← Chapters

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်းမှ ဝတ်ရုံအဖြူနှင့်လူ

Vol. 9 Ch. 122

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်းမှ ဝတ်ရုံအဖြူနှင့်လူ

Vol. 9 Ch. 122

ထိုတိုက်ပွဲသည် အမှန်ပင် တာအိုပေါင်းစည်း​ခြင်း အဆင့်တွင် ရှိသော ချီကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲသည် နတ်ဝိဇ္ဇာအလောင်းအလျာများ၏ တိုက်ပွဲဖြစ်ရာ ပြင်းထန်လှ၏။

ဓားရှည်သည် လီချန်ရှို့၏ လည်ပင်းနှင့် လက်မဝက်အကွာသို့ ရောက်သွားသောအခါ “ဓမ္မတန်ခိုးများကုန်ခမ်းနေပြီဖြစ်သော” လီချန်ရှို့သည် သူ၏လက်အတွင်းမှ ဆူးချွန်တင်းပုတ်ကြီးကိုချ၍ သက်ပြင်းချလိုက်သည်။

“ ကျွန်တော်ရှုံးပါတယ် ”

သူ့အရှေ့တွင်ရှိသော လျှိုစစ်ကျဲသည်လည်း တစ်ကိုယ်လုံးတုန်ရီနေပြီဖြစ်ပြီး လီချန်ရှို့ကို နှမြောတသဟန်ဖြင့် ကြည့်လိုက်သည်။

သူသည် ကပ်၍ နိုင်သွားခြင်းပင်။

သို့သော် ထိုအရာသည် လီချန်ရှို့၏ သရုပ်ဆောင်မှုများသာ ဖြစ်သည်။

လျှိုစစ်ကျဲသည် သူ၏ဓားကို ပြန်ရုတ်လိုက်ပြီး စကားပြောရန် ချီတုံချတုံဖြစ်နေသည်။

“ အစ်ကိုလီ... ဘာလို့ မြေကိုယ်ယောင်ဖျောက်အတတ်ကို မသုံးတာလဲ... ”

လီချန်ရှို့သည် လျှိုစစ်ကျဲ၏ခါးရှိ အရောင်အဝါများထွက်နေသည့် ချပ်ဝတ်နှင့် ဝတ်ရုံကို ကြည့်လိုက်သည်။ သူခါးသက်သက်ပြုံး၍ ပြောလိုက်၏။

“ ညီလေးလျှို... ညီလေးက အကုန်လုံးအတွက် ကြိုတင်ပြင်ဆင်လာတာပဲ။ ဘာလို့များ မေးနေသေးတာလဲ ”

လျှိုစစ်ကျဲ သဘောပေါက်သွား၏။ တစ်စုံတစ်ခုသည် မူမမှန်ကြောင်း သူခံစားနေရသော်လည်း လီချန်ရှို့ပြောသည့်စကားသည် အဓိပ္ပာယ်ရှိလေသည်။

လျှိုစစ်ကျဲ မည်သို့မှ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လီချန်ရှို့သည် သက်ပြင်းသဲ့သဲ့ချ၍ လျှိုစစ်ကျဲကိုကြည့်ကာ လက်နှစ်ဖက်ဆုပ်လိုက်သည်။ ထို့နောက် သူသည် တိမ်စီးကာ သူ၏နေရာသို့ ပြန်သွားလိုက်လေတော့သည်။

လီချန်ရှို့သည် သူ၏ဓမ္မတန်ခိုးများ ကုန်ဆုံးနေကြောင်း ပို၍ပီပြင်စေရန် သူ၏ ခြေထောက်အောက်ရှိ တိမ်ကို ပါးပါးလျလျသာ ဖန်ဆင်းထားလိုက်သည်။ တိမ်စီးနေစဉ်တွင်လည်း သူ၏ ဓမ္မတန်ခိုးများကို ပြန်ဖြည့်တင်းပေးနိုင်သည့် အားဖြည့်ဆေးလုံးကို လက်မြှောက်၍ သောက်ပြလိုက်ရန်လည်း မမေ့ခဲ့ပေ။

သူ့ကိုကြည့်နေကြသော ပတ်ဝန်းကျင်ရှိ အကြည့်များသည် ယခင်ကကဲ့သို့ အကြောက်တရားများဖြင့် ပြည့်နှက်မနေတော့ပေ။ ထိုအစား သူတို့၏ မျက်ဝန်းများထဲတွင် အထင်ကြီးလေးစားမှုများနှင့်သာ ပြည့်နေလေ‌တော့သည်။

လီချန်ရှို့ တွေးလိုက်၏။

‘ ဒီတိုက်ပွဲက ငါအရင်ရက်တွေက ရခဲ့တဲ့ ဆိုးဝါးတဲ့ပုံရိပ်ကို ချေဖျက်နိုင်လောက်မှာပါ။ အဲ့လို ပုံရိပ်ရှိလည်း ဘာမှတော့မဖြစ်ပေမယ့် ကောင်းတဲ့ပုံရိပ်ရှိတော့ ငါတုနတ်ဝိဇ္ဇာဂိုဏ်းမှာ ပိုပြီး ကောင်းကောင်းမွန်မွန် နေနိုင်တာပေါ့... ’

“ အစ်ကိုလီ... ”

လျှိုစစ်ကျဲသည် နောက်မှနေ၍ ရုတ်တရက် အော်ပြောလိုက်၏။

“ အစ်ကို့ရဲ့ ဆူးချွန်တင်းပုတ်ကြီး... ”

လီချန်ရှို့ နောက်သို့ အတန်ငယ်ခေါင်းလှည့်လိုက်ပြီး ပြုံး၍ ဖြေလိုက်သည်။

“ အဲ့ဓမ္မအဆောင်က ညီလေးအတွက် အမှတ်တရလက်ဆောင်ပါ... ”

လျှိုစစ်ကျဲ၏ မျက်နှာထားပြောင်းလဲသွား၏။ သူသည် ခေါင်းငုံ့၍ မြေပြင်ပေါ်ရှိ “ နတ်လက်နက် ” ကိုငုံ့ကြည့်လိုက်သည်။ သူ၏ နှလုံးသား အတန်ငယ် လှုပ်ခတ်သွားလေသည်။ သို့သော် လျှိုစစ်ကျဲတစ်ယောက် ‌ရှေ့သို့ကိုင်း၍ ဆူးချွန်တင်းပုတ်ကြီးကို ကောက်ယူရန် ပြင်လိုက်စဉ် ၎င်းသည် အလိုလို ပျံထွက်သွားပြီး ဖြူဝင်းချောမွတ်သော လက်နှစ်ဖက်အတွင်းသို့ ကျရောက်သွား၏။

ကျိုးနတ်ဝိဇ္ဇာကိုးပါးထဲမှ တစ်ပါးဖြစ်သော ကျိုးကျိုးသည် ဘေးတွင်ပေါ်လာပြီး ပြုံးလိုက်၏။

သူမက ပြောလိုက်သည်။

“ တူလေးချန်ရှို့က ငါ ဒီလက်နက်ကို ဦးထားပြီးပြီဆိုတာ မေ့သွားလို့ပါ။ စိတ်မကောင်းပါဘူး တူလေးလျှို... ”

ကျိုးကျိုးသည် လက်ဝှေ့ယမ်းလိုက်ပြီး တိမ်စီးကာ လီချန်ရှို့နှင့် လင်းအယ်ထံ ပြန်သွားလိုက်လေသည်။

လျှိုစစ်ကျဲသည် ကျိုးကျိုး၏ နောက်ကျောကို ဦးညွှတ်အရိုအသေပေးလိုက်၏။ ဘေးမှ တာဝန်ရှိသူသည် သူတို့ကို ပြိုင်ပွဲကွင်းအတွင်းမှ ဖယ်ပေးကြရန် လောဆော်လိုက်သောအခါ သူသည် ခေါင်းငုံ့၍ အတန်ငယ်ကျေနပ်နေဟန်ဖြင့် ထွက်သွားလေတော့သည်။

ထိုတိုက်ပွဲသည် သူအမြဲ အမှတ်ရနေတော့မည့် တိုက်ပွဲတစ်ပွဲပင် ဖြစ်လေ၏။

လျှိုစစ်ကျဲသည် ခြေနှစ်လှမ်း လှမ်းပြီးသွားနောက် တစ်စုံတစ်ခုကို တွေးမိသွား၏။

‘ မြေကိုယ်ယောင်ဖျောက်အတတ်နဲ့ ဆူချွန်တင်းပုတ်က တိုက်ခိုက်နိုင်တဲ့ အားနည်းချက်နေရာတွေက အဆက်အစပ်ရှိလို့လား... ’

လီချန်ရှို့သည် သူပေးပစ်လိုက်သော ဆူးချွန်တင်းပုတ်ကြီးကို ဆရာဒေါ်လေးပြန်ယူလာသည်ကို တွေ့လိုက်သောအခါ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားသည်။

“ ဆရာဒေါ်လေး... ဒါက ဓမ္မအဆောင်လေးတစ်ခုပါပဲ ”

ကျိုးကျိုးသည် သူ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး မကျေမနပ်ပြောလိုက်၏။

“ ငါ ဒါကို ကြိုက်တယ်။ ဘာလဲ ကြိုက်လို့မရဘူးလား။ တကယ်ပါပဲ... မင်းမလိုချင်တော့ဘူးဆိုရင်လည်း ငါ့ကိုဖြစ်ဖြစ် လင်းအယ်လေးကိုပဲဖြစ်ဖြစ် လိုချင်လားဆိုပြီး အရင်မေးသင့်တာပေါ့... ဒီဟာက အစွမ်းသိပ်မရှိပေမယ့် ထူးခြားတဲ့ အသွင်အပြင်ရှိပြီး ကြောက်စရာကောင်းတယ်။ ဒါကို ပခုံးပေါ်ထမ်းပြီးသွားရင် လူရှိန်တာပေါ့ ”

ဘေးတွင်ရပ်နေသော လင်းအယ်သည် ပါးစပ်ကိုအုပ်၍ တခစ်ခစ်ရယ်လိုက်၏။ သူမသည် တစ်စုံတစ်ခု ပြောလိုက်သော်လည်း စကားအမှားပါသွားမည် စိုးသဖြင့် ပြုံး၍သာ နှုတ်ဆိတ်ဆက်နေလိုက်လေသည်။

သူမ၏အစ်ကိုကြီးသည် ယခင်က ထိုကဲ့သို့ လက်နက်မျိုးကို အများအပြားလုပ်ခဲ့ဖူး၏။ သူမထံမှာပင် ကြောက်မက်ဖွယ်အသွင်အပြင်ရှိသော်လည်း အစွမ်းသိပ်မကြီးသည် ဓမ္မအဆောင် နှစ်ခု၊ သုံးခုရှိ၏။

လီချန်ရှို့တွင်လည်း ရွေးစရာမရှိခဲ့ပေ။ သူ ထိုလက်နက်များကို ပြုလုပ်ခဲ့စဉ်က အစွမ်းကြီးအောင်လုပ်ရန် မတတ်နိုင်သေးပေ။

အကယ်၍ လီချန်ရှို့တစ်ယောက် နောက်ထပ် ဆူးချွန်တင်းပုတ်တစ်ခု ထပ်လုပ်ခဲ့ပါက ဆူးချွန်တင်းပုတ်၏ ဝိသေသလက္ခဏာများကို အပြည့်အဝအသုံးချနိုင်ရန် သေချာပေါက်ပြုလုပ်ပေလိမ့်မည်။ ထို့ပြင် သူသည် ပုံစံတွင် ညစ်ညမ်းလေကာနတ်အရောင်အဝါနှင့် ကြိမ်နှုန်းမြင့်တုန်ခါလှိုင်းကာဓမ္မရတနာ စသော အသေးစိတ်အချက်အလက်လေးများကို ထပ်မံဖြည့်ပေလိမ့်မည်။

လီချန်ရှို့သည် ဆူးချွန်တင်းပုတ်ကိုမည်သို့ ကြော်ငြာရမည်ကို တွေးတောပြီးသားဖြစ်သည်။

ရှုံးရွာမှ အတုတ်ခိုင်ဆုံး၊ အသန်မာဆုံး ရွာသားတစ်ဦးသည် ဆူးချွန်တင်းပုတ်ကိုကိုင်၍ သူ၏ ထူထဲသော မျက်ခုံးနှစ်ဖက်ကို ပင့်ကာ သိမ်မွေ့သော်လည်း ရှတတဖြစ်နေသည့် အသံဖြင့် ပြောလိုက်သည်။

“ တိုက်ခိုက်တဲ့နေရာမှာ သင်တို့ရန်သူရဲ့ ခေါင်းကို ထက်ခြမ်းခွဲလိုတယ်ဆိုရင်တော့ ဆူးချွန်တင်းပုတ်က အသင့်တော်ဆုံးပါပဲ...ယား... ”

ထိုသို့ကြေညာလျှင် ရောင်းအားသည် သေချာပေါက် ကောင်းမည်ဖြစ်သည်။

ထိုအရာသည် သူ၏ စိတ်ထဲမှ ဟာသတစ်ခုသာဖြစ်သည်။ ဆူးချွန်တင်းပုတ်ကြီးသည် အတန်ငယ် ကျီစယ်ရန်သာ အသုံးဝင်သော ဓမ္မအဆောင်တစ်ခုသာ ဖြစ်သည်။

အကယ်၍ လီချန်ရှို့သာ အစွမ်းကုန်သုံးနိုင်သည့် တိုက်ပွဲကို တိုက်ခဲ့ပါက သူသည် ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကိုထုတ်ပြီး အဆိပ်ဆေးလုံးများနှင့် အိပ်ဆောင်မန္တန်အစီအရင်များကိုသုံးကာ မှော်အစွမ်းများကို ထုတ်သုံးနိုင်လေသည်။ ထို့ပြင် သူသည် သမာဓိမီးတောက်၊ လျှပ်စီးမန္တန်နှင့် သူမဖော်ပြရသေးသည့် အခြား ဝှက်ဖဲများစွာကိုလည်း သုံးနိုင်သေးသည်။

သူ သွေးခြင်ရုပ်သေးများဖြင့် တိုက်ခိုက်ခဲ့စဉ်က နတ်ရတနာတစ်ခုဖြစ်သော ဓားရှည်တစ်ချောင်းကိုလည်း ရရှိခဲ့သေး၏။ ၎င်း၏ စွမ်းအားသည် ထူးကဲကောင်းမွန်လေသည်။

လီချန်ရှို့တစ်ယောက် အဆိပ်ပယ်ပုလဲလုံးကိုလည်း ယူထားသည်ကို ဖော်ပြရန်ပင် လိုမည်မထင်ပေ။

“ အဆိပ်ပညာရှင်တစ်ဦးသည် အဆိပ်ဒဏ်ကို ပို၍ ခံနိုင်ရပေမည် ”

သူသည် ဂိုဏ်းတွင်းပြိုင်ပွဲတွင် ပြိုင်ဘက်မှ တိုက်ခိုက်လာသည်ကို လိုက်လျောညီထွေ ပြန်တိုက်ရန်သာ ပြင်ဆင်ခဲ့ခြင်းပင်။ သူ့ဘက်က လက်ဦးမှုယူ၍ တိုက်ခြင်းမဟုတ်ပေ။

သူသည် ဂိုဏ်းတွင်း၌ မထင်မရှားနေ၍ အေးအေးချမ်းချမ်းပင် ကျင့်ကြံလို၏။ ကောင်းကင်တာအိုတရားတစ်ခုတည်းကသာ သူ၏ ဖြစ်တည်မှုကို မှတ်မိနေလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုအရာသည် လီချန်ရှို့၏ ပန်းတိုင်ပင်။

သူ့တွင် အခြားရွေးချယ်စရာလည်း မရှိပေ။ အာဒိကပ္ပလောကတွင် စွမ်းအားကြီးသူ အမြောက်အမြား ရှိလေသည်။ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းနိုင်မှုသည် ပညာရှင်တစ်ပါးဖြစ်လာစေရန် ပထမဆုံးခြေလှမ်းသာဖြစ်သည်။

သူသည် ပညာရှင်တစ်ပါးပင် ဖြစ်လာစေကာမူ ကပ်ဘေးကြီးဖြင့် ကြုံချိန်တွင် အန္တရာယ်များကို မည်သို့ရှောင်ရှားရမည်ကို မသိလျှင် ပြာပုံဘဝပြောင်းသွားဦးမည်သာ ဖြစ်သည်။

ရွှေကုသိုလ်ခန္ဓာကိုယ်နှင့် နတ်ရတနာသည်သာ လီချန်ရှို့၏ ကယ်ရာမဲ့အထီးကျန် နှလုံးသားကို အတန်ငယ် နွေးထွေးစေနိုင်ပြီး လုံခြုံမှုရှိသည့် အဖိုးတန်ခံစားချက်ကို ခံစားစေနိုင်မည်ဖြစ်သည်။

ဆရာဒေါ်လေးသည် ဆူးချွန်တင်းပုတ်ကြီးကို ကိုင်၍ ပုံစံကို အနည်းငယ် ပြန်ပြင်ရန် ၎င်းကို အဆက်မပြတ် ထုနှက်နေလေသည်။ လင်းအယ်သည်လည်း ဘေးမှနေ၍ လေသံတိုးတိုးဖြင့် အကြံပေးနေ၏။ လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကို ဆက်သုံးနေလိုက်ပြီး အရာအားလုံးကို နားထောင်နေလိုက်၏။ သူ၏ နှုတ်ခမ်းများတွင် ကျေနပ်ဟန် အပြုံးတစ်စ ပေါ်လာလေသည်။

ဆွေးနွေးနေကြသော သူများ၏ ထင်မြင်ချက်များသည် စတင်ပြောင်းလဲနေပေပြီ။

လီချန်ရှို့တစ်ယောက် ထိုပွဲကို ရှုံးပြီးနောက် တပည့်တစ်ဝက်ကျော်လောက်၏ အကြောက်တရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“ ငါတို့သာ ထပ်မကြုံရရင်... ထားလိုက်ပါတော့ အဲဒါက ဒီလောက်လွယ်လိမ့်မယ်လို့ ငါတွေးလို့မရဘူး... ”

“ ခဏအတွင်း ငါ ပြောင်းလဲမှုတွေအကုန်လုံးကို ပြန်တုံ့ပြန်နိုင်မှာပါ... ”

လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်မှနေ၍ ထူးဆန်းသော အသံများကို ကြားလိုက်ရသည်။ သူသည် နတ်အာရုံကို သုံး၍ အာရုံခံကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများတွန့်ကွေးသွား၏။

တောင်စောင်းနှင့် တောင်ကြားတစ်ခုလုံးတွင် တပည့်အချို့သည် လီချန်ရှို့နှင့် လျှိုစစ်ကျဲတို့၏ တိုက်ပွဲကို အခြေခံ၍ ဆွေးနွေးနေကြ၏။ သူတို့သည် မြေကိုယ်ယောင်ဖျောက်အတတ်နှင့် ဆူးချွန်တင်းပုတ်ကြီးကို ရင်ဆိုင်နိုင်မည့် ဗျူဟာများကို ကြိုတင်ပြင်ဆင်နေကြ၏။

ဥပမာအားဖြင့် သူတို့သည် သူတို့၏နောက်ကျောတွင် မှန်ကဲ့သို့ ရတနာများကို ထားကြ၏။ သူတို့သည် ချပ်ဝတ်ဓမ္မရတနာအချို့ကို ဘောင်းဘီရှည်ကြီးများအဖြစ် ပြောင်းလဲကြ၏။

