← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း (၂၆၄) ဝတ်ရုံလုပွဲ - ၆

လေထွက်ပေါက်အဖုံးကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ မည်သည့်အရာမျှ မရှိဘဲ ဗလာကျင်းနေလေသည်။ ပိုက်လိုင်းအတွင်း၌ အလင်းရောင်သည်လည်း မှိန်ဖျော့လွန်းသဖြင့် အနည်းငယ်ဝေးသောနေရာမှ အရာများကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။

ထင်ရှားသည်မှာ ကလပ်တွန်က ရဲအရာရှိလေးနှင့် စကားပြောနေသည့် အချိန်အတွင်း အတွင်းထဲက လူသည် တိတ်တဆိတ် တွားသွား၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ စောင့်ကြည့်ရေးအခန်းအတွင်း၌ ပေါက်ကွဲမှုသာ မဖြစ်ပွားခဲ့ပါက သို့မဟုတ် ရဲအရာရှိလေးသာ လုံလောက်သော အတွေ့အကြုံရှိပါက သူအပေါ်သို့ တက်လိုက်ချိန်တွင် ဗီရို၏ အပေါ်မျက်နှာပြင်မှ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်ကို သတိထားမိနိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိုသို့ သဲလွန်စရှာဖွေရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

ဖုန်းပုကြွယ်၏ ပါးနပ်မှုကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူသည် ပျက်စီးသွားသော ဘလူးတုသ်စက်ကို လေထွက်ပေါက်အတွင်း သေချာပေါက် ချန်ထားခဲ့မည်မဟုတ်သဖြင့် ထိုသဲလွန်စမှာလည်း အသုံးမဝင်တော့ချေ။

ရဲအရာရှိသည် ရှေ့သို့ မျက်နှာမူလျက် တံတောင်ဆစ်များကို အားပြုကာ လေထွက်ပေါက်အတွင်းသို့ တွားသွားဝင်ရောက်ပြီး ဖြည်းညှင်းစွာ စတင်လှုပ်ရှားလိုက်သည်။ ကလပ်တွန်၏ စကားများကို ကြားရပြီးနောက် တရားခံကို ဖမ်းဆီးနိုင်မည်ဟူသော သူ၏ ယုံကြည်ချက်မှာ အတော်လေး လျော့နည်းနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူသည် သူ၏ သံသယကို အတည်ပြုရန်အတွက်သာ ရည်ရွယ်ထားပြီး ပိုင်လိုင်းအတိုင်း တစ်ပတ်ပတ်လျက် အခန်းတစ်ခုချင်းစီ၏ လေဝင်ပေါက်များမှတစ်ဆင့် သဲလွန်စတစ်ခုခုကို ရှာတွေ့နိုင်မလားဟူ၍သာ အကဲခတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုအတောအတွင်း ဖုန်းပုကြွယ်သည် အမိုးပေါ်သို့ ဦးတည်ထားသော ဒေါင်လိုက်ပြွန်ပေါက်ကို ရှာဖွေတွေ့ရှိသွားပြီး ခေါင်မိုးဆီသို့ တက်နေပြီ ဖြစ်သည်။

