ဂိုဏ်းတွင်းပြိုင်ပွဲကြီး စပေတော့မည်
Vol. 9 Ch. 119
တပည့်ငယ်များအတွက် ဂိုဏ်းတွင်းပြိုင်ပွဲကြီး နီးကပ်လာသောအခါ ဂိုဏ်းတွင်း၌ လျှို့ဝှက် ဘက်လိုက်မှုများ ရှိကြောင်း လီချန်ရှို့ သိလာရ၏။
“ ကောအကြီးအကဲ ... ခင်ဗျားဆီမှာ ကာမအားတိုးဆေးလုံး အပိုလေးဘာလေး ရှိသေးလား ”
“ ဟူး... ရှောင်ဝူက ငါ့ကို သုံးလုံးပဲပေးသွားတာ။ အဲ အဲ့ဆေးလုံးကို ငါ သုံးကြည့်တော့ ဆေးအာနိသင်က မဆိုးဘူးပဲ။ ငါ ငယ်ရွယ်တုန်းကလိုမျိုး ခံစားချက်တွေပြန်ခံစားလာရပြီး ရင်ခုန်လာတယ်... ”
“ အဲ့ဆေးလုံးက တကယ်ကို မဆိုးဘူး။ ကျုပ်တို့လည်း အရင်တုန်းက ဝိညာဉ်ဆေးလုံးတွေ၊ အားတိုးဆေးတွေ သုံးခဲ့ဖူးတာပဲ။ ကာမအားတိုးဆေးလုံးကသာ ကျုပ်တို့ရဲ့ တာအိုနှလုံးသားကို ပြန်နုပျိုလာစေတာ... ”
“ မဆိုးဘူး...မဆိုးဘူး... အဲ့ထဲမှာ တော်တော်လေး ရှားပါးတဲ့ ဆေးဖက်ဝင်အပင်တွေပါတယ်။ ကျုပ် အဲ့ထဲက ပါဝင်ပစ္စည်းတစ်မျိုးကို တွေးတောသုံးသပ်နေတာ ကြာပြီ။ ဒါပေမဲ့ နားမလည်နိုင်သေးဘူး ”
“ ဒီဆေးလုံးကို ဖော်တဲ့ တပည့်ငယ်က တကယ့်ကို ပါရမီရှင်ပဲဆိုတာ ငါပြောနိုင်တယ်... ”
“ ကျုပ်တို့ အဲ့လိုတပည့်ကို ဂိုဏ်းထဲမှာ ဆက်ထားပြီး သူ့ကို ပြုစုပျိုးထောင်ပေးဖို့ အာရုံစိုက်ရမယ် ”
ထိုအရာသည် ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲနှစ်ဦး တိမ်စီးရင်း ပြောဆိုနေကြသော စကားများပင်။ လီချန်ရှို့၏ လေလှိုင်းအသံဖမ်းအတတ်သည် ထိုစကားများကို မတော်တဆ ဖမ်းမိခဲ့ခြင်းပင်။ သူတို့ နားမလည်နိုင်သော ပါဝင်ပစ္စည်းတစ်ခုမှာ အချစ်ကပ်ပါးပိုးမှ ပြုလုပ်ထားသော အချစ်ကျောက်ခဲပင်။ ထိုအရာသည် ကျင့်ဝတ်နှင့်မလျော်ညီဟု ဆိုကြ၏။
ပုံမှန်ဆိုလျှင် လီချန်ရှို့သည် ထိုဆေးလုံး၏ ဆေးညွှန်းကို ထုတ်ဝေလိုက်လျှင် ထိုကိစ္စကို သူဆက်၍ အာရုံစိုက်ရန် မလိုတော့ပေ။
သို့သော် ကာမအားတိုးဆေးလုံးသည် ကျင့်ကြံသူအိုကြီးများ၏ နှလုံးသားကို ပြန်လညိနုပျိုလာစေပြီး ဘဝအရသာများကို ပြန်ခံစားလိုလာစေသည်သာမကပေ၊ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုဆေးလုံးကို မကောင်းသည့်ကိစ္စများကို လုပ်ရန် သုံးခဲ့ပါက သူသည် ထိုကမ္မနှောင်ကြိုးတွင် သွားရောက် ငြိတွယ်ပေလိမ့်မည်။
ထိုဆေးလုံး၏ အာနိသင်သည် နဂါးဆေးအရက်နှင့် ကွာခြား၏။
နဂါးဆေးအရက်သည် တာအိုခန္ဓာကိုယ်အတွင်းရှိ အားအင်များနှင့် ယန်ဓာတ်ကို ဖြည့်တင်းပေး၏။ ၎င်းသည် တာအိုခန္ဓာကိုယ်အပေါ်တွင်သာ အကျိုးသက်ရောက်၍ သောက်သုံးသူ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းပင်။
သို့သော် ကာမအားတိုးဆေးလုံးသည် သောက်သုံးသူ၏ စိတ်အခြေအနေအပေါ်တွင်သာ တိုက်ရိုက် အကျိုးသက်ရောက်၏။
လက်ရှိတွင် အရေးအကြီးဆုံးကိစ္စမှာ ဆရာဦးလေးကျိုးဝူမှတဆင့် ပြန့်ပွားနေသာ ဆေးလုံးအသုံးပြုမှုများကို ထိန်းချုပ်ရန်ဖြစ်သည်။
ကာမအားတိုးဆေးလုံးကို ဖော်စပ်ရန် နည်းလမ်းသည် မရှုပ်ထွေးပေ။ ထိုဆေးလုံးကို ဖော်ရန်အတွက် ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားနေရန်မလိုပေ။ ခက်ခဲသည့် အပိုင်းမှာ “အချစ်ကျောက်ခဲ” သာဖြစ်သည်။ ထို့ကြောင့် ထိုဆေးဖော်စပ်နည်းကို သိသွားလျှင်လည်း လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်ကို မည်သူမှ သံသယဝင်မည် မဟုတ်ချေ။ အများဆုံးအနေဖြင့် အခြားသူများသည် သူ့အား ဉာဏ်ကောင်းသော တပည့်တစ်ဦးအဖြစ်သာ ထင်သွားပေမည်။ သူတို့သည် လီချန်ရှို့မှာ မန္တန်အစီအရင်ဆင်ခြင်းနှင့် နတ်ဆေးပညာရပ်များတွင် ထူးချွန်သူဟုသာ ထင်သွားမည်ဖြစ်သည်။
အမှန်တွင် ဂိုဏ်းတွင်းပြိုင်ပွဲစရန် လဝက်မျှ လိုသေး၏။ လီချန်ရှို့သည် တပည့်ငယ်တစ်ဦးဖြစ်သဖြင့် ပြိုင်ပွဲတွင် သူနှင့် မျိုးဆက်တူတပည့်များနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသင့်ပေသည်။
ထိုအရာသည် အသုံးမဝင်သော်လည်း သဘာဝကျစေရန် ပြင်ဆင်ပြရမည်သာဖြစ်သည်။
သို့သော် ယခုတွင်...
