← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်း

​"ကြည့်ရတာ နောက်နောင် အပြင်ထွက်တာ နည်းနည်း လျှော့မှ ဖြစ်မယ်၊ တစ်ခါထွက်တာနဲ့ နောက်ယောင်ခံ လိုက်တာ ခံနေရတယ်၊ ကိစ္စမှန်သမျှကို ကိုယ်ပွားတွေကိုပဲ လွှတ်ပြီး လုပ်ခိုင်းရတော့မယ်

​အိမ်မှာပဲ အောင်းနေတာလည်း ဘာမှ မကောင်းတာ မရှိပါဘူး၊ နည်းနည်းတော့ အိမ်တွင်းပုန်း ဆန်တာပေါ့

​ဒါပေမဲ့ ဘေးကင်းတာပေါ့၊ ကိုယ့်အသက်ကိုယ် နှမြောဖို့က ပိုအရေးကြီးတယ်"

​ချန်ကျီက သူအပြင်ထွက်လိုက်သည်နှင့် တစ်ခုမဟုတ်တစ်ခု သေချာပေါက် ပြဿနာတက်တတ်သည်ဟု ခံစားမိနေကာ ဤအခြေအနေမှာ သူ့စိတ်ထဲရှိ အန္တရာယ်ကင်းကင်းနှင့် အောင်းနေမည့် လမ်းစဉ်နှင့် ကိုက်ညီမှု မရှိချေ။

​"သခင်... ကျွန်မတို့ ဘယ်သွားကြမလို့လဲ"

​"ငါ အရင်က နေခဲ့တဲ့နေရာကို သွားကြည့်ရင်းနဲ့ အမြီးတွေကိုပါ တစ်ခါတည်း ရှင်းပစ်မလို့"

​ချန်ကျီက ဤသို့ ပြောလိုက်သည့်အခါ ကျောက်လင်းအာ စိတ်ထဲကနေ အထာနားလည်သွားခဲ့သည်။

​သူတို့နှစ်ဦးက ရင်းနှီးနေသည့် လမ်းကြားလေးထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြရင်း ချန်ကျီနှင့် ကျောက်လင်းအာတို့က သူ့တို့၏ ကျင့်ကြံခြင်းအော်ရာ များကို သိမ်းဆည်းလိုက်ကြ၏။

​"သခင်... သူတို့ အရှိန်မြှင့်ပြီး လိုက်လာကြပြီ"

​"အင်း... ဒါဆိုရင် သူတို့ကို ဒီကနေပဲ စောင့်ကြတာပေါ့"

​ချန်ကျီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်ကလူများကို အသာအယာ စောင့်ဆိုင်းနေခဲ့သည်။

​ထုံဖူစားသောက်ဆိုင် ကတည်းက တောက်လျှောက် လိုက်ပါလာခဲ့သည့် ထိုလူသုံးယောက်မှာ အစပိုင်းက ကျောက်လင်းအာ၏ ရုပ်ရည်ကို အလှအပ သဘောမျိုးဖြင့်သာ သဘောကျပြီး မည်သည့်အိမ်က မိန်းကလေး ဖြစ်သည်ကို သိရှိရန် နောက်ကလိုက်လာခြင်း ဖြစ်သည်။

​အဓိကအချက်မှာ သူတို့က ချန်ကျီနှင့် ကျောက်လင်းအာတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ကျင့်ကြံခြင်းအဆင့်ကိုမျှ မခံစားရခြင်းကြောင့်သာ ဤကဲ့သို့ ရဲရဲတင်းတင်း လိုက်လာရဲခြင်း ဖြစ်၏။

​သို့သော် ပို၍ လိုက်လာလေလေ သူတို့ ပို၍ ဝမ်းသာအားရ ဖြစ်လာလေလေ ဖြစ်သည်၊ ချန်ကျီတို့က ဤသာမန်လူနေအိမ်များ ရှိရာ အရပ်သို့ လျှောက်လှမ်းလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။

​ဒါက ကောင်းကင်က သူတို့ကို ကူညီလိုက်ခြင်းပင် ဖြစ်ကာ မရည်ရွယ်ဘဲ လုပ်ဆောင်မိသည့် လုပ်ရပ်တစ်ခုက ကောင်းကင်ဘုံက ပေးသနားသည့် အခွင့်အရေးကြီးနှင့် တိုးသွားရခြင်း ဖြစ်သည်။

​သူတို့က ကျောက်လင်းအာကို သူတို့ လက်ခုပ်ထဲက ရေကဲ့သို့ပင် သဘောထားနေခဲ့ကြပြီ ဖြစ်၏။

​သူတို့မျက်စိထဲတွင် သာမန်သေမျိုးများမှာ ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ပြီး သတ်ဖြတ်ခြင်း သို့မဟုတ် လုယက်ခြင်း ပြုလုပ်ပါက ကစားပွဲတစ်ခုကဲ့သို့သာ သဘောထားကြသည်။

​သို့သော်လည်း ချန်ကျီနှင့် ကျောက်လင်းအာတို့က ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်ကို မြင်တွေ့ရသည့်အခါ သူတို့ တွန့်ဆုတ်သွားခဲ့ကြရ၏။

​ဒါ... ရိပ်မိသွားတာလား၊ မဖြစ်နိုင်တာ၊ သာမန်သေမျိုး နှစ်ယောက်က သူတို့ နောက်ယောင်ခံ လိုက်နေတာကို ဘယ်လိုလုပ်ပြီး ရိပ်မိနိုင်မှာလဲ။

​သို့သော်လည်း ရှေ့က ချန်ကျီနှင့် ကျောက်လင်းအာတို့က အကြောင်းရင်းကို မသိရဘဲ အမှန်တကယ်ပင် ရပ်တန့်နေခဲ့ခြင်းကြောင့် သူတို့လည်း ခဏမျှ ဝေခွဲမရဘဲ အလျင်စလို မလှုပ်ရှားရဲကြသေးချေ။

​ချန်ကျီက သူကိုယ်တိုင် ခြေလှမ်းရပ်ပြီး စောင့်နေသည့်တိုင်အောင် ထိုနောက်ယောင်ခံ လိုက်နေသည့် လူများက အနားသို့ မချဉ်းကပ်ရဲကြသေးသည်ကို မြင်တွေ့လိုက်ရ၏။

​"ကြည့်ရတာ သူတို့ကို အထင်သေးလို့ မရဘူးပဲ၊ ကျင့်ကြံသူတွေထဲမှာလည်း အူတူတူတွေ သိပ်မရှိပါဘူး၊ မဟုတ်ရင်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြမှာ မဟုတ်ဘူး"

​"သခင်... ကျွန်မ သွားလိုက်ပါ့မယ်"

​ချန်ကျီက ကျောက်လင်းအာကို တစ်ချက် ကြည့်လိုက်ပြီးမှ ကျောက်လင်းအာမှာလည်း သူ ကဲ့သို့ ကိုယ်ပွားတစ်ခု ဖြစ်သည်ကို မေ့လျော့နေခဲ့ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။

​ကျောက်လင်းအာတွင် သူနှင့် တူညီသည့် ကျင့်ကြံခြင်း ခွန်အား ရှိသည့်အပြင် သူ တတ်ကျွမ်းသမျှကိုလည်း သူမ အားလုံး တတ်ကျွမ်းသည်။

​ချန်ကျီက မတတ်သာသလို ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။ "သွားလေ..."

​"သခင်... အရှင် ဖမ်းရမလား၊ ဒါမှမဟုတ် တိုက်ရိုက်ပဲ လက်စသတ်ရမလား"

​"တိုက်ရိုက်ပဲ ရှင်းပစ်လိုက်တော့၊ ငါ အရင်က ငှားနေခဲ့တဲ့ အိမ်ထဲကနေ စောင့်နေမယ်"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီက ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သော်လည်း ကျောက်လင်းအာ၏ ပုံရိပ်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​"အစ်ကိုကြီး... အဲဒီကောင်လေးက ပြန်လျှောက်သွားပြီ၊ ကြည့်ရတာ ငါတို့တွေ စိုးရိမ်လွန်သွားတာ ထင်တယ်"

​"မဟုတ်ဘူး... လူတစ်ယောက် လျော့နေသလိုပဲ"

​"?"

​"အဲဒီ မိန်းကလေး ပျောက်သွားပြီ၊ အဲဒီကောင်လေး တစ်ယောက်တည်းပဲ ရှေ့ကို လျှောက်သွားနေတာ"

​လူသုံးယောက်စလုံးက ချန်ကျီရှိရာ ဘက်သို့ အံ့ဩတကြီး လှမ်းကြည့်လိုက်ကြရာ ကျောက်လင်းအာ၏ ပုံရိပ်ကို လုံးဝ မမြင်ရတော့ဘဲ ချန်ကျီတစ်ယောက်တည်း၏ နောက်ကျောကိုသာ မြင်တွေ့ရတော့သည်။

သာယာနာပျော်ဖွယ် ရှိသော အသံတစ်သံက ထိုလူသုံးယောက်၏ နားစည်အတွင်းသို့ စိမ့်ဝင်လာခဲ့၏။ "နင်တို့က... ငါ့ကို ရှာနေတာလား"

​လူသုံးယောက်စလုံး ထိတ်လန့်သွားကြရသည်၊ ဤအသံက သူတို့၏ နောက်ကျောဘက်ကနေ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ဖြစ်၏။

​"ဒါဆိုရင်..."

​လူသုံးယောက်စလုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြရာ သူတို့ တောက်လျှောက် လိုက်လာခဲ့ရသည့် စွဲမက်ဖွယ် ကောင်းလှသော မျက်နှာလှလှလေးက သူတို့၏ မျက်စိရှေ့မှောက်တွင် ကွက်တိ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။

​"မင်း... ဘယ်အချိန်က ငါတို့နောက်ကို ရောက်နေတာလဲ" လူသုံးယောက်ထဲက အစ်ကိုကြီး ဖြစ်သူက ကြောက်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။

​"အခုလေးတင်ပဲလေ" ကျောက်လင်းအာက ဝေခွဲမရသည့်ဟန်ဖြင့် ပြန်လည် မေးလိုက်ပြန်သည်။ "နင်တို့ ငါတို့နောက်ကို လိုက်လာတာ ဘာကိစ္စ ရှိလို့လဲ"

​"ငါတို့..." လူသုံးယောက်စလုံးက စကားဗလုံးဗထွေး ဖြစ်နေကြပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်နေကြရသည်၊ အခြေအနေကို ကြည့်ရုံနှင့် သူတို့ မျက်စိမှောက်သွားခဲ့ပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြပြီ ဖြစ်၏။

​သူတို့ တောက်လျှောက် နောက်ယောင်ခံ လိုက်လာခဲ့သည့် လူနှစ်ယောက်က သးတို့၏ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ်ပင် ဖုံးကွယ်ထားကြလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

​"ငါပဲ နင်တို့ကိုယ်စား ပြောပေးရမလား၊ နင်တို့က ရုပ်ရည်ကို မက်မောပြီး မကောင်းတဲ့ အတွေး ရှိနေကြတာ ဟုတ်တယ်မလား"

​လူသုံးယောက်စလုံးက လက်ရှိ အခြေအနေကို ရိပ်မိသွားကြသဖြင့် ပျာပျာသလဲ လက်ခါပြလိုက်ကြရင်း "မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ ငါတို့က လမ်းကြုံလို့ ဖြတ်လျှောက်လာတာပါ"

​"ဟမ့်... နင်တို့ စိတ်ထဲမှာ မရှိသင့်တဲ့ အတွေး မျိုး ရှိခဲ့ပြီးပြီဆိုမှတော့ နင်တို့ရဲ့ လုပ်ရပ်အတွက် သေချာပေါက် ပေးဆပ်ရမှာပေါ့"

​ကိုယ်ပွား ကျောက်လင်းအာက အပိုစကားများ ဆက်ပြောမနေတော့ဘဲ သူမ၏ လက်ထဲတွင် ချင်းယွမ်ဓားတစ်လက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

​" မြေကြီး အဆင့်လား..."

​ချင်းယွမ်ဓားကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ ထိုလူသုံးယောက်စလုံး သးတို့ သေရတော့မည်ကို သိရှိလိုက်ကြပြီ ဖြစ်သည်၊ မြေကြီး အဆင့် လက်နက်ကို အလွယ်တကူ ထုတ်ယူနိုင်သည့် လူမျိုးမှာ သူတို့ သေချာပေါက် ရန်မစရဲသည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေလိမ့်မည်။

​"စီနီယာ... အသက်ချမ်းသာပေးပါ"

​"စကားတွေ အများကြီး ပြောနေလိုက်တာ"

​ကျောက်လင်းအာ၏ ချင်းယွမ်ဓားက ဝေ့ဝဲသွားခဲ့ပြီ ဖြစ်ကာ ကြယ် ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးလက် ဓားသိုင်းကို ထုတ်ဖော်လိုက်၏။

​ကျောက်လင်းအာ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် ပေါ်ထွက်လာသည့် အချိန်တွင်မူ ထိုလူသုံးယောက်၏ နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​ထိုလူသုံးယောက်မှာ ကျောက်လင်းအာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ဝေခွဲမရ ဖြစ်နေဆဲ အချိန်မှာပင် သူတို့၏ လည်ပင်းပေါ်တွင် အေးစိမ့်သည့် ခံစားချက်တစ်ခုကို ရရှိလိုက်ကြရ၏။

​ထို့နောက်တွင်မူ လည်ပင်းဆီကနေ နာကျင်သည့် ခံစားချက်ကြီးနှင့်အတူ လူသုံးယောက်စလုံး သူတို့၏ လည်ပင်းကို လက်ဖြင့် တစ်ပြိုင်နက်တည်း အုပ်ကိုင်လိုက်ကြသည်။

​သို့သော်လည်း သွေးညှစ်သံများနှင့်အတူ သွေးများက လက်ချောင်းကြားထဲကနေ ပန်းထွက်လာခဲ့၏။

​"ဘုန်း... ဘုန်း... ဘုန်း..."

​လူသုံးယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြရသည်။

​မျက်တောင်ခတ်အတွင်းမှာပင် ကျောက်လင်းအာက ကြယ် ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးလက် ဓားသိုင်း၏ "ကြယ် ရွှေ့ပြောင်းခြင်း" တစ်ကွက်တည်းဖြင့် ထိုလူသုံးယောက်ကို လက်စသတ်လိုက်ခြင်း ဖြစ်သည်။

​မြေပြင်ပေါ်က လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျောက်လင်းအာက ထိုလူများ၏ ပစ္စည်းမှန်သမျှကို သိမ်းဆည်းလိုက်၏။

​ထို့နောက် မီးလုံးသုံးလုံးကို သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်ရာ မကြာခင်မှာပင် ထိုလူသုံးယောက်စလုံး ပြာအတိ ဖြစ်သွားခဲ့ရတော့သည်။

​အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် သဲလွန်စများကိုလည်း တစ်ခါတည်း ရှင်းလင်းလိုက်ပြီး မည်သည့် အမှားအယွင်းမျှ မရှိကြောင်း သေချာမှသာ ကျောက်လင်းအာက ချန်ကျီရှိရာ ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

​ဤကိစ္စ တစ်ခုလုံးမှာ အလွန်ပင် ကျွမ်းကျင်လွန်းလှရာ ဒါက ချန်ကျီ ရန်သူများကို အမြဲတမ်း ကိုင်တွယ်ဖြေရှင်းတတ်သည့် ပုံစံမျိုး မဟုတ်ပါလော။

​သူ၏ ဤပုံစံကို ကိုယ်ပွားတိုင်းက အမှန်တကယ်ပင် တစ်ပုံစံတည်း ဆက်ခံထားကြလိမ့်မည်ဟု ချန်ကျီ မထင်မှတ်ထားခဲ့ချေ။

​ချန်ကျီက အရင်တုန်းက နေခဲ့သည့် အိမ်ဝင်းလေးထဲတွင် မတ်တတ်ရပ်နေရင်း "ရှင်းပြီးပြီလား"

​ချန်ကျီ၏ ဘေးနားသို့ ရောက်ရှိလာသည့် ကျောက်လင်းအာက ပြန်ဖြေလိုက်၏။ "ရှင်းပြီးပါပြီ သခင်"

​"အင်း... ဒါဆိုရင် သွားကြစို့၊ ပြန်မယ်"

​"သခင်... အထဲဝင်ပြီး မကြည့်တော့ဘူးလား"

​ကိုယ်ပွား ကျောက်လင်းအာက ချန်ကျီသည် အိမ်ဝင်းထဲတွင်သာ မတ်တတ်ရပ်နေပြီး အိမ်ထဲသို့ လှမ်းဝင်ခြင်း မပြုသည်ကို မြင်တွေ့ရသဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

​"ကြည့်စရာ ဘာမှမရှိပါဘူး"

​ပြောပြီးသည်နှင့် ချန်ကျီက နောက်သို့ လှည့်မကြည့်တော့ဘဲ အိမ်ဝင်းအပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။

​ကိုယ်ပွား ကျောက်လင်းအာသည်လည်း ချန်ကျီ စိတ်ထဲတွင် ဘာတွေးနေသည်ကို နားမလည်သော်လည်း ချန်ကျီ၏ နောက်ကနေ တိတ်တဆိတ်သာ လိုက်ပါသွားခဲ့၏။

​သူမက ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ခြင်းကြောင့် ချန်ကျီ၏ အတွေးများကို လိုက်လံ ခန့်မှန်းနေစရာ မလိုဘဲ ချန်ကျီအပေါ်တွင်သာ သစ္စာရှိရှိ နေထိုင်ရန် လိုအပ်သည်။

​အိမ်တော်သို့ ပြန်လာသည့် လမ်းတောက်လျှောက်တွင် ချန်ကျီက စကားတစ်ခွန်းမျှ မပြောခဲ့ချေ၊ အိမ်တော်တံခါးဝသို့ ရောက်ရှိခါနီး အချိန်ကျမှ ရုတ်တရက် စကားစလာခဲ့ရင်း "လင်းအာ... ငါတို့လည်း ဒီဝမ်နန်မြို့ထဲမှာ ဆိုင်တစ်ခုလောက် ဖွင့်လှစ်ရင် ဘယ်လိုနေမလဲ"

​"လင်းအာကတော့ သခင်လေးရဲ့ သဘောအတိုင်းပါပဲ"

​"ငါက မင်းရဲ့ သဘောထားကို ကြားချင်တာပါ၊ မင်း ငါ့ကို ကူညီပြီး ခွဲခြမ်းစိတ်ဖြာပေးဦး။ ​အိမ်တော်ထဲမှာပဲ အမြဲတမ်း အောင်းနေရတာလည်း ပျင်းစရာ ကောင်းလှတယ်၊ လုပ်စရာ ကိစ္စတစ်ခုခု ရှာထားတာက ပိုကောင်းပါတယ်။ ​ပြီးတော့ ဆိုင်တစ်ခု ဖွင့်ထားရင် ဝိညာဉ်ကျောက်တုံးတွေလည်း ရှာဖွေနိုင်သေးတယ်။ ​ဒီနေ့ အပြင်မှာ လမ်းလျှောက်တဲ့အချိန်က သတိထားမိတာက အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေနဲ့ အပြင်က ဆိုင်တွေမှာ ရောင်းတဲ့ ပစ္စည်းတွေကြားမှာ စျေးနှုန်းကွာဟချက် ရှိနေတာပဲ။ ​အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေအားလုံးက ပစ္စည်း အပေါ် မူတည်ပြီး တန်ဖိုးကို သတ်မှတ်တာ။ ​ဒါပေမဲ့ အပြင်က ဆိုင်တွေက ပစ္စည်းတွေရဲ့ စျေးနှုန်းကတော့ ပစ္စည်းရဲ့ ရှားပါးမှုအပေါ် မူတည်ပြီး စျေးနှုန်းသတ်မှတ်ကြတာ။​ဝိညာဉ်စိုက်ခင်းထဲက နှစ် ၃၀ သက်တမ်းရှိတဲ့ ဆေးပင်တွေဆိုရင်ပဲ အပြင်မှာ ရောင်းတဲ့စျေးနဲ့ ၃၀ ရာခိုင်နှုန်း လောက် ကွာဟချက် ရှိနေတယ်၊ အခြား ပစ္စည်းတွေကို ထည့်မပြောသေးဘူး။ ဒါ့ အပြင် အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေက လိုလေသေးမရှိ အကုန်ရှိတယ်၊ ဝိညာဉ်ကျောက်တုံး ရှိနေသရွေ့တော့ အားလုံးကို လဲလှယ်ယူလို့ ရတာပဲ။ ​မင်း ပြောကြည့်... ငါတို့တွေ ဆိုင်တစ်ခု ဖွင့်လှစ်ဖို့ တကယ်ကို လိုအပ်နေတာ မဟုတ်လား၊ ကွက်တိပဲ အခုက ဝိညာဉ်ကျောက်တုံး လိုအပ်နေတဲ့ အချိန်လည်း ဖြစ်နေတယ်"

​ချန်ကျီက သူ့စိတ်ထဲရှိ အတွေးများကို အကုန်ပြောပြလိုက်ပြီး သူကိုယ်တိုင်လည်း ခွဲခြမ်းစိတ်ဖြာမှု အမြောက်အမြားကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။

​"သခင်လေးရဲ့ ဒီအတွေးကတော့ အတော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မတို့သာ ဆိုင်တစ်ခု ဖွင့်လှစ်ပြီး ပစ္စည်းမှန်သမျှကို အကုန်ရောင်းချနေမယ်ဆိုရင် အဲဒီ မိသားစုကြီးတွေရဲ့ အကျိုးစီးပွားကို သွားပြီး ထိခိုက်စေနိုင်မလား။ ​ဒါ့ အပြင် ကျွန်မတို့တွေ အချိန်အကြာကြီးအထိ ကုန်ပစ္စည်း သွားမယူဘူးဆိုရင်လည်း အချို့လူတွေရဲ့ သံသယကို သေချာပေါက် ဖြစ်ပေါ်စေနိုင်ပါတယ်"

​ချန်ကျီ၏ အတွေးမှာ ကောင်းမွန်သည်ဟု ခံစားရသော်လည်း ကျောက်လင်းအာက သူ့ စိုးရိမ်ပူပန်မှုများကို ပြောပြလိုက်ခြင်း ဖြစ်သည်။

​"ကုန်ပစ္စည်း အရင်းအမြစ် ကိစ္စကတော့ ဖြေရှင်းရတာ လွယ်ကူပါတယ်၊ ငါတို့ ဖွင့်မယ့် ဆိုင်က ပစ္စည်းတွေကို ရောင်းချရုံတင် မဟုတ်ဘူး။ ထိုနည်းတူစွာပဲ ငါတို့က ပစ္စည်းတွေကို ပြန်လည် လဲလှယ် ပေးမှာ ဖြစ်လို့ ကုန်ပစ္စည်း အရင်းအမြစ် ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူး ။​အဲဒီ မိသားစုကြီးတွေရဲ့ အကျိုးစီးပွား ဆိုတာကလည်း ဘာမှ မဟုတ်ပါဘူး၊ အဲဒီ မိသားစုတွေက ငါတို့ရဲ့ ခွန်အားကို မြင်တွေ့သွားရရင် သူတို့လည်း ဘာမှ လုပ်ရဲမှာ မဟုတ်တော့ဘူး။ ​ဒီကမ္ဘာကြီးက ဤကဲ့သို့ပင် ဖြစ်ကာ သန်ရာ စား စနစ်ပဲ မဟုတ်လား ​ဒါ့ အပြင် ငါတို့က ဆိုင်တစ်ခုပဲ ဖွင့်လှစ်မှာ ဖြစ်လို့ သူတို့ရဲ့ အကျိုးစီးပွားကို အများကြီး သွားပြီး လုယူမှာ မဟုတ်ဘူး။ ​ပြီးတော့ ဝမ်နန်မြို့ထဲမှာ ဆိုင်ဖွင့်ဖို့ ဆိုရင်လည်း မြို့တော်သခင် အိမ်တော် ရဲ့ သဘောတူညီချက် လိုအပ်တာမို့ လုပ်ငန်းစဉ်အားလုံး ပြီးစီးသွားရင် မြို့တော်သခင် အိမ်တော် ရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလည်း ရရှိဦးမှာ"

​ကိုယ်ပွား ကျောက်လင်းအာက အခြား မည်သည့် သဘောထားမျှ ထပ်မံ မတင်ပြတော့သည်ကို မြင်တွေ့ရသည့်အခါ ချန်ကျီက ပြုံးလိုက်ရင်း "ဆိုင်ဖွင့်ဖို့ ဆိုတာကလည်း စောပါသေးတယ်၊ အခုက ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နေသေးတာပဲ"

​"သွားစို့... အထဲဝင်ရအောင်၊ လင်းအာ... မင်း သွားပြီး ဟင်းလျာအချို့ ချက်ပြုတ်လိုက်ဦး၊ အပြင်က ဟင်းလျာတွေက မင်းချက်တာလောက် အရသာ မရှိဘူး"

​ကျောက်လင်းအာက "ဟိဟိ" ဟု ပြုံးလိုက်ရင်း "ဟုတ်ကဲ့ပါ သခင်၊ လင်းအာ အခုပဲ သွားပြီး ပြင်ဆင်လိုက်ပါ့မယ်"

All Chapters