အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) - ဈေးကြီးလွန်းခြင်း
အရာရှိက ဒေါသထွက်နေသည့်မျက်နှာထားဖြင့် ဘေးတွင်ရပ်နေသည်ကို မြင်သောအခါ ထူထူက နှာခေါင်းရှုံ့ကာ စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်လေသည်။
“သခင်မလေး... မြင်တယ်မလား... သူ့အပြုအမူက သူလိမ်ညာနေတယ်ဆိုတာကို အကောင်းဆုံး သက်သေပြနေတာပဲ...”
“သခင်မလေးက သူ့အလိမ်အညာတွေကို ဖော်ထုတ်လိုက်တော့ သူက လိမ်ညာထားတာကို ဖုံးကွယ်ဖို့အတွက် သနားစရာကောင်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေတာ..."
ကျူးလင်က ခေါင်းညိတ်ကာ စိတ်ချင်းဆက်သွယ်ပြီး ပြန်ပြောလိုက်၏။
"ငါ နားလည်ပြီ..."
သိပ်မကြာမီမှာပင် ဆရာဝန်က ဆေးပစ္စည်းအားလုံးကို စစ်ဆေးပြီးနောက် ပြောလိုက်လေသည်။
"စက်ပစ္စည်းတွေကို အသုံးပြုလို့ရပါတယ်... ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေအားလုံးလည်း ပျက်စီးယိုယွင်းခြင်းမရှိဘဲ အကောင်းအတိုင်း ရှိနေပါသေးတယ်..."
ဆရာဝန်က ထိုသို့ပြောပြီးနောက် အရာရှိက ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာဝန်ကြီး... ကျွန်တော် ဒီပစ္စည်းတွေကို ဆေးရုံဆီ နောက်မှ ပို့ပေးလိုက်ပါ့မယ်..."
ထို့နောက် သူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ဖို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ..."
အရာရှိသည် ကျူးလင်ကိုပင် မစောင့်တော့ဘဲ အခန်းထဲမှ ထွက်သွားချေသည်။ ကျူးလင် ခြေလှမ်းမလှမ်းမီ ဆရာဝန်က လှမ်းပြောလိုက်၏။
“သူက ပန်းသီးအူတိုင်ထဲက ပန်းသီးမျိုးစေ့တွေကို ထုတ်ယူချင်နေတာ...”
“တကယ်လို့ မင်းက လတ်ဆတ်တဲ့ ပန်းသီးမျိုးစေ့တွေကို ဖန်လုံအိမ်ဆီ ယူသွားမယ်ဆိုရင် ပန်းသီးမျိုးစေ့တစ်စေ့ကို သာမန်ပုံဆောင်ခဲအမြုတေ နှစ်ခုနဲ့ လဲလှယ်နိုင်တယ်..."
သူ့စကားကို ကြားရသောအခါ ကျူးလင်သည် သူမလက်ထဲရှိ ပန်းသီးအူတိုင်ကို ငုံ့ကြည့်လိုက်လေသည်။
အကြမ်းဖျင်း ရေတွက်ကြည့်ပြီးနောက် အူတိုင်ထဲတွင် မျိုးစေ့ ၇ စေ့ ရှိနေသည်ကို တွေ့လိုက်ရ၏။ ကျူးလင်က ဆရာဝန်ကို မော့ကြည့်ကာ ခဏမျှ တွေးတောပြီးနောက် ပန်းသီးအူတိုင်ကို သိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်ထဲမှ ပန်းသီး ၃ လုံးကို ထုတ်ယူလိုက်တော့သည်။
သူမက ပန်းသီးများကို ဆရာဝန်ထံ ကမ်းပေးရင်း ပြောလိုက်လေသည်။
"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ဆရာဝန်သည် သူ့လက်ထဲရှိ ကြီးမားပြီး နီရဲနေသော ပန်းသီး ၃ လုံးကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိချေသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ ကျူးလင်မှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ကောင်တာနောက်တွင် ထိုင်နေသော အရာရှိသည် သူမ ချဉ်းကပ်လာသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"တာဝန်ပြီးမြောက်တဲ့ ဆုလာဘ်အဖြစ် ဘာကို လိုချင်လဲ... ဆုလာဘ်အဖြစ် ပံ့ပိုးမှုအမှတ် ဒါမှမဟုတ် ပုံဆောင်ခဲအမြုတေကို ရွေးချယ်နိုင်ပါတယ်..."
ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ကျွန်မ တာဝန်ပြီးမြောက်တဲ့ ဆုလာဘ်အဖြစ် ပုံဆောင်ခဲအမြုတေကိုပဲ လိုချင်ပါတယ်..."
အရာရှိက သူမကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်။
"ပံ့ပိုးမှုအမှတ်တွေကို မလိုချင်ဘူးလား... အဲဒါတွေကို အိမ်ငှားခပေးဖို့ ဒါမှမဟုတ် ကုန်သွယ်ရေးစင်္ကြံမှာ ပစ္စည်းတွေဝယ်ဖို့ အသုံးပြုလို့ရတယ်လေ..."
မကြာမီကာလအတွင်း သူမအနေဖြင့် စခန်းမှ ထွက်ခွာရနိုင်သည်ကို တွေးမိသောကြောင့် ကျူးလင်က ခေါင်းခါယမ်းကာ ပြောလိုက်၏။
"မလိုပါဘူး..."
အရာရှိသည် မျက်နှာပြင်ပေါ်ရှိ ပံ့ပိုးမှုအမှတ် ပမာဏကို ကြည့်ကာ ခေါင်းကိုက်သွားလေသည်။ သူက သူမကို ကြည့်ကာ ပြောလိုက်လေသည်။
"ခဏလောက် စောင့်ပေးပါဦး..."
ပြောပြီးနောက် သူသည် မတ်တတ်ရပ်ကာ တတိယထပ်သို့ တက်သွားလေသည်။ ၁၀မိနစ်ကျော်ခန့် စောင့်ဆိုင်းပြီးနောက်တွင် အရာရှိသည် ပလတ်စတစ်သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာ၏။
သူက ပလတ်စတစ်သေတ္တာကို ကောင်တာပေါ်သို့ တင်လိုက်ရင်း ပြောလိုက်လေသည်။
"ဒါက မင်းရဲ့ တာဝန်ပြီးမြောက်မှု ဆုလာဘ်ပဲ... ဒီသေတ္တာထဲမှာ အဆင့်တစ် ပုံဆောင်ခဲအမြုတေ ၁၀ ခုနဲ့ သာမန်ပုံဆောင်ခဲအမြုတေ ၂၀၀၀ ပါဝင်ပါတယ်..."
သူ့စကားကို ကြားရသောအခါ ကျူးလင်၏ မျက်ဝန်းများ တောက်ပသွားလေသည်။
သူမသည် ပလတ်စတစ်သေတ္တာကို အမြန်ဖွင့်ကြည့်လိုက်ရာ သာမန်ပုံဆောင်ခဲအမြုတေ အမြောက်အမြား၏ အပေါ်တွင် တင်ထားသော အရောင်အသွေးစုံလင်သည့် အဆင့်တစ် ပုံဆောင်ခဲအမြုတေ ၁၀ ခုကို တွေ့လိုက်ရ၏။
သူမက ပလတ်စတစ်သေတ္တာကို ပိတ်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရင်း ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်..."
ထိုစကားကို ချန်ထားရစ်ပြီးနောက် သူမသည် အရာရှိ၏ အားကျမနာလိုသော မျက်လုံးများအောက်တွင် တာဝန်ပေးစင်္ကြံမှ ထွက်ခွာလာခဲ့ချေသည်။
တာဝန်ပေးစင်္ကြံအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် လူအချို့က သူမနောက်သို့ လိုက်ပါလာသည်ကို သတိပြုမိလိုက်၏။
သူမသည် ထိုလူများကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ သာမန်လူများသာ ဖြစ်ကြောင်း သိလိုက်ရပေသည်။
သူမက စက္ကန့်အနည်းငယ်မျှ တွေးတောပြီးနောက် ထိုလူများကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး ကုန်သွယ်ရေးစင်္ကြံဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားလေသည်။
ကုန်သွယ်ရေးစင်္ကြံထဲသို့ ဝင်လိုက်သောအခါ ကျူးလင်သည် ထိုနေရာတွင် တာဝန်ပေးစင်္ကြံထက် လူပိုမိုများပြားနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမသည် အိမ်ငှားရန် လာခဲ့ခြင်းဖြစ်သောကြောင့် ဘေးဘက်ရှိ ကောင်တာဆီသို့ တိုက်ရိုက်သွားလိုက်သည်။
ထိုနေရာတွင် မည်သည့်ဖောက်သည်မျှ မရှိသည်ကို မြင်သဖြင့် ကျူးလင်သည် ဖော်ရွေသောမျက်နှာထားရှိသည့် အမျိုးသမီးငယ်တစ်ဦးထံသို့ လျှောက်သွားလိုက်လေသည်။
ကျူးလင် ရောက်ရှိလာသည်ကို မြင်သောအခါ အမျိုးသမီးငယ်က သူမကို ပြုံးပြလိုက်သည်။ သူမက ကျူးလင်ကို ထိုင်ရန် အမူအရာပြရင်း ပြောလိုက်၏။
"မိန်းကလေး... ကျေးဇူးပြုပြီး ထိုင်ပါဦး..."
ကျူးလင် ထိုင်လိုက်ပြီးနောက် အမျိုးသမီးငယ်က မေးလိုက်လေသည်။
"ကျွန်မ ဘာများ ကူညီပေးရမလဲရှင့်..."
ကျူးလင်က အနည်းငယ်ပြုံးကာ ပြန်ပြောလိုက်၏။
"ကျွန်မ တစ်လစာအတွက် နေရာတစ်ခု ငှားချင်လို့ပါ..."
အမျိုးသမီးငယ်က ခေါင်းညိတ်ကာ မြေပုံအချို့ကို ထုတ်ယူလိုက်ရင်း ပြောလိုက်လေသည်။
"ဒီနယ်မြေတွေမှာ လွတ်တဲ့အခန်းတွေ ရှိပါသေးတယ်... မိန်းကလေး အိမ်လခ ဘယ်လောက်သုံးမယ် စဉ်းစားထားလဲ..."
လက်ရှိ ပုံမှန်မဟုတ်သော ရာသီဥတုအပူချိန်ကို တွေးတောရင်း ကျူးလင်က ပြောလိုက်၏။
"အိမ်လခက ကိစ္စမရှိပါဘူး... ပြီးတော့ အပူဒဏ်နဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ နေရာမျိုးကို လိုချင်ပါတယ်..."
ကျူးလင်၏ စကားကို ကြားရသောအခါ အမျိုးသမီးငယ်က တိုးတိုးလေးရယ်မောကာ ပြောလိုက်လေသည်။
"ငှားရမ်းလို့ရတဲ့ အဆောက်အအုံတွေအားလုံးက အအေးဒဏ်နဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိကြပါတယ်ရှင့်..."
သူမက စားပွဲပေါ်တွင် မြေပုံတစ်ခုကို ဖြန့်လိုက်ပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ဒုတိယနယ်မြေထဲက အဆောက်အအုံတွေအားလုံးထဲမှာ ဒီအဆောက်အအုံက အကောင်းဆုံးပဲရှင့်...”
“ဒီအဆောက်အအုံကို ကမ္ဘာမပျက်ခင်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ကွပ်ကဲမှုဌာနချုပ်အဖြစ် အသုံးပြုခဲ့တာပါ..."
“အဆောက်အအုံကို ဗုံးဒဏ်နဲ့ ငလျင်ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ပုံစံထုတ်ထားတာ ဖြစ်ပါတယ်..."
ပြောပြီးနောက် အမျိုးသမီးငယ်က လက်ငါးချောင်းကို ထောင်ပြကာ ပြောလိုက်လေသည်။
"တစ်လစာ အိမ်လခက သာမန်ပုံဆောင်ခဲအမြုတေ ၅၀၀ ဒါမှမဟုတ် အဆင့်တစ် ပုံဆောင်ခဲအမြုတေ ၅ ခု ဖြစ်ပါတယ်ရှင့်..."
ထိုဈေးနှုန်းကို ကြားရသောအခါ ကျူးလင်က မျက်တောင်တစ်ချက်ပင် မခတ်သည်ကို မြင်သဖြင့် အမျိုးသမီးငယ်က ပိုမိုတောက်ပစွာ ပြုံးပြရင်း ပြောလိုက်၏။
"တကယ်လို့ မိန်းကလေးက တစ်နှစ်စာ တစ်ခါတည်း ငှားမယ်ဆိုရင်တော့ ကျွန်မတို့ လျှော့ဈေးပေးပါ့မယ်... အဆင့်တစ် ပုံဆောင်ခဲအမြုတေ ၆၀ ပေးရမယ့်အစား ၅၀ ပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်ရှင့်..."
သူမ၏ စကားကို နားထောင်ရင်း ကျူးလင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး တွေးလိုက်မိ၏။
'ဈေးကြီးလွန်းတယ်...'
လက်ရှိတွင် သူမ၌ အဆင့်တစ် ပုံဆောင်ခဲအမြုတေ ၆၀ ကျော် ရှိနေသော်လည်း သူမ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ၄င်းတို့ကို လိုအပ်ပေသည်။ အမျိုးသမီးငယ်သည် ကျူးလင်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း တိတ်ဆိတ်နေခဲ့၏။
သူမအနေဖြင့် နောက်ထပ်တစ်ချက်လောက် တွန်းအားပေးရန် လိုအပ်သည်ကို မြင်သဖြင့် အမျိုးသမီးက ပြောလိုက်လေသည်။
"မိန်းကလေး... ပစ္စည်းတွေနဲ့လည်း ပေးချေလို့ ရပါတယ်ရှင့်... ဘယ်လိုပစ္စည်းမျိုးမဆို လက်ခံပေမယ့် တန်ဖိုးကတော့ မမလေး ပေးချေမယ့် ပစ္စည်းအမျိုးအစားပေါ်မှာ မူတည်ပါတယ်..."
ယခုတစ်ကြိမ်တွင် အမျိုးသမီးငယ်၏ စကားကို ကြားပြီးနောက် ကျူးလင်က သူမကို မော့ကြည့်ကာ မေးလိုက်၏။
"သစ်သီးတွေ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့ ပေးချေလို့ ရမလား..."
ထိုမေးခွန်း ထွက်ပေါ်လာသည်နှင့် ဘေးနားတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းအားလုံးသည် ကျူးလင်ကို ဝိုင်းအုံကြည့်လိုက်ကြလေသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အမျိုးသမီးငယ်သည် သတိပြန်ဝင်လာကာ အမြန်မေးလိုက်၏။
"ဘယ်လို သစ်သီးမျိုးနဲ့ ပေးချေချင်လို့လဲရှင့်..."