“ ယှဉ်ပြိုင်ရဦးမယ်ဟုတ်လား... ဘာအတွက်လဲ... မင်း ဂိုဏ်းတွင်းပြိုင်ပွဲက ရမယ့် အကျိုးအမြတ်နဲ့ ကာမအားတိုးဆေးလုံးဖော်လို့ ရမယ့် အကျိုးအမြတ် ဘယ်ဟာက ပိုများမယ်လို့ထင်လဲ။ မင်းက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ သဟဇာတဖြစ်မှုနဲ့ တည်ငြိမ်မှုတွေအတွက် ပြောင်ပြောင်မြောက်မြောက် အကျိုးပြုနေတာပဲလေ ... ”
“ မင်း အချစ်ကပ်ပါးပိုး လိုနေလို့လား။ ငါ မင်းကို ကပ်ပါးပိုး ဖိုမအစုံ (၁၈၀)လောက် ယူလာပေးနိုင်တယ်။ ခဏသာစောင့်... ”
ထိုသို့ပြောပြီးနောက် ဆရာဦးလေးကျိုးဝူသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အလျင်အမြန်ထွက်သွားပြီး အနီးနားရှိ မြို့သို့သွားကာ အချစ်ကပ်ပါးပိုးများကို သွားရှာလေတော့သည်။
လီချန်ရှို့သည် သူ့ကို ကာမအားတိုးဆေးလုံးသည် ချုံတောင်လေး၏ လျှို့ဝှက်ချက်ဖြစ်ပြီး အချစ်ကပ်ပါးပိုးနှင့် အချစ်ကျောက်ခဲတို့၏ အကြောင်းများကို အပြင်သို့ ပျံ့သွား၍ မဖြစ်ကြောင်း သတိပေးလိုက်သည်။ ကျိုးဝူ သဘောတူလိုက်၏။
ကျိုးဝူသည် တာအိုကျမ်းသစ္စာဆိုထားသဖြင့် သူ၏ သက်တမ်းများစွာကျန်နေသေးသော အသက်ကို ရင်း၍ ပေါက်ကရမလုပ်ရဲပေ။
ကျိုးဝူတစ်ယောက် ဂိုဏ်းမှ သုံးရက်ခန့်ထွက်သွားပြီးနောက် အချစ်ကပ်ပါးပိုး သုံးစုံ ရခဲ့ပြီး လီချန်ရှို့ကို ခိုးကြောင်ခိုးဝှက်လာပေးခဲ့၏။
လီချန်ရှို့သည် ဆေးဖော်သည့် လုပ်ငန်းစဉ်ကို ကွယ်ဝှက်မနေပေ။
ကျိုးဝူ၏ အရှေ့မှာပင် လီချန်ရှို့သည် အချစ်ကပ်ပါးပိုးများကို မာခဲသွားစေသည့် ဝိညာဉ်အဆိပ်ဆေးပင်များ ကျွေးလိုက်ပြီး ၎င်းတို့ကို အချစ်ကျောက်ခဲများအဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် သူသည် ကာမအားတိုးဆေးလုံးဖော်ရန် မရှိမဖြစ်လိုအပ်သော လျှို့ဝှက်ဆေးရည်ကို ပြုလုပ်လိုက်ပြီး ဆေးဖော်ဆောင်အတွင်း၌ သိမ်းဆည်းထားလိုက်၏။
သို့သော် ကာမအားတိုးဆေးလုံး နောက်တစ်သုတ်ရရှိရန် (၄၉)ရက်စောင့်ရပေလိမ့်မည်။ လီချန်ရှို့သည် သူ့တွင် အချစ်ကျောက်ခဲအသစ်များ ရှိနေပြီဖြစ်၍ သူဖော်စပ်ထားပြီးသော လက်ကျန် ကာမအားတိုးဆေးလုံးများ၏ သုံးပုံနှစ်ပုံကို ထုတ်လိုက်သည်။
အရေးကြုံလာလျှင် သုံးရန် သူ့အတွက်လည်း အနည်းငယ် ချန်ထားရမည်ဖြစ်သည်။
“ ဆရာဦးလေး ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်... ”
လီချန်ရှို့သည် ခေတ္တမျှတွေးတောနေပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ အခုကစပြီး ဒီကာမအားတိုးဆေးလုံးတွေအပေါ် ပိုပြီး အာရုံစိုက်ပေးပါ။ ဒီဆေးလုံးတွေကို ဘယ်သူ့ကို ပေးလိုက်တယ်ဆိုတာ သေချာမှတ်တမ်းတင်ထားရမယ်။ တကယ်လို့ ဆရာဦးလေးဆီကနေပြီး ယူသွားတဲ့ အကြီးအကဲတစ်ဦးဦးက တခြားသူတစ်ယောက်ကို ထပ်ပေးလိုက်ရင်တောင် ဘယ်သူ့ဆီကိုပေးလိုက်တာလဲဆိုတာ အဲ့အကြီးအကဲကို မေးပြီး မှတ်တမ်းတင်ထားရမယ်။ ဒီဆေးလုံးက အသုံးပြုတဲ့သူရဲ့ တာအိုနှလုံးသားကို လှုပ်ရှားလာအောင် လုပ်ပေးနိုင်တဲ့ အာနိသင်ရှိတော့ မကောင်းတဲ့နေရာမှာလည်း သုံးလို့ရနေတယ်။ အဲ့တော့ သတိထားတာ အကောင်းဆုံးပဲ။ ကျွန်တော်က ဆရာဦးလေးကို အလကားလုပ်ခိုင်းမှာ မဟုတ်ပါဘူး... အကြီးအကဲတွေဆီကရတဲ့ အကျိုးအမြတ်တွေကို ကျွန်တော်တို့နှစ်ယောက် ခွဲဝေယူကြတာပေါ့... ဘယ်လိုလဲ ”
