အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) - ပြန်လည်ဆုံတွေ့ခြင်း
မိန်းကလေးငယ်၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို ကြည့်ရင်း ကျူးလင်က ခေါင်းလေးကို အသာစောင်းကာ မေးလိုက်သည်။
"မင်းက ဘီစကစ်ပဲ လက်ခံတာလား..."
ထိုမိန်းကလေးငယ်သည် သတိပြန်ဝင်လာသောအခါ ခေါင်းကို အမြန်ခါယမ်းလိုက်ချေသည်။ သူမသည် ကျူးလင်၏လက်ထဲမှ သူမဦးခေါင်းခန့် ကြီးမားသော ကန်စွန်းဥကြီးကို လှမ်းယူကာ လက်နှစ်ဖက်ဖြင့် အလေးချိန်ကို စမ်းသပ်ကြည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူမသည် မျက်လုံးများ ပြူးကျယ်သွားပြီး ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"မမ... ဒီကန်စွန်းဥက အဲဒီသစ်သီးလှီးဓားလေးတစ်ချောင်းတည်းနဲ့ဆိုရင် အများကြီး ပိုလွန်းနေပါတယ်...မမ နောက်ထပ် ပစ္စည်းအချို့ကို ထပ်ရွေးပြီး ဒီကန်စွန်းဥကို ပေးရင်ရော ဘယ်လိုလဲဟင်..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ငါက အဲဒီဓားလေးပဲ လိုချင်တာ..."
မိန်းကလေးငယ်သည် ထိုစကားကို ကြားသောအခါ မျက်ဝန်းထဲမှ မျှော်လင့်ချက်အရောင်အဝါတို့ မှေးမှိန်သွားပြီး ပြောလိုက်လေသည်။
"မမရယ်... ကျွန်မဆီမှာ ရှိသမျှအရာအားလုံးကို ပေးနိုင်ပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး ဒီကန်စွန်းဥကိုတော့ ကျွန်မကို ပေးပါနော်..."
သူမ၏ စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်ကာ ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အင်း... မင်း ယူထားလိုက်ပါ..."
ပြောပြီးသည်နှင့် သူမသည် သစ်သီးလှီးဓားလေးကို ကောက်ယူကာ ထူထူနှင့်အတူ ထွက်ခွာလာခဲ့လေသည်။
ကျူးလင်က သစ်သီးလှီးဓားလေးတစ်ချောင်းတည်းကိုသာ ယူဆောင်သွားသည်ကို မြင်သောအခါ မိန်းကလေးငယ်က လှမ်းအော်ပြောလိုက်၏။
"မမ... တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်နော်..."
မိန်းကလေးငယ်၏ စကားကို ကြားသောအခါ ကျူးလင်က လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကာ သူမ၏ တိုက်ခန်းအဆောက်အအုံဆီသို့ ပြန်လျှောက်လာခဲ့ချေသည်။
သစ်သီးလှီးဓားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရင်း ကျူးလင်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
“အခုအချိန်မှာတော့ အစားအစာနဲ့ ရေက ပုံဆောင်ခဲအမြုတေတွေထက် တကယ်ပဲ ပိုပြီး တန်ဖိုးရှိပုံရတယ်...”
ထူထူက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“သခင်မလေး... အခုအခြေအနေကို အခွင့်ကောင်းယူပြီး ပုံဆောင်ခဲအမြုတေတွေ အများကြီး ရှာနိုင်မယ်ဆိုရင် မကြာခင်မှာပဲ ကျင့်ကြံမှု အဆင့်တက်လှမ်းနိုင်မှာပါ...”
ကျူးလင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။
“အင်း... ငါ ဝိညာဉ်စွမ်းအင်သန့်စင်ခြင်းအဆင့်ကို အမြန်ဆုံး ကျော်ဖြတ်ဖို့ လိုတယ်... နေ့တိုင်း စားသောက် အိပ်စက်နေရတာက တကယ်ကို စိတ်ရှုပ်စရာကောင်းလွန်းတယ်...”
ကျူးလင်သည် တိုက်ခန်းအဆောက်အအုံ၏ အရေးပေါ်လှေကားအတိုင်း တက်လာစဉ် မုန့်ကျယ်လန်နှင့် သူမ၏သူငယ်ချင်းဖြစ်သူတို့နှင့် ဆုံမိလေသည်။ ကျူးလင် ရောက်လာသည်ကို မြင်သောအခါ မုန့်ကျယ်လန်က ပြုံးပြကာ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ အစ်မကြီး..."
လှေကားထစ်ပေါ်တွင် ထိုင်နေကြသော မုန့်ကျယ်လန်နှင့် သူမ၏သူငယ်ချင်းကို ကြည့်ကာ ကျူးလင်က မေးလိုက်သည်။
"မင်္ဂလာပါ... မင်းတို့နှစ်ယောက် ဘာလို့ ဒီမှာ ထိုင်နေကြတာလဲ..."
ကျူးလင်၏ တည်ငြိမ်သော အမူအရာနှင့် ပုံမှန်အတိုင်း ရှူရှိုက်နေသော အသက်ရှူသံကို ကြည့်ကာ မုန့်ကျယ်လန်က တွေးလိုက်မိသည်။
'အဆင့်မြင့် သဘာဝလွန်စွမ်းအားရှင်တစ်ယောက်က သာမန်လူတွေနဲ့ တကယ်ကို ကွာခြားတာပဲ...”
“နနနဲ့ငါလည်း စွမ်းအားရှင်တွေ ဖြစ်ပေမဲ့ ဆယ့်ငါးထပ်အထိ လှေကားတက်လာရတာ အသက်ရှူမဝဘဲ မောပန်းနွမ်းနယ်နေပြီ... ဒါပေမဲ့ ဒီအစ်မကြီးကတော့ အခုထိ တည်ငြိမ်နေတုန်းပဲ... ချွေးတစ်စက်တောင် မထွက်ဘူး”
ထိုသို့တွေးတောလိုက်ရင်း သူမသည် ကျူးလင်ကို ပြုံးပြကာ ပြောလိုက်သည်။
"ကျွန်မတို့ ဒီမှာ ခဏလောက် နားနေတာပါ..."
သူမ၏အဖြေကို ကြားသောအခါ ကျူးလင်က ၎င်းတို့၏ မောပန်းနေသော မျက်နှာများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
သူမ စတင်ပြောင်းရွှေ့လာစဉ်က မုန့်ကျယ်လန် ပြောခဲ့သည့် စကားများကို ပြန်လည်သတိရမိသဖြင့် ကျူးလင်သည် သိုလှောင်အိတ်ထဲမှ သခွားသီးနှစ်လုံးကို ထုတ်ယူလိုက်လေသည်။
သခွားသီးများကို မုန့်ကျယ်လန်ထံသို့ ကမ်းပေးရင်း သူမက ပြောလိုက်သည်။
"အိမ်နီးနားချင်းတွေပဲ ကူညီကြရမှာပေါ့..."
မုန့်ကျယ်လန်၏ လက်ထဲသို့ သခွားသီးများ ထည့်ပေးပြီးနောက် သူမသည် လှေကားအတိုင်း ဆက်လက်တက်သွားခဲ့ချေသည်။
ကျူးလင် ထွက်ခွာသွားပြီးနောက် မုန့်ကျယ်လန်နှင့် သူမ၏သူငယ်ချင်းဖြစ်သူတို့သည် ကြောင်အမ်းအမ်းဖြင့် အချင်းချင်း ကြည့်လိုက်မိကြသည်။
သုံးလကျော်ကြာပြီးနောက်တွင် ၎င်းတို့သည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ခွင့်ရခြင်း ဖြစ်ပေသည်။
မုန့်ကျယ်လန်က သူမ၏သူငယ်ချင်းကို ကြည့်ကာ ပြောလိုက်သည်။
“နန... ငါတို့ရဲ့ အိမ်နီးနားချင်းအသစ်က တကယ်ကို စွမ်းအားကြီးတဲ့လူတစ်ယောက် ဖြစ်လောက်တယ်..."
ဝမ်နသည် မုန့်ကျယ်လန်၏လက်ထဲရှိ လတ်ဆတ်သော သခွားသီးများကို ကြည့်လိုက်ပြီးနောက် သူမ၏သူငယ်ချင်းကို ပြန်ကြည့်ကာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
မောပန်းနွမ်းနယ်နေသော မိန်းကလေးနှစ်ဦးနှင့်မတူဘဲ ကျူးလင်သည် လှေကားများကို အားစိုက်စရာမလိုဘဲ တက်လာခဲ့ရာ မကြာခင်မှာပင် အထပ်နှစ်ဆယ်သို့ ရောက်ရှိသွားခဲ့၏။
သူမ တံခါးဖွင့်လိုက်စဉ်မှာပင် သူမတိုက်ခန်း၏ မျက်နှာချင်းဆိုင်တံခါးသည်လည်း ပွင့်လာခဲ့သည်။
"ရှောင်လင်..."
ရင်းနှီးနေသော နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသည့် အသံကို ကြားလိုက်ရသဖြင့် ကျူးလင်သည် တုန်လှုပ်သွားခဲ့ချေသည်။
အတိတ်ကာလက ဤအသံကို ကြားရတိုင်း သူမသည် အမြဲတမ်း အန္တရာယ်ရှိသော အခြေအနေများထဲသို့ ကျရောက်လေ့ရှိသည်။
သူမ တစ်ကိုယ်လုံး တောင့်တင်းသွားသည်ကို မြင်သောအခါ ရှို့ဝူက သူမကို ထပ်မံခေါ်လိုက်ပြန်သည်။
"ရှောင်လင်... အဆင်ပြေရဲ့လား..."
