အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) စနစ်အဆင့်မြှင့်တင်ခြင်း
"ဟုတ်တယ်... ရှင်ကတကယ်လည်း အိုစာနေပြီ... ကျွန်မမောင်ကိုတောင် မယှဉ်နိုင်တော့ဘူး"
"ရှင် သိဖို့က... အဲဒီ Ar နည်းပညာကုမ္ပဏီက တိုးတက်ဖို့ မျှော်လင့်ချက် တစ်စက်လေးတောင် ရှိလာမှာ မဟုတ်ဘူး... အဲဒီမှာ ရင်းနှီးမြှုပ်နှံတာက ပိုက်ဆံတွေကို ရေထဲ လွှင့်ပစ်လိုက်တာနဲ့ အတူတူပဲ..."
"ယွမ် သန်း ၉၀ နဲ့ အိတ်တွေ ဒါမှမဟုတ် ကားကောင်းကောင်း တစ်စီးလောက် ဝယ်တာက ပိုက်ဆံတွေကို အလဟဿ ဖြစ်သွားစေတာထက် ပိုမိုကောင်းမွန်တယ် မဟုတ်ဘူးလား..."
"ကျန်းထျန်းရီ... ရှင့်ဘဝမှာ ရှင်ချခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်က ကျွန်မနဲ့ လက်ထပ်ခဲ့တာပဲ..."
ဝမ်ဝမ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး သူမက ယင်းကို တကယ်ပင် ယုံကြည်နေခဲ့ပေ၏။
"ဟားဟား... ဟုတ်တယ် ယောက်ဖ... ကျွန်တော်တို့ ဝမ် မိသားစုဝင် အကုန်လုံးက အရမ်း ဉာဏ်ကောင်းကြတာ... တကယ်လို့ အစ်မရဲ့ အကူအညီသာ မပါခဲ့ရင် ခင်ဗျားရဲ့ ကုမ္ပဏီက ဘယ်လိုလုပ် ဒီလောက်ကောင်းကောင်း တိုးတက်လာနိုင်မှာလဲ..."
ဝမ်ကျိုက ထောက်ခံပြောဆိုလိုက်သည်။
"ဒါကြောင့်... ကျွန်တော့်ရဲ့ မန်နေဂျာရာထူးနဲ့ ပတ်သက်ပြီးတော့..."
ကျန်းထျန်းရီသည် မောင်နှမနှစ်ယောက်ကို သည်းခံနေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေ၏။
သူသည် ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို တစ်ဦးတည်း ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဝမ် မိသားစုက ကူညီရန်မဆိုထားနှင့် သူ့ကိုပင် လှောင်ပြောင်ခဲ့ကြသေးသည်။
ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကြီးမားအားကောင်းလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အရှက်မရှိဘဲ ပြေးလာကြကာ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ရယူလိုကြလေ၏။
နှစ်ပေါင်းများစွာ သည်းခံခဲ့ပြီးနောက် ကျန်းထျန်းရီသည် ဆက်လက်၍ သည်းမခံချင်တော့ချေ။
"ကွာရှင်းကြရအောင်..."
တိုတောင်းသော စကားတစ်ခွန်းက သူတို့နှစ်ဦးစလုံးကို ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားစေခဲ့တော့သည်။
ကွာရှင်းမယ် ဟုတ်လား...
သူက ဘယ်လိုလုပ် ရဲတင်းနေရတာလဲ...
"ကျန်းထျန်းရီ... ကျွန်မက ရှင့်ကို ကူညီခဲ့တာတောင် ရှင်က ကျွန်မနဲ့ ကွာရှင်းချင်သေးတယ်ပေါ့လေ..."
"ရှင့်ရဲ့ လိပ်ပြာသန့်မှုကို ခွေးကျွေးလိုက်ပြီလား..."
"အဲဒီတုန်းကသာ ကျွန်မရဲ့မိသားစု မရှိခဲ့ရင် ရှင်က..."
ကျန်းထျန်းရီသည် သူမ၏ မိသားစုအပေါ် ဘယ်သောအခါမှ မမှီခိုခဲ့ဖူးကြောင်း ဝမ်ဝမ် ရုတ်တရက် သတိရသွားလေ၏။
ဒါပေမဲ့ အဲဒါက သူ ကွာရှင်းဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူးလေ...
