အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) အပြင်ထွက် လမ်းလျှောက်ရာ နောက်ယောင်ခံ လိုက် ခံရခြင်း
"မင်္ဂလာပါ ... လူဘယ်နှစ်ယောက်ပါလဲ"
ချန်ကျီနှင့် ကျောက်လင်းအာတို့ ထုံဖူစားသောက်ဆိုင် အတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ ဝန်ထမ်း တစ်ဦးက ချက်ချင်းပင် လာရောက် နှုတ်ဆက်လေသည်။
ထိုဝန်ထမ်းက နှုတ်ဆက်စကား ပြောပြီးခါမှ ချန်ကျီ၏ ဘေးနားရှိ ကျောက်လင်းအာကို သတိပြုမိသွားခဲ့ရ၏။
ကျောက်လင်းအာ၏ မျက်နှာကို သေသေချာချာ မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ သူ၏ အကြည့်များက ချက်ချင်းပင် စွဲမက်သွားခဲ့ရတော့သည်။
သူ့မျက်စိရှေ့က ကျောက်လင်းအာသည် ချင်းယွမ်ဂိုဏ်းက အမျိုးသမီး တပည့်များနှင့် နှိုင်းယှဉ်လျှင်ပင် သာလွန်နေပေလိမ့်မည်။
ဤကဲ့သို့ စင်ကြယ်အပြစ်ကင်းသည့် မိန်းကလေးမျိုးကို သူ တစ်ခါမျှ မမြင်ဖူးချေ၊ အမှန်တကယ်ပင် နတ်မိမယ်လေးတစ်ပါးကဲ့သို့ပင် ဖြစ်သည်။
သူ့အနေဖြင့် ဤကဲ့သို့သော မိန်းကလေးမျိုးကို မည်သည့်အချိန်တွင် ရှာဖွေနိုင်မည်နည်းဟု သူ တွေးမိလိုက်သော်လည်း ဤဘဝတွင်မူ ဖြစ်နိုင်ချေ မရှိတော့သဖြင့် နောက်ဘဝကျမှသာ အကောင်းဆုံး လူဝင်စားခွင့် ရပါစေဟု ဆုတောင်းရုံသာ ရှိတော့သည်။
အကယ်၍ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်လျှင် ပို၍ ကောင်းပေလိမ့်မည်။
ချန်ကျီက ဝန်ထမ်း၏ အကြည့်ကို သတိပြုမိထားပြီး ဖြစ်ခြင်းကြောင့် အကြောင်းရင်းကို ခန့်မှန်းနေစရာပင် မလိုဘဲ ကျောက်လင်းအာ၏ ရုပ်ရည်ကြောင့် စိတ်လွင့်သွားခြင်း ဖြစ်ရမည်ကို သိရှိလိုက်၏။
"အဟမ်း... အဟမ်း..." ချန်ကျီက ချောင်းနှစ်ချက် ခပ်ဟဟ ဆိုးလိုက်ရင်း အေးဆေးစွာဖြင့် "နှစ်ယောက်ပါ"
ထိုအခါမှ ဝန်ထမ်းသည် သူ အစောပိုင်းက စိတ်လွင့်သွားသည်ကို သတိပြုမိသွားခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤဧည့်သည် နှစ်ဦးက စိတ်ဆိုးခြင်း မရှိခဲ့ချေ။
သူက ပျာပျာသလဲဖြင့် "ဧည့်သည်တို့... အပေါ်ထပ်မှာ ထိုင်ချင်ပါသလား၊ ဒါမှမဟုတ် အောက်ထပ်မှာပဲ ထိုင်မလား"
"အပေါ်ထပ်မှာလည်း နေရာရှိလို့လား" ပြီးခဲ့သည့်အကြိမ်က ချန်ကျီ ထုံဖူစားသောက်ဆိုင်သို့ လာရောက်ခြင်းမှာ ငွေပြန်ဆပ်ရန် သက်သက်သာ ဖြစ်ခြင်းကြောင့် စားသောက်ဆိုင်၏ အတွင်းပိုင်း ပြင်ဆင်မှုများကို လုံးဝ သတိမထားမိခဲ့ချေ။
"ရှိပါတယ်... အပေါ်ထပ်ကတော့ သီးသန့်အခန်းတွေပါ"
