← Chapters

အကြောက်တရားကို ကျော်လွှားနိုင်ရန် တစ်ခုတည်းသော နည်းလမ်း

Vol. 9 Ch. 121

အကြောက်တရားကို ကျော်လွှားနိုင်ရန် တစ်ခုတည်းသော နည်းလမ်း

Vol. 9 Ch. 121

ပွဲကြည့်နေသော တပည့်များ၏ အကြည့်များသည် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေပုံ ပေါ်လေသည်။

သို့သော် ထိုအရာသည် ကိစ္စကြီးမဟုတ်ပေ။ သူတို့သည် သိချင်စိတ်ပြင်းပြခြင်း၊ စိတ်ဝင်စားခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းတို့ မဖြစ်သေးသ၍ ကိစ္စကြီး မဟုတ်သေးပေ။

လီချန်ရှို့သည် ထိုအကြည့်များကို မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

သူစိုးရိမ်နေသည့် တစ်ခုတည်းသောအရာမှာ ဂိုဏ်းမှ အကြီးအကဲများသည် သူ ထိုတပည့်ကို‌ ပေးလိုက်သည့် အပြစ်ပေးမှုအသေးစားလေးကြောင့် မကျေမနပ်ဖြစ်သွားမည်ကိုသာ ဖြစ်သည်။

လီချန်ရှို့သည် ကောင်းကျိုး၊ ဆိုးကျိုးများကို ဂရုတစိုက်ချိန်ဆလိုက်၏။

ထိုတပည့် သူ့ကို စကားဖြင့် စော်ကားလိုက်ခြင်းသည် ချုံတောင်လေးမှ ဝါကြီးသူများကို စော်ကားလိုက်သကဲ့သို့ပင် ဖြစ်သည်။

အကယ်၍ သူသာ မတုံ့ပြန်ခဲ့လျှင် အခြားသူများသည် သူ့တွင် အကြံအစည်တစ်ခု ရှိနေသည်ဟု ထင်သွားပေလိမ့်မည်။ ထိုအခါ အခြားသူများသည် သူ့ကို သတိထား၍ စောင့်ကြည့်ကြမည်ဖြစ်ပြီး သူ၏ ညံ့ဖျင်းသည့် နတ်ဝိဇ္ဇာအလောင်းအလျာဆိုသော ပုံရိပ်သည်လည်း ပျက်ပြားသွားပေမည်။

သူ တုံ့ပြန်၍ ပေးခဲ့သော အပြစ်ဒဏ်အသေးလေးသည် ထိုတပည့်ကို ဒဏ်ရာကြီးကြီးမားမား မရသွားစေနိုင်ပေ။ ထို့ပြင် ထိုအရာကို လှောင်ပြောင်မှုတစ်ခု အဖြစ်ပင် သဘောထားနိုင်သေးသည်။ ထိုမှသာ သူသည် အတွင်းကြိတ်ကြံနေခြင်းမဟုတ်ဘဲ ထိုနေရာ၌ပင် လက်စားချေလိုက်ပြီး ဖြစ်သည်ဟု အခြားသူများ တွေးမိသွားမည် ဖြစ်သည်။

လီချန်ရှို့သည် သူ၏ တရားထိုင်ဖျာလေးပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။ တပည့်များသည် အကြည့်လွှဲသွားကြသူကလွှဲ၊ ခေါင်းငုံ့သွားသူကငုံ့နှင့် သူနှင့် အကြည့်ချင်းမစုံရဲ ဖြစ်နေကြ၏။

သူသည် ဘေးရှိ ပြုံး၍နေသော သူ၏ဆရာဒေါ်လေးကို ကြည့်လိုက်ပြီး တအံ့တဩ တွေးတောလိုက်လေသည်။

‘ တော်တော်တော့ လှတာပဲ... ’

ထို့နောက် သူသည် မျက်လုံးမှိတ်၍ ‘ သူ၏ ဓမ္မတန်ခိုးများကို ပြန်လည်ဖြည့်တင်း ‘ လိုက်ပြီး လေလှိုင်းအသံဖမ်းအတတ်ကို လျှို့ဝှက်၍ သုံးကာ သူ၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလိုက်သည်။

မကြာမီ လီချန်ရှို့ ပြုံးသွား၏။

အကြီးအကဲအများစု၏ တုံ့ပြန်မှုသည် သူ့အပေါ်သာ အလေးပေးကြသည်။ လီချန်ရှို့သည် ထိုအကြီးအကဲများကို ကာမအားတိုးဆေးလုံးများပေး၍ မျက်နှာလုပ်ထားသည် ဖြစ်သော်လည်း ထိုအကြီးအကဲများသည် အကျိုးသင့်၊ အကြောင်းသင့် ဆုံးဖြတ်တတ်သူများသာ ဖြစ်သည်။ အကြီးအကဲအများစုသည် နတ်‌ရေတံခွန်တောင်မှ တပည့်က စ၍ ရိုင်းပြစော်ကားခြင်း ဖြစ်ကြောင်း ခံစားခဲ့ကြရ၏။

လီချန်ရှို့သည် အသေးစိတ် ပြင်ဆင်ပြီးပေပြီ။ သူသည် အကြိမ်အနည်းငယ်ခန့် ထပ်မံ ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။ သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို မသုံးတော့ဘဲ ပုံမှန်အတိုင်းသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သာမန်တပည့်တစ်ယောက်သာ ဖြစ်သည်ဟူသော သူ့အတွက် ပုံရိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