ကျိုးဝူက ပြုံး၍ ပြောလိုက်၏။
“ မင်းကိုက သတိကြီးလွန်းနေတာပါ။ မင်းဘာလို့ ဒီလောက်ကြောက်နေတာလဲဆိုတာတာ့ ငါမသိဘူး။ တစ်ဝက်စီတော့ မခွဲပါနဲ့။ အဲ့လိုဆို မင်းအတွက် မမျှမတဖြစ်နေလိမ့်မယ် ”
လီချန်ရှို့ က လေးလေးနက်နက်ပြောလိုက်၏။
“ ကျွန်တော်က ဆေးဖော်ပေးတာဆိုပေမယ့် အကြီးအကဲတွေကို ဆရာဦးလေးကတဆင့်ပေးရတာမလား။ ဆရာဦးလေး...ဒီကိစ္စနှစ်ခုလုံးက ညီတူမျှတူ အရေးကြီးပါတယ်။ ဒီဆေးလုံးဖော်ဖို့ ကုန်တဲ့ ကုန်ကျစရိတ်က လောက်လောက်လားလားဆိုလို့ ဒီအချစ်ကပ်ပါးပိုးတွေပဲရှိတာ။ ပြီးတော့ ဆေးလုံးဖော်ဖို့ လိုတဲ့တခြား တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ဆရာဦးလေးကပဲ ပေးရတာမလား... ”
“ ဆရာဦးလေး အရင်က ပြောသလိုပေါ... ကျွန်တော်တို့က ဆေးလုံးရောင်းနေတာမှမဟုတ်တာ။ ကျွန်တော်တို့က တခြားသူတွေအတွက် ကျေးဇူးပြုနေတာပဲ။ အကြီးအကဲတွေဆီကရတဲ့ အကျိုးအမြတ်တွေကို တစ်ဝက်စီ အညီအမျှယူတာ အကျိုးအကြောင်းသင့်ပါတယ်။ ဆရာဦးလေး ကျွန်တော့်ကို အားမနာပါနဲ့ ”
“ ဒါက... ”
ကျိုးဝူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။ သူသည် လီချန်ရှို့၏ ဟန်ဆောင်မှုကင်းသော အကြည့်များကို မြင်လိုက်ရသောအခါ ခေါင်းညိတ်၍ သဘောတူလိုက်ရလေတော့သည်။
လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူကို ဆေးလုံးများကို ပေးနေသောသူမှာ သူဖြစ်ကြောင်း မည်သူ့ကိုမှ မပြောရန် သတိပေးလိုက်၏။ သူသည် ကျိုးဝူကို ဆေးညွှန်းလည်း ရေးပေးလိုက်၏။
ကျိုးဝူသည် သူ့အား ဂိုဏ်းတူ တူလေး ထိုမျှ ကောင်းကောင်းမွန်မွန်ဆက်ဆံနေသဖြင့် အနည်းငယ် နေရခက်နေ၏။
သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းရှိ ကာမအားတိုးဆေးလုံး အဓိကဖြန့်ဖြူးသူကြီးဖြစ်နေသော သူသည် အလွန်ကျေနပ်စွာ ခံစားနေရလေသည်။
ထိုသို့ဖြင့် ကာမအားတိုးဆေးလုံးများသည် ကျိုးဝူမှတဆင့် တာအိုလက်တွဲဖော်ရှိသော အကြီးအကဲများ၏ လက်အတွင်းသို့ ရောက်သွားလေတော့သည်။ ထိုသို့ဖြင့် ထိုကိစ္စသည် အတန်ငယ် ပုံမှန်မဟုတ်သော အခြေအနေဖြင့် ပြီးဆုံးသွားလေ၏။
ရက်အနည်းငယ်ကြာပြီးနောက် ဂိုဏ်း၏ ဂိုဏ်းတွင်းပြိုင်ပွဲ စတင်လေသည်။ ဂိုဏ်းပြင်ပကိစ္စများကို တာဝန်ယူရသော ကောင်းကင်နတ်မင်းအဆင့်ရှိသည့် အကြီးအကဲများနှင့် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသည့် အကြီးအကဲများသည်လည်း ကောင်းကင်ပေါ်ရှိ တိမ်တိုက်ကြီးတစ်ခုပေါ်တွင် စုဝေးနေကြ၏။
ထိုတိမ်တိုက်ကြီးပေါ်တွင် ရှိနေသူများမှာ ဆံပင်ဖြူများရှိနေသော်လည်း နုပျိုသည့် ရုပ်ရည်ရှိသော တာအိုရသေ့အို တစ်ရာကျော်မျှ ဖြစ်ရမည်ဖြစ်သော်လည်း ယခုရောက်ရှိလာသော သူများမှာ လူငယ်အရွယ်၊ သက်လတ်ပိုင်းအရွယ်ရှိသည့် အမျိုးသားနတ်ဝိဇ္ဇာတစ်အုပ်သာ ဖြစ်နေ၏။ ထို့ပြင် လှပသိမ်မွေ့သော အမျိုးသမီးနတ်ဝိဇ္ဇာအချို့လည်း ပါ၏။
တပည့်သစ်များ များပြားနေပြီဖြစ်ရာ မကြာမီ ရောက်လာသော ဂိုဏ်းချုပ်သည် သူဂိုဏ်းများမှား၍ ရောက်သွားသလောဟု တွေးမိတော့မလိုပင် ဖြစ်သွားလေသည်။
