အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈) ဝတ်ရုံလုပွဲ - ၁၀
ယနေ့ခေတ်တွင် ဗီလိန်အဖြစ် ထွက်ပြီး လုပ်ကိုင်စားသောက်သည်မှာ စကားလုံးတစ်လုံးတည်းနဲ့ တင်စားရရင်တော့ ‘သနားစရာ’ ပဲ ဟူ၍။ ဘက်မန်းဇာတ်လမ်းတွဲထဲက ဗီလိန်များမှာ ပို၍ပင် စိတ်မချမ်းမြေ့စရာ ကောင်းလှပေသေးသည်။
ပထမဦးစွာ မျက်နှာပျက်စီးသွားရခြင်းက ပုံမှန်ကိစ္စရပ်တစ်ခု ဖြစ်သည်။ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူပင် အတော်များများ ရှိနေသေးသည်။ ဓာတုဆေးရည်ကန်ထဲသို့ ပြုတ်ကျပြီး ရေချိုးခဲ့ရသူများကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။
ဒုတိယအချက်အနေဖြင့် ကလေးဘဝက စိတ်ဒဏ်ရာများကတော့ မရှိမဖြစ် ပါဝင်ရပေမည်။ ရွယ်တူတွေရဲ့ လှောင်ပြောင်ကို ခံရတာ၊ စိတ်ဒဏ်ရာရသွားတာ၊ ခွဲခြားဆက်ဆံခံရတာ၊ အသက်ခုနစ်နှစ်သားအရွယ်ကတည်းက အကျဉ်းထောင်ထဲသို့ ပစ်ချခံရတာ စသဖြင့်... အားလုံး ရှိနေနိုင်၏။ ဘက်မန်းလိုမျိုး လမ်းဘေးဓားပြတိုက်မှုတစ်ခုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရပြီး ကြီးပြင်းလာချိန်တွင် လူ့အဖွဲ့အစည်းကို လက်စားချေတဲ့လူမျိုးကတော့ သေချာပေါက် စိတ်ဓာတ်နုနယ်လွန်းသည့်အမျိုးအစားထဲ ပါဝင်ပေသည်။ ဒါကြောင့်လည်း Bane က သူ့ကို ထုထောင်းခဲ့တာ မဆန်းပါဘူး။
ထို့နောက် စီးပွားရေးနှင့် အချစ်ရေးထဲက တစ်ခုခုကတော့ သေချာပေါက် ပျက်စီးရပေလိမ့်မည်။ အချစ်စစ်သည် ဆယ်ခါတွင် ကိုးခါက မတော်တဆမှုကြောင့် သေဆုံးသွားတတ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သစ်ပင်လိုလူမျိုး (မလှုပ်ရှားဘဲ ငြိမ်သက်နေသူ) ဖြစ်သွားတတ်သဖြင့် ထိုင်ရှိခိုးနေရမည့် အခြေအနေမျိုး ဖြစ်သည်။ ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်ကတော့ ဘယ်လိုမှ လုပ်မရတော့ချေ။ ဥပဒေအရာရှိ၊ စားသောက်ဆိုင်ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ... အားလုံးက လူ့အဖွဲ့အစည်းကို ပြန်မတော်လှန်ပါက ထိုနေ့ရက်များကို ဆက်၍ မဖြတ်သန်းနိုင်တော့တဲ့အထိ ဖြစ်သွားတတ်ကြသည်။
ဤကဲ့သို့လူများနှင့် ယှဉ်ကြည့်လိုက်လျှင် အိမ်က လူကြီးတစ်ယောက်ယောက် သေဆုံးသွားခြင်း သို့မဟုတ် ဆွေမျိုးမိတ်ဆွေတစ်ယောက်ယောက် ဖျားနာခြင်းမျိုးက အရေးတကြီး ကိစ္စရပ်တစ်ခုလို့ ခေါ်နိုင်ပါဦးမည်လော။ ဒီလိုကိစ္စမျိုးက အကောင်းဆုံးဖြစ်ရုံနဲ့တင် American Idol ရဲ့ ထိပ်ဆုံးအယောက် ၄၀ စာရင်းထဲကိုပဲ ဝင်ရောက်နိုင်ပေလိမ့်မည်။ လာစမ်းပါ... ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဘယ်သူတွေများ မိသားစုဝင်အားလုံး ကျန်းမာ၊ မတော်တဆမှုမရှိ၊ ဘယ်သူမှလည်းမသေ ဖြစ်နေနိုင်မှာလဲ။ အဲဒါက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဖြစ်ရမယ်။ အားလုံးထဲက အဆန်းပြားဆုံးအချက်ကတော့ ရိုးအီပျင်းရိဖွယ်ဘဝမျိုးကို ပိုင်ဆိုင်ထားကြသော ထိုဗီလိန်များသည် အများအားဖြင့် ဓာတုဗေဒ သို့မဟုတ် ပညာရေးပိုင်းဆိုင်ရာတွင် အဆင့်မြင့်ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ ပရော်ဖက်ဆာဘွဲ့များမှာ ပုံမှန်ကိစ္စရပ်တစ်ခုပင်။ နိုဘယ်ဆုကို ဆွတ်ခူးနိုင်စွမ်းရှိသော “xx သိပ္ပံပညာရှင်” များလည်း အမြောက်အမြား ရှိနေကြသည်။ အကယ်၍ သင်သည် ဓာတ်ခွဲခန်းလက်ထောက်တစ်ယောက်သာ ဖြစ်နေမည်ဆိုပါက စိတ်ကျန်းမာရေးဆေးရုံထဲက အခန်းဖော်တွေကိုတောင် လှမ်းနှုတ်ဆက်ဖို့ ရှက်နေရပေလိမ့်မည်။
မစ္စတာဖရိဇ်ကတော့ ထိုအင်္ဂါရပ်အားလုံးထဲမှ မွေးဖွားလာခဲ့သည့် ထိပ်တန်းဗီလိန်ကြီးတစ်ဦး ဖြစ်တော့သည်။
သူ၏ နာမည်အစစ်မှာ ဗစ်တာဖရစ်ဖြစ်ပြီး အေးခဲဓာတုဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ ချစ်လှစွာသော ဇနီးသည်မှာ ယခုခေတ်ကာလ၏ ဆေးဝါးနည်းပညာဖြင့် ကုသရန် မဖြစ်နိုင်သော ပြင်းထန်သည့် ဆုတ်ယုတ်ပျက်စီးတတ်သော ရောဂါဝေဒနာတစ်မျိုးကို ခံစားနေရခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဇနီးဖြစ်သူကို ရှင်လျက်ဖြင့် ငြိမ်သက်နေသော အခြေအနေသို့ ရောက်ရှိစေရန် အေးခဲထားခဲ့ပြီး သူမအတွက် ကုသဆေးတစ်မျိုးကို ရှာဖွေရန် သုတေသနလုပ်ငန်းများကို အပတ်တကုတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။
နောက်ပိုင်းတွင် သူ၏ သုတေသနလုပ်ငန်းကို ရန်ပုံငွေထောက်ပံ့ပေးထားသော ကုမ္ပဏီက သူ့ဓာတ်ခွဲခန်းကို လျှပ်စစ်မီး ဖြတ်တောက်ပစ်ခဲ့သည်။ ၎င်းက မတော်တဆမှုတစ်ခု ဖြစ်ပွားစေခဲ့ပြီး သူ့ခန္ဓာကိုယ်အား သွေးအေးသတ္တဝါတစ်ဦးကဲ့သို့ ဖြစ်သွားစေခဲ့ရာ သူ့ခန္ဓာကိုယ်အပူချိန်ကို အမြဲတမ်း သုညဒီဂရီ၌ ထိန်းသိမ်းထားရန် လိုအပ်သွားခဲ့သည်။ ထို့ကြောင့် သူသည် သီးသန့်ထုတ်လုပ်ထားသော ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အလွန်အမင်း ကြမ်းကြုတ်သော အပြုအမူများကို လုပ်ဆောင်လာခဲ့ကာ စူပါဗီလိန်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် ဤလူသည် မြောက်ပိုင်းသန့်စင်မြေဟု ခေါ်တွင်သော