေမှာပဲ ဆက်ရှိနေကြ”

ကလပ်တွန်က အော်လံကို ယူ၍ အော်ဟစ်လိုက်သည်။

“ဘဏ်ဝင်ပေါက်ကိုပဲ သေချာစောင့်ကြည့်ထားကြ၊ သတိမလွတ်စေနဲ့”

ကျွန်ုပ်တို့ ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ဤကမ္ဘာပေါ်ရှိ လူအများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။ တခြားလူတွေ ပိုက်ဆံကောက်ရင် ကိုယ်လည်း ကောက်တယ်၊ တခြားလူတွေ လမ်းစည်းကမ်းဖောက်ရင် ကိုယ်လည်း ဖောက်တယ်၊ အခြားလူတွေ တံတွေးထွေးရင် ကိုယ်လည်း ထွေးတယ်၊ နောက်ဆုံး အခြားလူတွေ ယာဆူကူနီနတ်ကွန်းကို မီးရှို့ရင် သူတို့လည်း စဉ်းစားပြီး လမ်းပေါ်က ဂျပန်ကားတစ်စီးကို သွားဖျက်ဆီးပစ်ကြမည်ဖြစ်သည်။

သို့သော်လည်း ဤကမ္ဘာပေါ်တွင် ကွဲပြားခြားနားသော လူနည်းစုတော့ ရှိနေပါသေးသည်။ ဖြစ်နိုင်သည်မှာ သာမန်အချိန်များတွင် သူတို့သည်လည်း လမ်းစည်းကမ်းဖောက်ဖျက်ခြင်း သို့မဟုတ် တံတွေးထွေးခြင်းများ ပြုလုပ်မိနိုင်သော်လည်း အရေးကြီးသော အခိုက်အတန့်များတွင်မူ သူတို့၏ နောက်ဆုံးစည်းကမ်းကို ထိန်းသိမ်းထားနိုင်ကြသည်။

ယခုအခိုက်အတန့်တွင် ဘဏ်ဝင်ပေါက်ရှိ ရဲအရာရှိထက်ဝက်ကျော်မှာမူ မိမိတို့၏ နေရာများတွင်သာ ဆက်ရှိနေကြပြီး အလွန်အမင်းအာရုံစိုက်၍ ပိုက်ဆံမိုးရွာသွန်းနေသည်ကို လျစ်လျူရှုထားကာ စည်းကမ်းကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးပမ်းနေကြလေသည်။ သူတို့သည် ဘဏ်အတွင်းက အခြေအနေကိုလည်း စောင့်ကြည့်နေကြသည်။ ဤလူများသည် သူတို့ ဘာလုပ်နေသည်ကို သေချာပေါက် သိရှိကြသည်။ အကယ်၍ သူတို့ပါ ပိုက်ဆံလုရန် ပြေးသွားမိပါက ဘဏ်ဓားပြများကို ပရမ်းပတာ ဖြစ်နေသည့်ကြားကနေ လွတ်မြောက်သွားစေလိမ့်မည်ဖြစ်ရာ အကျိုးဆက်မှာ ပိုမိုဆိုးဝါးသွားပေလိမ့်မည်။

“ကျွန်တော့်ရဲ့ လက်ဆောင်ကို သဘောကျရဲ့လား အရာရှိ”

ဖုန်းပုကြွယ်၏ အသံမှာ ဖုန်းလက်ခံကိရိယာမှတစ်ဆင့် ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ဒါက မပြီးသေးဘူးနော်...”

သူက ဆိုရင်း တတိယမြောက် ငွေစက္ကူထုပ်ကို ထပ်မံ ပစ်လွှတ်လိုက်သည်။

“သွေးပူလေ့ကျင့်ခန်းကတော့ ပြီးသလောက် ရှိနေပြီ၊ အခု ခန့်မှန်းတမ်းကစားနည်းလေး ကစားရအောင်”

သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး “အခု ကျွန်တော် ဓားစာခံတချို့ကို လွှတ်ပေးမယ်၊ ပြီးတော့ အဲဒီဓားစာခံတွေကြားထဲမှာ ကျွန်တော့်ရဲ့ အပေါင်းအပါတွေ ပါလိမ့်မယ်”

