← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း (၂၆၆) ဝတ်ရုံလုပွဲ - ၈

“ရဲမင်းကြီး ဂေါ်ဒွန်က ဒီည ဒီစက်ရုံကို ရောက်လာပြီး မစ္စတာဖရိဇ်ရဲ့ ဖမ်းဆီးတာ ခံရလိမ့်မယ်၊ နောက်ထပ် ၂၄ နာရီ ကြာပြီးနောက်တော့ ဂေါ်ဒွန်က တခြားနေရာတစ်ခုမှာ မစ္စတာဖရိဇ်ကို ပြန်နှိမ်နင်းနိုင်ခဲ့တဲ့ မြင်ကွင်းတစ်ခု ပေါ်လာလိမ့်မယ်”

ဖုန်းပုကြွယ်သည် စက်ရုံအတွင်းသို့ ဇွတ်တိုးဝင်ခြင်းမပြုဘဲ ပထမဦးစွာ ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်နှင့် ထွက်ပြေးတိမ်းရှောင်နိုင်မည့် လမ်းကြောင်းများကို အကဲခတ်လေ့လာလိုက်သည်။

“ပြောရမယ်ဆိုရင်... ဒီဇာတ်လမ်းရဲ့ အချိန်ကိုက်မှုက အရမ်းစောလွန်းနေသလိုပဲ၊ အရေးကြီးတဲ့ အဖြစ်အပျက်တွေက အခုထိ ဖြစ်မလာသေးဘူး၊ အာခမ်အကျဉ်းသားတွေကို သယ်ဆောင်လာတဲ့ အကျဉ်းထောင်ဗန်ကားက ဓားပြတိုက်မခံရသေးဘူး၊ အဲဒီနောက်ပိုင်းမှသာ မျက်နှာဖုံးနက်က အကျဉ်းသားတွေကို သွေးထိုးလှုံ့ဆော်ပြီး တူးဖေ့စ်ရဲ့ လက်နက်တွေကို လုခိုင်းတာ၊ ဂေါ့သမ်မြို့ရဲဌာနချုပ်ကို တိုက်ခိုက်တာ စတဲ့လှုပ်ရှားမှုတွေ ပေါ်လာမှာပဲ၊ ဟီးရိုးတွေကြားထဲက ဝတ်ရုံလုပွဲကလည်း တစ်ပြိုင်တည်း ဖြစ်ပွားနေတာ...”

သူသည် သူ့စိတ်ကူးထဲ၌ တွက်ချက်လိုက်သည်။

“ဒါတွေအားလုံးကို အမှီလိုက်နိုင်ဖို့ဆိုရင် ငါက ဒီဇာတ်လမ်းထဲမှာ နှစ်ရက် ဒါမှမဟုတ် သုံးရက်လောက် နေရလိမ့်မယ်၊ အဲဒါက မဖြစ်နိုင်မှန်း အသိသာကြီးပဲ၊ ဒီလို နိုးကြားခြင်းမုဒ်ဇာတ်လမ်းထဲမှာ အချိန်အကြာကြီး နေမယ်ဆိုရင် ဂိမ်းရဲ့ အချိန်ကန့်သတ်ချက်ထက် ကျော်သွားလိမ့်မယ်... တစ်နည်းအားဖြင့် ပြောရရင် ဒီသတ်ဖြတ်ခြင်းဂိမ်းမှာ စနစ်က ငါတို့ကို ပင်မဇာတ်လမ်းကို ပြောင်းလဲပစ်ဖို့အတွက် အခွင့်အရေးအများကြီးပေးဖို့ မရည်ရွယ်ထားဘူး၊ ဂေါ့သမ်မြို့ရဲ့ နောက်ခံအခြေအနေကို ခဏငှားရမ်းပြီး ငါတို့ တိုက်ခိုက်ဖို့အတွက် စင်မြင့်တစ်ခု ဖန်တီးပေးထားရုံသက်သက်ပဲ”

သူ၏ နောက်ခံအခြေအနေအပေါ် နားလည်သဘောပေါက်မှုမှာ တိကျမှန်ကန်လှသည်။ သို့သော်လည်း သူ့ရှေ့မှောက်တွင် ရှိနေသော တာဝန်မှာလည်း သေချာပေါက် ခက်ခဲကြမ်းတမ်းပေသည်...။

ကစားသမားခြောက်ဦးထဲတွင် ခွန်အားအနည်းဆုံးဖြစ်သော ဖုန်းပုကြွယ်အနေဖြင့် အားနည်းချက်ကို ပြောင်းလဲပစ်လျက် အောင်ပွဲရရှိနိုင်ရန်အတွက် သူသည် ဇာတ်လမ်းအတွင်းရှိ ရနိုင်သမျှ အရင်းအမြစ်အားလုံးကို အသုံးချရပေလိမ့်မည်။

ဟိုတယ်တွင် သတင်းစာဖတ်နေစဉ်အတွင်း သူသည် နည်းဗျူဟာသုံးခုကို ကြိုတင်စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ ပထမနည်းဗျူဟာမှာ မျက်နှာဖုံးနက်ကို သတ်ဖြတ်ပြီး သူ့နေရာကို အစားထိုးရယူရန် ဖြစ်သည်။ ထို့နောက် အာခမ်အတွင်းရှိ အကျဉ်းသားများကို ကြိုးကိုင်ခြယ်လှယ်ကာ အခြားကစားသမားများကို တိုက်ခိုက်ခိုင်းရန် ဖြစ်သည်။ ဒုတိယနည်းဗျူဟာမှာ Batcave (လင်းနို့ဂူ) ထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး တိုက်ပွဲအတွက် အရင်းအနှီးအဖြစ် အသုံးဆောင်ပစ္စည်း အမြောက်အမြားကို ခိုးယူရန် ဖြစ်သည်။ တတိယနည်းဗျူဟာမှာမူ မစ္စတာဖရိဇ်ထံမှ မိုးကြိုးအေးခဲသေနတ်ကို လုယက်ရန် ဖြစ်သည်...။

ပထမနည်းဗျူဟာကို အကောင်းဆုံးအစီအစဉ်အဖြစ် သတ်မှတ်နိုင်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန်မှာ အလွန်အမင်း ခက်ခဲ၏။ ဖုန်းပုကြွယ်သည် ဒုတိယမြောက် မျက်နှာဖုံးနက်၏ အထောက်အထားအစစ်ကို သိရှိထားပြီး သူ ဘာလုပ်ချင်သည်၊ မည်ကဲ့သို့ လုပ်ဆောင်မည်ကို သိရှိထားသော်လည်း... ထိုလူ၏ ပုန်းခိုရာနေရာကို ရှာဖွေရန်၊ သတ်ဖြတ်ရန်၊ အစားထိုးရန်နှင့် ထောင်ဖောက်မည့် အစီအစဉ်ကို ကြိုတင်လုပ်ဆောင်ရန်ဟူသော အချက်များ၌ မရေရာသော အပြောင်းအလဲများစွာ ပါဝင်နေသဖြင့် မည်သည့်အဆင့်တွင်မဆို ရှုံးနိမ့်သွားနိုင်ခြေ အလွန် မြင့်မားလှသည်။

