အခန်း ၁၅၃
Vol. 16 Ch. 153
အပိုင်း ၁၅၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မြို့စားအိမ်တော် အဝင်ဝ၌ ကျက်သရေရှိပြီး လှပသော အမျိုးသမီးတစ်ယောက်က လူတစ်စုကို ဦးဆောင်ကာ စောင့်ဆိုင်းနေ၏။ ထိုအမျိုးသမီးမှာ ကွေ့ရှင်းဖူ၏ ဇနီး သခင်မ ထူလင်းစီ ဖြစ်ရပေမည်။
ထူလင်းစီက ထူလင်းထော်၏ ညီမဝမ်းကွဲ ဖြစ်၏။
သခင်မ ထူလင်းစီ၌ နိုင်ငံခြားသွေး အနည်းငယ် ပါဝင်နေသည်ကို ဆိုလွန် သတိပြုမိလိုက်သည်။ သူမ၏ ဆံပင်များက နက်မှောင်နေသော်လည်း မျက်လုံးများကမူ တောက်ပသော အရောင်အဆင်း ရှိနေ၏။
သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကိုယ်လုံးကိုယ်ပေါက်က အလွန် ဆွဲဆောင်မှု ရှိသည်။ အနည်းငယ် အသက်ကြီးပြီး ပြည့်ဖြိုးသော်လည်း သူမ၏ ရင်သားနှင့် ဝိုင်းစက်နေသော တင်ပါးများက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကြီးမားနေ၏။ သူမ၌ ပြီးပြည့်စုံပြီး အချိုးအစားကျသည့် ကိုယ်လုံးကိုယ်ပေါက် ရှိနေသည်။
တစ်ခွန်းပြောရလျှင် အလွန် လှပ၏။ ခရမ်းနီရောင် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး မြင့်မြတ်ကာ မျက်စိဖမ်းစားနိုင်ပြီး မက်မောဖွယ် ကောင်းလောက်အောင် လှပနေသည်။
ဆိုလွန်ကို မြင်သောအခါ သူမက မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် အလိုမပါသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြလာ၏။
ကွေ့ရှင်းဖူက ဖော်ရွှေစွာ ပြောသည်။ “ငါ့တူလေး... ဒါက မင်းရဲ့ အဒေါ်ပဲ။ ပြီးတော့ မင်းရဲ့ အနာဂတ် ယောက္ခမလည်း ဖြစ်လာမယ့်သူပေါ့။”
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ထိုစကားက ဆိုလွန်၏ အနောက်ရှိ ဆိုနင်ပင်းနှင့် အခြားလူများကို အလွန် ဝမ်းသာသွားစေသည်။
လက်ရှိအချိန်၌ ဆိုလွန်က ပိုင်နက်ကို ဆုံးရှုံးထားပြီး လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ထို့အပြင် သူ၏ ဂုဏ်သတင်းကလည်း အလွန် ဆိုးရွားသည်။
ထို့ကြောင့် စေ့စပ်မှုကို အတည်ပြုရန် အလွန် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ကြ၏။ ကွေ့ရှင်းဖူက ဤကဲ့သို့ တည့်တိုး အသိအမှတ်ပြုလိုက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
သို့သော် သူ၏ ဇနီးဖြစ်သူ သခင်မ ထူလင်းစီကမူ ယောက္ခမဟူသည့် စကားလုံးကို ကြားသောအခါ သူမ၏ လှပသော မျက်နှာလေးက ရှုံ့မဲ့သွား၏။ သူမ၏ အတင်းအကျပ် ပြုံးထားသော အပြုံးကိုပင် ထိန်းထားရန် ခက်ခဲသွားသည်။ သိသာလှစွာပင် ဆိုလွန်ကို သူမ လုံးဝ သဘောမကျချေ။
ဆိုလွန်က အခွင့်ကောင်းယူ၍ ရှေ့သို့ထွက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။ “သားမက်က ယောက္ခမကို ဂါရဝပြုပါတယ်။”
