← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အပိုင်း ၁၅၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အရုဏ်တက်ချိန်၌ ဆိုလွန်နှင့် သူ၏အဖွဲ့က လင်ဟိုင်မြို့တော် အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

သူတို့ရှေ့ရှိ ဧရာမမြို့ကြီးမှာ ဆိုလွန်၏ စေ့စပ်ထားသူ မိသားစု နေထိုင်ရာ လင်ဟိုင်မြို့ပင်။ ဆိုမိသားစုကဲ့သို့ပင် ကွေ့မိသားစုသည်လည်း ဘုရင့်နိုင်ငံအတွင်း၌ တစ်ပိုင်းတစ်စ လွတ်လပ်ခွင့်ရှိသော မြို့စားပိုင်နက်တစ်ခု ဖြစ်၏။

လင်ဟိုင်မြို့တော်က မိုင်အနည်းငယ်ခန့် ကျယ်ဝန်းပြီး လူဦးရေ ကိုးသောင်းခန့် ရှိသဖြင့် ထျန်းရွှေမြို့ထက် အနည်းငယ် သေးငယ်သည်။

မြင့်မားသော မြို့ရိုးကြီးများကို မော့ကြည့်ရင်း ဆိုမိသားစု စစ်သည်များ ဂနာမငြိမ်ဖြစ်လာကာ စိုးရိမ်ပူပန်လာကြ၏။

ယခင် တောင်ထွတ်ပေါ်၌ ဝိုင်းရံခံထားရစဉ်က သူတို့၏ တစ်ခုတည်းသော အတွေးမှာ ဖောက်ထွက်ရန် ၊ လွတ်မြောက်ရန်နှင့် လင်ဟိုင်မြို့ထဲသို့ ဝင်ရောက်ရန်သာ ဖြစ်သည်။

ယခုအခါ လင်ဟိုင်မြို့က သူတို့ရှေ့၌ ရှိနေပြီဖြစ်ရာ လူတိုင်းက စတင် စိုးရိမ်လာကြ၏။ မြို့စားကြီး ကွေ့ရှင်းဖူက သူတို့ကို ခိုလှုံခွင့် ပေးမည်လော။ ကူညီမည်လော။ သို့မဟုတ် သူတို့ အားနည်းနေချိန်၌ အခွင့်ကောင်းယူ၍ ထပ်မံ တိုက်ခိုက်မည်လော။

ဆိုမုက ဂနာမငြိမ်ဟန်ဖြင့် ပြောလာ၏။ “သခင်လေး... အရင်ပုန်းနေတာ ကောင်းမယ်။ ကျွန်တော်တို့ ရောက်နေကြောင်း အသိပေးဖို့ မြို့တံခါးဆီ လူတစ်ယောက် လွှတ်လိုက်မယ်။ လင်ဟိုင်မြို့ကသာ ရည်ရွယ်ချက် မကောင်းဘူးဆိုရင် သခင်လေးရဲ့ အသက်အန္တရာယ် မထိခိုက်နိုင်တော့ဘူးပေါ့။”

ဆိုနင်ပင်းက ဝင်ပြောသည်။ “အစ်မ မြို့ထဲဝင်ပြီး အခြေအနေကို အရင် သွားစုံစမ်းလိုက်မယ်။ အစ်မက မိန်းကလေးဆိုတော့ သူတို့ အစ်မကို အခက်တွေ့အောင် မလုပ်လောက်ပါဘူး။”

သို့သော် ဆိုလွန်ကမူ ခေါင်းခါရင်း ပြုံးလိုက်၏။ “အဲဒီလိုလုပ်စရာ မလိုပါဘူး။”

သူက လင်ဟိုင်မြို့တံခါးဆီသို့ တိုက်ရိုက် လျှောက်သွားကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ဘုရင့်နိုင်ငံရဲ့ မြို့စားကြီး ၊ ထျန်းရွှေမြို့ရဲ့ မြို့စားနဲ့ ဆိုမိသားစုရဲ့ သခင် ဆိုလွန်က... ယောက္ခမကို လာရောက် ဂါရဝပြုပါတယ်။”

လက်ရှိအချိန်၌ မြို့ထဲသို့ ဝင်ထွက်သွားလာနေကြသော လူအများအပြား ရှိနေ၏။ ဆိုလွန်၏ စကားကို ကြားသောအခါ သူတို့ အံ့အားသင့်သွားကြပြီး မျက်လုံးပြူးကာ သူ့ကို စိုက်ကြည့်လာကြသည်။

