← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) - အစားအစာ၏ တန်ဖိုး

ဟင်းလင်းပြင်ထဲမှ အဆောင်စက္ကူတစ်ရွက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း ဆွံ့အသွားကြလေသည်။

သူမကို ရေစွမ်းအားရှင်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုမူ နေရာလွတ်စွမ်းအားရှင် ဖြစ်နေသည်ကို သိရှိသွားကြသဖြင့် တစ်ခဏအတွင်း ဆူညံပွက်လောရိုက်သွားတော့၏။

ခေတ္တမျှ ကြာပြီးနောက် တစ်စုံတစ်ယောက်က မေးလိုက်သည်။

"သူမက စွမ်းအားနှစ်မျိုးပိုင်ရှင်လား..."

ထိုစကား ထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြချေသည်။

အကယ်၍ ဤမိန်းမပျိုလေးသည် စွမ်းရည်နှစ်မျိုးပိုင်ရှင် အမှန်တကယ် ဖြစ်နေပါက ၎င်းတို့အနေဖြင့် မည်သို့မျှ မပြစ်မှားဝံ့သည့် တန်ခိုးရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။

ကျူးလင်ကို ပြစ်မှားမိမည်စိုးသဖြင့် လူတိုင်း စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး သူမကို ရိုသေလေးစားစိတ်၊ စူးစမ်းလိုစိတ်တို့ဖြင့်သာ ငေးကြည့်နေကြတော့၏။

ကျူးလင်က အဆောင်လက်ဖွဲ့ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်ထားရင်း တိုးညင်းသော လေသံဖြင့် ရွတ်ဆိုလိုက်သည်။

"စီးဆင်းစေ..."

သူမ၏ စကားသံ ဆုံးသည်နှင့် အဆောင်လက်ဖွဲ့သည် ပြာလွင်သော မီးတောက်များဖြင့် လောင်ကျွမ်းသွားပြီး အဆောင်၏ ရှေ့မှောက်တွင် သေးငယ်သော အပြာရောင် မန္တန်အစီအရင်တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း အံ့အားသင့်သွားကြရချေသည်။

၎င်းတို့ သတိမမူမိခင်မှာပင် ထိုသေးငယ်သော အပြာရောင်မန္တန်အစီအရင်ထဲမှ ရေများ ပန်းထွက်လာပြီး ကျောက်စိမ်းဇလုံထဲသို့ စီးဆင်းသွားလေသည်။

မကြာမီအချိန်အတွင်း ကျောက်စိမ်းဇလုံထဲတွင် ကြည်လင်သော ရေများ ပြည့်လျှံသွားပြီး အဆောင်စက္ကူမှာမူ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားချေသည်။

ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် လူတိုင်း အံ့ဩမှင်တက်သွားကြပြန်တော့၏။

မုန့်ကျယ်လန်နှင့် သူမ၏ သူငယ်ချင်းဖြစ်သူတို့သည်လည်း အဝေးတစ်နေရာမှ ဤအဖြစ်အပျက်ကို လှမ်းမြင်လိုက်ရသည်။ သူမက ကျူးလင်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်ရင်း သူငယ်ချင်းဖြစ်သူကို မေးလိုက်သည်။

"သူ... သူမက အခုလေးတင် စက္ကူတစ်ရွက်နဲ့ ရေကို ခေါ်ယူလိုက်တာလား..."

သူမ၏ သူငယ်ချင်းက မျက်လုံးများကို ပွတ်သပ်ရင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ငါ အခု အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်..."

ကျောက်စိမ်းဇလုံထဲတွင် ရေများ ပြည့်သွားသည်ကို မြင်သောအခါ ကျူးလင်က ခေါင်းမော့လိုက်ပြီး အဘိုးအိုကို ပြောလိုက်သည်။

"တစ်နေ့ကို လူတစ်ယောက်ဟာ ကျွန်မဆီကနေ ရေသုံးလီတာပဲ ဝယ်ယူခွင့်ရှိပါတယ်..."

သူမ၏ သာယာကြည်လင်သော အသံကို ကြားရမှသာ လူတိုင်း သတိပြန်ဝင်လာကြတော့၏။ ယခုလေးတင် ဖြစ်ပျက်သွားသည်များကို မြင်တွေ့ပြီးနောက် ၎င်းတို့ ကျူးလင်အပေါ် ကြည့်သည့် အကြည့်များမှာ လုံးဝ ပြောင်းလဲသွားချေပြီ။

ယခင်ကမူ သူမကို ရေစွမ်းရည်ရှိသည့် အလွန်လှပသော မိန်းမပျိုလေးတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူမ၌ စွမ်းအားနှစ်မျိုး ရှိနေသည်ဟု ယူဆသွားကြသဖြင့် မည်သူမျှ မပြစ်မှားမိစေရန် အစွမ်းကုန် သတိထားနေကြတော့၏။

ထိုသို့သော အတွေးများကြောင့် သူမ သတ်မှတ်ထားသည့် စည်းကမ်းအပေါ် မည်သူမျှ ပြဿနာရှာရန် မဝံ့ရဲကြတော့ပေ။

လေးနာရီခန့် ကြာပြီးနောက် နောက်ဆုံးကျန်ရှိသော ဝယ်ယူသူသည် ရေသုံးဘူးကို ကိုင်ဆောင်ကာ ထွက်ခွာသွားလေသည်။

မည်သည့်ဝယ်ယူသူမျှ မရှိတော့သည်ကို မြင်သောအခါ ကျူးလင်က လွတ်နေသော ကျောက်စိမ်းဇလုံနှင့် ခင်းထားသော ပိတ်စကို သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်လည်ထည့်သွင်းလိုက်ချေသည်။

သူမက ယုန်လေးကို ပွေ့ပိုက်လိုက်ရင်း စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

'ရေလီတာနှစ်ထောင် ရောင်းဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ ဒီညမှာ တကယ်ပဲ ရေလီတာသုံး‌ထောင်ကျော်တောင် ရောင်းချနိုင်ခဲ့တယ်...'

ထူထူက ခေါင်းညိတ်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။

'ဟုတ်တယ်... သခင်မလေး... နာရီအနည်းငယ်အတွင်းမှာတင် ကျွန်တော်တို့ ပုံဆောင်ခဲအမြုတေတွေ အများကြီး စုဆောင်းနိုင်ခဲ့တယ်...'

၎င်းတို့နှစ်ဦး စကားပြောဆိုနေစဉ် ကျူးလင်က ဈေးအတွင်း၌ အေးအေးလူလူ လျှောက်လှမ်းနေခဲ့၏။

ဆိုင်ခန်းအချို့ကို လှည့်ပတ်ကြည့်ရှုပြီးနောက် မည်သည့်ဆိုင်တွင်မျှ အစားအစာ သို့မဟုတ် ရေကို ရောင်းချခြင်းမရှိသည်ကို သူမ သတိပြုမိသွားချေသည်။

စူးစမ်းလိုစိတ် ပြင်းပြလာသဖြင့် သူမသည် မိန်းမပျိုလေးတစ်ဦး ခင်းကျင်းထားသော ဆိုင်ခန်းတစ်ခုဆီသို့ လျှောက်လှမ်းသွားလိုက်၏။

သူမ ရောက်ရှိလာသည်ကို မြင်သောအခါ မိန်းမပျိုလေးက ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်သည်။

"ကြိုဆိုပါတယ်... မိန်းမလှလေး... ဘာများ ဝယ်ယူချင်လို့လဲဟင်... ညီမဆီမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ ငွေပေးချေမှုအတွက် အစားအစာ ဒါမှမဟုတ် ရေကိုပဲ လက်ခံပါတယ်..."

ကျူးလင်က ညစ်ပတ်ပေရေနေသော ပိတ်စပေါ်တွင် တင်ထားသည့် ပစ္စည်းများကို ကြည့်ရင်း မေးလိုက်သည်။

"ပုံဆောင်ခဲအမြုတေနဲ့ ပေးချေရင်ကော လက်ခံလား..."

မိန်းမပျိုလေးက ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး... မမ‌ရယ်... ညီမကတော့ လောလောဆယ် အစားအစာ ဒါမှမဟုတ် ရေကိုပဲ လက်ခံနိုင်ပါတယ်..."

သူမ၏ စကားကို ကြားရသောအခါ ကျူးလင်က သူမကို ကြည့်ရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ပုံဆောင်ခဲအမြုတေတွေနဲ့ဆိုရင် ကုန်သွယ်ရေးခန်းမမှာ အစားအစာနဲ့ ရေကို ဝယ်ယူနိုင်တယ်လို့ ကျွန်မ ထင်ထားတာ... ပုံဆောင်ခဲအမြုတေတွေကို လက်ခံတာက ပိုပြီး အဆင်မပြေဘူးလား..."

မိန်းမပျိုလေးက သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ကုန်သွယ်ရေးခန်းမကို သွားလည်း အပိုပါပဲ... အစားအစာနဲ့ ရေရဲ့ ဈေးနှုန်းတွေက သုံးဆလောက် မြင့်တက်သွားပြီး ကုန်သွယ်ရေးခန်းမမှာ ဝယ်ယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်...”

“ဒါ့အပြင် လူတစ်ယောက်ဟာ တစ်နေ့ကို ရေသန့်တစ်ဘူးနဲ့ ပေါင်မုန့်နှစ်လုံးပဲ ဝယ်ယူခွင့်ရှိတာပါ... စွမ်းအားရှင်တွေအတွက်တော့ ဒီလောက် အစားအစာနဲ့ ရေပမာဏက လုံးဝမလုံလောက်ဘူး..."

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်။

"စခန်းမှာ အရေးပေါ် အစားအစာ သိုလှောင်ရုံတွေ မရှိဘူးလား... အခုလို အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အချိန်မှာ သူတို့ ဘာဖြစ်လို့ ထုတ်မပေးကြတာလဲ..."

မိန်းမပျိုလေးက ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ညီမလည်း မသိပါဘူး... တကယ်တော့ ကုန်သွယ်ရေးခန်းမကို သွားပြီး အစားအစာနဲ့ ရေကို ဝယ်ယူလို့ ရပါသေးတယ်...”

“ဒါပေမဲ့ အဲဒီမှာ ပစ္စည်းဝယ်ယူဖို့အတွက် ပံ့ပိုးမှုအမှတ်တွေကိုပဲ အသုံးပြုလို့ ရတာပါ... အခုလို အခြေအနေမျိုးမှာ အင်အားတောင့်တင်းတဲ့ အဖွဲ့တွေပဲ အပြင်ထွက်ပြီး တာဝန်တွေကို ထမ်းဆောင်ဝံ့ကြတာလေ...”

“ကျန်တဲ့သူတွေကတော့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ထုတ်ပြီး အစားအစာ ဒါမှမဟုတ် ရေနဲ့ လဲလှယ်ကြရုံပဲ ရှိတာပေါ့..."

သူမက စကားကို ခေတ္တရပ်လိုက်ပြီး ပိတ်စပေါ်ရှိ ပစ္စည်းများကို ကြည့်ရင်း ပြောလိုက်သည်။

"စိတ်မကောင်းစရာကတော့ လူတိုင်းက အခြေအနေတူတူပဲမို့လို့ အခုအချိန်မှာ ဘယ်သူကမှ အစားအစာနဲ့ ရေကို တခြားပစ္စည်းတွေနဲ့ မလဲလှယ်ချင်ကြတော့ဘူး..."

မိန်းမပျိုလေးက လက်ရှိအခြေအနေကို ညည်းတွားနေစဉ် ထူထူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

'သခင်မလေး... ကျွန်မတို့ ရေကို ရောင်းချနိုင်မှတော့ အစားအစာကိုလည်း ဘာလို့ မရောင်းချရမှာလဲ... ဒါဆိုရင် ပုံဆောင်ခဲအမြုတေတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အများကြီး စုဆောင်းနိုင်မှာပေါ့...'

ထူထူ၏ စကားကို ကြားရသောအခါ ကျူးလင်က ခေတ္တမျှ တွေးတောလိုက်ပြီး ပြန်ပြောလိုက်သည်။

'မင်းပြောတာ မှန်တယ်... ဒီမိန်းမပျိုလေးနဲ့ အစားအစာအချို့ကို အရင်ဆုံးလဲလှယ်ကြည့်ပြီး အစားအစာရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ကြည့်ရအောင်...'

ထိုသို့ပြောပြီးနောက် ကျူးလင်က ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး သေးငယ်သော သစ်သီးလှီးဓားလေးတစ်ချောင်းကို ညွှန်ပြကာ မေးလိုက်သည်။

"ဒီဓားလေးက ဘယ်လောက်လဲဟင်..."

မိန်းမပျိုလေးက သစ်သီးလှီးဓားကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"ဟို... ဘီစကစ်မုန့်တစ်ထုပ်လောက်ပါ..."

ကျူးလင်တွင် မည်သည့်ဘီစကစ်မုန့်မျှ မရှိသဖြင့် ပြောလိုက်သည်။

"ကျွန်မဆီမှာ ဘီစကစ်မုန့်မရှိဘူး... တခြားအရာနဲ့ လဲလှယ်လို့ ရမလား..."

မိန်းမပျိုလေး၏ မျက်ဝန်းများ တောက်ပသွားပြီး ပြောလိုက်သည်။

"ဘယ်လို အစားအစာမျိုးလဲဆိုတာကို အရင်ဆုံးပြပေးပါဦး..."

တိုက်ခန်းကို ငှားရမ်းပြီးနောက် ကျူးလင်သည် ကန်စွန်းဥများကို စိုက်ပျိုးရန် နာရီပေါင်းများစွာ အချိန်ပေးခဲ့ရသည်။

သိုလှောင်အိတ်ထဲတွင် ကန်စွန်းဥတောင်ငယ်လေးတစ်ခုသဖွယ် စုပုံနေချေပြီ။

ထိုကန်စွန်းဥများကို တွေးတောလိုက်ရင်း သူမသည် သေးငယ်သော ကန်စွန်းဥတစ်လုံးကို ရွေးချယ်ကာ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး မေးလိုက်သည်။

"ဒါလေးနဲ့ဆိုရင်ကော ဘယ်လိုလဲ..."

သူမတွင် နေရာလွတ်စွမ်းရည် ရှိနေသည်ကို မြင်ရသော်လည်း မိန်းမပျိုလေးမှာ အံ့ဩခြင်းမရှိပေ။

နေရာလွတ်စွမ်းရည်သည် အလွန်ရှားပါးသော်လည်း သူမအနေဖြင့် ထိုသို့သော စွမ်းအားရှင်အနည်းငယ်နှင့် သိကျွမ်းဖူးပေသည်။

သို့သော် ကျူးလင်၏ လက်ဖဝါးပေါ်ရှိ ကန်စွန်းဥပေါ်သို့ သူမ၏ အကြည့်များ ကျရောက်သွားသောအခါတွင်မူ အလွန်အမင်း အံ့အားသင့်သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။

All Chapters