← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) Altech ၏ ရှယ်ယာ ၆၉ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း

"ဘာ''

​"မြန်မြန်… သူတို့ကို ကြိုဆိုဖို့ ငါ့ကို ခေါ်သွားပေးကြစမ်း"

​ဧည့်သည်က ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်နိုင်ကြောင်း ကြားလိုက်ရချိန်တွင် ဖုန်းရှင်း၏ စိတ်ဝင်စားမှုများသည် ပြင်းပြစွာ မြင့်တက်သွားခဲ့ပေ၏။

သူက ရန်ပုံငွေ ဘယ်လိုရှာရမလဲဆိုတာကို တွေးတောနေစဉ်မှာပင် ကုမ္ပဏီသို့ လူတစ်ယောက်က တိုက်ရိုက် ရောက်ရှိလာခဲ့လေပြီ။

အကယ်၍ ဤကိစ္စကိုသာ အပြီးသတ်နိုင်မည်ဆိုပါက Ar နည်းပညာကုမ္ပဏီ တစ်ခုလုံးအတွက် နတ်ဘုရားက ပေးသနားသည့် အရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို ပြောင်းလဲပေးမည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဖြစ်နိုင်တာက... ဒါက ကံကြမ္မာပဲ ဖြစ်ရမယ်...

ဖုန်းရှင်းသည် ယခုလေးတင် စကားပြောခဲ့သောသူအား လုံးဝလျစ်လျူရှုကာ အရူးတစ်ယောက်ကဲ့သို့ အောက်ထပ်သို့ ပြေးဆင်းသွားလေ၏။

အောက်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အသစ်စက်စက် လမ်ဘော်ဂီနီ အဗန်တေးဒိုး ကားတစ်စီးက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။

ဤကဲ့သို့သော မျက်စိကျလောက်သည့် ကားကို မြင်လိုက်ရသဖြင့် ဖုန်းရှင်းသည် ရုတ်တရက် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားခဲ့ပေ၏။

ဤကဲ့သို့သော ကားမျိုး မောင်းနှင်သူများသည် အများအားဖြင့် လူငယ်များဖြစ်ကြပြီး အလွန် ယုံကြည်ရလောက်သူများ မဟုတ်ကြချေ။ ဤအချိန်၌ သူ၏ အကြည့်များသည် လမ်ဘော်ဂီနီ ဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦးအပေါ်သို့ ကျရောက်သွားလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူငယ်သည် သာမန်မဟုတ်ကြောင်း ဖုန်းရှင်း သိလိုက်ပေ၏။

သူ၏ မျက်လုံးများသည် မီးရှူးတိုင်များအလား တောက်ပနေပြီး သူ၏ ဟန်ပန်မှာလည်း ဖော်ပြ၍မရနိုင်လောက်အောင် မွန်မြတ်လှပေသည်။

"မင်္ဂလာပါ... ကျွန်တော်က Ar နည်းပညာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖုန်းရှင်း ပါ..."

ဖုန်းရှင်းက သူ၏လက်ကို ဆန့်ထုတ်ကာ ပြောဆိုလိုက်၏။

"မင်္ဂလာပါ... ကျွန်တော်က စုယွမ် ပါ..."

စုယွမ်က ဖုန်းရှင်းအား အထက်အောက် အကဲခတ်ကြည့်ရှုလိုက်သည်။ သူသည် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပေ၏။

သူ၏ ရုပ်ရည်မှာ သာမန်ဖြစ်သော်လည်း တစ်လအကြာတွင် Ar နည်းပညာကုမ္ပဏီကို အလွန်မြင့်မားသော အဆင့်တစ်ခုသို့ မြှင့်တင်ပေးမည့်သူမှာ ဤအမျိုးသားပင် ဖြစ်လေသည်။

ဤသည်က သူ၏ စွမ်းရည်များသည် သာမန်ထက် များစွာသာလွန်ကြောင်း ဖော်ပြနေပေ၏။

"မန်နေဂျာဖုန်း... ကျွန်တော် ဒီကိုလာတာ ကိစ္စတစ်ခုတည်းအတွက်ပါပဲ... အဲဒါကတော့ Ar နည်းပညာကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံချင်လို့ပါ..."

"ကျွန်တော် စကားကို လှည့်ပတ်မပြောတော့ဘူး... ဒီကိစ္စ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို မန်နေဂျာဖုန်း အခုချက်ချင်း ပြောလို့ရပါတယ်..."

"ခင်ဗျားက စိတ်မဝင်စားဘူးလို့ ပြောတာနဲ့ ကျွန်တော် အခုချက်ချင်း ထွက်သွားပေးပါ့မယ်..."

နေမင်းကြီးအလား စုရှသော စုယွမ်၏ အကြည့်က ဖုန်းရှင်းအား လန့်ဖြတ်သွားစေခဲ့သည်။

သုံးစက္ကန့်တိတိ တွေးတောပြီးနောက် ဖုန်းရှင်းက နောက်ဆုံးတွင် စကားစပြောလေ၏။

"သခင်လေးစု ပြောသလိုပါပဲ... ကျွန်တော်တို့ရဲ့ Ar နည်းပညာကုမ္ပဏီက ရန်ပုံငွေ အလွန်အမင်း လိုအပ်နေတာ အမှန်ပါပဲ..."

"အသေးစိတ် ဆွေးနွေးဖို့ အပေါ်ထပ်ကို သွားကြရအောင်..."

ဤအချိန်၌ ဖုန်းရှင်းသည် Ar နည်းပညာကုမ္ပဏီက သူ၏ ရင်းနှီးမြှုပ်နှံမှုကို အလွန်အမင်း လိုအပ်နေသကဲ့သို့ ဤလူငယ်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည်ဟု ခံစားလိုက်ရပေ၏။

မကြာမီမှာပင် ၎င်းတို့နှစ်ဦးသည် အပေါ်ထပ်ရှိ ရုံးခန်းသို့ ရောက်ရှိသွားကြသည်။ ဖုန်းရှင်းသည် ရေအေးနှစ်ခွက်ကို ငှဲ့ကာ တစ်ယောက်တစ်ခွက် ယူလိုက်ကြ၏။

ဤအချက်လေးကို ကြည့်ရုံဖြင့် ဤအထွေထွေမန်နေဂျာသည် ဟန်ရေးပြလေ့ရှိသူ မဟုတ်ကြောင်း စုယွမ် သိလိုက်ပေသည်။ဤရေကြည်အေးတစ်ခွက်က အကောင်းဆုံး သက်သေပင် ဖြစ်၏။

"သခင်လေးစု... Ar နည်းပညာကုမ္ပဏီရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား နားလည်လားဆိုတာ ကျွန်တော် မသိပေမဲ့ အထွေထွေမန်နေဂျာတစ်ယောက်အနေနဲ့ အခြေအနေကို ရှင်းပြဖို့ လိုအပ်ပါတယ်... ဒါက Ar နည်းပညာကုမ္ပဏီအတွက် တာဝန်ယူမှုဖြစ်သလို သခင်လေးစုအတွက်လည်း တာဝန်ယူမှုပါပဲ..."

ဖုန်းရှင်းက အလွန် ရိုးသားစွာ ပြောဆိုလိုက်သည်။ စုယွမ်၏ သဘောတူခေါင်းညိတ်မှုကို ရရှိပြီးနောက် သူသည် Ar နည်းပညာကုမ္ပဏီ၏ လက်ရှိ အခြေအနေကို အလျင်အမြန် စတင်မိတ်ဆက်လိုက်လေ၏။

သုံးမိနစ်ခန့်တိုတောင်းသော မိတ်ဆက်မှုအပြီးတွင် စုယွမ်သည် Ar နည်းပညာကုမ္ပဏီ၏ လက်ရှိအခြေအနေကို အပြည့်အဝ နားလည်သွားခဲ့ပေသည်။

အတိုချုပ်ပြောရလျှင် စကားလုံးသုံးခွန်းသာ ဖြစ်သည်။ 'ပိုက်ဆံ အလွန်အမင်း လိုအပ်နေသည်' ဟူ၍ပင်။

ဒါက ပိုပြီး လွယ်ကူသွားစေတာပေါ့...

"မန်နေဂျာဖုန်း... ကျွန်တော် နားလည်ပါပြီ...ဒါဆို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့..."စုယွမ်က ရေတစ်ငုံသောက်ရင်း ပြောဆိုလိုက်၏။

"လက်ရှိမှာ ကျွန်တော်တို့ရဲ့ သုတေသနက နောက်ဆုံး အလှည့်အပြောင်း အဆင့်ကို ရောက်နေပါပြီ... နောက်ဆုံး အလှည့်အပြောင်းကို နှစ်ဝက်အတွင်းမှာ အပြီးသတ်နိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်..."

"ခြောက်လအတွက် ကျွန်တော့်ကို ယွမ် သန်း ၉၀ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်... ဒါက ကုန်ကျစရိတ်တွေ အကုန်လုံးကို လျှော့ချထားတဲ့ ပမာဏပါ..."

"ဒါက သေးငယ်တဲ့ ပမာဏ မဟုတ်ပါဘူး... Ar နည်းပညာကုမ္ပဏီလို ကုမ္ပဏီငယ်လေး တစ်ခုအတွက်ဆိုရင် ဒါဟာ ကြီးမားလွန်းတဲ့ ပမာဏပါ... သခင်လေးစု အခုချိန်ထိ စိတ်ဝင်စားသေးလားဆိုတာ ကျွန်တော် သိချင်ပါတယ်..."

အားနည်းချက် အားလုံးကို ဖွင့်ဟပြောဆိုခြင်းက မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ကြောင်း ဖုန်းရှင်း သဘာဝကျကျပင် သိရှိထားလေ၏။

သို့သော် ဤရင်းနှီးမြှုပ်နှံသူက ဤအရာများကို လက်မခံနိုင်ပါက သူသည် ရင်းနှီးမြှုပ်နှံမှုကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းသွားနိုင်ပေသည်။

ယခုအချိန်တွင် ဖုန်းရှင်း လိုအပ်နေသည်မှာ ရန်ပုံငွေ မည်မျှများပြားသည်ဆိုသည်ထက် တည်ငြိမ်ရန် လိုအပ်ခြင်းပင် ဖြစ်ပေ၏။

ယွမ် သန်း ၉၀ ဆိုသည်မှာ တကယ်ကို များပြားလှသည်။ တစ်လအတွင်း Ar နည်းပညာကုမ္ပဏီက နောက်ဆုံး အခက်အခဲကို လုံးလုံးလျားလျား ကျော်လွှားနိုင်မည်ဖြစ်ကြောင်း စုယွမ် သိထားသော်လည်း ထိုရက်သုံးဆယ်အတွင်း မည်သည့်နေ့တွင် ဖြစ်မည်ကိုမူ စုယွမ် အတိအကျ မသိခဲ့ချေ။

စုယွမ်အတွက်တော့မှု ပိုမြန်လေ ပိုကောင်းလေပင်။

ထို့အပြင် ဖုန်းရှင်းသည် ၎င်းတို့၏ သုတေသန အမြန်နှုန်းကို ရှင်းလင်းစွာ လျှော့တွက်ထားခဲ့၏။ အကယ်၍ တစ်လအတွင်း အခက်အခဲကို ကျော်လွှားနိုင်မည်ဟု သူ သိခဲ့ပါက ယွမ် သန်း ၉၀ ကိစ္စ ဖြစ်လာမည် မဟုတ်ချေ။

"စိတ်ဝင်စားပါတယ်..."

စုယွမ်က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တိုက်ရိုက် သဘောတူလိုက်လေသည်။

"ခင်ဗျား စဉ်းစားဖို့ လိုပါသေးတယ်..."

"ခင်ဗျား မစဉ်းစားချင်တော့ဘူးလား..."

ဖုန်းရှင်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး စုယွမ်အား အံ့သြစွာဖြင့် ကြည့်လိုက်၏။

ယွမ် သန်း ၉၀ ဆိုသည်မှာ အလွန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး တစ်ကြိမ်တည်းဖြင့် ပေးချေရမည်ဖြစ်လေသည်။ စုယွမ်သည် လူငယ်တစ်ဦးသာဖြစ်ပြီး သူက ယွမ် သန်း ၉၀ ကို မတုံ့ဆိုင်းဘဲ ထုတ်ပေးနိုင်လိမ့်မည်ဟု ဖုန်းရှင်း ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

ဤသည်က စုယွမ်မှာ သာမန် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်ကြောင်း ဖော်ပြနေပေ၏။

Ar နည်းပညာကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံနိုင်စွမ်းက သူ၏အမြင်သည် အလွန် စုရှကြောင်း ဖော်ပြနေပေသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် စုရှတဲ့ အမြင်မျိုး ရှိနေတာ... ဤလူငယ်အပေါ် ဖုန်းရှင်း၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။

"စဉ်းစားစရာ မလိုပါဘူး..."

"ကျွန်တော် မျက်စိကျထားတဲ့အရာကို ဒုတိယအကြိမ် ပြန်မစဉ်းစားချင်ဘူး... ဘာလို့လဲဆိုတော့ ကျွန်တော် မလာခင်ကတည်းက အကုန်လုံးကို စဉ်းစားပြီးသား ဖြစ်လို့ပါပဲ..."

"မန်နေဂျာဖုန်း... ယွမ် သန်း ၉၀ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရင် ရှယ်ယာ ဘယ်လောက် ရနိုင်မလဲ..."

စုယွမ်က ဖုန်းရှင်းအား ကြည့်ကာ မေးမြန်းလိုက်သည်။

"၆၉ ရာခိုင်နှုန်းပါ..."

"ဒါက ကျွန်တော်တို့ ပေးနိုင်တဲ့ အမြင့်ဆုံး စေတနာပါပဲ..."

ဖုန်းရှင်းက ချက်ချင်းနီးပါး ပြောဆိုလိုက်၏။

"ကောင်းပြီလေ... ဒါဆို အခုကစပြီး ကျွန်တော်က Ar နည်းပညာကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာပြီပေါ့..."

"စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အများကြီး ဝင်မပါချင်ပါဘူး... ဒါပေမဲ့ ကုမ္ပဏီရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ကျွန်တော့်မှာ ဗီတိုအာဏာ ရှိတယ်နော်..."

စုယွမ်က ကုမ္ပဏီ စီမံခန့်ခွဲရာတွင် သဘာဝကျကျပင် ကျွမ်းကျင်သူ မဟုတ်ချေ။ ဖုန်းရှင်းကဲ့သို့သော သူတစ်ယောက် ရှိနေသဖြင့် သူ ကိုယ်တိုင် ပင်ပန်းခံနေရန် သေချာပေါက် မလိုအပ်ပေ။ သူသည် အမြတ်ဝေစုနှင့် ငွေများကိုသာ လက်ခံရယူရန် လိုအပ်ပြီး အခြားကိစ္စများစွာကို ဝင်ရောက်စွက်ဖက်နေရန် မလိုအပ်ချေ။

"ကောင်းပါပြီ သခင်လေးစု... လက်တွဲလုပ်ကိုင်ရတာ ဝမ်းသာပါတယ်..."

ယခုအချိန်ထိပင် ဖုန်းရှင်းသည် အနည်းငယ် လက်တွေ့မကျသကဲ့သို့ ခံစားနေရဆဲ ဖြစ်လေ၏။

စုယွမ်နှင့် စတင်တွေ့ဆုံချိန်မှစ၍ အရာအားလုံးကို ဆွေးနွေးပြီးစီးချိန်အထိ ဆယ်မိနစ်ထက်ပင် မပိုခဲ့ချေ။

ယခင်က ရင်းနှီးမြှုပ်နှံမှုတစ်ခု ရရှိရန်အတွက် နာရီပေါင်းများစွာ ဖြောင်းဖျပြောဆိုရလေ့ ရှိပေသည်။

နာရီအနည်းငယ်ကြာပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် စုယွမ်နှင့် ဖုန်းရှင်းတို့သည် လုပ်ထုံးလုပ်နည်းများ အားလုံးကို ပြီးစီးခဲ့ကြ၏။

စုယွမ်သည် Ar နည်းပညာကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်အဖြစ် အောင်မြင်စွာ ဖြစ်လာခဲ့လေပြီ။

"သခင်လေးစု... ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို စကားအနည်းငယ်လောက် ပြောပေးပါဦး..."

ဖုန်းရှင်းက ပြုံးလျက် ပြောဆိုလိုက်သည်။

စုယွမ်က အလွယ်တကူ သဘောတူလိုက်၏။ Ar နည်းပညာကုမ္ပဏီ၏ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို အရှိန်မြှင့်တင်နိုင်ရန်အတွက် စုယွမ်အနေဖြင့် မျက်နှာပြရန် လိုအပ်ပေသည်။

ဝန်ထမ်းများ၏ လုပ်ငန်းခွင် နေရာတွင် လူအနည်းငယ်က စိုးရိမ်ပူပန်နေပုံရပြီး ကုမ္ပဏီ၏ ရန်ပုံငွေ ရှားပါးမှုအကြောင်း ဆွေးနွေးနေကြလေ၏။

"ဟူး... ကုမ္ပဏီက အခု အရမ်း ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်... တကယ်လို့ ငါတို့ လစာမရဘူးဆိုရင် အိမ်လခနဲ့ ကားလခတွေ တကယ် သွင်းနိုင်မှာ မဟုတ်ဘူး..."

"ဟုတ်တယ်... အဲဒီလူတွေက အောင်မြင်ဖို့ အရမ်း လောလွန်းနေကြတာ... ချက်ချင်း အမြတ်မရတာနဲ့ ထွက်သွားကြတာပဲ... သူတို့ တကယ်ကို အမြော်အမြင် မရှိကြဘူး..."

"တကယ်လို့ ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် ငါတို့ နောက်ဆုံး အခက်အခဲကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး..."

"ဒီလောက် အကြာကြီး ကြိုးစားပမ်းစား လုပ်ခဲ့ရတာတွေ အကုန်လုံး အလဟဿ ဖြစ်သွားတော့မှာပဲ..."

၎င်းတို့၏ အသံများ တိတ်ဆိတ်သွားချိန်တွင် တံခါးပွင့်လာပြီး လူတိုင်း၏ရှေ့၌ လူနှစ်ဦး ပေါ်လာခဲ့ပေ၏။

"အားလုံးပဲ ခဏလောက် ရပ်ကြပါဦး... ကျွန်တော် မိတ်ဆက်ပေးပါရစေ... ဒါက သခင်လေးစု ပါ... အခုလက်ရှိ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ပဲ... ကျွန်တော်တို့ အခုလေးတင် စာချုပ်ချုပ်ဆိုပြီးသွားပါပြီ... သခင်လေးစုက လက်ရှိမှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၆၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်..."

"အခု သခင်လေးစုကို စကားအနည်းငယ်လောက် ပြောခွင့်ပြုလိုက်ပါ..."

ဖုန်းရှင်းက ဝမ်းသာအားရ မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

လူတိုင်း၏ အကြည့်များသည် စုယွမ်ထံသို့ ချက်ချင်း ရောက်ရှိသွားကြပေ၏။

ရှယ်ယာ ၆၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာလား...

Ar နည်းပညာကုမ္ပဏီသည် လက်ရှိတွင် ကုမ္ပဏီငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ၎င်းက ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်သန်းဆယ်ဂဏန်းလောက် လိုအပ်ဦးမည် ဖြစ်လေသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် စွမ်းဆောင်နိုင်တာလား....

အရမ်း အထင်ကြီးစရာပဲ...

ဤသည်ကို သဘောပေါက်သွားသဖြင့် လူတိုင်းက အလျင်အမြန် လက်ခုပ်တီးလိုက်ကြ၏။ ဤအချိန်တွင် Ar နည်းပညာကုမ္ပဏီ၌ ရင်းနှီးမြှုပ်နှံခြင်းက ငွေလိုအပ်ရုံသာမကဘဲ အမြင်၊ သတ္တိနှင့် အမြော်အမြင်တို့လည်း လိုအပ်ပေသည်။

ဤအရာတစ်ခုတည်းအတွက်ပင် ၎င်းတို့က စုယွမ်အား အားကျနေခဲ့ကြလေပြီ။

စုယွမ်က အနည်းငယ် ပြုံးကာ ပတ်ပတ်လည်ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် စကားစပြောလိုက်သည်။

"အားလုံးပဲ... အခြေအနေကို ကျွန်တော် နားလည်ထားပြီးပါပြီ..."

"လက်ရှိမှာ ကျွန်တော်တို့ ကုမ္ပဏီမှာ လူတိုင်း သုတေသနလုပ်ဖို့ လုံလောက်တဲ့ ရန်ပုံငွေတွေ ရှိနေပါပြီ..."

"နောက်ဆုံး အခက်အခဲကို ကျော်လွှားနိုင်ဖို့ မကြာခင်မှာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"အားလုံးရဲ့ စိတ်ဓာတ်ခွန်အားတွေ တက်လာစေဖို့အတွက် မလာခင်ကတည်းက လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပါတယ်..."

"ဒီကာလအတွင်းမှာ အများဆုံး စွမ်းဆောင်ပေးနိုင်တဲ့သူက ဒီလက်ဆောင်ကို ရရှိလိမ့်မယ်..."

မြင်းတစ်ကောင် မြန်မြန်ပြေးစေရန်အတွက် ကောင်းစွာ ကျွေးမွေးရန် လိုအပ်ကြောင်း စုယွမ် ကောင်းစွာ သိရှိထားပေ၏။ ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး စုယွမ်သည် လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ထိုနေရာမှနေ၍ အောက်ထပ်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

လက်ဆောင်က ဘာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လား... အဲဒါက အောက်ထပ်မှာ သပ်သပ်ရပ်ရပ် ရပ်ထားတာပဲလေ…

All Chapters