အခန်း ၂၂၈
Vol. 22 Ch. 228
အခန်း (၂၂၈) စုံစမ်းခြင်းနှင့် တန်ပြန်စုံစမ်းခြင်း
ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့၏ စိတ်ကူးထဲတွင် လူဆိုးဆိုသည်မှာ ပျာပျာသလဲနှင့် ခိုးကြောင်ခိုးဝှက် ပုံစံမျိုး ဖြစ်ရမည် ဖြစ်၏။ သို့သော် ယခုလေးတင် အထဲသို့ လျှောက်လှမ်းသွားသောသူမှာမူ အဖိုးတန်အဝတ်အစားများကို ဆင်မြန်းထားပြီး တည်ငြိမ်ရင့်ကျက်လှရာ ချမ်းသာသော သူဌေးသားလေးတစ်ဦးနှင့်သာ တူညီနေသည်။ ထိုသူ့ကို လူဆိုးတစ်ယောက်၏ ပုံရိပ်နှင့် ထပ်တူချရန်မှာ အလွန်ပင် ခက်ခဲလှ၏။
ကျူးယွမ်ဝင်က မေးမြန်းလိုက်သည်။
"ကော်ရှန့်. အဲဒီလူက ဘယ်သူလဲဆိုတာ မင်းသိလား"
"မသိဘူး၊ ငါသူ့ကိုမသိဘူး"
ထိုစကားကို ကြားရသောအခါ ရှင်းအာသည် စိတ်လည်းတို၊ ရယ်လည်းရယ်ချင်သွား၏။ မည်သူမှန်းပင် မသိဘဲနှင့် ထိုသူ့ကို လူဆိုးဟု မည်သည့်အကြောင်းပြချက်ဖြင့် ပြောနိုင်ရသနည်း။
"ဒီလူက လွန်ခဲ့တဲ့ လေးရက်ကလည်း ဇီကူကို လာသေးတယ်၊ လွန်ခဲ့တဲ့ ရှစ်ရက်ကလည်း လာတယ်၊ ဒီနေ့လည်း ထပ်လာပြန်ပြီ..."
ချန်ကော်ရဇန့်က အချက်အလက်များကို အသေးစိတ် ပြောပြလိုက်သည်။
"သူကဒီကို ခဏခဏလာနေတာ သံသယဖြစ်စရာပဲ"
ဇီကူစာပေတိုက်သည်ကုန်စုံဆိုင်မဟုတ် ပေ။ရှေးဟောင်းပစ္စည်းများနှင့် စာရေးစုတ်ချက်များမှာလည်း နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သော အရာများမဟုတ်ရာ ရက်ပိုင်းရက်ပိုင်းခြားပြီး ရှေးဟောင်းပစ္စည်း လာဝယ်နေခြင်းက အဘယ်ကြောင့်နည်။၎င်းမှာပုံမှန်မဟုတ်သောအချက် ဖြစ်၏။
"သူ ဒီကို သုံးကြိမ်တောင် လာပြီးပြီ ဟုတ်လား။ ငါ ဘာလို့ သတိမထားမိတာပါလိမ့်"
ချင်းချင်းသည် ဇီကူဆိုင်၏ တစ်ဖက်ရှိ မိုးမခပင်ကြီးအောက်အဝေးမှသာ ကြည့်ရှုနေခဲ့ပြီး ဆိုင်ထဲသို့ ဝင်ထွက်သွားလာသော လူများကိုမမှတ်မိသော်လည်း ချန်ကော်ရှန့်ကမူ သေချာမှတ်မိနေ၏။
"ဒီရှစ်ရက်ခွဲအတွင်းမှာ ဇီကူဆိုင်ထဲကို လူစုစုပေါင်း ခြောက်ယောက်ပဲ ဝင်သွားတာ။ အဲဒီအထဲမှာ ဒီလူတစ်ယောက်တည်းတင် သုံးကြိမ်ဝင်သွားတာဆိုတော့ ထက်ဝက်တောင် ရှိတယ်။ ငါ အားလုံးကို တိတ်တဆိတ် မှတ်ထားတာ"
ကော်ရှန့်၏ စကားကို ကြားပြီးနောက် ချင်းချင်းပင်လျှင် သခင်လေးကျင်းကို သံသယဝင်လာမိသည်။ အကြောင်းပြချက်မရှိဘဲ ရှေးဟောင်းပစ္စည်းများကို မည်သူက အဆက်မပြတ် ဝယ်ယူနေပါမည်နည်း။
ရက်ပေါင်းများစွာ စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် ချင်းချင်းသည် လှုပ်ရှားမှု သံသယဖြစ်ဖွယ်ကောင်းသော ပစ်မှတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သော်လည်း နောက်ထပ် ဘာဆက်လုပ်ရမည်ကို မသိဘဲဖြစ်နေသည်။