‘ဒီကောင် ရူးနေတာလားဟ၊ သူက ဒါကို သူ့အစီအစဉ်အတိုင်း ငါ့ကို လာပြောနေတာလား’

ကလပ်တွန်က စိတ်ထဲက တွေးတောလိုက်သည်။

‘ဖြစ်နိုင်တာက... သူက ဒီအခွင့်အရေးကို အသုံးချပြီး သူ့အပေါင်းအပါတွေကို သစ္စာဖောက်ချင်နေတာလား’

“လမ်းမပေါ်က အခြေအနေက အခုပဲ ပရမ်းပတာ ဖြစ်နေတာ၊ စနိုက်ပါသမားတွေက တံခါးရှေ့က နေရာကို ပစ်ခတ်လို့မရဘူး၊ ရဲကားတွေကလည်း ထွက်လို့မရဘူး၊ ဒါကြောင့် ခင်ဗျားတို့သာ နည်းနည်းလေး သတိလွတ်သွားမယ်ဆိုရင် ကျွန်တော့်အပေါင်းအပါတွေက လူအုပ်ထဲ ရောနှောပြီး လွတ်မြောက်သွားကြလိမ့်မယ်”

ဓားပြသုံးဦးကို အမိန့်ပေးနေခဲ့သော ဖုန်းပုကြွယ်သည် ယခုတွင်မူ ရဲများကို အမိန့်ပေးညွှန်ကြားနေပြီ ဖြစ်သည်။

ကလပ်တွန်သည် တုံးအသူ မဟုတ်ချေ။ တစ်ဖက်လူက ဤစကားလုံးများကို ဆိုလာခြင်းမှာ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ မဟုတ်လျှင် ဤ “အနောနီးမတ်” သည် သူ့အပေါင်းအပါများကို ဒုက္ခပေးချင်နေခြင်း သို့မဟုတ် သူသည် တစ်စုံတစ်ခုသော လှည့်ကွက်ကို ပြင်ဆင်နေခြင်းဖြစ်ပေမည်။ တတိယမြောက် ဖြစ်နိုင်ခြေတော့ မရှိချေ။ အကယ်၍ ရှိလျှင်ပင် ယင်းက အဆုံးစီရင်ခြင်းသာ ဖြစ်လိမ့်မည်...။

“ဘဏ်နောက်က လမ်းမပေါ်က နည်းဗျူဟာအဖွဲ့တွေ နေရာမှာ ရှိနေသေးလား”

ကလပ်တွန်က သူ့ဘေးက လူကို တိုးတိုးလေး မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့၊ သူတို့ စောင့်ကြည့်နေဆဲပါ၊ ဘာထူးခြားမှုမှ မရှိပါဘူး၊ ပြတင်းပေါက်တွေပေါ်က သံတိုင်တွေအားလုံးက အကောင်းအတိုင်း ရှိနေဆဲပါ၊ အတွင်းထဲမှာ လူလှုပ်ရှားတာမျိုးလည်း မမြင်ရပါဘူး”

ရဲအရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။

“ဒီအဆောက်အအုံမှာ တခြားထွက်ပေါက်တွေ မရှိတာ သေချာရဲ့လား၊ ဥပမာ လေဝင်ပေါက်တွေ ဒါမှမဟုတ် ရေဆိုးမြောင်းတွေ စသဖြင့်ပေါ့”

ကလပ်တွန်က ထပ်မံ မေးမြန်းလိုက်သည်။

“ခေါင်မိုးပေါ်မှာတော့ လေဝင်လေထွက်ပြွန်ပေါက်တစ်ခု ရှိပါတယ်၊ အဲဒါကို စနိုက်ပါသမားတွေ စောင့်ကြည့်နေတာပါ၊ အဲဒီကနေ ဘယ်သူမှ တက်မလာသေးပါဘူး၊ ဒါ့အပြင် ဓားပြတွေ ခေါင်မိုးပေါ် ရောက်သွားရင်တောင် အောက်ကို ဆင်းစရာ လမ်းမရှိပါဘူး”

