← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း (၂၇၀) ဝတ်ရုံလုပွဲ - ၁၂

မြေအောက် ကားပါကင်အတွင်း၌ ဝူစစ်ချန်ရွှမ်နှင့် သျှီဝတို့ကြားမှ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့ပတ်ပတ်လည်ရှိ ဧရိယာတစ်ခုလုံးမှာ ဝေဝါးသော ရောင်စုံမြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး မြေပြင်ပေါ်တွင်လည်း ဗလာကျင်းနေသော သုတ်ဆေးဘူးခွံများက နေရာအနှံ့ ပြန့်ကျဲနေကြသည်။

“မင်း အားဖြည့်ဆေးအကြီး ဆယ်ဘူးတောင် သောက်ပြီးသွားပြီနော်၊ ဆေးအာနိသင်ကျဆင်းတဲ့ သက်ရောက်မှု အရဆိုရင်... သွေးဖြည့်ဆေးတွေက အခုဆို မင်းအပေါ် အာနိသင်မရှိသလောက် ဖြစ်နေပြီ”

သျှီဝက ယုံကြည်မှုများ ဖြာထွက်နေသော လေသံဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဟမ့်... ‘မရှိသလောက်’ ဟုတ်လား”

ဝူစစ်ချန်ရွှမ်၏ မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

“အသက်အမှတ် သုံးကြိမ်ဆက်တိုက် ဖြည့်တင်းပြီးရင် ဖြစ်ပေါ်လာတဲ့ကျဆင်းမှုနှုန်းရဲ့ တိကျတဲ့ အချက်အလက်ကို မင်းကိုယ်တိုင်တောင် သေသေချာချာ မသိဘူးမလား”

“မင်းကော သိတယ်ပေါ့၊ ဒါဆို ဘာဖြစ်လဲ”

သျှီဝက ပြန်လည်တုံ့ပြန်လိုက်သည်။

“မင်းတို့ အော်ဒါအဖွဲ့ကလူတွေက အမြဲတမ်း အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေ လုပ်တတ်ကြတာပဲ၊ ဒီလို အချက်အလက်ကွာဟမှု နည်းနည်းက ဘာကိုပြောင်းလဲပစ်နိုင်မှာလဲ၊ ဒါက မင်း ငါ့ကိုနိုင်အောင် လုပ်ပေးနိုင်လို့လား”

“ဟဲ... မင်းနဲ့ တိုက်ခိုက်ရတိုင်း မင်းရဲ့သဘောထားက ငါ့ကို အရမ်းစိတ်အနှောင့်အယှက် ဖြစ်စေတာပဲ...”

ဝူစစ်ချန်ရွှမ်က ဆိုသည်။

“ဘာမှ ထည့်မတွက်ဘဲနဲ့ ဒီလောက်အထိ သန်မာနေနိုင်တဲ့လူမျိုးကမှ... တကယ့် တိုက်ခိုက်ရေးပါရမီရှင်လို့ ခေါ်ရမှာပဲ...”

သျှီဝက ပြန်လည်တုန့်ပြန်လိုက်သည်။

“မင်း ပါရမီရှင်ဟုတ်မဟုတ် ငါမသိဘူး၊ ဂရုလည်းမစိုက်ဘူး၊ အခု ငါ ပိုစိတ်ဝင်စားတာက... မင်း အောက်စည်းရောက်နေတဲ့အချိန်မှာတောင် မတိုက်ခိုက်ဘဲ ခုခံရုံသက်သက်ပဲ ရွေးချယ်ပြီး တိုက်ပွဲကို အချိန်ဆွဲနေတာပဲ၊ မင်းမှာ သေချာပေါက် ဗျူဟာတစ်ခုခု ရှိနေရမယ်...”

သူ့မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

“လေထဲမှာ လွင့်မျောနေတဲ့ ဒီဆေးရောင်စုံ မြူခိုးတွေကြောင့်လား...”

“ဟား၊ အထင်ကြီးစရာကောင်းလိုက်တာ”

ဝူစစ်ချန်ရွှမ်က ဆိုလိုက်သည်။

“မင်းရဲ့ အလိုလိုသိစိတ်တစ်ခုတည်းနဲ့တင် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တာပဲ၊ ဒါပေမဲ့... ငါ့ဗျူဟာကို ရိပ်မိထားလျက်နဲ့ အလေးမထားဘဲ လျစ်လျူရှုထားတာကတော့ အရမ်းမောက်မာလွန်းရာ ကျတယ်နော်”

သူစကားပြောမဆုံးသေးမီ ဝူစစ်ချန်ရွှမ်က သူ့လက်ကို မြှောက်၍ တိုက်ခိုက်လိုက်ရာ လေထဲရှိ ရောင်စုံမြူခိုးတိမ်တိုက်တစ်ခုကို သယ်ဆောင်ထားသော လက်ဝါးလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သျှီဝရှိနေသော နေရာဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။

သျှီဝ၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ တိုက်ခိုက်ရေးဗီဇက ဤတိုက်ကွက်ကို ဘယ်လိုနည်းနဲ့မှ ထိပ်တိုက်ရင်မဆိုင်သင့်ကြောင်း သတိပေးနေခဲ့သည်။ ထို့ကြောင့် သူသည် ဘေးဘက်သို့ ချက်ချင်းလှည့်လိုက်ပြီး တိုက်ကွက်ကို ကပ်သီလေး ရှောင်တိမ်းလိုက်သည်။

ခုနစ်ရောင်ခြယ်လက်ဝါးရိုက်ချက်သည် လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ဧရာမသားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းတမ်းစွာဖြင့် သျှီဝဘေးမှ ဖြတ်သန်းသွားပြီး အဝေးတစ်နေရာရှိ ကံမကောင်းလှသော ကားတစ်စီးဆီသို့ ပြင်းထန်စွာ သွားရောက်ထိမှန်သွားလေသည်။ ထိုကားမှာ ချက်ချင်းဆိုသလို ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာရသည်။ ကားတစ်စီးလုံး၏ အတွင်းအပြင်ကိုယ်ထည်တစ်ခုလုံးမှာ မတူညီသော အရောင်များဖြင့် ဆေးဆိုးခံလိုက်ရပြီး နှစ်စက္ကန့်အကြာတွင် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားကာ အရပ်မျက်နှာအနှံ့ ပျံနှံ့သွားတော့သည်။

၎င်းက သာမန်ပေါက်ကွဲမှုမျိုးမဟုတ်ဘဲ စကေးအာနိသင်တစ်ခု ဖြစ်သည်။ ထိုကားသည် မရေမတွက်နိုင်သော သေးငယ်သည့် အရောင်အသွေးမတူသည့် အတုံးလေးများအဖြစ် အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ခြင်း ဖြစ်သည်။ အနီးကပ် သေချာကြည့်ရှုလိုက်မည်ဆိုပါက ထိုအတုံးငယ်လေးများ၏ ပုံသဏ္ဍာန်မှာ “Tetris” ဂိမ်းထဲမှ ဂျီဩမေတြီပုံစံမျိုးစုံ ဖြစ်နေသည်ကို မြင်တွေ့ရပေလိမ့်မည်။

“ငါသဘောပေါက်သွားပြီ... လေထဲက ရောင်စုံမြူခိုးတွေရဲ့ သိပ်သည်းဆက အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် မင်းရဲ့တိုက်ခိုက်မှုက ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ဂုဏ်သတ္တိမျိုး ရသွားတာကိုး”

သျှီဝသည် ထိုရောင်စုံအတုံးပုံကြီးကို ကြည့်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“ဒါပေမဲ့... ငါဒီဧရိယာထဲကနေ ထွက်သွားမယ်ဆိုရင် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး အလဟဿဖြစ်သွားမှာ မဟုတ်ဘူးလား”

“မင်း စမ်းကြည့်လို့ရတယ်...”

ဝူစစ်ချန်ရွှမ်က ထိုသို့ပြောလိုက်သည်နှင့် ထိုဧရိယာအပြင်ဘက်ဆုံးအလွှာတွင် လွင့်မျောနေသော ရောင်စုံမြူခိုးများမှာ စတင်အေးခဲသွားကြပြီး များမကြာမီ တောက်ပသော အရောင်အသွေးရှိသည့် ရောင်စုံနံရံကြီးတစ်ခုက သူတို့နှစ်ဦးလုံးကို ပတ်ပတ်လည် ဝန်းရံပိတ်ဆို့သွားတော့သည်။ အပေါ်နှင့် အောက်ဘက်ရှိ ကွန်ကရစ်မြေပြင်များပင် တန်ဂရမ်ပဟေဠိပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။