ဤကိစ္စတွင် အနည်းငယ် အူကြောင်ကြောင်နိုင်လှသော ချန်ကော်ရှန့်က လက်မှုပညာသည်တစ်ဦး၏ သေချာစေ့စပ်ပြီး စနစ်တကျရှိသော အရည်အချင်းကို ပြသလိုက်သည်။
"ငါ ဘာလုပ်ရမလဲ သိတယ်"
ချင်းချင်းနှင့် ကျူးယွမ်ဝင်တို့က ပြိုင်တူ မေးလိုက်ကြ၏။
"ဘာလုပ်ရမှာလဲ"
"သူ အပြင်ထွက်လာရင် မမချင်းချင်းက ဒီမှာပဲ ဆက်စောင့်ကြည့်နေ။ ယွမ်ဝင်နဲ့ငါက သူ ဘယ်သူတွေနဲ့ ဆက်သွယ်မလဲဆိုတာ သိရအောင် နောက်ကနေ လိုက်ချောင်းမယ်"
"ကောင်းပြီ၊ အဲဒါ အကြံကောင်းပဲ၊ ဒီအတိုင်းပဲ လုပ်ကြစို့"
၎င်းတို့ စကားပြောနေစဉ်မှာပင် သခင်လေးကျင်းသည် လက်ထဲ၌ ပစ္စည်းတစ်ခုကို ကိုင်ဆောင်လျက်ဆိုင်ထဲမှ ထွက်လာပြီး သူလာခဲ့သော မြောက်ဘက်အရပ်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွား၏။
ချန်ကော်ရှန့်သည် ကျူးယွမ်ဝင်ကို ဆွဲခေါ်ကာ အနောက်မှ လိုက်သွားခဲ့ပြီး ချင်းချင်းကမူ ဆက်လက်စောင့်ကြည့်ရန် ဇီကူဆိုင်၏ မျက်နှာချင်းဆိုင်တွင် ကျန်ရစ်ခဲ့သည်။
အချိန်များ ကုန်လွန်သွားသောအခါ ချန်ကော်ရှန့်သည် အမောတကောနှင့် ဟောဟဲလိုက်ကာ ပြန်ပြေးလာ၏။
"ကော်ရှန့်... မင်းနဲ့ ယွမ်ဝင်အဲဒီလူနောက်ကို လိုက်သွားတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ။ ပြီးတော့ မင်းတစ်ကိုယ်လုံးလည်း ရွှံ့တွေပေလို့ပါလား"
ချန်ကော်ရှန့်၏ ခြေထောက်များတွင် မည်းညစ်နံစော်နေသော ရွှံ့ပုပ်များ ပေကျံနေပြီး ညစ်ပတ်သော အရည်များ စီးကျနေ၏။ သူသည် ဘာမှမပြောဘဲ ညစ်ပတ်နေသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
"မမချင်းချင်း... ယွမ်ဝင်နဲ့ငါအဲဒီလူနောက်ကို စစ်ဖန်းလမ်းကြားအထိ လိုက်သွားတော့ အဲဒီလူက ဒီအရာကို အနံ့အသက်ဆိုးတဲ့ မြောင်းထဲ ပစ်ချလိုက်တာ။ ဒီပစ္စည်းက အသုံးဝင်မဝင် ငါမသိလို့ မြောင်းထဲဆင်းပြီး ကောက်လာခဲ့တာ။ ဒါ ဘာလဲဆိုတာ ကြည့်ပါဦး"
ချင်းချင်းသည် သေတ္တာကို လှမ်းယူကာ ကြည့်ရှုလိုက်၏။ သေတ္တာပေါ်တွင် ညစ်ပတ်နံစော်သော ရွှံ့များ ပေကျံနေသော်လည်း ၎င်း၏ လက်ရာမြောက်လှသော ပုံသဏ္ဌာန်ကိုမူ အထင်အရှား မြင်တွေ့နိုင်ဆဲ ဖြစ်သည်။
သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်းမှ ပစ္စည်းက ပေါ်လာ၏။၎င်းမှာ မှင်ကျောက်တုံးတစ်တုံး ဖြစ်သည်။
ထိုလူသည်ဇီကူဆိုင်ထဲသို့ လက်ဗလာဖြင့် ဝင်သွားခြင်းဖြစ်ရာ ဤပစ္စည်းသည် ဝယ်ယူလာသော ရှေးဟောင်းမှင်ကျောက်တုံးဖြစ်ရမည်။
