အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာခြင်း
"ကြည့်ရတာ နောက်နောင် အပြင်ထွက်တာ နည်းနည်း လျှော့မှ ဖြစ်မယ်၊ တစ်ခါထွက်တာနဲ့ နောက်ယောင်ခံ လိုက်တာ ခံနေရတယ်၊ ကိစ္စမှန်သမျှကို ကိုယ်ပွားတွေကိုပဲ လွှတ်ပြီး လုပ်ခိုင်းရတော့မယ်
အိမ်မှာပဲ အောင်းနေတာလည်း ဘာမှ မကောင်းတာ မရှိပါဘူး၊ နည်းနည်းတော့ အိမ်တွင်းပုန်း ဆန်တာပေါ့
ဒါပေမဲ့ ဘေးကင်းတာပေါ့၊ ကိုယ့်အသက်ကိုယ် နှမြောဖို့က ပိုအရေးကြီးတယ်"
ချန်ကျီက သူအပြင်ထွက်လိုက်သည်နှင့် တစ်ခုမဟုတ်တစ်ခု သေချာပေါက် ပြဿနာတက်တတ်သည်ဟု ခံစားမိနေကာ ဤအခြေအနေမှာ သူ့စိတ်ထဲရှိ အန္တရာယ်ကင်းကင်းနှင့် အောင်းနေမည့် လမ်းစဉ်နှင့် ကိုက်ညီမှု မရှိချေ။
"သခင်... ကျွန်မတို့ ဘယ်သွားကြမလို့လဲ"
"ငါ အရင်က နေခဲ့တဲ့နေရာကို သွားကြည့်ရင်းနဲ့ အမြီးတွေကိုပါ တစ်ခါတည်း ရှင်းပစ်မလို့"
ချန်ကျီက ဤသို့ ပြောလိုက်သည့်အခါ ကျောက်လင်းအာ စိတ်ထဲကနေ အထာနားလည်သွားခဲ့သည်။
သူတို့နှစ်ဦးက ရင်းနှီးနေသည့် လမ်းကြားလေးထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြရင်း ချန်ကျီနှင့် ကျောက်လင်းအာတို့က သူ့တို့၏ ကျင့်ကြံခြင်းအော်ရာ များကို သိမ်းဆည်းလိုက်ကြ၏။
"သခင်... သူတို့ အရှိန်မြှင့်ပြီး လိုက်လာကြပြီ"
"အင်း... ဒါဆိုရင် သူတို့ကို ဒီကနေပဲ စောင့်ကြတာပေါ့"
ချန်ကျီက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်ကလူများကို အသာအယာ စောင့်ဆိုင်းနေခဲ့သည်။
ထုံဖူစားသောက်ဆိုင် ကတည်းက တောက်လျှောက် လိုက်ပါလာခဲ့သည့် ထိုလူသုံးယောက်မှာ အစပိုင်းက ကျောက်လင်းအာ၏ ရုပ်ရည်ကို အလှအပ သဘောမျိုးဖြင့်သာ သဘောကျပြီး မည်သည့်အိမ်က မိန်းကလေး ဖြစ်သည်ကို သိရှိရန် နောက်ကလိုက်လာခြင်း ဖြစ်သည်။
အဓိကအချက်မှာ သူတို့က ချန်ကျီနှင့် ကျောက်လင်းအာတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ကျင့်ကြံခြင်းအဆင့်ကိုမျှ မခံစားရခြင်းကြောင့်သာ ဤကဲ့သို့ ရဲရဲတင်းတင်း လိုက်လာရဲခြင်း ဖြစ်၏။
သို့သော် ပို၍ လိုက်လာလေလေ သူတို့ ပို၍ ဝမ်းသာအားရ ဖြစ်လာလေလေ ဖြစ်သည်၊ ချန်ကျီတို့က ဤသာမန်လူနေအိမ်များ ရှိရာ အရပ်သို့ လျှောက်လှမ်းလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
ဒါက ကောင်းကင်က သူတို့ကို ကူညီလိုက်ခြင်းပင် ဖြစ်ကာ မရည်ရွယ်ဘဲ လုပ်ဆောင်မိသည့် လုပ်ရပ်တစ်ခုက ကောင်းကင်ဘုံက ပေးသနားသည့် အခွင့်အရေးကြီးနှင့် တိုးသွားရခြင်း ဖြစ်သည်။
သူတို့က ကျောက်လင်းအာကို သူတို့ လက်ခုပ်ထဲက ရေကဲ့သို့ပင် သဘောထားနေခဲ့ကြပြီ ဖြစ်၏။
သူတို့မျက်စိထဲတွင် သာမန်သေမျိုးများမှာ ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ပြီး သတ်ဖြတ်ခြင်း သို့မဟုတ် လုယက်ခြင်း ပြုလုပ်ပါက ကစားပွဲတစ်ခုကဲ့သို့သာ သဘောထားကြသည်။
သို့သော်လည်း ချန်ကျီနှင့် ကျောက်လင်းအာတို့က ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်ကို မြင်တွေ့ရသည့်အခါ သူတို့ တွန့်ဆုတ်သွားခဲ့ကြရ၏။
ဒါ... ရိပ်မိသွားတာလား၊ မဖြစ်နိုင်တာ၊ သာမန်သေမျိုး နှစ်ယောက်က သူတို့ နောက်ယောင်ခံ လိုက်နေတာကို ဘယ်လိုလုပ်ပြီး ရိပ်မိနိုင်မှာလဲ။
သို့သော်လည်း ရှေ့က ချန်ကျီနှင့် ကျောက်လင်းအာတို့က အကြောင်းရင်းကို မသိရဘဲ အမှန်တကယ်ပင် ရပ်တန့်နေခဲ့ခြင်းကြောင့် သူတို့လည်း ခဏမျှ ဝေခွဲမရဘဲ အလျင်စလို မလှုပ်ရှားရဲကြသေးချေ။
ချန်ကျီက သူကိုယ်တိုင် ခြေလှမ်းရပ်ပြီး စောင့်နေသည့်တိုင်အောင် ထိုနောက်ယောင်ခံ လိုက်နေသည့် လူများက အနားသို့ မချဉ်းကပ်ရဲကြသေးသည်ကို မြင်တွေ့လိုက်ရ၏။
"ကြည့်ရတာ သူတို့ကို အထင်သေးလို့ မရဘူးပဲ၊ ကျင့်ကြံသူတွေထဲမှာလည်း အူတူတူတွေ သိပ်မရှိပါဘူး၊ မဟုတ်ရင်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြမှာ မဟုတ်ဘူး"
"သခင်... ကျွန်မ သွားလိုက်ပါ့မယ်"
ချန်ကျီက ကျောက်လင်းအာကို တစ်ချက် ကြည့်လိုက်ပြီးမှ ကျောက်လင်းအာမှာလည်း သူ ကဲ့သို့ ကိုယ်ပွားတစ်ခု ဖြစ်သည်ကို မေ့လျော့နေခဲ့ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။
ကျောက်လင်းအာတွင် သူနှင့် တူညီသည့် ကျင့်ကြံခြင်း ခွန်အား ရှိသည့်အပြင် သူ တတ်ကျွမ်းသမျှကိုလည်း သူမ အားလုံး တတ်ကျွမ်းသည်။
ချန်ကျီက မတတ်သာသလို ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။ "သွားလေ..."
"သခင်... အရှင် ဖမ်းရမလား၊ ဒါမှမဟုတ် တိုက်ရိုက်ပဲ လက်စသတ်ရမလား"
"တိုက်ရိုက်ပဲ ရှင်းပစ်လိုက်တော့၊ ငါ အရင်က ငှားနေခဲ့တဲ့ အိမ်ထဲကနေ စောင့်နေမယ်"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သော်လည်း ကျောက်လင်းအာ၏ ပုံရိပ်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"အစ်ကိုကြီး... အဲဒီကောင်လေးက ပြန်လျှောက်သွားပြီ၊ ကြည့်ရတာ ငါတို့တွေ စိုးရိမ်လွန်သွားတာ ထင်တယ်"
"မဟုတ်ဘူး... လူတစ်ယောက် လျော့နေသလိုပဲ"
"?"
"အဲဒီ မိန်းကလေး ပျောက်သွားပြီ၊ အဲဒီကောင်လေး တစ်ယောက်တည်းပဲ ရှေ့ကို လျှောက်သွားနေတာ"
လူသုံးယောက်စလုံးက ချန်ကျီရှိရာ ဘက်သို့ အံ့ဩတကြီး လှမ်းကြည့်လိုက်ကြရာ ကျောက်လင်းအာ၏ ပုံရိပ်ကို လုံးဝ မမြင်ရတော့ဘဲ ချန်ကျီတစ်ယောက်တည်း၏ နောက်ကျောကိုသာ မြင်တွေ့ရတော့သည်။
သာယာနာပျော်ဖွယ် ရှိသော အသံတစ်သံက ထိုလူသုံးယောက်၏ နားစည်အတွင်းသို့ စိမ့်ဝင်လာခဲ့၏။ "နင်တို့က... ငါ့ကို ရှာနေတာလား"
လူသုံးယောက်စလုံး ထိတ်လန့်သွားကြရသည်၊ ဤအသံက သူတို့၏ နောက်ကျောဘက်ကနေ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ဖြစ်၏။
"ဒါဆိုရင်..."
လူသုံးယောက်စလုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြရာ သူတို့ တောက်လျှောက် လိုက်လာခဲ့ရသည့် စွဲမက်ဖွယ် ကောင်းလှသော မျက်နှာလှလှလေးက သူတို့၏ မျက်စိရှေ့မှောက်တွင် ကွက်တိ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။
"မင်း... ဘယ်အချိန်က ငါတို့နောက်ကို ရောက်နေတာလဲ" လူသုံးယောက်ထဲက အစ်ကိုကြီး ဖြစ်သူက ကြောက်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။
"အခုလေးတင်ပဲလေ" ကျောက်လင်းအာက ဝေခွဲမရသည့်ဟန်ဖြင့် ပြန်လည် မေးလိုက်ပြန်သည်။ "နင်တို့ ငါတို့နောက်ကို လိုက်လာတာ ဘာကိစ္စ ရှိလို့လဲ"
"ငါတို့..." လူသုံးယောက်စလုံးက စကားဗလုံးဗထွေး ဖြစ်နေကြပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်နေကြရသည်၊ အခြေအနေကို ကြည့်ရုံနှင့် သူတို့ မျက်စိမှောက်သွားခဲ့ပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြပြီ ဖြစ်၏။
သူတို့ တောက်လျှောက် နောက်ယောင်ခံ လိုက်လာခဲ့သည့် လူနှစ်ယောက်က သးတို့၏ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ်ပင် ဖုံးကွယ်ထားကြလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
"ငါပဲ နင်တို့ကိုယ်စား ပြောပေးရမလား၊ နင်တို့က ရုပ်ရည်ကို မက်မောပြီး မကောင်းတဲ့ အတွေး ရှိနေကြတာ ဟုတ်တယ်မလား"
လူသုံးယောက်စလုံးက လက်ရှိ အခြေအနေကို ရိပ်မိသွားကြသဖြင့် ပျာပျာသလဲ လက်ခါပြလိုက်ကြရင်း "မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ ငါတို့က လမ်းကြုံလို့ ဖြတ်လျှောက်လာတာပါ"
"ဟမ့်... နင်တို့ စိတ်ထဲမှာ မရှိသင့်တဲ့ အတွေး မျိုး ရှိခဲ့ပြီးပြီဆိုမှတော့ နင်တို့ရဲ့ လုပ်ရပ်အတွက် သေချာပေါက် ပေးဆပ်ရမှာပေါ့"
ကိုယ်ပွား ကျောက်လင်းအာက အပိုစကားများ ဆက်ပြောမနေတော့ဘဲ သူမ၏ လက်ထဲတွင် ချင်းယွမ်ဓားတစ်လက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
" မြေကြီး အဆင့်လား..."
ချင်းယွမ်ဓားကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ ထိုလူသုံးယောက်စလုံး သးတို့ သေရတော့မည်ကို သိရှိလိုက်ကြပြီ ဖြစ်သည်၊ မြေကြီး အဆင့် လက်နက်ကို အလွယ်တကူ ထုတ်ယူနိုင်သည့် လူမျိုးမှာ သူတို့ သေချာပေါက် ရန်မစရဲသည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေလိမ့်မည်။
"စီနီယာ... အသက်ချမ်းသာပေးပါ"
"စကားတွေ အများကြီး ပြောနေလိုက်တာ"
ကျောက်လင်းအာ၏ ချင်းယွမ်ဓားက ဝေ့ဝဲသွားခဲ့ပြီ ဖြစ်ကာ ကြယ် ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးလက် ဓားသိုင်းကို ထုတ်ဖော်လိုက်၏။
ကျောက်လင်းအာ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် ပေါ်ထွက်လာသည့် အချိန်တွင်မူ ထိုလူသုံးယောက်၏ နောက်ကျောဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုလူသုံးယောက်မှာ ကျောက်လင်းအာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ဝေခွဲမရ ဖြစ်နေဆဲ အချိန်မှာပင် သူတို့၏ လည်ပင်းပေါ်တွင် အေးစိမ့်သည့် ခံစားချက်တစ်ခုကို ရရှိလိုက်ကြရ၏။
ထို့နောက်တွင်မူ လည်ပင်းဆီကနေ နာကျင်သည့် ခံစားချက်ကြီးနှင့်အတူ လူသုံးယောက်စလုံး သူတို့၏ လည်ပင်းကို လက်ဖြင့် တစ်ပြိုင်နက်တည်း အုပ်ကိုင်လိုက်ကြသည်။
သို့သော်လည်း သွေးညှစ်သံများနှင့်အတူ သွေးများက လက်ချောင်းကြားထဲကနေ ပန်းထွက်လာခဲ့၏။
"ဘုန်း... ဘုန်း... ဘုန်း..."
လူသုံးယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြရသည်။
မျက်တောင်ခတ်အတွင်းမှာပင် ကျောက်လင်းအာက ကြယ် ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးလက် ဓားသိုင်း၏ "ကြယ် ရွှေ့ပြောင်းခြင်း" တစ်ကွက်တည်းဖြင့် ထိုလူသုံးယောက်ကို လက်စသတ်လိုက်ခြင်း ဖြစ်သည်။
မြေပြင်ပေါ်က လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျောက်လင်းအာက ထိုလူများ၏ ပစ္စည်းမှန်သမျှကို သိမ်းဆည်းလိုက်၏။
ထို့နောက် မီးလုံးသုံးလုံးကို သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်ရာ မကြာခင်မှာပင် ထိုလူသုံးယောက်စလုံး ပြာအတိ ဖြစ်သွားခဲ့ရတော့သည်။
အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် သဲလွန်စများကိုလည်း တစ်ခါတည်း ရှင်းလင်းလိုက်ပြီး မည်သည့် အမှားအယွင်းမျှ မရှိကြောင်း သေချာမှသာ ကျောက်လင်းအာက ချန်ကျီရှိရာ ဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။
ဤကိစ္စ တစ်ခုလုံးမှာ အလွန်ပင် ကျွမ်းကျင်လွန်းလှရာ ဒါက ချန်ကျီ ရန်သူများကို အမြဲတမ်း ကိုင်တွယ်ဖြေရှင်းတတ်သည့် ပုံစံမျိုး မဟုတ်ပါလော။
သူ၏ ဤပုံစံကို ကိုယ်ပွားတိုင်းက အမှန်တကယ်ပင် တစ်ပုံစံတည်း ဆက်ခံထားကြလိမ့်မည်ဟု ချန်ကျီ မထင်မှတ်ထားခဲ့ချေ။