ယင်းကို ကြားသောအခါ ကလပ်တွန်က ခေါင်းမော့ကြည့်လိုက်သည်။ အဆောက်အအုံ၏ ခေါင်းမိုးမှာ မြေပြင်မှ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် မြင့်သဖြင့် အောက်သို့ ခုန်ချပါက ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် သေဆုံးခြင်းတို့သာ ဖြစ်ပေါ်စေလိမ့်မည်။ ဘေးချင်းကပ်အဆောက်အအုံ နှစ်ခုမှာလည်း ခေါင်းမိုးမှ သုံးမီတာ သို့မဟုတ် လေးမီတာခန့် ကွာဝေးပြီး ရေတံလျှောက်များလည်း ရှိနေသဖြင့် အရှိန်ယူ၍ အခြားခေါင်းမိုးများပေါ်သို့ ခုန်ကူးနိုင်မည့် ဖြစ်နိုင်ခြေကိုလည်း ပယ်ဖျက်နိုင်၏။

‘ဟမ့်... မင်း ဘယ်လို လွတ်အောင်ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့...’

ကလပ်တွန်က စိတ်ထဲမှ တွေးတောလိုက်သည်။

“ကောင်းပြီ အရာရှိ၊ ဓားစာခံတွေ ထွက်လာတော့မယ်၊ အသင့်ပြင်ထားပါ”

ဖုန်းပုကြွယ်က ဖုန်းအခြားတစ်ဖက်မှနေ၍ ဆိုလာ၏။

“ခင်ဗျား ကျွန်တော့်အပေါင်းအပါတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြားပြီးရင် ကျွန်တော့်ဆီ ဖုန်းပြန်ဆက်လိုက်ပါ”

သူက စကားပြောပြီးနောက် ဖုန်းကို ထပ်ချလိုက်ပြန်သည်။

ထိုအခိုက်အတန့်တွင် ကောင်တာ၏ ဘေးတစ်ဖက်မှနေ၍ လူရိပ်အချို့ ခုန်ထွက်လာကြလေသည်။ သူတို့သည်လည်း ခေါင်းပေါ်တွင် ပိုက်ဆံအိတ်များ စွပ်ခံထားရပြီး လက်နှင့် ခြေထောက်များကိုလည်း အတူတူ ချည်နှောင်ခံထားရသည်။

“ဓားစာခံတွေ ထွက်လာပြီးရင် သူတို့ခေါင်းပေါ်က အိတ်တွေကို ဖယ်ရှားလိုက်၊ ဒါပေမဲ့ သူတို့ကို မဖြေပေးနဲ့ဦး၊ သူတို့အားလုံးကို ဘေးခေါ်ဆောင်သွားပြီး ယာယီ စောင့်ကြည့်မှုအောက်မှာပဲ ထားထားလိုက်”

ကလပ်တွန်၏ တွေးတောပုံမှာ တော်တော်လေး ရှင်းလင်းလှသည်။ သူသည် သူ့ပတ်ဝန်းကျင်က ရဲအရာရှိများကို စတင်၍ အမိန့်များပေးနေခဲ့ပြီ ဖြစ်သည်။

“နားထောင်စမ်း၊ လူတိုင်းကို သတိထားကြ၊ သူတို့က အချည်ခံထားရတဲ့ ပုံစံပဲ ရှိနေတာ... နားလည်လား၊ ဖြစ်နိုင်တာက သူတို့ထဲက တစ်ယောက်ယောက်က ရုတ်တရက် သေနတ်ဆွဲထုတ်ပြီး မင်းတို့ကို ပစ်ခတ်နိုင်တယ်”

အခြားတစ်ဖက်တွင်မူ ဖုန်းပုကြွယ်သည် ယာဉ်ထိန်းရဲတစ်ဦးကဲ့သို့ ကောင်တာအောက်တွင် ပုန်းအောင်းလျက် ပြောလိုက်သည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကိုယ့်လူတို့ရေ... အဲဒီလမ်းအတိုင်းပဲ သွားကြ၊ ငါမင်းတို့ကို အရင်က ပြောခဲ့တဲ့အတိုင်း ရှေ့ကို ရှစ်လှမ်းလောက် ခုန်သွားပြီးရင် ဘယ်ဘက်ကို ကိုးဆယ်ဒီဂရီ လှည့်၊ ဟုတ်ပြီ... တစ်ယောက်ပြီးတစ်ယောက် တန်းစီသွားကြ၊ ရှေ့ကလူက တစ်မီတာလောက် ခုန်သွားပြီးရင် သူ့နောက်ကနေ လိုက်သွားကြ၊ အလောတကြီး လုပ်ရင် လဲကျသွားလိမ့်မယ်”