အခြားတပည့်နှစ်ဦးအကြားမှ ပြိုင်ပွဲသည် စတင်နေပေပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့သည် လွန်ခဲ့သော နှစ်များစွာက လီချန်ရှို့နှင့် အောင်းရိတို့၏ တိုက်ပွဲကိုကြည့်ပြီးနောက် မြေကိုယ်ယောင်ဖျောက်အတတ်ကို လေ့လာခဲ့ကြသူများဖြစ်နေ၏။ သူတို့နှစ်ဦးစလုံးသည် အစောပိုင်းမှ လီချန်ရှို့၏ တိုက်ပွဲကို ကြည့်ရှုပြီးနောက် ယုံကြည်မှုများ ပြည့်ဝနေကြသည်။ သူတို့ ပြုံးလိုက်ကြ၏။

တာဝန်ရှိသူများသည် ထိုနှစ်ဦးကို အမှတ် ရသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲကို ရပ်ရန် ပြောလိုက်၏။ ထို့နောက် တိုက်ပွဲ စတင်ခဲ့၏။

အမျိုးသား တပည့်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဦးညွှတ်လိုက်ကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများ ထိခတ်သွားသောအခါ၌ သူတို့သည် တချိန်တည်းလိုလိုပင် နောက်သို့ ပျံ၍ဆုတ်လိုက်ကြ၏။ သူတို့နှစ်ဦးသည် လက်များကို အလျင်အမြန်လှုပ်ရှားလိုက်ပြီး မန္တန်များကို ထုတ်သုံးလိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများသည် တစ်ဦးကိုတစ်ဦး တုပ၍ လုပ်နေသကဲ့သို့ လွန်စွာ ဆင်တူနေကြ၏။

တချိန်တည်းမှာပင် ဓမ္မတံဆိပ်တော်များ ထွက်လာကြ၏။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဓမ္မရတနာနှစ်ခုစီဖြင့် ပစ်လိုက်၏။ ထိုပစ်လွှတ်လိုက်သော ဓမ္မရတနာများမှာ ဓားပျံတစ်ချောင်း၊ ရူယီတောင်ဝှေး၊ ဓားပျံအတိုတစ်ချောင်းနှင့် အရက်အိုးအသေးလေးတစ်လုံးတို့ဖြစ်ကြသည်။

မြေကိုယ်ယောင်ဖျောက်...

မြေကိုယ်ယောင်ဖျောက်...

ဝုန်း...

ဝုန်း...

ထိုသူနှစ်ဦး မြေပေါ်သို့ ပြန်ကျလာသောအခါ မြေပြင်ပေါ်တွင် တံလျှပ်တစ်ခု ပေါ်လာသကဲ့သို့ပင်။ သူတို့သည် ထို တံလျှပ်အတွင်းဝင်ရောက်၍ ပျောက်ကွယ်သွားလေတော့သည်။

ပွဲကြည့်နေသော တပည့်များသည် လှည့်ပတ်ရှာလိုက်ကြသည်။ ကျောက်စိမ်းစင်မြင့်ပေါ်မှ ကြည့်နေကြသော နတ်ဝိဇ္ဇာများသည်လည်း စူးစိုက်၍ ငေးကြည့်နေကြ၏။

ဓမ္မရတနာများသည် လေထဲတွင် လည်ပတ်၍ ပျံသန်းနေကြ၏။ သို့သော် ပစ်မှတ်များသည် ပျောက်ကွယ်သွားပေပြီ။

မြေအောက်ထဲတွင် ရှိနေသော တပည့်နှစ်ဦးသည်လည်း ကြောင်သွားကြ၏။ သူတို့သည် ချုံတောင်လေး၏ ဆူးချွန်တင်းပုတ် တိုက်ကွက်ကို မှီငြမ်း၍ တိုက်ရန် ကြံစည်ခဲ့ကြခြင်းပင်။ သူတို့သည် မြေကိုယ်ယောင်ဖျောက်အတတ် သုံးကာ သူတို့၏ ပြိုင်ဘက်ကို ဓမ္မရတနာများသုံး၍ တိုက်ခဲ့ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့ အနိုင်ရမည်မှာ သေချာပေသည်။

သို့သော် သူတို့နှစ်ဦးစလုံးသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးခဲ့ကြ၏။ တောင်တစ်ခုမှ အမျိုးသမီးတပည့်တစ်ဦးသည် အသံထွက်၍ ရယ်လိုက်၏။ တစထက်တစ ရယ်သံများပို၍ ထွက်ပေါ်လာလေသည်။

ကျောက်စိမ်းစင်မြင့်ထက်မှ ကြည့်နေသော နတ်ဝိဇ္ဇာများသည် အတန်ငယ် အိုးတိုးအန်းတန်းဖြစ်သွား၏။ သို့သော် သူတို့သည် အားနည်းသော ရယ်သံလေးတစ်သံကို ကြားလိုက်ရ၏။ ထိုင်ခုံကြီးတွင်ထိုင်နေသော ဂိုဏ်းချုပ် ကျိဝူယုံသည် အသံထွက်၍ ရယ်မောနေ၏။

“ ဒီမျိုးဆက်က တပည့်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဟားဟား... အဟွတ်..အဟွတ် ”

ထိုမှသာ ရွှေနတ်လိပ်ကျွန်းမှသူများ၊ ရန်ကျောင်းတော်မှသူများနှင့် မထင်မရှား နတ်ဝိဇ္ဇာဂိုဏ်းမှလူများသည် ပြုံးနိုင်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။ သူတို့သည် လဝက်မျှ ကျင်းပမည့် ထိုပြိုင်ပွဲသည် ပျင်းစရာကောင်းမည်ဟု ထင်ခဲ့ကြ၏။ နတ်ဝိဇ္ဇာပင်မဖြစ်သေးသော တပည့်ငယ်များ အကြားမှ ပြိုင်ပွဲသည် များစွာ စိတ်ဝင်စားစရာမရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်များသည် ထိုမျှ စိတ်ဝင်စားစရာကောင်းမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ခေတ္တကြာပြီးနောက် ယှဉ်ပြိုင် တိုက်ခိုက်နေသော တပည့်နှစ်ဦးသည် ထိုအခြေအနေကို ဖြေရှင်းရန် နည်းလမ်းစဉ်းစားလိုက်ကြ၏။ သူတို့သည် မြေအောက်တွင်လှည့်ပတ်သွားလာကာ တစ်ဦးကိုတစ်ဦး ရှာဖွေနေကြပြီး ဗျူဟာများကို လျှို့ဝှက်သုံးလိုက်ကြလေသည်။

မကြာမီ တပည့်တစ်ဦးသည် ဟာကွက်ပေါ်သွားသဖြင့် မြေကြီးအတွင်းမှ မောင်းထုတ်ခံလိုက်ရလေတော့သည်။ သူသည် မြေပေါ်တွင် တိုက်ခိုက်ရန် အချိန်အတော်ကြာစောင့်နေသော ဓမ္မရတနာများကြောင့် အတန်ငယ် ဒဏ်ရာရသွား၏။ သူသည် အစွမ်းပြရန် အခွင့်အရေးဆုံးရှုံးသွားပေပြီ။

နောက်ပွဲစဉ်များတွင်လည်း တပည့်အချို့သည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးခဲ့ကြ၏။

ထို့ကြောင့် လီချန်ရှို့၏ မြေကိုယ်ယောင်ဖျောက်အတတ်အပေါ် အမြင်များပြောင်းလာကြသည်။ ထိုအတတ်သည် ပြောင်မြောက်သော အတတ်တစ်ခုမဟုတ်ကြောင်း လူများကို ခံစားလာရစေ၏။ ထိုအတတ်သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ အထူးအတတ်တစ်ခုဖြစ်သော်လည်း ထိုအတတ်ကို သုံးလျှင် တိုက်ပွဲသည် ပို၍ ကြာသွားမည် ဖြစ်၏။

နောက်နှစ်နာရီကြာပြီးနောက် ယုံချင်ရွှမ်းယာသည် ပြိုင်ပွဲကွင်းအတွင်းသို့ သွား၍ သူမ၏ ပြိုင်ဘက်ကို ချွေးပင်မစို့ဘဲ အနိုင်ယူခဲ့၏။ သူမသည် တပည့်ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်နှင့်အညီ စွမ်းဆောင်နိုင်ခဲ့ပေသည်။

ပြိုင်ပွဲ ပထမနေ့ ပြီးဆုံးခဲ့ပေပြီ။ တပည့်များအားလုံးသည်လည်း ပဏမအဆင့် ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သည်။ ထို ပဏာမအဆင့်ရှိ ပြိုင်ပွဲ(၁၂)ပွဲသည် အချိန်အကြာဆုံးဖြစ်ပွဲများဖြစ်သည်။ သို့သော် ပဏာမအဆင့်ရှိ နောက်ပိုင်းပွဲများသည် ပို၍မြန်ဆန်သွက်လက်လာပြီး တိုက်ပွဲများသည်လည်း ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလာခဲ့၏။

နောက်တစ်နာရီကြာလျှင် ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးသည် တပည့်များအား တာအိုတရားများကို ရှင်းလင်းသင်ပြပေးမည်ဖြစ်သည်။ ထိုအချိန်အတွင်း၌ တပည့်များသည် သုံးသပ်ချက်အချို့ကို လုပ်၍ရလေသည်။

တချိန်လုံး တရားထိုင်နေခဲ့သော လီချန်ရှို့သည် ရုတ်တရက် သူ၏ဘေးမှထွက်ပေါ်လာသော ရွတ်ဆိုသံကို ကြားလိုက်ရ၏။

ကျိုးကျိုးသည် တစ်ဝက်ခန့်ကျန်သေးသော အရက်အိုးကိုကိုင်၍ ခေါင်းခါယမ်းကာ ရွတ်ဆိုနေသည်။

“ အရှေ့ကျွန်းက အရှေ့သမုဒ္ဒရာရဲ့ အနောက်ပိုင်းမှာ ရှိတယ်။ အရှေ့ကျွန်းမှာ တုနတ်ဝိဇ္ဇာဂိုဏ်းလို့ အမည်ရတဲ့ ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းလေးတစ်ဂိုဏ်းရှိတယ်။ အဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက ချုံတောင်လေးပေါ်မှာ လီချန်ရှို့လို့ အမည်ရှိတဲ့ တပည့်တစ်ယောက်ရှိသတဲ့။ အခု သူက တာအိုပေါင်းစည်းခြင်းအဆင့်မှာ ရောက်နေတယ်တဲ့။ သူက နတ်ဆေးအတတ်၊ မန္တန်အစီအရင်ဆင်တဲ့ အတတ်နဲ့ ကိုယ်ယောင်ဖျောက်အတတ်တွေမှာ ကျွမ်းကျင်တယ်။ သူက သူများတွေကို အချွန်နဲ့ ထိုးရတာကို ကြိုက်သတဲ့... ”