ချန်ကျီက အရင်တုန်းက နေခဲ့သည့် အိမ်ဝင်းလေးထဲတွင် မတ်တတ်ရပ်နေရင်း "ရှင်းပြီးပြီလား"
ချန်ကျီ၏ ဘေးနားသို့ ရောက်ရှိလာသည့် ကျောက်လင်းအာက ပြန်ဖြေလိုက်၏။ "ရှင်းပြီးပါပြီ သခင်"
"အင်း... ဒါဆိုရင် သွားကြစို့၊ ပြန်မယ်"
"သခင်... အထဲဝင်ပြီး မကြည့်တော့ဘူးလား"
ကိုယ်ပွား ကျောက်လင်းအာက ချန်ကျီသည် အိမ်ဝင်းထဲတွင်သာ မတ်တတ်ရပ်နေပြီး အိမ်ထဲသို့ လှမ်းဝင်ခြင်း မပြုသည်ကို မြင်တွေ့ရသဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ကြည့်စရာ ဘာမှမရှိပါဘူး"
ပြောပြီးသည်နှင့် ချန်ကျီက နောက်သို့ လှည့်မကြည့်တော့ဘဲ အိမ်ဝင်းအပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ကိုယ်ပွား ကျောက်လင်းအာသည်လည်း ချန်ကျီ စိတ်ထဲတွင် ဘာတွေးနေသည်ကို နားမလည်သော်လည်း ချန်ကျီ၏ နောက်ကနေ တိတ်တဆိတ်သာ လိုက်ပါသွားခဲ့၏။
သူမက ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ခြင်းကြောင့် ချန်ကျီ၏ အတွေးများကို လိုက်လံ ခန့်မှန်းနေစရာ မလိုဘဲ ချန်ကျီအပေါ်တွင်သာ သစ္စာရှိရှိ နေထိုင်ရန် လိုအပ်သည်။
အိမ်တော်သို့ ပြန်လာသည့် လမ်းတောက်လျှောက်တွင် ချန်ကျီက စကားတစ်ခွန်းမျှ မပြောခဲ့ချေ၊ အိမ်တော်တံခါးဝသို့ ရောက်ရှိခါနီး အချိန်ကျမှ ရုတ်တရက် စကားစလာခဲ့ရင်း "လင်းအာ... ငါတို့လည်း ဒီဝမ်နန်မြို့ထဲမှာ ဆိုင်တစ်ခုလောက် ဖွင့်လှစ်ရင် ဘယ်လိုနေမလဲ"
"လင်းအာကတော့ သခင်လေးရဲ့ သဘောအတိုင်းပါပဲ"
"ငါက မင်းရဲ့ သဘောထားကို ကြားချင်တာပါ၊ မင်း ငါ့ကို ကူညီပြီး ခွဲခြမ်းစိတ်ဖြာပေးဦး။ အိမ်တော်ထဲမှာပဲ အမြဲတမ်း အောင်းနေရတာလည်း ပျင်းစရာ ကောင်းလှတယ်၊ လုပ်စရာ ကိစ္စတစ်ခုခု ရှာထားတာက ပိုကောင်းပါတယ်။ ပြီးတော့ ဆိုင်တစ်ခု ဖွင့်ထားရင် ဝိညာဉ်ကျောက်တုံးတွေလည်း ရှာဖွေနိုင်သေးတယ်။ ဒီနေ့ အပြင်မှာ လမ်းလျှောက်တဲ့အချိန်က သတိထားမိတာက အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေနဲ့ အပြင်က ဆိုင်တွေမှာ ရောင်းတဲ့ ပစ္စည်းတွေကြားမှာ စျေးနှုန်းကွာဟချက် ရှိနေတာပဲ။ အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေအားလုံးက ပစ္စည်း အပေါ် မူတည်ပြီး တန်ဖိုးကို သတ်မှတ်တာ။ ဒါပေမဲ့ အပြင်က ဆိုင်တွေက ပစ္စည်းတွေရဲ့ စျေးနှုန်းကတော့ ပစ္စည်းရဲ့ ရှားပါးမှုအပေါ် မူတည်ပြီး စျေးနှုန်းသတ်မှတ်ကြတာ။ဝိညာဉ်စိုက်ခင်းထဲက နှစ် ၃၀ သက်တမ်းရှိတဲ့ ဆေးပင်တွေဆိုရင်ပဲ အပြင်မှာ ရောင်းတဲ့စျေးနဲ့ ၃၀ ရာခိုင်နှုန်း လောက် ကွာဟချက် ရှိနေတယ်၊ အခြား ပစ္စည်းတွေကို ထည့်မပြောသေးဘူး။ ဒါ့ အပြင် အနန္တစျေးဆိုင် ထဲက ပစ္စည်းတွေက လိုလေသေးမရှိ အကုန်ရှိတယ်၊ ဝိညာဉ်ကျောက်တုံး ရှိနေသရွေ့တော့ အားလုံးကို လဲလှယ်ယူလို့ ရတာပဲ။ မင်း ပြောကြည့်... ငါတို့တွေ ဆိုင်တစ်ခု ဖွင့်လှစ်ဖို့ တကယ်ကို လိုအပ်နေတာ မဟုတ်လား၊ ကွက်တိပဲ အခုက ဝိညာဉ်ကျောက်တုံး လိုအပ်နေတဲ့ အချိန်လည်း ဖြစ်နေတယ်"
ချန်ကျီက သူ့စိတ်ထဲရှိ အတွေးများကို အကုန်ပြောပြလိုက်ပြီး သူကိုယ်တိုင်လည်း ခွဲခြမ်းစိတ်ဖြာမှု အမြောက်အမြားကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။
"သခင်လေးရဲ့ ဒီအတွေးကတော့ အတော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မတို့သာ ဆိုင်တစ်ခု ဖွင့်လှစ်ပြီး ပစ္စည်းမှန်သမျှကို အကုန်ရောင်းချနေမယ်ဆိုရင် အဲဒီ မိသားစုကြီးတွေရဲ့ အကျိုးစီးပွားကို သွားပြီး ထိခိုက်စေနိုင်မလား။ ဒါ့ အပြင် ကျွန်မတို့တွေ အချိန်အကြာကြီးအထိ ကုန်ပစ္စည်း သွားမယူဘူးဆိုရင်လည်း အချို့လူတွေရဲ့ သံသယကို သေချာပေါက် ဖြစ်ပေါ်စေနိုင်ပါတယ်"
ချန်ကျီ၏ အတွေးမှာ ကောင်းမွန်သည်ဟု ခံစားရသော်လည်း ကျောက်လင်းအာက သူ့ စိုးရိမ်ပူပန်မှုများကို ပြောပြလိုက်ခြင်း ဖြစ်သည်။
"ကုန်ပစ္စည်း အရင်းအမြစ် ကိစ္စကတော့ ဖြေရှင်းရတာ လွယ်ကူပါတယ်၊ ငါတို့ ဖွင့်မယ့် ဆိုင်က ပစ္စည်းတွေကို ရောင်းချရုံတင် မဟုတ်ဘူး။ ထိုနည်းတူစွာပဲ ငါတို့က ပစ္စည်းတွေကို ပြန်လည် လဲလှယ် ပေးမှာ ဖြစ်လို့ ကုန်ပစ္စည်း အရင်းအမြစ် ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူး ။အဲဒီ မိသားစုကြီးတွေရဲ့ အကျိုးစီးပွား ဆိုတာကလည်း ဘာမှ မဟုတ်ပါဘူး၊ အဲဒီ မိသားစုတွေက ငါတို့ရဲ့ ခွန်အားကို မြင်တွေ့သွားရရင် သူတို့လည်း ဘာမှ လုပ်ရဲမှာ မဟုတ်တော့ဘူး။ ဒီကမ္ဘာကြီးက ဤကဲ့သို့ပင် ဖြစ်ကာ သန်ရာ စား စနစ်ပဲ မဟုတ်လား ဒါ့ အပြင် ငါတို့က ဆိုင်တစ်ခုပဲ ဖွင့်လှစ်မှာ ဖြစ်လို့ သူတို့ရဲ့ အကျိုးစီးပွားကို အများကြီး သွားပြီး လုယူမှာ မဟုတ်ဘူး။ ပြီးတော့ ဝမ်နန်မြို့ထဲမှာ ဆိုင်ဖွင့်ဖို့ ဆိုရင်လည်း မြို့တော်သခင် အိမ်တော် ရဲ့ သဘောတူညီချက် လိုအပ်တာမို့ လုပ်ငန်းစဉ်အားလုံး ပြီးစီးသွားရင် မြို့တော်သခင် အိမ်တော် ရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလည်း ရရှိဦးမှာ"
ကိုယ်ပွား ကျောက်လင်းအာက အခြား မည်သည့် သဘောထားမျှ ထပ်မံ မတင်ပြတော့သည်ကို မြင်တွေ့ရသည့်အခါ ချန်ကျီက ပြုံးလိုက်ရင်း "ဆိုင်ဖွင့်ဖို့ ဆိုတာကလည်း စောပါသေးတယ်၊ အခုက ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နေသေးတာပဲ"
"သွားစို့... အထဲဝင်ရအောင်၊ လင်းအာ... မင်း သွားပြီး ဟင်းလျာအချို့ ချက်ပြုတ်လိုက်ဦး၊ အပြင်က ဟင်းလျာတွေက မင်းချက်တာလောက် အရသာ မရှိဘူး"
ကျောက်လင်းအာက "ဟိဟိ" ဟု ပြုံးလိုက်ရင်း "ဟုတ်ကဲ့ပါ သခင်၊ လင်းအာ အခုပဲ သွားပြီး ပြင်ဆင်လိုက်ပါ့မယ်"