စက်ရုံအတွင်း၌ သူတစ်ဦးတည်းသာ နားလည်နိုင်သည့် အသုံးဆောင်ပစ္စည်းအချို့ကို စမ်းသပ်စစ်ဆေးနေစဉ်... မမျှော်လင့်ဘဲ စက်ရုံအပြင်ဘက်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်နှစ်ဦး ရောက်ရှိလာခဲ့သည်။ မစ္စတာဖရိဇ်သည် ဗီလိန်အဖြစ် လုပ်ကိုင်လာခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်သဖြင့် ရဲများက သူ့တည်နေရာကို ရှာဖွေတွေ့ရှိပြီး လာရောက်ဖမ်းဆီးရန် ပြင်ဆင်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် စက်ရုံပတ်ပတ်လည်ရှိ လျှို့ဝှက်နေရာများတွင် စောင့်ကြည့်ရေးကင်မရာများကို ကြိုတင်တပ်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် သူ့ကိုယ်သူ ဇဝေဇဝါဖြစ်စေသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ပထမဦးစွာ ဂျိုကာနှင့် အနည်းငယ် ဆင်တူအောင် ဝတ်ဆင်ထားသော လူတစ်ယောက်က ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို လေ့လာနေခဲ့သည်။ ထို့နောက် သာမန်လမ်းသွားလမ်းလာတစ်ယောက် ပေါ်လာခဲ့ပြီး သူတို့နှစ်ဦး စကားအနည်းငယ် ပြောဆိုပြီးနောက် ထိုလမ်းသွားလမ်းလာက သူ့ကိုယ်သူ ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထို့နောက်တွင်မူ စူပါဟီးရိုးအဆင့် တိုက်ပွဲတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ လမ်းသွားလမ်းလာက သွေးမိစ္ဆာကြီးတစ်ကောင်ကို ကြိုးကိုင်နေခဲ့ပြီး ဂျိုကာအတုကမူ သူ၏ အဆင့်မြင့် အရည်အချင်းများနှင့် တောက်ပနေသော ဖဲချပ်များကို အားကိုးလျက် တိုက်ခိုက်နေခဲ့သည်။
ဤအချိန်တွင် မစ္စတာဖရိဇ်သည် သူ၏ အစွမ်းအထက်ဆုံးဖြစ်သော မိုးကြိုးအေးခဲသေနတ်ကို ထုတ်ယူပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ တိုက်ပွဲက ထိုအတိုင်း ဆက်ဖြစ်နေပါက သူကိုယ်တိုင်ပါ ပြဿနာတက်သွားနိုင်သည် ခံစားလိုက်ရသောကြောင့် ဖြစ်သည်...။
“ကယ်ပါဦး၊ ပရော်ဖက်ဆာ ဖရစ်”
ဖုန်းပုကြွယ်သည် စက်ရုံအတွင်း၌ မစ္စတာဖရိဇ်ကို ရှာဖွေရင်း အော်ဟစ်အကူအညီတောင်းနေလေသည်။
အမှန်တကယ်တော့ သူ့ကို ရှာဖွေရန်မှာ မခက်ခဲချေ။ ပထမထပ်ရှိ အကြီးဆုံးစက်ရုံအဆောက်အအုံမှာ ဗလာကျင်းနေပြီး အပေါ်ထပ်များကိုလည်း အလွယ်တကူ မြင်တွေ့နိုင်ပေသည်။ အပေါ်ဆုံးထပ်ရှိ ကော်ရစ်ဒါသို့သွားရာ တံခါးတစ်ခုတည်းသာ သော့ခတ်ထားခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်သည် အခြားတစ်နေရာသို့ ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း