လင်းအယ် ပြုံး၍ ပြောလိုက်သည်။

“ ဆရာဒေါ်လေး တော်ပါတော့။ အစ်ကိုကြီး စိတ်ဆိုးသွားဦးမယ် ”

“ ချန်ရှို့လေး... ”

“ ဟင်... ”

လီချန်ရှို့ မျက်လုံးဖွင့်၍ ကြည့်လိုက်၏။ သူ ပြုံးလိုက်ပြီး ဝိညာဉ်သေရည်ဆေးလုံးထည့်ထားသည့် ပုလင်းနှစ်ပုလင်းကို ထုတ်လိုက်သည်။ ကျိုးကျိုးသည် ထိုပုလင်းများကို ဆွဲယူလိုက်၏။

ကျိုးကျိုးတစ်ယောက် ကျေနပ်သွားဟန်ဖြင့် ပြုံးကာ ပြောလိုက်၏။

“ မင်းရဲ့ ဓမ္မရတနာကို ငါဆော့ရအောင် ပေးစမ်းပါ... ”

“ အဲဒါက ဓမ္မအဆောင်ပါ... ”

လီချန်ရှို့သည် ဆူးချွန်တင်းပုတ်ကိုထုတ်၍ သူ၏ဆရာဒေါ်လေးကို ပေးလိုက်သည်။

“ အခု ဒီနေရာမှာ ပြင်ပက လူတွေအများကြီးရှိတယ်။ ဆရာဒေါ်လေး သွားပြီး အခြားသူတွေကို စနောက်လို့မရဘူးနော်... ”

“ ဟမ်... ငါ့ကို အဲ့လောက်တောင် စိတ်မချနိုင် ဖြစ်နေတာလား... ”

ကျိုးကျိုးသည် မျက်လုံးပင့်လိုက်ပြီး ဆူးချွန်တင်းပုတ်ကို ပခုံးတွင်ထမ်းလိုက်၏။ ထို့နောက် သူမသည် ဝံ့ဝံ့ကြွားကြွား ရင်ကော့၍ တိမ်စီးကာ ပျံသန်းထွက်ခွာသွားလေတော့သည်။

မကြာမီ အဝေးတစ်နေရာမှနေ၍ အော်သံတစ်သံကို ကြားလိုက်ရ၏။

ကြောက်မက်ဖွယ် လက်နက်ကြီး ပြန်ရောက်လာသောအခါ ၎င်း၏ ချွန်ထက်သော ဆူးချွန်များတွင် နတ်သွေးများ စွန်းနေလေသည်။ တပည့်များသည် ထိုလက်နက်ကြီးကို ကြည့်ပင် မကြည့်ဝံ့ကြပေ။

“ ထင်ထားသလိုပဲ... ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ ”

ကျိုးကျိုးသည် ဆူးချွန်တင်းပုတ်ကြီးကို လီချန်ရှို့ထံ ပြန်ပေးလိုက်၏။

“ ‌နောက်ကျရင်လည်း ငါဆော့ရအောင် ထပ်ငှားပေးဦးနော်... ”

လီချန်ရှို့၏ နှုတ်ခမ်းစွန်းများ အတန်ငယ် တွန့်ကွေးသွား၏။ သူသည် မည်သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်း ဆက်၍ မမေးဝံ့တော့ဘဲ ဆူးချွန်တင်းပုတ်ကြီးကိုသာ သိမ်းလိုက်ရလေတော့သည်။

ပထမနေ့တွင် တာအိုတရားကို ရှင်းလင်းသင်ပြပေး၍ သုတ္တန်များ ရွတ်ဖတ်ပေးသော အကြီးကဲသည် လက်ထောက်ဂိုဏ်းချုပ် အရှင်ကျုံးယွီဖြစ်သည်။

ထိုတာအိုရသေ့အိုကြီးသည် ကောင်းကင်ပေါ်သို့ ပျံသန်း၍ သူပင်နားလည်သည့်ပုံ မပေါ်သော ဆန်းကြယ်သည့် သုတ္တန်အချို့ကို ရွတ်လိုက်လေသည်။ ထို့နောက် သူသည် ရန်ကျောင်းတော်၏ မေတ္တာသုတ္တန်အကြောင်းကို စတင်ရှင်းလင်းသင်ကြားပေး၏။

စိတ်ငြိမ်သုတ္တန်ပါ အကြောင်းအရာများကိုမူ လူတိုင်းကို သင်ကြားပေး၍ မရပေ။

ထိုညတွင် တပည့်များသည် ပျင်းရိစိတ်ကိုထိန်း၍ သင်ကြားပြသမှုများကို တစ်ညလုံးနားထောင်ခဲ့လေသည်။

