အခန်း ၂၂၄
Vol. 22 Ch. 224
အခန်း ၂၂၄ ရိုးသားဖြောင့်မတ်လှသော အရာရှိများ
“ကျွတ် ကျွတ်၊အကြီးအကဲဝူရဲ့ အိမ်တော်အသစ်က တကယ်ကို ခမ်းနားထည်ဝါလှပါပေတယ်”
ရှန့်ချူရုံက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ကွေ့ကောက်နေတဲ့ လမ်းကလေးတွေနဲ့ သဘာဝအလှတရားတွေ၊ တောင်ဘက်က ကာရံထားတဲ့ အိမ်ရာလေးက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ရှားပါးပြီး ကောင်းမွန်တဲ့ အိမ်တော်ကြီးတစ်ခုပါပဲ"
ဝူကျိရှန်း ဝယ်ယူခဲ့သော အိမ်တော်အသစ်သည် တော်ဝင်လမ်းမနှင့် ကောင်းကင်လမ်းမကြီး၏ ဘေးတွင် တည်ရှိသဖြင့် အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။ ၎င်းသည် အတွင်းအပြင် ဝင်းသုံးဆင့်ပါရှိသော အိမ်ရာဝင်းကြီးတစ်ခု ဖြစ်ပြီး ကြီးမားလှသည်မဟုတ်သော်လည်း သေးငယ်၍ လက်ရာမြောက်လှသော ပန်းခြံငယ်လေးတစ်ခုပင် ပါရှိသေးသည်။
ရှဲ့ထျန်းယင်းက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း အနည်းငယ် ပြုံးလိုက်သည်။
"အကြီးအကဲဝူရဲ့ အိမ်တော်က တကယ်ကို လှပါတယ်။ လှပတဲ့ ပြတင်းပေါက်တွေနဲ့ နေရာအနှံ့မှာ သစ်ပင်တွေ ရှိနေတာက လူကို တောင်တောတောင်ထဲ ရောက်နေရသလို ခံစားရစေပြီး မျက်စိရော နားပါ လန်းဆန်းစေတယ်။ ဒါက ငွေအမြောက်အမြား ကုန်ကျခဲ့ရမှာ သေချာတယ်၊ ဟုတ်တယ်မလား"
မြေတစ်လက်မလျှင် ရွှေတစ်လက်မ တန်ကြေးရှိလှသော မြို့တော်တွင်အချက်အချာကျထိုသည့်နေရာမျိုးတွင် ထိုကဲ့သို့သော အိမ်ယာမျိုးကို ဝယ်ယူရန်မှာသေချာပေါက် ဈေးမပေါနိုင်ချေ။ ၎င်းသည် ငွေပြားငါးထောင်ကျော်အထိ ကုန်ကျခဲ့ခြင်း ဖြစ်သည်။
“ငွေပြားငါးထောင်ကျော်တောင် ဟုတ်လား။ အကြီးအကဲဝူက တကယ်ကို လက်ဖွာတာပဲ”
ရှဲ့ထျန်းယင်းက ထိတ်လန့်သွားဟန် ဆောင်လိုက်ရင်း အားကျမနာလိုဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ အရာရှိလစာကတော့ သေးငယ်လှတာမို့ တဲစုတ်လေးထဲမှာပဲ နေနိုင်တယ်"
မင်မင်းဆက်ခေတ်က အရာရှိများ၏ လစာသည် အလွန်နည်းပါးလှပေသည်။ ထိုလစာကလေးကိုသာ အားကိုးနေရသဖြင့် သင့်တင့်လျောက်ပတ်သော လူနေမှုဘဝကို ထိန်းသိမ်းရန်ပင် ခက်ခဲလှပေသည်။ ဤမျှအထိ ကြီးမားသော အိမ်တော်ကြီးကို ဝယ်ယူရန်ဆိုသည်မှာကား ဘယ်လိုမှ မဖြစ်နိုင်သော အရာပင် ဖြစ်၏။ ထို့အပြင် ရှဲ့ထျန်းယင်းသည် အမြဲတမ်းပင် ရိုးရှင်းပြီး ခြွေတာတတ်သူ ဖြစ်ခဲ့သဖြင့် ယခုအချိန်အထိပင် အလွန်သေးငယ်၍ ပျက်စီးယိုယွင်းနေသော အိမ်လေးတစ်လုံးကိုသာ ငှားရမ်းနေထိုင်ပြီး နေ့စဉ် ရိုးရှင်းသော အစားအစာများကိုသာ စားသုံးလေ့ရှိသည်။
ဝူကျိရှန်း အိမ်သစ်တက်သောအခါ တော်ဝင်ဆေးရုံမှ သူ၏လုပ်ဖော်ကိုင်ဖက်များသည်ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။ တာဝန်ကျနေသော တော်ဝင်သမားတော် အနည်းငယ်မှလွဲ၍ လာရောက်နိုင်သူအားလုံး ရောက်ရှိလာကြ၏။
"လုပ်ဖော်ကိုင်ဖက်အားလုံး လာရောက်ဂုဏ်ပြုကြတာဟာ ဝူကျိရှန်းအတွက်တော့ ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းမရှိတာမို့ ရိုးရှင်းတဲ့ ဝိုင်အချို့ကိုသာ ပြင်ဆင်ထားပါတယ်။ အားလုံးပဲ တက်ရောက်ပြီး ဂုဏ်ပြုပေးကြဖို့ မျှော်လင့်ပါတယ်..."
လူပေါင်းများစွာက ဝူကျိရှန်း၏ အိမ်သစ်တက်ပွဲ ကို လာရောက်ဂုဏ်ပြုကြသဖြင့် သူသည်လည်း ၎င်းတို့ကို ဧည့်ခံကျွေးမွေးရန်အတွက် ကြီးမားသော တည်ခင်းဧည့်ခံပွဲကြီးတစ်ခုကိုအားချင်း ပြင်ဆင်ရတော့သည်။
ဝူကျိရှန်း၏ ယဉ်ကျေးလှသော စကားများကို ကြားရသောအခါ ရှဲ့ထျန်းယင်းက အော်ဟစ်ရယ်မောလိုက်သည်။
"အိမ်ရှင်က အစားအစာတွေ ပြင်ဆင်ပေးထားတာပဲ၊ ငါတို့ကတော့ အလကား လာစားလို့မရဘူး မဟုတ်လား။ နင်တို့ ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို အမြန်ထုတ်ကြစမ်း"
ထိုခေတ်အခါက ဓလေ့ထုံးတမ်းများအရ အားလုံးက မိမိတို့၏ ဂုဏ်ပြုကြောင်း ဖော်ပြရန်အတွက် လက်ဆောင်များကို ပေးအပ်ကြသည်။
လက်ဆောင်များဟု ဆိုသော်လည်း အမှန်တကယ်တော့ စာလုံးအလှရေးသားမှုများနှင့် ပန်းချီကားများ၊ သေးငယ်သော ပရိဘောဂပစ္စည်းများ စသဖြင့် သာမန်ပစ္စည်းများသာ ဖြစ်ကြ၏။ ၎င်းတို့သည် ဇိမ်ခံပစ္စည်းများ မဟုတ်ဘဲ ပေးအပ်ရန် သင့်တော်ရုံမျှသာ ရှိသော ပစ္စည်းများ ဖြစ်ကြသည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်ဆေးရုံတစ်ခုလုံးရှိ အရာရှိများနှင့် တော်ဝင်သမားတော် အကြီးအငယ်အားလုံးသည် လာဘ်ပေးလာဘ်ယူမရှိသော၊ ဖြူစင်သန့်ရှင်းသော”ရိုးသားသည့် အရာရှိများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့က ငွေပြားအမြောက်အမြား သို့မဟုတ် အခြားတန်ဖိုးကြီး ပစ္စည်းများကို လက်ဆောင်အဖြစ် ယူဆောင်လာခဲ့ကြလျှင် ၎င်းတို့အားလုံးကို အဂတိလိုက်စားသော အရာရှိများကဲ့သို့ ထင်မှတ်ရစေမည် မဟုတ်ပါလား။
၎င်းတို့သည် သေးငယ်ပြီး ဈေးမကြီးသော လက်ဆောင်များသာ ဖြစ်ကာ လုပ်ဖော်ကိုင်ဖက်များအကြား ပုံမှန် အပေးအယူမျှသာ ဖြစ်သဖြင့် ဝူကျိရှန်းသည် အားနာမနေတော့ဘဲ ချင်းချင်းကို လက်ခံခိုင်းလိုက်ပြီးနောက် အဓိကခန်းမဆောင်ကြီးတွင် တည်ခင်းဧည့်ခံပွဲကို စတင်ကျင်းပတော့သည်။
အားလုံးက တော်ဝင်ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး အိမ်တွင်သာ ဖြစ်သဖြင့် ရုံးတွင်းစည်းကမ်းများကို ဘေးဖယ်ထားကာ စိတ်ကြိုက် သောက်စားပျော်ပါးကြတော့သည်။
တည်ခင်းဧည့်ခံပွဲတွင် ခွက်ချင်းထိသံမ တချွင်ချွင်မြည်ကာ ရယ်မောသံများပျံ့လွင့်နေပြီး အမှန်တကယ်ပင် သဟဇာတဖြစ်လှသော အခြေအနေတစ်ခု ဖြစ်နေတော့သည် ဖြစ်၏။
ဝိုင်သုံးခွက်ခန့် သောက်ပြီးနောက် ရှန့်ချူရုံသည် သူ၏ဝိုင်ခွက်ကို မြှောက်ကာ ရွှင်လန်းစွာ ရယ်မောရင်း စကားဝိုင်းကို လမ်းကြောင်းပြောင်းလိုက်သည်။