မြို့ထဲသို့ ပြန်လည်ထွက်ပြေးခြင်းက အရိပ်ဘုရင်၏ တရစပ်လိုက်လံမှုကို ယာယီရပ်တန့်သွားစေနိုင်သော်လည်း ၎င်းသည် မစ္စတာဖရိဇ်ဟူသော အရင်းအမြစ်ကို လက်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်ဟု ပြန်လည်တွေးတောမိလိုက်သည်။ လက်ရှိ အခြေအနေအရ ကြည့်ရရင် အဆင့် ၁၉တွင် ရှိနေသူပင် ထိုမျှ အစွမ်းထက်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဇာတ်လမ်းထဲက အချို့လူများ ဒါမှမဟုတ် အချို့ပစ္စည်းများ၏ အကူအညီကို မရရှိပါက သူသေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
နောက်ထပ်တစ်ချက်မှာ... ဖုန်းပုကြွယ်သည် အရိပ်ဘုရင်က သူ့ကို မည်သို့ ရှာတွေ့ခဲ့လဲဆိုတာကို အမြဲတမ်း စိုးရိမ်နေခြင်း ဖြစ်သည်။ ဂေါ့သမ်ကဲ့သို့ ကြီးမားလှသော မြို့ကြီးတစ်မြို့အတွင်း၌ တစ်ဖက်လူက သူ၏တည်နေရာကို တိကျစွာ သိရှိထားပြီး အဝေးကနေ ခြေရာခံနိုင်ခြင်းမှာ သေချာပေါက် စကေးတစ်မျိုးမျိုး၊ ပစ္စည်းကိရိယာတစ်မျိုးမျိုး သို့မဟုတ်... ဆင့်ခေါ်သတ္တဝါတစ်မျိုးမျိုးကြောင့် ဖြစ်ရပေမည်။ အကယ်၍ သူသည် ထိုကိစ္စကို လျစ်လျူရှု၍ မြို့ထဲသို့ ထွက်ပြေးသွားပါက အခြေအနေမှာ တစ်ဖက်လူက အရိပ်ထဲရှိနေပြီး သူက အလင်းထဲရှိနေသည့် ပုံစံမျိုးဆီသို့ ရိုးရိုးရှင်းရှင်း ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ဤကဲ့သို့အမည်မသိ စောင့်ကြည့်မှုအောက်တွင် ဖုန်းပုကြွယ်အနေဖြင့် မည်သည့်နည်းဗျူဟာကိုမှ လက်တွေ့အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။ သူ ဘာပဲလုပ်ချင်လုပ်လုပ် အခြားတစ်ယောက်ယောက်က သူ၏ အောင်မြင်မှုများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင် သို့မဟုတ် လုယူသွားနိုင်ခြေ အလွန်မြင့်မားလှသည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် သူ့ပြိုင်ဘက်ဖြစ်သော ကျောက်ရင်းဝမ်ကို ဤနေရာ၌ပင် အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် တတိယနည်းဗျူဟာ၏ အရံအစီအစဉ်ကို အသုံးပြုလိုက်တော့သည်...။
“ပရော်ဖက်ဆာ ဖရစ်”
ဖုန်းပုကြွယ်သည် တံခါးသော့ကို ဖျက်ဆီးရန်အတွက် ဂွကို အသုံးပြုလိုက်ပြီး မစ္စတာဖရိဇ်၏ ဓာတ်ခွဲခန်းအတွင်းသို့ အပြေးအလွှား တိုးဝင်လိုက်သည်။
“ကယ်ကြပါဦး”
ဝေါ ဝရော။
သူ စကားပြောနေစဉ်အတွင်း သူ့နောက်ကျောဘက်မှ မကောင်းဆိုးဝါးကြီး လှုပ်ရှားလာသည့် အသံကို ကြားလိုက်ရသည်။ ထိုခဏ၌ သွေးကျောက်တုံးမိစ္ဆာသည် စက်ရုံ၏ တတိယထပ်သို့ အမှီလိုက်လာပြီဖြစ်ပြီး အနားသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ ကျောက်တုံးမိစ္ဆာ၏ လိုက်လံမှုအရှိန်မှာ အမှန်တကယ်တော့ အတော်လေး မြန်ဆန်လှသော်လည်း ၎င်း၏ ကြီးမားလှသောခန္ဓာကိုယ် အရွယ်အစားကြောင့် တံခါးများကို ဖြတ်သန်းချိန်နှင့် လှေကားများ တက်သည့်အချိန်တွင် အရှိန်နှေးသွားရသဖြင့် ဖုန်းပုကြွယ်ကို အကွာအဝေးတစ်ခု ရရှိစေရန် အခွင့်အရေးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
“မလှုပ်နဲ့ ကောင်လေး”
မစ္စတာဖရိဇ်က သူ့သေနတ်ဖြင့် ဖုန်းပုကြွယ်ကို ချိန်လိုက်ရင်း ဆိုလိုက်သည်။
“မင်းက ဘယ်သူလဲ”
“ဟား”
ဖုန်းပုကြွယ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စက်သေနတ်ပစ်သကဲ့သို့ စကားလုံးများကို လျင်မြန်စွာ ပြောဆိုတော့သည်။
“ကျွန်တော်က ဖုန်းပုကြွယ်ပါ၊ အနာဂတ်ကနေ ရောက်လာတဲ့ ခရီးသွားတစ်ယောက်ပါ၊ ကျွန်တော့်ဆီမှာ ခင်ဗျားရဲ့ မိန်းမကို ကုသပေးနိုင်တဲ့ ဆေးရှိသလို ဒီဆေးက ခင်ဗျားကိုလည်း ကုသပေးနိုင်ပါတယ်၊ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပေနှစ်ဆယ်နီးပါးရှိပြီး အလေးချိန် တစ်တန်လောက်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ကျွန်တော့်နောက်ကနေ လိုက်ပြီး တိုက်ခိုက်နေလို့ပါ၊ အဲ့ဒီမကောင်းဆိုးဝါးကို ကြိုးကိုင်နေတဲ့လူက ပြင်းထန်တဲ့ စိတ်ဝေဒနာကို ခံစားနေရတာပါ၊ သူက သူ့ကိုယ်သူ ဒီဒိုင်မန်းရှင်းအထက်မှာ ရှိနေတဲ့ တည်ရှိမှုတစ်ခုလို့ ယုံကြည်နေတာပါ၊ သူက လူသားတွေရဲ့ အသက်ကို တန်ဖိုးမရှိဘူးလို့ သတ်မှတ်ထားလို့ ကျွန်တော့်ကို သတ်ပစ်ဖို့အတွက် ဘာမဆို လုပ်မယ့်လူ ဖြစ်ပါတယ်၊ ကျွန်တော်သေသွားတာနဲ့ ဘယ်သူမှ ဆေးရတော့မှာ မဟုတ်တာမို့လို့ ကျွန်တော့်ကို ကယ်တင်ပေးပါဦး ပရော်ဖက်ဆာ”
ဂရား။
ထိုအခိုက်အတန့်တွင် သွေးကျောက်တုံးမိစ္ဆာကြီးက ဖုန်းပုကြွယ်၏ နောက်တွင် ပေါ်ထွက်လာပြီး ဟိန်းဟောက်သံတစ်ချက် ပြုလုပ်လိုက်လေသည်။ ကျောက်ရင်းဝမ်သည်လည်း နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
မစ္စတာဖရိဇ်၏ ဘဝတစ်ခုလုံးတွင် တစ်ခုတည်းသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက်မှာ သူ၏ ဇနီးသည် ဖြစ်သည်။ သူသည် ဖုန်းပုကြွယ်၏ စကားများကို ရာနှုန်းပြည့် မယုံကြည်သော်လည်း သူ့ဓာတ်ခွဲခန်းအတွင်းသို့ အတင်းအကျပ် တိုးဝင်လာသော ထူးဆန်းသည့် သတ္တဝါတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် မစ္စတာဖရိဇ်အနေဖြင့် သူနှင့်ပြောဆိုဆွေးနွေးရန် ကြိုးစားနေသော လူသားတစ်ဦးကို ယုံကြည်ရန်နှင့် ကူညီပေးရန် ပိုမိုဆန္ဒရှိနေသည်မှာ ထင်ရှားလှသည်။
