အခန်း ၂၂၇
Vol. 22 Ch. 227
အခန်း (၂၂၇) လူဆိုးပေါ်လာပြီ
တိန့်ချိုးနေ့ မွန်းတည့်ချိန်။
ဤနေ့သည် ကိုးရက်မြောက်နေ့ ဖြစ်၏။နေ့စဥ် နံနက်မှ ညနေအထိ ချင်းချင်း၊ ချန်ကော်ရှန့်နှင့် ကျူးယွမ်ဝင်တို့စောင့်ကြည့်ရေးအဖွဲ့ သည် အချိန်မှန် စုစည်းလေ့ရှိကြသည်။
စိတ်မရှည်သောဆယ်ကျော်သက် ကောင်လေးနှစ်ယောက်နှင့် မိန်းကလေးတစ်ဦးအတွက် ကိုးရက်ဆက်တိုက် စောင့်ကြည့်ရန်မှာတွေးပင်မတွေးဖူးသောအရာဖြစ်၏။
၎င်းတို့ ယခုအချိန်အထိ ဇွဲရှိရှိ ဆက်လက်လုပ်ဆောင်နိုင်သည့် အကြောင်းအရင်းမှာ ပျော်စရာ ရှိနေ၍ သာဖြစ်သည်။
အချည်းနှီး စောင့်ဆိုင်းနေရခြင်းသည် အလွန် ပျင်းစရာကောင်းသဖြင့် ချင်းချင်းကစိတ်ဝင်စားစရာကောင်းသော အကြောင်းအရာအချို့ကို စကားစမြည် ပြောဆိုလေ့ရှိ၏။ ဥပမာအားဖြင့် ကမ္ဘာကြီးမှာ လုံးဝန်းသော အလုံးကြီးတစ်လုံး ဖြစ်ကြောင်း၊ နေက ကမ္ဘာကို လှည့်ပတ်နေခြင်း မဟုတ်ဘဲ ကမ္ဘာကသာ နေကို လှည့်ပတ်နေခြင်း ဖြစ်ကြောင်း စသည်တို့ဖြစ်သည်။
နောက်ထပ် ဥပမာတစ်ခုမှာ ကမ္ဘာပေါ်တွင် တိုက်ကြီးခုနစ်တိုက်နှင့် သမုဒ္ဒရာကြီးလေးစင်း ရှိပြီး မင်မင်းဆက်သည် ယူရေးရှားဟု ခေါ်သော ကျယ်ပြောလှသည့် ကုန်းမြေကြီးပေါ်တွင် တည်ရှိကြောင်း ဖြစ်၏။
ချင်းချင်းသည် ထိုသိပ္ပံနည်းကျ အချက်အလက်များကို အပေါ်ယံမျှသာ နားလည်ထားသဖြင့် ချန်ကော်ရှန့်နှင့် ကျူးယွမ်ဝင်တို့အား ပြန်လည်ပြောပြရာတွင် အမှားအမှန်ရောထွေး၍သာပြောပြနိုင်သည်။
သို့သော် သူမပြောသည့်အကြောင်းအရာများသည် သူတို့၏ သိနားလည်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပြီး ချင်းချင်း၏ ကွက်ကွက်ကွင်းကွင်း ပုံဖော်ကာ စိတ်ဝင်စားစရာကောင်းအောင် ပြောဆိုနိုင်မှုကြောင့် သူတို့သည် ချင်းချင်းနှင့်အတူ ဤမျှကြာအောင် စောင့်ကြည့်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်၏။
"ကော်ရှန့်.. ယွမ်ဝင်... နင်တို့ ရေပေါ်ပေါ်ခြင်း နိယာမ ဆိုတာ ဘာလဲ သိလား"
"မသိဘူး"
လူကြီးလည်း မဟုတ်သေး ကလေးလည်း မဟုတ်တော့သည့် ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်လုံးက ခေါင်းကို အူကြောင်ကြောင်ဖြင့် ခါယမ်းလိုက်ကြသည်။