"အခု တန်ဖိုးမရှိတဲ့ ကုမ္ပဏီငယ်လေး တစ်ခုအတွက် ရှင်က ကျွန်မနဲ့ တကယ်ကြီး ကွာရှင်းချင်နေတာလား..."
"ကောင်းပြီလေ... ဒီလိုဆိုမှတော့ သဘောတူညီချက်တစ်ခု လုပ်ကြတာပေါ့..."
"ဒီကနေစပြီး တစ်လတိတိ ကြာတဲ့အခါ တကယ်လို့ အဲဒီ Ar နည်းပညာကုမ္ပဏီ ဆိုတာက အခုလိုပဲ အလားအလာ မရှိသေးဘူးဆိုရင် ရှင်ရဲ့ ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို ကျွန်မဆီ လွှဲပေးရမယ်..."
"ပြောင်းပြန်အနေနဲ့ Ar နည်းပညာကုမ္ပဏီသာ အခက်အခဲကို ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် ကျွန်မ ပိုက်ဆံတစ်ပြားမှ မယူဘဲ ဘာမှမပါဘဲ ထွက်သွားပေးမယ်..."
"ကျန်းထျန်းရီ... ရှင် လောင်းရဲလား..."
ဝမ်ဝမ်သည် ကျန်းထျန်းရီအား စုစိုက်ကြည့်နေခဲ့ပေ၏။ သူသာ သဘောတူလိုက်ပါက တစ်လအတွင်း ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ သည် ဝမ်မိသားစုပိုင် ဖြစ်လာပေလိမ့်မည်။
ဤမျှ သေးငယ်သော ကိစ္စလေးအတွက် ကျန်းထျန်းရီက သူမနှင့် ကွာရှင်းမည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ရှင်က ဒီလောက် ရက်စက်မှတော့ ကျွန်မကို အပြစ်မတင်နဲ့တော့...
ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို မရ ရအောင် ယူမယ်...
"ဟားဟား..."
"ဘာကြောက်စရာ ရှိလို့လဲ..."
ကျန်းထျန်းရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ တစ်ညလုံး သုတေသန ပြုလုပ်ပြီးနောက် သူသည် Ar နည်းပညာကုမ္ပဏီ အပေါ် ရှုထောင့်အသစ်တစ်ခု ရရှိခဲ့လေပြီ။
"ဒီလိုဆိုမှတော့ မင်းတို့နှစ်ယောက်လုံး ထွက်သွားကြတော့..."
ကျန်းထျန်းရီက အေးစက်စွာ ပြောဆိုလိုက်ပြီး ဆက်လက်ထိန်းချုပ်မထားတော့ချေ။
"ချီးး... ကျန်းထျန်းရီ... တစ်လနေရင် ရှင် ဒူးထောက်ပြီး ကျွန်မကို တောင်းပန်တာကို ကျွန်မ ကြည့်ချင်သေးတယ်..."
ဝမ်ဝမ်က ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြင့် ပြောဆိုလိုက်ပြီး သူမ၏ ဒေါက်မြင့်ဖိနပ်သံများ ထွက်ပေါ်လာကာ ထွက်ခွာသွားလေ၏။
ကျန်းထျန်းရီသည် ဆိုဖာပေါ်သို့ လဲကျသွားသည်။ အသေအချာ စဉ်းစားပြီးနောက် သူသည် ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သေး၏။
"ဟလို... မစ္စတာစု လားခင်ဗျာ..."
"ကျွန်တော် ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ က ကျန်းထျန်းရီ ပါ... Ar နည်းပညာကုမ္ပဏီ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ကရော ဒီနေ့ညပါ ကျွန်တော့် လက်အောက်ငယ်သားတွေက ခင်ဗျားကို စော်ကားမိတဲ့အတွက် ဒီနေရာကနေပဲ တောင်းပန်ပါတယ်..."
အသေအချာ စဉ်းစားပြီးနောက် မစ္စတာစုမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ကျန်းထျန်းရီ သိလိုက်ပေ၏။
အနည်းဆုံးတော့ သူ၏ အမြင်က သူကိုယ်တိုင်ထက်ပင် မလျော့နည်းဘဲ အလွန် စုရှလွန်းလှသည်။
ဒီလိုလူမျိုးဆီကနေ တစ်ခုခုကို လုယူဖို့ဆိုတာ မဖြစ်နိုင်ဘူး...
ဤသို့သောလူမျိုးကို ရင်ဆိုင်ရချိန်တွင် ကျန်းထျန်းရီသည် ရန်သူမဖြစ်ချင်ဘဲ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
"အော်... ဥက္ကဋ္ဌကျန်း ပါလား... ခင်ဗျားရဲ့ ယောက်ဖက ကျွန်တော့်ရဲ့ ရှယ်ယာတွေကို ပုံသေဈေးနဲ့ ဝယ်ချင်တယ်ဆိုပြီး မောက်မာနေလို့ ကျွန်တော် သေချာ ဆဲလွှတ်လိုက်တာလေ.."
"ဥက္ကဋ္ဌကျန်း... ဒီလောက် နာမည်ကြီးတဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ပြင်ပလူတွေက ခင်ဗျားကို လွှမ်းမိုးခွင့်မပေးဖို့ အကြံပေးပါရစေ..."
စုယွမ်၏ အသံ ထွက်ပေါ်လာခဲ့၏။
"နားလည်ပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးစု... ကျွန်တော်တို့မှာ Ar နည်းပညာကုမ္ပဏီ နဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေး မရှိဘူးဆိုတာ သိပေမဲ့ အနာဂတ်မှာ ကျွန်တော်တို့ အတူတူ ထမင်းတစ်နပ်လောက် စားနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ကျန်းထျန်းရီမှာ အလွန် ရိုးသားနေခဲ့ပြီး သူငယ်ချင်းဖွဲ့လိုသည့် လေသံဖြင့် တကယ်ပင် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။
"အင်း... အခွင့်အရေးရှိရင် ဥက္ကဋ္ဌကျန်း နဲ့အတူ ထိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေအကြောင်း ဆွေးနွေးချင်ပါသေးတယ်..."
စုယွမ်မှာ ကျန်းထျန်းရီအပေါ် မကောင်းသော ရည်ရွယ်ချက် မရှိခဲ့ချေ။ သူသည် သူ၏လူများကို ကောင်းစွာ မစီမံနိုင်ခြင်းသာ ဖြစ်ပေ၏။
သူက လုံလောက်အောင် မရက်စက်ဘူး...
သူ့မိန်းမနဲ့ သူမရဲ့ မိသားစုကို သူ မထိန်းချုပ်နိုင်ဘူး...
သူသည် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်တော့မည်ဖြစ်ရာ ကျန်းထျန်းရီကဲ့သို့သော သူငယ်ချင်းတစ်ယောက် ရှိနေခြင်းက အရာအားလုံးကို ပိုမိုရိုးရှင်းသွားစေမည်ဖြစ်ပြီး ပြဿနာများစွာကိုလည်း သက်သာစေလိမ့်မည်။
ကျန်းထျန်းရီနှင့် မိနစ်အနည်းငယ်ခန့် စကားပြောပြီးနောက် စုယွမ်က ဖုန်းချလိုက်၏။
ဖုန်းထဲတွင် ကျန်းထျန်းရီသည် Ar နည်းပညာကုမ္ပဏီ အပေါ် အလွန် အကောင်းမြင်နေခဲ့သည်။ သူသည် ရှယ်ယာများကို ငါးဆသော ဈေးနှုန်းဖြင့် ဝယ်ယူရန်ပင် သွယ်ဝိုက်သောနည်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း စုယွမ်က သဘာဝကျကျ ငြင်းပယ်ခဲ့ပေ၏။
ဈေးနှုန်း ငါးဆဆိုတာ ယွမ်သန်း လေးရာ့ငါးဆယ်တောင်...
ကြောက်စရာကောင်းတဲ့ နက္ခတ္တဗေဒ ကိန်းဂဏန်းကြီးပဲ...
အကယ်၍ အနာဂတ်တွင် Ar နည်းပညာကုမ္ပဏီ သည် ပြည်တွင်း ဉာဏ်ရည်တု နည်းပညာ၌ ဦးဆောင်လုပ်ငန်းတစ်ခု ဖြစ်လာမည်ကို စုယွမ်သာ မသိခဲ့ပါက သူ တကယ်ပင် ဆွဲဆောင်ခံရနိုင်ချေရှိသည်။
လောင်းကစားလုပ်ရန်အတွက် ယွမ်သန်း လေးရာကျော်ကို အမှန်တကယ် ထုတ်ပေးရဲခြင်းက ကျန်းထျန်းရီ၏ အမြင်သည် အကြွင်းမဲ့ ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း ပြသနေပေ၏။
စုယွမ်ဘက်တွင် သူသည် ဖုန်းချလိုက်ပြီး ဖုန်းကို ဘေးတွင်ချထားကာ သူ၏ရှေ့ရှိ သတင်းအချက်အလက်စနစ်၏ မျက်နှာပြင်ကို စုစိုက်ကြည့်နေခဲ့သည်။
လွန်ခဲ့သော နှစ်နာရီခန့်က သတင်းအချက်အလက်စနစ်သည် စနစ်ကို အဆင့်မြှင့်တင်ရန် ပြင်ဆင်နေကြောင်း အသိပေးခဲ့ပေ၏။
ဤအဆင့်မြှင့်တင်မှုက နေ့စဉ် သတင်းအချက်အလက် ငါးခုကို နေ့တိုင်း တည်ငြိမ်စွာ တွန်းပို့ပေးမည်ဖြစ်ပြီး ခုနစ်ရက်လျှင် အပတ်စဉ် သတင်းအချက်အလက် တစ်ခုကို တွန်းပို့ပေးမည် ဖြစ်သည်။
ဤအဆင့်မြှင့်တင်မှုက အလွန် တန်ဖိုးရှိလှပေ၏။ သူသည် နေ့စဉ် သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ရုံသာမကဘဲ အပတ်စဉ် သတင်းအချက်အလက်များကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်သည်။
စုယွမ်သည် မတွေးတောဘဲ သဘောတူလိုက်၏။ သူ စောင့်ဆိုင်းနေသည်မှာ နှစ်နာရီ မိနစ်နှစ်ဆယ် ရှိနေပြီဖြစ်သော်လည်း စနစ်က အဆင့်မြှင့်တင်၍ မပြီးဆုံးသေးချေ။
"ငါက နှစ်နာရီခွဲ တိတိ စောင့်ရမှာလား..."
စုယွမ်၏ စိတ်ထဲတွင် လင်းလက်သွားပေသည်။
သူ ထင်ထားသည့်အတိုင်းပင် နှစ်နာရီခွဲ စောင့်ဆိုင်းပြီးနောက် သူ၏ရှေ့ရှိ မျက်နှာပြင်ပေါ်တွင် "အဆင့်မြှင့်တင်ခြင်း အောင်မြင်သည်" ဆိုသည့် စာသား နောက်ဆုံးတွင် ပေါ်လာခဲ့လေ၏။
မူလက ကောင်းစွာ ဖုံးကွယ်ထားသော ဤစနစ်သည် အဆင့်မြှင့်တင်မှုတစ်ခုနှင့်အတူ ၎င်း၏ အစစ်အမှန် သရုပ်ကို နောက်ဆုံးတွင် ပြသလိုက်လေပြီ။
စုယွမ်၏ အတွေးများ လှုပ်ရှားသွား၏။ သူသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းကာ ယနေ့၏ သတင်းအချက်အလက်များကို စတင်စစ်ဆေးလိုက်သည်။
အဆင့်မြှင့်တင်ထားသော စနစ်တွင် ထူးခြားသည့်အရာ တစ်ခုခု ရှိနေမည်လားဆိုသည်ကို သူ သိချင်နေခဲ့ပေသည်။
"ယနေ့ သတင်းအချက်အလက်များကို တွန်းပို့လိုက်ပါပြီ''
သတင်းအချက်အလက် (၁) နာမည်ကြီး အစားအသောက် ဘလောဂါ့ ဒေးဗစ်တိုင် (အာလျန်) သည် မကြာသေးမီက ကုန်တင်ကားကြီးတစ်စီးနှင့် တိုက်မိခဲ့ပေသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ဗိုက်ဆီများ အလုံအလောက်ရှိနေသောကြောင့် သာမန်ဆေးရုံရှိ CT စကင်န်စက်ကပင် သူ၏ အဆီတံတိုင်းများကို ဖောက်ထွင်းမမြင်နိုင်ခဲ့ချေ။
စုယွမ်သည် ဗိုက်ရွှဲရွှဲနှင့် ထိုလူ၏အကြောင်းကို ကောင်းစွာ သိရှိထားပြီး သူက တရုတ်လူမျိုးများ၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို တစ်ကိုယ်တော် ချိုးဖျက်ခဲ့သူပင် ဖြစ်ပေသည်။
သူ၏ အရပ်မှာ ၁.၆၄ မီတာရှိပြီး ကိုယ်အလေးချိန်မှာ ၃၈၀ ကီလိုဂရမ်အထိ ရှိလေ၏။
BMI အညွှန်းကိန်းမှာလည်း ၇၀ အထိပင် မြင့်မားနေချေသည်။
ဤထိတ်လန့်ဖွယ်ကောင်းလှသော ကိန်းဂဏန်းအချက်အလက်များက သူ၏ ခန္ဓာကိုယ် ကန့်သတ်ချက်များသည် အမှန်တကယ်ပင် မည်သည့်အတိုင်းအတာအထိ ရှိနေမည်နည်းဟု လူတိုင်းအား တွေးတောမိသွားစေခဲ့လေသည်။
"သတင်းအချက်အလက် (၂) တာမီရေခဲ့မုန့်ဆိုင် ဟာ သူတို့ရဲ့ ဖျော်ရည်တွေထဲမှာ စားကြွင်းစားကျန် သံပရာသီးစိပ်တွေကို ထည့်သုံးနေကြောင်း ဖော်ထုတ်ခံလိုက်ရပြီး ဖောက်သည်တချို့ကို နေမကောင်းဖြစ်စေခဲ့ပါတယ်..."
ရိုးရိုးသားသား ဆိုရလျှင် ၎င်းက အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပါသလော။
စုယွမ်က ခေါင်းခါလိုက်၏။ ရိုးရိုးသားသား ပြောရလျှင် တာမီရေခဲ့မုန့်ဆိုင် သာ မရှိခဲ့ပါက ဤနှစ်များအတွင်း နွေရာသီတွင် အပူဒဏ်ကို ဖြေဖျောက်ရန်အတွက် သူ ငွေပိုမို အများအပြား သုံးစွဲခဲ့ရမည် ဖြစ်ပေသည်။
စုယွမ်သည် ဤကိစ္စကို အရေးမပါဟု ခံစားလိုက်ရပြီး အခြားသူများအတွက်မူ သူ မပြောတတ်ချေ။
သတင်းအချက်အလက် (၃) လူကုန်ကူးသူ မေ့ယင်း ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်... ဖမ်းဆီးခံရချိန်မှာ မေ့ယင်း ဟာ ပြန်ပေးဆွဲလာတဲ့ ကလေးငယ်လေးကို ချီထားဆဲ ဖြစ်ပါတယ်... ကံကောင်းထောက်မစွာနဲ့ပဲ ရဲတပ်ဖွဲ့က ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့တဲ့အတွက် ကလေးငယ်လေးမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး... အဲဒီကလေးငယ်လေးဟာ ကျန်းချန် ရှိ ထျန်းကျန်းလုပ်ငန်းစု ဥက္ကဋ္ဌ ကျိုးကျန်းဟိုင် ရဲ့ ဇီဝဗေဒဆိုင်ရာ မြေးအရင်းဖြစ်တယ်လို့ သိရပါတယ်... ထျန်းကျန်းလုပ်ငန်းစု ဟာ ကလေးငယ်လေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အတွက် ယွမ် သန်း ၁၀၀ ဆုကြေးငွေ ပေးအပ်မယ်လို့ အရင်က ကြေညာထားခဲ့ပါတယ်...