“ဝပ်လိုက်”
မစ္စတာဖရိဇ်က အေးစက်စွာ ဆိုလိုက်သည်။
မိုးကြိုးအေးခဲသေနတ်၏ အမြင့်ဆုံးစွမ်းအားမှာ ဟာသတစ်ခု မဟုတ်ချေ။ ကြမ်းတမ်းလှသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မူလက နိမ့်ကျနေသော အပူချိန်မှာ ထပ်မံ၍ ထိုးဆင်းသွားရသည်။
ကျောက်ရင်းဝမ်မှာမူ သေချာပေါက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိချေ။ သို့သော်လည်း သူ လုပ်ဆောင်နိုင်သည်မှာ သွေးကျောက်တုံးမိစ္ဆာကြီး၏ နောက်တွင် ပုန်းအောင်းလိုက်ခြင်းသာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းက အသုံးမဝင်ပါချေ။
ဤမိုးကြိုးအေးခဲသေနတ်သည် ကြီးမားသော ရေကူးကန်ကြီးတစ်ကန်ကို ဆယ်စက္ကန့်အတွင်း အေးခဲသွားစေနိုင်စွမ်းရှိပြီး ကျောက်ရင်းဝမ်နှင့် သွေးကျောက်တုံးမိစ္ဆာကြီး နှစ်ဦးလုံး ပေါင်းစပ်လိုက်လျှင်ပင် အခန်းတစ်ခန်း၏ တစ်ဝက်ပင် မရှိချေ။ အေးခဲမိုးကြိုးဒဏ်ကို တိုက်ရိုက်ထိမှန်မိသွားသဖြင့် ၎င်းတို့သည် စက္ကန့်အနည်းငယ်အတွင်း ထူထဲလှသော ရေခဲတုံးကြီးအတွင်း၌ ပိတ်မိသွားကြရပြီး ပယင်းကျောက်ထဲက ယင်ကောင်များပမာ လုံးဝလှုပ်ရှားနိုင်စွမ်း မရှိကြတော့ချေ။
“ဟူး...”
ကြမ်းပြင်ပေါ်တွင် ဝပ်နေသော ဖုန်းပုကြွယ်သည် ခေါင်းမော့လိုက်ပြီး နောက်သို့ လှမ်းကြည့်လိုက်သည်။ သူသည် ဝမ်းသာခြင်းထက် စိတ်သက်သာရာရမှုကို ပိုခံစားလိုက်ရသည်။ ကံကောင်းလို့ ငါမစ္စတာဖရိဇ်ကို မတိုက်ခိုက်ခင် သူတို့နဲ့ ထိပ်တိုက်တိုးခဲ့တာ။ ကြည့်ရတာ ငါက ဒီဇာတ်လမ်းထဲက ဗီလိန်တွေရဲ့ ခွန်အားကို အထင်သေးခဲ့မိပုံပဲ...။
“ကောင်လေး”
မိုးကြိုးအေးခဲသေနတ် ပြန်လည်အားဖြည့်သံနှင့်အတူ မစ္စတာဖရိဇ်သည် သေနတ်ပြောင်းဝကို ဖုန်းပုကြွယ်ဆီသို့ လှည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
“မင်းဆီမှာ ငါ့ဇနီးအတွက် ကုသဆေးရှိတယ်လို့ ကြားလိုက်မိသလိုပဲနော်”
“ဟုတ်ပါတယ်၊ ပြီးတော့ အဲဒီဆေးကို ခင်ဗျားကို ပေးဖို့လည်း ကျွန်တော် အရမ်းဝမ်းသာမိပါတယ်”
ဖုန်းပုကြွယ်က ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်သည်။
“ကျွန်တော့်ကို ရေခဲချောင်းဖြစ်အောင် ပစ်လိုက်တာက... အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးသွားစေရုံပဲ ရှိပါလိမ့်မယ်”
“ဟမ့်...”