"ဒီနေ့ ငါ နင်တို့ကို ရေပေါ်ပေါ်ခြင်း နိယာမအကြောင်း ပြောပြမယ်"
ချင်းချင်းသည် ဆရာမတစ်ဦးကဲ့သို့ အမူအရာ ဖမ်းလိုက်ပြီး ဝူကျိရှန်း သင်ပေးထားသော အခြေခံဗဟုသုတများကို စတင် ထုတ်ကြွားတော့၏။
"ရေပေါ်ပေါ်ခြင်း နိယာမ ဆိုတာက... အဲဒါက... အနှစ်ချုပ်လိုက်ရင် စာတစ်ကြောင်းတည်းပဲ"
"ဝတ္ထုတစ်ခုခုကို အရည်တစ်ခုထဲမှာ နစ်မြုပ်စေတဲ့အခါ အဲဒီဝတ္ထု ခံစားရတဲ့ အပေါ်ဘက်ကို ပင့်တင်တဲ့အားဟာ ဝတ္ထုကြောင့် ဖယ်ရှားခံလိုက်ရတဲ့ အရည်ရဲ့ အလေးချိန်နဲ့ ညီမျှတယ်"
ရေပေါ်ပေါ်ခြင်း နိယာမသည် အလယ်တန်းကျောင်းသားတစ်ဦးပင် တိကျစွာ တွက်ချက်နိုင်သော အခြေခံဖော်မြူလာတစ်ခု ဖြစ်သော်လည်း ဤခေတ်ကာလမှ ချန်ကော်စိမ့်နှင့် ကျူးယွမ်ဝင်တို့ နားလည်ရန်မှာမူ မလွယ်ကူလှပေ။
ချင်းချင်းသည် အာခေါင်ခြောက်မတတ် ပြောပြသော်လည်း သူတို့နှစ်ဦးမှာ အနည်းငယ်မျှသာ နားလည်နိုင်ကြ၏။
"မမချင်းချင်း"
ထိုစဥ် ပုံမှန်အားဖြင့် စကားနည်းလှသော ချန်ကော်ရှန့်က မေးလိုက်၏။
"မမက ဒီ... ဒီရေပေါ်ပေါ်ခြင်း နိယာမအကြောင်းကို ဘယ်လိုလုပ် သိတာလဲ"
ဤကလေးနှစ်ယောက်ရှေ့တွင် မိမိ၏ အရည်အချင်းကို ထုတ်ကြွားရန်အတွက် ချင်းချင်းသည် ဝူကျိရှန်း သင်ပေးခဲ့သည်ဟု လုံးဝ ပြောမည်မဟုတ်ပေ။ သို့မှသာ သူမ၏ သိက္ခာကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
ချင်းချင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ဒီရေပေါ်ပေါ်ခြင်း နိယာမကို ရှေးခေတ် ပညာရှိကြီးတွေက တွက်ချက်ခဲ့တာ။ ရှန်နဲ့ ကျိုးမင်းဆက်ခေတ်တုန်းက ဧကရာဇ်မင်းတစ်ပါးဟာ ရွှေစင်သရဖူတစ်ခုကို လုပ်ခိုင်းခဲ့တယ်လို့ ပြောကြတယ်..."
"မမချင်းချင်း... ရှန်နဲ့ ကျိုးမင်းဆက်ခေတ်တုန်းက ဧကရာဇ် ဆိုတာ မရှိသေးဘူး။ ချင်ရှီဟွမ် ယိန်းကျန့် လက်ထက်ကျမှ ဧကရာဇ်ဆိုတာ ပေါ်လာတာ။ ရှန်မင်းဆက်တုန်းက ရှန်ဘုရင်တွေ ရှိခဲ့ပြီး ကျိုးမင်းဆက်တုန်းကတော့ ကျိုးမင်းကြီးတွေ ရှိခဲ့တာ၊ အဲဒီခေတ်တွေတုန်းက ဧကရာဇ်ဆိုတာ မရှိသေးဘူး..."
