အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) - ရေရှာဖွေခြင်း
အပြင်ဘက်တွင် မည်သည့်ရေအရင်းအမြစ်ကိုမျှ မတွေ့ရှိခဲ့ဖူးကြောင်း ထန်ပိုင် မပြောရသေးမီမှာပင် မော့ရန်က ခေါင်းမော့ကာ ပြောလိုက်သည်။
“ထောက်ပံ့ရေးဌာနခွဲ... အပြင်ထွက်ပြီး ရေအရင်းအမြစ်တွေကို ရှာဖွေကြစမ်း..."
“ရနိုင်သမျှ ရေအများဆုံး သယ်ဆောင်လာခဲ့ကြ... မင်းတို့အားလုံး သုံးရက်အတွင်း ပြန်ရောက်ရမယ်...”
စုန့်ချန်စုနှင့် အခြားရဲဘော်ခုနစ်ဦးမှာ မတ်တတ်ရပ်လိုက်ကြပြီး မော့ရန်ကို အလေးပြုကာ ညီညီညာညာ ပြောလိုက်ကြလေသည်။
"ဟုတ်ကဲ့... ဗိုလ်မှူးကြီး..."
တာဝန်ကို လက်ခံပြီးနောက် သူတို့သည် နေရာတွင် ပြန်လည်ထိုင်လိုက်ကြ၏။ မော်ရန်က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"မင်းတို့ ရေကို သယ်ဆောင်လာနိုင်သည်ဖြစ်စေ... မသယ်ဆောင်လာနိုင်သည်ဖြစ်စေ... ငါ့အနေနဲ့ မင်းတို့အားလုံး အသက်ရှင်လျက် ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်..."
စစ်သည်များက သူ့ကို ကြည့်ကာ ပြောလိုက်ကြသည်။
"ဟုတ်ကဲ့... ဗိုလ်မှူးကြီး..."
မော့ရန်သည် သူတို့၏ မျက်နှာများကို သေချာစွာ ကြည့်ရှုပြီး အားလုံးကို မှတ်မိနေစေရန် ကြိုးစားလိုက်ပြီးနောက် စိတ်မကောင်းစွာ ပြောလိုက်လေသည်။
"လူစုခွဲနိုင်ပြီ..."
စကားပြောပြီးနောက် သူက ဆရာဝန်လုကို ကြည့်ကာ ပြောလိုက်သည်။
"ဆရာဝန်လု... ကျွန်တော် လိုက်ပို့ပေးပါရစေ..."
အပြင်ဘက်ရှိ ရှုပ်ထွေးလှသော အခြေအနေများကြောင့် ဆရာဝန်လုက ငြင်းဆန်ခြင်းမပြုဘဲ သူတို့နှစ်ဦးသည် အစည်းအဝေးခန်းမထဲမှ အတူတကွ ထွက်ခွာသွားကြတော့သည်။
မော့ရန် ထွက်သွားပြီးနောက် ထန်ပိုင်က စုန့်ချန်စုကို ကြည့်ကာ မေးလိုက်သည်။
"ဗိုလ်ကြီးစုန့်... ကျုပ်ကို မင်းနဲ့အတူ လိုက်ခဲ့စေချင်လား..."
ဆုန့်ချန်စုက ခေါင်းခါပြကာ ပြောလိုက်သည်။
"မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မလိုပါဘူး... တစ်ခုခုဖြစ်လာရင် ကူညီနိုင်ဖို့ မင်း ဒီမှာပဲ နေခဲ့တာ ပိုကောင်းလိမ့်မယ်..."
သူ့စကားကို ကြားရသောအခါ ထန်ပိုင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။
"အဲဒီလူတွေ ဆူပူအုံကြွကြလိမ့်မယ်လို့ မင်း ထင်လို့လား..."
ဆုန့်ချန်စုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ငါ ဒီကိုလာတဲ့ လမ်းမှာ... အပြင်ဘက်အကွင်းနယ်မြေရဲ့ လမ်းမတွေပေါ်မှာ ဘယ်သူမှ ဂရုမစိုက်ဘဲ ပစ်ထားတဲ့ အလောင်းတွေ အများကြီး တွေ့ခဲ့ရတယ်..."
“လမ်းတွေကို ရှင်းလင်းပြီး အဲဒီအလောင်းတွေကို မီးရှို့ဖို့ အဖွဲ့အချို့ကို ငါတို့ စေလွှတ်သင့်တယ်...”
“ဒီလောက် မြင့်မားတဲ့ အပူချိန်အောက်မှာ အဲဒီအလောင်းတွေကို ဒီအတိုင်း ပစ်ထားမယ်ဆိုရင် နောက်တစ်ကြိမ် ငါတို့ ရင်ဆိုင်ရမှာက ဖုတ်ကောင်တွေ၊သန္ဓေပြောင်းသတ္တဝါတွေ မဟုတ်ဘဲ ကပ်ရောဂါ ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်..."
သူ့စကားကို ကြားလိုက်ရသဖြင့် ထန်ပိုင်၏ မျက်နှာအမူအရာမှာ ညှိုးငယ်သွားချေသည်။
မြင့်မားသော အပူချိန်အောက်တွင် အလောင်းများသည် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ပုပ်ပွပျက်စီးတတ်ပေသည်။
အခြေအနေမှာ စုန့်ချန်စု ပြောသကဲ့သို့ အမှန်တကယ် ဆိုးရွားနေပါက လမ်းမများကို အမြန်ဆုံး ရှင်းလင်းရန် လိုအပ်နေပြီ ဖြစ်သည်။
သူ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ စုန့်ချန်စုက ပြုံးလိုက်ပြီး ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"မျက်မှောင်ကြီး မကြုတ်ထားပါနဲ့... မဟုတ်ရင် မင်း ဒီဘဝမှာ တကယ်ပဲ မိန်းမရတော့မှာ မဟုတ်ဘူး... မင်း မျက်မှောင်ကြုတ်ထားရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား..."
ထန်ပိုင်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ စုန့်န့်ချန်စု၏ လက်ကို ပုခုံးပေါ်မှ ဖယ်ရှားလိုက်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ အချစ်ရေးအတွက် စိတ်မပူပါနဲ့... မင်းသာ အပြင်ထွက်ဖို့ မြန်မြန် ပြင်ဆင်သင့်တယ်..."
သူ့သတိပေးချက်ကြောင့် စုန့်ချန်စုက ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ငါ ရေတွေအများကြီး သယ်လာခဲ့မယ်... မင်းလည်း ရေချိုးလိုက်ဦး... မင်းဆီက တကယ်ပဲ အနံ့ဆိုးတွေ ထွက်နေတာ သိရဲ့လား..."
ပြောပြီးသည်နှင့် သူက နှာခေါင်းကို ရွံရှာစွာ ပိတ်လိုက်ပြီး လှည့်ထွက်သွားလေသည်။ သူ့ကျောပြင်ကို ကြည့်ရင်း ထန်ပိုင်က ရုတ်တရက် ပြောလိုက်သည်။
"အသက်ရှင်လျက် ပြန်လာခဲ့ပါ..."
သူ့စကားကို ကြားလိုက်ရသဖြင့် ဆုန့်ချန်စု၏ ခြေလှမ်းများမှာ တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် နောက်လှည့်မကြည့်ဘဲ ထန်ပိုင်ကို လက်ပြလိုက်လေသည်။
ဤကမ္ဘာပျက်ကပ်လွန်ကာလတွင် နေထိုင်ရသဖြင့် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန်မှာ အသေအချာမပြောနိုင်ပေ။
နှုတ်ဆက်စကားများ မပြောခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုသို့ပြောခြင်းက ကံဆိုးမှုများကို သယ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် စစ်သုံးထရပ်ကားကြီး နှစ်ဆယ့်လေးစီးသည် စစ်ဘက်ဆိုင်ရာ စခန်းထဲမှ ထွက်ခွာသွားကြလေသည်။
စခန်း၏ အပြင်ဘက်တံတိုင်း အထက်တွင် ရပ်နေရင်း ထန်ပိုင်သည် စစ်သုံးထရပ်ကားများ မတူညီသော လမ်းကြောင်းအသီးသီးသို့ မောင်းနှင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုနေရာတွင် ခေတ္တမျှ ရပ်နေစဉ် သူ၏ လက်အောက်ငယ်သားတစ်ဦး ရောက်ရှိလာခဲ့၏။
ထိုစစ်သားက ထန်ပိုင်ထံသို့ စာရွက်စာတမ်းတစ်ခုကို ကမ်းပေးရင်း ပြောလိုက်သည်။
"ဗိုလ်ကြီး... ကျွန်တော်တို့ လျှို့ဝှက်တာဝန်တစ်ခု ရထားပါတယ်..."
ထန်ပိုင်က စေလွှတ်ရေးစာရွက်စာတမ်းကို ဖွင့်ဖတ်လိုက်ပြီးနောက် စစ်သားကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဒီတာဝန်ကို ဘယ်သူက ထုတ်ပြန်လိုက်တာလဲ..."
"ဗိုလ်မှူးကြီးချန်ပါ..."
ထန်ပိုင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ တာဝန်အားလုံးကို ဗိုလ်မှူးကြီးမော့ရန်က တိုက်ရိုက်ထုတ်ပြန်ပေးရမှာ... ဒီစာရွက်စာတမ်းမှာ ဗိုလ်မှူးကြီးမော့ရန်ရဲ့ လက်မှတ် မပါဘူး..."
သူက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
"ဗိုလ်မှူးကြီးချန်က ဒီတာဝန်ကို ဘယ်အချိန်မှာ ထုတ်ပြန်ခဲ့တာလဲ..."
စစ်သားက သူ့နာရီကို ကြည့်ကာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်မိနစ်က... သူတို့ ဒီစေလွှတ်ရေးစာတမ်းကို ကျွန်တော်တို့ရဲ့ စစ်တန်းလျားဆီ ပို့ပေးခဲ့တာပါ..."
“တာဝန်ကို ဘယ်အချိန်မှာ ထုတ်ပြန်ခဲ့လဲဆိုတာကိုတော့ ကျွန်တော် အကြိမ်ကြိမ် မေးမြန်းခဲ့ပေမဲ့ သူတို့က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်..."
ထန်ပိုင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ စစ်တန်းလျားကို ပြန်ပြီး စောင့်ဆိုင်းနေလိုက်ပါ..."
စစ်သားက အလေးပြုကာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ဗိုလ်ကြီး..."
စစ်သား ထွက်ခွာသွားပြီးနောက် ထန်ပိုင်သည် မော့ရန်ကို ရှာဖွေရန် ကွပ်ကဲမှုဗဟိုဌာနသို့ သွားရောက်ခဲ့လေသည်။
စခန်းအတွင်းရှိ လူတိုင်း အလုပ်ရှုပ်ပြီး စိုးရိမ်ပူပန်နေကြချိန်တွင် ကျူးလင်သည် နောက်ဆုံး၌ နိုးလာခဲ့ချေပြီ။
သူမသည် ထထိုင်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ တောက်ပနေသော ကောင်းကင်ပြင်ကို မြင်လိုက်ရသဖြင့် တွေးလိုက်မိသည်။
'ငါ အနည်းဆုံး နာရီအနည်းငယ်လောက်တော့ အိပ်ပျော်သွားခဲ့တာနေမှာ... နေမင်းက ဘာလို့ ဒီလောက်အထိ တောက်ပနေသေးတာလဲ...'
သူမ ငေးငိုင်နေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
ဒေါက်...
ဒေါက်...
ဒေါက်...
ကျူးလင်သည် တံခါးရှိရာဘက်သို့ စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် တံခါးဖွင့်ရန် ထလိုက်လေသည်။
တံခါးကို ဖွင့်လိုက်သည်နှင့် ကျူးလင်သည် သူမ၏ တိုက်ခန်းအတွင်းပိုင်းနှင့် အပြင်ဘက်ရှိ အပူချိန်ကွာခြားမှုကို ခံစားလိုက်ရ၏။
သူမ၏ တိုက်ခန်းအတွင်း၌ ဆောင်းဦးပိုင်းကာလကဲ့သို့ သက်တောင့်သက်သာရှိလှသော်လည်း အပြင်ဘက်တွင်မူ ဆေးနတ်ဘုရား၏ ဆေးဖော်စပ်ရာ အခန်းအတွင်း၌ ရပ်နေရသကဲ့သို့ ခံစားရပေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချိုသာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မမက ဒီမနက်က အသစ်ပြောင်းလာတဲ့ အိမ်နီးနားချင်းအသစ်လားဟင်..."
ချိုသာသော အသံကို ကြားရသဖြင့် ကျူးလင်က ငုံ့ကြည့်လိုက်ရာ သေးငယ်သိမ်မွေ့သော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။
ဤမိန်းကလေးမှာ အလွန်အမင်း လှပလွန်းသည်မဟုတ်သော်လည်း ချစ်စရာကောင်းသော မျက်နှာလေး ရှိသဖြင့် လူအများအား သဘောကျနှစ်သက်စေပြီး ကောင်းမွန်သော အထင်အမြင်ကို ဖြစ်ပေါ်စေပေသည်။
ကျူးလင်က စကားမပြောဘဲ သူမကိုသာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ထိုမိန်းကလေးက ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်္ဂလာပါ... ကျွန်မနာမည်က မုန့်ကျယ်လန်ပါ... ကျွန်မရဲ့ တိုက်ခန်းက မမတိုက်ခန်းရဲ့ ဘေးကပ်လျက်မှာပါ..."
ကျူးလင်က သူမကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"မင်္ဂလာပါ..."
ကျူးလင်၏ လှပသော မျက်နှာကို ကြည့်ရင်းနှင့် သူမ၏ ကြည်လင်အေးချမ်းသော အသံကို ကြားလိုက်ရသဖြင့် မုန့်ကျယ်လန်မှာ ငေးမောသွားချေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ သတိပြန်ဝင်လာပြီး အလျင်အမြန် ပြောလိုက်လေသည်။
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်နော်..."
သူမ ဤမျှ ယဉ်ကျေးပျူငှာနေသည်ကို မြင်သောအခါ ကျူးလင်က ခေါင်းခါပြပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... တစ်ခုခု လိုအပ်လို့လား..."
မုန့်ကျယ်လန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ အပူချိန်က အရမ်းမြင့်မားနေတော့ လူအများကြီး အပူလျှပ်ပြီး သေဆုံးကုန်ကြပြီ...”
“စခန်းထဲက ရေအရင်းအမြစ်လည်း ခန်းခြောက်သွားပြီလို့ ကြားတယ်... ကျွန်မတို့ဆီမှာလည်း ရေပြတ်လပ်နေပြီလေ...”
“ကျွန်မ ရေရောင်းနေတယ်ဆိုတာကို လာပြောပြတာပါ... မမ ရေဝယ်ချင်ရင် ဝယ်လို့ရတယ်နော်..."