မစ္စတာဖရိဇ်က သူ့သေနတ်ကို အောက်ချလိုက်သည်။
“တကယ်လို့ မင်းဆီမှာ တကယ် အဲဒီလိုဆေးမျိုး ရှိတယ်ဆိုရင် ငါ့ကို သက်သေပြစမ်း”
“ပြဿနာမရှိပါဘူး”
ဖုန်းပုကြွယ်သည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး သူ့ဝတ်စုံကို သပ်ရပ်အောင် ပြုလုပ်လိုက်သည်။ ဘေးကင်းစေရန်အတွက် သူ့အိတ်အတွင်းသို့ လက်မနှိုက်မီ ဦးစွာ ဆိုလိုက်သည်။
“ကျွန်တော်က ဟင်းလင်းပြင်အိတ်ထဲကနေ ပစ္စည်းတစ်ခု ထုတ်မလို့ပါ၊ ခင်ဗျားကို ပစ်ဖို့ သေနတ်ထုတ်တာ မဟုတ်တာမို့လို့... ဒါကြောင့်...”
“ကျည်ဆန်တွေက ငါ့သံချပ်ကာကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး”
မစ္စတာဖရိဇ်က ကြားဖြတ်ပြောလိုက်သည်။
“မင်း လုပ်စရာရှိတာကို မြန်မြန်လုပ်စမ်း”
“အိုကေ... အိုကေ”
ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်ပြီး သူ့ပစ္စည်းသိုလှောင်အိတ်အတွင်းသို့ လက်နှိုက်လိုက်သည်။ မစ္စတာဖရိဇ်၏ အမြင်တွင်မူ ထိုလူသည် သူ၏ ကုတ်အင်္ကျီအတွင်းအိတ်ထဲသို့ လက်နှိုက်နေခြင်းသာ ဖြစ်သည်။
ဖုန်းပုကြွယ် ထုတ်ယူလိုသော ပစ္စည်းမှာ သေချာပေါက် SCP-500 ဖြစ်သော်လည်း သူသည် ပုလင်းလိုက်ကြီး ထုတ်ယူလောက်သည်အထိ မိုက်မဲမည်မဟုတ်ချေ။ သူသည် အိတ်ကပ်အတွင်း၌ ပုလင်းအဖုံးကို တိတ်တဆိတ် ဖွင့်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လက်သီးအတွင်း၌ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက်မှ မစ္စတာဖရိဇ်၏ ရှေ့တွင် လက်ဖဝါးကို ဖြန့်ပြရင်း ဆိုလိုက်သည်။
“ဒါပါပဲခင်ဗျာ”
“ငါ့အမြင်အရတော့ ဒါက အက်စပရင်ဆေးပြားနဲ့ ဘာမှ မခြားပါဘူး”
မစ္စတာဖရိဇ်က ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျွန်တော် နားလည်ပါတယ်... ကျွန်တော် နားလည်ပါတယ်...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါပေမဲ့... ခင်ဗျားက အာနိသင်ကို မြင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး စမ်းသပ်ခံသက်ရှိတစ်ယောက်ကို အရင်ရှာရလိမ့်မယ်”
“မင်းက အကိုက်ဆုံးပဲ”
မစ္စတာဖရိဇ်က ဖုန်းပုကြွယ်ကို စိုက်ကြည့်ရင်း ဆို၏။
“ကျွန်တော် ခန့်မှန်းပြီးသားပါ...”