ဤလူက နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး၌ နာမည်အဆိုးဆုံး လူရှုပ်လူပွေနှင့် အသုံးမကျသူ ဆိုလွန်လော။

လင်ဟိုင်မြို့က နုကျန်းမြစ်ကြောင့် အထီးကျန်နေသဖြင့် သတင်းများ ရောက်ရှိရန် နှေးကွေး၏။ ထို့အပြင် တော်ဝင်မြို့တော်က မိုင်ထောင်ချီ ကွာဝေးသောကြောင့် တော်ဝင်မြို့တော်၌ ဖြစ်ပွားခဲ့သော ဆိုလွန်၏ တုန်လှုပ်ဖွယ် စွမ်းဆောင်ရည် သတင်းများက သူတို့ထံ မရောက်ရှိသေးပေ။

သူတို့အားလုံး၏ စိတ်ထဲ၌ ဆိုလွန်က အသုံးမကျသည့် လူရှုပ်လူပွေအဖြစ်သာ ရှိနေဆဲပင်။

အခြားတစ်ဖက်၌မူ မြို့စားကြီး၏ သမီးဖြစ်သူ ကွေ့ချင်းရှောင်းက ရုပ်ရည် ၊ ဟန်ပန်နှင့် ကိုယ်လုံးကိုယ်ပေါက်တို့၌ ရှားပါးလှသည့် အလှတရား ပိုင်ရှင်လေး ဖြစ်သည်။

ထို့မျှသာမက အဆင့်မြင့် နဂါးသွေးကြော စွမ်းရည်လည်း ရှိထားသဖြင့် သူမ၏ သိုင်းပညာက ရွယ်တူများကြား၌ပင် ထူးချွန်ထက်မြက်နေ၏။

ဤမျှ ထူးချွန်ပြီး လှပသည့် အမျိုးသမီးတစ်ယောက်က ဆိုလွန်ကဲ့သို့ လူရှုပ်လူပွေနှင့် လက်ထပ်ရမည်ဆိုသည်မှာ နွားချေးပုံပေါ် ပန်းပွင့် ပစ်တင်လိုက်သည်နှင့် အမှန်တကယ် တူညီနေသည်။

ထို့အပြင် ဆိုမိသားစု ပျက်စီးသွားပြီ ဖြစ်ကာ သူတို့၏ ပိုင်နက်ကို သူပုန်တပ်များက သိမ်းပိုက်လိုက်ပြီဟူသော ကောလာဟလ အနည်းငယ်လည်း ထွက်ပေါ်နေ၏။

ဤလူရှုပ် ဆိုလွန် အသက်ရှင်နေဦးမည်ဟု သူတို့ မထင်ထားမိခဲ့ကြချေ။ သို့သော် သူ အသက်ရှင်နေလျှင်ပင် အရာအားလုံးကို ဆုံးရှုံးသွားရပြီး လမ်းဘေးခွေးတစ်ကောင်အဖြစ် ကျဆင်းသွားလေပြီ။

ဆိုရိုးစကားအတိုင်း ပြောရလျှင် အတောင်ကျိုးနေသည့် ဖီးနစ်ငှက်တစ်ကောင်က ကြက်တစ်ကောင်ထက်ပင် ဆိုးရွားနေသေး၏။

မြို့ရိုးပေါ်ရှိ အစောင့်တပ်မှူးက အံ့အားသင့်သွားသည်။ သူ တံခါးအောက်ရှိ ဆိုလွန်ကို သေချာစွာ ကြည့်လိုက်၏။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူရှုပ်လူပွေကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း အလွန် ချောမောသည်ဟုတော့ သူ သိထားသည်။ လက်ရှိအချိန်၌ ဆိုလွန်က အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း အမှန်တကယ် ရုပ်ရည်ကောင်းမွန်ကာ ကောလာဟလများနှင့် ကွက်တိကျနေသည်။

ထို့အတွက်ကြောင့် အစောင့်တပ်မှူးက ကိုယ်တိုင် ဆုံးဖြတ်ချက် မချရဲပေ။ သူက အောက်ဘက်သို့ အော်ပြောလိုက်သည်။ “သခင်လေး... ခဏလောက် စောင့်ပေးပါ။ ကျွန်တော် မြို့စားအိမ်တော်ကို သွားပြီး သတင်းပို့လိုက်ပါ့မယ်။”