ဖုန်းပုကြွယ်၏ ညွှန်ကြားမှုအောက်တွင် ဓားစာခံများသည် တံခါးဝဆီသို့ စနစ်တကျ ခုန်ပေါက်သွားလိုက်ကြသည်။

“ဟေး၊ ဝင်စတန်၊ မင်း အခု အပြင်ထွက်လို့ ရပြီ”

ဖုန်းပုကြွယ်သည် တံခါးဝတွင် မတ်တတ်ရပ်နေသော ဓားစာခံကို အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်သည်။

မစ္စတာ ဝင်စတန်၏ နေရာနှင့် မျက်နှာမူရာအရပ်ကို တံခါးမပွင့်မီကတည်းက ဖုန်းပုကြွယ်က ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ ဝင်စတန်သာ ရှေ့သို့ ခြေလှမ်းဝက် လှမ်းဝံ့ပါက သေနတ်ဖြင့် ပစ်မည်ဟုလည်း အမိန့်ပေးထားခဲ့သည်။ ဝင်စတန်သည် ဖုန်းပုကြွယ်က ဤအမိန့်ကို အော်ဟစ်လိုက်ပြီးမှသာ ရှေ့သို့ ခုန်နိုင်ခဲ့သည်။

ယခုအချိန်တွင် ဝင်စတန်သည် ထိုအမိန့်ကို ကြားလိုက်သောအခါ သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ တံခါးဝတွင် မတ်တတ်ရပ်နေခဲ့ရသော မိနစ်အနည်းငယ်မှာ ထာဝရကဲ့သို့ ခံစားခဲ့ရပြီး နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သဖြင့် သူသည် ဝမ်းသာအားရဖြင့် မျက်ရည်များကျမိလာတော့သည်။

သို့သော်လည်း ဘဏ်တံခါးဝမှ ခုန်ထွက်ပြီးနောက်တွင်မူ သူ့ကို စောင်တစ်ထည်၊ လူနာတင်ကားတစ်စီး သို့မဟုတ် စိုးရိမ်ပူပန်သော နှုတ်ဆက်မှုများက ဆီးကြိုနေခဲ့ခြင်းမဟုတ်ဘဲ...

“လူကြီးမင်း... ကျေးဇူးပြုပြီး ဒီဘက်ကို လာပေးပါခင်ဗျာ”

ရဲအရာရှိတစ်ဦးက ဝင်စတန်ခေါင်းပေါ်က ပိုက်ဆံအိတ်ကို ဖယ်ရှားလိုက်သော်လည်း သူ့လက်ထိပ်များနှင့် ခြေထောက်များကိုတော့ သော့မဖွင့်ပေးချေ။ သူက သူ့ကို ဘေးသို့ ဆွဲခေါ်သွားပြီး မြေပြင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အခြားရဲအရာရှိနှစ်ဦး ရောက်ရှိလာပြီး သူ့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြလေသည်။

“ဒါ ဘာဖြစ်တာလဲ၊ ကျွန်တော်က ဓားစာခံပါဗျာ”

ဝင်စတန်က အော်ဟစ်လိုက်သည်။

“ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးပါ လူကြီးမင်း၊ ဓားပြက ဓားစာခံတွေကြားထဲ ရောနှောပြီး ထွက်ပြေးဖို့ ကြိုးစားနေလို့ပါ”

ရဲအရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။

“ဒါဘာအဓိပ္ပာယ်လဲ၊ ခင်ဗျားတို့က ကျွန်တော့်ကို သံသယဝင်နေတာလား”

“ဘာမှ မသေချာသေးပါဘူး၊ ပြီးတော့ ဒါက လူကြီးမင်းရဲ့ ဘေးကင်းရေးအတွက်လည်း ပါပါတယ် ခင်ဗျာ”