ပြိုင်ပွဲကို တရားဝင်စရန် နေ့ဝက်ခန့် လိုသေးပေသည်။
ချီယွမ်သည် နောက်ဆုံးတွင် သူ၏ တဲအိမ်အတွင်းမှ ထွက်လာပြီး ပြိုင်ပွဲသို့သွားတော့မည့် သူ၏ ချစ်တပည့်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။
သူသည် သူ၏ တပည့်နှစ်ဦး တဖြည်းဖြည်း ကြီးပြင်းလာသည်ကို မြင်ခဲ့ရပြီး ယခုတွင် ထိုတပည့်နှစ်ဦးသည် ကောင်းကင်ခွင်းတောင်သို့ အစစ်ဆေးခံရန် သွားကြပေတော့မည်။ ချီယွမ်၏ နှလုံးသားသည် အတန်ငယ် လှုပ်ရှားသွား၏။ သို့သော် ချီယွမ်သည် ဂရုတစိုက်ကြည့်လိုက်ရာ တစ်စုံတစ်ခု မူမမှန်ကြောင်း သိလိုက်ရ၏။
သူ၏ တပည့်ကြီးဖြစ်သော လီချန်ရှို့သည် ပုံမှန်အတိုင်းပင် ဖြစ်သည်။ သူသည် သာမန်ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပြောင်မြောက်ခြင်းမရှိပေ။ အခြားသူများသည် သူ့ကို မသိလိုက် မသိဖာသာပင် ဆက်ဆံကြမည်ဖြစ်သည်။
သို့သော် သူ၏ တပည့်ငယ် လင်းအယ်သည် ယနေ့တွင် အတော်လေးကွဲပြားနေ၏။ သူမသည် အဝါရင့်ရင့် ဝတ်စုံလေးကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံသည် သာမန်ပုံစံသာဖြစ်သော်လည်း အမှန်တွင် သာမန်မဟုတ်ပေ။ ချုပ်လုပ်ထားမှုမှာလည်း အနုစိတ်လေ၏။ ပို၍ ထူးခြားသည်မှာ ထိုဝတ်စုံပတ်လည်တွင် နတ်အလင်းရောင်များ လှည့်ပတ်နေခြင်းပင်။ ထိုဝတ်စုံသည် နတ်ရတနာတစ်ပါးနှင့်ပင် ဆင်တူလေသည်။
ထိုဝတ်စုံရှည်အပြင် လင်းအယ်၏ ခေါင်းတွင် ဆံထိုးနီလေးရှိ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်ပြောင်းသော လက်ကလေးတွင် လက်ကောက်လေးတစ်ခု ဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားတိုလေးတစ်ချောင်းကိုင်ထားကာ သူမ၏ နားပေါက်လေးထဲတွင်လည်း တမူထူးခြားသော ပုံပန်းသဏ္ဍာန်ရှိသည့် နားကပ်လေးများကို ပန်ဆင်ထား၏။ ထိုအရာအားလုံးသည် နတ်ရတနာများဖြစ်ကြပြီး နတ်အလင်းတန်းများ ထုတ်လွှတ်နေကြလေသည်။ သူ၏ ညီမလေး အဆင့်ကောင်းကောင်းရစေရန် လီချန်ရှို့သည် သူမကို နတ်ရတနာများ ဆင်ပေးထားခြင်းပင်။ ထို့ပြင် ထိုရတနာများသည် ဂိုဏ်းအတွင်းရှိ အကြီးအကဲများ၏ လက်ဆောင်များဖြစ်သည်။ သူသည် ထိုလက်ဆောင်များကို ဆရာဦးလေးကျိုးဝူထံမှ ရရှိခဲ့ခြင်းပင်။
ထိုရတနာများကို လူမြင်ကွင်းတွင် ထုတ်မပြသင့်သော်လည်း အကြီးအကဲများသည် ချုံတောင်လေးတွင် ရတနာအမြောက်အမြားရှိနေသည်ကို အံ့အားသင့်မည် မဟုတ်ပေ။
“ ချန်ရှို့... ”
ချီယွမ်သည် လီချန်ရှို့ကို ကြည့်၍ လေသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
“ မင်း မကောင်းတဲ့ အလုပ်တစ်ခုခုများ လုပ်ခဲ့တာလား... ”
လီချန်ရှို့တစ်ယောက် ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။ သူသည် သူ့ဆရာကို ရတနာအိတ်တစ်အိတ် လှမ်းပေးလိုက်၏။
“ ဆရာ... ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒီရတနာတွေကို ယူထားပါ။ မစိုးရိမ်ပါနဲ့ဆရာ... ဒီရတနာတွေက အကြီးအကဲတွေ ချီးမြှင့်ထားတာပါ ”
ထို့နောက် လီချန်ရှို့သည် သူ့ဆရာကို ကာမအားတိုးဆေးလုံးနှင့် ပတ်သတ်သော ကိစ္စများကို ပြောပြလိုက်သည်။ ချီယွမ်သည်လည်း ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။
“ ငါတို့က ရန်ကျောင်းတော် လက်အောက်ကပါ... ဘာလို့ တာအိုလက်တွဲဖော်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေက ဒီလောက်အထိ ဖြစ်လာရတာလဲ... အာ.. ထားလိုက်ပါတော့လေ။ ချန်ရှို့... မင်းဆေးလုံးတွေပေးတဲ့အခါကျရင် အကြီးအကဲတွေဆီက လက်ဆောင်တွေ မယူပါနဲ့။ တုနတ်ဝိဇ္ဇာဂိုဏ်းကို ကာကွယ်နေတာ အဲ့အကြီးအကဲတွေပဲ။ အဲ့အကြီးအကဲတွေ စောင့်ရှောက်ပေးနေလို့ ငါတို့ အခုလို အေးအေးချမ်းချမ်း ကျင့်ကြံနိုင်နေတာ... ”
လီချန်ရှို့ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူသည် ဆေးလုံးများကို အလကားတော့ ပေးမပစ်နိုင်ပေ။
ထိုကာမအားတိုးဆေးလုံးများမှ ရသည့်အကျိုးအမြတ်များကြောင့် လီချန်ရှို့၏ ချုံတောင်လေးကို ပြောင်းလဲမည့် အစီအစဉ်သည် နှစ်တစ်ရာခန့် စော၍ ပြီးသွားနိုင်ပေသည်။
ကောင်းကင်ခွင်းတောင်ရှိ ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ လီချန်ရှို့တို့နှစ်ဦးသည် သူတို့၏ ဆရာကိုနှုတ်ဆက်လိုက်ပြီး တိမ်စီးကာ ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွားလေတော့သည်။
လမ်းတစ်လျှောက်တွင် တောင်အသီးသီးမှ ပျံသန်းလာသော တိမ်များကို တွေ့လိုက်ရ၏။ အချို့တိမ်များသည် ခပ်မြင့်မြင့်မှ ပျံသန်းနေ၏။ အချို့သည် ခပ်နိမ့်နိမ့် ပျံသန်းနေ၏။ သို့သော် သူတို့အားလုံးသည် ဂိုဏ်းတွင်းပြိုင်ပွဲကျင်းပမည့် နေရာသို့ ဦးတည်သွားနေကြခြင်းပင်။
ထိုနေရာသည် ကောင်းကင်ခွင်းတောင် အောက်ခြေတွင်ဖြစ်သည်။ ထိုနေရာတွင် တောင်စောင်းလေးတစ်ခုနှင့် တောင်ကြားတစ်ခုရှိ၏။ ထိုအခိုက် ဂိုဏ်းမှတာဝန်ရှိသူများသည် ထိုနေရာကို ပြင်ဆင်ပြီးပြီဖြစ်သည်။
ပြိုင်ပွဲ စည်းမျဉ်းများသည် မရှုပ်ထွေးပေ။ တပည့်အားလုံးသည် ယှဉ်ပြိုင်ရန် မဲနှိုက်ရမည် ဖြစ်သည်။ တပည့်တိုင်းတွင် အခွင့်အရေး(၁၂)ကြိမ်ရှိပြီး (၁၂)ပွဲ ယှဉ်ပြိင်ရမည် ဖြစ်သည်။ ထို(၁၂)ပွဲတွင် နိုင်ခဲ့၊ ရှုံးခဲ့သော အကြိမ်အရေအတွက်ပေါ် မူတည်၍ နောက်တစ်ဆင့်သို့ လူ(၃၆၀) တက်လှမ်းနိုင်ပေမည်။ ထိုအရေအတွက်သည် ကောင်းကင်စက်ဝန်းများ၏ အရေအတွက်ပင်။
သူတို့သည် အထက်ပါအတိုင်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ထိုတပည့်(၃၆)အတွင်းမှ တပည့်(၁၀၈)ယောက်သည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေမည်။ ထို့ (၁၀၈)ယောက်မှ (၇၂)ယောက်၊ (၇၂)ယောက်မှ (၃၆)ယောက် စသဖြင့် အဆင့်တက်သွားမည်ဖြစ်၏။
တပည့်အမြောက်အမြားရှိသည်ဖြစ်ရာ ပြိုင်ပွဲအတွက် အချိန်မသတ်မှတ်ထားပေ။ တပည့်များသည် နေ့ပိုင်းတွင် ယှဉ်ပြိုင်၍ ညပိုင်းတွင် ဂိုဏ်းအတွင်းရှိ အကြီးအကဲများ ရွတ်ဆိုပြသော သုတ္တန်များကို နားထောင်ရမည်ဖြစ်သည်။
ထိုအခြင်းအရာများကို ကြည့်၍ ဤပြိုင်ပွဲသည် ဂိုဏ်းအတွင်း၌ နှစ်ပေါင်း(၂၀၀)လျှင် တစ်ကြိမ်သာ ကျင်းပသော ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်း သိနိုင်လေသည်။ ထိုပွဲသည် ဂိုဏ်းဖွင့်ပွဲကြီးနှင့်ပင် ယှဉ်နိုင်ပေသည်။
လီချန်ရှို့နှင့် လင်းအယ်တို့ ရောက်ရှိလာသောအခါ သူတို့သည် ထုံးစံအတိုင်း လူရှင်းသော ချောင်တစ်ချောင်တွင် သွား၍ နေလိုက်ကြ၏။
သုံးချောင်းထောက်ဆေးတောင်နှင့် နတ်ရေတံခွန်တောင်တို့ကဲ့သို့ ထင်ရှားသော တောင်များသည် သူတို့၏ ‘ဆေး’၊ ‘လင်’ ဟူသော စာလုံးများရေးထားသည့် အလံများကို ထောင်ထားကြသည်။ ထိုတောင်များမှ တပည့်များသည်လည်း စုဝေး၍ နေနေကြ၏။
တပည့်များထဲမှ တချို့သည် ပေါ့ပေါ့ပါးပါးပင် နေ,နေကြသည်။ တပည့်များသည် သူတို့နှင့်ရင်းနှီးသော သူငယ်ချင်းများနှင့် စုဝေးကာ ပွဲကျင်းပရာနေရာတွင် လှည့်ပတ်နှုတ်ဆက်နေကြသည်။
ခေါင်းလောင်းထိုးသံ ကိုးချက်ထွက်ပေါ်လာ၏။
နေရာအနှံ့မှနေ၍ တိမ်များ တက်သွားလိုက်၊ ဆင်းလာလိုက်နှင့် ရှိနေပြီး တောင်အာက်ရှိ ချိုင့်ဝှမ်းတစ်ခုလုံးတွင် လူများနှင့် ပြည့်နှက်နေလေသည်။
ထိုကဲ့သို့ တပည့်အများအပြား တစ်နေရာတည်းတွင် စုဝေးခဲ့သော နောက်ဆုံးအကြိမ်မှာ တုနတ်ဝိဇ္ဇာဂိုဏ်း အန္တရာယ်နှင့် ရင်ဆိုင်နေရစဉ်က ဖြစ်၏။ သို့သော် ထိုစဉ်က တပည့်များသည် သူတို့၏ အသက်အတွက် ရှောင်ပြေးနေရခြင်းဖြစ်သဖြင့် စိတ်လက်ညှိုးနွမ်းနေခဲ့ကြ၏။
ယနေ့တွင်မူ သူတို့သည် စိတ်ဓာတ်တက်ကြွနေကြပြီး သူတို့၏ အစွမ်းကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြလေသည်။ သူတို့သည် ကြီးကျယ်သော နတ်ဝိဇ္ဇာဂိုဏ်းတစ်ခုမှ နတ်ဝိဇ္ဇာများကဲ့သို့ ဂုဏ်သိက္ခာရှိကြ၏။
ထိုမြင်ကွင်းကို မြင်သောအခါ လီချန်ရှို့၏ ကဗျာဉာဏ်အာဘော်များ ယိုစိမ့်ကြလာ၏။ သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ တောင်တစ်ခုလုံးတွင် နုပျိုလှပသော လူငယ်များဖြင့်ပြည့်နေရာ ကျွန်ုပ်သည် မိန်းမလှလေးများ၏ အလှတရားကို ခံစားနိုင်ပေ၏.. ’
သူသည် တိမ်များပေါ်သို့ မော့ကြည့်လိုက်ရာ အကြီးအကဲများကို မြင်တွေ့လိုက်ရလေသည်။
လီချန်ရှို့သည် သူတို့၏ အိုမင်းသော ရုပ်သွင်များကို ပယ်၍ ငယ်ရွယ်သော ရုပ်သွင်များကိုယူကာ ဟန်ထုတ်နေကြသည့် အကြီးအကဲများကို တွေ့လိုက်သောအခါ ဆွံ့အသွားလေသည်။
ရုတ်တရက် ကောင်းကင်ခွင်းတောင်ပေါ်မှနေ၍ တိမ်(၁၂)အုပ်ခန့်ဆင်းလာရာ ဝိုးခနဲ၊ ဝါးခနဲဖြစ်သွားသော အသံများကို ကြားလိုက်ရလေသည်။
ရှေးဦးစွာ ဆင်းလာသောသူမှာ အနီရဲရဲ ဝတ်ဆုံလေးကို ဝတ်ဆင်ထား၏။ သူမ၏ ပိတုန်းရောင်ဆံနွယ်များကို ရိုးရိုးရှင်းရှင်းပင် စု၍ စည်းထားလေသည်။ သူမ၏ မျက်နှာထားမှာမူ ရေခဲတမျှ အေးစက်စက်နိုင်နေ၏။ သူမ၏ နောက်ကျောတွင် ဓားကြီးတစ်ချောင်းလွယ်ထားပြီး သူမအတွက်ပြင်ဆင်ပေးထားသော နေရာသို့ လှပကျော့ရှင်းစွာ ဆင်းသက်လိုက်လေသည်။
သူမသည် မျိုးဆက်သစ်တပည့်ခေါင်းဆောင် ယုံချင်ရွှမ်းယာပင်။
ယုံချင်ရွှမ်းယာသည် မြေပြင်ပေါ်သို့ မဆင်းမီ လူအုပ်ထဲ၌ တစ်စုံတစ်ခုကို ရှာဖွေလိုက်၏။ နှစ်ခေါက်မျှ ရှာဖွေပြီးသွားသောအခါ သူမသည် လီချန်ရှို့နှင့် လင်းအယ်တို့နှစ်ဦးကို တွေ့သွားလေသည်။ သူမ၏ နှုတ်ခမ်းစွန်းလေးနှစ်ခုသည် ပင့်တက်၍ ပြုံးသွားပြီး အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ရုတ်ခြည်းပင် လီချန်ရှို့နှင့် လင်းအယ်အပေါ်သို့ အကြည့်များ ကျရောက်လာ၏။ လီချန်ရှို့သည် ယုံချင်ရွှမ်းယာ ကြည့်လိုက်ချိန်တွင် နောက်သို့ခြေလှမ်းဝက်ခန့် ဆုတ်၍ အကြည့်လမ်းကြောင်းမှ ဖယ်လိုက်သည်။ ထို့ကြောင့် လူအားလုံး၏ အာရုံသည် လင်းအယ်ထံသို့သာ ကျရောက်သွားလေ၏။
လင်းအယ်သည် ယဉ်ယဉ်ကျေးကျေး ပြန်၍ ဦးညွှတ်ပြလိုက်ပြီး နှုတ်ဆက်လိုက်၏။ သူမသည် အတန်ငယ် ခေါင်းမော့လိုက်ရာ သူမ၏ နှုတ်ခမ်းများတွင်လည်း သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူမသည် အတော်အသင့် ယုံကြည်မှုရှိနေဟန် ပေါ်လေသည်။
သူမ၏နားထဲတွင် အသံပို့လွှတ်မှု တစ်ခုကို ကြားလိုက်ရ၏။
“ ညီမလေး စိတ်ငြိမ်သုတ္တန်ကို အကြိမ်တစ်ရာကူးရမယ်ဆိုတာ ခေါင်းထဲထည့်ထားဦးနော် ”
လင်းအယ်သည် ချက်ချင်းပင် ခေါင်းပြန်ငုံ့လိုက်ပြီး တွေးတောလိုက်၏။
‘ ငါ့ရဲ့ တာအိုနှလုံးသားက ဆိုးတာပဲ။ ဘာလို့ အခု ငါ့ကိုယ်ငါ အစ်မယုံချင်နဲ့ နှိုင်းယှဉ်မိနေတာကို မရပ်နိုင်ရတာလဲ... ’
တောင်ကြားတွင် တပည့်များစုဝေးနေပြီဖြစ်၍ သူတို့၏ ပတ်ပတ်လည်လည်တွင် တိမ်ဖြူများ လွင့်ပါးနေကြ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်းမှ နတ်ဝိဇ္ဇာအများစုသည်လည်း ထိုနေရာတွင် စုဝေးနေကြပြီဖြစ်သည်။ ခေတ္တမျှကြာပြီးနောက် ခေါင်းလောင်းထိုးသံ ထပ်မံထွက်ပေါ်လာ၏။ တုနတ်ဝိဇ္ဇာခန်းမအတွင်းမှ ကျောက်စိမ်းစင်မြင့်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ထိုအပေါ်တွင် တာအိုရသေ့ဒါဇင်ကျော်ခန့် ထိုင်၍လိုက်ပါလာလေသည်။
ဗလာနတ္ထိသခင်လေး...အဟမ်း.. ဂိုဏ်းချုပ်ကျိုးဝူယုံ၊ လက်ထောက်ဂိုဏ်းချုပ် ကျုံးယွီ၊ အရှင်ဝမ်ချင်းနှင့် အခြား ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲများသည် လွန်ခဲ့သော ရက်ပိုင်းကရောက်ရှိလာသည့် ဧည့်သည့်ဒါဇင်ကျော်ကို ဦးဆောင်၍ ခေါ်လာပေသည်။ သူတို့သည် ကျောက်စိမ်းစင်မြင့်ပေါ်မှနေ၍ ဖြည်းဖြည်းချင်း ပျံသန်းလာ၏။
လီချန်ရှို့သည် ကျောက်စိမ်းစင်မြင့်အပေါ်မှ ကိုယ်ရောင်ကိုယ်ဝါများကို အာရုံခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် ဂိုဏ်းကို ထပ်မံရောက်ရှိလာပြန်ပေပြီ။
ထို့ပြင် ဤအကြိမ်တွင် သူတို့နှင့်အတူ အာကာသနတ်မင်းအဆင့်ရှိသူ ပညာရှင်နှစ်ဦးလည်း ပါလာ၏။ သူတို့သည် အာကာသနတ်မင်းအဆင့်ရှိသော ဖိအားအချို့ကို ထုတ်လွှတ်နေလေသည်။ သူတို့သည် ကောင်းကင်ဧကရာဇ်ဆယ်ပါးထဲမှ လူများ ဖြစ်နိုင်၏။
လီချန်ရှို့သည် ထိုသူများကို တစ်ကြိမ်မျှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ထိုအရာသည် သူ၏ခန့်မှန်းချက်သာဖြစ်လေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းကို သွေးခြင်ရုပ်သေးများ လာရောက်တိုက်ခိုက်ခဲ့စဉ်က ထိုသူများကို ဦးဆောင်လာသူ သုံးဦးသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများဖြစ်သည်။ ထို့နောက် အရှင်ရွှမ်းဒူ ကိုယ်တိုင် ရှေ့ထွက်၍ စုံစမ်းခဲ့ရာ ထိုသုံးဦးသည် ထိန်းချုပ်ခံထားရကြောင်း သိခဲ့ရ၏။
ယနေ့တွင် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ဂိုဏ်းတွင်းပြိုင်ပွဲကို ကြည့်ရှုရန် ရောက်လာကြခြင်းပင်။ သူတို့သည် ရန်ကျောင်းတော်နှင့် ပဋိပက္ခများကို အတိတ်တွင်သာထားခဲ့လိုခြင်း ဖြစ်ပေမည်။ သူတို့၏ သဘောထားများထဲတွင် တောင်းပန်လိုသည့် အရိပ်အယောင်များ ပါနေလေသည်။