ဖုန်းပုကြွယ်သည် ရေရွတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“ကောင်းပါပြီ ပရော်ဖက်ဆာ၊ ဒီလက်ပေါ်ကို အမြဲတမ်းပျက်စီးသွားစေနိုင်တဲ့ ရေခဲဒဏ်ရာအချို့ ပေးလိုက်ပါ”
မစ္စတာဖရိဇ်က သူ့ကို လှမ်းကြည့်ပြီး အံ့အားသင့်သွားပုံရသည်။
“အိုး... မင်း သေချာရဲ့လား”
“ဟုတ်ပါတယ်၊ သေချာတာပေါ့”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ပြီး တံခါးဝရှိ ကျောက်ရင်းဝမ်နှင့် သွေးကျောက်တုံးမိစ္ဆာတို့ကို လှည့်ကြည့်လိုက်သည်။
“ဒါနဲ့ စကားမစပ်၊ မိုးကြိုးသေနတ်နဲ့ အေးခဲခံထားရတဲ့ လူတစ်ယောက်က သေဆုံးဖို့အတွက် အများအားဖြင့် အချိန်ဘယ်လောက်လောက် ကြာတတ်လဲ”
“မင်းထင်ထားတာထက် အများကြီး ပိုမြန်ပါတယ်”
မစ္စတာဖရိဇ်က ဆိုရင်း သူ့ခါးဘေးမှ မိုးကြိုးအေးခဲ ပစ္စတိုအသေးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထိုလက်နက်မှာ သိသာထင်ရှားစွာပင် စွမ်းအားနိမ့်ကျပြီး သူ့လက်ထဲရှိ အမြောက်ကြီးနှင့် ယှဉ်လျှင် များစွာကွာခြားပေသည်။
“ဒါက ကိုယ့်ရဲ့ ရေခဲသေတ္တာထဲကို ဝင်သွားတာနဲ့ မတူဘူး၊ ဒါက ပြင်းထန်တဲ့ ဆဲလ်ပြင်ပ အေးခဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆဲလ်သေဆုံးမှုပဲ၊ သေချာတာပေါ့... သူတို့လိုမျိုး ဧရာမ ရေခဲတုံးကြီးထဲမှာ ပိတ်မိနေတဲ့ အခြေအနေမျိုးမှာတော့ များသောအားဖြင့် အသက်ရှူကျပ်ပြီး သေဆုံးသွားတတ်ကြတယ်”
“ဆိုလိုတာက... သုံးမိနစ်ကနေ ငါးမိနစ်အထိ အချိန်ရတာပေါ့... အား”
ဖုန်းပုကြွယ်၏ လက်သည် မိုးကြိုးတစ်ခု ထိမှန်သွားခဲ့ပြီး နှင်းခဲလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားရသည်။
“မင်းရဲ့ ဒဏ်ရာက သူတို့နဲ့ မတူဘူး၊ ငါက အထူးကြိမ်နှုန်းတစ်ခုကို သုံးထားတာ”
မစ္စတာဖရိဇ်၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
“မင်းရဲ့ ဆဲလ်ပလာစမာက ပြန်ကုသလို့မရတဲ့ ပြင်းထန်တဲ့ ပျက်စီးမှုဒဏ်ကို အလျင်အမြန် ခံစားလာရလိမ့်မယ်၊ တစ်မိနစ်အတွင်း တကယ်လို့ ဒီလက်ဖျံကို ဖြတ်ပစ်လိုက်ရင်တောင်မှ မင်းဘာမှ ခံစားရတော့မှာ မဟုတ်ဘူး”
“ဒါဆိုရင် တစ်မိနစ်လောက် စောင့်ကြည့်ကြတာပေါ့”
ဖုန်းပုကြွယ်သည် သူကိုယ်တိုင် သေနတ်အပစ်မခံထားရသည့်အလား တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ဟဲ... မင်းက ငါ့ကို တခြားအရူးတစ်ယောက်အကြောင်း သတိရစေတယ်”
မစ္စတာဖရိဇ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
“အာ... ကျွန်တော် သူ့ကို သိတာပေါ့”
ဖုန်းပုကြွယ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ရောဂါသည်တစ်ဦးကဲ့သို့ လေသံမျိုးကို အတုခိုးလိုက်သည်။
“လင်းနို့လိုမျိုး ဝတ်ထားတဲ့လူကမှ တကယ့်အရူးအစစ်ပဲ”