"အို... ယွမ်ဝင်ရယ်... နင်ကလည်း သိပ်အတိအကျကြီး လုပ်မနေပါနဲ့။ အဲဒါက အရေးမကြီးပါဘူး။ ငါ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ရင် ရပြီ"
ချင်းချင်းသည် အမေးကို ရှောင်လွှဲပြီး ဇာတ်လမ်းကို ဆက်ပြော၏။
"အဲဒီမင်းကြီးက ပန်းထိမ်ဆရာက အတုလုပ်ထားမှာ စိုးရိမ်ပြီး သရဖူက ရွှေစင် ဟုတ်မဟုတ် စစ်ဆေးချင်ပေမယ့် လက်ရာမြောက်လှတဲ့ သရဖူကိုတော့ မပျက်စီးစေချင်ဘူး။ အဲဒါကြောင့် မီးဒ် လို့ ခေါ်တဲ့ ပညာရှိတစ်ယောက်ကို ဆင့်ခေါ်လိုက်တယ်"
"မီးဒ်လား... ဒီပညာရှိအကြောင်း စာအုပ်ထဲမှာ ဘာလို့ မှတ်တမ်းမရှိရတာလဲ"
ကျူးယွမ်ဝင်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြန်၏။
"မမချင်းချင်း... မမက ဘယ်ရှေးဟောင်းစာအုပ်ကို ဖတ်ထားလို့လဲ"
"အဲဒီမီးဒ်က မီးဒ်လို့ နာမည်ရတာ သဘာဝပဲလေ။ သူက ရှန်းရှီးပြည်နယ်က ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ငါနဲ့ တစ်ရွာတည်းသား ရှန်ရှီးပြည်နယ်ကလည်း ဖြစ်နိုင်တာပဲ... ဟေ့... ယွမ်ဝင်... ကြားဖြတ်မပြောနဲ့ဦး ဟုတ်ပြီလား။ နင် ရေပေါ်ပေါ်ခြင်း နိယာမရဲ့ ဇာတ်လမ်းကို ဆက်နားထောင်ချင်သေးရဲ့လား"
"နားထောင်ချင်ပါတယ်၊ နားထောင်ချင်ပါတယ်"
ကျူးယွမ်ဝင်က ခေါင်းကို အပြင်းအထန် ညိတ်ပြ၏။
"မမချင်းချင်း ဆက်ပြောပါ၊ ကျွန်တော် ကြားဖြတ်မပြောတော့ဘူး"
"အဲဒီမီးဒ်က သရဖူကို မဖျက်ဆီးဘဲ ရွှေစင်ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မယ့် အလွန်ကောင်းတဲ့ အကြံဉာဏ်တစ်ခုကို ရခဲ့တယ်"
"ရွှေသရဖူကို ရေထဲမှာ နစ်မြုပ်စေပြီး သရဖူကြောင့် ဖယ်ရှားခံလိုက်ရတဲ့ ရေရဲ့ အလေးချိန်ကို တွက်ချက်ခြင်းအားဖြင့် အဲဒါက ရွှေစင် ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ခဲ့တာ..."
ရွှေစင်သရဖူတစ်ခု ရေထဲသို့ နစ်မြုပ်သွားပြီး နိယာမတစ်ခု ရေပြင်ပေါ်သို့ ပေါ်ထွက်လာခြင်း ဖြစ်၏၊ ဤအရာက ရေပေါ်ပေါ်ခြင်း နိယာမ၏ မြစ်ဖျားခံရာ ဖြစ်သည်။
ကျူးယွမ်ဝင်သည် ရေပေါ်ပေါ်ခြင်း နိယာမကို အပေါ်ယံမျှသာ နားလည်ထားဆဲဖြစ်ရာ သူသည် သေချာစွာ ဆက်လက် တွေးတောနေ၏။ ရွှေသရဖူတစ်ခု ရေထဲနစ်ဝင်သွားချိန်တွင် ၎င်းသည် ရွှေစင်ဟုတ်မဟုတ်ကို မည်သို့ သိနိုင်မည်နည်း။
ဤကဲ့သို့သော အရာများတွင်မူ ရိုးအသော ချန်ကော်ရှန့်က ပို၍ ပါရမီပါပုံရသည်။ သူသည် သူ့ပေါင်ကို ပုတ်ကာ ပြော၏။
"ငါ နားလည်ပြီ၊ ငါ နားလည်ပြီ။ မီးဒ်က တကယ် စိတ်ကောင်းရှိတာပဲ။ သူက ဒီလိုကောင်းတဲ့ အကြံကို ရနိုင်ခဲ့တာ။ မီးဒ်လို့ ခေါ်တဲ့ ဒီအဘိုးကြီးက တကယ်ကို မဆိုးဘူး"
ချန်ကော်ရှန့်က နားလည်သွားသော်လည်း ကျူးယွမ်ဝင်မှာမူ ဝေခွဲမရဖြစ်နေဆဲ ဖြစ်သည်။ သူက ချန်ကော်စိမ့်၏ အင်္ကျီလက်စကို အမြန်ဆွဲကာ ပြော၏။
"ငါ ဘာလို့ နားမလည်တာလဲ၊ ငါ့ကို တစ်ခေါက်လောက် ပြန်ရှင်းပြပါဦး..."
"နောက်မှ ရှင်းပြမယ်"
ချင်းချင်းက ပြုံးလျက် ပြောသည်။
"မွန်းတည့်ချိန်ကို ကျော်နေပြီ၊ ငါ့ဗိုက်လည်း တဂွီဂွီ မြည်နေပြီ။ တစ်ခုခု စားသောက်ရမယ့် အချိန် ရောက်ပြီ"
လွန်ခဲ့သော ရှစ်ရက်ကကဲ့သို့ပင် ယနေ့ မွန်းတည့်စာကိုလည်း ကျူးယွမ်ဝင်က ငွေစိုက်ထုတ်ပြီး ချန်ကော်ရှန့်က သွားရောက် ဝယ်ယူပေးရသည်။
အမှန်တွင်ချင်းချင်း၏လူဆိုးဖမ်းခြင်း ကို ကူညီနေခြင်း ဖြစ်သဖြင့် ချင်းချင်းကသာကောင်လေးနှစ်ယောက်ကို ကျွေးမွေးသင့်သော်လည်း သူမတွင် မုန့်ဖိုးအနည်းငယ် ရှိပေသည်။
သို့သော် ကျူးယွမ်ဝင်သည် ချင်းချင်းထက် များစွာ ကြွယ်ဝချမ်းသာပြီး သူသည် ကြေးပြားများကို လုံးဝ မသုံးဘဲ ငွေစများကို တိုက်ရိုက် ထုတ်ပေးလေ့ရှိ၏။
အကယ်၍ ချင်းချင်းက ကျွေးမွေးမည်ဆိုပါက အများဆုံးမှ အသားကိတ်မုန့်တစ်ခုနှင့် ရေတစ်ခွက်သာ ဖြစ်လိမ့်မည်။ သို့သော် ကျူးယွမ်ဝင်ကျွေးမွေးလျှင်မူ ကြက်သားပေါင်း၊ အသားခြောက်၊ ပျားရည်ရေနှင့် အသားပေါက်စီကြီးများကို စိတ်ကြိုက် စားသုံးနိုင်သဖြင့် တစ်နပ်လျှင် အနည်းဆုံး ငွေတစ်ပြား သို့မဟုတ် နှစ်ပြားခန့် ကုန်ကျ၏။
ချန်ကော်ရှန့်သည် ဆင်းရဲနွမ်းပါးသော မိသားစုမှ မဟုတ်သော်လည်း သူ၏မိခင်မှာ အလွန်အမင်း စေ့စပ်ချွေတာသူ ဖြစ်သဖြင့် ပွဲတော်ရက်များတွင်သာ အသားကို ခဲယဉ်းစွာ စားရ၏။ ဤနေရာတွင် ငါးနှင့် အသားများကို ဝဝလင်လင် စားနိုင်ခြင်းက ချန်ကော်ရှန့်အနေဖြင့် ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့အနားတွင် ရက်ပေါင်းများစွာ ဆက်ရှိနေလိုသည့် အဓိက အကြောင်းအရင်းတစ်ခု ဖြစ်လာသည်။
မကြာမီပင် ချန်ကော်ရှန့်သည် ပူပူနွေးနွေး အသားပေါက်စီ ဆယ်လုံးကျော်နှင့်အတူ ဆီပြန်နေသော ဝက်လက်ကြီးတစ်တုံးနှင့် ကြက်ကင်တစ်ကောင်လုံးကို ဝယ်ယူလာခဲ့၏။
ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့သည် ဤကဲ့သို့သော ဆီဦးထောပတ်အသားဟင်းများကို စိတ်မဝင်စားကြသဖြင့် အနည်းငယ်မျှသာ စားကြပြီး ကျန်ရှိသမျှကိုချန်ကော်ရှန့်ကသာ မြိန်ရှက်စွာ စားသုံးသည်။