သို့သော် ထိုအရာသည် သူကဲ့သို့ တပည့်ငယ်လေးဖြင့် မည်သို့မှ မသက်ဆိုင်ပေ။
သို့ရာတွင် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ၏ နောက်တွင် တပည့်ငယ်အချို့လည်း ရပ်နေကြ၏။ လီချန်ရှို့သည် ထိုတပည့်ငယ်များထဲမှ တစ်ဦးနှင့် အလွန်ရင်းနှီးလေသည်။
ထိုအခိုက်တွင် ထိုတပည့်ငယ်သည်လည်း လီချန်ရှို့ကို သတိပြုမိသွား၏။
သူသည် ကျဲကျောင်းတော်မှ အာကာသနတ်မင်းတစ်ပါး၏ နားနားသို့ကပ်၍ စကားအနည်းငယ် တီးတိုးပြောလိုက်ပြီးနောက် ကျောက်စိမ်းစင်မြင့်ပေါ်မှ ဆင်းကာ လီချန်ရှို့နှင့် လင်းအယ်တို့ထံသို့ လာလိုက်၏။
သူသည် ကျဲကျောင်းတော်၏ တပည့်တစ်ဦးဖြစ်သော အရှေ့သမုဒ္ဒရာနဂါးနန်းတော်မှ ဒုတိယမင်းသားလေးဖြစ်ပြီး တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ လက်ထောက်နတ်မင်းတဖြစ်လဲ ကောင်းကင်နဂါးအစောင့်အရှောက်လည်းဖြစ်သော အောင်းရိပင်။
“ အစ်ကိုချန်ရှို့... ”
“ ေဩာ် ... ညီလေးရိ... အဆင်ပြေရဲ့လား... ”
“ အစ်ကိုချန်ရှို့ကြောင့် ကျွန်တော် အခုတလော အဆင်ပြေနေပါတယ် ”
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စကားဆက်၍ မပြောတော့ပေ။
တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ စည်းမျဉ်းအရ ယခုသူတို့နှစ်ယောက် ပြောလိုက်သော စကားများသည် “ နှုတ်ခွန်းဆက်ပါတယ် အစ်ကိုနတ်မင်းရေ... ”၊ “ လက်ထောက်နတ်မင်းရေ အခုလို နှုတ်ဆက်နေစရာမလိုပါဘူး... လူတွေကြည့်နေတယ်လေ... ” ဟူ၍ အဓိပ္ပာယ်ရပေသည်။
ထို့ပြင် “ ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းတွေ အခုတလော အဆင်ပြေနေပါတယ်။ နတ်မင်း စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ ” ဟူ၍ စသည်ဖြင့် အဓိပ္ပာယ်ရလေသည်။
သူတို့နှစ်ဦးသည် မအူမလည်လုပ်ကာ မည်သည့်အရာကိုမှ မပေါ်သွားစေသော်လည်း အောင်းရိသည် ယခင်တစ်ခေါက် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာခဲ့စဉ်က လီချန်ရှို့နှင့် ရင်းနှီးခဲ့သည်ကိုမူ ဂိုဏ်းမှလူတိုင်း သိရှိပြီးဖြစ်သည်။
သို့သော် လီချန်ရှို့သည် ထိုအခိုက်တွင် မသက်မသာခံစားနေရ၏။ သူ၏ လက်ဝဲဘက်တွင် ပန်းကလေးတစ်ပွင့်သဖွယ် လှပသော သူ၏ ဆရာတူညီမလေးရှိ၏။ သူမ၏ ဂိုဏ်းအတွင်းရှိ မိန်းမလှအဆင့်သည် အလျင်အမြန် တိုးတက်နေပေသည်။ မကြာမကြာပင် အမျိုးသားကျင့်ကြံသူများသည် သူမကို လှမ်း၍ ကြည့်ကြ၏။
သူ၏ လက်ယာဘက်တွင်မူ နောက်ခံအင်အားတောင့်တင်းသော လူငယ်လေးတစ်ဦးရှိ၏။ သူသည် ခံ့ညားသော ရုပ်သွင်ရှိပြီး ခေါင်းတွင်လည်း နဂါးဦးချိုနှစ်ခုရှိနေရာ ပို၍ပင် နှစ်လိုဖွယ်အသွင်ဆောင်နေလေသည်။ မကြာမကြာပင် အမျိုးသမီးကျင့်ကြံသူများသည် သူ့ကို လှမ်းကြည့်ကြ၏။
အလယ်တွင် ရပ်နေသော လီချန်ရှို့မှာမူ ဆွံ့အနေပေသည်။
သူ ( ၈၉ )နှစ်လုံး ခံစားခဲ့ရသော တည်ငြိမ်အေးချမ်းမှု၊ သက်တောင့်သက်သာရှိမှုနှင့် သိုသိုသိပ်သိပ်ဖြင့် နေ့တဓူဝ ကျင့်ကြံခြင်း လုပ်ရိုးလုပ်စဉ်တို့သည် ရုတ်ခြည်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရလေတော့သည်။
***