ဝေးလံလှသော လမ်းကို လာရောက်ကာဇီကူဆိုင်ထဲမှရှေးဟောင်းမှင်ကျောက်တုံးတစ်တုံးကို ဝယ်ယူပြီးနောက်မြောင်းထဲသို့ ပေါ့ဆစွာ ပစ်ချခဲ့ခြင်းကချင်းချင်းအား သကြားရည်လူးအာမုန် စေ့လှော်ထုပ်ထားသော ပန်းချီကားချပ်ကို ချက်ချင်း သတိရသွားစေ၏။
တစ်ခုခု မမှန်ကန်သည်မှာ သေချာလှသည်။
"ယွမ်ဝင်ကော ဘယ်မှာလဲ"
"သူက အဲဒီလူနောက်ကို မြောက်ဘက်အထိ ဆက်လိုက်သွားတယ်"
"ငါ့စိတ်ထဲတော့ ဒီလူ တစ်ခုခုမှားနေပြီ။ မြန်မြန်သွားပြီး အမီလိုက်ရအောင်"
ချင်းချင်းနှင့် ချန်ကော်ရှန့်တို့သည် လမ်းအတိုင်း မြောက်ဘက်သို့ အလျင်အမြန် ပြေးသွားကြရာ မကြာမီမှာပင် ကျူးယွမ်ဝင်နှင့် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
"ယွမ်ဝင်... အဲဒီလူ ဘယ်ထဲဝင်သွားလဲ"
ကျူးယွမ်ဝင်က ရှေ့မှ ခမ်းနားထည်ဝါသော အိမ်ကြီးဆီသို့ ညွှန်ပြကာ ပြောလိုက်၏။
"သူ အဲဒီအိမ်ကြီးထဲ ဝင်သွားပြီ"
"ဒါ ဘယ်သူ့အိမ်လဲ"
"ငါမသိဘူး"
၎င်းကချင်းချင်းအတွက် ပြဿနာမဟုတ်ပေ။ သူမသည် အိမ်ကြီး၏ မျက်နှာချင်းဆိုင်ရှိ ဝမ်တွန်ခေါက်ဆွဲဆိုင်သို့ သွားကာ ဆိုင်ရှင်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။
"ဦးလေး... ဒါ ဘယ်သူ့အိမ်လဲဆိုတာ ပြောပြလို့ရမလား"
"ဒါ သခင်လေးကျင်းရဲ့ အိမ်လေ"
"သခင်လေးကျင်း ဟုတ်လား။သူက ဘယ်သူလဲ"
ချင်းချင်းသည် ထိုအမည်ကို တစ်ခါမျှ မကြားဖူးချေ။
"မင်းက သခင်လေးကျင်းကိုတောင် မသိဘူးလား"
ဆိုင်ရှင်က ချင်းချင်းကို အရန်ကောဟူသောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။
"မင်းက တောကလာတာ ဖြစ်ရမယ်။ ဂသခင်လေးက မြို့တော်ရဲ့ နာမည်အကြီးဆုံး သခင်လေး လေးယောက်ထဲက တစ်ယောက်လေ"
သခင်လေး လေးယောက် ဖြစ်စေ၊ နတ်မင်းကြီး ရှစ်ပါး ဖြစ်စေ ထိုသူများမှာ ချမ်းသာသော သူဌေးသားများသာ ဖြစ်ရာ ချင်းချင်းလုံးဝ စိတ်မဝင်စားပေ။ သူမသည် တော်ဝင်ဆေးရုံမှ လူများကိုသာ ဂရုစိုက်၏။
ချင်းချင်းသည် တော်ဝင်ဆေးရုံရှိ လူတိုင်းနီးပါးနှင့် တွေ့ဆုံဖူးသဖြင့်သခင်လေးကျင်း ဆိုသည့်သူကိုသူမစိတ်ထဲ
မှဖယ်ထုတ်လိုက်၏။သို့သော် ဆိုင်ရှင်၏ နောက်ထပ်စကားကြောင့် ချင်းချင်းသည် ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
"သခင်လေးကျင်းက နန်းတော်ကို ဆေးဝါးတွေ ပံ့ပိုးပေးရတဲ့ ချမ်းသာတဲ့ ဆေးကုန်သည်ကြီးလေ။ သူက သိပ်ချမ်းသာတာ။ သူ့ဆေးဆိုင်က ဖော်စပ်တဲ့ အန်ကုန်းဆေးလုံးဆိုရင် နန်းတော်သုံး ဆေးဘက်ဝင်ပစ္စည်းပဲ။ သာမန်လူတွေကတော့ မဝယ်နိုင်ကြဘူး..."
နန်းတော်သုံး ဆေး ဟုတ်လား။အန်ကုန်းဆေးလုံး ဟုတ်လား။
ချင်းချင်း၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားပြီး သူမ ပစ်မှတ်အမှန်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
"သခင်လေးကျင်းရဲ့ ဆေးဆိုင်က တကယ့်ကို အံ့ဩဖို့ကောင်းတာ။ အန်ကုန်းဆေးလုံးကို ကောင်းကောင်း ဖော်စပ်နိုင်ရုံတင်မကဘူး၊ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ လျောင်နင်ဂျင်ဆင်းတွေ၊ ကတိုးတွေ၊ ကျားရိုးတွေလို အဖိုးတန်ဆေးဘက်ဝင် ပစ္စည်းတွေကိုလည်း ရောင်းသေးတာ။ နေ့တိုင်း ရွှေပုံငွေပုံပဲ..."
ဆိုင်ရှင်က ဆက်တိုက် ပြောဆိုနေဆဲ ဖြစ်သော်လည်း ချင်းချင်းက ဆက်လက်နားမထောင်တော့ပေ။
သူမသည် ချန်ကော်ရှန့်နှင့် ကျူးယွန်းဝင်တို့ကို လက်ဟန်ပြလိုက်ပြီး၎င်းတို့ သုံးဦးစလုံး ဝမ်တွန်ခေါက်ဆွဲဆိုင်တွင် ထိုင်ကာ ဝမ်တွန်ခေါက်ဆွဲ သုံးပွဲ မှာယူလိုက်ကြ၏။
ဝမ်တွန်ခေါက်ဆွဲ စားခြင်းမှာ အကြောင်းပြချက်မျှသာ ဖြစ်ပြီး စောင့်ကြည့်ထောက်လှမ်းခြင်းကို ဆက်လက်လုပ်ဆောင်ရန်သာ အဓိကရည်ရွယ်ချက် ဖြစ်သည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် သခင်လေးကျင်းသည် မျက်နှာသုတ်ရန် ရေနွေးဝတ်တစ်ခုကို တောင်းဆိုလိုက်ပြီး ကုတင်ပေါ်၌ သက်တောင့်သက်သာ လဲလျောင်းကာ တစ်ရေးတမော အိပ်စက်လိုက်၏။
သူ တစ်ဝက်တစ်ပျက် အိပ်ပျော်လုနီးအချိန်တွင် အစေခံတစ်ဦး ဝင်ရောက်လာခဲ့သည်။
"ဘာကိစ္စလဲ"
သခင်လေးကျင်းက ခပ်ပေါ့ပေါ့ မေးလိုက်၏။
အစေခံက တိုးတိုးလေး ပြောလိုက်ရာ သခင်လေးကျင်းသည် အိပ်ချင်စိတ်များပင် ပြယ်လွင့်သွားသည်။
"ဘာလဲ... ကလေးအုပ်စုတစ်စုက အိမ်ရှေ့မှာ အကြာကြီး ထိုင်စောင့်နေတယ် ဟုတ်လား"
ကလေးအချို့ အိမ်ရှေ့တွင် ပေါ်လာခြင်းက သာမာန်ဖြစ်သော်လည်း ယခုသည်အလွန်စိုးရိမ်နေရသည့် အချိန်ဖြစ်ကြောင်းသခင်လေးကျင်း သိနေသဖြင့် ပတ်ဝန်းကျင်ရှိ မည်သည့်လှုပ်ရှားမှုကိုမဆို သတိကြီးစွာ ထားနေရခြင်း ဖြစ်၏။