ဒုတိယနည်းဗျူဟာကိုမူ အလယ်အလတ်အဆင့် အစီအစဉ်အဖြစ် သတ်မှတ်နိုင်သည်။ အချိန်က ပြဿနာမဟုတ်ချေ။ ပြဿနာမှာ အန္တရာယ်နှင့် ခက်ခဲမှုအဆင့်ပေါ်တွင်သာ ရှိခြင်းဖြစ်သည်။

လက်ရှိတွင် ဂေါ့သမ်မြို့၌ လင်းနို့ဂူနှစ်ခု ရှိနေခြင်းဖြစ်သည်။ တစ်ခုမှာ ဝိန်းစံအိမ်၌ ရှိပြီး အခြားတစ်ခုမှာ မြို့အောက်ရှိ ပြိုကျပျက်စီးနေသော မြေအောက်ရထားလမ်း အပျက်အစီးများအတွင်း၌ ရှိနေသည် (အဆိုပါဂူမှာ No Man's Lands အဖြစ်အပျက်အတွင်း ပြင်းထန်သော မြေငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်)။ ဘရုစ်ဝိန်း၏ လင်းနို့ဂူနှင့် ဂျေဆန်တော့ဒ်၏ ယာယီလင်းနို့ဂူ နှစ်ခုလုံးတွင် ပစ္စည်းကိရိယာ အမြောက်အမြား ရှိနေသင့်ပြီး အနည်းဆုံးတော့ အဆင့်မြင့် အရည်အသွေးရှိသော ပစ္စည်းများ ဖြစ်ပေလိမ့်မည်...။

၎င်းတို့ထဲမှ တစ်ခုခုကို ရှာဖွေရန်မှာ ဖုန်းပုကြွယ်အတွက် ခက်ခဲမည်မဟုတ်ချေ။ သူ၏ ထောက်လှမ်းရေးစွမ်းရည်နှင့် မြေပုံများနှင့် မြို့ပြသယ်ယူပို့ဆောင်ရေး အချက်အလက်များကို စစ်ဆေးကြည့်ရုံဖြင့် သိရှိနိုင်ပေသည်။ ပြဿနာမှာ... ရှာဖွေရန် လွယ်ကူသော်လည်း အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲလှသလို ပြန်လည်ထွက်ခွာရန်လည်း ခက်ခဲလှခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဂေါ့ဒ်နက်မှ ဟီးရိုးအားလုံးသည် လင်းနို့ဂူများကို ကင်းစခန်းများအဖြစ် အသုံးပြုနေကြသည်။ ဘာဘရာ (ဂေါ်ဒွန်၏ သမီး၊ ဘက်ဂဲလ်ဟောင်း ဖြစ်ပြီး The Killing Joke အတွင်း ဂျိုကာ၏ ပစ်ခတ်မှုကြောင့် လေဖြတ်သွားကာ ယခုအခါတွင် “Sage” အဖြစ် လှုပ်ရှားနေသူ) မှာလည်း ထိုနေရာ၌ ပုံမှန်နေထိုင်လေ့ရှိသည်။ အကယ်၍ သူ တစ်စုံတစ်ခုကို ခိုးယူရန် ကြိုးစားပါက စူပါဟီးရိုးတစ်ဦးနှင့် ထိပ်တိုက်တိုးသွားနိုင်ခြေ ရှိသည်။ ဖုန်းပုကြွယ်အတွက်ပင် ပြဿနာတက်သွားနိုင်သည်။

ဂျေဆန်တော့ဒ်၏ လင်းနို့ဂူနှင့် ပတ်သက်၍မူ ၎င်းမှာ အများအားဖြင့် ဗလာကျင်းနေသော်လည်း အကယ်၍ ထိုနေရာ၌ လူတစ်ယောက်ယောက် ရှိနေပါက... ဖုန်းပုကြွယ် တိတ်တဆိတ် ဝင်ရောက်ခြင်းမှာ သူ့ကိုယ်သူ သေတွင်းတူးခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ တော့ဒ်သည် အနှစ်သာရအားဖြင့် သေနတ်ကိုင်ထားပြီး လူသတ်ရန် ဝန်မလေးသော ဘက်မန်းဗားရှင်းတစ်ခု ဖြစ်သည်။ သတင်းစာများထဲက တတိယမြောက်ရော်ဘင်၏ ပြောကြားချက်အရ သူသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးပုံစံမျိုးကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့် လက်ဗလာတိုက်ခိုက်ရေး စွမ်းရည်များ၊ လက်ဖြောင့်စနိုက်ပါအဆင့် ပစ်ခတ်မှုစွမ်းရည်များ ရှိကာ အရိပ်များအတွင်း၌ လှုပ်ရှားလေ့ရှိသည်။ သူသည် အမှောင်ထုအတွင်း လှုပ်ရှားတတ်သဖြင့် သူ့ကို ရင်ဆိုင်ရသော ရာဇဝတ်ကောင်များသည် သူ၏ လှုပ်ရှားမှုကိုပင် မမြင်တွေ့နိုင်ကြချေ...။

မည်သည့် လင်းနို့ဂူကို ပစ်မှတ်ထားသည်ဖြစ်စေ ဖုန်းပုကြွယ်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် နှိုင်းယှဉ်လျှင် သေဆုံးသွားနိုင်ခြေမှာ အလွန်မြင့်မားလှသည်...။

ထို့ကြောင့် သူသည် အကျိုးအမြတ် အနည်းဆုံးဖြစ်သော်လည်း အသေချာဆုံးဖြစ်သည့် တတိယနည်းဗျူဟာကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