ထူထူသည် သူမ၏သခင်မလေး အတိတ်ကို ပြန်လည်တွေးတောနေသည်ကို သတိပြုမိသဖြင့် ကျူးလင်၏ ပါးပြင်ကို အသာပုတ်ကာ မေးလိုက်လေသည်။
“သခင်မလေး... အဆင်ပြေရဲ့လား...”
အတိတ်အမှတ်တရများထဲမှ ရုန်းထွက်ပြီးနောက် ကျူးလင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ ပြောလိုက်သည်။
“အင်း... ငါ အဆင်ပြေပါတယ်...”
ပြောပြီးနောက် သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ရှို့ဝူက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ၏မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ သူမ စိတ်ထဲတွင် အလွန်နေရခက်သွားခဲ့သည်။
ယခု သူကြည့်နေသော ပုံစံသည် သူမ ငရဲဘုံမှ ပြန်လည်ဆွဲထုတ်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားစဉ်က မိစ္ဆာနတ်ဘုရားသည် သူမ၏ ကုတင်ဘေးတွင်ထိုင်ကာ နောက်ထပ် လက်ဆောင်တစ်ခု ပေးဦးမည်ဟု ပြောခဲ့စဉ်ကနှင့် တူညီနေပေသည်။
ထိုစဉ်က မိစ္ဆာနတ်ဘုရားသည် သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများကို ချန်ထားရစ်ခဲ့သည်ကို သူမ သတိမထားမိခဲ့ချေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်သည် နောက်ဆုံးတွင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်လေသည်။ သူမသည် ရှို့ဝူကို ကြည့်ကာ မေးလိုက်၏။
"ရှင်လည်း ဒီအဆောက်အအုံမှာပဲ နေတာလား..."
ရှို့ဝူက ခေါင်းညိတ်ပြကာ မေးလိုက်သည်။
"မင်း ဒီကို ဘယ်တုန်းက ပြောင်းလာတာလဲ..."
"မနေ့မနက်က..."
သူမက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။
ရှို့ဝူသည် သူ၏လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ မနက်သုံးနာရီနီးပါး ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူမကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါ ကုန်သွယ်ရေးခန်းမကို သွားပြီး ရိက္ခာတွေ သွားလဲမလို့... အတူတူ သွားကြမလား..."
ကျူးလင်သည် ရေဓာတ်အဆောင်လက်ဖွဲ့ပေါင်း လေးဆယ်နီးပါးကို အသုံးပြုခဲ့ပြီးဖြစ်သဖြင့် နောက်ထပ် ထပ်မံဖန်တီးရန် လိုအပ်နေသောကြောင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါ လုပ်စရာတွေ ရှိသေးလို့..."
သူမ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် ရှို့ဝူသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမကို ပြုံးပြကာ ပြောလိုက်၏။
"ဒါဆိုလည်း ဟုတ်ပြီလေ... အကူအညီလိုရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်နော်..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်လေသည်။ ရိက္ခာများ သွားရောက်လဲလှယ်ရန် လိုအပ်နေသေးသဖြင့် ရှို့ဝူက ပြောလိုက်သည်။
"ဒါဆို ငါ အရင်သွားနှင့်တော့မယ်... နောက်မှ တွေ့ကြတာပေါ့ ရှောင်လင်..."
ပြောပြီးနောက် ရှို့ဝူသည် တံခါးကို သော့ခတ်ကာ ထွက်ခွာသွားခဲ့သည်။ စင်္ကြံထောင့်တွင် သူ၏ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျူးလင်သည် သက်ပြင်းအသာ ချလိုက်မိသည်။
ထူထူက သူမကို ကြည့်ကာ မေးလိုက်လေသည်။
“သခင်မလေး... သူက တကယ်ပဲ မိစ္ဆာနတ်ဘုရားလို့ ထင်လား...”
ကျူးလင်သည် ထူထူ၏မေးခွန်းကို ပြန်မဖြေဘဲ သူမ၏တိုက်ခန်းထဲသို့ ဝင်ကာ တံခါးကို သော့ခတ်လိုက်၏။
ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း သူမက ပြောလိုက်သည်။
"သူ့မှာ မိစ္ဆာနတ်ဘုရားနဲ့ တစ်ထပ်တည်းတူတဲ့ မျက်နှာနဲ့ အသံ ရှိနေတယ်... "
“သူ့ရဲ့ အောက်ဒန်တျန်ထဲမှာလည်း မိစ္ဆာအမြုတေ ရှိနေသေးတယ်... ဒီသက်သေတွေအားလုံး ရှိနေမှတော့ သူ့ကို မိစ္ဆာနတ်ဘုရားလို့ မတွေးမိဖို့က ငါ့အတွက် ခက်ခဲလွန်းတယ်..."