ဝင်စတန်သည် ဘာဆက်ပြောရမှန်း မသိတော့ချေ။ သူက မကျေမနပ် ပြောဆိုရန် ပြင်ဆင်လိုက်စဉ် ပိုက်ဆံမိုးရွာသွန်းနေခြင်းနှင့် ပတ်ဝန်းကျင်က လူအုပ်ကြီးကိုပါ မြင်တွေ့လိုက်ရသည်။

“ဟေး၊ ဘာတွေ ဖြစ်နေတာလဲဗျာ၊ ခင်ဗျားတို့က ဥပဒေလိုက်နာတဲ့ ပြည်သူတွေကိုကျတော့ ဒီမှာ ချည်နှောင်ထားပြီး ဘဏ်ဓားပြတိုက်တဲ့ ကောင်တွေကိုကျတော့ လျစ်လျူရှုထားတာလား”

...

ငါးမိနစ်ကြာပြီးနောက် ဓားစာခံ ၂၉ ဦးလုံး ဘဏ်အပြင်ဘက်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ နောက်ဆုံးဓားစာခံ ခုန်ထွက်သွားပြီးနောက် ဖုန်းပုကြွယ်သည် ဘဏ်၏ အီလက်ထရွန်နစ် သံလိပ်တံခါးကို ထပ်မံ ပိတ်ချလိုက်ပြန်သည်။

ဓားစာခံများကို စစ်ဆေးမေးမြန်းခြင်းနှင့် အထောက်အထား ခွဲခြားခြင်း လုပ်ငန်းစဉ်များမှာ ထိုအချိန်မှစ၍ အလေးအနက် စတင်တော့သည်။

ကနဦးစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက်တွင်မူ ကလပ်တွန်သည် အံ့အားသင့်ဖွယ် သတင်းအချက်အလက်အတွဲလိုက်ကြီးကို လက်ခံရရှိလေတော့သည်။

“ကောင်းပြီ၊ ကောင်းပါပြီ လူကြီးမင်းတို့ ... ခဏလောက် တိတ်ပေးကြပါ”

ကလပ်တွန်က ပြောလိုက်သည်။

“ငါ ဒီလိုပဲ ပြောပါရစေ... အစပိုင်းမှာ ဘဏ်ဓားပြသုံးယောက်လုံးကို ဓားစာခံတစ်ယောက်တည်းကနေ လက်တစ်ဖက်တည်းနဲ့ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီကောင်က အရမ်းဉာဏ်ကောင်းပြီး ယဉ်ကျေးတဲ့၊ လူသားနဲ့မတူတဲ့ အရည်အချင်းရှိတဲ့ လူသန်ကြီးတစ်ယောက်ပေါ့...”

“ဟုတ်ပါတယ်ခင်ဗျာ”

“အမှန်ပဲ”

“အတိအကျပါပဲ”

ဓားစာခံများက ထပ်လောင်းပြောဆိုလိုက်ကြသည်။

“သူ့မှာ ဘာအပေါင်းအပါမှ မရှိဘူး၊ သူက မင်းတို့ကိုလည်း နာကျင်အောင် မလုပ်ခဲ့ဘူး၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း ဘဏ်တိုက်ထဲမှာ ပိတ်လှောင်မထားခဲ့ဘူး ဟုတ်လား”

ကလပ်တွန်က ဆက်ပြောသည်။

“ဟုတ်ပါတယ်... မရှိပါဘူး”

“ဟုတ်တယ်ဗျ”

“တစ်နည်းအားဖြင့် ပြောရရင် သူက ကျွန်တော်တို့ကို ကယ်တင်ခဲ့တာပါ”

ကလပ်တွန်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“ကြားရတာတော့ သူက အခုပဲ ဟီးရိုးတစ်ယောက် ဖြစ်နေသလိုပဲ၊ ငါ့ကို တစ်ယောက်ယောက် ရှင်းပြနိုင်မလား၊ ဘာလို့ ဒီလိုဘာမှမဟုတ်တဲ့ကောင်က ငါတို့ကို လှည့်ကွက်တွေ ဆင်နေရတာလဲ”