မစ္စတာဖရိဇ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်သာဖြစ်ပြီး အပူဒဏ်ကို မခံနိုင်ခြင်းဟူသော အားနည်းချက်မှာ ထင်ရှားလှသည်။ မစ္စတာဖရိဇ်က မိုးကြိုးအေးခဲသေနတ်ကို ကိုင်ဆောင်ထားစဉ်အတွင်း သူ့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုး မပြုလုပ်သရွေ့ သူ့ကို နှိမ်နင်းရန်မှာ ခက်ခဲမည်မဟုတ်ချေ။ ရဲမင်းကြီး ဂေါ်ဒွန်ကဲ့သို့ သာမန်လူတစ်ဦးပင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ထို့အပြင် ဖုန်းပုကြွယ်သည် ရဲများ မရောက်လာမီ မစ္စတာဖရိဇ်ကို ကြိုတင်နှိမ်နင်းလိုက်လျှင်ပင် ၎င်းသည် ဤကမ္ဘာ၏ ပင်မဇာတ်လမ်းတွဲကို သက်ရောက်မှုရှိမည်မဟုတ်ချေ။ ဗစ်တာသည် တစ်ရက် စော၍ ဖမ်းဆီးခံရခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မစ္စတာဖရိဇ်သည် ‘အေးစက်သောသံမဏိတောင်’ အကျဉ်းထောင်သို့ ပို့ဆောင်ခံရမည်ဖြစ်ရာ အာခမ်၏ ဇာတ်လမ်းတွဲနှင့် မသက်ဆိုင်ချေ။

“တကယ်လို့ ဒီဇာတ်လမ်းက အချိန်ပိုရမယ်ဆိုရင်တော့ ငါက အစွမ်းထက်တဲ့ ဗီလိန်တစ်ယောက်ယောက်နဲ့ ချိတ်ဆက်ပြီး သူ့ကို သတင်းအချက်အလက်တချို့ ပေးလိုက်ရုံနဲ့တင် Justice League ရဲ့ အခြေစိုက်စခန်းကို ဖျက်ဆီးပစ်နိုင်မှာဖြစ်သလို တခြားကစားသမားတွေဆီကိုလည်း နျူကလီးယားဗုံးတချို့ ပစ်ခိုင်းလို့ရမှာပဲ...”

ဖုန်းပုကြွယ် သူ့ဘာသာရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူသည် စက်ရုံပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်ရှုပြီးနောက် ကားပေါ်မှ ဆင်းခဲ့သော နေရာသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

“အင်း... ဒုတိယထပ် ပြတင်းပေါက်ကနေ ဝင်သွားတာက ကောင်းတဲ့အကြံပဲ...”

“ငါ သဘောပေါက်ပြီ၊ ဒါဆို မင်းက မစ္စတာဖရိဇ်ရဲ့ မိုးကြိုးအေးခဲသေနတ်ကို ခိုးချင်နေတာပေါ့ ဟုတ်လား”

အသံတစ်ခုက ဖုန်းပုကြွယ်၏ အတွေးများကို ဖြတ်တောက်လိုက်လေသည်။

ထိုအသံကို ကြားလိုက်ရချိန်တွင် ဖုန်းပုကြွယ်၏ နှလုံးသားမှာ တင်းကျပ်သွားရသည်။ သူသည် အခြားကစားသမားတစ်ဦးနှင့် ထိပ်တိုက်တိုးသွားခဲ့ပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“မင်းပြောတဲ့ စကားတွေကို ကြည့်ရရင်... မင်း ငါ့နောက်ကို လိုက်နေတာ အတော်လေး ကြာနေပြီဖြစ်ပုံရတယ်”

ဖုန်းပုကြွယ်သည် တည်ငြိမ်ဟန်ဆောင်၍ ဖြည်းညှင်းစွာ နောက်လှည့်လိုက်ပြီး အသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။

“မင်း ဘာဖြစ်လို့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်တာမျိုး မလုပ်ခဲ့တာလဲ”

သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ငါ့ကိုတော့ ‘အဲဒီလိုလုပ်ဖို့ မလိုလို့ပါ’ ဆိုပြီး လာမပြောနဲ့နော်”

ကျောက်ရင်းဝမ်၏ သာမန်အရပ်သားတစ်ဦးကဲ့သို့ ပုံရိပ်က ဖုန်းပုကြွယ်၏ မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။ သူက တည်ငြိမ်စွာ ပြန်ဖြေလာ၏။

“ချောင်းမြောင်းတိုက်ခိုက်ဖို့ဆိုတာ နည်းလမ်းတွေ လိုအပ်တယ်လေ”

သူက စကားပြောရင်း သူ့အိတ်အတွင်းမှ ပစ္စတိုတစ်လက်ကို ထုတ်ယူလိုက်သည်။

“ငါ့အတွက်တော့ တကယ်လို့ ငါမင်းကို ချောင်းတိုက်ချင်တယ်ဆိုရင် ဒီပစ္စည်းတစ်ခုတည်းနဲ့ပဲ လုပ်နိုင်မှာ”

ဖုန်းပုကြွယ် အနည်းငယ် သတိထားလိုက်ချိန်တွင် မမျှော်လင့်ဘဲ တစ်ဖက်လူက ပစ္စတိုသေနတ်ကို သူ့အိတ်အတွင်းသို့ တည်ငြိမ်စွာ ပြန်လည်ထည့်သွင်းလိုက်သည်။

“ဟဲဟဲ... နှမြောစရာကောင်းတာက ငါ့ရဲ့ ပစ်ခတ်ရေးကျွမ်းကျင်မှုအဆင့်က F ပဲ ရှိသေးတာ၊ အဝေးကနေ ပစ်မယ်ဆိုရင် ငါသေချာပေါက် လွဲသွားလိမ့်မယ်”

ကျောက်ရင်းဝမ်က ရယ်မောလျက် ပြန်လည်ဖြေကြားလိုက်သည်။

“ပြီးတော့ အနီးကပ် ချောင်းတိုက်ဖို့အတွက်ဆိုရင်လည်း ငါ့ရဲ့ လက်နက်မဲ့တိုက်ခိုက်ရေး ကျွမ်းကျင်မှုက E ပဲ ရှိသေးတာမို့လို့ ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိဘူး။

ဒါ့အပြင် ငါတို့နှစ်ယောက်လုံးက အဆင့် ၃၀ ဝန်းကျင်မှာ ရှိနေကြတာပဲ၊ ငါ မင်းနားကို တိတ်တဆိတ် ချဉ်းကပ်လာတာကို မင်းသတိမထားမိဘဲ နေလိမ့်မယ်လို့ ထင်နေတာလား၊ လမ်းတစ်လျှောက်လုံး ငါ့ရဲ့ စောင့်ကြည့်လေ့လာချက်အရ မင်းက အရမ်းသတိကြီးတဲ့လူတစ်ယောက်ပဲ၊ မင်းရဲ့ ဘေးပတ်ပတ်လည် ငါးမီတာအတွင်းကို ဝင်လာတဲ့ ဘယ်သူမဆို သေနတ်ထုတ်ဖို့ မပြောနဲ့ဦး၊ လက်လေး လှုပ်ရှားလိုက်ရုံနဲ့တင် မင်းရဲ့ အာရုံစိုက်မှုကို ခံရမှာ သေချာတယ်”

တစ်ဖက်လူ၏ စကားလုံးများကို နားထောင်နေစဉ်အတွင်း ဖုန်းပုကြွယ်သည် သူ၏ မျက်နှာအမူအရာကိုလည်း သေချာစွာ စောင့်ကြည့်လေ့လာနေခဲ့သည်။ တစ်ဖက်လူ စကားပြောဆိုပြီးနောက် သူက ပြန်လည်တုံ့ပြန်လိုက်သည်။

“ငါ မင်းမျက်နှာပေါ်မှာ ဘာမှ မမြင်ရဘူး...”

“လိမ်ညာနေတဲ့ အရိပ်အယောင် မရှိဘူး၊ အဲဒါက ဖြစ်နိုင်ခြေ နှစ်ခုကို ဆိုလိုတာပဲ... မင်းက နတ်ဘုရားအဆင့် လိမ်ညာသူတစ်ယောက် ဖြစ်နေတာ၊ ဒါမှမဟုတ် မင်းအခုပြောလိုက်တဲ့ စကားတွေက အမှန်တရား ဖြစ်နေတာပဲ...”

သူက စကားကို ခဏရပ်လိုက်ပြီး ကျောက်ရင်းဝမ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

“တကယ်လို့ မင်းက တကယ့်ပဲ လက်နက်မဲ့တိုက်ခိုက်ရေးရော ပစ်ခတ်မှုပါ ညံ့ဖျင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေမယ်ဆိုရင်... မင်းအခု ငါ့ရှေ့မှာ ပေါ်လာရတာရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေနှစ်ခု ရှိနေပြန်တာပဲ”

သူက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

“ပထမအချက်၊ မင်းက အားနည်းလွန်းတာကြောင့် ဒီဇာတ်လမ်းထဲက တခြားကစားသမားတွေကို ရင်ဆိုင်ဖို့ ငါနဲ့ မဟာမိတ်ဖွဲ့ချင်နေတာ ဖြစ်ရမယ်”

ထို့နောက် သူက ဒုတိယမြောက်လက်ညှိုးကို ထပ်မံထောင်ပြလိုက်ပြန်သည်။

“ဒုတိယဖြစ်နိုင်ခြေကတော့ မင်းရဲ့ အထူးပြုကျွမ်းကျင်မှုသုံးခုဖြစ်တဲ့ လက်နက်၊ မှော်အတတ်နဲ့ ဆင့်ခေါ်ခြင်းထဲမှာ မင်းငါ့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ လုံလောက်တဲ့ ယုံကြည်ချက်ပေးနိုင်တဲ့ အလွန်အမင်း အစွမ်းထက်တဲ့စွမ်းရည်တစ်ခု ဒါမှမဟုတ် အဲဒီထက်မကတဲ့ စွမ်းရည်တွေ ရှိနေတာပဲ ဖြစ်ရမယ်”

“အိုး...”

ကျောက်ရင်းဝမ်က စိတ်ဝင်စားသွားပုံရသည်။

“မောက်မာတယ်လို့ ထင်ရပေမယ့် တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”

သူက ဆက်ပြောလိုင်သည်။

“နောက်ထပ်ရော ဘာများ ရှိသေးလဲ”

“သေချာတာပေါ့”

ဖုန်းပုကြွယ်၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွား၏။

“လမ်းလျှောက်နေတာပဲဖြစ်ဖြစ်၊ တက္ကစီစီးနေတာပဲဖြစ်ဖြစ် ငါက ငါ့နောက်ကို လူလိုက်နေလားဆိုတာ အမြဲတမ်း သတိထားနေတတ်တာ၊ ဒါပေမဲ့ မင်းကိုတော့ ငါလုံးဝ သတိမထားမိခဲ့ဘူး။

ငါ့အထင်တော့ မင်းကိုယ်တိုင်လည်း မင်းရဲ့ ခြေရာခံတဲ့ နည်းလမ်းတွေက ငါ့ရဲ့ ထောက်လှမ်းရေးအဆင့်ထက် ကျော်လွန်နေတယ်ဆိုတာကို ကောင်းကောင်းသိထားပုံရတယ်၊ မင်းက အမှောင်ထဲမှာ ရှိနေပြီး ငါက အလင်းထဲမှာ ရှိနေတဲ့ ဒီလိုအခြေအနေမျိုးမှာ မင်းက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်လိုက်တာလဲ၊ တကယ်လို့ မင်းငါ့ကို သတ်ချင်တယ်ဆိုရင် ငါ မစ္စတာဖရိဇ်ကို ချောင်းမြောင်းတိုက်ခိုက်နေတဲ့ အချိန်အထိ စောင့်နေတာက ပိုမကောင်းဘူးလား”

ဖုန်းပုကြွယ်သည် သူ့မေးစေ့ကို ပွတ်သပ်၍ ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်သည်။

“မင်း အခုလေးတင် ငါ့ကိုပြောပြခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ငါက ဒီလို ယူဆချက်တစ်ခု ထုတ်လိုက်ချင်တယ်... မင်းရဲ့ ခြေရာခံတဲ့နည်းလမ်းက ဘယ်လိုပုံစံမျိုးပဲ ရှိနေပါစေ၊ မင်းရဲ့ တိုက်ခိုက်ရေးနည်းလမ်းကတော့... အရမ်းထင်ရှားပေါ်လွင်တဲ့ ပုံစံမျိုး ဖြစ်ရမယ်”

ကျောက်ရင်းဝမ်၏ အကြည့်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ဥပမာအားဖြင့် ဧရာမ စက်ရုပ်ကြီးတွေ၊ ရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ စိတ်ဝိညာဉ်မှော်ပညာတွေ၊ ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဆင့်ခေါ်သတ္တဝါ စသဖြင့်ပေါ့...”

ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

“ဒီလို စဉ်းစားကြည့်လိုက်ရင်တော့ အရာအားလုံး သဘာဝကျသွားပြီ”

သူက တည်ငြိမ်စွာ ဆိုသည်။

“တကယ်လို့ မင်းက မြို့ထဲမှာ လှုပ်ရှားမယ်ဆိုရင် ငါ့ကို သတ်နိုင်ခဲ့ရင်တောင်မှ ဒါက ရဲတွေ၊ စူပါဟီးရိုးတွေနဲ့ တခြားကစားသမားတွေကို သေချာပေါက် ဆွဲဆောင်မိသွားလိမ့်မယ်”

ဖုန်းပုကြွယ်က လှောင်ပြုံးပြုံးလိုက်သည်။

“ပြီးတော့ အပေါ်က ပြောခဲ့တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေကို သုံးမယ်ဆိုရင် ငါ မစ္စတာဖရိဇ်နဲ့ တိုက်ခိုက်နေတဲ့အချိန်အထိ စောင့်နေဖို့ မလိုတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာလည်း အတူတူပဲမို့လို့ပေါ့”

သူက သူလာခဲ့သော လမ်းကြောင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“ဒီစက်ရုံဝင်းက မြို့လယ်ခေါင်နဲ့ အလှမ်းဝေးသလို လူသူလည်းမရှိဘူး၊ ငါ့အထင်တော့... အမှန်တကယ်က မင်းက ငါတက္ကစီစီးပြီး ဒီဝင်းထဲကို ဝင်လာကတည်းက စတင်တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့တာပဲ၊ ဒါပေမဲ့ မင်းငါ့နောက်ကို လိုက်နေတဲ့အချိန်မှာ မင်းက အတော်လေးဝေးတဲ့ အကွာအဝေးတစ်ခုကနေ လိုက်နေခဲ့တာမို့လို့ ငါဒီစက်ရုံပတ်ပတ်လည်ကို ပတ်ကြည့်ပြီးတဲ့နောက်ပိုင်းမှသာ အနားကို ချဉ်းကပ်လာပြီး ကိုယ့်ကိုယ်ကိုယ်ထုတ်ပြနိုင်ခဲ့တာ ဖြစ်ရမယ်”

ကျောက်ရင်းဝမ်သည် ဖုန်းပုကြွယ်ကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီး “မင်းက... အရူး(ဖုန်း)ပုကြွယ်လား”

သျှီဝ၊ ဝူစစ်ချန်ရွှမ်နှင့် ခုနစ်ထွေသတ်ဖြတ်ခြင်းတို့အားလုံးသည် တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ပေါ်တွင် ၎င်းတို့၏ ဂိုဏ်းအမည်များကို ပြသထားကြပြီး ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးမှာလည်း သိသာထင်ရှားစွာပင် မိန်းကလေးတစ်ဦး၏ အမည်ဖြစ်သဖြင့် ဖုန်းပုကြွယ်၏ ငရဲကမ္ဘာရှေ့တန်းတံဆိပ်ကို မြင်တွေ့ရပြီးနောက် ကျောက်ရင်းဝမ်က ဤသို့ တွက်ချက်လိုက်ခြင်း ဖြစ်သည်။

“ကျုပ်... ကိုယ်တိုင်ပါပဲဗျာ”

ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။ သူ့လေသံမှာ အလွန်အမင်း မောက်မာဝင့်ကြွားလှသဖြင့် သူသည် ထိပ်တန်းလူကြီးတစ်ယောက် ဖြစ်နေသည့်အလား ထင်မှတ်ရပေသည်။

“မင်းရဲ့ ဆန်းစစ်လေ့လာနိုင်စွမ်းက တကယ့်ကို အထင်ကြီးစရာကောင်းတာပဲ၊ နောင်အနာဂတ်ကျရင် မင်းနဲ့ တစ်ကြိမ်လောက် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ကြည့်ချင်ပါသေးတယ်”

ကျောက်ရင်းဝမ်က ဆိုလိုက်သည်။

“ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မင်းကံဆိုးသွားပြီလို့ ငါထင်တယ်”

သူ၏ သာမန်ရိုးရှင်းသော ပုံသဏ္ဍာန်အောက်မှ ကြောက်မက်ဖွယ်အငွေ့အသက်တစ်ခု ပျံ့လွင့်လာလေသည်။

“တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၃၀ အပြင်ဘက်က ဘယ်သူမဆို ငါ့ပြိုင်ဘက် မဟုတ်ကြဘူး”

“အိုး... မင်းလေသံကို ကြည့်ရတာ မင်းလည်း အဲဒီစာရင်းထဲမှာ ပါနေတာပေါ့၊ ဒါပေမဲ့ မင်းက အမည်ဝှက်ကို သုံးထားတာလား”

ဖုန်းပုကြွယ်သည် တစ်ဖက်လူထံမှ သတင်းအချက်အလက်များကို ရယူရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

ကျောက်ရင်းဝမ်သည် မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။

“အဆင့် ၁၉၊ ဘွဲ့အမည်က အရိပ်ဘုရင်၊ ကျောက်ရင်းဝမ်”

“အဆင့် ၁၉ မှာ ရှိနေပြီးတော့ ထိပ်ဆုံးဆယ်ယောက်အောက်ကလူတွေက မင်းကို မနိုင်ဘူးလို့ ပြောတာပေါ့ ဟုတ်လား”

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

“ဒီလိုလည်း ဖြစ်နိုင်တာပဲ... ဒါဆို ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”

သူက တည်ကြည်လေးနက်စွာ ဆိုလိုက်သည်။

“ငါက တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ထဲမှာတောင် မပါသေးတာမို့ ငါ့ကို လာပြီး အထင်မသေးနဲ့ဦး၊ အဲဒီစာရင်းထဲက ဘယ်သူမဆို ငါ့ကို မနိုင်ကြဘူးနော်”

“ဟမ့်... မင်းက ငါ့ကို ကြွားလုံးထုတ်နေတယ်လို့ ထင်နေတာမလား”

ကျောက်ရင်းဝမ်က စကားပြောရင်း သူ့အိတ်ထဲမှ ဓားမြှောင်အသေးလေးတစ်လက်ကို ထုတ်ယူ၍ ပြုံးလိုက်သည်။

ဖုန်းပုကြွယ်မှာမူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း ကြွားလုံးထုတ်နေသောကြောင့် ဖြစ်သည်...။ သေမင်းဖဲချပ်များကို သူ့လက်၌ တိတ်တဆိတ် ကိုင်ထားပြီးဖြစ်ရာ တစ်ဖက်လူ၏ ရုတ်တရက် တိုက်ခိုက်မှုမှန်သမျှကို ခုခံကာကွယ်ရန် အသင့်ရှိနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ရင်းဝမ်သည် သူ့ကိုယ်သူ ဓားဖြင့် ထိုးစိုက်လိုက်လေသည်...။

“ဟေး... ငါ့ကောင်ကြီး... မင်း ဘာလုပ်နေတာလဲ...”

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

“မင်းပြိုင်ဘက်ကို ခြောက်လှန့်ပြီး သေသွားအောင် လုပ်မလို့လား...၊ ငါမင်းကို အကြံတစ်ခု ပေးရမယ်ဆိုရင် မင်းဘယ်သူ့ကိုပဲ ခြောက်လှန့်နိုင်ပါစေ ငါ့ကိုတော့ လာခြောက်လို့မရဘူးနော်...”

“ဟဲဟဲ... စိတ်မရှိပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ငါက ငါ့ရဲ့ ကိုယ်ပိုင်သွေးတွေ အများကြီးလိုအပ်လို့ပါ၊ ပြီးတော့ အဲဒီသွေးတွေက လတ်ဆတ်နေဖို့လည်း လိုတာကြောင့် အမြဲတမ်း ဒီလိုပဲ လုပ်နေရတာ”

ကျောက်ရင်းဝမ်က ခါးသီးစွာ ပြုံးလိုက်သည်။

“အစတုန်းကတော့ ငါ့မှာ အတွေ့အကြုံမရှိသေးလို့ ငါ့လက်မောင်းတွေနဲ့ ခြေထောက်တွေကိုပဲ လျှောက်ပြီး ဓားနဲ့မွှန်းနေခဲ့တာ၊ အဲဒါကြောင့် ငါ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေအပြည့်ဖြစ်ပြီး သွေးတိတ်ဆေးတွေကို အလဟဿ ဖြုန်းတီးခဲ့ရတယ်၊ နောက်ပိုင်းကျမှ ငါ နည်းလမ်းရှာတွေ့သွားခဲ့တာ၊ အဲဒါကတော့ ငါ့အသည်းကို တိုက်ရိုက်ထိုးစိုက်လိုက်တာပဲ... အဟွတ်...”

သူက စကားပြောရင်း ပါးစပ်အတွင်းမှ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ...”

ဖုန်းပုကြွယ်သည် သူ့အိတ်အတွင်းမှ မစ္စမောက်ဇီ၏ဒေါသ သေနတ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး အပေါ်သို့ မြှောက်လျက် တစ်ဖက်လူဆီသို့ ပစ်ခတ်လိုက်တော့သည်။

“ကြည့်ရတာ မင်းက ကုန်ကျစရိတ်ကြီးပြီး အန္တရာယ်များတဲ့ စကေးတစ်ခုကို အသက်သွင်းနေတာပဲ ဟမ့်”

ဖုန်းပုကြွယ်၏ ပစ်ခတ်ရေးကျွမ်းကျင်မှုအဆင့်မှာ D ဖြစ်ပြီး ပစ်ခတ်သည့် အကွာအဝေးမှာလည်း တည့်တည့်ဖြစ်နေလေသည်။ စက္ကန့်အနည်းငယ်အတွင်း ကျည်ဆန်ဒါဇင်ပေါင်းများစွာ ပြေးထွက်သွားပြီး ပစ်မှတ်ကို အားလုံးနီးပါး ထိမှန်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ကျည်ဆန်များက ကျောက်ရင်းဝမ်၏ ခန္ဓာကိုယ်နှင့် ထိမှန်ခါနီးတွင် မမြင်ရသော အကာအကွယ်တစ်ခုနှင့် ထိမှန်မိသွားပြီး ဘေးပတ်ပတ်လည်သို့ လွင့်ထွက်သွားကြသည်။

“ငါက ကျည်ကာဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ချပ်ဝတ်တစ်စုံလုံးကို ဈေးကြီးကြီးပေးပြီး ဝယ်ထားခဲ့ရတာလေ၊ ဒါတွေအားလုံးမှာ အလင်းယိုင်ခြင်းဂုဏ်သတ္တိပါတယ်”

ကျောက်ရင်းဝမ်က ရယ်မောလိုက်သည်။

“ဒီ အချိန်စက္ကန့်နည်းနည်းလေးကို ဝယ်ဖို့အတွက်ပေါ့...”

သူ့သွေးများက မြေပြင်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ့ခြေဖဝါးအောက်တွင် စက်ဝိုင်းပုံသဏ္ဍာန် သွေးအိုင်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုခဏ၌ ကျောက်ရင်းဝမ်၏ မျက်လုံးများအတွင်း အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ကြီးမှာ ဆူပွက်လာသကဲ့သို့ တရစပ် လှုပ်ရှားလာတော့သည်။

ဖုန်းပုကြွယ်သည် ဒုတိယမြောက်ကျည်အိမ်ကို မလဲတော့ချေ။ ကျည်ဆန်တိုက်ခိုက်မှုက အသုံးမဝင်ကြောင်း မြင်တွေ့ပြီးနောက် သူသည် သေနတ်ကို ပြတ်သားစွာ သိမ်းဆည်းလိုက်သည်။ ၎င်းအစား သူသည် သေမင်းဖဲချပ်ကို ထုတ်ယူလိုက်ရာ “Straight Flush” ကတ်များက လေထဲသို့ ချက်ချင်း ပျံသန်းထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ခြေထောက်ဖြင့် မြေပြင်ကို အားပြုကန်ကျောက်လိုက်ပြီး ဖဲချပ်များနောက်မှ မြှားတစ်စင်းကဲ့သို့ လိုက်ပါသွားတော့သည်။

ကျောက်ရင်းဝမ်သည် ဓားကို ဆွဲထုတ်၍ သူ့ဒဏ်ရာကို ဖိထားရင်း နောက်သို့ ဆုတ်ခွာသွား၏။ သို့သော်လည်း သူသည် ယိုင်တိယိုင်တိုင်ဖြစ်နေပြီး တည်ငြိမ်စွာ မရပ်နိုင်သေးချေ။ သူ၏ အရှိန်နှုန်းမှာလည်း သာမန်လူတစ်ဦးနှင့် မခြားနားလှသဖြင့် သူသည် သေမင်းဖဲချပ်နှင့် ဖုန်းပုကြွယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုမှ ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း ထင်ရှားနေလေသည်။

ဆိုရိုးစကားရှိသည့်အတိုင်း သံပူတုန်း ရိုက်ရပေလိမ့်မည်။ ဖုန်းပုကြွယ် လမ်းတစ်ဝက်သို့ ရောက်ရှိသောအခါ အိတ်အတွင်းမှ ခေါက်ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး သေမင်းဖဲချပ်က တစ်ဖက်လူ၏ ခုခံမှုကို ဖျက်ဆီးပစ်လိုက်ချိန်တွင် တရစပ် ရိုက်နှက်တိုက်ခိုက်ရန် စောင့်ဆိုင်းလိုက်သည်။

မမျှော်လင့်ဘဲ ဖဲချပ်များက ကျောက်ရင်းဝမ်ထံ ရောက်ခါနီးတွင် မြေပြင်ပေါ်ရှိ သွေးအိုင်ကြီးအတွင်းမှ ဧရာမလက်မောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာမှုကြောင့် “Straight Flush” အဆင့်ရှိသော သေမင်းဖဲချပ်များပင် လမ်းကြောင်းလွဲကာ လွင့်ထွက်သွားရသည်။