တကယ်တမ်းတွင်မူ... ဖုန်းပုကြွယ်၏ မူလအစီအစဉ်မှာ ဤသို့မဟုတ်ချေ။

သူ၏ မူလရည်ရွယ်ချက်မှာ ပထမဦးစွာ ကလပ်တွန်ကို လှည့်စားရန်ဖြစ်ပြီး သူ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းနှင့် သူသည် စူပါပါဝါရှိသော ရာဇဝတ်ကောင်တစ်ဦးဖြစ်ကြောင်း သွေးတိုးစမ်းကာ တစ်ဖက်လူကို တုန်လှုပ်ခြောက်ခြားသွားစေရန် ဖြစ်သည်။ ထို့နောက်မှ ပေါက်ကွဲမှုတစ်ခုကို ဖန်တီး၍ ဒေါသထွက်အောင် ပြုလုပ်ရန် ဖြစ်သည်။ ထို့နောက် အဆိုပါလူများ အထိတ်တလန့်ဖြစ်နေသည့်အချိန်တွင် သူ လွတ်မြောက်ရန်အတွက် လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ရန် ဆင့်ခေါ်သက်ရှိတစ်ကောင်ကို သုံး၍ အာရုံလွှဲရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် အခြေအနေများက ပိုမိုရိုးရှင်းသွားပြီ ဖြစ်သည်။ ဖုန်းပုကြွယ်သည် လေထွက်ပေါက်ပိုက်လိုင်းအတွင်း၌ ရှိနေစဉ် ကလပ်တွန် စကားပြောစက်ထဲသို့ ပြောလိုက်သော စကားအားလုံးကို ကြားလိုက်ရပြီးသား ဖြစ်သည်။ ခေါင်မိုးပေါ်တွင် စောင့်ကြပ်သူ မရှိတော့သဖြင့် သူသည် ရိုးရိုးရှင်းရှင်းပင် အပြင်သို့ တွားသွားထွက်နိုင်မည်ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပိုက်လိုင်းများမှတစ်ဆင့် အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။ ယခင်က ကင်းထောက်စနိုက်ပါတစ်ဦးသာ စောင့်ကြည့်နေခြင်းဖြစ်ပြီး ၎င်းမှာလည်း တစ်ချိန်လုံး စောင့်ကြည့်နေခြင်းမဟုတ်ချေ။ ယခုအချိန်တွင်မူ သူ့ကို စောင့်ကြည့်မည့်သူ တစ်ဦးမျှ မရှိတော့ချေ။

သူသည် လေထဲတွင် တစ်ပတ်ဂျွမ်းပစ်လျက် အောက်သို့ သက်သက်သာသာ ဆင်းသက်လိုက်ပြီးနောက် ကိုယ်ကိုနှိမ့်ကာ စကားတစ်ခွန်းမှ မဆိုဘဲ ဘေးချင်းကပ်အဆောက်အအုံ၏ အမိုးပေါ်သို့ ပြေးဝင်သွားတော့သည်။

သုံးလေးမီတာခန့် ကွာဝေးသော အကွာအဝေးနှင့် လက်ရန်းတစ်ခု၏ အမြင့်မှာ ယခုအချိန်တွင် ဖုန်းပုကြွယ်အတွက် ဘာမှ မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသုံးမပြုလျှင်ပင် အလွယ်အကူ ကျော်ဖြတ်နိုင်စွမ်း ရှိသည်။

ယခင်ဖော်ပြခဲ့သည့်အတိုင်း အဆင့်၃၀ ကျော်သွားသော ကစားသမားများသည် မည်သည့် အထူးပြုကျွမ်းကျင်မှုမျိုး ရှိသည်ဖြစ်စေ Matrix ထဲကလို နံရံများကို အလွယ်တကူ တွားတက်နိုင်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာတိုက်ခိုက်နိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုး ရှိကြသည်။ ဖုန်းပုကြွယ်သည် လက်ရှိတွင် အဆင့် ၂၈ သာ ရှိသေးသည်။ ဘက်စုံတော်သော ကစားသမားတစ်ဦးအနေဖြင့် သူ့အရည်အချင်းအားလုံးမှာ သာမန်ထက် မြင့်မားနေဆဲဖြစ်သဖြင့် သဘာဝကျကျပင် ထိုကဲ့သို့ခွန်အားမျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

မှန်ပေသည်... စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားနှင့် ယှဉ်လျှင်မူ ကျန်ကစားသမားငါးဦးမှာ အေးဂျင့်စမစ်နှင့် တူပြီး ဖုန်းပုကြွယ်မှာမူ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ နောက်လိုက်တစ်ဦးနှင့်သာ တူညီပေသည်။ ထိပ်တိုက်ရင်ဆိုင်ရပါက သေချာပေါက် သေဆုံးမည်ဖြစ်သဖြင့် လမ်းမများအတိုင်း ထွက်ပြေးတိမ်းရှောင်ရခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။

သူသည် အကြိမ်အနည်းငယ် လှမ်းခုန်လိုက်ပြီးနောက် အနီးအနားရှိ လူနေအိမ်ရာအဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် မီးဘေးလှေကားကို ရှာတွေ့လိုက်ပြီး အောက်ဘက်လမ်းကြားလေးထဲသို့ လှမ်းကြည့်လိုက်ရာ ဘယ်သူမှ မရှိကြချေ။ အမှန်တကယ်တွင်မူ အနီးနားရှိ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေဆဲ ဖြစ်သည်။ လူတိုင်းက ဘဏ်ရှေ့တွင် ပိုက်ဆံသွားကောက်နေကြခြင်းကြောင့် ဖြစ်သည်။ ဖုန်းပုကြွယ်သည် အေးအေးလူလူဖြင့် အောက်သို့ ဆင်းသွားပြီး ဒုတိယထပ်သို့ ရောက်လာသောအခါ လက်ရန်းကို လက်ဖြင့် အားပြုတွန်းထုတ်၍ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်တော့သည်။

“ဟူး... ဇာတ်လမ်းထဲ ဝင်ဝင်ချင်း ဒီလိုပြဿနာမျိုးနဲ့ တိုးရတယ်လို့”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

“ကံကောင်းလို့ အချိန်အကြာကြီး မပေးရဘဲ ထွက်ပြေးနိုင်ခဲ့တာပေါ့”

သူစကားပြောရင်း ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဒါကိုခံစားလိုက်စမ်းကို အသက်သွင်းလိုက်သည်။

ဖုန်းပုကြွယ်ရှေ့ရှိ မြေပြင်ပေါ်တွင် မှော်ဝင်စက်ဝိုင်းတစ်ခုနှင့် တူညီသော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး စက်ဝိုင်းပေါ်ရှိ အလင်းရောင်မှာ ရုတ်တရက် စုစည်းသွားလေသည်။ လေထဲတွင် ခဏမျှလွင့်မျောနေပြီးနောက် အလင်းနှင့် အရိပ်တို့ စုစည်းသွားပြီး ပုံသဏ္ဍာန်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အမည် - ဆင့်ခေါ်ခြင်း တူခေါင်းကြိုးကြာ

စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်း ကျွမ်းကျင်မှု

စကေးအမျိုးအစား - ဆင့်ခေါ်ခြင်း

အကျိုးသက်ရောက်မှု - သင့်အတွက် တိုက်ခိုက်ပေးမည့် တူခေါင်းကြိုးကြာတစ်ကောင်ကို ဆင့်ခေါ်ခြင်း (ကြာချိန် ၁၀ မိနစ်၊ တည်တံ့ချိန် ၅ မိနစ်၊ တစ်ချိန်တည်းတွင် တူခေါင်းကြိုးကြာ အများဆုံး တစ်ကောင်သာ တည်ရှိနိုင်သည်)

ကုန်ကျမှု - သက်လုံအမှတ် ၅၀၊ စိတ်ဝိညာဉ်အမှတ် ၁၀

သင်ယူရန် လိုအပ်ချက် - ဆင့်ခေါ်ခြင်းကျွမ်းကျင်မှု အဆင့် F

မှတ်ချက် - ဦးခေါင်းမှာ အလွန်အမင်း လေးလံလှသဖြင့် မပျံသန်းနိုင်ပေ။

“ကြည့်ရတာ တော်တော်ထူးဆန်းတာပဲ...”