“မင်းက တိုက်ပွဲကွင်းပြင် တိုးချဲ့ဖို့ထက်စာရင် အသက်ဖြည့်ဆေးတွေ အမြောက်အမြားအလကား အသုံးချပြီး အချိန်ဆွဲထားဖို့အတွက် ဒီလိုသူရဲဘောကြောင်တဲ့ တိုက်ခိုက်ရေးပုံစံကို ဘာလို့ သုံးချင်ရလဲဆိုတာ မဆန်းတော့ပါဘူး”

သျှီဝက မှတ်ချက်ပေးလိုက်သည်။

“ဒါက စကေးတစ်ခုလား၊ ပစ္စည်းကိရိယာတစ်ခုလား ဒါမှမဟုတ် နှစ်ခုလုံး ပေါင်းစပ်ထားတာလားဆိုတာ ငါမသိပေမယ့်... အစွမ်းထက်တာတော့ အမှန်ပဲ၊ ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရသွားမယ်ဆိုရင် ဒါက လုံးဝမရှုံးနိမ့်နိုင်တဲ့ အသေသတ်ကွက်တစ်ခု ဖြစ်သွားမှာပဲ”

“အခုမှ ငါ့ကို လာချီးကျူးနေတာက နည်းနည်း နောက်ကျမနေဘူးလား၊ မင်းကိုယ်တိုင် အရမ်းမောက်မာမိတာကိုပဲ အပြစ်တင်လိုက်ပါ”

ဝူစစ်ချန်ရွှမ်သည် အပေါ်သို့ လှမ်းခုန်လိုက်ရင်း ကောက်ရိတ်ဓားကဲ့သို့ ပြင်းထန်လှသော လေလှိုင်းတိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ထိုတိုက်ခိုက်မှုမှာ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လာသည့်အလား ဖြစ်သဖြင့် ပြိုင်ဘက်အတွက် ရှောင်တိမ်းစရာနေရာ လုံးဝမရှိတော့ချေ။

သျှီဝက သက်ပြင်းခပ်ဖွဖွချလိုက်ရာ သူ့နောက်ကျောတွင် လွင့်မျောနေသော ကျောက်ပြားဝိုင်းများမှာ တောက်ပသောအလင်းတန်းများ တစ်ပြိုင်နက် ထွက်ပေါ်လာကြတော့သည်။ မတူညီသော ပုံသဏ္ဍာန်ရှိသည့် ကျောက်ပြားဝိုင်းရှစ်ချပ်မှာ ချက်ချင်းပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြပြီး ဧရာမသဲနာရီကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“မင်းကြောင့် ဒီတိုက်ကွက်ကို အတင်းအကျပ် ထုတ်သုံးလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

သျှီဝက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုခဏ၌ ထိုသဲနာရီကြီး၏ ပတ်ပတ်လည်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ရောင်စုံမြူခိုးများ ခဏချင်းအတွင်း ပြယ်လွင့်သွားရသလို သစ်သားနံရံကြီးသည်လည်း အပိုင်းပိုင်းအစစ ကြေမွသွားရသည်။ ဝူစစ်ချန်ရွှမ် ထုတ်လွှတ်ပြီးသားဖြစ်သော တိုက်ခိုက်မှုသည်ပင် မည်သည့်အရာမျှ မရှိခဲ့သည့်အလား လုံးဝခြေမှုန်းခံလိုက်ရခြင်းဖြစ်သည်။

၎င်းက သျှီဝ၏ မှော်လက်နက်ဖြစ်သော ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ အထူးအာနိသင်ရှစ်မျိုးထဲမှ တစ်ခုဖြစ်သည့် သန့်စင်မြေကြီး၏ စွမ်းရည် ဖြစ်သည်။ ၎င်းသည် အကွာအဝေးတစ်ခုအတွင်းရှိ ရန်သူ၏ စွမ်းရည်များနှင့် ပစ္စည်းကိရိယာတို့၏ အာနိသင်များအားလုံးကို (ပင်ကိုယ် စွမ်းရည်များအပါအဝင်) တစ်မိနစ်တိတိ ပယ်ဖျက်ပေးနိုင်စွမ်း ရှိလေသည်။ အသုံးပြုပြီးနောက် မြေကျောက်ပြားဝိုင်းမှာ ကြေမွပျက်စီးသွားမည်ဖြစ်ပြီး လော့ဂ်အင်နေရာသို့ ပြန်လည်ရောက်ရှိမှသာ ပြန်ရနိုင်မည် ဖြစ်သည်။

ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီတွင် “မြေ၊ ရေ၊ မီး၊ လေ၊ ဟင်းလင်းပြင်၊ နေ၊ လ နှင့် ပျက်စီးခြင်း” ဟူ၍ အထူးအာနိသင်ရှစ်မျိုး ရှိနေခြင်း ဖြစ်သည်။ လက်ရှိတွင် သျှီဝအနေဖြင့် “မြေ” အာနိသင် ဖြစ်သော သန့်စင်မြေကြီးနှင့် “ရေ” အာနိသင် ဖြစ်သော စင်ကြယ်ခြင်း စွမ်းရည်နှစ်ခုကိုသာ တတ်မြောက်ထားသေးသည်။ သို့သော်လည်း ထိုစွမ်းရည်နှစ်ခုထဲက တစ်ခုတည်းကပင် သူ၏ မှော်လက်နက်က မည်မျှစွမ်းအားကြီးမားသည်ကို ပြသရန် လုံလောက်ပေသည်။

“မဖြစ်နိုင်တာ...”

သူ၏ကြိုးစားအားထုတ်မှုနှင့် ပင်ပန်းခံခဲ့သမျှ အရာအားလုံး အလဟဿပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ ဝူစစ်ချန်ရွှမ်သည် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရတော့သည်။

ဤအခိုက်အတန့်တွင် သူ၏ငယ်စဉ်ဘဝက အတိတ်အမှတ်တရများမှာ သူ့စိတ်အာရုံထဲသို့ တရိပ်ရိပ် ပြန်လည်ဝင်ရောက်လာတော့သည်။

ထိုစဉ်တုန်းက ဝူစစ်ချန်ရွှမ်သည် ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ဦး မဟုတ်သေးချေ။ သူသည် ဂိမ်းကစားရသည်ကို အလွန်နှစ်သက်သော အလယ်တန်းကျောင်းသားတစ်ဦးသာဖြစ်ပြီး အထူးသဖြင့် ခေတ်စားနေသော ပြိုင်ဆိုင်မှုအမျိုးအစားဂိမ်းတစ်ခုကို အလွန်သဘောကျခဲ့သည်။ သူသည် ပါရမီပါရုံတင်မကဘဲ အဆင့်မြင့်စကေးများကိုပါ ပိုင်ဆိုင်ထားသဖြင့် သူ၏ မိတ်ဆွေသူငယ်ချင်းများထဲတွင် ပြိုင်ဘက်မရှိသလောက် ဖြစ်ခဲ့ရသည်။ သို့သော်လည်း တစ်နေ့တွင် ထိုဂိမ်းကုမ္ပဏီက ငွေပေးချေပြီး ဝယ်ယူရသောအိုင်တမ်များကို စတင်ရောင်းချလာခဲ့သည့် အချိန်အထိ...

ထိုနေ့တွင် ပုံမှန်အတိုင်း အဆင့်မြင့်ကစားပွဲအတွင်းသို့ ဝင်ရောက်ခဲ့ပြီး နိုင်ခြေ ၈၀ ရာခိုင်နှုန်းကျော် ရှိခဲ့သော သူသည် တစ်နေ့လုံး အပြတ်အသတ်ခြေမှုန်းခံခဲ့ရပြီး ပွဲအနည်းငယ်သာ အနိုင်ရရှိခဲ့သည်။ သူ့စကေးများက ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီး သူ၏ နည်းဗျူဟာများကလည်း သေသေချာချာ စီမံထားကာ သူ၏တုံ့ပြန်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများက ပရော်ဖက်ရှင်နယ်အဆင့် ရှိနေခဲ့သော်လည်း... ကံမကောင်းစွာဖြင့် ငွေကြေးအမြောက်အမြား အသုံးပြုထားသော ကစားသမားတစ်ဦးရှေ့တွင်မူ ထိုအရာအားလုံးက အဓိပ္ပာယ်မရှိ ဖြစ်သွားခဲ့ရလေသည်။ သူ အပင်ပန်းခံ ကြိုးစားခဲ့သမျှ အရာအားလုံးကို တစ်ဖက်လူက ကီးဘုတ်တစ်ချက် နှိပ်ရုံမျှဖြင့် အပြတ်အသတ် နင်းခြေဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ယခုအခိုက်အတန့်တွင် ဝူစစ်ချန်ရွှမ်သည် ထိုကဲ့သို့သော အစွမ်းမဲ့မှု၊ မလွှဲမရှောင်သာဘဲ ခါးသီးလှသော ရှုံးနိမ့်မှုခံစားချက်မျိုးကို ထပ်မံခံစားလိုက်ရပြန်သည်။

“ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး”

သျှီဝက ဆိုသည်။

“တကယ်လို့ မင်းသဘောမတူဘူးဆိုရင်လည်း မင်းရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်လက်နက်ကို မြန်မြန် ရအောင်လုပ်ပြီးမှ ငါ့ကို ပြန်စိန်ခေါ်လိုက်ပေါ့”

သူ စကားပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သဲနာရီကြီးမှာ ပြန်လည်ကွဲအက်သွားပြီး ဤအကြိမ်တွင်မူ ကျောက်ပြားဝိုင်းခုနစ်ချပ်သာ ကျန်ရှိတော့သည်။

ဝူစစ်ချန်ရွှမ်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့်သာ မလှုပ်မယှက်ရှိနေခဲ့သည်။ သူ၏ သက်လုံအမှတ်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ လက်ရှိတွင် ထွက်ပြေးလိုလျှင်ပင် စွမ်းအားအလုံအလောက် ရှိမနေတော့ချေ။ သန်မာသူတစ်ဦးအနေဖြင့် သူသည် အနည်းဆုံးတော့ သူ၏ နောက်ဆုံးဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားလိုသေးသည်။

ကျောက်ပြားဝိုင်းခုနစ်ချပ်မှ မတူညီသော အရောင်အသွေးရှိသည့် အလင်းတန်းများ ထွက်ပေါ်လာကြပြီး ဝူစစ်ချန်ရွှမ်ထံသို့ တိုက်ရိုက် ထိမှန်သွားကြသည်။ သူသည် မရှောင်တိမ်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့စကေးအာနိသင် ပယ်ဖျက်ခံလိုက်ရကတည်းက... အဆုံးအဖြတ်က ပေါ်ထွက်သွားပြီးဖြစ်ကြောင်း သိထားသောကြောင့်ပင်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝူစစ်ချန်ရွှမ်သည် အသက်အမှတ်များ အားလုံးကုန်ဆုံးသွားရသဖြင့် အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်။ အခြားကစားသမားများ၏ ဂိမ်းမီနူးအတွင်း၌မူ သူ့အမည်ဘေးတွင် “သေဆုံး” ဟူသော စကားလုံးက ချက်ချင်း ပေါ်ထွက်လာလေသည်။

“ဟူး...”

သျှီဝက သက်ပြင်းချ၍ တီးတိုးရေရွတ်လိုက်သည်။

“ငါက ငါ့ရဲ့ သန့်စင်မြေကြီး တိုက်ကွက်ကို ‘အဲဒီကောင်’ ရဲ့ သွေးကျောက်တုံးမိစ္ဆာအတွက် ချန်ထားမလို့ စဉ်းစားထားတာ... မင်းကြောင့် ဒီအခြေအနေမျိုးအထိ အတင်းအကျပ် သုံးလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

သူသည် ယခင်က ကျောက်ရင်းဝမ်နှင့် တိုက်ခိုက်ဖူးသဖြင့် တစ်ဖက်လူ မည်မျှအထိ ဒုက္ခပေးနိုင်သလဲကို သိရှိထားပေသည်။ ထို့ကြောင့် သူ့အမြင်တွင် ကျောက်ရင်းဝမ်ကသာ ဤဂိမ်းအတွင်း သူ့အတွက် အစစ်အမှန်ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ဝူစစ်ချန်ရွှမ်ကို ဖြေရှင်းနိုင်ခဲ့တာကလည်း မဆိုးပါဘူး...”

သျှီဝက သူ့ဘာသာရေရွတ်ရင်း အခြားပြိုင်ဘက်များ၏ အခြေအနေကို စစ်ဆေးရန် ဂိမ်းမီနူးကို လှမ်းဖွင့်လိုက်သည်။ သို့သော်လည်း မမျှော်လင့်ထားသည်မှာ သူ့အမြင်အာရုံက ရန်သူအဖွဲ့ကဏ္ဍဆီသို့ ရောက်ရှိသွားချိန်တွင် ကျောက်ရင်းဝမ်၏ အမည်ဘေးတွင်လည်း “သေဆုံး” ဟူသော စကားလုံးက တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“ဘာ...”

သျှီဝသည် ချက်ချင်းဆိုသလို တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

“သူ... သူက တကယ်ကြီး အသတ်ခံလိုက်ရတာလား”

All Chapters