ယင်းကိုမြင်သောအခါ ဖုန်းပုကြွယ်က ချက်ချင်း ကိုယ်ရှိန်သတ်လိုက်သည်။ သူသည် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ခြေထောက်အားကို အသုံးပြုကာ ခန္ဓာကိုယ်ကို ရှေ့သို့ ထပ်မံ ပစ်လွှတ်လိုက်သည်။ ဧရာမလက်မောင်းကြီးကို ကွေ့ဝိုက်ကျော်ဖြတ်လျက် ကျောက်ရင်းဝမ်ဆီသို့ သူ့တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်လိုက်လေသည်။

ကျောက်ရင်းဝမ်မှ မရှောင်တိမ်းနိုင်ချေ။ ဖုန်းပုကြွယ်သည် သူ့ကို ကွက်တိ ဖမ်းဆီးမိသွားသည်။

ခွပ် ခွပ် ခွပ်…။

ခေါက်ကုလားထိုင်က ကျောက်ရင်းဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးရွာသကဲ့သို့ တရစပ် ကျရောက်သွား၏။ ဖုန်းပုကြွယ်၏ ဤထိပ်တန်းအဆင့် လက်နက်ကို အသုံးပြုနိုင်စွမ်းရှိသော ကျွမ်းကျင်မှုမှာ ငြင်းပယ်ရန် မရှိပေ...။

“ဒါဆို မင်းက တကယ်ကြီး ဆင့်ခေါ်သူတစ်ယောက်ပဲပေါ့၊ မင်းက တကယ့်ကို လက်နက်မဲ့တိုက်ခိုက်ရေးသမား ဖြစ်နေတာကိုး၊ မင်းက တကယ့်ကို အားနည်းတဲ့ကောင်ပဲ”

ဖုန်းပုကြွယ်သည် တစ်ဖက်လူကို မရပ်မနား တရစပ် ရိုက်နှက်နေခဲ့သည်။ သူသည် မည်သည့်ကရုဏာမျှ ပြသခြင်းမရှိချေ။

ဖုန်းပုကြွယ်၏ အတွေးအရ ဗီလိန်များ ရှုံးနိမ့်ရခြင်း၏ နောက်ကွယ်၌ အကြောင်းရင်းနှစ်ခု ရှိပေသည်။

ပထမအချက်၊ ၎င်းတို့ အသာစီးရနေသည့်အချိန်တွင် စကားများပြီး အချိန်ဆွဲတတ်ကြသည်။ ရုပ်ရှင်ပေါင်းများစွာတွင် ကျွန်ုပ်တို့သည် အလားတူမြင်ကွင်းမျိုးကို မြင်တွေ့ရလေ့ရှိသည်။ ဗီလိန်က ဇာတ်လိုက်၏ ဦးခေါင်းကို သေနတ်ဖြင့် အချိန်အကြာကြီး ချိန်ရွယ်ထားသော်လည်း ပစ်ခတ်ခြင်းမပြုဘဲ စကားများ တရစပ်ပြောနေတတ်သဖြင့် ဇာတ်လိုက်ကို အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အလမ်း ပေးစွမ်းလိုက်သကဲ့သို့ ဖြစ်သွားတတ်သည်။

ဒုတိယအချက် ၎င်းတို့သည် အချိန်ကို ဖြုန်းတီးတတ်ကြသည်။ ရုပ်ရှင်များထဲတွင် ထပ်မံ၍ မြင်တွေ့ရသည်မှာ ဗီလိန်များတွင် သေနတ်ရှိနေသော်လည်း ဇာတ်လိုက်ကို တစ်နေရာရာတွင် သေချာစွာ ချည်နှောင်ထားရန်၊ ဘေးတွင် ဗုံးတစ်လုံး ထားရှိရန်နှင့် ထို့နောက်မှ ထွက်ခွာသွားရန် အမြဲတမ်း သဘောကျတတ်ကြသည်။ ဒါက ဘယ်လို အမူအကျင့်မျိုးပါလိမ့်။ ဤသည်မှာ မိမိ၏ ဇနီးနှင့် ကွာရှင်းခြင်းမပြုဘဲ အမြှောင်မယားတစ်ယောက် ထားရန် ကြိုးစားနေခြင်းနှင့် အတူတူပင် ဖြစ်သည်။ တကယ့်ကို မိုက်မဲလှသော လှုပ်ရှားမှုတစ်ခု ဖြစ်ပေသည်။

ဖုန်းပုကြွယ်သည် ထိုအမှားမျိုးကို သေချာပေါက် လုပ်ဆောင်မည်မဟုတ်ချေ။ သူသည် တစ်ဖက်လူက သူ့ကိုယ်သူ ဓားဖြင့် ထိုးစိုက်လိုက်သည့်အချိန်ကတည်းက ချက်ချင်းသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရစပ်တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ပြတ်ပြတ်သားသား အသာစီးရထားခြင်း ဖြစ်သည်။ ယခုတွင်လည်း ဖုန်းပုကြွယ်သည် နည်းဗျူဟာတစ်ခုကိုသာ တင်းကြပ်စွာ လိုက်နာနေခဲ့သည်။ တစ်ဖက်လူက အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်မသွားမချင်း သူ့တိုက်ခိုက်မှုက လုံးဝ ရပ်တန့်သွားမည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ဤ “ပြတ်ပြတ်သားသား အသာစီးရမှု” ဟူသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့သည်...။

“ဟီးဟီးဟီး... ဟားဟားဟား...”

ကျောက်ရင်းဝမ်သည် ခန္ဓာကိုယ်ကို ကွေးညွတ်ထားပြီး ဦးခေါင်းကို လက်ဖြင့် ကာကွယ်ထားကာ အလွန်အမင်း သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသော်လည်း ဆက်လက်ရယ်မောနေဆဲ ဖြစ်သည်။

“နာကျင်မှုကို သဘောကျတဲ့ လူထူးဆန်းပဲ...”

ဖုန်းပုကြွယ်သည် တစ်ဖက်လူသေဆုံးမှုက လုံလောက်အောင် မမြန်သေးဟု ခံစားလိုက်ရသဖြင့် ဂွကို ပြောင်းလဲကိုင်ဆောင်လိုက်ပြီး တစ်ဖက်လူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ထုချလိုက်တော့သည်။

“ပထမတော့ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ထိုးတယ်၊ အခုကျတော့ ရိုက်နှက်ခံရတာကို ပျော်ရွှင်နေတာလား”

“မင်းရဲ့ တိုက်ခိုက်မှုက ငါ့ရဲ့ အသက်အမှတ်ကို ဘယ်လောက်ထိ လျော့သွားစေတယ် ထင်လဲ”

ကျောက်ရင်းဝမ် ဤမေးခွန်းကို မေးမြန်းလိုက်ချိန်တွင် သူ့ဦးခေါင်းကို ကာကွယ်ထားသော လက်မောင်းမှာ ဂွဖြင့် ပြင်းထန်စွာ အထုခံလိုက်ရသဖြင့် အသားများ စုတ်ပြဲကာ အရိုးများပင် ပေါ်ထွက်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ့လေသံအရ သူသည် မည်သည့်နာကျင်မှုကိုမျှ ခံစားရပုံမပေါ်ချေ။

“၈၀ ရာခိုင်နှုန်းလား၊ ၉၀ ရာခိုင်နှုန်းလား”

“ဒါဆို ငါ့ကို ပြောပြစမ်း”

ဖုန်းပုကြွယ်သည် သူ့လက်ကို နံရိုးနားသို့ ပြန်လည်ဆွဲယူပြီးနောက် ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်ရာ ကျောက်ရင်းဝမ်၏ မေးစေ့ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ဖုန်းပုကြွယ်ကိုယ်တိုင်ပင် မမျှော်လင့်ထားဘဲ ဂွ၏ အရှေ့ဘက်အခြမ်းက တစ်ဖက်လူ၏ ဦးခေါင်းခွံအတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။ ဤအနက်အရ သူက တစ်ဖက်လူ၏ ဦးနှောက်က ပျက်စီးသွားပြီး သူ၏ အသက်အမှတ်မှာလည်း ခဏချင်းအတွင်း သုညသို့ ထိုးဆင်းသွားသင့်သည်ဟု တွက်ချက်လိုက်မိသည်။

“အဟွတ်... ဂတ်...”

မေးစေ့ ထိုးဖောက်ခံလိုက်ရသဖြင့် ကျောက်ရင်းဝမ်သည် စကားကို သေသေချာချာ မပြောနိုင်တော့ချေ။ မမျှော်လင့်ထားသည်က သူသည် သူ့လက်နှစ်ဖက်ကို ရိုးရိုးရှင်းရှင်းပင် အောက်သို့ ပြန်ချလိုက်ပြီး ပုံသဏ္ဍာန်ပျက်ယွင်းနေသော သူ့မျက်နှာကို ထုတ်ဖော်၍ ဗလုံးဗထွေးဖြင့် ဆိုလိုက်သည်။

“ငါ့မှာ... အဟွတ်... အသက်အမှတ်... ၁၀... ရာခိုင်နှုန်း... ရှိနေသေးတယ်...”

“မင်းက အတော်လေး လေးနက်တဲ့လူပဲ... ငါ့ကို တကယ်ကြီး လာပြောပြနေတာလား၊ အဲဒီလိုလုပ်ဖို့ တကယ်လိုအပ်လို့လား၊ ဒါက မင်းရဲ့ ခွန်အားကို လာကြွားနေတဲ့ ပြပွဲတစ်ခုလား...”

ဖုန်းပုကြွယ်သည် တစ်စုံတစ်ခုကို ရိပ်မိသွားရသည်။ သူသည် ကျောက်ရင်းဝမ်ထံမှ အကြည့်လွှဲလိုက်ပြီး သူ့နောက်ဘက် သွေးအိုင်ကြီးအတွင်းမှ ထွက်ပေါ်လာသော သွေးလက်မောင်းကြီးဆီသို့ လှည့်ကြည့်လိုက်သည်။

ယခုအခါတွင်မူ ၎င်းမှာ လက်မောင်းတစ်ခုတည်း မဟုတ်တော့ဘဲ ဧရာမ သတ္တဝါကြီးတစ်ကောင်လုံး ပေါ်ထွက်လာနေပြီ ဖြစ်သည်။

ထိုသတ္တဝါကြီးမှာ လူသားပုံသဏ္ဍာန်ရှိပြီး အမြင့်ငါးမီတာခန့် ရှိကာ အလွန်အမင်း သန်မာထွားကျိုင်းလှသဖြင့် ပထမဆုံး မြင်တွေ့ရုံမျှဖြင့် Hulk ကြီးနှင့် တူညီနေပေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဝက်တစ်ပျက် ခဲပျစ်နေသော သွေးရည်ကြည်ပလာစမာချပ်ဝတ်ဖြင့် ဖုံးကွယ်ထားပြီး တောက်ပသော အနီရောင်နှင့် ရွှေရောင်များ ရောယှက်နေခဲ့သည်။

ထိုမကောင်းဆိုးဝါးကြီးတွင် နက်မှောင်ပြီး ဗလာကျင်းနေသော မျက်လုံးနှစ်လုံးနှင့် ပါးစပ်တစ်ခု ပါရှိသည်။ ၎င်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းခြင်းမရှိသော်လည်း ပတ်ဝန်းကျင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့် ခွန်အားတို့ကို ပျံ့လွင့်နေစေလေသည်...။

“အစောကတည်းက ငါက ဒီသွေးကျောက်တုံးမိစ္ဆာနဲ့ အသက်အမှတ်ကို အတူတူ မျှဝေနေခဲ့တာ”

ကျောက်ရင်းဝမ်၏ အသံမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဘေးပတ်ပတ်လည်မှ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခြင်းကို ရှောင်တိမ်းရန်အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်သည်။ သူ ကျောက်ရင်းဝမ်ကို ထပ်မံကြည့်ရှုလိုက်သောအခါ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မျက်စိဖြင့် မြင်နိုင်နှုန်းဖြင့် ပြန်လည်ပျောက်ကင်းနေပြီ ဖြစ်သည်။

“စိတ်မပူပါနဲ့၊ ငါမင်းကို ပြောခဲ့သားပဲ၊ ငါက တကယ်တော့ အတော်လေး အားနည်းပါတယ်”

ကျောက်ရင်းဝမ်က ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းက စောစောကလိုမျိုး ငါ့ကိုပဲ ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေမယ်ဆိုရင်တော့ မင်းကျောကို လက်သီးနဲ့ အထုခံရမှာကိုတော့ ငါတာဝန်မယူဘူးနော်”

ဖုန်းပုကြွယ်သည် ကျောက်တုံးမိစ္ဆာကြီးကို မော့ကြည့်လိုက်ပြီး သူ့စိတ်ထဲ၌ ရေရွတ်လိုက်မိသည်။

“ဒီဂိမ်းရဲ့ အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲကွာ...”

All Chapters