ဖုန်းပုကြွယ်သည် စကေးဖော်ပြချက်ကို မမြင်ရသော်လည်း ဆင့်ခေါ်သက်ရှိပေါ်ထွက်လာပြီးနောက် ဂိမ်းမီနူးအတွင်း၌ ၎င်း၏ အသက်အမှတ် (ရာခိုင်နှုန်းဖြင့်သာ ပြသထားပြီး တိကျသော ကိန်းဂဏန်း မရှိချေ) ကို မြင်တွေ့လိုက်ရပြီး ဘေးတွင် “ဖယ်ထုတ်သည်” ဟူသော ရွေးချယ်စရာတစ်ခု ရှိနေခဲ့သည်။

“မင်း ငါပြောတာကို နားလည်လား”

ဖုန်းပုကြွယ်က ဆင့်ခေါ်ထားသော သတ္တဝါကို မေးမြန်းလိုက်သည်။

တူခေါင်းကြိုးကြာထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ...။

“အင်း... ဟိုဘက်ကို သွားလိုက်စမ်း”

ဖုန်းပုကြွယ်က သူ့ဘယ်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

တူခေါင်းကြိုးကြက ထိုနေရာသို့ လျှောက်သွားလိုက်သည်။

“ခုန်စမ်း”

ဖုန်းပုကြွယ်က ထပ်မံအမိန့်ပေးလိုက်ပြန်သည်။

တူခေါင်းကြိုးကြာက နေရာတွင်ပင် အပေါ်သို့ လှမ်းခုန်လိုက်သည်။

“ဒီအတိုင်း ငြိမ်ငြိမ်ရပ်နေ၊ ဆယ်စက္ကန့်ကြာရင် ခုန်စမ်း”

ထိုသို့ ပြောဆိုပြီးနောက် ဖုန်းပုကြွယ်သည် အခြားလမ်းကြောင်းတစ်ခုသို့ ဆယ်မီတာကျော်ခန့် ပြေးသွားလိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ တူခေါင်းကြိုးကြာမှာ နေရာတွင်ပင် ငြိမ်သက်စွာနေပြီး သူ့နောက်သို့ လိုက်ပါလာခြင်း မရှိချေ။ သို့သော်လည်း ဆယ်စက္ကန့်ကြာပြီးနောက်တွင်မူ ၎င်း မခုန်ခဲ့ချေ။

“ငါ သဘောပေါက်ပြီ...”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

“ငါနဲ့ တိုက်ရိုက် ဆက်သွယ်လို့မရဘူး၊ ပြီးတော့ အရမ်းရှုပ်ထွေးတဲ့ အမိန့်တွေကိုလည်း လက်မခံနိုင်ဘူးပေါ့”

ထို့နောက် သူက တူခေါင်းကြိုးကြာအနီးသို့ ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်သည်။

“ငါ့ကို တိုက်ခိုက်စမ်း”

တုန့်ပြန်မှု မရှိချေ။

“အင်း...”

ဖုန်းပုကြွယ်သည် ဤသည်မှာ အကျုံးမဝင်သော အမိန့်တစ်ခုဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ဆိုလိုက်သည်။

“သေချင်ယောင်ဆောင်စမ်း”

တုံ့ပြန်မှု မရှိချေ...။

“ခြေတစ်ဖက်တည်းနဲ့ ရပ်စမ်း”

တူခေါင်းကြိုးကြာက ခိုင်းသည့်အတိုင်း လုပ်ဆောင်သည်။

“ဒီပုံစံအတိုင်း နေရာမှာတင် တစ်ပတ်လည်စမ်း”

တုံ့ပြန်မှု မရှိချေ။ သို့သော်လည်း ၎င်းသည် ခြေတစ်ဖက်တည်းဖြင့် ဆက်လက်ရပ်တန့်နေဆဲ ဖြစ်သည်။

“သူ့အရည်အချင်းထက် ကျော်နေတဲ့ အမိန့်တွေကိုတော့ လျစ်လျူရှုထားတာပေါ့...”

ဖုန်းပုကြွယ်က လက်ကိုဆန့်ထုတ်၍ တူခေါင်းကြိုးကြာ၏ လည်ပင်းကို ဆွဲညှစ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ရည်ရွယ်ချက်ကို လှုပ်ရှားမှုအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

“အသင်းဖော်တွေနဲ့ အတူတူပဲပေါ့...”