“ဖြစ်နိုင်တာက သူက အပေါင်းအပါတစ်ယောက်အဖြစ် အထင်မှားခံရမှာ စိုးရိမ်လို့ နေမှာပေါ့”

“ဟုတ်တယ်၊ ကျွန်တော်တို့လိုမျိုး ဒီမှာ အစစ်ဆေးခံနေရတာမျိုး မဖြစ်ချင်လို့ ဖြစ်ပါလိမ့်မယ်”

“အတိအကျပဲဗျာ၊ ကျွန်တော့်ကို လွှတ်ပေးပါတော့၊ ကျွန်တော် သွားတိုင်တန်းရလိမ့်မယ်”

“ကောင်းပြီ၊ ငါ သူ့ရဲ့ ရုပ်ရည်ကို နောက်ဆုံးတစ်ကြိမ် ထပ်အတည်ပြုပါရစေ... အာရှသား၊ ဆံပင်တိုတို အမည်းရောင်၊ ခရမ်းရောင်ဝတ်စုံကို ဝတ်ထားတယ်၊ ဟုတ်တယ်မဟုတ်လား”

ကလပ်တွန်က မေးမြန်းလိုက်သည်။

အတည်ပြုချက် ရရှိပြီးနောက် သူက ဖုန်းဆီသို့ သွားကာ နံပါတ်ကို ထပ်မံ ခေါ်ဆိုလိုက်တော့သည်။

ဖုန်းသံငါးချက် မြည်ပြီးနောက်တွင်မူ ဖုန်းပုကြွယ်က နောက်ဆုံးတွင် ဖုန်းကိုင်လိုက်သည်။

“ကျွန်တော် ဘာကူညီပေးရမလဲ အရာရှိ”

“ကလေး... မင်းဘယ်သူလဲဆိုတာ ဒါမှမဟုတ် ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိပေမဲ့လည်း”

ကလပ်တွန်က ဆို၏။

“မင်းတော့ ဒုက္ခအကြီးကြီး ရောက်တော့မယ်။”

“ဟဲ... ဘာဒုက္ခလဲဗျာ”

ဖုန်းပုကြွယ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ကျွန်တော် နားထောင်ဖို့ အသင့်ပါပဲ”

“မင်းက ဓားပြတစ်ယောက် မဟုတ်ဘူးဆိုတာကို ငါသိပါတယ်၊ မင်း အဲဒီလူသုံးယောက်ကို သတ်ခဲ့တာက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ ဒါမှမဟုတ် စွမ်းရည်ပြတဲ့ လုပ်ရပ်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေမဲ့လည်း...”

ကလပ်တွန်က ဆက်ပြောသည်။

“သူတို့ကို သတ်ပြီးနောက်မှာ မင်းက ဓားစာခံတွေကို ဆက်လက် ဖမ်းဆီးထားခဲ့တယ်၊ သူတို့ကို အသုံးချပြီး ရဲတွေကို ခြိမ်းခြောက်ပြီး ကြိုးကိုင်ခဲ့တယ်၊ ပြီးတော့ ဘဏ်ထဲက ပိုက်ဆံတွေကိုလည်း လမ်းပေါ် လှမ်းပစ်ခဲ့သေးတယ်၊ ဒါက ဘဏ်ဓားပြတိုက်တာနဲ့ ဘာမှ မထူးဘူး”

“ဒါဆိုရင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ အရာရှိ ကလပ်တွန်”

ဖုန်းပုကြွယ်က မေးမြန်းလိုက်သည်။

“ကျွန်တော်က ဟီးရိုးတစ်ယောက်လား ဒါမှမဟုတ် ရာဇဝတ်ကောင်တစ်ယောက်လား”

သူ့လေသံက ရုတ်ချည်းပင် ခြောက်ခြားဖွယ်ရာ ကောင်းသွားလေသည်။

“ဒီအဖြေက တကယ့်ကို အရေးကြီးပါတယ်၊ ကျေးဇူးပြုပြီး သေချာစဉ်းစားပေးပါ”

