အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) - စည်းကမ်းများ
ကျူးလင်က ဈေးနှုန်းကို လျှော့ချပေးရန် စဉ်းစားနေစဉ်မှာပင် ထိုအမျိုးသမီးက သူမ၏ချစ်သူကို ဘေးသို့ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"တကယ်ကို ဈေးပေါတာပဲ... ကျွန်မတို့ တတ်နိုင်သလောက် အများကြီး ဝယ်ထားရမယ်..."
အမျိုးသားက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"အသည်းလေး... ရေက တကယ်ကို အရေးကြီးတာ မှန်ပါတယ်... ဒါပေမဲ့ ကိုယ်တို့ စားဖို့လည်း လိုသေးတယ်လေ...”
“ကိုယ်တို့မှာရှိတဲ့ ပုံဆောင်ခဲအမြုတေတွေ အားလုံးကို ရေဝယ်ဖို့ချည်းပဲ သုံးပစ်လို့ မဖြစ်ဘူး..."
“အခု နေ့ဘက်ဆိုရင်လည်း အရမ်းပူပြီး ညဘက်ဆိုရင်လည်း အရမ်းအန္တရာယ်များလို့ အပြင်မထွက်နိုင်တာ မင်းလည်း သိတာပဲ..."
“ကိုယ်တို့ ပိုက်ဆံတွေအကုန်လုံးကို ဒီမှာပဲ သုံးပစ်လိုက်ရင် အိမ်လခနဲ့ စားစရိတ်ကို ဘယ်လိုပေးမလဲ..."
အမျိုးသမီးက မျက်စောင်းထိုးလိုက်ရင်း မေးလိုက်လေသည်။
"ရှင်က ကျွန်မကို အူတူတူလို့ ထင်နေတာလား..."
သူမ၏မေးခွန်းကို ကြားရသောအခါ အမျိုးသားက သူ၏ချစ်သူကို တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။ သူမအပေါ် သံသယဝင်နေသော အကြည့်များကို ခံစားမိသဖြင့် အမျိုးသမီးက သူ၏လက်မောင်းကို ပုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်ပြန်သည်။
"ကျွန်မတို့ သူမဆီက ရေတွေအကုန်လုံးကို ဝယ်ပြီး ကုန်သွယ်ရေးစင်္ကြံမှာ ပြန်ရောင်းကြရင်ရော... မဟုတ်ရင်လည်း ဒီမှာပဲ ဆိုင်ခန်းဖွင့်ပြီး ပြန်ရောင်းကြမယ်လေ...”
“သူမရဲ့ရေက အရမ်းဈေးပေါတော့ ကျွန်မတို့ ကြားထဲကနေ အမြတ်ရအောင်လုပ်ပြီး ပိုက်ဆံအများကြီး ရှာလို့ရတယ်လေ..."
သူမ၏စကားကို ကြားပြီးနောက် အမျိုးသား၏ မျက်လုံးများ တောက်ပသွား၏။ သူက ချစ်သူကို ပြုံးပြရင်း ပြောလိုက်လေသည်။
"အသည်းလေး... မင်းက တကယ်ကို တော်တာပဲ..."
အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီးနောက် သူတို့နှစ်ဦးသည် ကျူးလင်၏ ဆိုင်ခန်းဆီသို့ ပြန်လျှောက်လာကြ၏။
ခင်းထားသော အဝတ်စပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ကျူးလင်သည် သူတို့ပြောသမျှ အားလုံးကို ကြားပြီးသား ဖြစ်ပေသည်။
လူသားတို့၏ လောဘတရားကို တွေးတောမိရင်း သူမ သက်ပြင်းချလိုက်မိတော့သည်။
သူမ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို ခံစားမိသဖြင့် ထူထူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်လေသည်။
'သခင်မလေး... လူတွေရဲ့ သဘာဝကို သခင်လေး ပြောင်းလဲလို့ မရဘူးလေ...'
ကျူးလင်က ထူထူ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြန်ပြောလိုက်၏။
'ငါ သိပါတယ်...'
ထိုစုံတွဲသည် သူမ၏ ဆိုင်ခန်းရှေ့တွင် တစ်ဖန်ပြန်၍ ရပ်လိုက်သောအခါ ကျူးလင်က သူတို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျွန်မ တစ်ခုပြောဖို့ မေ့သွားတယ်... ကျွန်မဆီမှာ လူတစ်ယောက်ကို တစ်နေ့ ရေသုံးလီတာပဲ ဝယ်ခွင့်ရှိတယ်..."
ကျူးလင်၏ စကားကို ကြားလိုက်ရသောအခါ အမျိုးသမီးက ဒေါသတကြီး ပြောလိုက်၏။
"ဘာဖြစ်လို့လဲ... ကျွန်မတို့က ပိုက်ဆံမပေးနိုင်ဘူးလို့ ထင်နေတာလား..."
အမျိုးသမီး၏ ဒေါသတကြီး မေးခွန်းထုတ်မှုနှင့် မတူဘဲ ကျူးလင်က အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်လေသည်။
"ရှင်တို့က ကျွန်မရဲ့ စည်းကမ်းတွေကို မလိုက်နာချင်ဘူးဆိုရင် ကျွန်မဆီက ရေကို ဝယ်စရာမလိုပါဘူး..."
သူမ၏ စကားကို ကြားသောအခါ စုံတွဲမှာ ပျာပျာသလဲ ဖြစ်သွားကြ၏။ အမျိုးသားက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်ပြန်သည်။
"အသည်းလေး... ကိုယ်တို့ သူမဆီကပဲ ရေဝယ်လိုက်ကြရအောင်... စီးပွားရေးလုပ်ဖို့ ကိစ္စကိုတော့ မေ့လိုက်ပါတော့... ကိုယ်တို့ ဒီကနေ ရေမဝယ်ရင် ဒီနေ့ ရေရတော့မှာ မဟုတ်ဘူး..."
အမျိုးသမီးသည် လွယ်လွယ်နှင့် ပိုက်ဆံအမြန်ရှာချင်သော်လည်း သူမ၏ အသက်က ပိုက်ဆံထက် ပို၍ အရေးကြီးပေသည်။
သူမသည် ရေဓာတ်ခမ်းခြောက်ပြီး ဆာလောင်မှုကြောင့် ဖြူဖျော့နေသော ချစ်သူ၏ မျက်နှာကို ကြည့်လိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူမ ခေါင်းညိတ်လိုက်လေသည်။
အမျိုးသားက သက်ပြင်းချနိုင်သွားပြီး သာမန်ပုံဆောင်ခဲအမြုတေ ၁၂ ခုကို ထုတ်ယူကာ ပြောလိုက်၏။
"ကျွန်တော်တို့ ရေ ခြောက်လီတာ ဝယ်ချင်ပါတယ်..."
ကျူးလင်က ပုံဆောင်ခဲအမြုတေများကို လှမ်းယူလိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မဆီမှာ ရေထည့်စရာ ဘာဘူးမှ မရှိဘူး... ဒါကြောင့် မင်းတို့ဘာသာ ဘူးယူလာရမယ်..."
သူမ ပြောပြီးသည်နှင့် အမျိုးသားက သူ၏ ကျောပိုးအိတ်ကို ဖွင့်ကာ ရေဘူးအလွတ် သုံးလုံးကို ထုတ်လိုက်၏။ သူက ထိုဘူးများကို မြေပြင်ပေါ်တွင် တင်လိုက်ရင်း ပြောလိုက်လေသည်။
"ဒီဘူးတွေထဲကိုပဲ ထည့်ပေးပါ..."
ကျူးလင်က ဘူးအဖုံးကို ဖွင့်လိုက်ပြီး ယောက်ချိုင့်ဖြင့် ရေကို ခပ်ယူလိုက်၏။
ထိုယောက်ချိုင့်သည် ရေလီတာဝက် ဆံ့သဖြင့် တိုင်းတာစရာ ကိရိယာအဖြစ် အသုံးပြုလိုက်လေသည်။ သူမက ၁၂ ကြိမ် ခပ်ယူပြီးနောက် ရေဘူးအလွတ် သုံးလုံးကို ရေအပြည့် ဖြည့်ပေးလိုက်လေသည်။
ပြည့်လျှံနေသော ဘူးများကို ကြည့်ရင်း သူမက တွေးလိုက်၏။
'ဒီလိုဘူးမျိုးက ရေ နှစ်လီတာ ဆံ့တာကိုး...'
ဘူး၏ အရွယ်အစားကို မှတ်သားထားလိုက်ပြီးနောက် ကျူးလင်က နောက်ဆုံးဘူးကို ပိတ်ပေးကာ ပြောလိုက်လေသည်။
"အားပေးတာ ကျေးဇူးတင်ပါတယ်..."
အမျိုးသားက ရေဘူးများကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ရင်း မေးလိုက်၏။
"မင်း ဒီမှာ နေ့တိုင်း ရေလာရောင်းမှာလား..."
ကျူးလင်က တစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"လောလောဆယ်တော့ ဟုတ်ပါတယ်..."
အမျိုးသားသည် အဖြေရရှိပြီးနောက် သူ၏ချစ်သူနှင့်အတူ ထွက်ခွာသွားလေသည်။ ထိုစုံတွဲသည် ကျူးလင်ထံမှ ရေဝယ်ယူနေစဉ် ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းပိုင်ရှင်များက ဘေးမှနေ၍ စောင့်ကြည့်နေကြ၏။
ရေတစ်လီတာ၏ ဈေးနှုန်းမှာ တကယ်ပင် သာမန်ပုံဆောင်ခဲအမြုတေ နှစ်ခုတည်းသာ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဆိုင်ခန်းပိုင်ရှင်များမှာ စိတ်လှုပ်ရှားသွားကြတော့သည်။
ကျူးလင်၏ ဘေးတွင်ရှိသော ဆိုင်ခန်းပိုင်ရှင်မှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သူက သူ၏ ကွဲအက်နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း မေးလိုက်လေသည်။
"မိန်းကလေး... ကျုပ် မင်းဆီကနေ ရေသုံးလီတာထက် ပိုဝယ်လို့ ရမလား... ကျုပ်အိမ်မှာ ဇနီးနဲ့ ကလေး သုံးယောက် ရှိလို့ပါ..."
ကျူးလင်က သူ့ဘက်သို့ လှည့်ကြည့်ကာ ခေါင်းခါပြရင်း ပြောလိုက်၏။
"မရဘူး... ကျွန်မဆီက ရေဝယ်ချင်ရင် ကိုယ်တိုင် လာရမယ်..."
သက်လတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်လေသည်။
"မိန်းကလေး... ကျုပ် တကယ် မလိမ်ပါဘူး..."
သူမက ခေါင်းကို ထပ်မံခါယမ်းလိုက်ရင်း ပြောလိုက်၏။
"ရှင် မလိမ်ဘူးဆိုတာ ကျွန်မ သိပါတယ်..."
"ဒါဆိုရင် ဘာဖြစ်လို့ ကျုပ်မိသားစုအတွက် ရေဝယ်ခွင့် မပေးရတာလဲ..."
သက်လတ်ပိုင်း အမျိုးသားက စိုးရိမ်တကြီးဖြင့် ထပ်မံမေးမြန်းလိုက်ပြန်လေသည်။
သူ၏မေးခွန်းကို ကြားရသောအခါ ကျူးလင်က တွေးတောလိုက်မိသည်။ ထိုသူ၏ဦးနှောက်မှာ ပြင်းထန်သော အပူရှိန်ကြောင့် ပျက်စီးသွားခဲ့ပြီလော။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုသက်လတ်ပိုင်း အမျိုးသားသည် သူမ၏ အကြောင်းပြချက်ကို တကယ်ပင် နားမလည်နိုင်ဖြစ်နေကြောင်း သူမ သတိပြုမိလိုက်၏။
သူမက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်မက ရှင့်ကို ရေသုံးလီတာထက် ပိုဝယ်ခွင့်ပေးလိုက်ရင် စည်းကမ်းတွေ သတ်မှတ်ထားတာ ဘာထူးတော့မလဲ...”
“ ပြီးတော့ ရှင့်အတွက်နဲ့ စည်းကမ်းကို ပြောင်းလဲပေးလိုက်ရင် တခြားလူတွေ သိသွားတဲ့အခါ သူတို့လည်း ဒီလိုအခွင့်အရေးမျိုး တောင်းဆိုကြလိမ့်မယ်... “
“အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က လိမ်ညာနေတာကို ကျွန်မ သိရင်တောင် ဘာမှလုပ်လို့ ရမှာမဟုတ်တော့ဘူး...”
“ကျွန်မက အဲဒီလူလိမ်တွေကို ရေမရောင်းဘူးလို့ ငြင်းဆန်ရင် သူတို့က ကျွန်မကို ပြန်ပြီး တိုက်ခိုက်ကြလိမ့်မယ်... နောင်ကျရင် အဲဒီလို ဖြစ်လာခဲ့ရင် ရှင်က တာဝန်ယူမှာလား..."
သူမ၏စကားကို ကြားပြီးနောက် သက်လတ်ပိုင်း အမျိုးသားမှာ ဆွံ့အသွားလေသည်။
သူကိုယ်တိုင်လည်း ရောင်းချသူတစ်ဦး ဖြစ်သဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိသော ဝယ်သူများနှင့် အများအပြား ကြုံတွေ့ဖူးပြီး သူမပြောသော အခြေအနေမျိုးမှာ အချိန်မရွေး ဖြစ်ပျက်သွားနိုင်ကြောင်း ကောင်းစွာ နားလည်ထားပေသည်။
သေချာစွာ တွေးတောပြီးနောက် သက်လတ်ပိုင်း အမျိုးသားက သူ၏မိသားစုဝင်များကို ကိုယ်တိုင်လာဝယ်ခိုင်းရန်သာ လိုအပ်ကြောင်း တွေးလိုက်မိသဖြင့် မေးလိုက်၏။
"မင်းက ပုံဆောင်ခဲအမြုတေ တစ်ခုတည်းကိုပဲ လက်ခံတာလား..."
ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"မင်းတို့ဆီမှာ စက္ကူ ဒါမှမဟုတ် သန္ဓေပြောင်းသားရဲတွေရဲ့ သွေးရှိရင်လည်း ငါ့ရဲ့ရေနဲ့ လဲလှယ်လို့ ရပါတယ်..."
သူမ၏စကား ဆုံးသည်နှင့် မျက်နှာချင်းဆိုင်တွင် ပစ္စည်းရောင်းနေသော လူငယ်က လှမ်းမေးလိုက်၏။
"မိန်းကလေး... မင်းက ဘာဖြစ်လို့ အဲဒီအရာတွေကို လိုချင်ရတာလဲ... စက္ကူကိုလည်း စားလို့လည်းမရသလို သန္ဓေပြောင်းသားရဲတွေရဲ့ သွေးကိုလည်း သောက်လို့မရဘူးလေ..."
ထိုစကားကို ကြားသောအခါ ကျူးလင်က အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
"အရာရာတိုင်းမှာ သူ့အသုံးဝင်ပုံနဲ့သူ ရှိတာပဲ..."
သူမ၏ အဖြေကို ကြားရသောအခါ လူငယ်မှာ ပခုံးသာ တွန့်လိုက်နိုင်တော့သည်။ သူက စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။