ဖုန်းပုကြွယ်သည် တူခေါင်းကြိုးကြာကို သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန် ကြိုးစားလိုက်ရာ အံ့ဩစရာကောင်းလောက်အောင်ပင် အောင်မြင်သွားလေသည်။

“ကောင်းပြီ... ငါ အကြမ်းဖျင်းတော့ နားလည်သွားပြီ”

ဖုန်းပုကြွယ်သည် စမ်းသပ်မှုကို အဆုံးသတ်လိုက်ပြီး ဆင့်ခေါ်မှုကို ဖျက်သိမ်းလိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ ဤအရာကြီးကို သူ့နောက်သို့ တစ်ချိန်လုံး လိုက်ပါခွင့်ပြုရန် မဖြစ်နိုင်ချေ။

“ဆင့်ခေါ်ထားတဲ့ သတ္တဝါတွေအားလုံးက ဒီလိုပဲလားတော့ မသိဘူး... ဘာပဲဖြစ်ဖြစ် သတင်းစာတစ်စောင် အရင်သွားဝယ်ပြီး ဂေါ့သမ်မြို့ရဲ့ အခြေအနေကို စုံစမ်းရမယ်”

ဖုန်းပုကြွယ်သည် သူ့ဘာသာရေရွတ်ရင်း လမ်းကြားလေးထဲမှ လျှောက်ထွက်သွားလိုက်လေသည်။

ထိုအတောအတွင်း မြို့၏ အခြားတစ်နေရာ၌ ဖြစ်သည်။

ပန်းခြံတစ်ခုရှိ ခုံတန်းလျားတစ်ခုပေါ်တွင် အမျိုးသားတစ်ဦး သတင်းစာဖတ်နေခဲ့သည်။ သူ့အဝတ်အစားများမှာ အလွန်ရိုးရှင်းသည်။ အကွက်ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ဂျာကင်အင်္ကျီနှင့် သာမန် ဆံပင်အတိုပုံစံမျိုး ဖြစ်သည်။

သူသည် သာမန်လမ်းသွားလမ်းလာတစ်ဦးနှင့် တူပြီး ဘယ်သူမှ အာရုံစိုက်စေမည့် ပုံစံမျိုး မရှိချေ။ အကယ်၍ ဤသည်မှာ ရုပ်ရှင်တစ်ခုသာ ဖြစ်ပါက သူသည် နောက်ခံလူတစ်ဦးသာဖြစ်ပြီး ဝေဝေဝါးဝါးဖြင့် မျက်နှာပုံသဏ္ဍာန်မပေါ်သော နောက်ခံလူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူသည် ကျောက်ရင်းဝမ်[အရိပ်ဘုရင်] ဟု အမည်ရသော ကစားသမားတစ်ဦး ဖြစ်သည်။

ရုတ်တရက် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

“တစ်ယောက်ယောက်က ဆင့်ခေါ်ခြင်းစကေးကို သုံးလိုက်ပြီ”

ထိုအသံမှာ အတော်လေး ထူးဆန်းလှသည်။ အသံသည် ကျောက်ရင်းဝမ် ထိုင်နေသော ခုံတန်းလျားအောက်မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ထိုနေရာ၌ ဘာမှ ရှိမနေချေ။

“ဘယ်လို ဆင့်ခေါ်သတ္တဝါမျိုးလဲ”

ကျောက်ရင်းဝမ်က တိုးညှင်းစွာ မေးလိုက်သည်။

“သာမန်အကောင်လေးတစ်ကောင်ပါပဲ၊ စိတ်ပူစရာမလိုပါဘူး၊ ပြီးတော့ အခုလည်း ဖျက်သိမ်းလိုက်ပြီ”

အသံက ပြန်ဖြေလိုက်သည်။

“သူ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို တိတိကျကျ ရှာဖွေနိုင်မလား”

ကျောက်ရင်းဝမ်က ထပ်မံမေးမြန်းလိုက်သည်။

“သေချာတာပေါ့”

ကျောက်ရင်းဝမ်သည် သတင်းစာကို ခေါက်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လျက် သူ့ဘာသာပြောနေသည့်အလား ရေရွတ်လိုက်သည်။

“လမ်းပြစမ်း”

All Chapters