သူတို့၏ အတွေးအခေါ်များသည် မဆိုးလှပေ။ ပြိုင်ပွဲများကို တစ်ပွဲပြီးတစ်ပွဲ ဆက်၍ ကျင်းပနေ၏။ တပည့်အများစုသည် အကောင်းဆုံး ကြိုးစား၍ ယှဉ်ပြိုင်နေကြသည်။

လင်းအယ်သည် အတော်လေး ကံကောင်း၏။ သူမသည် ငါးရက်စလုံးတွင် အစွမ်းကြီးသော ပြိုင်ဘက်နှင့် မကြုံရသေးပေ။ သူမသည် နတ်ရတနာများကို သုံး၍ အလွယ်တကူ လေးပွဲနိုင်ထားသည်ဖြစ်ရာ သူမ၏အစ်ကိုကြီးနှင့် တန်းတူဖြစ်နေသည်။

ခြောက်ရက်မြောက်နေ့ပြီးဆုံးပြီးနောက် ခုနှစ်ရက်မြောက်နေ့သို့ ရောက်လာပေပြီ။

ဂိုဏ်းတွင်းပြိုင်ပွဲကို ဆက်လက်ကျင်းပနေ၏။ ပဏာမအဆင့်၌ တပည့်များ၏ အဆင့်များသည် တဖြည်းဖြည်း ကွဲပြားလာလေတော့သည်။

လီချန်ရှို့သည် အဆင့်(၃၆၀)အတွင်း ဝင်နေပေပြီ။ သို့သော် လင်းအယ်သည် နောက်တစ်ပွဲ ထပ်ရှုံးခဲ့သဖြင့် နောက်ငါးရက်တွင် သုံးပွဲနိုင်မှ ရပေမည်။ လင်းအယ် ဒွိဟဖြစ်နေ၏။

သူမ ထပ်၍ရှုံးသွားသောပွဲတွင် သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ထုတ်သုံးခဲ့ပါက အနိုင်ရမည် ဖြစ်သည်။

ဂိုဏ်းတွင်းပြိုင်ပွဲ၏ သတ္တမမြောက်ညသို့ ရောက်ရှိခဲ့ပေပြီ။ ကျိုးကျိုးသည် ပုံစံပြောင်းထားသော ဆူးချွန်တင်းပုတ်ကြီးကို ထမ်းကာ စားသောက်ရန် တုနတ်ဝိဇ္ဇာခန်းမသို့ ထွက်သွားပြီဖြစ်သည်။

လင်းအယ်သည် ထိုအခွင့်အရေးကို အသုံးချ၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ အစ်ကိုကြီး... ညီမလေး အဆင့်(၁၀၈)အတွင်း မဝင်ရင် အပြစ်ပေးခံရမှာလား... ”

လီချန်ရှို့သည် သူ့ညီမလေးကို လှည့်၍ ကြည့်လိုက်သည်။ လရောင်‌အောက်တွင် သူမ၏ မျက်နှာလေးသည် အတန်ငယ် စိတ်မသက်မသာ ဖြစ်နေဟန်ပေါ်၏။

‘ ငါ သူ့ကို တအား တောင်းဆိုမိသွားတာလား... ’

‘ အင်း... သူက ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်... ’

လီချန်ရှို့ အတန်ငယ် ပြုံးပြလိုက်ပြီး အသံပို့လွှတ်လိုက်၏။

“ ညီမလေးရဲ့ အပြစ်ဒဏ်က ‌ဆေးဖော်‌ဆောင်မှာ တံမြက်စည်းလှဲပြီး အစ်ကိုရဲ့ အဝတ်တွေလျှော်ပေးရုံပါပဲ။ စိတ်အေးအေးနဲ့သာ တိုက်ပါ... ”

“ ဒီ ဂိုဏ်းတွင်းပြိုင်ပွဲမှာ ညီမလေး စိတ်ကြိုက်လုပ်လို့ရပါတယ် ”

လင်းအယ်သည် စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်ပြီး လီချန်ရှို့ကို မျက်နှာမဲ့ပြလိုက်သည်။

“ အဲ့လိုမျိုး စောစောကတည်းက ပြောသင့်တာပေါ့... ညီမမှာတော့ ဒီရက်ပိုင်းအတွင်း အဲ့ကိစ္စကို စိုးရိမ်နေလိုက်ရတာ... ”

“ ‌ဟေး... စည်းကမ်းသုံးချက်ကို မမေ့နဲ့လေ... ”

“ ဟုတ်ကဲ့ပါ... ”

လင်းအယ်သည် အကြည့်လွှဲကာ ကြယ်စုံနေသော ကောင်းကင်ကြီးကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာထားကို အလျင်အမြန် ဖုံးကွယ်လိုက်ရလေတော့သည်။

ယုံချင်ရွှမ်းယာသည် ပထမဆင့်ပြိုင်ပွဲများတွင် ခုနှစ်ပွဲလုံးကို အသာစီးဖြင့် နိုင်ထားပြီ ဖြစ်ကြောင်းကိုလည်း ဖော်ပြရပေမည်။

သူမ၏ ပြိုင်ဘက်သည် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးခဲ့သော အခါ၌ပင် ယုံချင်ရွှမ်းယာသည် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့၏။ သူမသည် လက်တစ်ဖက်တည်းဖြင့်ပင် ဓားကြီးကို ကောင်းစွာကိုင်တွယ်နိုင်ပြီး သူမ၏ ဓားရေးကိုလည်း လူတိုင်းအသိအမှတ်ပြုခဲ့ရပြီဖြစ်သည်။ နတ်ဓားကြီးသည် မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူမ၏ ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ ထွက်လာစေရန် အလွယ်တကူပင် ဖိအားပေးနိုင်ခဲ့လေသည်။

တပည့်ခေါင်းဆောင်ဖြစ်သော သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ မျိုးဆက်သစ်တပည့်များအကြားမှ အလှပဆုံး၊ ဆွဲဆောင်မှုအရှိဆုံး တပည့်တစ်ဦးဖြစ်သည်။

သူမ၏ ပါရမီသည် ထူးချွန်ပြောင်မြောက်ပြီး သူ့မကို ကာကွယ်ရန်လည်း နတ်ရတနာများ ရှိလေသည်။ သူမသည် မှော်အတတ်များ၊ ဓမ္မမန္တန်များကိုလည်း သုံးနိုင်သေးသည်။ သူမသည် တိုက်ခိုက်ရာတွင်လည်း အာရုံစူးစိုက်၍ အလေးအနက် တိုက်ခိုက်၏။ သူမ၏ တုံ့ပြန်မှုများသည်လည်း လွန်စွာသွက်လက်လေသည်။

လူများသည် စတင်၍ ဆွေးနွေးနေကြ၏။ အကယ်၍ ချုံတောင်လေးမှ ဆူးချွန်တင်းပုတ်ကြီးနှင့် တပည့်ခေါင်းဆောင် ယုံချင်ရွှမ်းယာတို့ ယှဉ်ပြိုင်ရပါက တကယ့်ပွဲကြီးပွဲကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် လီချန်ရှို့သည် ပဏာမအဆင့် ဆယ့်နှစ်ပွဲစလုံးတွင် ယုံချင်ရွှမ်းယာနှင့် မကြုံခဲ့ပေ။

ထို့ပြင် သူသည် အကယ်၍ ထို အဆိပ်ညီမလေးနှင့် ကြုံခဲ့လျှင်လည်း ခေါင်းထဲတွင် အကြံရှိပြီး ဖြစ်သည်။

အရှုံးပေးသည့်နေရာတွင် သူသည် ကျွမ်းကျင်အဆင့် ရောက်နေပြီမဟုတ်ပါလား။

ထိုအရာကို နဂါးနန်းတော်မှ အတည်ပြုပြီးပေပြီ။

ပဏာမအဆင့်ပွဲများ ပြီးဆုံးသွားသောနေ့၌ လီချန်ရှို့သည် အတွေးနက်နေစဉ် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။

ဆယ်နှစ်ကြာပြီးနောက်မှ သူသည် ရုတ်တရက် လှုံ့ဆော်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူအာရုံခံကြည့်လိုက်ရာ သူနှင့် နီးနီးကပ်ကပ်ဆက်နွယ်နေသည်ကို သိလိုက်ရ၏။

‘ ဘာတွေဖြစ်နေတာလဲ... ’

******

သူ ရုတ်တရက် လှုံ့ဆော်မှုကို ခံစားရသည့် အချိန်တိုင်း သေချာပေါက် တစ်စုံတစ်ခု ဖြစ်တော့မည်မှာ သေချာလေသည်။ သို့သော် ထိုအရာသည် ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလောကို မသိနိုင်ပေ။

လီချန်ရှို့သည် ရှေးဦးစွာ ကျောက်စိမ်းစင်မြင့်ကို ကြည့်လိုက်၏။ အာကာသနတ်မင်းတစ်ပါးပါးသည် သူ၏ ဖုံးကွယ်ထားမှုများကို ထွင်းဖောက်မြင်သွားခြင်းပေလောဟု သူတွေးလိုက်၏။ သို့သော် ထိုသို့မဟုတ်ကြောင်း သူလျင်မြန်စွာပင် ကောက်ချက်ချလိုက်သည်။ သူသည် လက်ချောင်းများကိုထိကာ စိတ်ထဲမှနေ၍ နိမိတ်ဖတ်လိုက်လေသည်။ နေရာအနှံ့မှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများတွင်လည်း မည်သည့် ရန်ပွဲများမှ ဖြစ်မနေပေ။ သွေးထွက်သံယို ဖြစ်ရပ်များလည်း မရှိပေ။

‘ အာ... တစ်ခုခုတော့ မှားနေပြီ... ’

လီချန်ရှို့သည် တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း အလျင်အမြန်ပင် သဘောပေါက်သွား၏။ ရုပ်တုတစ်ရုပ်သည် ထူးဆန်းသော အခြေအနေကို ကြုံနေရ၏။

သူသည် နတ်အာရုံသုံး၍ တိုက်ရိုက် အာရုံမခံဝံ့သဖြင့် ဂရုတစိုက်ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် မြေအောက်တွင် ပုန်းနေသော စက္ကူကိုယ်ပွားတစ်ရုပ်သည် နိုးထလာပြီး ဘုံကျောင်းဆီသို့ တိတ်တဆိတ်ချည်းကပ်သွားလိုက်၏။

လီချန်ရှို့နှင့် အောင်းရိတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

သို့သော် အောင်းရိ၏ ကျင့်ကြံခြင်းအဆင့်သည် မူလနတ်ဝိဇ္ဇာအဆင့်၌သာ ရှိပေသေးသည်။ သူသည် အတုမဲ့နတ်ဝိဇ္ဇာဖြစ်လာရန် လိုပေသေးသည်။ ထို့ပြင် သူသည် လက်ထောက်နတ်မင်းအဆင့်သာဖြစ်ပြီး ကောင်းကင်နဂါးအစောင့်အရှောက်တစ်ဦးသာ ဖြစ်လေသည်။ သူသည် တစ်စုံတစ်ခု ဖြစ်ပေါ်နေကြောင်းကိုသာ ခံစားမိနိုင်ပေသည်။

အောင်းရိသည် သူ၏နတ်အာရုံဖြင့် လီချန်ရှို့ထိုင်နေသော နေရာကို အာရုံခံလိုက်၏။ သို့သော်သူသည် “ အစ်ကိုနတ်မင်း ” ထံတွင် မည်သည့် မူမမှန်သော ကိစ္စကိုမှ အာရုံမခံမိပေ။ ထို့ကြောင့် သူသည် ထိုကိစ္စကို ဆက်၍ အာရုံစိုက်မနေတော့ပေ။

နဂါးနန်းတော်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပတ်သက်သော ကိစ္စများကို အောင်းရိအစား တာဝန်ယူပေးထားသည် မဟုတ်ပါလား။

အောင်းရိသည် ကျင့်ကြံနေရင်းမှာပင် ကုသိုလ်များ အလိုလိုရနေပေသည်။ သူသည် သူ၏ မွေးရာပါ မျိုးနွယ်အစွမ်းအကုန်လုံးကို မြန်နိုင်သမျှမြန်မြန် ထုတ်သုံးနိုင်ရန် အလိုရှိနေပြီး နဂါးမျိုးနွယ်၏ ထောက်တိုင်တစ်ခု ဖြစ်လာလိုပေသည်။

လီချန်ရှို့၏ စက္ကူကိုယ်ပွားသည်လည်း ထူးဆန်းနေသော ဘုံကျောင်းအနီးသို့ လျင်မြန်စွာ ချည်းကပ်နေပေပြီ။ ထိုအခိုက်တွင် သူသည် စက္ကူကိုယ်ပွားမှတဆင့် နတ်အာရုံသုံးကာ ဖြည်းဖြည်းချင်းရှာဖွေ၍ မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်းကို စုံစမ်းနေလေသည်။

သူ၏ ဘုံကျောင်းအတွင်း၌ ထူးခြားသော လူအချို့ရောက်နေပုံရ၏။

ထိုလူများမှာ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးနှင့် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦး၏ အနောက်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ထူထဲသော ကိုယ်ရောင်ကိုယ်ဝါများရှိသည့် လူရှစ်ဦး ရှိနေ၏။ ထိုရှစ်ဦးသည် အစောင့်အရှောက်များဖြစ်ရပေမည်။

ထိုအစောင့်အရှောက် ရှစ်ဦးစလုံး၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်မင်းအဆင့်ဖြစ်ကြ၏။

လီချန်ရှို့တစ်ယောက် တိတ်တဆိတ် အံ့အားသင့်သွား၏။ သူသည် စက္ကူကိုယ်ပွားမှတဆင့် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်ကို ကြည့်လိုက်ရာ ထိုလူငယ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်လည်တွင် ရွှေရောင်အလင်းတန်များ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအရာသည် ကုသိုလ်များ၏ကာကွယ်မှုနှင့် ကောင်းကင်နှင့်မြေကြီးတို့၏ ကာကွယ်မှုကို ရရှိထားပါမှ ရရှိနိုင်သော အရာဖြစ်ကြောင်း သေချာလေသည်။

“ အို့... ”

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ဟန်ဖြင့် လက်နောက်ပစ်ကာ ပင်လယ်စောင့်နတ်မင်းရုပ်တုကို ကြည့်လိုက်၏။ သို့သော် သူပြုံးရုံသာ ပြုံးလိုက်၏။

“ သွားကြစို့ ... ကျုပ်တို့ ပိုင်ရှင်အစစ်ကို သွားပြီး နှောင့်ယှက်မိသလို ဖြစ်နေပြီ ”

“ မှန်လှပါ... ”

သူ့အနောက်ရှိ မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုသည် ဦးညွှတ်၍ ပြန်ဖြေလိုက်၏။ သူသည် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်အနောက်မှ လိုက်သွားလိုက်ပြီး ကောင်းကင်နတ်မင်းအဆင့်ရှိသော အစောင့်အရှောက် ရှစ်ဦးကို ဦးဆောင်ကာ ဘုံကျောင်း ဂိတ်တံခါးသို့ သွားလိုက်၏။

‘ သူက ဘယ်သူလဲ... ’

လီချန်ရှို့သည် ဒွိဟဖြစ်နေပြီးနောက် ရုတ်တရက် ခန့်မှန်းချက်ထုတ်လိုက်၏။

‘ ဒီ အဖြူရောင်ဝတ်ရုံ ဝတ်ထားတဲ့ လူငယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါ အာရုံမခံနိုင်ဘူး။ သူ့မှာ ကုသိုလ်အကာအကွယ်လည်း ရှိတယ်။ ပြီးတော့ သူ့နောက်ပါတွေရဲ့ အရှိန်အဝါကလည်း တော်တော်ကြီးတယ်ဆိုတော့... ’

‘ သူများ ဖြစ်နေမလား... ’

စက္ကူကိုယ်ပွားသည် ချက်ချင်းပင် နတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်ပြီး လေလှိုင်းအသံဖမ်းအတတ်ကို သုံးကာ ထိုလူငယ်ကို ဆက်၍ စောင့်ကြည့်နေလိုက်သည်။

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်သည် ဘုံကျောင်းအတွင်းမှ ထွက်သွားပြီးနောက် သူ၏ဘေးရှိ အဘိုးအိုကို ပြုံးပြလိုက်သည်။

“ ကျုပ် တောင်ကျွန်းက တရာမဝင်နတ်မင်းတွေ အများကြီးကို တွေ့ပြီးပြီ။ တာအိုဂိုဏ်းတွေကလွဲလို့ ဒီနေရာက မဆိုးဘူးလို့ပြောလို့ရတဲ့ တစ်ခုတည်းသော နေရာပဲ... ”

“ သူက သေမျိုးတွေကို ကောင်းမှုလုပ်ဖို့ သင်ပြပေးတယ်။ သေမျိုးတွေကိုလည်း ကာကွယ်ပေးတယ်။ ပြီးတော့ လူကောင်းတွေကို ကုသိုလ်တွေ ဝေမျှပေးပြီး လူဆိုးတွေကို အပြစ်ပေးတယ် ”

“ ဒါပေမဲ့ မြေအောက်လောကက ပြန်လည်ဝင်စားခြင်းကိစ္စမှာတော့ ဝင်ပြီး မျက်နှာကောင်းမယူသင့်ဘူး... ”

အဘိုးအိုသည် ပြုံး၍ ပြန်ပြောလိုက်၏။

“ အရှင် ဒီနေရာကို ကြည့်ရှုလို့ ပြီးပါပြီလား ခင်ဗျာ... ”

“ ဒီဘုံကျောင်းနဲ့ နဂါးတွေနဲ့ ပတ်သက်မှုရှိလားဆိုတာ ကြည့်ကြသေးတာပေါ့။ နဂါမျိုးနွယ်က အရင်ကတည်းက မာန်တက်နေတဲ့ မျိုးနွယ်ပဲ။ သူတို့က ရှေးဟောင်းမျိုးနွယ်လည်း ဖြစ်တယ်။ ကျုပ် သူတို့နဲ့ စကားမပြောချင်ဘူး... ”

ထိုစကားကိုကြားသောအခါ လီချန်ရှို့ သဘောပေါက်သွားလေ၏။

သူ၏ ခေါင်းထဲတွင် ရွေးစရာနှစ်ခု ပေါ်လာ၏။

ပထမတစ်ခုမှာ သူ ထွက်တွေ့၍ ထိုသူများနှင့် မိတ်ဆွေဖွဲ့ရန် ဖြစ်သည်။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ အာဒိကပ္ပလောကတွင် အမှန်ပင် တန်ခိုးစွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အလားအလာရှိသူနှင့် ရင်းနှီးမှု ရယူနိုင်ပေသည်။

ဒုတိယတစ်ခုမှာ သူသည် ကံတရားအတိုင်းပင် စီးမြောလိုက်သွားရန်ဖြစ်သည်။

သို့သော် ထိုနှစ်ဦးပြောနေသော စကားများကို အခြေခံ၍ ထို ဝတ်ရုံအဖြူနှင့် လူငယ်သည် တရားမဝင်နတ်မင်း၏ ဘုံကျောင်းများကို ဆက်၍ ပြန့်ပွားရန် ခွင့်ပြုသည်၊ မပြုသည်ကို ကောက်ချက်ချရန် ခက်လေသည်။

‘ ရွေးချယ်ရမယ်... ’

‘ ငါ ‌တစ်ခုကို အမြန်ဆုံးရွေးချယ်ရမယ်... ’

***

All Chapters