ချန်ကော်ရှန့်သည် ဝက်လက်ကြီးတစ်တုံးနှင့် ကြက်ကင်တစ်ကောင်လုံးကို ဝါးမြိုပစ်လိုက်၏။ သူသည် အသားပေါက်စီကြီး ငါးလုံး၊ ခြောက်လုံးကိုလည်း စားပစ်သေးသဖြင့် ချင်းချင်းသည် သူ၏ဗိုက် ပေါက်ထွက်သွားမည်ကို စိုးရိမ်မိသွားသည်။
"နင် တကယ် စားနိုင်တာပဲ။ ဒီလောက်အများကြီး စားတဲ့လူ ငါတစ်ခါမှမမြင်ဖူးဘူး"
ကျူးယွမ်ဝင်က စနောက်လိုက်၏။
"နင်တစ်ယောက်တည်း စားတာက ငါ့မိသားစုတစ်ခုလုံး စားတာထက် ပိုများသေးတယ်"
"မင်းက ချမ်းသာတဲ့ မိသားစုကလေ။ ငါ့မိသားစုကတော့ တစ်နှစ်ကို အသားအနည်းငယ်ပဲ စားနိုင်တာ..."
ချန်ကော်ရှန့်က လက်တစ်ဖက်တွင် အသားပေါက်စီကြီးတစ်ခုကို ကိုင်ကာ လေပွေမုန်တိုင်းကဲ့သို့ ခဏချင်းအတွင်း ဝါးမြိုရင်း ပြောလိုက်၏။
"နောက်ဆုံးတော့ ဗိုက်ဝသွားပြီ"
ချန်ကော်ရှန့်က ကျူးယွမ်ဝင်ကို မှီလိုက်ပြီး သူ၏ဗိုက်ကို ပုတ်ကာ ကျေနပ်သော အသံကို ပြုလုပ်၏။
"အရမ်း မွှေးတာပဲ"
"စားတာကလွဲရင် နင်က တခြား ဘာအရည်အချင်းမှ ရှိပုံမရဘူး"
ကျူးယွမ်ဝင်က ပြုံးလျက် ပြောပြီး ချန်ကော်ရှန့်နှင့် ကျောချင်းကပ် ထိုင်ကာ ဆက်လက် စနောက်ရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ချန်ကော်ရှန့်က ကျူးယွမ်ဝင်၏ ပါးစပ်ကို လှမ်းပိတ်လိုက်၏။
"အု... အု... နင် ဘာလို့ ငါ့ပါးစပ်ကို ပိတ်တာလဲ..."
"ရှူး..."
ချန်ကော်ရှန့်က သူ၏ လက်ညှိုးကို နှုတ်ခမ်းထက်တွင် တင်ကာ အသံမထွက်ရန် အမူအရာ ပြလိုက်သည်။
"စကားမပြောနဲ့၊ အမြန်ပုန်းတော့၊ လူဆိုးလာပြီ..."
လူဆိုးလား။လူဆိုးက ဘယ်မှာလဲ။
ချန်ကော်ရှန့်သည် ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့ကို မိုးမခပင်ကြီး၏ နောက်ကွယ်သို့ ဂရုတစိုက် ဆွဲခေါ်သွားပြီးနောက် မလှမ်းမကမ်းမှ လူရိပ်တစ်ခုကို ညွှန်ပြ၏။
"အဲဒါ လူဆိုးပဲ..."
မွန်းတည့်ချိန် နေရောင်အောက်တွင် သခင်လေးကျင်းသည် လူသုံးယောက်၏ မြင်ကွင်းထဲသို့ ပေါ်လာပြီး ဇီကူစာပေတိုက်ထဲသို့ အေးအေးလူလူပင် ဝင်ရောက်သွားလေသည်။
*********