“တံခါးကိုဖွင့်၊ အပြင်ထွက်ပြီး လက်နက်ချစမ်း၊ ပြီးတော့ ငါနဲ့အတူ စခန်းကိုလိုက်ခဲ့”

ကလပ်တွန်က ဖုန်းပုကြွယ်၏ မေးခွန်းကို မဖြေဘဲ ပြောလိုက်သည်။

“အခု မင်းလက်ထဲမှာ ဓားစာခံတွေ မရှိတော့ဘူး၊ တကယ်လို့ မင်းအပြင်ထွက်မလာဘူးဆိုရင် ငါတို့ ရှေ့တံခါးကနေ အတင်းစီးနင်းတော့မယ်”

“ကျွန်တော့်မေးခွန်းကို အရင်ဖြေပါ အရာရှိ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ပြီး အရာရှိ၏တောင်းဆိုချက်ကို လျစ်လျူရှုကာ သူ့စကားလုံးများကို ပိုမို လေးနက်စေလိုက်သည်။

“သေချာတာပေါ့ မင်းက ရာဇဝတ်ကောင်တစ်ကောင်ပဲ၊ မင်းကိုယ်မင်း ဘာကောင်ဖြစ်တယ်လို့ ထင်နေတာလဲ”

ကလပ်တွန်က အော်ဟစ်လိုက်သည်။

“တံခါးဖွင့်ပြီး လက်နက်ချစမ်း”

“အင်း...”

ဖုန်းပုကြွယ်က တွေးတောလိုက်သည်။

“ဒါက ခင်ဗျားရဲ့ အဖြေပေါ့... ဟမ့်... စိတ်ဝင်စားစရာပဲ၊ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်”

သူက စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဆိုလာ၏။

“ကောင်းပြီ၊ တံခါးကို အခုဖွင့်ပေးမယ်”

သံလိပ်တံခါးက ဖြည်းညင်းစွာ အပေါ်သို့ တက်သွားပြီး အတွင်းထဲက မြင်ကွင်းမှာ ယခင်က ပိတ်ထားခဲ့သည့်အချိန်က မြင်ကွင်းနှင့် အတိအကျ တူညီနေလေသည်။

“လက်တွေကို မြှောက်ထားစမ်း၊ ကောင်တာနောက်ကနေ အပြင်ထွက်ခဲ့”

ကလပ်တွန်က ဖုန်းထဲသို့ ပြောလိုက်သည်။

“ဟဲ... ကျွန်တော် ငြင်းပယ်ပါတယ်”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

ကလပ်တွန်သည် တစ်ဖက်လူကို လုံးဝသည်းမခံနိုင်တော့ချေ။ သူက သူ့လက်ကို မြှောက်၍ သူ့လူများကို အထဲသို့ ဝင်ရောက်ဖမ်းဆီးရန် အချက်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ဖုန်းပုကြွယ်၏ အာရုံကို လွှဲပြောင်းရန် ကြိုးပမ်းလိုက်သည်။

“မင်း ပျော်ရွှင်လို့ မဝသေးဘူးလား၊ ငါဒီနေ့ နောက်ထပ် ဘယ်သူမှ သေဆုံးသွားတာကို မမြင်ချင်တော့ဘူးနော်”

လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရဲအရာရှိလေးဦးသည် ရှေ့တံခါးမှတစ်ဆင့် စနစ်တကျ ဝင်ရောက်လာကြပြီး ကောင်တာကို ဝန်းရံရန် အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လိုက်ကြသည်။

ကလပ်တွန်သည် လက်တစ်ဖက်တွင် ဖုန်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ မှန်ပြောင်းကို ကိုင်လျက် အခြေအနေကို စောင့်ကြည့်နေလေသည်။ သူ့လူများ ကောင်တာထံ ချဉ်းကပ်သွားသည်ကို မြင်လိုက်ချိန်တွင် သူ့ရင်ထဲ ထိတ်လန့်နေခဲ့ပြီး ဖုန်းပုကြွယ်က ပြန်လည်ခုခံကာ ပစ်ခတ်မှုဖြစ်ပွားမည်ကို စိုးရိမ်နေမိသည်။

မျှော်လင့်မထားသည်က နောက်ထပ် ဖြစ်ပွားလာခဲ့သော အရာမှာ...