သူက မြို့ရိုးပေါ်မှ အလျင်အမြန် ဆင်းသွားပြီး မြင်းတစ်ကောင်ကို စီးကာ မြို့စားအိမ်တော်ဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွား၏။

ထို့နောက် အနည်းငယ် စိုးရိမ်ပူပန်ဖွယ် စောင့်ဆိုင်းရမှု စတင်လာသည်။

မကြာမီ သူ၏ ယောက္ခမဟု ခေါ်ဆိုရမည့်သူနှင့် စေ့စပ်ထားသူ ကွေ့ချင်းရှောင်းတို့ကို သူ တွေ့ဆုံရတော့လေမည်။

သူ့ကို သတ်ပစ်မည်ဟု အမြဲတမ်း ကြွေးကြော်နေခဲ့သည့် စေ့စပ်ထားသူပင်။ ယခင် တော်ဝင်မြို့တော် အကယ်ဒမီ၏ နံပါတ်တစ် အလှမယ်လည်း ဖြစ်၏။

လင်ဟိုင်မြို့၏ မြို့စားကြီး ကွေ့ရှင်းဖူက ဆိုလွန်ကို အချိန်ကြာကြာ မစောင့်ခိုင်းခဲ့ချေ။ နာရီဝက်ပင် မပြည့်မီ မြို့တံခါးဝ၌ ပေါ်လာသည်။

“ငါ့တူလေး... အို... ရက်စက်တဲ့ ကံကြမ္မာကို ခံစားခဲ့ရရှာတဲ့ ငါ့ရဲ့ သနားစရာ တူလေး။”

လူကို မမြင်ရသေးခင်မှာပင် အသံကို အရင် ကြားလိုက်ရ၏။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မြင်းတစ်ကောင်ကို စီးကာ မြို့တံခါးထဲမှ ထွက်လာသည်။ သူက ဆိုလွန်နှင့် ပေအနည်းငယ်အကွာ၌ ခုန်ဆင်းလိုက်ပြီး အလျင်အမြန် ပြေးလာကာ သူ့ကို တင်းကျပ်စွာ ဆွဲဖက်ထားလိုက်၏။

အလွန် တင်းကျပ်စွာ ဖက်ထားသဖြင့် ဆိုလွန်မှာ ရုန်းထွက်ရန်ပင် ခက်ခဲသွားရသည်။

ထိုသူက အလွန် ခန့်ညားပြီး သြဇာညောင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ အရပ်အမောင်းမှာ ၁၈၀ စင်တီမီတာခန့် ရှိ၏။

ပညာတတ်တစ်ယောက်နှင့် တူသော်လည်း တည်ကြည်လေးနက်သည့် မျက်နှာသွင်ပြင် ၊ ကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးများ ၊ ဖြောင့်စင်းသော နှာတံနှင့် နီရဲနေသော နှုတ်ခမ်းများ ရှိသည်။

အချုပ်အားဖြင့်ဆိုရလျှင် အလွန် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက်ပင်။ ခေါင်းစခြေဆုံး သဘာဝကျကျ လေးစားအားကျသွားစေနိုင်သည့် ယုံကြည်ထိုက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။

ဆိုလွန် အသတိထားမိဆုံးအရာမှာ သူ၏ နားရွက်များပင်။ ထူထဲသော နားရွက်များ ရှိပြီး အလွန် ရှည်လျားသည်။

ဤသူမှာ ဘုရင့်နိုင်ငံ၏ မြို့စား ၊ လင်ဟိုင်မြို့စားကြီး ကွေ့ရှင်းဖူ... ဆိုလွန်၏ အနာဂတ် ယောက္ခမပင်။

ကွေ့ရှင်းဖူက ဖော်ရွှေစွာ ပြောလိုက်သည်။ “လာ... ဦးလေးနဲ့ အိမ်ပြန်ရအောင်။ အခုကစပြီး လင်ဟိုင်မြို့က မင်းရဲ့ အိမ်ပဲ။”

ကွေ့ရှင်းဖူက ဆိုလွန်၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်၍ မြို့ထဲသို့ လျှောက်သွား၏။ သူ၏ လက်က အလွန် နွေးထွေးပြီး အင်အားများဖြင့် ပြည့်ဝနေသည်။

ထိုသည်ကို မြင်သောအခါ အခြားလူများက ယာယီ သက်ပြင်းချနိုင်သွားကြသည်။ အနည်းဆုံးတော့ မြို့စားကြီး ကွေ့ရှင်းဖူက ရန်လိုမနေဘဲ ဆိုလွန်ကို မိသားစုဝင်တစ်ယောက်ကဲသို့ ဆက်ဆံနေသေး၏။

သို့သော် ဆိုလွန်ကမူ စိတ်အေးမသွားချေ။ ထိုအစား သူ၏ စိတ်ထဲ၌ ပို၍ပင် သတိ ကြီးမားလာသည်။

ဤလောက၌ အန္တရာယ်အရှိဆုံးသော လူများမှာ မယုံနိုင်လောက်အောင် သစ္စာရှိပုံပေါ်သော်လည်း တကယ်တမ်း၌ လှည့်စားတတ်သူများပင်။ သူတို့က မသိလိုက်ခင်မှာပင် လူတစ်ယောက်ကို ရောင်းစားသွားနိုင်သည်။

ထို့အပြင် ကွေ့ရှင်းဖူ အလွယ်တကူ ရှင်းပြ၍ မရနိုင်သည့် သံသယဖြစ်ဖွယ် အချက်တစ်ခုလည်း ရှိနေသည်။ သူက ဆိုလွန်ကို ထိုမျှလောက် ဂရုစိုက်လျှင် ထျန်းရွှေမြို့ ရန်သူ့လက်ကျသွားချိန်၌ အဘယ်ကြောင့် မကူညီခဲ့သနည်း။

အဘယ်ကြောင့် သူ၏ စစ်တပ်က နုကျန်းမြစ် မြောက်ဘက်ကမ်း၌ အကူအညီ မပေးခဲ့သနည်း။

ထို့အပြင် လင်ဟိုင်မြို့ဆီသို့ သွားရာ ကြိုးတံတားကြီးက အလွန် အရေးပါလှ၏။ ထိုတံတားကြီး မည်သို့များ ပဟေဠိဆန်စွာ ဖျက်ဆီးခံလိုက်ရသနည်း။

လက်ရှိအချိန်၌ ကွေ့ရှင်းဖူက ဝမ်းနည်းနေသည့် မျက်နှာထားကို ပြသလိုက်၏။ “မင်းကို အခုလောက် ဒုက္ခရောက်စေခဲ့တာ ဦးလေးရဲ့ အမှားပါ။ နူဒန်နဲ့ အဲဒီလူယုတ်မာတွေ ပုန်ကန်ချိန်တုန်းက ဦးလေး ချက်ချင်း စစ်တပ်လွှတ်ပြီး ကူညီသင့်တာ။ ထျန်းရွှေမြို့ ရန်သူ့လက် ကျသွားပြီးတဲ့နောက် မင်း ဒီကိုလာမယ်မှန်း မသိခဲ့ရင်တောင် ဦးလေးက ကူညီဖို့ စစ်တပ်ကို လွှတ်ပေးသင့်ခဲ့တာပါ။”

ဆိုလွန် လန့်သွားရသည်။ ကွေ့ရှင်းဖူက သူ၏ စိတ်ကို ဖတ်နိုင်ပြီး သူ မည်သည်တို့အား တွေးနေသည်ကို အတိအကျ သိနေသည့်အလားပင်။

ကွေ့ရှင်းဖူက ဆက်ပြောသည်။ “လွန်ခဲ့တဲ့ တစ်လတုန်းက ဘုရင်မင်းမြတ်က တုန်းလီဘုရင့်နိုင်ငံဆီ သံတမန်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်။ တုန်းလီဘုရင့်နိုင်ငံက အိမ်ရှေ့မင်းသား ကျန်းလုံနဲ့ ဦးလေးက ရင်းနှီးတော့ ဘုရင်မင်းမြတ်က ဦးလေးကို အဲဒီ သံတမန်အဖွဲ့ရဲ့ တာဝန်ခံအဖြစ် ခန့်အပ်ခဲ့တာလေ။”

“ဒါကြောင့် မကြာသေးခင်ကမှ တုန်းလီဘုရင့်နိုင်ငံကို ရောက်နေခဲ့ပြီး မနေ့ကမှ အိမ်ကို အပြေးအလွှား ပြန်ရောက်လာတာ။ ထျန်းရွှေမြို့ ကျသွားပြီဆိုတဲ့ သတင်းကို ကြားကြားချင်းပဲ မင်းကို ကယ်ဖို့ ထျန်းရွှေမြို့ဆီ သွားဖို့ စစ်တပ်ကို ချက်ချင်း စုစည်းခဲ့တယ်။ မင်း လင်ဟိုင်မြို့ကို ရောက်နေပြီဆိုတဲ့ သတင်း ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ဤနေရာသို့ ရောက်သောအခါ ကွေ့ရှင်းဖူက ရပ်တန့်လိုက်ပြီး ရိုးသားသော ခံစားချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ဆိုလွန်ကို ကြည့်လိုက်၏။ “မင်းကို ဒီလောက် ဒုက္ခရောက်စေခဲ့တာ ဦးလေးရဲ့ အမှားပါ။ ကျေးဇူးတင်ဖို့ ကောင်းလိုက်တာ... မင်း ဘေးကင်းလို့သာပေါ့။ မဟုတ်ရင် ကွယ်လွန်သွားပြီဖြစ်တဲ့ ငါ့အစ်ကိုကြီးကို ဘယ်လို မျက်နှာပြရပါ့မလဲ။”

စကားအနည်းငယ်နှင့်ပင် ကွေ့ရှင်းဖူက သူ၏ သံသယဖြစ်ဖွယ် လုပ်ရပ်များ အားလုံးကို ပြောင်စင်အောင် ဆေးကြောပစ်လိုက်သည်။

သို့သော် ဆိုလွန်၏ စိတ်ထဲ၌မူ သံသယအနည်းငယ် ရှိနေဆဲပင်။ လက်ရှိအချိန်၌ သူ့ ယောက္ခမ၏ ခံစားချက်များက လွန်စွာ ပြီးပြည့်စုံပြီး ရိုးသားနေပုံပေါ်သဖြင့် အတုလား ၊ အစစ်လား ခွဲခြားရ အလွန် ခက်ခဲနေ၏။

သို့သော် အမှန်နှင့် အလိမ်ကို ခွဲခြားနိုင်မည့် အလွန် ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိနေသည်။ ထိုနည်းလမ်းမှာ ကွေ့ချင်းရှောင်းကို ဆိုလွန်နှင့် ဆက်လက် လက်ထပ်ပေးရန် ဆန္ဒရှိ ၊ မရှိ ကြည့်ရန်ပင်။

ထို့နောက် ကွေ့ရှင်းဖူက ဆိုလွန်၏ လက်ကို ကိုင်ဆွဲပြီး လင်ဟိုင် မြို့စားအိမ်တော်ဆီသို့ ခေါ်သွားလိုက်သည်။

လင်ဟိုင်မြို့တော်က ထျန်းရွှေမြို့တော်လောက် မကြီးမားသော်လည်း အလွန် စည်ကားလှ၏။ လမ်းများတစ်လျှောက်၌ အရောင်းအဝယ်ဖြစ်နေသော ဆိုင်များနှင့် လူအုပ်ကြီးက ပြည့်နှက်နေသည်။

ထို့အပြင် ဤနေရာ၌ ကွေ့ရှင်းဖူ၏ ဂုဏ်သတင်းနှင့် လူကြိုက်များမှုက အလွန် မြင့်မား၏။ လူများက သူ့ကို မြင်သည်နှင့် တခဲနက် အော်ဟစ် အားပေးကြကာ လှိုက်လှဲစွာ လေးစားမှုဖြင့် ဒူးထောက် ခစားကြသည်။

ကွေ့ရှင်းဖူကလည်း ပြည်သူများကို အလွန် စိတ်ရှည်လက်ရှည် လက်ပြနှုတ်ဆက်ပြီး သူတို့နှင့် စကားပင် ပြောလိုက်သေး၏။ သူက ပြည်သူများကို သားသမီးအရင်းများကဲ့သို့ ချစ်ခင်သည့် ပြီးပြည့်စုံသော အုပ်ချုပ်သူ စံပြတစ်ယောက်နှင့် သွား၍ တူနေသည်။

မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် အိမ်တော်ကြီးက သိပ်မကြီးမားသည်ကို ဆိုလွန် သတိပြုမိလိုက်၏။ အိမ်တော်က မြို့လယ်ခေါင်၌ တည်ရှိပြီး ပြည်သူများနှင့် အလွန် နီးကပ်သည်။ ထို့အပြင် အစောင့်များ၏ လုံခြုံရေးကလည်း သိပ်ပြီး တင်းကျပ်နေပုံ မပေါ်ချေ။

အပိုင်း ၁၅၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters