အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) - သူမ တစ်ခုခု သတိထားမိသွားတာလား
အမျိုးသမီးငယ်လေးသည် ဟင်းသီးဟင်းရွက်များကို မသိစိတ်ဖြင့်ပင် လျစ်လျူရှုထားလိုက်မိပေသည်။
အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဟင်းသီးဟင်းရွက်များဖြင့် အိမ်လခပေးချေနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
ထို့ပြင် ယခုအချိန်တွင် အဆင့်အတန်း မြင့်မားသူများ သို့မဟုတ် နောက်ခံအင်အား ကြီးမားသူများသာလျှင် ဟင်းသီးဟင်းရွက်ချဉ် အနည်းငယ်ကို စားသုံးနိုင်ကြပေသည်။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များအဖို့မူ မြေဆီလွှာနှင့် ရေထုတို့သည် ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းနေသဖြင့် မည်သည့်အရာကိုမျှ စိုက်ပျိုး၍ မရနိုင်တော့ချေ။
ရေစွမ်းအားရှင်များ ရှိသော်လည်း ၎င်းတို့ ဖန်တီးလိုက်သော ရေမှာ သန့်စင်သော ရေသက်သက်သာ ဖြစ်ပေသည်။
ထိုကဲ့သို့သော ရေသည် မျိုးစေ့များ ကြီးထွားရန် လိုအပ်သည့် သတ္တုဓာတ်များ ချို့တဲ့နေသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် အသုံးမပြုနိုင်ပေ။
အမျိုးသမီးငယ်လေးက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ် ကျူးလင်က သိုလှောင်အိတ်ထဲမှ ပန်းသီးသုံးလုံးနှင့် လိမ္မော်သီးသုံးလုံးကို ထုတ်ယူလိုက်ပြီး မေးလိုက်လေသည်။
"ဒါတွေနဲ့ အိမ်လခ ပေးလို့ရမလား..."
စားပွဲပေါ်တွင် ရုတ်တရက် ပေါ်လာသော ပန်းသီးများနှင့် လိမ္မော်သီးများကို မြင်လိုက်ရသောအခါ အမျိုးသမီးငယ်လေး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရချေသည်။ ကျူးလင်တွင် နေရာလွတ်စွမ်းရည် ရှိကြောင်း သိရှိသွားပြီးနောက် အမျိုးသမီးငယ်လေးက ပြုံးလျက် ပြောလိုက်၏။
"တောင်းပန်ပါတယ် မိန်းကလေး... မိန်းကလေးက စွမ်းအားရှင်တစ်ယောက် ဖြစ်နေမှန်း ကျွန်မ မသိခဲ့လို့ အထူးလျှော့စျေး မပေးမိတာပါ...”
“စွမ်းအားရှင်တစ်ယောက်အနေနဲ့ အထူးလျှော့စျေးတွေနဲ့ ဦးစားပေး ရွေးချယ်ခွင့်တွေကို ရရှိနိုင်ပါတယ်..."
ဦးစားပေး ရွေးချယ်ခွင့်၊ အထူးလျှော့စျေးက ဘာလဲဆိုတာကို ကျူးလင် မမေးနိုင်ခင်မှာပင် အမျိုးသမီးငယ်လေးသည် ပန်းသီးများနှင့် လိမ္မော်သီးများကို ယူဆောင်သွားပြီး ဖြစ်လေသည်။
သူမက ကျူးလင်ကို ပြုံးပြရင်း ပြောလိုက်ပြန်သည်။
“မိန်းကလေး... ခဏလောက် စောင့်ပေးပါဦးနော်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အထက်လူကြီးဆီက ခွင့်ပြုချက် တောင်းရမှာမို့လို့ပါ..."
ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။
"ကောင်းပါပြီ..."
အမျိုးသမီးငယ်လေးကို စောင့်ဆိုင်းနေစဉ် ကျူးလင်သည် ကုန်သွယ်ရေးခန်းမအတွင်း ပတ်ပတ်လည်ကို ကြည့်ရှုနေလိုက်၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အမျိုးသမီးငယ်လေးသည် ခန့်ညားသော အမျိုးသားတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာလေသည်။
ထိုအမျိုးသားက ကျူးလင်ကို ပြုံးပြရင်း သော့တစ်ချောင်း ကမ်းပေးကာ ပြောလိုက်၏။
"မိန်းကလေး... ဒါက အတွင်းလမ်းမှာရှိတဲ့ တိုက်ခန်းရဲ့ သော့ပါ... အဲဒီမှာ တစ်လ နေထိုင်နိုင်ပါတယ်..."
ကျူးလင်က သော့ကို ကြည့်လိုက်ပြီးနောက် သူ့ကို တစ်ချက်ပြန်ကြည့်ကာ ပြောလိုက်လေသည်။
"ဒါပေမဲ့ ကျွန်မက ဒုတိယနယ်မြေက အဆောက်အအုံမှာပဲ အခန်းငှားချင်တာပါ..."
သူမ၏ စကားကို ကြားသောအခါ ထိုအမျိုးသားက အခြားသော့တစ်ချောင်းကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။ သူက ပထမသော့ကို ပြန်လည်သိမ်းဆည်းရင်း ပြောလိုက်ပြန်သည်။
"မိန်းကလေး… ဒုတိယနယ်မြေက အဆောက်အအုံမှာပဲ ငှားချင်တယ်ဆိုရင်တော့ အဲဒီအခန်းမှာ သုံးလကြာ နေထိုင်နိုင်ပါတယ်..."
ပြောပြီးသည်နှင့် အမျိုးသမီးငယ်လေးက ကျူးလင်၏ ရှေ့တွင် စက္ကူနှင့် ကလောင်တံကို ချပေးရင်း ပြောလိုက်လေသည်။
"ဒီနေရာမှာ လက်မှတ်ထိုးပေးပါ... ဒါဆိုရင် အခန်းက သခင်မလေးပိုင် ဖြစ်သွားပါပြီ..."
ကျူးလင်သည် ကလောင်တံကို ယူကာ အမျိုးသမီးငယ်လေး ညွှန်ပြသော နေရာတွင် သူမ၏ အမည်ကို ရေးသားလိုက်၏။
သူမ ကလောင်တံကို ချလိုက်ပြီးနောက် ထိုအမျိုးသားသည် သူမ၏ လက်မှတ်ကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။
သူမ၏ အမည်ကို သိရှိနိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားသော်လည်း သူမ၏ လက်မှတ်မှာ အမှန်စင်စစ် သင်္ကေတအချို့သာ ဖြစ်နေသောကြောင့်ပင်။
မည်သည့် အချက်အလက်မျှ မရရှိနိုင်သည်ကို မြင်သောအခါ ထိုအမျိုးသားက ပြောလိုက်၏။
"တကယ်လို့ စာချုပ်သက်တမ်း တိုးချင်တယ်ဆိုရင်လည်း နောက်တစ်ခေါက် ပြန်လာခဲ့ဖို့ ကြိုဆိုပါတယ်..."
ပြောပြီးနောက် သူက အမျိုးသမီးငယ်လေးကို တစ်ချက်ကြည့်လိုက်၏။ အမျိုးသမီးငယ်လေးက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်ကို ပြုံးပြကာ ပြောလိုက်လေသည်။
"မိန်းကလေး... ကျွန်မ တိုက်ခန်းဆီကို လိုက်ပို့ပေးပါ့မယ်... ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ..."
ကျူးလင်က ခေါင်းညိတ်ပြပြီး မတ်တတ်ရပ်ကာ အမျိုးသမီးငယ်လေး၏ နောက်မှ ကုန်သွယ်ရေးခန်းမအပြင်သို့ လိုက်ပါသွားလေသည်။
ကုန်သွယ်ရေးခန်းမ၏ တတိယထပ်တွင်မူ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော မှန်ပြတင်းပေါက်မှတစ်ဆင့် ကျူးလင် ထွက်ခွာသွားသည်ကို လှမ်းကြည့်နေ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
ဒေါက်...
ဒေါက်...
ဒေါက်...
သက်လတ်ပိုင်း အမျိုးသမီးသည် လှည့်ကြည့်လိုက်ပြီး ရုံးခန်းကုလားထိုင်ပေါ်တွင် ထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ဝင်ခဲ့..."
တံခါးပွင့်သွားသည်နှင့် ခန့်ညားသော အမျိုးသားသည် လက်ထဲတွင် အိမ်ငှားစာချုပ်ကို ကိုင်ဆောင်လျက် ဝင်ရောက်လာ၏။
သူက အိမ်ငှားစာချုပ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ပြောလိုက်လေသည်။
"ဒါက မမကြီး အလိုရှိတဲ့ အိမ်ငှားစာချုပ်ပါ..."
သက်လတ်ပိုင်း အမျိုးသမီးသည် အိမ်ငှားစာချုပ်ကို ယူကာ လက်မှတ်ထိုးထားသော နေရာကို ကြည့်လိုက်၏။ ထိုနေရာရှိ သင်္ကေတများကို မြင်လိုက်ရသောအခါ သူမ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်၏။
"သူမ တစ်ခုခု သတိထားမိသွားတာလား..."
ထိုအမျိုးသားက ခေါင်းခါယမ်းလျက် ပြောလိုက်လေသည်။
"ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ပြုမူခဲ့တာပါ... သူမ ဘာမှသတိထားမိပုံ မရပါဘူး..."
သက်လတ်ပိုင်း အမျိုးသမီးသည် စဉ်းစားရင်း သူမ၏ လက်ညှိုးဖြင့် စားပွဲကို ခေါက်နေလိုက်၏။ စားပွဲခေါက်သံသည် အခန်းထဲတွင် ခဏမျှ ပဲ့တင်ထပ်နေပြီးနောက် သက်လတ်ပိုင်း အမျိုးသမီးက ပြောလိုက်၏။
"သူမကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်... သူမ ဒီသစ်သီးတွေကို ဘယ်ကနေ ရလဲဆိုတာ သိတာနဲ့ ငါ့ကို ချက်ချင်း လာသတင်းပို့..."
ထိုအမျိုးသားက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ မမကြီး..."
ပြောပြီးနောက် ခန့်ညားသော အမျိုးသားသည် ကျယ်ဝန်းသော ရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။ သက်လတ်ပိုင်း အမျိုးသမီးသည် ကြီးမားပြီး နီရဲနေသော ပန်းသီးတစ်လုံးကို ကောက်ကိုင်ကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေလိုက်၏။
အချိန်အတော်ကြာပြီးနောက် သူမသည် ပန်းသီးကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကျူးလင်နှင့် အမျိုးသမီးငယ်လေးတို့သည် တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိလာကြ၏။
လျှပ်စစ်ဓာတ်အား ကန့်သတ်ထားမှုကြောင့် ၎င်းတို့သည် ဓာတ်လှေကားကို အသုံးမပြုနိုင်ဘဲ လှေကားမှတစ်ဆင့် တက်ကြရပေသည်။
ကျူးလင် ငှားရမ်းထားသော တိုက်ခန်းမှာ အထပ်နှစ်ဆယ်တွင် တည်ရှိ၏။ အထပ်နှစ်ဆယ်သို့ ရောက်ရှိသောအခါ အမျိုးသမီးငယ်လေးမှာ စကားပင် မပြောနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေချေပြီ။
တံခါးရှေ့တွင် ရပ်ရင်း အမျိုးသမီးငယ်လေးက အမောတကော ပြောလိုက်၏။
"မိန်း…မိန်းကလေး... ကျွန်မတို့... ရောက်ပါပြီ..."
သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ပြောလိုက်လေသည်။
"မိန်းကလေးရဲ့ သော့နဲ့... တံခါးဖွင့်လို့ ရပါပြီ..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သော့ကို ထုတ်ယူကာ တံခါးကို စိုက်ကြည့်နေလိုက်၏။ အမျိုးသမီးငယ်လေးသည် မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းနေသော်လည်း ကျူးလင်က တံခါးကို ဖွင့်မည့်ပုံ မပေါ်သေးပေ။
သူမက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"ကျွန်မကို သော့ပေးပါဦး..."
ကျူးလင်က ခေါင်းညိတ်ပြကာ သူမထံသို့ သော့ကို ပေးလိုက်ပြီး အမျိုးသမီးငယ်လေး တံခါးဖွင့်ပုံကို စောင့်ကြည့်နေလိုက်၏။ တံခါးပွင့်သွားသောအခါ အမျိုးသမီးငယ်လေးက ပြောလိုက်လေသည်။
"ဒီမှာ စိတ်အေးလက်အေး နေထိုင်ပါ... တကယ်လို့ အိမ်ငှားစာချုပ် သက်တမ်းတိုးချင်တယ်ဆိုရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်..."
ထိုစကားများကို ချန်ထားရစ်ပြီးနောက် အမျိုးသမီးငယ်လေးသည် အသက်ကို ပြင်းပြင်းရှူကာ အရေးပေါ်လှေကားဆီသို့ ပြန်လည်လျှောက်လှမ်းသွားလေသည်။
ကျူးလင်သည် အထဲသို့ ဝင်ရောက်ကာ တံခါးကို ပိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်၏။
သုံးမိနစ်ခန့် ကြာပြီးနောက် သူမသည် မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြောလိုက်လေသည်။
"ဒီနေရာရဲ့ ပုံစံက တော်တော်လေး ထူးခြားတာပဲ... ထူထူ... ဒီနေရာကို သဘောကျရဲ့လား..."
ဧည့်ခန်းရှိ ဆိုဖာအိုကြီးပေါ်တွင် လှဲလျောင်းနေသော ယုန်လေးက ပြောလိုက်၏။
"နည်းနည်းတော့ ကျဉ်းပေမဲ့ မဆိုးပါဘူး..."
ဆိုဖာအိုကြီးပေါ်တွင် ခြေပစ်လက်ပစ် လှဲလျောင်းနေသော ယုန်လေးကို ကြည့်ကာ ကျူးလင်က ပြုံးလျက် ပြောလိုက်လေသည်။
"အပူချိန်ကတော့ နေ့တိုင်း ဆက်တိုက် တက်နေတုန်းပဲ... ငါတို့ သက်တောင့်သက်သာ နေနိုင်ဖို့အတွက် အပူချိန်ထိန်းညှိအတားအဆီးတစ်ခု လုပ်ထားရမယ်... ငါတို့ ကာကွယ်ရေးအတားအဆီးတစ်ခုပါ ထပ်ပြီး ပြင်ဆင်ထားဖို့ လိုမလား..."