ရဲအရာရှိလေးဦးစလုံးမှာ ကောင်တာနောက်အား ဝေခွဲမရသော အမူအရာများဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့ထဲက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည့် တစ်ယောက်ကမူ သူ၏ စကားပြောစက်ထဲသို့ ချက်ချင်း ပြောဆိုလိုက်သည်။

“ဆရာ... ဒီမှာ ဘယ်သူမှ မရှိပါဘူး”

“ဘာ...”

ကလပ်တွန်က ဗီဇအရ ပြောလိုက်သည်။

ဖုန်းပုကြွယ်က ဖုန်းအခြားတစ်ဖက်မှနေ၍ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

“ဟဲ... ခုနက တံခါးပိတ်သွားပြီးနောက်မှာ ဘာဖြစ်သွားလဲဆိုတာ ခန့်မှန်းကြည့်ပါ”

“အမြန် ရှာကြစမ်း၊ သူက ဒီဘဏ်ထဲမှာ သေချာပေါက် ရှိနေသေးတယ်၊ သူ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ရမယ်”

ကလပ်တွန်သည် ဖုန်းပုကြွယ် ကြားသွားမည်ကိုပင် ဂရုမစိုက်တော့ဘဲ စကားပြောစက်ထဲသို့ တိုက်ရိုက် အော်ဟစ်လိုက်တော့သည်။

“ဟွန်း... ခင်ဗျား သေချာရဲ့လား”

ဖုန်းပုကြွယ်က လှောင်ပြောင်လိုက်သည်။

ကလပ်တွန်က ဖုန်းလက်ခံကိရိယာထဲသို့ ဆက်ပြော၏။

“ငါ ကောင်တာဖုန်းကို ခေါ်ခဲ့တာ သိသာနေတာပဲ...”

“ဖုန်းလွှဲပြောင်းခြင်းကို အသုံးပြုထားတာလေ”

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

“ အဲဒီသေဆုံးသွားသူရဲ့ဖုန်းက အားကုန်နေပြီလို့ ပြောခဲ့တာက လိမ်ခဲ့တာပဲ၊ သူ့ဖုန်းက အားအပြည့်ရှိနေသေးပြီး အဲဒီဖုန်းက အခုထိ ကျွန်တော့်လက်ထဲမှာပဲ ရှိသေးတယ်လေ”

ကလပ်တွန်သည် တစ်ဖက်လူက ဓားစာခံများကို မျက်စိပိတ်၊ လက်ခြေများကို ချည်နှောင်ပြီးနောက် “ငါ့မှာ အပေါင်းအပါတွေ ရှိသေးတယ်” ဟု ပြောဆိုခဲ့ခြင်း အားလုံးမှာ အချုပ်အားဖြင့်ဆိုရသော် အချိန်ဆွဲရန်အတွက် လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်းကို နောက်ကျမှသာ သဘောပေါက် နားလည်သွားခဲ့တော့သည်။

ကလပ်တွန် သူ့ဘာသာ တွေးတောလိုက်မိသည်။

‘သူ အရင်က လုပ်ခဲ့၊ ပြောခဲ့တဲ့ အရာအားလုံးက တံခါးတွေတစ်ခုပြီးတစ်ခု ပိတ်သွားတဲ့ အချိန်အထိပဲ...၊ သူကောင်းကောင်း သိထားတာက အဲဒီနောက်ပိုင်းမှာ ငါက ဓားစာခံတွေဆီကနေ အရာအားလုံးကို သိသွားမှာဖြစ်ပြီး သူ့ရဲ့ အလိမ်အညာတွေနဲ့ လုပ်ရပ်တွေအားလုံး ငါ့မျက်စိရှေ့မှာ ပေါ်သွားမယ်ဆိုတာပဲ၊ ဒါပေမဲ့ ငါအခုထိ မသိသေးတဲ့ အရာကတော့... သူ အဲဒီနောက်ဆုံးတံခါးပိတ်သွားတာနဲ့ ပြန်ပွင့်လာတဲ့ အချိန်ကြားထဲမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာပဲ...’

All Chapters