← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အပိုင်း ၁၅၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ပြင်းထန်သည့် လေစီးကြောင်းများနှင့်အတူ လွင့်မျောနေသော လေထီးကြီးများက ဆိုလွန်နှင့် လူတစ်ရာကျော်ပါဝင်သည့် အဖွဲ့ကို ပေသောင်းချီ အဝေးအထိ သယ်ဆောင်သွား၏။ ထို့နောက် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်သွားလိုက်ကြသည်။

အလျင်အမြန် ဆင်းသက်ရန် လိုအပ်သည့်အတွက် သူတို့က အောက်ဘက်သို့ အင်အားသုံး၍ ဆွဲချလိုက်ရသည်။ လူတစ်ရာထဲ၌ အားလုံးက သိုင်းပညာ တတ်ကျွမ်းကြ၏။

နူးညံ့သိမ်မွေ့ပုံပေါ်သည့် ဆိုနင်ပင်းပင်လျှင် အခြေခံ သိုင်းပညာများကို လေ့ကျင့်ထားဖူးသဖြင့် သာမန်စစ်သည်တစ်ယောက်၏ စွမ်းရည်များ ရှိနေသည်။ ထို့ကြောင့် ဆင်းသက်ချိန်၌ မည်သူကမှ ဒဏ်ရာ မရခဲ့ချေ။ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ကမူ သူတို့အတွက် အသေးအဖွဲသာ။

အလွန် လျင်မြန်စွာ ပျံသန်းလာခြင်းကြောင့် ဆင်းသက်ချိန်၌ သူတို့ အားလုံး နေရာအနှံ့ လူစုကွဲသွားကြသည်။ ဆိုလွန်က ကျောပေါ်မှ လေးကို ယူကာ ကောင်းကင်ယံသို့ မြားတစ်စင်း ပစ်လွှတ်လိုက်၏။ မြားက လေထဲ၌ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး တောက်ပသည့် အနီရောင်အမှုန့်များ အဖြစ် ပြန့်ကျဲသွားသည်။

ဤသည်က လူတိုင်းကို သူ့အနားသို့ လာရောက် စုဝေးရန် အမိန့်ပေးသည့် အချက်ပြမြာပင်။ အချိန်တိုအတွင်းမှာပင် ဆိုနင်ပင်း ၊ ရဲ့ကျင်းယွီနှင့် မိသားစုစစ်သည် တစ်ရာလုံး စုရုံးရောက်ရှိလာကြသည်။

လက်ရှိအချိန်၌ သူတို့ အားလုံးက ဆိုလွန်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။

အထူးသဖြင့် ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့၌ ပျံသန်းလိုသည့် ရိုမန့်တစ်ဆန်သော အိပ်မက်တစ်ခု အမြဲတမ်း ရှိခဲ့ကြသည်။

သူမတို့က ငှက်တစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ၌ ဝဲပျံပြီး မြေပြင်ကို ငုံ့ကြည့်ရန် မကြာခဏ စိတ်ကူးယဉ်ဖူး၏။

ယခုအခါ ဆိုလွန်က ထိုအိပ်မက်ကို အမှန်တကယ် ဖြစ်လာစေလေပြီ။

ပေရာဂဏန်းခန့် မြင့်မားသည့် ကမ်းပါးစွန်းမှ ခုန်ချရသဖြင့် အစပိုင်း၌ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း လေထီးများ အပြည့်အဝ ပွင့်သွားချိန်၌ ခံစားချက်က ပြောင်းလဲသွား၏။ ပျံသန်းရသည်မှာ အလွန် အံ့သြဖွယ်ကောင်းလှသည်။ အလွန် မြန်ဆန်မနေဘဲ အလွန် ချောမွေ့ကာ တည်ငြိမ်နေသည်။

ပြောရလျှင် သူတို့သာ အလောတကြီး မဖြစ်နေလျှင် ဆိုနင်ပင်းတစ်ယောက် ကောင်းကင်ယံ၌ အချိန်အနည်းငယ်ခန့် ပို၍ နေချင်သေး၏။ ဆိုလွန်ကို ကြည့်ကာ သူမ၏ မျက်လုံးများ အရောင်တောက်လာသည်။ "မောင်လေး... နောက်တစ်ခါ ပျံရင် အစ်မကို ခေါ်သွားနော်။"