"အော်..." ချန်ကျီက ခဏမျှ စဉ်းစားလိုက်ပြီး "ဒါဆိုရင် အောက်ထပ်မှာပဲ ထိုင်ကြတာပေါ့"
"ကောင်းပါပြီ ဧည့်သည်... ဒီဘက်ကို ကြွပါ"
ပြောပြီးသည်နှင့် ဝန်ထမ်းက ချန်ကျီနှင့် ကျောက်လင်းအာတို့ကို ဦးဆောင်ကာ ပထမထပ်ရှိ စားပွဲတစ်ခုတွင် နေရာချပေးလိုက်၏။
ဝန်ထမ်း၏ နောက်ကနေ လိုက်ပါလာရင်း ချန်ကျီက လက်ရှိ ထုံဖူစားသောက်ဆိုင်၏ အခြေအနေကို အကဲခတ်နေခဲ့သည်။
"မထင်ထားဘူး... အခု ထုံဖူစားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုက အရင်တုန်းကထက် အများကြီး ပိုကောင်းလာတာပဲ"
အရင်တုန်းက ထုံဖူစားသောက်ဆိုင်ရှိ ဝန်ထမ်းများမှာ လူရုပ်ကြည့်ပြီး ဆက်ဆံတတ်သည့် သဘောမျိုး ရှိခဲ့သည်။
"ဒါပေမဲ့လည်း လင်းအာရဲ့ ရုပ်ရည်က အနည်းငယ် လွန်ကဲလွန်းနေတယ်၊ နောက်နောင် သတိထားမှ ဖြစ်မယ်၊ သူတစ်ပါး တေးမှတ်ထားတာ မခံရအောင်လို့ပေါ့" ချန်ကျီက စိတ်ထဲကနေ တွေးတောနေမိ၏။
"ဧည့်သည် နှစ်ဦးစလုံး ထိုင်ပါခင်ဗျာ၊ ဘာများ သုံးဆောင်ချင်လဲဆိုတာ ကြည့်ပေးပါဦး"
"ဟင်း စာရင်း စာအုပ် ရှိလား"
"ရှိပါတယ်၊ အခုပဲ သွားယူပေးပါ့မယ်"
ဝန်ထမ်းက ဟင်းစာရင်း စာအုပ်ကို ချက်ချင်းပင် ကမ်းပေးလိုက်သည်။
ချန်ကျီက ဟင်းစာရင်း စာအုပ်ကို ကျောက်လင်းအာထံသို့ ပေးလိုက်ရင်း "ကြည့်လိုက်ဦး... စားချင်တာ ရှိလား"
"သခင်... သခင် ကြိုက်တာပဲ မှာလိုက်ပါ" ကိုယ်ပွား ကျောက်လင်းအာမှာ အမှန်တကယ်တော့ အစားအသောက် စားသုံးရန် မလိုအပ်ချေ။
အစားအသောက်၏ အရသာက မည်သို့ရှိသည်ဖြစ်စေ သူမအတွက်မူ အရေးမကြီးလှပါချေ။
ဟင်းစာရင်း စာအုပ်ကို တစ်ခေါက် ဖတ်ရှုပြီးနောက် ချန်ကျီလည်း ဘာမှာရမှန်း မသိ ဖြစ်သွားခဲ့ရသည်၊ အဓိကမှာ ဟင်းအမည်များကို အလွန် ဆန်းပြားစွာ ရေးသားထားခြင်းကြောင့် မည်သည့်ဟင်းလျာ ဖြစ်သည်ကို သူ နားမလည်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချန်ကျီက ဟင်းစာရင်း စာအုပ်ကို ဝန်ထမ်းထံသို့ တိုက်ရိုက် ပြန်ပေးလိုက်ရင်း "ငါတို့က လူနှစ်ယောက်ပဲမို့ မင်းတို့ဆိုင်ရဲ့ အကောင်းဆုံး အထူးဟင်းလျာ နှစ်မျိုး၊ သုံးမျိုးလောက်ပဲ အဆင်ပြေတာ လုပ်ပေးလိုက်ပါ"
"ကောင်းပါပြီ ဧည့်သည်... ခဏလောက် စောင့်ပေးပါခင်ဗျာ"
ပြောပြီးသည်နှင့် ဝန်ထမ်းက ဟင်းလျာများ စီစဉ်ရန် ထွက်ခွာသွားခဲ့တော့သည်။
ချန်ကျီက စားသောက်ဆိုင်အတွင်းရှိ အခြား စားသုံးသူများကို အကဲခတ်နေခဲ့ရာ ပထမထပ်တွင် စားသောက်နေကြသူများမှာ တစ်စားပွဲလျှင် လူနှစ်ဦး၊ သုံးဦးစီသာ ရှိကြသည်။