ကျောက်စိမ်းစင်မြင့်ပေါ်မှ ဧည့်သည်များမှာမူ တုနတ်ဝိဇ္ဇာခန်းမအတွင်းသို့ ပြန်သွားကြပြီဖြစ်သည်။ ထိုခန်းမအတွင်း၌ သူတို့ကို ဧည့်ခံထားသော စားကောင်းသောက်ဖွယ်များရှိလေသည်။ သူတို့သည် ထိုင်ကာ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြ၏။

‌

နောက်တစ်နေ့နံနက်တွင် တပည့်များသည် ပြန်၍ စိတ်ဓာတ်တက်ကြွလာကြ၏။ ဒုတိယအဆင့် ပဏာမပြိုင်ပွဲများသည် စတင်နေပေပြီ။

ဉာဉ့်တစ်ဝက်ခန့် တုနတ်ဝိဇ္ဇာခန်းမသို့သွား၍ သောက်စားပျော်ပါးနေခဲ့သော ကျိုးကျိုးသည်လည်း လီချန်ရှို့နှင့် လင်းအယ်တို့အနားသို့ အချိန်မီပြန်ရောက်လာလေသည်။

ကျိုးကျိုးက ပြောလိုက်၏။

“ လင်းအယ်လေး... ဆက်ပြီး ကြိုးစားလိုက်ပါဦး။ မင်းပြိုင်ပွဲကွင်းထဲရောက်တဲ့အခါ မကြောက်နဲ့။ သူတို့ကို မင်းမနေ့က လုပ်ခဲ့သလိုမျိုး အော်ဟစ်သွားတဲ့အထိ ချပစ်လိုက်။ ချန်ရှို့လေး... မင်း မိန်းကလေးတွေနဲ့ ယှဉ်ပြိုင်ရရင် မင်း မနေ့ကသုံးခဲ့သလို အကွက်တွေ မသုံးနဲ့နော်... ”

“ မပူပါနဲ့... ဆရာဒေါ်လေး... ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ ကျွန်တော့်ရဲ့ အစွမ်းကို ကျွန်တော်သိပါတယ် ”

ဆရာဒေါ်လေးကျိုးကျိုးသည် ပါးစပ်စီးနေခြင်းဖြစ်နိုင်ပေသည်။ လီချန်ရှို့သည် ထိုနေ့မှ (၁၃၂)ပွဲမြောက်တွင် မိန်းကလေးတစ်ဦးဖြင့် ယှဉ်ပြိုင်ရ၏။

ယနေ့တွင် မည်သည့် လျှို့ဝှက်အကြံအစည်မှ ရှိပုံမရပေ။ အကြီးအကဲများသည် ပြိုင်ပွဲများအတွက် အဆင့်သိပ်မကွာသည့် တပည့်များကို တွဲမပေးတော့ပေ။

ထိုမိန်းကလေး၏ ကျင့်ကြံခြင်းအဆင့်သည် ဗလာနတ္ထိ ဆဋ္ဌမအဆင့်ဖြစ်သည်။ သူမသည် လီချန်ရှို့ထက် အတန်ငယ် အဆင့်နိမ့်လေသည်။

သူမသည် လီချန်ရှို့တစ်ယောက် တပည့်များ၏ ခေါင်းပေါ်မှနေ၍ ပျံသန်းလာကာ သူမနှင့်အတူ ပြိုင်ပွဲကွင်းအတွင်းသို့ ဆင်းလိုက်သည်ကို မြင်လိုက်သည်နှင့် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။

လီချန်ရှို့သည် သူစီစဉ်ထားသည့်အတိုင်းပင် လုပ်ရန် ဆုံးဖြတ်ထား၏။ သူသည် ဤအကြိမ်တွင် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးမည် မဟုတ်ပေ။ သူ၏ ဆူးချွန်တင်းပုတ်ကြီးကိုလည်း ထုတ်သုံးမည် မဟုတ်ပေ။ သူသည် အဆောင်မန္တန်အစီအရင်များကို သုံး၍သာ ပြိုင်ဘက်ကို အရှုံးပေးသွားအောင် ဖိအားပေးမည် ဖြစ်သည်။

သို့သော် လီချန်ရှို့ မမျှော်လင့်ထားသည်များ ဖြစ်ပျက်သွား၏။

ဂိုဏ်းမှ တာဝန်ရှိသူနှစ်ဦးသည် သူတို့၏ လက်အတွင်းမှ ကျောက်စိမ်းပြားများကို စစ်ဆေးပြီး၍ ဘေးသို့ ထွက်သွားကြ၏။ တာဝန်ရှိသူတစ်ဦးသည် လက်မြှောက်၍ ပြိုင်ပွဲစရန် အချက်ပြလိုက်လေသည်။ ပြိုင်ဘက် မိန်းကလေးသည် နောက်သို့ခြေနှစ်လှမ်းဆုတ်၍ လီချန်ရှို့ကို ကြောက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။

လီချန်ရှို့သည် သူတတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် ပြုံးထား၏။ သူ၏ အင်္ကျီလက်အတွင်းမှနေ၍ အဆောင်စက္ကူ(၇၂)ရွက် ပျံထွက်လာသည်။

မြင်တွေ့နေကျဖြစ်သော အဖွင့်တိုက်ကွက်ပင်။

“ ကျွန်မ အရှုံးပေးပါတယ် ”

လီချန်ရှို့ သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။

ပြိုင်ဘက်မိန်းကလေး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု၊ ‌ဒေါသထွက်မှုများနှင့် ပြည့်နေလေသည်။ သူမသည် အံကြိတ်ထားပြီး ကြီးမားသော အရှက်ရမှုတစ်ခု ကြုံခဲ့ရသည့်ဟန်ဖြင့် မျက်လုံးများထဲတွင် မကျေမနပ်မှုများနှင့် ပြည့်နှက်နေပေသည်။ ထိုသို့ အရှုံးပေးပြီးနောက် ပြိုင်ဘက်မိန်းကလေးသည် နောက်လှည့်ကာ အဝေးသို့ ပျံထွက်သွားလေတော့သည်။

လီချန်ရှို့ ဆွံ့အသွား၏။

‘ ငါ ဘာလုပ်မိလို့လဲ ’

အချိန်တစ်ခုမျှ လီချန်ရှို့အပေါ်သို့ စိုးရွံ့မှုများ၊ ရှုတ်ချမှုများနှင့် ပြည့်နေသော အကြည့်များကျရောက်လာလေသည်။ သူသည် ထိုပြိုင်ဘက်မိန်းကလေးကို အမှန်ပင် အနိုင်ကျင့်လိုက်သကဲ့သို့ ထိုအကြည့်များထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အနည်းငယ်လည်း ပါလေသည်။

လီချန်ရှို့သည် ခေါင်းခါယမ်းလိုက်ပြီး တိမ်စီးကာ သူ၏နေရာသို့ပြန်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်လေသည်။

ယနေ့ပြိုင်ပွဲသည် အမှန်ပင် ဦးနှောက်ခြောက်စေ၏။

သို့သော် ဒုတိယနေ့ရှိ ပြိုင်ပွဲသာ ဦးနှောက်ခြောက်စေသည် မဟုတ်ပေ။

တတိယနေ့ရှိ တတိယပွဲတွင် လီချန်ရှို့သည် မွန်းတည့်ချိန်တွင် ယှဉ်ပြိုင်ရ၏။ သူ၏ ပြိုင်ဘက်သည် ဂိုဏ်းတွင်းအဆင့်(၁၀၀)အတွင်း ဝင်သော ထူးချွန်သည့် တပည့်တစ်ဦးဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်သည် ဗလာနတ္ထိနဝမအဆင့်ဖြစ်သည်။

ထိုသူသည် လီချန်ရှို့နှင့် မျက်နှာချင်းမဆိုင်ရသေးခင်မှာပင် သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ သူသည် လက်ချောင်းလေးများကို အဆက်မပြတ် ထိကာ နိမိတ်ဖတ်၊ တွက်ချက်နေ၏။ သူသည် သူ၏ မဖြစ်စလောက် နိမိတ်ဖတ်အစွမ်းကိုသုံး၍ မြေကိုယ်ယောင်ဖျောက်အတတ်နှင့် ဆူးချွန်တင်းပုတ်ကြီးတို့ကို ရင်ဆိုင်နိုင်မည့် ဗျူဟာကို ရှာဖွေနေပုံရသည်။

ဤအကြိမ်တွင် တာဝန်ရှိသူများ ရှေ့သို့ထွက်လာမည်ကိုပင် မ‌စောင့်တော့ဘဲ ထိုသူသည် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

“ ကျွန်တော် အဲဒီအတတ်ကို မယှဉ်နိုင်ပါဘူး... ”

ထို့နောက် သူသည် လီချန်ရှို့ကို ဦးညွှတ်ကာ လူအုပ်ထဲသို့ ပျံသန်း၍ သွားလိုက်လေတော့သည်။

“ ချုံတောင်လေးက တပည့်လီချန်ရှို့ အနိုင်ရရှိသွားပါတယ် ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ ကိစ္စမရှိပါဘူး။ နောက်ထပ် ခုနှစ်ပွဲကျန်ပါသေးတယ်။ အဲဒီလောက်ဆို ငါ့ရဲ့ နာမည်ကို ပြန်အဖတ်ဆယ်ဖို့ လုံလောက်ပါတယ် ’

သူသည် လေလှိုင်းအသံဖမ်းအတတ်ကို သုံးနေသော်လည်း စကာလုံးအနည်းငယ်ကိုသာ ကြားနေရ၏။

“ အဲ့ချုံတောင်လေးက အကြင်နာခေါင်းပါးတဲ့သူက သူရဲ့ ပြိုင်ဘက်နှစ်ယောက်ကို ခြောက်လွှတ်လိုက်တာလေ... ”

“ ငါ အရှုံးမပေးရင်လည်း နိုင်,နိုင်မယ့် နည်းလမ်းမရှိပါဘူး။ သူ့ရဲ့ မြေကိုယ်ယောင်ဖျောက်အတတ်နဲ့ ဆူးချွန်တင်းပုတ်ကြီးကို ယှဉ်ဖို့က မဖြစ်နိုင်ဘူး... အဲ့ ဆူးချွန်တင်းပုတ်ကြီးက ကာကွယ်နတ်အလင်းတွေကိုတောင် ထိုးဖောက်နိုင်တဲ့ နတ်ရတနာလို့ပြောကြတယ်... ”

“ ဟူး... ဒီတစ်ခေါက်မှာ ဒီလို မထင်ထားတဲ့ ပညာရှင်တစ်ဦးရှိမယ်လို့ ငါမတွေးမိခဲ့ဘူး။ ချုံတောင်လေးက အဲ့အကြင်နာခေါင်းပါးတဲ့ သူကို ငါတို့ လျှော့တွက်မိသွားပြီ ”

