အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) - သူစိမ်းများ
မိစ္ဆာနတ်ဘုရား၏ အတိတ်က လုပ်ရပ်များကို တွေးတောမိရင်း ထူထူသည် သူ၏သခင်မက သူ့ကို အဘယ်ကြောင့် တစ်ချိန်တည်းတွင် မုန်းတီးကာ ကြောက်ရွံ့နေရသည်ကို နားလည်နိုင်ပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ထူထူက ကျူးလင်၏လက်ကို ပုတ်ကာ မေးလိုက်လေသည်။
"သခင်မလေး… ရေမန္တန်အဆောင်လက်ဖွဲ့တွေ ပိုပြီး သန့်စင်ချင်တယ်လို့ ပြောထားတယ် မဟုတ်လား..."
ထူထူ၏ မေးခွန်းကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်၏။
သူမသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကလောင်တံတစ်ချောင်း၊ သန္ဓေပြောင်းတောဝက်၏ သွေးများထည့်ထားသော ပုလင်းတစ်လုံးနှင့် အဆောင်စက္ကူတစ်ထပ်ကို ထုတ်ယူလိုက်လေသည်။
ထူထူ၏ ကူညီမှုဖြင့် ကျူးလင်သည် ရေမန္တန်အဆောင်လက်ဖွဲ့ကို စတင်သန့်စင်တော့သည်။
နှစ်နာရီခန့် ကြာပြီးနောက် သူမသည် ကလောင်တံကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ကြည်လင်သော ကောင်းကင်တွင် နေမင်းကြီးက တောက်ပနေပြီး အပူချိန်ကလည်း စတင်မြင့်တက်လာသည်ကို မြင်သောအခါ သူမက ပြောလိုက်လေသည်။
"ဒီနေ့ နေက ပိုစောစောထွက်လာတယ်..."
ထူထူကလည်း သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ပြောလိုက်၏။
"ဒီနေ့ အပူချိန်က မနေ့ကထက် ပိုမြင့်မယ့်ပုံပဲ..."
ယုန်လေး၏ စကားကို ကြားသောအခါ ကျူးလင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမသည် အကြည့်ကို လွှဲလိုက်ပြီး ကျန်ရှိနေသော သွေးများနှင့် အဆောင်စက္ကူများကို စဉ်းစားတွေးတောစွာ ကြည့်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ပြောလိုက်လေသည်။
"ငါတို့ အပြင်မထွက်နိုင်မှတော့ ရေခဲဓာတ် အကာအကွယ်အဆောင်တချို့ သန့်စင်ကြရအောင်... ဒီလိုရာသီဥတုမျိုးမှာ အသုံးဝင်မှာ သေချာတယ်..."
ထူထူက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် နောက်ထပ်တစ်နာရီခန့် အချိန်ယူကာ ကုန်ကြမ်းအားလုံးကို အသုံးပြုလိုက်ကြသည်။
ကျူးလင်က အဆောင်လက်ဖွဲ့အားလုံးနှင့် ကလောင်တံကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်ထည့်လိုက်သည့် အခိုက်အတန့်တွင်ပင် တံခါးခေါက်သံ ထွက်ပေါ်လာချေသည်။
ကျူးလင် မတ်တတ်မထရသေးမီမှာပင် ထူထူသည် တံခါးဆီသို့ ပြေးသွားပြီး တံခါးအောက်ခြေအက်ကြောင်းမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်၏။
စစ်ဖိနပ် လေးရံကို မြင်လိုက်ရသောအခါ ယုန်လေးက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်လေသည်။
“သခင်မလေး... အပြင်မှာ လူစိမ်း လေးယောက် ရောက်နေတယ်...”
ကျူးလင်က မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီးနောက် မတ်တတ်ထကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
တံခါးမဖွင့်မီ သူမသည် ထူထူကို ပွေ့ချီကာ ပုခုံးပေါ်တွင် တင်ပေးလိုက်၏။ တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် တူညီသော အနက်ရောင်ယူနီဖောင်းများကို ဝတ်ဆင်ထားသော မျက်နှာထားတည်တည်ဖြင့် ရပ်နေသည့် အမျိုးသား လေးဦးကို သူမ တွေ့လိုက်ရလေသည်။
ထိုစစ်သားများသည် သူမကို မြင်သောအခါ အံ့အားသင့်သွားကြသော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုကြောင့် ၎င်းတို့၏ မျက်နှာအမူအရာက ပြောင်းလဲမသွားပေ။
ကျူးလင်က သူတို့ကို ခေတ္တမျှ အကဲခတ်ပြီးနောက် မေးလိုက်လေသည်။
"တစ်ခုခု လိုအပ်လို့လား..."
သူမ၏ အသံကို ကြားလိုက်ရသောအခါ ဗိုလ်ကြီးထန်သည် အကြောင်းပြချက်မရှိဘဲ စိတ်နှလုံးကို အေးချမ်းတည်ငြိမ်သွားစေသည့် ထူးဆန်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ မိန်းကလေး... အခုလိုအချိန်မှာ လာနှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ မိန်းကလေး ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးဖို့ လိုအပ်ပါတယ်..."
ကျူးလင်က ဗိုလ်ကြီးထန်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
"ကျွန်မက ဘာလို့ ရှင်တို့နောက်ကို လိုက်ရမှာလဲ..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဗိုလ်ကြီးထန်က ပြန်လည်ဖြေကြားလိုက်လေသည်။
"ကျွန်တော်တို့ ဗိုလ်မှူးကြီးက မိန်းကလေးနဲ့ ဆွေးနွေးစရာ ရှိလို့ပါ... မိန်းကလေးအနေနဲ့ ကျွန်တော်တို့နဲ့အတူ အလယ်ပိုင်းဇုန်မှာရှိတဲ့ ကွပ်ကဲမှုဌာနချုပ်ကို လိုက်ခဲ့ပေးရပါမယ်..."
သူမသည် ထိုလူလေးဦးကို ကြည့်လိုက်ပြီးနောက် စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်ကြီးမှတစ်ဆင့် ကောင်းကင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။
"အပြင်မှာ အရမ်းပူတယ်... ရှင်တို့ ဗိုလ်မှူးကြီးက ကျွန်မနဲ့ ဆွေးနွေးစရာရှိရင် သူ့ကိုပဲ လာတွေ့ခိုင်းလိုက်ပါ... ကျွန်မကတော့ နေဝင်တဲ့အထိ အိမ်မှာပဲ ရှိနေမှာ..."
ပြောပြီးသည်နှင့် ကျူးလင်က သူတို့ကို ခေါင်းညိတ်ပြကာ တံခါးကို ပိတ်လိုက်လေသည်။ ပိတ်သွားသော တံခါးကို ကြည့်ရင်း စစ်သားတစ်ဦးက ဗိုလ်ကြီးကို လှမ်းကြည့်ကာ မေးလိုက်၏။
"ဗိုလ်ကြီး... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..."
ထန်ပိုင်က ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းတို့ ဒီမှာပဲနေပြီး သူမကို ကာကွယ်ပေးထားလိုက်... ငါ ပြန်သွားပြီး ဗိုလ်မှူးကြီးမော့ကို အစီရင်ခံလိုက်မယ်..."
သူက ထိုသို့ပြောလိုက်သောအခါ စစ်သားသုံးဦးက အလေးပြုကာ တစ်ပြိုင်နက်တည်း ပြန်ပြောလိုက်ကြ၏။
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."
ထန်ပိုင်က ပိတ်ထားသော တံခါးကို နောက်တစ်ကြိမ် လှမ်းကြည့်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။
တိုက်ခန်းအဆောက်အအုံပြင်ပသို့ ရောက်ရှိလာသောအခါ ပြင်းထန်သော နေရောင်ခြည်ကြောင့် အရေပြားများ ပူစပ်ပူလောင် ဖြစ်လာသဖြင့် သူသည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်သည်။
သူ တစ်ယောက်တည်း ပြန်လာသည်ကို မြင်သောအခါ ဒရိုင်ဘာဖြစ်သူ စစ်သားက သူ၏နောက်ကျောဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့သဖြင့် မေးလိုက်လေသည်။
"ဗိုလ်ကြီး... ပစ်မှတ်ကော ဘယ်မှာလဲ..."
ထန်ပိုင်က စစ်သုံးယာဉ်ပေါ်သို့ တက်လိုက်ရင်း ပြောလိုက်၏။
"ကွပ်ကဲမှုဌာနချုပ်ကို ပြန်မောင်းတော့..."
အမိန့်ရရှိပြီးနောက် ထိုစစ်သားသည် မည်သည့်မေးခွန်းမျှ ထပ်မမေးတော့ဘဲ ကားကို စက်နှိုးကာ ကွပ်ကဲမှုဌာနချုပ်ဆီသို့ မောင်းနှင်သွားတော့သည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့သည် ကွပ်ကဲမှုဌာနချုပ် အဆောက်အအုံ၏ မြေအောက်ထပ်သို့ ရောက်ရှိသွားကြချေသည်။
ထန်ပိုင်က ကားပေါ်မှ ဆင်းလိုက်ရင်း ဒရိုင်ဘာကို ပြောလိုက်လေသည်။
"ဒီမှာပဲ စောင့်နေ... ငါ ခဏနေရင် ပြန်လာခဲ့မယ်..."
ကားတံခါးကို ပိတ်ပြီးနောက် ထန်ပိုင်သည် အရေးပေါ်လှေကားဆီသို့ လျှောက်သွားကာ ဆယ်ထပ်မြောက်သို့ တက်လှမ်းသွား၏။
သူ ရောက်ရှိလာသည်ကို မြင်သောအခါ ကွပ်ကဲမှုဌာနချုပ် တံခါးဝတွင် စောင့်ကြပ်နေသော စစ်သားနှစ်ဦးက အလေးပြုကာ တံခါးကို ဖွင့်ပေးလိုက်ကြလေသည်။
ကျယ်ဝန်းလှသော ကွပ်ကဲမှုဌာနချုပ်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာစဉ် ထန်ပိုင်သည် အခန်းအလယ်တွင် ရပ်ကာ ဖန်သားပြင်ကြီးကို ကြည့်နေသော မော့ရန်ကို တွေ့လိုက်ရ၏။
သူသည် မော့ရန်ကို အလေးပြုလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ဗိုလ်မှူးကြီး... ပစ်မှတ်က အပြင်မှာ အရမ်းပူလွန်းလို့ ဒီကို မလာချင်ဘူးလို့ ပြောပါတယ်...”
“ပြီးတော့ ဗိုလ်မှူးကြီးကိုပဲ သူမဆီ လာတွေ့ဖို့ ပြောလိုက်ပါတယ်... ကျွန်တော်တို့ရဲ့ တာဝန်က သူမကို ဘေးကင်းအောင် စောင့်ရှောက်ရမှာဖြစ်လို့ အတင်းအကျပ် ခေါ်ဆောင်လာဖို့ မဝံ့ရဲခဲ့ပါဘူး..."
ထန်ပိုင်၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် မော့ရန်က ခေတ္တမျှ စဉ်းစားကာ ပြောလိုက်၏။
"ဒီမိန်းကလေးက တကယ်ပဲ သာမန်လူတွေနဲ့ မတူဘူးပဲ..."
ထန်ပိုင်သည် မော့ရန်၏ မျက်နှာအမူအရာကို ဂရုတစိုက် အကဲခတ်ကြည့်သော်လည်း ထုံးစံအတိုင်း တည်ငြိမ်အေးဆေးနေသည့် အမူအရာမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေ့ရှိရပေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မော့ရန်က ကိုယ်ကိုလှည့်ကာ ပြောလိုက်လေသည်။
"ငါတို့ သွားပြီး တွေ့ကြတာပေါ့..."
ပြောပြီးသည်နှင့် သူသည် ကွပ်ကဲမှုဌာနချုပ်ပြင်ပသို့ လျှောက်လှမ်းသွားတော့သည်။
ထန်ပိုင်သည် စစ်အခြေစိုက်စခန်း၏ အခြေအနေမှန်ကို ပြသနေသော မရေမတွက်နိုင်သည့် ဖန်သားပြင်ငယ်လေးများကို ဖန်သားပြင်ကြီးပေါ်တွင် တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်ကာ ကွပ်ကဲမှုဌာနချုပ်ထဲမှ လိုက်ပါထွက်ခွာသွားလေသည်။
ဧည့်ခန်းထဲတွင် ကျူးလင်သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အလုပ်ရှုပ်နေပေသည်။
သူမသည် အစားအစာများကို ရောင်းချရန် စီစဉ်ထားသောကြောင့် နေမဝင်မီ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ပိုမိုပြင်ဆင်ထားရန် လိုအပ်၏။
ခရမ်းချဉ်သီးပင်တွင် တွဲလောင်းကျနေသော အစိမ်းရောင်ခရမ်းချဉ်သီးလေးများ တဖြည်းဖြည်း အရောင်ပြောင်းလဲလာသည်ကို ကျူးလင် စောင့်ကြည့်နေစဉ်မှာပင် တံခါးခေါက်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
လာရောက်သူများသည် ထိုလူများပင် ဖြစ်လိမ့်မည်ဟု တွေးမိရင်း သူမသည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော ခရမ်းချဉ်သီးများကို လှမ်းကြည့်လိုက်၏။
ထို့နောက် အရာအားလုံးကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှ ထကာ တံခါးဖွင့်ရန် လျှောက်သွားလိုက်လေသည်။
ယခုတစ်ကြိမ်တွင် ကျူးလင် တံခါးဖွင့်လိုက်သောအခါ ယခင်က ရောက်ရှိလာသော လူလေးဦး၏ ရှေ့တွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ သူမသည် ထိုသက်လတ်ပိုင်းအမျိုးသားကို ကြည့်ကာ မေးလိုက်လေသည်။
"ရှင်က ကျွန်မနဲ့ ဆွေးနွေးစရာရှိတယ်ဆိုတဲ့ လူလား..."