← Chapters

အခန်း ၂၂၆

Vol. 22 Ch. 226

အခန်း ၂၂၆

Vol. 22 Ch. 226

အခန်း (၂၂၆) လူသုံးယောက်အဖွဲ့

ကျန်းနန်ဒေသ၏ နွေဦးမိုးမှာ အမြဲတမ်း သည်းထန်စွာ ရွာသွန်းလေ့ရှိ၏။ ချင်းချင်း ထီးတစ်လက်ကို ဆောင်းကာ အပြင်သို့ ထွက်လာချိန်တွင်လည်း မိုးဖွဲလေးများမှာ မစဲတမ်း ကျနေဆဲ ဖြစ်သည်။

"မမချင်းချင်း မမချင်းချင်း"

ချင်းချင်းသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အဝေးမှ လှမ်းလာနေသော ရင်းနှီးသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုသူမှာ ကျူးယွမ်ဝင် ဖြစ်သည်။

ကျူးယွမ်ဝင်သည် ထီးမဆောင်းထားသဖြင့် သူ၏ စိုစွတ်နေသော ဆံပင်များမှာ နဖူးတွင် ကပ်နေပြီး မျက်နှာတစ်ခုလုံးလည်း မိုးရေများ ရွှဲနစ်နေ၏။

"မမချင်းချင်း ကျွန်တော် မမနဲ့ လာကစားတာ"

"ငါ အလုပ်ကိစ္စ ရှိတယ် နင့်နဲ့ ကစားဖို့ အချိန်မရှိဘူး၊ အိမ်ပြန်တော့"

"ကျွန်တော် စာမဖတ်ချင်တော့လို့ မမချင်းချင်းနဲ့ ကစားဖို့ ခိုးထွက်လာတာ"

"ငါ့မှာ အချိန်မရှိဘူး၊ အရမ်း အရေးကြီးတဲ့ အလုပ် ရှိလို့"

"မမချင်းချင်းက ဘာအရေးကြီးတဲ့ အလုပ် ရှိလို့လဲ၊ ဟင်းသီးဟင်းရွက် ဝယ်ရမှာလား ဒါမှမဟုတ် ထမင်းချက်ရမှာလား"

ဟင်းသီးဟင်းရွက် ဝယ်ပြီး ထမင်းချက်ရုံသာ သိသော အစေခံမိန်းကလေးတစ်ဦးဟု ပြောဆိုခြင်း ခံလိုက်ရသဖြင့် ချင်းချင်းမကျေမနပ် ဖြစ်သွား၏။ သို့သော် သူမသည် အမှန်တကယ်ပင် အစေခံတစ်ဦး ဖြစ်သည်။

ထိုကလေးရှေ့တွင် မျက်နှာပန်းလှစေရန်အတွက် ချင်းချင်းသည် တမင်တကာ လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်ကာ ကျူးယွမ်ဝင်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။

"ငါ လူဆိုး ဖမ်းမလို့"

"လူဆိုးဖမ်းမလို့လား၊ အဲဒါ သိပ်ကောင်းတာပဲ၊ ကျွန်တော် လူဆိုးဖမ်းတမ်း ကစားတာ အရမ်းဝါသနာပါတာ"

ချင်းချင်းက သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး တိုးတိုးလေး ပြောသည်။

"နင်က ဘာလို့ အော်နေတာလဲ၊ လူဆိုးတွေ ကြားသွားရင် နင့်ကို ဖမ်းသွားလိမ့်မယ်"

အမှန်တကယ်ပင် အရေးကြီးသော ကိစ္စရပ်တစ်ခုကို ဆွေးနွေးနေသကဲ့သို့ ကျူးယွမ်ဝင်သည်လည်း အသံကို နှိမ့်လိုက်၏။

"ကျွန်တော်တို့ ဘယ်လူဆိုးကို ဖမ်းမှာလဲ၊ သူတို့ ဘယ်မှာလဲ"

"လူဆိုးကတော့..."

ချင်းချင်းသည် ထိုစကားကို ပြောရန် ပြင်လိုက်သော်လည်း ဝူကျိရှန်း၏ မှာကြားချက်ကို ရုတ်တရက် သတိရသွားကာ အမြန်ပင် ပြန်မျိုချလိုက်သည်။

"ဒါက အရေးကြီးတဲ့ ကိစ္စမို့လို့ နင့်ကို ပြောလို့မရဘူး"

"မပြောလည်း ရပါတယ်၊ ကျွန်တော် မမချင်းချင်းနဲ့ တူတူ လူဆိုးသွားဖမ်းမယ်"

"နင်လိုကလေးက လူဆိုးဖမ်းဖို့ စဥ်းစားနေတယ် ဟုတ်လား၊ လူဆိုးကို မြင်တာနဲ့တင် နင် ဘောင်းဘီထဲ သေးထွက်သွားလိမ့်မယ်"

ကျူးယွမ်ဝင်သည် အသက်ငယ်သော်လည်း မာနကြီးသူ ဖြစ်သဖြင့် လူကြီးတစ်ယောက်ကဲ့သို့သူ၏ သေးသွယ်သော လက်မောင်းများကို မြှောက်ကာ သန်မာထွားကျိုင်းသည့် ပုံစံမျိုး လုပ်ပြ၏။

"ကျွန်တော် လူဆိုးတွေကို မကြောက်ပါဘူး၊ သေးထွက်သွားတဲ့အထိလည်း မကြောက်ဘူး"

"ဘာပဲဖြစ်ဖြစ် နင့်ကို ခေါ်မသွားနိုင်ဘူး၊ အိမ်ပြန်တော့"

အိမ်မှ ခက်ခက်ခဲခဲ ခိုးထွက်လာခဲ့ပြီးမှ သူကအိမ်ပြန်ရန်စိတ်မကူးထားချေ။

ကျူးယွမ်ဝင်သည် မမချင်းချင်း ဟု ထပ်ခါတလဲလဲ ခေါ်ကာ ချင်းချင်း၏ နောက်မှ အမြီးကလေးကဲ့သို့ ကပ်လိုက်နေတော့၏။သူက မဆုတ်မနစ် ပူဆာနေသဖြင့် ချင်းချင်းမှာလက်‌လျှော့ပြီးသူ့ကို ခေါ်ပြီး လူဆိုးဖမ်းရန် ထွက်ခွာလာခဲ့ရသည်။

လူဆိုးဖမ်းသည် ဆိုသည်မှာ အမှန်တွင်ဇီကူ‌စာ‌ပေတိုက်ရှေ့တွင် ချောင်းမြောင်း စောင့်ကြည့်ခြင်းသာ ဖြစ်၏။

ဝူကျိရှန်း၏ အစီအစဥ်အရဇီကူစာ‌ပေတိုက်နှင့် နန်းတွင်းဆေးခန်းတို့အကြား နီးကပ်သော ဆက်နွှယ်မှု ရှိသည်မှာ သေချာသလောက် ရှိနေသဖြင့် စောင့်ကြည့်ရန်သာ လိုအပ်သည်။

ဤနေရာကိုသာစောင့်ကြည့်နိုင်ပါကကဇီကူစာပေတိုက်နှင့် နန်းတွင်းဆေးခန်းတို့အကြား ဆက်သွယ်မှုကို အသေအချာ ရှာဖွေနိုင်မည် ဖြစ်၏။ သို့သော် ဝူကျိရှန်းသည်ထိုနေရာကိုအချိန်ကုန်ခံကာ အမြဲတမ်းစောင့်ကြည့်နေရန် အချိန် မရှိပေ။ မနေ့ညက နန်းတွင်းဆေးရုံမှ လုပ်ဖော်ကိုင်ဖက်များကို တည်ခင်းဧည့်ခံသည့် စားပွဲတွင် ချင်းချင်းသည်လည်း လုပ်ကျွေးပြုစုခဲ့ရသဖြင့် နန်းတွင်းဆေးရုံမှ လူအများစုကို သိနေ၏။ ထို့ကြောင့် သူမထိုနေရာတွင် စောင့်ကြည့်ခြင်းက ပို၍ သင့်တော်သည်။

ချင်းချင်း၏ စိတ်ထဲတွင်နန်းတွင်းဆေးရုံမှ လူတစ်ဦးဦး ပေါ်လာသည်အထိ ထိုနေရာတွင် စောင့်ကြည့်ခြင်းက ဝူကျိရှန်းအား အမှုစုံစမ်းရန် ကူညီပေးခြင်း ဖြစ်သဖြင့် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး စိတ်ဝင်စားစရာ အလုပ်တစ်ခု ဖြစ်နေ၏။