လေထဲ၌ မည်သို့ ခံစားရသည်ကို သူမ မှတ်မိနေသေးသည်။ သူမတို့ နှစ်ယောက်တည်း လေထီးတစ်လုံးကို အတူတူ သုံးပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကာ သူ၏ လက်မောင်းများထဲ၌ ဘေးကင်းစွာ ရစ်ပတ်ခံရရင်း ပျံသန်းရလျှင် မည်သို့ နေမည်ကို သူမ စိတ်ကူးယဉ်ကြည့်မိ၏။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် သူမ၏ ရင်ခုန်သံများ မြန်ဆန်လာရသည်။

တစ်ချိန်တည်းမှာပင် မိသားစုစစ်သည်များက ဆိုလွန်ကို အရူးအမူး လေးစားအားကျစွာဖြင့် ကြည့်နေကြသည်။ ဆိုဟန်ရီအပေါ် သူတို့ ထားရှိဖူးသည့် ကိုးကွယ်ယုံကြည်မှု အားလုံးက ယခုအခါ ဆိုလွန်ထံသို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ထိုသည်ကို မြင်သောအခါ ဆိုလွန် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ကမ်းပါးမှ ခုန်ချသည့် သူ၏ စွန့်စားရသော အစီအစဉ်က သူတို့ကို ကယ်တင်နိုင်ရုံသာမက စစ်သည်များ၏ ခြွင်းချက်မရှိ သစ္စာခံမှုကိုပါ ရယူလိုက်နိုင်သည်။ ဤသည်က ပြီးပြည့်စုံလှသော ရလဒ်တစ်ခုပင်။

ဆိုလွန်က လေးနက်စွာ ပြောလိုက်၏။ "မင်းသား ကျိလီနဲ့ ငါ့အလောင်းအစား အားလုံး ကြားဖူးမှာပဲ။ နောက်ငါးလအတွင်း ထျန်းရွှေမြို့ကို ပြန်သိမ်းရမယ်။ ခြောက်လမြောက်အထိ ဒါကို မလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာ အားလုံး သိတယ်မလား။"

မြို့စားတစ်ယောက်၏ ပိုင်နက်ထဲ၌ ပုန်ကန်မှု ဖြစ်ပွားပြီး ထိုမြို့စားက မတားဆီးနိုင်လျှင် တော်ဝင်မိသားစုက သူတို့၏ ကိုယ်ပိုင်စစ်တပ်ကို စေလွှတ်ခွင့် ရှိ၏။

ထို့ကြောင့် ခြောက်လအတွင်း ဆိုလွန်က သူ၏ မြို့ကို ပြန်လည် မသိမ်းပိုက်နိုင်ပါက ပုန်ကန်မှုကို နှိမ်နင်းရန် ဟူသော အကြောင်းပြချက်ဖြင့် ဘုရင့်နိုင်ငံ၏ စစ်တပ်က ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဆိုမိသားစုက မြို့ကို ထာဝရ ဆုံးရှုံးရမည် ဖြစ်ပြီး ဆိုလွန်သည်လည်း အရာအားလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။

ဆိုလွန်က မျက်မှောင်ကျုံ့လိုက်သည်။ "ဒါပေမဲ့ ရန်သူ ဘယ်လောက်နဲ့ ရင်ဆိုင်ရမလဲ။ သူပုန်ခေါင်းဆောင် နူဒန် ၊ ကျိနင်ရဲ့ လျှို့ဝှက်တပ်ဖွဲ့နဲ့ ဆိုဟန်ရီ ရှိတယ်။ အင်အားစု သုံးခု ပေါင်းရင် စစ်သည် သုံးသောင်းကျော်တယ်။"

အနည်းဆုံး စစ်သည် နှစ်သောင်းမှ သုံးသောင်းအထိ ရှိ၏။ ထျန်းရွှေမြို့ကို နောက်ကွယ်မှ ထိန်းချုပ်ထားသည့် ကျိနင်၏ လျှို့ဝှက်စစ်တပ်က မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ထိုစစ်သည်များကို သေချာပေါက် စုစည်းပေလိမ့်မည်။

ဆိုလွန်က သူတို့ကို စိုက်ကြည့်လိုက်သည်။ "ငါတို့ဆီမှာ လူဘယ်လောက် ရှိလဲ။ တစ်ရာပဲ ရှိတယ်။"

ပျံသန်းရသဖြင့် စိတ်လှုပ်ရှားနေမှုများက အလျင်အမြန် ပျောက်ကွယ်သွား၏။ သူတို့၏ နှလုံးသားများ အေးစက်သွားကြသည်။ နောက်ငါးလအတွင်း မြို့တစ်မြို့ကို ပြန်သိမ်းရန်အတွက် လူတစ်ရာက စစ်တပ်သုံးသောင်းကို တိုက်ခိုက်ရမည်လော။ ထိုသည်က ကောင်းကင်ဘုံသို့ တက်ရသလောက် ခက်ခဲပုံပေါ်နေ၏။

ဆိုလွန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ဒီငါးလအတွင်း လက်ရွေးစင်စစ်သည် နှစ်သောင်းပါတဲ့ စစ်တပ် စုစည်းရမယ်။ စရိတ်က ရွှေဒင်္ဂါး တစ်သိန်းခွဲ လိုတယ်။"

သူတို့အားလုံး အသက်ရှူရပ်သွားကြ၏။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သကဲ့သို့ ထင်ရသည်။

မင်းသမီး ကျိနင်နှင့် မင်းသား ကျိလီတို့က ထျန်းရွှေမြို့၌ ပုန်ကန်မှု စီစဉ်ရန် ရွှေဒင်္ဂါး တစ်သိန်း သုံးစွဲကြ၏။ ထိုငွေများကို နူဒန်၏ သူပုန်သုံးသောင်းကို လက်နက်တပ်ဆင်ရန်နှင့် ဆုချရန် အသုံးပြုခြင်း ဖြစ်သည်။

သို့သော် ဆိုလွန်ကမူ မည်သည့်အရာမှ မရှိဘဲ လူနှစ်သောင်းပါဝင်သည့် စစ်တပ်တစ်ခုကို ဖန်တီးရန် လိုအပ်သည်ဟု ပြောနေကာ ထိုအတွက် အနည်းဆုံး ရွှေဒင်္ဂါး တစ်သိန်းခွဲ ကုန်ကျပေလိမ့်မည်။

ရွှေဒင်္ဂါး တစ်သိန်းခွဲက မည်မျှလောက် များသနည်း ဆိုရလျှင် အရှေ့တောင်ပိုင်းပြည်နယ် တစ်ခုလုံးမှ တစ်နှစ်စာ ကောက်ခံရရှိသည့် အခွန်ငွေ စုစုပေါင်းနှင့် ညီမျှ၏။

စစ်ပွဲဟူသည်က ရွှေများကို မျိုချတတ်သည့် ဧရာမ ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ ရွှေဒင်္ဂါး တစ်သိန်းခွဲဆိုသည်မှာ အနည်းဆုံး လိုအပ်သည့် ပမာဏသာ ဖြစ်၏။

ဆိုလွန်က ရဲ့ကျင်းယွီဘက် လှည့်ကြည့်လိုက်သည်။ "အစ်မ ကျင်းယွီ... ကျွန်တော်တို့ဆီ ရွှေဒင်္ဂါး ဘယ်လောက် ကျန်သေးလဲ။"

ရဲ့ကျင်းယွီက ခေါင်းငုံ့သွားရ၏။ "ရွှေဒင်္ဂါး ရှစ်ရာပဲ ကျန်ပါတော့တယ်။"

လက်ရှိအချိန်၌ ဆိုလွန်၏ လက်ထဲ၌ ရွှေဒင်္ဂါး ရှစ်ရာသာ ကျန်တော့၏။ ယခင်က သူ၏ စစ်သည်တစ်ရာကို လက်နက်တပ်ဆင်ရန်နှင့် လေထီးများ ပြုလုပ်ရန် ရွှေဒင်္ဂါး သုံးထောင်ခန့်ကို သုံးစွဲလိုက်ရသည်။