“ ငါတို့သာ မနက်ဖြန် သူနဲ့တိုက်ရရင် ဘယ်လိုလုပ်မလဲ ”

“ အရှုံးပေးလိုက်ရုံပဲရှိတာပေါ့။ တခြားပွဲတွေ အများကြီးရှိပါသေးတယ်။ ငါ သူနဲ့ နှစ်ခေါက်တော့ မကျလောက်ပါဘူး... ”

ထို့ကြောင့် စတုတ္ထမြောက်နေ့တွင် လီချန်ရှို့၏ အရှေ့၌ ယမန်နေ့က မြင်ခဲ့ဖူးသော လူပင် ပြန်ရောက်လာလေသည်။ သို့သော် အချိန်ကာလသည် မွန်းတည့်ချိန်မဟုတ်တော့ဘဲ နေ့လယ်ခင်းအချိန်ဖြစ်နေပေပြီ။

ဂိုဏ်းမှ တာဝန်ရှိသူများ ‌ရှေ့သို့ ထွက်မလာမီ လီချန်ရှို့က ရုတ်တရက် ထပြောလိုက်၏။

“ ဂိုဏ်းတူညီလေး... အစ်ကိုတို့ ထိပ်တိုက် တိုက်ကြရင် မကောင်းဘူးလား... ”

“ ဘာလို့ ဒီဂိုဏ်းတူအစ်ကိုနဲ့ပဲ လာကျရပြန်တာလဲ... ”

ထိုသူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်များ ရှိနေလေသည်။ သူသည် ခေါင်းမော့ကာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ပြောလိုက်၏။

“ အချိန်နဲ့ ကံတရားပဲ။ နောက်ဆုံးတော့ ကျွန်တော် အစ်ကိုရဲ့ အတတ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ လောကကြီးထဲမှာ ကျွန်တော် မလုပ်နိုင်တဲ့အရာတွေဆိုတာ အမြဲရှိနေမှာပါပဲ။ ဒါက ကျွန်တော့်ရဲ့ ဆရာသင်ပေးထားတဲ့ အတွေးအခေါ်ပါ။ လူတွေက သူတို့ကိုယ်သူတို့ ဖိအားပေးစရာမလိုပါဘူး။ ကျွန်တော်တို့ တာအိုတရားကျင့်ကြံတယ်ဆိုတာ လွတ်လပ်မှုကို ရချင်လို့ပါ။ ဂိုဏ်းတူအစ်ကို... ကျွန်တော် အရှုံးပေးပါတယ် ”

ထိုသို့ပြောပြီးနောက် ထိုသူ၏ မျက်နှာသည် မှုန်မှိုင်းသွားပြီး နောက်လှည့်ကာ ပြိုင်ပွဲကွင်းအတွင်းမှ ထွက်သွားလေတော့သည်။

သူ၏ နောက်ကျောဘက် မြင်ကွင်းသည် မှိုင်းညို့ လွမ်းမောဖွယ်စောင်းသံလေးကိုပင် ကြားနေရသယောင် ခံစားရလေသည်။

လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခုသည် အကြိမ်အနည်းငယ် တွန့်လှုပ်သွား၏။ သူသည် သူ၏ကျောက်စိမ်းပြားပေါ်ရှိ လင်းနေသော အကွက်လေးကွက်ကို ကြည့်လိုက်၏။ သူသည် ခံစားချက်ကင်းမဲ့သော မျက်နှထားဖြင့် သူ၏ နေရာသို့ ပျံသန်း၍ ပြန်သွားလိုက်လေသည်။

သူ လေလှိုင်းအသံဖမ်းအတတ်မှ ကြားနေရသော စကားများတွင် ခံစားချက်များနှင့် ပြည့်နေ၏။

“ တော်‌တော်ရက်စက်တာပဲ။ အဲ့ ဂိုဏ်းတူညီလေးတော့ စိတ်ဓာတ်ကျသွားလောက်ပြီ... ”

“ ဒီ ဂိုဏ်းတူညီလေးက ကံကောင်းပါသေးတယ်...သုံးကြိမ်မှ... ”

“ ဟေး... ပါးစပ်ပုတ်ကြီးနဲ့ မပြောစမ်းနဲ့။ ပြဿနာတက်သွားလိမ့်မယ် ”

လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခု တွန့်ကွေးသွား၏။ ဘေးတွင် ထိုင်နေသော လင်းအယ်သည် တစ်စုံတစ်ခု ပြောလိုဟန်ရှိသော်လည်း သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။

သို့သော် သူမကို ကျိုးကျိုးသည် မနက်ဖြန်အတွက် တိုက်ပွဲဗျူဟာများနှင့် ပတ်သတ်၍ အကြံပေးမည်ဆိုကာ ဆွဲခေါ်လိုက်လေသည်။

လင်းအယ်သည် သုံးပွဲနိုင်၍ တစ်ပွဲရှုံးထား၏။ သူမ ရှုံးထားသော ပွဲမှာ ဂိုဏ်းတွင်းအဆင့်(၇၂)ရှိသော ဂိုဏ်းတူအစ်မတစ်ဦးနှင့် ပြိုင်ရသောပွဲဖြစ်သည်။ သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန် မပေါ်သွားသေးပေ။

ပဥ္စမမြောက်နေ့တွင် လီချန်ရှို့သည် သူ၏ နာမည်ဂုဏ်သတင်းကျဆင်းနေသည်ကို ပြန်အဖတ်ဆယ်ရန် အခွင့်အရေးရခဲ့၏။ သူသည် လက်ရှိတွင် ဂိုဏ်းတွင်းအဆင့်(၆)ဖြစ်သည့် တုလင်တောင်မှ နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးဖြစ်သော လျှိုစစ်ကျဲနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် “လက်ရည်တူ” တိုက်ပွဲကို မျှမျှတတဆင်နွှဲနိုင်တော့မည် ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က တုနတ်ဝိဇ္ဇာဂိုဏ်းအန္တရာယ်ကြုံနေစဉ်တွင် “လျှို့ဝှက်အစောင့်အရှောက်” ဖြစ်ခဲ့သော လီချန်ရှို့သည် အတန်ငယ် စိတ်လှုပ်ရှားလာ၏။

“ ညီလေးလျှို... ”

လီချန်ရှို့သည် ကြည်လင်ပြတ်သားသော အသံဖြင့်ပြောလိုက်၏။

“ ဒီနေ့ အစ်ကိုတို့ အစွမ်းကုန် ထိပ်တိုက် တိုက်ခိုက်မယ်။ ဘယ်လို သဘောရလဲ ”

လျှိုစစ်ကျဲသည် ခနဲ့ပြုံးတစ်ခု မပြုံးချင်၊ ပြုံးချင် ပြုံးလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

“ ဒီနေ့ ကျွန်တော် အစ်ကိုလီရဲ့ မန္တန်တွေ၊ မှော်အတတ်တွေကို သေချာပေါက် မြည်းစမ်းကြည့်ပါမယ်... ”

“ ကျွန်တော် တခြားသူတွေလို မတိုက်ရသေးဘဲ အရှုံးပေးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်လည်း နည်းနည်းပါးပါး ပြင်ဆင်ထားပါတယ် ”

လီချန်ရှို့သည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်ပြီး အတန်ပင် ရင်ထဲထိသွား၏။

ကြည့်စမ်းပါလော့၊တ်ဝိဇ္ဇာအလောင်းအလျာဆိုသည်မှာ မည်သို့နည်း။

နတ်ဝိဇ္ဇာအလောင်းအလျာဆိုသည်မှာ ထိုကဲ့သို့ စိတ်ဓာတ်မျိုး ရှိနေရပေမည်။

ယုံကြည်မှု၊ တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာတို့ ရှိရမည်ဖြစ်သည်။ လျှိုစစ်ကျဲသည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ မျိုးဆက်သစ်တပည့်များ၏ စိတ်ဓာတ်နှင့်အသွင်အပြင် အစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး သူ၏ဆရာများကို ဂုဏ်တက်စေခဲ့ပေပြီ။

မျိုးဆက်တူတပည့်တစ်ဦး ဖြစ်သည့်အပြင် နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးလည်း ဖြစ်သော လီချန်ရှို့သည် အတန်ငယ်ပင် ဂုဏ်ယူသွားမိ၏။

ဂိုဏ်းမှ တာဝန်ရှိသူနှစ်ဦးသည် ထုံးစံအတိုင်းပင် သူတို့၏ လက်အတွင်းရှိ ကျောက်စိမ်းပြားများကို စစ်ဆေးလိုက်သည်။

လျှိုစစ်ကျဲသည် ရတနာအချို့ကို ထုတ်လိုက်၏။ တုလင်တောင်မှ နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးဖြစ်သော လျှိုစစ်ကျဲတွင် ရတနာများရှိသည်မှာ သဘာဝကျပေသည်။

တိတိပပဆိုရလျှင် သူ့တွင် နတ်ရတနာဖြစ်သော ချပ်ဝတ်တစ်ခု ရှိလေသည်။ ထိုချပ်ဝတ်ကို ထုတ်လိုက်ပြီးနောက် သူသည် အတန်ငယ် ချီတုံချတုံဖြစ်နေ၏။ ထို့နောက် သူသည် ချပ်ဝတ်ကို တစ်ပိုင်းစီခွဲထုတ်လိုက်ကာ သူ့ခန္ဓာကိုယ်၏ အားနည်းသောအပိုင်းဖြစ်သည့် ခါးပိုင်းတွင် ကာလိုက်လေသည်။

ထပ်မံတွေးတောပြီးနောက် လျှိုစစ်ကျဲသည် တစ်စုံတစ်ခုလိုအပ်သေးသည်ဟု ခံစားမိသွားပုံရ၏။ သူသည် နောက်ထပ် ရတနာဝတ်ရုံတစ်ခုကို ထုတ်လိုက်ပြီး စိုးရိမ်မကင်းဟန်ဖြင့် သူ၏ ခံစစ်ကို အားဖြည့်လိုက်၏။

ထို့နောက် လျှိုစစ်ကျဲသည် ဓားရှည်တစ်ချောင်းကို ကိုင်ကာ လီချန်ရှို့ကို ပြုံး၍ ကြည့်လိုက်သည်။

“ အစ်ကိုလီ... ကျွန်တော့်ကို သင်ပြပေးပါဦး... ”

လီချန်ရှို့ ဆွံ့အသွားလေတော့သည်။

***

All Chapters