← Chapters

လက်ရည်တူနှစ်ဦး အကြားမှ တိုက်ပွဲ

Vol. 9 Ch. 120

လက်ရည်တူနှစ်ဦး အကြားမှ တိုက်ပွဲ

Vol. 9 Ch. 120

အောင်းရိသည် ကျဲကျောင်းတော်မှ တပည့်ဖြစ်သဖြင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များနှင့် အမြဲအတူရပ်နေ၍ မဖြစ်ပေ။

‘ အင်း...ဒီမင်းသားလေးက ငါက ရန်ကျောင်းတော်ရဲ့ အမွေးတိုင်ပူဇော်မှုရှာတဲ့ နေရာမှာ တာဝန်ပေးခံထားရတဲ့ သူလို့ဆိုပြီးပဲ သိနေလို့ တော်သေးတာပေါ့။ ငါ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားရမယ် ’

လီချန်ရှို့သည် အောင်းရိထံသို့ အသံပို့လွှတ်လိုက်သည်။

အောင်းရိက ပြုံး၍ ပြောလိုက်၏။

“ ဒီဂိုဏ်းတွင်း ပြိုင်ပွဲပြီးသွားရင် ကျွန်တော် အစ်ကိုချန်ရှို့နဲ့ စကားစမြည်ပြောပါဦးမယ် ”

ထို့နောက် အောင်းရိသည် တိမ်စီးကာ ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ဟန်ကျစ်နှင့် အခြားသူ၏ ဂိုဏ်းတူအစ်ကိုများထံ ပြန်သွားလိုက်၏။

မကြာမီ ဂိုဏ်းချုပ်ကျိဝူယုံသည် ကျောက်စိမ်းစင်မြင့်ပေါ်မှနေ၍ တိမ်စီးကာ ပျံသန်းထွက်လာ၏။ အောက်ရှိ တပည့်များ၊ ဂိုဏ်းသားများသည် အသက်ပင်မရှူဘဲ အာရုံစိုက်လိုက်ကြသည်။ ဂိုဏ်းတစ်ခုလုံးတွင် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ လီချန်ရှို့ ဂရုတစိုက်အာရုံခံကြည့်လိုက်ရာ ဂိုဏ်းချုပ်သည် ဒဏ်ရာရနေနိုင်သေးကြောင်း သိလိုက်ရ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် မတည်ငြိမ်သေးပေ။

ထို့နောက် ကျိဝူယုံ စကားပြောလိုက်ရာ သူ၏အသံသည် ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။

“ အဟွတ်... ဒီလိုမင်္ဂလာရှိတဲ့ နေ့မှာ တုနတ်ဝိဇ္ဇာဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)အတွင်းက ဝင်လာတဲ့ တပည့်ငယ်တွေအကုန်လုံး ဒီနေရာမှာ စုဝေးနေကြပါပြီ။ အဟွတ်... ဒီနေ့ဂိုဏ်းမှာ ကျင်းပတဲ့ ပြိုင်ပွဲက မင်းတို့ကို အဆင့်ခွဲဖို့ အဓိကမဟုတ်ပါဘူး။ အဆင့်ခွဲတယ်ဆိုတာ မင်းတို့ရဲ့ ကျင့်ကြံမှုအခြေအနေကို လေ့လာနိုင်ဖို့ပါပဲ။ အခုအခေါက်မှာ အဆင့်နိမ့်နေတယ်ဆိုရင်တောင် အနာဂတ်မှာ ပြန်ပြီးအဆင့်တက်လာနိုင်ပါသေးတယ်။ ငါတို့ ဂိုဏ်းကို မိစ္ဆာတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း သိပ်မကြာသေးပါဘူး။ မင်းတို့ရဲ့ ဂိုဏ်းတွင်းက ဆရာတွေနဲ့အတူ တိုက်ခိုက်၊ ဆုတ်ခွာတာတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မင်းတို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ငါမြင်ခဲ့ရပါပြီ။ ငါ အရမ်း ဝမ်းသာကျေနပ်မိပါတယ်... ”

“ အခု ကျောင်းတော်သုံးကျောင်းကဂိုဏ်းတွေ တွေ့ဆုံပွဲလည်း စတင်ခါနီးလာပြီ။ ငါတို့ရဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက ရန်ကျောင်းတော်ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ဆရာအတုမဲ့တုအယ် တည်ထောင်ထားတာဖြစ်လို့ ငါတို့တွေလည်း အဲ့ပွဲကို တက်ရလိမ့်မယ်။ ဒီနေ့ ဂိုဏ်းတွင်းပြိုင်ပွဲမှာ ထိပ်ပိုင်းအဆင့်(၃၆)အတွင်း ဝင်တဲ့တပည့်တွေ ဒါမှမဟုတ် အကြီးအကဲတွေက ထောက်ခံပေးတဲ့သူတွေက အလယ်ကျွန်းကို ငါနဲ့အတူ လိုက်ရမယ်... ”

လီချန်ရှို့သည် ဂိုဏ်းချုပ်၏ စကားများကို ကြားသောအခါ အတန်ငယ်မျက်မှောင်ကြုတ်လိုက်သည်။

‘ ထိပ်ပိုင်း(၃၆)ယောက်က ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို သွားရမှာပေါ့... ’

လီချန်ရှို့သည် နဂါးနန်းတော်တွင် ကျင်းပခဲ့သော မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲတွင် အတွေ့အကြုံရပြီးသွားပြီဖြစ်သဖြင့် ထိုကဲ့သို့ ကြီးကျယ်သည့် ပွဲမျိုးကို မတက်လိုပေ။ သူသည် တောင်ပေါ်တွင်သာ သိုသိုသိပ်သိပ်နေ၍ အေးအေးချမ်းချမ်း ကျင့်ကြံလိုသူဖြစ်သည်။

ယုံချင်ရွှမ်းယာ၏ ကျင့်ကြံမှုအဆင့်သည် တစထက်တစ ပို၍ လူအာရုံစိုက်စရာဖြစ်အောင် တိုးတက်လာသဖြင့် သူသည် ပို၍ပင် ထိုကဲ့သို့သော ပွဲမျိုးကို လိုက်မသွားသင့်ပေ။

အကယ်၍ အချစ်ရူးကာ အသိစိတ်ပျောက်နေသော ယောက်ျား တစ်ဦး၊ နှစ်ဦးခန့်ပေါ်လာပါက သူတို့သည် မကျေမချမ်းဖြင့် “ ညီမလေးယုံချင်၏ သာမန်မိတ်ဆွေလေး...”ဖြစ်သော သူ့ကို တိုက်ခိုက်လိုလာပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် အခြေများ ဆိုးဝါးသွားပေလိမ့်မည်။ ထိုကဲ့သို့သော တွေ့ဆုံပွဲမျိုးတွင် ပညာရှင်များလည်း တက်ရောက်ပေလိမ့်မည်။ ထိုသူများအကြားတွင် ချန်ကျောင်းတော်မှ အာကာသနတ်မင်းတစ်ဆယ့်နှစ်ပါးနှင့် အဆင့်တူသော ပညာရှင်များလည်း ပါလာနိုင်သည်။

သူ၏ ဖုံးကွယ်မှုများသည် ထိုသူများကို လှည့်ဖျားရန် လုံလောက်မည် မဟုတ်ပေ။

အကယ်၍ ထိုပညာရှင်များသာ သူ့ကို အာရုံစိုက်မိခဲ့လျှင် အခြေအနေများသည် သူထိန်းမနိုင်၊ သိမ်းမနိုင်သည်အထိ ဆိုးဝါးသွားနိုင်သည်။

‘ အင်း...ငါ အဆင့်(၃၇)ကနေ (၄၀)အတွင်းကို ယူတာပဲ ကောင်းမယ်ထင်တယ် ’

လီချန်ရှို့သည် စိတ်ဆုံးဖြတ်ရန် ကြံလိုက်စဉ်မှာပင် ရုတ်တရက် သူ့အပေါ်သို့ အကြည့်များစွာ ကျရောက်နေကြောင်း ခံစားမိလိုက်၏။

သူသည် ထိုအကြည့်များ လာရာနေရာကို မသိမသာ အကဲခတ်လိုက်သည်။

ထိုအကြည့်များသည် အကြီးအကဲဝမ်လင်းယွမ်နှင့် ပိုင်ဖန်ခန်းမမှ ဂိုဏ်းပြင်ပ ကိစ္စများကို တာဝန်ယူရသော အကြီးအကဲအချို့အပြင် အားအင်ပြည့်ဝနေဟန်တူသော ကောင်းကင်နတ်မင်းအဆင့်ရှိသည့် အကြီးအကဲအချို့ထံမှဖြစ်သည်။

လီချန်ရှို့ ဆွံ့အသွား၏။

‘ အင်း... ငါ ချီငြိမ်သုတ္တန်ကို အဆင့်မြင့်ဖို့နည်းလမ်းကိုပဲ စဉ်းစားရတော့မှာပဲ... ’

‘ ကြည့်ရတာတော့ ငါ မီးစင်ကြည့်ကရတော့မယ့် ပုံပဲ။ လောလောဆယ်တော့ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲအတွက် ကြိုပြင်ဆင်ထားပြီး အခြေအနေအရ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရမှာပဲ... ’

ဂိုဏ်းတွင်းပြိုင်ပွဲကို ထုတ်ပြန်ထားသော အစီအစဉ်အတိုင်း ကျင်းပ၏။

ဂိုဏ်းချုပ်မှ မိန့်ခွန်းပြောပြီးသောအခါ လက်ထောက်ဂိုဏ်းချုပ်က မိန့်ခွန်းပြော၏။ ထို့နောက် မဟာအကြီးအကဲတစ်ဦးက ပြော၏။ ‌

နောက်ဆုံးတွင် ပိုင်ဖန်ခန်းမမှ ကောအကြီးအကဲသည် ပြိုင်ပွဲစတင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်လေတော့သည်။

ကျောက်စိမ်းစင်မြင့်ပေါ်မှ မဟာအကြီးအကဲနှစ်ဦးသည် ပျံထွက်လာကြ၏။ သူတို့၏ ဆံပင်ဖြူများသည် လေထဲတွင် လှုပ်ခတ်သွားပြီး သူတို့၏ ပိန်ပါးသော ခန္ဓာကိုယ်သည်လည်း ကြည့်ရသည်မှာ ထူးကဲနေပေသည်။

လေထဲတွင် အင်္ကျီလက်လေးခု လှုပ်ရှားသွားပြီး ကြယ်အလင်းရောင် အမြောက်အမြား ပျံ့နှံ့ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းသည် ခမ်းနားကြီးကျယ်လေသည်။ ကြယ်အလင်းတန်းများသည် ကျောက်စိမ်းပြားများအဖြစ် ပြောင်းသွားပြီး အောက်သို့ဖြည်းဖြည်းချင်းကျလာကာ တပည့်တစ်ဦးချင်းစီ၏ လက်အတွင်းသို့ ရောက်သွား၏။

ကျောက်စိမ်းပြားများအပေါ်တွင် နံပါတ်စဉ်များရေးထား၏။ ထိုနံပါတ်စဉ်များ၏ အရှေ့ဆုံးတွင် အစဉ်ပြအက္ခရာများဖြစ်သော ကျား၊ ယီ၊ ပင်း၊ တင်း၊ ဝူ၊ ကျိ၊ ကမ်း၊ ရှင်း၊ ရန်၊ ကွေ့ ဟူသော စာလုံးများပါ၏။

( ထိုစာလုံးများသည် တရုတ်အက္ခရာများစနစ်ဖြစ်ပြီး အင်္ဂလိပ် အက္ခရာစဉ် A, B, C, D, E, F, G, H, I, Jတို့ကဲ့သို့ ဖြစ်သည် )

ထိုစာလုံးများ၏ နောက်တွင် ဂဏန်းသုံးလုံးပါလေသည်။

လီချန်ရှို့၏ နံပါတ်စဉ်မှာ တင်း-၀၂၆ ဖြစ်ပြီး လင်းအယ်၏ နံပါတ်စဉ်မှာ ရှင်း-၁၂၁ ဖြစ်သည်။

ထို နံပါတ်စဉ် စနစ်သည် လီချန်ရှို့တစ်ယောက် သူ၏ ရတနာအိတ်အသေးလေးများကို အမှတ်အသားပြုသည့် စနစ်နှင့် အံ့ဩဖွယ်လာတူနေ၏။ သူတို့လက်အတွင်းရှိ ကျောက်စိမ်းပြားလေးများ လင်းလာလျှင် သူတို့ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်သည်။

ကျောက်စိမ်းပြား‌ပေါ်တွင် ထိုနံပါတ်စဉ်များအပြင် အကွက်လွတ်(၁၂)ကွက်လည်းပါ၏။ အကယ်၍ ယှဉ်ပြိုင်ပွဲ တစ်ပွဲကို နိုင်ခဲ့လျှင် ထိုအကွက်လွတ်တစ်ကွက်သည် လင်းလာမည်ဖြစ်သည်။

ထိုကျောက်စိမ်းပြားများသည် ဓမ္မရတနာများပင်။ ထိုအရာများကို ပြုလုပ်ရန် မလွယ်ကူပေ။ ထို့ကြောင့် ကျောက်စိမ်းပြားများ၏ နောက်ကျောဘက်တွင် စာလုံးအသေးလေးများဖြင့် အောက်ပါစာများကို ရေးထားလေ၏။

“ ကျောက်စိမ်းပြားကို ဖျက်စီးမပစ်ပါနှင့်။ ပြိုင်ပွဲပြီးလျှင် ဂိုဏ်းကို ပြန်အပ်ပါ။ အကယ်၍ ကျောက်စိမ်းပြားကို ဖျောက်ပစ်မိလျှင် လစဉ်အသုံးစရိတ်ကို နှစ်ဝက်ဖြတ်မည် ”

ရုတ်ခြည်းပင် ဂိုဏ်းအသီးအသီးမှ လာရောက် တက်ရောက်ကြသည့် အတုမဲ့နတ်ဝိဇ္ဇာဒါဇင်ကျော်သည် ပြိုင်ပွဲကျင်းပရာသို့ ဝင်လာကြပြီး သူတို့အတွက် သတ်မှတ်ပေးထားသော နေရာတွင် ဝင်ထိုင်လိုက်ကြသည်။

ပထမဆုံးပွဲစဉ်တွင် ယှဉ်ပြိုင်ရမည့် တပည့်နှစ်ဦးသည် လက်ထဲတွင် လင်းနေသော ကျောက်စိမ်းပြားကိုကိုင်၍ ပြိုင်ပွဲကွင်းထဲသို့ ဝင်သွားကြပြီဖြစ်သည်။ သူတို့သည် စတင်ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေကြ၏။

အလှည့်မကျသေးသော တပည့်များသည် ထိုင်လိုက်ကြ၏။ ဇီဇာကြောင်သော တပည့်များသည် တရားထိုင်ဖျာများ၊ ရိုးရိုးဖျာများကို ထုတ်၍ ထိုင်ကြ၏။ ပေါ့ပေါ့ပါးပါးသာ နေတတ်သော တပည့်များသည် မြေကြီးပေါ်တွင်ပင် ဖင်ချထိုင်လိုက်ကြ၏။

“ အစ်ကိုကြီး... ”

လင်းအယ်သည် ‌ဘေးမှ နေ၍ ညင်ညင်သာသာ အော်ခေါ်လိုက်သည်။ သူမသည် သူမ၏ သိုလှောင်ဓမ္မအဆောင် ကျောက်စိမ်းလက်ကောက်အတွင်းမှနေ၍ တရားထိုင်ဖျာနှစ်ချပ်နှင့် ဝါးခြင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူမသည် တရားထိုင်ဖျာနှစ်ချပ်ကို ကျန့်ဝက်အကွာတွင် တမင်ထားပေးလိုက်၏။

လီချန်ရှို့က အသံပို့လွှတ်၍ ပြောလိုက်၏။

“ ညီမလေးရဲ့ လုပ်ပုံက မဆိုးပါဘူး။ ညီမလေး စိတ်ငြိမ်သုတ္တန်ကို ကူးရမယ့် အကြိမ်အရေအတွက်ကို ငါးဆယ်အထိ လျှော့ပေးလိုက်မယ် ”

လန်လင်းအယ်က နှုတ်ခမ်းစေ့လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“ ဟင်း... အစ်ကိုငတုံးကြီး... ညီမလေးက သုတ္တန်ကူးရမယ့် အကြိမ်အရေအတွက်နည်းအောင်လို့ လုပ်ပေးနေတာ မဟုတ်ပါဘူးနော်... ”

“ အဲ့လိုဆိုလည်း လျှော့မပေးတော့ဘူး... ”

“ ဟာ... မလုပ်ပါနဲ့...လျှော့ပေးပါ... ”

လီချန်ရှို့ ပြုံးလိုက်၏။ သူသည် သူ၏ တာအိုဝတ်ရုံ အရှေ့ပိုင်းကို ပင့်၍ သူ့ညီမလေးခင်းပေးထားသော တရားထိုင်ဖျာပေါ်တွင် ထိုင်လိုက်သည်။

သူတို့နှစ်ဦးသည် ထိုင်လိုက်ရုံသာရှိသေးသော်လည်း လင်းအယ်သည် ဝါးခြင်းအတွင်းမှနေ၍ သူမ ရှေ့ရက်ပိုင်းက ပြင်ဆင်ထားခဲ့သော မုန့်များနှင့်၊ လက်ဖက်ရည်အေးများကို ထုတ်ယူလိုက်သည်။ သွယ်လျသော လက်ကလေးနှစ်ချောင်သည် အနောက်မှနေ၍ တိတ်တဆိတ်ရောက်လာပြီး ခြင်းကို ရုတ်တရက် ဆွဲယူလိုက်၏။

“ ဟီးဟီး... ဒီတစ်ခေါက် လင်းအယ် ဘာအစားကောင်း၊ အသောက်ကောင်းတွေများ လုပ်လာလဲဆိုတာ ကြည့်ရအောင် ”

ကျိုးကျိုးသည် တိုးတိုးတိတ်တိတ်ရောက်လာပြီး သူတို့နှစ်ဦးကြားတွင် ထိုင်လိုက်၏။ သူမသည် ဝါးခြင်းလေးကို အုပ်ထားသော အဝတ်ကို ဖယ်ရှားလိုက်၏။

ရုတ်ခြည်းပင် သူတို့အပေါ်သို့ အကြည့် အများအပြားကျရောက်လာ၏။ ဆရာဒေါ်လေးကျိုးကျိုးကို တစ်ကြိမ်မျှ မမြင်ဖူးသော တပည့်များသည် အံ့အားသင့်သွားကြ၏။

လီချန်ရှို့သည် ထိုကိစ္စကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သူသည် တည်တည်ငြိမ်ငြိမ်သာ ဆက်နေလိုက်ပြီး အနားယူရန် မျက်စေ့မှိတ်လိုက်သည်။

လင်းအယ်သည် ဆရာဒေါ်လေးကို ရိုရိုကျိုးကျိုး စကားပြောနေ၏။ သူမတို့သည် လူအများ၏ ရှေ့တွင်ဖြစ်နေသဖြင့် ကျိုးကျိုးနှင့် ငြင်းခုံခြင်း မပြုရဲပေ။ သူမသည် သူမ အပင်ပန်းခံ၍ ပြုလုပ်ထားရသော မုန့်များကို ကျိုးကျိုးတစ်ယောက် မွှေနှောက်နေခြင်းကို မည်သို့မှ မပြောနိုင်ဘဲ ကြည့်၍သာနေရလေသည်။ ကျိုးကျိုးနှင့် လင်းအယ်တို့သည် အတူတကွထိုင်လိုက်၏။ တပည့်များ၏ အမြင်တွင်မူ ထိုအရာသည် နှစ်လိုဖွယ်ကောင်း၍ လှပသော မြင်ကွင်းလေးတစ်ခုပင်။ သို့သော် ကျိုးကျိုးတစ်ယောက် လီချန်ရှို့အနားသို့ ကပ်သွားပြီး မည်သို့တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း မေးလိုက်သည့်အခါတွင်မူ ထိုတပည့်များ၏ မျက်နှာထားသည် ချေးမှန်သလို ဖြစ်သွားကြသည်။

“ တိုက်ခိုက်ဖို့ကတော့ အခြေအနေအလိုက် လိုက်လျောညီထွေ တုံ့ပြန်ရမှာပဲ... ”

လီချန်ရှို့သည် ရယ်၍ ပြောလိုက်၏။

ကျိုးကျိုး ဆက်၍ မမေးတော့ပေ။ သူမသည် သူ့ကို အားပေးစကားပြောလိုက်ပြီး လင်းအယ်ဆီသို့ပြန်သွား၍ အကြံဉာဏ်အချို့ပေးလိုက်၏။

ယှဉ်ပြိုင်ပွဲများကို တစ်ပွဲပြီးတစ်ပွဲ ကျင်းပနေ၏။ လီချန်ရှို့သည် သူ၏ နတ်အာရုံကိုသုံး၍ လျှို့ဝှက် ကြည့်ရှုလေ့လာနေ၏။ ယခုတွင် သူနှင့် မျိုးဆက်တူ ချီကျင့်ကြံသူများ၏ တိုက်ပွဲများသည် သူ့အတွက် မည်သို့မှ သိပ်၍ အကျိုးမထူးတော့သော်လည်း သူကြည့်ရှုနေလေသည်။ ယခင်ကမူ ထိုတိုက်ပွဲများတွင် သုံးသွားသော အကွက်များသည် နတ်ဝိဇ္ဇာများမှ လမ်းညွှန်ပြသလိုက်သကဲ့သို့ တန်ဖိုးရှိသော လမ်းညွှန်မှုများဖြစ်သော်လည်း ယခုတွင်မူ သူ့အတွက် ထိုအကွက်များသည် ရှက်စရာကောင်းသော ကကွက်များကဲ့သို့ ဖြစ်နေပေပြီ။ သို့သော် သူပို၍ ကြည့်ထားလျှင် ပို၍ သဘာဝကျကျ ဟန်ဆောင်နိုင်မည် ဖြစ်သည်။ ပထမအဆင့်၏ (၇၉)ပွဲမြောက်သည် လင်းအယ်၏ ပွဲဖြစ်သည်။ သူမသည် လက်ထဲတွင် နတ်ရတနာ အချို့ကို ကိုင်ထားပြီး ဝိညာဉ်အခြေတည် နဝမအဆင့်ရှိသော သူမ၏ ကျင့်ကြံခြင်းအဆင့်ကို လှစ်ဟပြလိုက်လေသည်။ သူမနှင့် ယှဉ်ပြိင်ရမည့် ဗလာနတ္ထိအဆင့်ရှိသည့် တပည့်ကိုပင် အလွယ်တကူ ဖိအားပေးထားနိုင်၏။

လီချန်ရှို့သည် လင်းအယ်၏ ဆောင်ရွက်ချက်ကို အတော်ပင် သဘောကျနေ၏။ ထို့ကြောင့် သူသည် သူမကို ချီးကျူးရန် လျှို့ဝှက် အသံပို့လွှတ်လိုက်သည်။

လင်းအယ်၏ မျက်နှာထားသည် ခံစားချက်ကင်းမဲ့နေသကဲ့သို့ ဖြစ်နေသော်လည်း စိတ်ထဲတွင် အလွန့်အလွန် ဝမ်းသာနေတော့၏။

လီချန်ရှို့ ဆက်၍ စောင့်ဆိုင်းနေလိုက်သည်။ သူ၏ ပထမဆုံးပွဲကို နေ့ခင်းပိုင်းမှပင် ယှဉ်ပြိုင်ခဲ့ရ၏။ (၃၆၂)ပွဲမြောက်တွင် လီချန်ရှို့၏ လက်အတွင်းမှ ကျောက်စိမ်းပြားလေးသည် အနည်းငယ် လှုပ်ရှားသွားပြီး အလင်းဖျော့ဖျော့တစ်ခုကို ထုတ်လွှတ်လိုက်၏။ ဂိုဏ်းမှ တာဝန်ရှိသူတစ်ဦးသည် သူ၏ လက်အတွင်းမှ နံပါတ်စဉ်ကို အော်ပြောလိုက်သည်။ လီချန်ရှို့ ထရပ်လိုက်ပြီး ပြိုင်ပွဲကွင်းဆီသို့ ပျံသန်း၍ သွားလိုက်၏။

ထိုအချိန်မှာပင် နတ်ရေတံခွန်တောင်၏ အလံအောက်တွင် ရပ်နေသော တပည့်တစ်ဦးသည် ပျံသန်းထွက်လာပြီး လီချန်ရှို့ကို ပြုံးပြလိုက်၏။

လီချန်ရှို့ အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ နတ်ရေတံခွန်တောင်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ရသဖြင့် ထိုတပည့်သည် မည်သူဖြစ်ကြောင်း လီချန်ရှို့သိ၏။ ထိုသူသည် နတ်ရေတံခွန်တောင်မှ နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးဖြစ်သည်။ သူသည် ဂိုဏ်းတွင်းအဆင့်(၁၉)ဖြစ်ပြီး တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်ရှိသူဖြစ်သည်။ သူသည် လီချန်ရှို့ဖော်ပြထားသော ကျင့်ကြံခြင်းအဆင့်ထက် တစ်ဆင့်မြင့်လေသည်။ မည်မျှ တိုက်ဆိုင်လေသနည်း။

‘ ဟင့်အင်း... ဒါက တိုက်ဆိုင်တာမဟုတ်လောက်ဘူး။ ရှေ့ပွဲတွေတုန်းကလည်း ဂိုဏ်းတွင်းအဆင့် သိပ်မကွာတဲ့ နတ်ဝိဇ္ဇာအလောင်းအလျာတွေကို တွဲပေးတာကို တွေ့ခဲ့ရတာပဲ။ ကြည့်ရတာ အကြီးအကဲတွေက တစ်နာရီတစ်ခါလောက် မျှတတဲ့ ပြိုင်ပွဲတစ်ခု ရဖို့ တမင်စီစဉ်ထားတာ ဖြစ်ရမယ် ’

သူတို့နှစ်ဦးလုံးသည် ပြိုင်ပွဲကွင်းထဲ ရပ်လိုက်သည်။ ပြိုင်ပွဲကွင်းသည် မြေပြင်ပေါ်တွင်သာဖြစ်ပြီး မန္တန်အစီအရင်များဖြင့် ကာထားသည့် အဝန်းအဝိုင်းတစ်ခုသာဖြစ်သည်။ ဂိုဏ်းမှ တာဝန်ရှိသူနှစ်ဦးသည် ရှေ့သို့ထွက်လာပြီး သူတို့လက်အတွင်းရှိ ကျောက်စိမ်းပြားများကို စစ်ဆေးလိုက်၏။ သူတို့သည် လီချန်ရှို့တို့နှစ်ဦးကို ပြိုင်ပွဲစည်းကမ်းများနှင့် တိုက်ခိုက်မှုကို ရပ်သင့်သည့် အချိန်တွင် ရပ်ရန် ပြောလိုက်ကြသည်။

ရှေ့ပွဲများတွင် ပြင်းထန်သောတိုက်ပွဲများကြောင့် မိမိတို့၏ ပြိုင်ဘက်ကို မတော်တဆ ဒဏ်ရာရသွားစေသော တပည့်များရှိခဲ့လေသည်။

တာဝန်ရှိသူနှစ်ဦးသည် မည်သည့်အမှားမှ မရှိကြောင်း အတည်ပြုပြီးသွားသောအခါ နောက်သို့ ဆုတ်သွားကြ၏။ လီချန်ရှို့နှင့် နတ်ရေတံခွန်တောင်မှ တပည့်သည် တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြ၏။

ထိုအခိုက်တွင် လီချန်ရှို့ အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသည်။

“ အစ်ကိုလီ ... ကျွန်တော်တို့ ဒီနေ့ အစွမ်းကုန်တိုက်ကြရင် မကောင်းဘူးလား။ အစ်ကို အမှတ် ရသွားတာနဲ့ တိုက်ခိုက်တာကို ရပ်လိုက်စရာမလိုပါဘူး ”

လီချန်ရှို့သည် ထိုအသံပို့လွှတ်မှုကို ကြားလိုက်သောအခါ ပြုံးသွား၏။ သူအတန်ငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အင်္ကျီလက်အတွင်းမှ အဆောင်စက္ကူများ ပျံထွက်သွားလေတော့သည်။

သူသည် ခံစစ်၊ တိုက်စစ် နှစ်မျိုးလုံးကို သုံးပေမည်။ သူသည် နတ်ရေတံခွန်တောင်မှ တပည့်ကို အရှုံးမပေးနိုင်ပေ။ သို့သော် အလွယ်တကူ အနိုင်ယူလိုက်၍လည်း မဖြစ်သေးပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် သိပ်မကွာသည် မဟုတ်ပါလော။

နတ်ရေတံခွန်‌တောင်မှ တပည့်သည် ပြိုင်ပွဲမစခင် ဂိုဏ်းမှ ထိပ်တန်းတပည့်များ မည်သို့ တိုက်ခိုက်တတ်ကြောင်းကို လေ့လာခဲ့ပုံရ၏။

လီချန်ရှို့နှင့်‌ အောင်းရိသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ခိုက်ခဲ့ဖူး၏။ ထိုတိုက်ပွဲကိုလည်း ဂိုဏ်းမှ လူအများစု မြင်ခဲ့လေသည်။

ထိုအခိုက်တွင် နတ်ရေတံခွန်တောင်မှ တပည့်သည် ဓမ္မရတနာသုံးခုကို ထုတ်လိုက်၏။ သူသည် လျှပ်စီးစွဲဆောင် သစ်သားဓားကိုကိုင်ထားပြီး ခေါင်းပေါ်တွင် မက်မွန်ပန်းတစ်ပွင့် ပျံဝဲနေ၏။ သူ့အား လှည့်ပတ်ပျံသန်းနေပြီး ထူးခြားသော အရောင်အဝါများထုတ်လွှတ်နေသည့် ပုလဲတစ်လုံးလဲ ရှိ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဟာကွက်လုံးဝ မရှိချေ။ ထို့နောက် သူသည် လေပေါ်သို့ ခုန်ပျံလိုက်ပြီး လီချန်ရှို့ကို သူ၏ သစ်သားဓားဖြင့် ထိုးလိုက်၏။

သေးငယ်သော လျှပ်စီးတန်း ဒါဇင်ကျော်ထွက်ပေါ်လာပြီး တောင်ပံတစ်လျား(၁)ကျန့်ကျော်ရှည်သော လျှပ်စီးငှက်ကြီးအဖြစ် ဖွဲ့စည်းသွား၏။ ၎င်းသည် လီချန်ရှို့ထံသို့ ပျံသန်းဝင်ရောက်လာပေသည်။ လီချန်ရှို့သည် သူ၏ ခြေဖျားဖြင့် မြေပြင်ကို အသာအယာပုတ်လိုက်ပြီး နောက်သို့ ပျံသန်း၍ ဆုတ်လိုက်၏။ သူသည် လက်ဟန်များ ပြုလုပ်လိုက်၏။ သူ၏ ခေါင်းပေါ်တွင် အဆောင်စက္ကူ(၇၂)ရွက်ရှိနေပြီး မြေ-မီး အဆောင်မန္တန်အစီအရင်တစ်ခု အဖြစ် ပေါင်းစည်းသွား၏။

အဆောင်မန္တန်အစီအရင်အတွင်းမှ မီးတန်းကြီးတစ်ခု ထွက်လာပြီး လျှပ်စီးငှက်ကို တစ်စစီဖြစ်သွားသည်အထိ တိုက်ခိုက်လိုက်လေသည်။

ထိုအခိုက်တွင် လီချန်ရှို့၏ ခြေထောက်သည် မြေပြင်နှင့် ပြန်ထိသွားပေပြီ။ သူ၏ ခန္ဓာကိုယ်သည် မြေအောက်အတွင်းသို့ လျင်မြန်စွာ ဝင်သွား၏။

နတ်ရေတံခွန်တောင်မှ တပည့်သည် ထိုအခြင်းအရာကို မြင်သောအခါ ပြုံးလိုက်၏။ သူသည် လက်နှစ်ဖက်စလုံးကို သုံးကာ ရေခဲချိတ်ပိတ်မန္တန်ကို လျင်မြန်စွာ သုံးလိုက်၏။ မြေပြင်ပေါ်တွင် ရေခဲလွှာတစ်ခုပေါ်လာပြီး အရပ်မျက်နှာအနှံ့ကို ပြန့်နှံ့သွားလေသည်။

သူသည် အမှန်ပင် ကြိုတင်ပြင်ဆင်ခဲ့ပေသည်။

သို့သော် မြေ-မီး အဆောင်မန္တန်အစီအရင်အပေါ်တွင်တော့ မည်သည့် အကျိုးသက်ရောက်မှုမှ ဖြစ်မသွားပေ။ ၎င်းမှနေ၍ မီးမြွေများထွက်လာပြီး ကောင်းကင်ပေါ်တွင် ပြည့်နှက်သွားလေတော့သည်။ ထို့နောက် ယင်းမီးမြွေများသည် နတ်ရေတံခွန်တောင်မှ တပည့်၏ အနောက်သို့ လိုက်လံတိုက်ခိုက်လိုက်၏။

ပုလဲလုံးသည် အလင်းရောင်တောက်ပလာသည်။ သူ၏ ခေါင်းပေါ်ရှိ အနီရောင်မက်မွန်ပန်းပွင့်သည်လည်း တောက်ပလာပြီး နတ်ရေတံခွန်တောင်မှ တပည့်ကို ကာကွယ်ပေးလိုက်၏။

ခေတ္တမျှ ထိုနေရာတွင် မီးပွားများပြန့်ကျဲသွားပြီး လျှပ်စီးများလက်သွားလေသည်။

သို့သော် လီချန်ရှို့သည် မည်သည့်သဲလွန်စမှ မချန်ခဲ့ဘဲ ပျောက်ဆုံးသွားပြီဖြစ်သည်။ သူသည် ပြိုင်ဘက်၏ နတ်အာရုံ သူ့အား အာရုံခံ၍ မရစေရန် ရှောင်ရှားသွားခဲ့၏။

တိုက်ပွဲအစ၌ပင် တပည့်အများစုသည် ထိုပွဲကို စိတ်အားထက်သန်စွာ ကြည့်နေကြ၏။ ထိုတိုက်ပွဲသည် အမှန်ပင် တာအိုပေါင်းစည်းခြင်းအဆင့်ရှိသော ချီကျင့်ကြံသူနှစ်ဦး အကြားမှ တိုက်ပွဲဖြစ်လေသည်။

လီချန်ရှို့သည် မြေအောက်တွင် တည်တည်ငြိမ်ငြိမ် ပုန်းအောင်းကာ အဆောင်မန္တန်အစီရင်များကို ထိန်းချုပ်၍ ပြိုင်ဘက်ကို အဆက်မပြတ် တိုက်ခိုက်နေ၏။ သူသည် ထိုတပည့်ဖြင့် အချိန်တစ်ခုကြာသည်အထိ ပုန်းအောင်း၍ပင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် အန္တရာယ်များသောအခြေအနေတွင် အနိုင်ယူလိုက်ပေမည်။

ပြင်းထန်သောတိုက်ပွဲ ခေတ္တဖြစ်ပွားပြီးနောက် လီချန်ရှို့၏ အဆောင်မန္တန်အစီအရင်မှ အ‌ဆောင်များကို နှစ်ကြိမ် အသစ်လဲခဲ့ရပြီဖြစ်သည်။ နတ်ရေတံခွန်တောင်မှ တပည့်ကို လွှမ်းခြုံထားသော ရတနာအလင်းများသည်လည်း အားနည်းလာပေပြီ။

ဓမ္မရတနာများသည် ကောင်းမွန်သော်လည်း ထိုရတနာများကိုသုံးရန် သူ၏ ဓမ္မတန်ခိုးများကို မပြတ်ထုတ်လွှတ်ပေးနေရလေသည်။ ထိုသူသည် ဓမ္မရတနာသုံးခုကို တစ်ပြိုင်တည်းသုံးခဲ့သော်လည်း လီချန်ရှို့၏ အရိပ်အယောင်ကိုပင် မတွေ့နိုင်သေးပေ။ ထို့ကြောင့် သူသည် အချိန်ဆွဲ၍ တိုက်နေသည့်တိုက်ပွဲကို မတိုက်ချင်တိုက်ချင် တိုက်နေရတော့သည်။

‌

လီချန်ရှို့သည် သူ၏ မြေကိုယ်ယောက်ဖျောက်အတတ်ကို ဂုဏ်မယူသော်လည်း ထိုအတတ်ကိုသုံး၍ သူအနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိနေကြောင်းကို လူတိုင်းသိ၏။

တဖြည်းဖြည်းဖြင့် နတ်ရေတံခွန်တောင်မှ တပည့်သည် စိတ်လှုပ်ရှားလာပုံ ပေါ်၏။ သူသည် ရုတ်တရက် ကျယ်လောင်စွာ လှောင်သလိုလိုပြောလိုက်၏။

“ ဘာလို့လဲ... မြေကြီးထဲမှာပုန်းနေတာကိုပဲ အစ်ကိုလီ တတ်တာလား။ အစ်ကိုက ချုံတောင်လေးကလူလို့ မပြောရဘူး ခိုးကြောင်ခိုးဝှက်တော့ သိပ်လုပ်တတ်တာပဲ... ”

ပွဲကြည့်နေသော တပည့်များသည် မျက်မှောင်ကြုတ်လိုက်ပြီး နတ်ရေတံခွန်တောင်မှ တပည့်သည် ရိုင်းပြသည်ဟု ခံစားလိုက်ကြရ၏။ မြေအောက်အတွင်း ရှိနေသော လီချန်ရှို့သည် မျက်နှာပင် ပျက်မသွားပေ။ သူရိုင်းပြလျှင်လည်း ကိစ္စမရှိပေ။

လီချန်ရှို့သည် တာအိုပေါင်းစည်းခြင်းအဆင့်သာ ရှိသေးသည့် တပည့်ကလေးနှင့် တွက်ကပ်မနေနိုင်ပေ။

သို့သော် သူမည်သို့ ဆက်လုပ်ရမည်ကိုတော့ စဉ်းစားရပေမည်။ ထိုတောင်ထိပ်နှစ်ခုအကြားတွင် ရန်ငြိုးရန်စ ရှိသည်မဟုတ်ပါလား။

ထို့ကြောင့်...

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပေါ်၌ အဆောင်စက္ကူများ ပိုမိုများပြားလာ၏။ အဆောင်စက္ကူ(၇၂)ရွက်မှနေ၍ (၁၀၈)ရွက် အထိဖြစ်သွား၏။ ထို့နောက် အဆောင်များသည် တဖြည်းဖြည်းပို၍ များလာပြီး ကောင်းကင်စက်ဝန်းအရေအတွက်ဖြစ်သော (၃၆၀)ရွက်ထိ ဖြစ်သွားလေသည်။

ကျောက်စိမ်းစင်မြင့်ပေါ်မှ ကြည့်နေသော အောင်းရိ မျက်ခုံးပင့်လိုက်၏။ ထိုမန္တန်အစီအရင်၏ စွမ်းအားကို ယခင်က သူ မြည်းစမ်းခဲ့ဖူး၏။ ထိုစွမ်းအားသည် အတော်လေး ပြင်းထန်ပေသည်။

အဆောင်စက္ကူအရွက်(၃၆၀)သည် ၎င်းတို့၏ အစွမ်းကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြ၏။ ကောင်းကင်မီးတောက်များနှင့် မီးတောက်တန်းကြီးများသည် အဆက်မပြတ် ကျဆင်းလာလေတော့သည်။

နတ်ရေတံခွန်တောင်မှ တပည့်သည် ဘယ်ညာမရပ်မနား ကာကွယ်နေရရာ ဓမ္မရတနာသုံးခုသည် တဖြည်းဖြည်း အားနည်းလာလေ၏။ ၎င်းတို့သည် ဆက်၍ တောင့်မခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ရန် ပုလဲလုံးကို မြှောက်လိုက်စဉ် သူ၏အနောက်မှ ဝင်လာသော မီးတောက်အသံကို ရုတ်တရက်ကြားလိုက်ရ၏။

သူလှည့်ကြည့်လိုက်ရာ သူ၏ အပေါ်တွင် ကောင်းကင်မီးတောက်များသည် ကြီးမားသော ခြေထောက်ကြီးအဖြစ် စုစည်းသွားပြီး သူ့အပေါ်သို့ နင်းချလိုက်သည်ကို တွေ့လိုက်ရ၏။

နတ်ရေတံခွန်တောင်မှ တပည့်၏ မျက်နှာထား ပြောင်းလဲသွား၏။ သူသည် အကောင်းဆုံးကြိုးစား၍ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သည်။ သူသည် ဓမ္မတန်ခိုးများကို သုံး၍ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သော်လည်း ခြေထောက်ကြီးဖြင့် ရက်ရက်စက်စက် နင်းခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ လျင်မြန်စွာ ကျဆင်းသွား၏။

ထိုတပည့် မြေပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသောအခါ တာဝန်ရှိသူများသည် အနိုင်ရရှိသူ၏ အမည်ကို ကြေညာလိုက်လေတော့သည်။

မျက်စိတစ်မှိတ်အတွင်း၌ မြေကြီးအတွင်းမှနေ၍ ရုတ်ခြည်း တစ်စုံတစ်ခုထွက်လာ၏။ ထိုအရာသည် အဖျားပိုင်းတွင် တုတ်၍ အရင်းပိုင်းတွင် သေးသွယ်၏။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးကို ထက်ရှသော ဆူးချွန်များဖြင့် လွှမ်းခြုံထား၏။ ၎င်းသည် မြေပေါ်တွင် ရှိနေသော ရေခဲပြင်ကို အလွယ်တကူဖောက်ထွက်လာပြီး မြေကြီးအတွင်းမှ အတန်ငယ် ထွက်ပေါ်လာ၏။ ၎င်းသည် ပြုတ်ကျလာသော နတ်ရေတံခွန်တောင်မှ တပည့်ကို ချိန်လိုက်သည်။

ထိုအရာကား ဆူးချွန်တင်းပုတ်ပင်။

ထို ဓမ္မအဆောင် ဆူးချွန်တင်းပုတ်သည် တပည့်များ မြင်ဖူးထားသော အရာဖြစ်သည်။

နတ်ရေတံခွန်တောင်မှ တပည့်ထံတွင် ဓမ္မတန်ခိုး သိပ်၍မကျန်တော့ပေ။ သူသည် သူ၏ ဓမ္မရတနာများကို အသုံးမပြုနိုင်တော့ပေ။

ထိုဆူးချွန်တင်းပုတ်ကြီးသည် သူ့ကို တမင်ချိန်ထားခြင်း ဟုတ်ကြောင်း၊ မဟုတ်ကြောင်းကို သူ မသိပေ။ သို့သော် ထိုတင်းပုတ်သည် သူ၏ တင်ပါးကို ချိန်ထားသည်ဖြစ်ရာ ပြင်ထန်သော ဒဏ်ရာတော့ မရနိုင်ချေ။

သွေးများသည် သုံးချီအကွာအထိ ပန်းထွက်သွား၏။ ပွဲကြည့်နေသော တပည့်အားလုံးသည် အသက်ရှူရန်ပင် ေမ့သွားကြသည်။ အမျိုးသမီးတပည့်များသည် မကြည့်ရဲသဖြင့် သူမတို့၏ မျက်လုံးများကို ကာလိုက်ကြ၏။ ကျောက်စိမ်းစင်မြင့်ပေါ်မှ ကြည့်နေသော အောင်းရိပင် ဇောချွေးများ ထွက်လာ၏။ သွေးများထွက်လာသောအခါ ဆူးချွန်တင်းပုတ်သည် ရပ်တန့်သွားလေသည်။ ၎င်းသည် ပြိုင်ဘက်ကို အနည်းငယ် အပြစ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ထိုတပည့်သည် ညည်းညူကာ မြေပြင်ပေါ်တွင် လှဲနေ၏။ သူ၏ ခန္ဓာကိုယ်မှနေ၍ သွေးများ စီးကျနေ၏။ သူသည် မျက်ဖြူပင်လန်လာပြီး ဒေါသကြောင့် သတိမေ့သွားလေတော့သည်။

လီချန်ရှို့သည် ဘေးမှနေ၍ ထွက်ပေါ်လာ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် အားနည်းနေ၏။ သူသည် ဓမ္မတန်ခိုးအများအပြားကို သုံးခဲ့ရကြောင်း ထင်ရှားလေသည်။ သူ၏ လက်များသည် ဗလာဖြစ်နေပြီး ကြောက်မယ်ဖွယ် ဓမ္မအဆောင်ကြီးကို မတွေ့ရတော့ပေ။ လီချန်ရှို့သည် သူ၏ ပြိုင်ဘက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

သူသည် လှောင်သလိုလို ပြောလိုက်၏။

“ ဒါက အပြင်ပိုင်း ဒဏ်ရာလေးတွေပါ။ ညီလေးက ဘာလို့ သတိလစ်သွားရတာလဲ။ ဆရာဦးလေးတို့ တစ်ချက်‌လောက် လာကြည့်ပါဦး ”

ပျံသန်း၍ လာနေပြီဖြစ်သော တာဝန်ရှိသူနှစ်ဦး၏ မျက်နှာထားသည် ညိုမှိုင်းနေပေပြီ။

“ သူဘာလို့ သတိလစ်သွားရတာလဲ။ ကျွန်တော်ကိုပြောပါဦး သူဘာလို့ သတိလစ်သွားရတာလဲ... ”

လျင်မြန်စွာပင် တာဝန်ရှိသူနှစ်ဦးသည် နတ်ရေတံခွန်တောင်မှ တပည့်မှာ ဒေါသကြောင့် သတိမေ့သွားခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ပြောလိုက်လေသည်။ လီချန်ရှို့ စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်၏။

သူက သက်ပြင်းချ၍ ပြောလိုက်၏။

“ ဒါက တကယ်ကို လက်ရည်တူ လူနှစ်ယောက်ကြားက ပြိုင်ပွဲပဲ ”

လီချန်ရှို့သည် ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ တိမ်စီး၍ သူ၏နေရာသို့ ပြန်သွားလိုက်လေသည်။ ထိုနေရာတွင် ကျိုးကျိုးသည် လင်းအယ်ကို ဆွဲထားရ၏။ ကျိုးကျိုးသည် ရယ်မောနေပြီဖြစ်ပြီး လင်းအယ်သည် အသံထွက်၍ မရယ်မိစေရန် တတ်နိုင်သမျှ ကြိုးစားနေရလေတော့သည်။

***

All Chapters