တော်ဝင်မြို့တော်မှ ပိုင်ယွင်ကောင်တီသို့ သွားရာလမ်း၌လည်း ပင်ပန်းနေသော မြင်းများကို မြင်းသစ်များဖြင့် လဲလှယ်ရန် ရွှေဒင်္ဂါး နှစ်ထောင်ကျော် သုံးစွဲရသေး၏။ ထို့ကြောင့် သူ ရရှိသော ငွေများအားလုံးထဲမှ ရွှေဒင်္ဂါး ရှစ်ရာသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ဆိုလွန် မျက်ခုံးပင့်လိုက်သည်။ "ဒါဆိုရင် နောက်ငါးလအတွင်း ဒီရွှေဒင်္ဂါး ရှစ်ရာကို တစ်သိန်းခွဲ ဖြစ်အောင် လုပ်ရမယ်။ လူနှစ်သောင်းပါတဲ့ စစ်တပ် တည်ဆောက်ရမယ်။ မင်းတို့ ကျုပ်ကို ယုံလား။"

လူအုပ်ကြီးမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရ၏။ ယုံကြည်မှု ရှိရန် နေနေသာသာ ထိုအကြောင်းကို စိတ်ကူးဖြင့်ပင် မယဉ်ရဲကြချေ။

ဆိုလွန်က သူ၏ခေါင်းကို ညွှန်ပြလိုက်သည်။ "မင်းတို့ မယုံဘူးမလား။ ဒါပေမဲ့... ငါ ယုံတယ်။ ငါ့မှာ ယုံကြည်မှု အပြည့်ရှိတယ်။ မင်းတို့ လုပ်ရမှာက ငါ့နောက်လိုက်ပြီး အမိန့်ကို နာခံဖို့ပဲ။"

ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီ အပါအဝင် အားလုံးက ထပ်မံ၍ တုန်လှုပ်သွားကြပြန်၏။ ရွှေဒင်္ဂါး တစ်သိန်းခွဲဆိုသည်မှာ အလွန်တရာ များပြားလှသော ပမာဏတစ်ခု ဖြစ်သည်။

တစ်သက်လုံး ငွေစုလာသည့် မြို့စားကြီး ကျိထင်၌ပင် ရွှေဒင်္ဂါး တစ်သိန်း မရှိချေ။ ငါးလအတွင်း ထိုမျှ များပြားသော ငွေကြေးကို ရှာဖွေရမည်ဆိုသည်မှာ ရူးသွပ်ဖွယ် အိပ်မက်တစ်ခုနှင့် သွား၍ တူနေ၏။ တော်ဝင်ဘဏ္ဍာတိုက်ကို လုယက်လျှင်ပင် ထိုမျှ များပြားသော ငွေကို ရနိုင်မည် မဟုတ်ပေ။

သို့သော် မည်သူကမှ ဆိုလွန် စကားကြီးစကားကျယ် ပြောနေသည်ဟု မထင်ကြချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အခိုက်အတန့်လေးကတင် သူက အံ့ဖွယ်တစ်ခုကို ဖန်တီးပြပြီး ဖြစ်သည်။

သူက လူတစ်ယောက်မှ အဆုံးအရှုံး မရှိဘဲ လူတစ်သောင်းပါဝင်သည့် စစ်တပ်ထံမှ ဘေးကင်းစွာ လွတ်မြောက်ရန်နှင့် ပျံသန်းနိုင်ရန် သူတို့ကို ဦးဆောင်ပေး၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူက အံ့ဖွယ်များကို အကြိမ်ကြိမ်အဖန်ဖန် ဖန်တီးပြခဲ့သည်။

ဆိုလွန် ပြုံးလိုက်သည်။ "အခု လင်ဟိုင်မြို့က ငါတို့ရဲ့ စစ်မြေပြင်သစ်ပဲ။ အခုကစပြီး ငါ့နောက်လိုက်ပြီး နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးရမယ်။ မင်းတို့ကို ငါ ၃ ခုတောင်းဆိုမယ်... ငါ့အမိန့်ကို နာခံဖို့ ၊ နာခံဖို့ ၊ ပြီးတော့ နာခံဖို့ပဲ။"

ဆိုမုက ဒူးတစ်ဖက် ထောက်ချလိုက်သည်။ "ကျွန်တော်တို့ နာခံပါ့မယ် သခင်လေး။"

မိသားစုစစ်သည်များ အားလုံးက သူတို့၏ ဓားများကို ဆွဲထုတ်ကာ ဒူးတစ်ဖက်ထောက်ချလျက် ညီညာစွာ ပြောလိုက်ကြ၏။ "ကျွန်တော်တို့ နာခံပါ့မယ်။"

ဆိုလွန်က လက်ဟန်ပြလိုက်သည်။ "အင်း။ ကောင်းပြီ လင်ဟိုင်မြို့ကို သွားကြစို့။"

ချက်ချင်းပင် စစ်သည်တစ်ရာက ညီညာသည့် တန်းစီတစ်ခုကို ဖွဲ့စည်းလိုက်ကြပြီး မိုင်နှစ်ရာခန့် ကွာဝေးသည့် လင်ဟိုင်မြို့ဆီသို့ စတင် ချီတက်သွားလိုက်ကြသည်။

သူတို့ အဖွဲ့က မနားတမ်း ချီတက်သွားကြ၏။

သို့သော် ခရီးစဉ်မှာ ထူးဆန်းစွာ တိတ်ဆိတ်နေ၏။ လင်ဟိုင်မြို့က သူတို့ကို ကူညီရန် မည်သည့် စစ်တပ်ကိုမှ မစေလွှတ်သလို တားဆီးရန်လည်း မည်သူ့ကိုမှ မစေလွှတ်ချေ။ ဆိုလွန်၏ အဖွဲ့ လာနေသည်ကို တစ်မြို့လုံးက မသိသကဲ့သို့ပင်။

သို့သော် ထိုသည်က မဖြစ်နိုင်ပေ။ လူတစ်ရာခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် မြို့များစွာကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။ သူ၏ ယောက္ခမလောင်း ကွေ့ရှင်းဖူက သူတို့ လာနေသည်ကို သေချာပေါက် သိနေမည် ဖြစ်သော်လည်း မသိဟန်ဆောင်နေခြင်းသာ ဖြစ်၏။

ထိုသည်က ကောင်းမွန်သည့် လက္ခဏာတစ်ခု မဟုတ်ချေ။

ထို့အပြင် နုကျန်းမြစ်ပေါ်ရှိ ဧရာမ ကြိုးတံတားကြီး ရုတ်တရက် ဖျက်ဆီးခံလိုက်ရခြင်းက အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။ ထိုတံတားကြီးမှာ ပေရာဂဏန်းခန့် မြင့်မားပြီး ပေရာဂဏန်းကျော် ရှည်လျား၏။

တည်ဆောက်ရန်အတွက် ရေတွက်၍ မရနိုင်သော အသက်များနှင့် ငွေကြေးများစွာ ကုန်ကျသည်။ ဤသည်က မိုင်တစ်ရာကျော်အတွင်း နုကျန်းမြစ်ကို ဖြတ်ကူးနိုင်သည့် တစ်ခုတည်းသော တံတား ဖြစ်၏။

သူ၏ ယောက္ခမလောင်းနှင့် စေ့စပ်ထားသူ ကိုယ်တိုင်ကပင် သူ ရောက်လာသည်ကို လုံးဝ ကြိုဆိုပုံ မပေါ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ လွန်ခဲ့သည့် လအနည်းငယ်က သူ၏ စေ့စပ်ထားသူ ကွေ့ချင်းရှောင်းထံမှ စာတစ်စောင်ကို သူ လက်ခံရရှိဖူး၏။ ထိုစာထဲ၌ သူမ၏ နာမည်ကို ထပ်ပြောရဲပါက သူ့ကို သတ်ပစ်မည်ဟု သူမက ခြိမ်းခြောက်ထားသည်။

ဤအရာများထဲမှ မည်သည့်အရာကမှ ဆိုလွန်အတွက် အံ့သြစရာ မဟုတ်ပေ။ လင်ဟိုင်မြို့သို့ မလာရောက်မီကတည်းက အေးစက်သည့် ကြိုဆိုမှုအတွက် သူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။

သို့သော် ဆိုလွန်အတွက်မူ ကောင်းကင်နှင့် တိုက်ခိုက်ခြင်းက အဆုံးမဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးသည်။

မြေကြီးနှင့် တိုက်ခိုက်ခြင်းက အဆုံးမဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေး၏။

လူများနှင့် တိုက်ခိုက်ခြင်းကလည်း အဆုံးမဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးသည်။

သူ၏ ယောက္ခမလောင်းနှင့် စေ့စပ်ထားသူကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေပြီ။

အပိုင်း ၁၅၁ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters