အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) လူ့အသက်သည် အတိုင်းအတာနှင့်သာ
အိမ်တော်သို့ ပြန်ရောက်လာသည့် အခါတွင်မူ ချန်ကျီက မည်သို့မျှ စီစဉ်ညွှန်ကြားခြင်း မပြုရသေးခင်မှာပင် ကျောက်လင်းအာက ဟင်းချက်ရန်အတွက် အလိုအလျောက် သွားရောက် ပြင်ဆင်ခဲ့ပြီ ဖြစ်သည်။
ချန်ကျီ တစ်ယောက်တည်း ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေရင်း ဆိုင်တစ်ခု ဖွင့်လှစ်ရန် စိတ်ကူးကို စဉ်းစား တွေးတောနေခဲ့၏။
အနန္တစျေးဆိုင် ထဲက ပစ္စည်းများကို ပြင်ပကမ္ဘာသို့ ရောင်းချခြင်းဖြင့် ရရှိနိုင်မည့် စျေးနှုန်းကွာဟချက် အမြတ်အစွန်းများက သူ့ကို တကယ်ပင် စိတ်လှုပ်ရှားစေခဲ့ကာ လက်ရှိအချိန်တွင် သူ အလိုအပ်ဆုံး ဖြစ်နေသည်ကလည်း ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
သံနက်မိုင်းတွင်း ကို သူ့ကိုယ်ပိုင်အဖြစ် လုံးဝ သိမ်းပိုက်နိုင်ရန်အတွက်လည်း သူ့ကို ကူညီပေးမည့် ကိုယ်ပွား အမြောက်အမြား ပိုမို လိုအပ်နေသေးသည်။
ကိုယ်ပွား အရေအတွက် များပြားလာခြင်းမှာလည်း ထိုနည်းတူစွာပင် သူ၏ ခွန်အား တိုးတက်လာခြင်း ဖြစ်၏။
ထို့ကြောင့် ဆိုင်တစ်ခု ဖွင့်လှစ်ရန် ကိစ္စမှာ လုံးဝကို မလုပ်မဖြစ် ဆောင်ရွက်ရမည့် လမ်းစဉ် ဖြစ်ပေသည်။
မကြာမီ အချိန်မှာပင် ကျောက်လင်းအာက စားပွဲအပြည့် ဟင်းလျာများကို ချက်ပြုတ် ပြင်ဆင်ပြီးစီးသွားခဲ့၏။
ချန်ကျီက အရသာရှိသော အစားအစာများကို ဇိမ်ရှိရှိဖြင့် သုံးဆောင်နေခဲ့ပြီး ကျောက်လင်းအာကမူ ဘေးနားတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ချန်ဖန် ဘက်က ဂိုဏ်း စစ်ဆေးမှု ကိစ္စကော ဘယ်လို အခြေအနေ ရှိလဲ"
"သခင်... ချန်ဖန်က သတင်းပို့ထားပါတယ်၊ သူ ဘက်က အားလုံး အဆင်ပြေ ချောမွေ့နေပါတယ်။ ဒီနေ့ လူရွေးချယ်ပွဲကို အောင်မြင်သွားခဲ့ပြီ ဖြစ်လို့ မနက်ဖြန် နောက်ဆုံးအဆင့် လူရွေးချယ်ပွဲ ပြီးသွားတာနဲ့ သူ ချင်းယွမ် ဂိုဏ်း ထဲကို ဝင်ရောက်နိုင်တော့မှာပါ"
"အင်း... ဒါက မျှော်လင့်ထားပြီးသား ကိစ္စပဲ၊ သူရဲ့ ချီသန့်စင်ခြင်း အဆင့် ၇ ခွန်အားနဲ့ဆိုရင် အဆင့်တက်ဖို့ မခက်ခဲပါဘူး၊ အပြင်စည်းဂိုဏ်းသား တစ်ယောက် ဖြစ်ဖို့ကလည်း လွယ်ကူတဲ့ ကိစ္စပါ၊ သူ့ကို ဆက်ပြီး လုပ်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်"
"ကျောက်ယွမ်တို့ အဖွဲ့ ဘက်ကကော ဘယ်လိုလဲ၊ ယဲ့မိသားစုဝင်တွေရဲ့ သံသယ ဖြစ်အောင် လုပ်မိတာမျိုး ရှိလား"
"သခင်... လောလောဆယ်တော့ မရှိပါဘူး၊ ကိုယ်ပွားတွေက ယဲ့မိသားစုရဲ့ အစောင့်တွေထဲကို အတင်းဝင်ရောက် ပေါင်းစည်းသွားပြီးတဲ့နောက်မှာ သူတို့တွေ မိုင်းတွင်းတူးတဲ့အခါ အများကြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ဘဲ မိုင်းတွင်းတူးတာကို အခြေခံအားဖြင့် ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပါဘူး။ ပြီးတော့ ယဲ့မိသားစုရဲ့ အစောင့်တွေ နေရာမှာ အစားထိုးထားတဲ့ ကိုယ်ပွား သုံးယောက်ကလည်း သံနက် ရဲ့ အစိတ်အပိုင်း အချို့ကို ဖြတ်တောက်ပြီး သိမ်းဆည်းထားကြပါတယ်။ ဒါပေမဲ့ သူတို့က အလွန်အကျွံ မလုပ်ကြဘဲ ယဲ့မိသားစုဆီကိုတော့ အချို့အပိုင်းတွေကို ပေးအပ် နေဆဲပါပဲ"
"အတော်လေး ကောင်းတယ်၊ သူတို့ကို ဆက်ပြီး လုပ်ခိုင်းလိုက်" ပြောပြီးသည်နှင့် ချန်ကျီက ဟင်းချိုတစ်ပန်းကန်ကို ထပ်မံ သောက်လိုက်ရင်း နှုတ်ခမ်းကိုပါ တစ်ချက် သပ်လိုက်သေး၏။
"ဇိမ်ရှိလိုက်တာ..."
ကျောက်လင်းအာက ချန်ကျီ၏ အပြုအမူကို ကြည့်ရင်း နားမလည်နိုင်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ဝမ်းသာ နေခဲ့မိသည်။ ချန်ကျီက သူမ ချက်ပြုတ်ထားသည့် ဟင်းလျာများကို နှစ်သက်သဘောကျခြင်းမှာ သူမအတွက် ဂုဏ်ယူစရာ အချက်ပင် မဟုတ်ပါလော။
ထို့အပြင် ချန်ကျီက သူမ ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားသုံးပြီးသွားတိုင်း သူမ စိတ်ထဲတွင် အောင်မြင်မှု ခံစားချက်တစ်ခုကို အမြဲတမ်း ရရှိစေသည်။
ချန်ကျီက ဟင်းချိုသောက်ထားသည့် ပန်းကန်ကို ချလိုက်ပြီး အတွေး တစ်ချက် လှုပ်ရှားလိုက်ရာ မိုင်းတွင်းထဲတွင် အပြင်းအထန် မိုင်းတွင်းတူးနေသည့် ကိုယ်ပွား နံပါတ် ၄ မှာ အနန္တနေရာလွတလ ထဲသို့ ချက်ချင်း ပြန်လည် ဆင့်ခေါ်ခြင်း ခံလိုက်ရ၏။
ထို့နောက်တွင်မူ သူက ချန်ကျီ၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ကိုယ်ပွား နံပါတ် ၄ ၏ လက်ထဲတွင် ရွှံ့ဗွက်များ ပေကျံနေသည့် ပေါက်ပြားတစ်လက်ကို ကိုင်ဆောင်ထားဆဲ ဖြစ်၏။
"သခင်..." ကိုယ်ပွား နံပါတ် ၄ က အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သည်။
"မိုင်းတွင်းတူးရတာ ပင်ပန်းနေပြီ၊ အရင်ဆုံး ခေတ္တ နားလိုက်ဦး၊ ပြီးတော့ ဒီနေရာကိုပါ တစ်ခါတည်း ရှင်းလင်းလိုက်"
"ဟုတ်ကဲ့ပါ သခင်" ကိုယ်ပွား နံပါတ် ၄ ၏ စိတ်ထဲတွင် အနည်းငယ် တွေဝေနေမိသော်လည်း ချန်ကျီ၏ အမိန့်ကို နာခံဆဲ ဖြစ်ကာ ထမင်းစားပွဲကို ပြောင်စင်အောင် သန့်ရှင်းရေး ပြုလုပ်လိုက်၏။
မိုင်းတွင်းတူးသည့် တောင်ပေါ်တွင် ရုတ်တရက် အလုပ်သမား တစ်ယောက် လျော့နည်းသွားခြင်းကို ချန်ကျီက တစ်ပါးသူများ ရိပ်မိသွားမည်ကို မစိုးရိမ်ချေ၊ မည်သို့ပင်ဖြစ်စေ အစားထိုးထားသည့် ကိုယ်ပွားများက အတွင်းလူအဖြစ် ရှိနေပြီးသား ဖြစ်သည်။
ထို့အပြင် တစ်နေ့နေ့တွင် တစ်တောင်လုံးက လူများမှာ သူ့လူများ ဖြစ်လာကြပေလိမ့်မည်။
ချန်ကျီက ထပ်မံ၍ ဇိမ်ရှိရှိဖြင့် လှဲလျောင်းလိုက်ရင်း စိတ်ကူးယဉ် ကမ္ဘာထဲသို့ အာရုံ ရောက်ရှိသွားခဲ့တော့သည်။
ကျောက်လင်းအာကမူ ဘေးနားတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။
ထိုအချိန်တည်းမှာပင် ချင်းယွမ် ဂိုဏ်း ၌ ဝေးကွာစွာ ရောက်ရှိနေသည့် ချန်ဖန်၏ စိတ်ထဲတွင် ထူးခြားသည့် ခံစားချက်တစ်ခု အနည်းငယ် ပေါ်ထွက်လာခဲ့သည်။
သို့သော် ဤခံစားချက်အလင်းတန်းလေးကို သူ ဖမ်းဆွဲရန် အချိန်မရလိုက်ခင်မှာပင် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
"ဒါ... သခင်က ငါ့ကို သတိရနေတာများလား"
ချန်ဖန် စိတ်ထဲတွင် သံသယ ဖြစ်နေဆဲ အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို လှမ်းအော်ခေါ်လိုက်သည့် အသံကို ကြားလိုက်ရသည်။
"ညီအစ်ကို ချန်... နောက်နောင်ကို ပိုပြီး စောင့်ရှောက်ပေးပါဦး၊ ငါ့နာမည်က ယွီရှင်းစစ်ပါ" ယွီရှင်းစစ်က လက်နှစ်ဖက်ကို ဆုပ်ပြီး နှုတ်ဆက်လိုက်ရင်း မျက်နှာတွင် အပြုံးများ ချိတ်ဆွဲထားခဲ့၏။
ချန်ဖန်က ယွီရှင်းစစ်ကို တစ်ချက် အကဲခတ်လိုက်ရာ ဤလူမှာလည်း သူ ကဲ့သို့ပင် ချင်းယွမ် ဂိုဏ်း၏ ဂိုဏ်းသား ရွေးချယ်ပွဲသို့ တက်ရောက်လာသည့် လူတစ်ယောက် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်မှာ သူထက် အနည်းငယ် ညံ့ဖျင်းပြီး ချီသန့်စင်ခြင်း အဆင့် ၆ သာ ရှိ၏။
ရုပ်ရည်မှာမူ အတော်အတန် ခန့်ညားသည်ဟု ဆိုနိုင်သော်လည်း သူထက်စာလျှင်မူ အနည်းငယ် လိုအပ်နေသေးသည်။
ချန်ဖန်က ထိုနည်းတူစွာပင် လက်သီးဆုပ် နှုတ်ဆက်လိုက်ရင်း "ညီအစ်ကို ယွီ... နှုတ်ဆက်ပါတယ်"
"ညီအစ်ကို ယွီက ဘာလို့ အခုထိ မနားသေးတာလဲ၊ မနက်ဖြန် ရွေးချယ်ပွဲအတွက် စိတ်အခြေအနေကို အကောင်းဆုံး ပြင်ဆင်ထားရမှာ မဟုတ်ဘူးလား"
"ဟားဟား... ပထမအဆင့် ရွေးချယ်ပွဲကို အောင်မြင်သွားခဲ့တာမို့ ခဏလောက် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး စိတ်ကို ဘယ်လိုမှ ငြိမ်သက်လို့ မရ ဖြစ်နေလို့ပါဗျာ။ အခုလည်း ညီအစ်ကို ချန် မအိပ်သေးတာကို မြင်တာနဲ့ ကွက်တိပဲ ဆိုပြီး ညီအစ်ကို ချန်နဲ့ စကားစမြည် ပြောရင်း ကျင့်ကြံခြင်း လမ်းစဉ် အတွေ့အကြုံတွေကို နှီးနှောဖလှယ်မလို့ လာခဲ့တာပါ"
ချန်ဖန်တို့ကဲ့သို့ ရွေးချယ်ပွဲ တက်ရောက်လာကြသည့် ကျင့်ကြံသူများမှာ ယနေ့ ရွေးချယ်ပွဲ အောင်မြင်ပြီးနောက်တွင် အားလုံးကို တူညီသည့် နေရာတစ်ခုတည်း၌ စုပေါင်း နားနေခိုင်းထားခြင်း ဖြစ်သည်။
မနက်ဖြန် နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို အောင်မြင်မှသာ ချင်းယွမ် ဂိုဏ်း ၏ တရားဝင် အပြင်စည်းဂိုဏ်းသား ဖြစ်လာနိုင်မည် ဖြစ်၏။
ထိုအချိန်ကျမှသာ လူတိုင်းကသူတို့ကိုယ်ပိုင်အပိုင် ဖြစ်မည့် အခန်းတစ်ခန်းစီကို ရရှိကြပေလိမ့်မည်။
လက်ရှိအချိန်တွင်မူ သူတို့ကို အဆောင်ကြီး တစ်ခုတည်း၌သာ စုပေါင်း နေထိုင်ခိုင်းထားခြင်း ဖြစ်သည်။
လူတိုင်းကို အနားယူပြီး စိတ်အခြေအနေ တည်ငြိမ်အောင် ပြုလုပ်ရန် ပြောထားသော်လည်း ဤနောက်ဆုံး ပိတ် အရေးကြီးဆုံး အချိန်ကာလတွင် မည်သူက အိပ်ပျော်နိုင်ပါမည်နည်း၊ အားလုံးက နောက်ဆုံးအချိန်အထိ ခြေဆန့် လက်ဆန့် တရားထိုင်ရင်း ကျင့်ကြံခြင်းကိုသာ အလုအယက် ပြုလုပ်နေကြသည်။
ချန်ဖန်နှင့် ယွီရှင်းစစ် ကဲ့သို့ ကပ်သီးကပ်သတ် အချိန်မှ မကြိုးစားဘဲ နေကြသည့် လူမျိုးမှာ သူတို့နှစ်ဦးသာ ရှိ၏။
ချန်ဖန်မှာမူ ကျင့်ကြံရန် မလိုအပ်ခြင်းကြောင့် ဖြစ်ကာ ကျင့်ကြံသည်ဖြစ်စေ၊ မကျင့်ကြံသည်ဖြစ်စေ ဘာမှ မထူးခြားခြင်းကြောင့် ဖြစ်ပေသည်။
ယွီရှင်းစစ်မှာမူ တကယ်ကိုပင် စိတ် မငြိမ်သက်နိုင်ခြင်းကြောင့်သာ ဖြစ်၏။
ချန်ဖန်က ပြောလိုက်သည်။ "ဒါဆိုရင်လည်း... ငါတို့ အပြင်ဘက်ကို သွားပြီး စကားပြောကြတာပေါ့၊ အခြား မိတ်ဆွေတွေရဲ့ ကျင့်ကြံခြင်းကိုလည်း သွားပြီး မနှောင့်ယှက်မိတော့ဘူးပေါ့"
"ငါ့မှာလည်း ဒီအကြံ ရှိပါတယ်၊ ငါ့ မှာ အရသာရှိတဲ့ ဝိုင်ကောင်း နှစ်ပုလင်း ရှိနေတယ်၊ ကျင့်ကြံသူတွေရဲ့ ကောင်းကင် ဝိုင်မျိုး မဟုတ်ပေမဲ့ အရသာကတော့ တကယ်ကို မဆိုးလှဘူး"
ယွီရှင်းစစ်က ဤသို့ ပြောလိုက်သည့်အခါ ချန်ဖန်၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။
သခင်က ဝိုင်သောက်ရခြင်းကို သဘောကျသည့် လူစားမျိုး မဟုတ်သည်ကို သူ သိထားပုံရသည်။
သို့သော် လက်ရှိအချိန်တွင် စကားက ဤအဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ရာ ချန်ဖန်အနေဖြင့်လည်း ငြင်းပယ်ရန် အားနာနေခဲ့မိသည်။
ချီသန့်စင်ခြင်း အဆင့် ၆ ရှိသည့် ယွီရှင်းစစ်မှာ မနက်ဖြန် ရွေးချယ်ပွဲကို သေချာပေါက် အောင်မြင်မည် ဖြစ်ပြီး နောက်နောင်တွင် ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်လာကြပေလိမ့်မည်။
သူ၏ တာဝန်မှာ ချင်းယွမ် ဂိုဏ်း ထဲတွင် အဆင်ပြေပြေ နေထိုင်သွားရန် ဖြစ်သဖြင့် သဘာဝကျကျပင် နောက်နောင် ကူညီမည့် ဂိုဏ်းတူ ညီအစ်ကိုများနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားရမည် ဖြစ်၏။
ထို့အပြင် ဤယွီရှင်းစစ်မှာလည်း စေတနာ အပြည့်ဖြင့် လာရောက်ခြင်း ဖြစ်သဖြင့် သူက တိုက်ရိုက် ငြင်းပယ်ရန် အားနာနေခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦးက အဆောင်အပြင်ဘက်ရှိ ဇရပ်လေးဆီသို့ ရောက်ရှိလာခဲ့ကြပြီး ယွီရှင်းစစ်က ဝိုင်နှစ်အိုးကို ထုတ်ယူလိုက်၏။
တစ်အိုးကို ချန်ဖန်ထံသို့ ကမ်းပေးလိုက်ပြီး စကားပင် မစရသေးခင်မှာပင် ယွီရှင်းစစ်က ချန်ဖန် လက်ထဲက ဝိုင်အိုးကို အလိုအလျောက် တစ်ချက် သွား တိုက်လိုက်သည်။
"ညီအစ်ကို ချန်... သောက်ရအောင်"
ထို့နောက် ယွီရှင်းစစ်က ဝိုင်အိုးကို မြှောက်ကာ တစ်ငုံ မော့သောက်လိုက်တော့သည်။
ချန်ဖန်က ဝိုင်အိုးကို ကိုင်ထားရင်း ယွီရှင်းစစ်၏ ပုံစံကို တွေဝေစွာ ကြည့်လိုက်မိကာ အနည်းငယ် ခက်ခဲနေခဲ့၏။
"ငါ... သောက်ရမလား၊ ဒါမှမဟုတ် မသောက်ရဘူးလား။နည်းနည်းလောက် သောက်တာကိုတော့ သခင်က ဘာမှ မပြောလောက်ပါဘူးနော်။ ငါကလည်း တာဝန်ကို အဆုံးသတ်ဖို့အတွက် လုပ်ဆောင်နေတာပဲ ဥစ္စာ"
စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ချန်ဖန်က ဝိုင်အိုးကို မြှောက်ကာ တစ်ငုံ သောက်လိုက်၏။
"အင်း... နည်းနည်းတော့ စပ်တယ်၊ ဒါပေမဲ့ အရသာကတော့ တကယ် မဆိုးဘူးပဲ"
ဝိုင်ကို ပထမဦးဆုံးအကြိမ် သောက်ဖူးခြင်း ဖြစ်သော်လည်း ဤဝိုင်သောက်ခြင်းမှာလည်း ထွေထွေထူးထူး မရှိလှကြောင်း ခံစားလိုက်ရကာ သခင်က ဘာဖြစ်လို့ ဝိုင်ကို မနှစ်သက်ရခြင်း ဖြစ်သည်ကို သူ စဉ်းစားမရ ဖြစ်နေမိသည်။
ဝိုင်တစ်ငုံ ဗိုက်ထဲသို့ စိမ့်ဝင်သွားပြီးနောက် ယွီရှင်းစစ်မှာ ဘယ်လိုမှ ငြိမ်သက်လို့ မရ ဖြစ်နေသည့် စိတ်အာရုံများမှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့ရ၏။
သူ၏ အခြေအနေမှာလည်း အစောပိုင်းကကဲ့သို့ မဟုတ်တော့ဘဲ ပွင့်လင်းရွှင်လန်းစွာဖြင့် ပြောလာခဲ့သည်။ "ညီအစ်ကို ချန်... ဝိုင်သောက်တာ ပထမဆုံးအကြိမ်လား"
"အင်း... အရင်တုန်းက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေခဲ့တာမို့ တကယ်ပဲ ပထမဆုံးအကြိမ် သောက်ဖူးတာ၊ ဒါပေမဲ့ ဒီဝိုင်ရဲ့ အရသာကတော့ တကယ်ကို မဆိုးလှပါဘူး"
ချန်ဖန် ပြောသည်မှာ အမှန်တရားပင် ဖြစ်ကာ ချန်ကျီကိုယ်တိုင်ကလည်း ဘယ်တုန်းကမှ ဝိုင်မသောက်ဘဲ ကျင့်ကြံခြင်းကိုသာ သိရှိသည့် လူစားမျိုး မဟုတ်ပါလော။
ယွီရှင်းစစ်က ဟားဟားဟား ဟု အော်ရယ်လိုက်ရင်း ပြောလိုက်၏။ "ဟားဟား... ညီအစ်ကို ချန်ရဲ့ ဘဝကတော့ တကယ်ကို ပျင်းစရာ ကောင်းလွန်းပါတယ်ဗျာ၊ ကျင့်ကြံသူ ဖြစ်လာတယ်ဆိုတာက လွတ်လပ်မှု ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် မဟုတ်ဘူးလား။ သင့်တော်သလို နေထိုင်တာကလည်း တကယ်ကို လိုအပ်တဲ့ အချက်ပါပဲ"
"ညီအစ်ကို ယွီ ပြောတာ မှန်ပါတယ်" ချန်ဖန်က လိုက်ဖက်ညီစွာ ထောက်ခံလိုက်၏။
"ဟားဟား... လာ၊ နောက်တစ်ခွက် ထပ်သောက်ရအောင်" ယွီရှင်းစစ်က ဝိုင်အိုးကို ထပ်မံ မြှောက်လိုက်ရင်း ချန်ဖန်နှင့် တစ်ချက် တိုက်လိုက်ပြန်သည်။ "ညီအစ်ကို ချန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါထက် မြင့်မားနေတာလည်း မဆန်းပါဘူး၊ ပုံမှန်ဆိုရင် ကျင့်ကြံခြင်းကလွဲလို့ အခြားအရာတွေကို စဉ်းစားမှာ မဟုတ်ဘူး ထင်တယ်"
ချန်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မံ မပြောတော့ဘဲ ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
"ညီအစ်ကို ချန်... မင်း ကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းတာ ဘာအတွက်လဲ" ယွီရှင်းစစ်က ရုတ်တရက် မေးမြန်းလိုက်သည်။
"ကျင့်ကြံသူ ဖြစ်လာတာက ထာဝရအသက်ကို ရရှိဖို့အတွက် မဟုတ်ဘူးလား" ချန်ဖန်က ဝေခွဲမရစွာဖြင့် ပြန်လည် ပြောလိုက်၏။
"ဟားဟား... ညီအစ်ကို ချန်ရာ၊ မင်းနဲ့ ငါလို အရည်အချင်းမျိုးနဲ့ဆိုရင် ဒီတစ်သက်မှာ ရွှေအူတိုင်အဆင့် ကို ရောက်ရှိနိုင်ရင်ပဲ ကံကောင်းလှပြီ။ တကယ်လို့ ရွှေအူတိုင်အဆင့် ကို မရောက်ရှိနိုင်ဘဲ အုတ်မြစ်ချခြင်း အဆင့် အထိပဲ ရောက်မယ်ဆိုရင်လည်း သာမန်လူတွေထက် အသက် နှစ်ရာဂဏန်းလောက်ပဲ ပိုပြီး အသက်ရှည်မှာ ။ လူ့အသက်ဆိုတာ အတိုင်းအတာနဲ့ပဲ လာတာမို့ လောကကြီးမှာ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်သွားဖို့က ပိုပြီး အရေးကြီးပါတယ်၊ မင်း မထင်ဘူးလား"
ယွီရှင်းစစ် ပြောပြချက်များကို နားထောင်ပြီးနောက် ချန်ဖန်က အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်မိသည်။
ယွီရှင်းစစ် ပြောသည်မှာလည်း မှားယွင်းမှု မရှိချေ၊ အကယ်၍ ကြီးမားသော ကံကြမ္မာ အခွင့်အလမ်းမျိုးနှင့် မကြုံတွေ့ရပါက သူတို့၏ အရည်အချင်းနှင့်ဆိုလျှင် ရွှေအူတိုင်အဆင့် သို့ ရောက်ရှိပါက အဆုံးသတ်သွားပြီ ဖြစ်၏။
တစ်ခါတရံတွင် ရွှေအူတိုင်အဆင့် သို့ပင် မရောက်ရှိနိုင်ဘဲ တစ်သက်လုံး အုတ်မြစ်ချခြင်း အဆင့် တွင်သာ ပိတ်မိနေနိုင်ပေသည်။
အုတ်မြစ်ချခြင်း အဆင့် က အသက် ၂၀၀ အထိ ရှည်နိုင်ပြီး ရွှေအူတိုင်အဆင့် မှာ အသက် ၅၀၀ အထိ ရှည်နိုင်သည်။
အနှစ် ၅၀၀ အတွင်း အခြေတည်ဝိညာဉ် အဆင့် သို့ မတက်လှမ်းနိုင်ပါက ကျင့်ကြံခြင်း လမ်းစဉ်မှာလည်း ဤနေရာတင် အဆုံးသတ်သွားရမည် ဖြစ်၏။
သို့သော်လည်း ဤတစ်သက်တွင် အနှစ် ၅၀၀ မျှ အသက်ရှည်နိုင်ခြင်းမှာလည်း တိုတောင်းလှသည်ဟု မဆိုနိုင်ချေ။