အချို့စားပွဲများမှာ သာမန်သေမျိုး များ ဖြစ်ကြပြီး အချို့စားပွဲများမှာမူ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်း မရှိကြချေ။
ခဏအကြာတွင် ဝန်ထမ်းက ပြန်လည် ရောက်ရှိလာရင်း "ဧည့်သည်... ဟင်းလျာတွေ စီစဉ်ပြီးပါပြီ၊ ဝိုင် ကော ထပ်မှာချင်ပါသေးသလားခင်ဗျာ၊ ကျွန်တော်တို့ ထုံဖူစားသောက်ဆိုင်ရဲ့ ဝိုင် က ဒီဝမ်နန်မြို့မှာ အတော်လေး နာမည်ကြီးပါတယ်"
"ဟားဟား... မလိုပါဘူး"
ဝိုင် အကြောင်း ကြားလိုက်ရသည့်အခါ ချန်ကျီ စိတ်ရှုပ်သွားခဲ့ရသည်၊ ပြီးခဲ့သည့်ဘဝက ကိစ္စမရှိသည့်အချိန်မျိုးတွင် သူလည်း ဝိုင် အနည်းငယ် သောက်တတ်ခဲ့သည်။
သို့သော် ဤဘဝတွင်မူ မူလခန္ဓာကိုယ်ပိုင်ရှင်က ဤထုံဖူစားသောက်ဆိုင်တွင် ဝိုင် သောက်ရင်း သေဆုံးသွားခဲ့ရခြင်း ဖြစ်သည့်အပြင် သူ့အတွက် အကြွေးမြောက်မြားစွာကိုပါ ချန်ထားခဲ့သေးသည်။
ဝိုင် ဆိုသည့် အရာကိုမူ ထားလိုက်ပါတော့၊ နောက်ဘဝကျမှသာ သောက်တော့မည်။
မကြာမီမှာပင် ဝန်ထမ်းက ဟင်းလျာများကို စားပွဲပေါ်သို့ လာရောက် အဆင့်ဆင့် ချပေးလေသည်။
ချန်ကျီ ကြည့်လိုက်သည့်အခါ အထူးဟင်းလျာအချို့ကို မှာခိုင်းခဲ့သော်လည်း ဝန်ထမ်းအနေဖြင့် စျေးတင်ပြီး လိမ်လည်ရောင်းချသည့် လုပ်ရပ်မျိုး မရှိသည်ကို တွေ့ရသဖြင့် အတော်ပင် အဆင်ပြေလှသည်။
"ဧည့်သည်... ဟင်းတွေ စုံပါပြီ၊ စိတ်ကြိုက် သုံးဆောင်ပါခင်ဗျာ"
"အင်း..." ချန်ကျီက ခေါင်းညိတ်ပြလိုက်၏။
"သခင်... ဒီဟင်းလျာတွေက လင်းအာ ချက်တာလောက် အရသာ မရှိဘူး ထင်တယ်"
ကျောက်လင်းအာမှာ အစားအသောက် စားရန်မလိုသော်လည်း ဟင်းလျာများ၏ အရသာကိုမူ မြည်းစမ်းနိုင်စွမ်း ရှိသည်၊ သို့မှသာ ချန်ကျီအတွက် ထမင်းချက်ပေးနိုင်မည် မဟုတ်ပါလော။
"ဒါကတော့ သဘာဝပေါ့၊ ဒီဟင်းလျာတွေက မင်းချက်တာကို ဘယ်မှီမလဲ"
ချန်ကျီ၏ ဤစကားမှာ ကျောက်လင်းအာကို ချီးကျူးလိုက်ခြင်း ဖြစ်သလို သူ့ကိုယ်သူ ချီးကျူးလိုက်ခြင်းလည်း ဖြစ်သည်။
ကျောက်လင်းအာ၏ လက်ရာမှာ မည်သူ့ထံကနေ သင်ယူခဲ့ရသလဲ ဆိုသည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
"အဆင်ပြေသလိုပဲ စားလိုက်ပါ၊ ငါတို့က အဓိက စားဖို့ ထွက်လာတာ မဟုတ်ဘူး၊ အပြင်မှာ လမ်းလျှောက်ချင်လို့ ထွက်လာတာ၊ အပြင်မထွက်ရတာ ကြာပြီဖြစ်လို့ စိတ်ပျော်ရွှင်ဖို့က အဓိကပဲ"
"ဟုတ်ကဲ့ပါ သခင်"
ဟင်းလျာများ၏ အရသာက ကျောက်လင်းအာ ချက်ပြုတ်သည်ကို မမှီသော်လည်း စား၍ရသည့် အဆင့်တွင်မူ ရှိနေဆဲ ဖြစ်သည်၊ သို့မဟုတ်ပါက ဤထုံဖူစားသောက်ဆိုင်လည်း ဆက်လက် ဖွင့်လှစ်နိုင်မည် မဟုတ်ချေ။
" ရှင်းမယ်"
"လာပါပြီ ဧည့်သည်... စုစုပေါင်း ငွေဆယ်တေး ကျသင့်ပါတယ်ခင်ဗျာ"
"အဆင်ပြေပါတယ်...စျေးသိပ် မကြီးပါဘူး" ပြောရင်း ချန်ကျီက ငွေဆယ်တေးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ပေးလိုက်၏။
ထို့နောက်တွင်မူ ကျောက်လင်းအာနှင့်အတူ စားသောက်ဆိုင်အပြင်သို့ လှမ်းထွက်ခဲ့ကြသည်။
"ဧည့်သည်တို့ ကောင်းကောင်းသွားပါ၊ နောက်လည်း ကြွခဲ့ပါဦးခင်ဗျာ"
ဝန်ထမ်းက ဆိုင်တံခါးဝတွင် ရပ်ကာ ချန်ကျီတို့ကို နှုတ်ဆက်ပြီးနောက် ကျောက်လင်းအာ ထွက်ခွာသွားသည့် နောက်ကျောအလှကို ငေးမောကြည့်နေခဲ့မိပြန်သည်။
"တကယ် လှတာပဲ"
ဒီအချိန်တွင် စားသောက်ဆိုင်အတွင်းကနေ အခြား ငွေရှင်းသည့်အသံ ထပ်မံ ထွက်ပေါ်လာပြန်သည် " ရှင်းမယ်၊ ပြန်အမ်း စရာ မလိုဘူး"
"အို... ကျေးဇူးတင်ပါတယ် ဧည့်သည်"
ဝန်ထမ်းက စားပွဲပေါ်ရှိ ငွေစများကို ပျာပျာသလဲ သွားရောက် သိမ်းဆည်းလိုက်ရာ ထိုပိုသည့် ငွေများထဲတွင် သူ၏ မုန့်ဖိုးလည်း ပါဝင်နေခဲ့သည်။
"သခင်... ယဲ့မိသားစုက ဒီထုံဖူစားသောက်ဆိုင်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်း လုပ်ငန်း လည်ပတ်တာ တော်တော်လေး အဆင်ပြေပုံရတယ်"
ချန်ကျီက အထင်မကြီးသည့်ဟန်ဖြင့် ပြုံးလိုက်ရင်း "ဒီလို နေရာကောင်းမျိုးမှာဆိုရင် ဘယ်လိုဆိုင်ပဲ ဖွင့်ဖွင့် စျေးကွက် ကတော့ ပျက်မှာ မဟုတ်ဘူး။ တမင်တကာ စျေးတင်ပြီး မလိမ်ဘူးဆိုရင်ပဲ ဆက်ပြီး ဖွင့်လှစ်သွားနိုင်မှာပဲ။ ယဲ့မိသားစုကလည်း တကယ်ကို တော်ပါပေတယ်၊ ဝမ်နန်မြို့အတွင်းက သူတို့ရဲ့ လုပ်ငန်းတွေအားလုံးက တရားဝင် စနစ်တကျ ရှိကြတယ်။ ဒါပေမဲ့ ကွယ်ရာမှာတော့ မကောင်းမှုမှန်သမျှကို ကျူးလွန်နေကြတာပဲ"
"သခင်... ယဲ့မိသားစုက ဒီလိုလုပ်တာက ငွေလည်းရသလို နာမည်ကောင်းလည်း ရတာပေါ့"
"ဒါကပဲ ယဲ့မိသားစုရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲ၊ ပေါ်ပေါ်ထင်ထင် မရှိဘဲ ဝမ်နန်မြို့ကို ကွယ်ရာကနေ အလုံးစုံ ထိန်းချုပ်ထားကြတယ်။ ကွယ်ရာကနေ အမြဲတမ်း ကြိုးကိုင်နေတဲ့ မမြင်ရတဲ့ လက်ဝါးကြီးတစ်ခုလိုပဲ။ တကယ်ကို အောက်တန်းကျလွန်းလှတယ်"
ဒီအချိန်တွင် ကျောက်လင်းအာက ရုတ်တရက် ပြောသည်။ "သခင်... ကျွန်မတို့နောက်ကို တစ်စုံတစ်ယောက်က နောက်ယောင်ခံ လိုက်နေပုံရတယ်"
"အင်း... စောနကတည်းက သတိထားမိပါတယ်၊ ကြည့်ရတာ ငါတို့က ကျင့်ကြံခြင်းအဆင့်ကို ထုတ်မပြထားတော့ သူတို့က. ရည်ရွယ်ချက်ကောင်း ရှိတယ့်ပုံမပေါ်ဘူး ။ သူတို့ကို ဂရုစိုက်မနေနဲ့၊ ချီသန့်စင်ခြင်း အဆင့် ၅ ရှိတဲ့ လူသုံးယောက်တင်မို့ ဘာမှ ခြိမ်းခြောက်မှု မရှိဘူး၊ ငါတို့ လမ်းအတိုင်း ငါတို့ ဆက်သွားကြရအောင်"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက သူ့ နောက်ကနေ နောက်ယောင်ခံ လိုက်နေသည့် လူများကို လုံးဝ စိတ်ထဲ မထားချေ၊ ဤနေရာမှာ ဝမ်နန်မြို့၏ လမ်းမကြီး ဖြစ်ခြင်းကြောင့် လမ်းမပေါ်တွင် မည်သူမျှ ရမ်းကားရဲကြမည် မဟုတ်ပါချေ။
ချန်ကျီသည်လည်း ထိုနည်းတူပင် ဖြစ်ကာ သူလည်း မလှုပ်ရှားရဲသေးချေ၊ သို့သော် ၎င်းမှာ သူ အမြဲတမ်း မလှုပ်ရှားရဲခြင်းမျိုးကို မဆိုလိုပါချေ။
ချန်ကျီက သူ့ လမ်းကိုသာ ဆက်လက် လျှောက်လှမ်းနေခဲ့ပြီး နောက်က လိုက်ပါလာသည့် လူ အချို့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
သို့သော်လည်း တစ်နေ့လုံး လမ်းလျှောက်ခဲ့ရသော်လည်း သူ သဘောကျသည့် ပစ္စည်းမျိုးကိုမူ မတွေ့ရှိခဲ့ရချေ။
အားလုံးမှာ အနန္တစျေးဆိုင် ထဲတွင် တိုက်ရိုက် ဝယ်ယူ၍ ရနိုင်သည့် ပစ္စည်းများသာ ဖြစ်ကြသည်။
အစောပိုင်းက ချန်ကျီအနေဖြင့် ကျင့်ကြံသူများ ခင်းကျင်းရောင်းချနေသည့် ဆိုင်ခန်းများတွင် ရတနာကောင်းအချို့ကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ပတ်ပတ်ပြီးသည့်တိုင်အောင် မည်သည့် ပစ္စည်းကောင်းကိုမျှ ရှာမတွေ့ခဲ့ရချေ။
"သွားစို့... ပြန်ကြရအောင်၊ လျှောက်ကြည့်စရာ ဘာမှမရှိတော့ဘူး" ချန်ကျီ လမ်းလျှောက်ရသည်မှာလည်း စိတ်ပျက်စရာ ကောင်းလာသည်ဟု ခံစားလိုက်ရသည်။
"ဟုတ်ကဲ့ပါ သခင်"
သို့သော်လည်း ချန်ကျီက ကျောက်လင်းအာကို ခေါ်ဆောင်ကာ သူ့ အိမ်တော် ရှိရာ ဘက်သို့ ဦးတည်ခြင်း မပြုခဲ့ချေ။
ထိုအစား အရင်တုန်းက ငှားရမ်းနေထိုင်ခဲ့သည့် သာမန်လူနေအိမ်များ ရှိရာ ဘက်သို့သာ လျှောက်လှမ်းသွားခဲ့သည်။
သူ့အပေါ်တွင် မကောင်းသည့် ကြံစည်မှု ရှိနေသူများ ရှိနေခြင်းကြောင့် ၎င်းကို သေချာပေါက် လက်စသတ်ရန် လိုအပ်သည် မဟုတ်ပါလော။
မြို့တော်သခင် အိမ်တော် ဘက်ရှိ အိမ်များတွင်မူ ကင်းလှည့်အဖွဲ့များ အလွန်များပြားသဖြင့် လှုပ်ရှားရန် မလွယ်ကူချေ။
ဤသာမန်လူနေအိမ်များ ရှိရာ အရပ်ကမူ ထိုသို့မဟုတ်ဘဲ ကင်းလှည့်အဖွဲ့များ လာရောက်ခြင်း နည်းပါးလှသည်။
မဟုတ်သေးပါ၊ အခြေခံအားဖြင့် လုံးဝ မလာကြဟု ဆိုရပေလိမ့်မည်။
သူ့အနေဖြင့် လှုပ်ရှားမှု မြန်ဆန်နေသရွေ့တော့ ကင်းလှည့်အဖွဲ့ ရောက်ရှိလာလျှင်ပင် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်ချေ။