"အကြီးအကဲဝူ၊ ဒီနေ့ကသင့်ရဲ့ အိမ်သစ်တက်ပွဲ နေ့ကောင်းရက်မြတ် ဖြစ်ရမှာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာ ရုံးကိစ္စတွေကို မပြောသင့်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အများစုက ဒီကို ရောက်နေကြပြီဆိုတော့ ဒီအချိန်မှာ တစ်ခုလောက် ဆွေးနွေးလိုက်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်"
"တစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ၊ ညွှန်ကြားရေးမှူးရှန့်"
"အကြီးအကဲဝူလည်း ကျွန်တော်တို့ တော်ဝင်ဆေးရုံရဲ့ အခြေအနေကို သိပါတယ်၊ ဒါက တကယ်ကို ဖြူစင်တဲ့ဌာနတစ်ခုပါပဲ"
ရှန့်ချူရုံက ပြုံးရင်း ပြောလိုက်သည်။
"တစ်နှစ်ပတ်လုံးမှာ အဲဒီသနားစရာကောင်းလောက်အောင်နည်းတဲ့ လစာလေးပဲ ရကြတာ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ မနည်းအဆင်ပြေအောင် နေခဲ့ရပေမဲ့ ဒီဘက်နှစ်ပိုင်းတွေမှာတော့ တကယ်ကို မဖြစ်နိုင်တော့ပါဘူး"
"အကြီးအကဲဝူက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့သူ ဖြစ်ပြီး မင်းမြတ်ရဲ့ ရှေ့မှောက်မှာ စကားပြောနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေအတွက် ထည့်သွင်းစဉ်းစားပေးပြီး အားလုံးရဲ့ လစာကို အနည်းငယ်လောက် တိုးမြှင့်ပေးဖို့ မင်းမြတ်ထံ တင်ပြပေးလို့ ရမလား။ မဟုတ်ရင်တော့ ကျွန်တော်တို့တွေ ဆီနဲ့ ဆားကိုတောင် ဝယ်နိုင်ကြတော့မှာ မဟုတ်ပါဘူး"
မင်မင်းဆက် အရာရှိများ၏ နိမ့်ပါးလှသော လစာအဆင့်အတန်းသည် ငြင်းပယ်၍မရသော အချက်တစ်ခု ဖြစ်သော်လည်း အရာရှိတစ်ဦး၏ ပုံမှန်ဘဝကို မထိန်းသိမ်းနိုင်လောက်အောင်အထိတော့ နိမ့်ပါးခြင်း မရှိသေးချေ။ လွန်ခဲ့သော နှစ်အနည်းငယ်က နန်းတော်ကလစာစနစ်ပြုပြင်ပြောင်းလဲရေး ကို အကောင်အထည်ဖော်ခဲ့သောကြောင့်သာ အရာရှိများ၏ ဘဝသည် အနည်းငယ် ခက်ခဲလာခဲ့ခြင်း ဖြစ်သည်။
ယခင်က အရာရှိများသည် ၎င်းတို့၏ လစာကို ငွေစင် တစ်ဝက်နှင့် သီးနှံ တစ်ဝက် ရရှိခဲ့ကြသည်။ ၎င်းတို့က သီးနှံ ကို ရောင်းချပြီးငွေပြားနှင့် လဲလှယ်နိုင်သဖြင့် ဘဝကို အဆင်ပြေအောင် နေထိုင်နိုင်သေးသည်။
သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းတွင်ထို ငွေစင်တစ်ဝက်ကို ငွေပြား သို့မဟုတ် ကြေးပြားများအဖြစ် မပေးတော့ဘဲ တန်ဖိုးကြီး ငွေစက္ကူအဖြစ် ပြောင်းလဲပေးအပ်ခဲ့သည်။
ဟုန်းဝူခေတ်ကာလအတွင်း တန်ဖိုးကြီး ငွေစက္ကူ၏ တန်ဖိုးကျဆင်းမှုနှုန်းမှာ လက်ခံနိုင်လောက်သော အခြေအနေတွင် ရှိနေသေးသော်လည်း ၎င်းသည် နောက်ဆုံးတွင်မူ ငွေပြားနှင့် ကြေးပြားများကဲ့သို့ ခိုင်မာသော ငွေကြေးမျိုး မဟုတ်သဖြင့် ၎င်းကို ရရှိသည်နှင့် အမြန်ဆုံး သုံးစွဲပစ်ရမည် ဖြစ်ပြီး သို့မဟုတ်ပါက တန်ဖိုးက ဆက်လက်၍ ကျဆင်းနေဦးမည် ဖြစ်သည်။
သာမန်အရပ်သားများအနေဖြင့် တန်ဖိုးကျဆင်းမည့် ငွေစက္ကူကို ငြင်းပယ်ရန် နည်းလမ်း ရှာဖွေနိုင်သော်လည်း အရာရှိများအနေဖြင့်မူ နန်းတော်က ပေးအပ်သော ငွေစက္ကူကို ငြင်းပယ်ရန် မဖြစ်နိုင်ချေ။
လစာက မများသည့်အထဲ တန်ဖိုးကပါ ကျဆင်းနေဦးမည် ဖြစ်ရာ မည်သူမျှ မခံနိုင်ကြပေ။
ရှန့်ချူရုံ၏ ရည်ရွယ်ချက်မှာ ဝူကျိရှန်းကို နန်းတော်ထံ အစီရင်ခံစာ တင်ပြခိုင်းကာ အားလုံးအတွက် လစာတိုးမြှင့်ပေးရန် တောင်းဆိုခိုင်းခြင်း ဖြစ်၏။
ဤအကြောင်းအရာကို စတင်ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ရောက်ရှိနေသူအားလုံးထံမှ ထောက်ခံမှုများကို ချက်ချင်း ရရှိတော့သည်။
"ဟုတ်ပါတယ်၊ နန်းတော်ရဲ့ လစာက အလွန်နည်းလွန်းတယ်။ ကျွန်တော်တို့မှာ သင့်တော်တဲ့ အရာရှိဝတ်စုံကိုတောင် မဝယ်နိုင်ကြဘူး။ ညွှန်ကြားရေးမှူးဝူ မရယ်ပါနဲ့၊ ကျွန်တော်ဒီအရာရှိဝတ်စုံကို ဝတ်ဆင်လာခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။ အခုဆိုရင် အဖာတွေ ထပ်နေပြီး လမ်းပေါ်က သူတောင်းစားတစ်ယောက်လို ဖြစ်နေပါပြီ။ အသစ်တစ်ထည် ဝယ်ဖို့တောင် မတတ်နိုင်ပါဘူး..."
မင်မင်းဆက်တွင်အရာရှိဝတ်စုံများကို အရာရှိများ ကိုယ်တိုင် ပြင်ဆင်ကြရခြင်း ဖြစ်သည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ညွှန်ကြားရေးမှူးဝူအတွက် ဒီလက်ဆောင်ကို ဝယ်ဖို့ ပိုက်ဆံတောင် ချေးခဲ့ရတာပါ"
"ကျွန်တော့်မိသားစုမှာ အသားမစားရတာ အတော်ကြာပါပြီ။ ကျွန်တော်တို့တွေ တကယ်ကို အသားမစားနိုင်ကြတော့ပါဘူး"
ရောက်ရှိနေသူအားလုံးသည် ၎င်းတို့၏ ဆင်းရဲမွဲတေမှုများကို ဝူကျိရှန်းထံသို့ ရင်ဖွင့်ညည်းတွားနေကြရာ ၎င်းတို့သည် အမှန်တကယ်ပင် စားစရာမရှိအောင် ဆင်းရဲနေကြသကဲ့သို့ ဖြစ်နေတော့သည်။
အကယ်၍ အခြားသူတစ်ဦးဦးသာ ဖြစ်ပါက ၎င်းတို့သည် လာဘ်မစားဘဲ ရိုးသားဖြောင့်မတ်သော အရာရှိများ ဖြစ်ကြသည်ဟု တွေးထင်ကာ ၎င်းတို့၏ စကားများကို သေချာပေါက် ယုံကြည်မိလိမ့်မည် ဖြစ်၏။
ဝူကျိရှန်းကမူ တော်ဝင်ဆေးရုံသည် အလွန်နောက်ကျိလှသော နေရာတစ်ခု ဖြစ်ပြီး ထိုနေရာတွင် ကြီးမားသော အဂတိလိုက်စားမှုများ ရှိနေကြောင်းကို ကြာမြင့်စွာကတည်းက သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
ထိုအရာရှိများသည်... စုံစမ်းစစ်ဆေးခြင်း မခံရသရွေ့တော့ အားလုံးမှာ ရိုးသားသော အရာရှိများအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့သည် မည်သူမျှမသိသော ငွေကြေးအမြောက်အမြားကို သိမ်းပိုက်ထားခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။
ဝူကျိရှန်းသည် တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့သော်လည်း တော်ဝင်ဆေးရုံတစ်ခုလုံးသည် ပူးပေါင်းကြံစည်ထားကြသဖြင့် စာရင်းစစ်ဆေးခြင်း နှင့် ဆေးသိုလှောင်ရုံကို စစ်ဆေးခြင်း ကဲ့သို့သော ယနည်းလမ်းများကိုသာ အသုံးပြုနေပါက မည်သည့် အရိပ်အမြွက်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
“တော်ဝင်အမိန့်ကို ခံယူထားကြတဲ့ ကျွန်တော်တို့တွေဟာထုံးစံအတိုင်းမိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရပါမယ်။ သေးငယ်လှတဲ့ လစာကလေးအတွက်နဲ့ မိမိတို့ကိုယ်ကိုယ် ဘယ်လိုလုပ်ပြီး ဂုဏ်သိက္ခာ အကျခံနိုင်မှာလဲ”
အကြီးအကဲဟောင်း ဖြစ်သူ ရှဲ့ထျန်းယင်းက ငါက နင်တို့ထက် ပိုပြီး ရိုးသားတယ်ဟူသော အမူအရာဖြင့်တည်ကြည်စွာဆုံးမဩဝါဒ ပေးတော့သည်။
"ပညာရှိတစ်ဦးဟာ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိရမယ်ဆိုတာ သူတော်စင်တို့ရဲ့ သွန်သင်ချက်ပဲ ဖြစ်တယ်။ ဆင်းရဲခြင်းမှာ ရောင့်ရဲနိုင်မှသာ တရား၌ ပျော်မွေ့နိုင်လိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လုံးလုံး ငါဒီအဖိုးအိုဟာ သေးငယ်တဲ့ အိမ်လေးထဲမှာပဲ နေထိုင်ခဲ့တယ်၊ အပြင်ထွက်ရင်လည်း ရထားလုံး မစီးသလို စားသောက်ရင်လည်း ငါးတွေ အသားတွေ မပါဘဲ ရိုးရှင်းတဲ့ အစားအစာတွေနဲ့တင် ပိုပြီး စိတ်အေးချမ်းသာ ဖြစ်ရတယ်။ ဒါပေမဲ့ နင်တို့တွေကတော့ လစာပိုရဖို့ အော်ဟစ်နေကြတယ်၊ ဒါက ဘယ်လို အပြုအမူမျိုးလဲ"
ရှဲ့ထျန်းယင်း၏ စကားများသည် ကြီးကျယ်ခမ်းနားပြီး တရားမျှတလှသဖြင့် ငွေကြေးကို ရုန်းရင်းဆန်ခတ် အရာတစ်ခုကဲ့သို့ သဘောထားသော သူတော်စင်ကြီးတစ်ဦး၏ ပုံစံကို အမှန်တကယ် ပေါ်လွင်စေသည်။ လူအများ၏လေးစားမှုကိုခံရနိုင်ပေသည်။
ဝူကျိရှန်းက အနည်းငယ် ပြုံးလိုက်သည်။
"ပိုပြီး ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ချင်ကြတာက လူ့သဘာဝပဲ ၊ လူတိုင်းက ညွှန်ကြားရေးမှူးရှဲ့လို သူတော်စင်ကြီးတွေ မဟုတ်ကြပါဘူး။ ကျွန်တော် နန်းတော်ထံ ဒီကိစ္စကို တင်ပြဖို့ အခွင့်အရေး ရှာဖွေပါ့မယ်၊ အားလုံးကို ခက်ခဲတဲ့ ဘဝမျိုးမှာ မနေထိုင်စေရပါဘူး"
*********