အစပိုင်းတွင် ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့သည်စိတ်ပါဝင်စားစွာဖြင့် မျက်တောင်မခတ်တမ်း ဇီကူစာ‌ ပေတိုက်ကိုစောင့်ကြည့်နေခဲ့ကြသော်လည်းရှေးဟောင်းပစ္စည်းဆိုင်များသည်လူ စည်ကားသော စားသောက်ဆိုင်များနှင့်မတူ အရောင်းအဝယ် အလွန်နည်းပါးလှသဖြင့်ပျင်းရိလာကြ၏။

သူတို့နှစ်ယောက်သည် မနက်ခင်းတစ်ခုလုံး ၎င်းဆိုင်ကို ဘာမျှမလုပ်ဘဲ ငေးကြည့်နေခဲ့ကြသော်လည်း ဖောက်သည်တစ်ဦးမျှ ဝင်လာသည်ကို မတွေ့ရပေ။

"မမချင်းချင်း၊ ဒီမှာ လူဆိုးတွေ မရှိပါဘူး၊ ဒါက သာမန်ဆိုင်တစ်ဆိုင်ပဲ မဟုတ်လား၊ ပျင်းစရာကြီး"

ကျူးယွမ်ဝင်သည် မိုးမခပင်မှ အခက်တစ်ခုကို ဆွဲဖြုတ်ကာ ရည်ရွယ်ချက်မရှိဘဲ ဆော့ကစားနေရင်း ပြော၏။

"ကျွန်တော် ဗိုက်ဆာတယ်၊ လည်ချောင်းလည်း ခြောက်တယ်၊ တစ်ခုခု စားချင်တယ်၊ ရေလည်း သောက်ချင်တယ်"

ချင်းချင်းကိုယ်တိုင်ကလည်း စိတ်ရှည်သူ မဟုတ်သဖြင့်ကျူးယွမ်ဝင်၏စကားကြောင့်တစ်ခုခု သွားစားရမလားဟု တွေးတောနေချိန်တွင် သူတို့၏ နောက်ဘက်မှ အက်ကွဲကွဲ အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

"မမချင်းချင်း၊ ဒီမိုးမခပင်အိုကြီးအောက်မှာ ဘာလို့ထိုင်နေတာလဲ"

လှည့်ကြည့်လိုက်ရာ ပါးဖောင်းဖောင်းနှင့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူသည် ချန်လျိုယီ၏ သားဖြစ်သူ ချန်ကော်ရှန့်ဖြစ်၏။

"ငါ ဘာမှမလုပ်ဘူး၊ ဘာမှမလုပ်ဘူး"

ချင်းချင်းက လက်ခါပြလိုက်ရင်း‌ မောင်းထုတ်လိုက်သည်။

"နင် ဒီနေရာကိုမလာနဲ့ ထွက်သွားတော့"

"ကျွန်တော် မမချင်းချင်းကို နှုတ်ဆက်ဖို့ မေ့သွားတယ်"

ရိုးအလှသော ချန်ကော်ရှန့်ကချင်းချင်းစကားကိုနားမ‌ထောင်ဘဲ‌ ရှေ့တိုးလာကာချင်းချင်းကို ရိုရိုသေသေ အရိုအသေပေး‌ နေပြန်၏။

"မမချင်းချင်းကို ဂါရဝပြုပါတယ်"

"အရိုအသေပေးမနေနဲ့တော့၊ ထွက်သွားတော့"

ချန်ကော်ရှန့်က လူအ သက်သက်ဖြစ်ပြီး စိတ်ပျက်စရာကောင်းလောက်အောင် ရိုးအလှသည်။

"ဘာလို့ ကျွန်တော့်ကို ထွက်သွားခိုင်းတာလဲ၊ ကျွန်တော် တစ်ခုခု မှားပြောမိလို့လား"

ချင်းချင်းကချန်ကော်ရှန့်ကို အမြန်မောင်းထုတ်ချင်နေခြင်းမှာ ဇီကူဆိုင်၏ အာရုံစိုက်မှုကို ခံရမည် စိုးရိမ်သောကြောင့် ဖြစ်၏။ ချောင်းမြောင်း စောင့်ကြည့်ခြင်းကို လျှို့ဝှက်စွာ မလုပ်ဆောင်ပါကပစ်မှတ်၏ အာရုံစိုက်မှုကို ခံရလျှင် သဲလွန်စပျောက်ဆုံးသွားပေလိမ့်မည်။

ချန်ကော်ရှန့်သည် အခြေအနေကို လုံးဝ မသိရှိဘဲ ထွက်ခွာသွားမည့်အစား ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့ ပုန်းကွယ်နေသော မိုးမခပင်ကြီးဆီသို့ လျှောက်လာခဲ့သည်။

"ငါတို့ လူဆိုးဖမ်းနေတာ၊ နင် အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်"

ကျူးယွမ်ဝင်က ထိုသို့ပြောလိုက်သောအခါ ချန်ကော်ရှန့်သည် ချက်ချင်း စိတ်ဝင်စားသွားပြီး ဘေးတွင် ထိုင်ချလိုက်၏။

"လူဆိုးဖမ်းမလို့လား၊ ဘယ်လိုလူဆိုးလဲ၊ ကျွန်တော် ကူဖမ်းပေးမယ်"

ထို့ကြောင့် မူလက ချင်းချင်းတစ်ဦးတည်း လုပ်ဆောင်ရမည့် စောင့်ကြည့်ရေးအလုပ်သည် လူသုံးယောက်ပါဝင်သော အဖွဲ့ငယ်လေးတစ်ခု ဖြစ်သွားတော့သည်။

"မမချင်းချင်း၊ ဒီလူက ဘယ်သူလဲ"

ကျူးယွမ်ဝင်က မေးလိုက်သည်။

"သူ့နာမည်က ကော်ရဇန့်"

ထိုနာမည်ကို ကြားသည်နှင့် ကျူးယွမ်ဝင်သည် ရုတ်တရက် ရယ်မောတော့၏။

"ကော်ရှန့်. ဟားဟား... ကော်ရှန့် တဲ့၊ နာမည်ဆိုးလိုက်တာ၊ ကမ္ဘာပေါ်မှာ ဒီလိုနာမည်မျိုး ရှိတယ်လို့ မထင်မိဘူး"

ဤကဲ့သို့ ထူးဆန်းသည့် နာမည်မျိုးမှာ သာမန်မိသားစုများတွင် အလွန်ပင် တွေ့ရလေ့ရှိသော်လည်း ကျူးယွမ်ဝင်သည် သာမန်မိသားစုမှမဟုတ်သဖြင့် သူသည် ထူးဆန်းသည်ဟု ထင်မြင်နေခြင်း ဖြစ်၏။

"ဘာက ရယ်စရာကောင်းလို့လဲ"

ကော်ရှန့်သည် ရိုးအသော အမူအရာဖြင့်ပင် ပြန်ပြောလိုက်၏။

"ငါတို့လမ်းထဲမှာတင် ကော်ရှန့်လို့ နာမည်ပေးထားတဲ့လူ လေးယောက် ရှိတယ်"

"လေးယောက်တောင်လား၊ ဟားဟား..."

"မရယ်နဲ့၊ မရယ်နဲ့..."

ချင်းချင်းက ကျူးယွမ်ဝင်၏ ပါးစပ်ကို အမြန်ပိတ်လိုက်၏။

"လူဆိုးတွေ သတိထားမိသွားမယ်၊ မရယ်နဲ့တော့"

ကျူးယွမ်ဝင်သည် သူ၏ ရယ်မောလိုစိတ်ကို အမြန်ပင် အောင့်အီးလိုက်ရသည်။

"မင်းနာမည်က ဘာလဲ"

"ငါ့... နာမည်က ယွမ်ဝင်"

ကျူးယွမ်ဝင်သည် အသက်ငယ်သော်လည်း လိမ္မာပါးနပ်စွာဖြင့် သူ၏ အမည်ကိုသာ ပြောပြီး မျိုးရိုးအမည်ကိုမူ တမင်တကာ ချန်လှပ်ထားခဲ့သည်။

ကော်ရှန့်ပါ‌ ရောက်လာပြီးနောက်တွင် သူတို့သုံးယောက်သည် ချင်းချင်း၏ ထီးအရိပ်ကိုခိုရင်း မိုးမခပင်ကြီးအောက်၌ စကားတပြောပြောနှင့် ရယ်မောနေကြရင်း မသိလိုက်ခင်မှာပင် မနက်ခင်းအချိန်က ကုန်ဆုံးသွားခဲ့လေသည်။

*********

All Chapters