ရုတ်တရက် မိမိအိမ်တံခါးဝတွင် ကလေးအချို့ ရှိနေသည်ဟု ကြားလိုက်ရသဖြင့် သူသည် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားရသည်။
"ဘယ်လိုကလေးတွေလဲ... ထားလိုက်ပါတော့၊ ငါ့ဘာသာငါ သွားကြည့်တာ ပိုကောင်းမယ်"
သခင်လေးကျင်းသည် တံခါးဝသို့ ရောက်ရှိလာပြီး တံခါးကြားမှတစ်ဆင့် ချောင်းကြည့်လိုက်ရာ လမ်းတစ်ဖက်ရှိ ဆိုင်တွင် မိန်းကလေးတစ်ဦးနှင့် ဆယ်ကျော်သက် လူငယ်နှစ်ဦး ဝမ်တွန်ခေါက်ဆွဲ စားနေသည်ကို တွေ့လိုက်ရ၏။
မောင်လေးနှစ်ယောက်နှင့်အတူ ဝမ်တွန်ခေါက်ဆွဲ စားနေသော မိန်းမပျိုတစ်ဦးက ထူးခြားမှု မရှိလှပေ။
"သူတို့က မွန်းလွဲပိုင်းကတည်းကတံခါးဝမှာ ထိုင်နေကြတာ။ ဝမ်တွန်ခေါက်ဆွဲ သုံးပွဲပဲ စားပြီး အိမ်ကြီးထဲကို လက်ညှိုးထိုးပြလိုက်၊ အမူအရာပြလိုက် လုပ်နေကြတယ်..."
ဝမ်တွန်ခေါက်ဆွဲဆိုသည်မှာ ဗိုက်ဆာပြေ စားသုံးရန် ရိုးရှင်းသော အစားအစာသာ ဖြစ်ရာ စားပြီးလျှင် ထွက်သွားရမည် ဖြစ်၏။ သို့သော်ချင်းချင်းနှင့် ကျန်နှစ်ဦးမှာမူ ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး ၎င်းတို့ရှိရာဘက်သို့ လက်ညှိုးထိုး နေကြသည်။
၎င်းတို့သည် ဝမ်တွန်ခေါက်ဆွဲ စားရန် လာခဲ့ကြခြင်း မဟုတ်သည်မှာ ထင်ရှားလှ၏။
သခင်လေးကျင်းသည် သတိထားနေပြီးသား ဖြစ်ရာ သူ၏ သံသယစိတ်များက ပိုမိုပြင်းထန်လာခဲ့သည်။ သူသည် ၎င်းတို့အား အထပ်ထပ် အခါခါ သေချာကြည့်ရှုပြီးနောက် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။ သူသည် ထိုသုံးဦးကိုဇီကူဆိုင် တံခါးဝတွင် တွေ့ဖူးသကဲ့သို့ ရှိသော်လည်း ထိုအချိန်ကမူ သတိမထားမိခဲ့ပေ။
၎င်းတို့သည် မိမိနောက်သို့ဇီကူဆိုင်မှနေ၍ တစ်လမ်းလုံး လိုက်လာခဲ့ကြခြင်း ဖြစ်ရမည်။သူ၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့၏။
ထိုမိန်းကလေးနှင့် ဆယ်ကျော်သက် လူငယ်နှစ်ဦးက မည်သူမည်ဝါဖြစ်ကြောင်း သေချာပေါက် စုံစမ်းရမည်။မဟုတ်ပါက သခင်လေးကျင်း၏ စိတ်ထဲတွင် အမြဲတစေ စိုးရိမ်ပူပန်နေရပေလိမ့်မည်။
*********