သခင်မ ထူလင်းစီ၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေ၏။ သူမက ခေါင်းညိတ်ပြပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အခုကစပြီး ဒီနေရာကို မင်းရဲ့ အိမ်လိုပဲ သဘောထားပါ။”
သူမ၏ လေသံက တောင့်တင်းခက်ထန်နေ၏။
ကွေ့ရှင်းဖူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သူ၏ သမီးဖြစ်သူကို မတွေ့ရသဖြင့် အမြန် မေးလိုက်သည်။ “ကွေ့ချင်းရှောင်းရော ဘယ်ရောက်နေလဲ။ ဘာလို့ သူ့စေ့စပ်ထားသူကို လာမတွေ့တာလဲ။”
သခင်မ ထူလင်းစီက တည်ငြိမ်စွာ ပြော၏။ “သူ့ကို သွားရှာဖို့ လူလွှတ်လိုက်ပါပြီ။”
ထိုစကားကို ကြားသောအခါ ဆိုလွန်၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားရ၏။
ထို့နောက် ကွေ့ရှင်းဖူက အကြီးအသေးမရွေး ဆိုလွန်အတွက် အရာအားလုံးကို ကိုယ်တိုင် စီစဉ်ပေးတော့သည်။ အကောင်းဆုံး အဝတ်အစား ၊ အကောင်းဆုံး အခန်း ၊ အကောင်းဆုံး အစားအစာနှင့် အကောင်းဆုံး အစေခံများကို ဆိုလွန်အတွက် ပြင်ဆင်ပေး၏။
ထို့အပြင် ဆိုလွန်၏ မိသားစု စစ်သည်များ အားလုံးအတွက်လည်း သင့်လျော်သော နေရာများကို သူက စီစဉ်ပေးခဲ့သေးသည်။
သို့သော် အပြင်လူများရှေ့၌ ယဉ်ကျေးသော ဟန်ပန်ကို ထိန်းသိမ်းထားခဲ့သည့် သခင်မ ထူလင်းစီက မြို့စားအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက်၌ လုံးဝ အေးစက်သွား၏။ သူမက မည်သည့် ခံစားချက်ကိုမျှ မပြသဘဲ တိုက်ရိုက်ပင် ထွက်ခွာသွားသည်။
ချက်ချင်းပင် ကွေ့ရှင်းဖူက ဆိုလွန်ကို တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်ကွာ။ မင်းရဲ့ အဒေါ်က အဲဒီလိုပါပဲ။ သူက အရမ်း ပွင့်လင်းပြီး အရာအားလုံးကို မျက်နှာပေါ်မှာ အတိုင်းသား ပြတတ်တယ်။ မင်း မသိလောက်ပေမဲ့ မိန်းမကြောက်တယ်ဆိုတဲ့ ငါ့ရဲ့ နာမည်ဆိုးက ဘုရင့်နိုင်ငံ အနှံ့က မြို့စားတွေကြားမှာ နာမည်ကြီးပဲလေ။”
သူ ထိုသို့ ပြောလိုက်ချိန်၌ သူ၏ လေသံက သဘာဝကျပြီး သူ့ကိုယ်သူ လှောင်ပြောင်နေသည့်ဟန် ရှိ၏။ ထိုသည်က လူများကို သူနှင့် အလွန် လွယ်ကူစွာ ရင်းနှီးသွားစေပြီး သူ့ကို ယုံကြည်သွားစေနေသည်။
ထို့နောက် ကွေ့ရှင်းဖူက အပြုံးဖြင့် ဆက်ပြော၏။ “ကွေ့ချင်းရှောင်းရဲ့ စိတ်နေသဘောထားက သူ့ အမေနဲ့ ကွက်တိပဲ။ ဒါကြောင့် အနာဂတ်မှာ မင်းက သူ့ အပေါ် အများကြီး သည်းခံပေးရလိမ့်မယ်။”
ဆိုလွန်က ပြုံးရင်း ပြောလိုက်သည်။ “ဦးလေးရဲ့ မိန်းမကြောက်တဲ့ နာမည်ကို ဆက်ခံနိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။”
ကွေ့ရှင်းဖူက နောက်ပြောင်သည့်ဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။ “ဟားဟား... ယောက်ျားတစ်ယောက်က အရေးကြီးတဲ့ စစ်မြေပြင်မှာသာ ဦးဆောင်နိုင်မယ်ဆိုရင် တခြားကိစ္စတွေကို လျစ်လျူရှုထားလို့ ရပါတယ်။”
သူ ပြောလိုက်သည့် အရေးကြီးသော စစ်မြေပြင်ဆိုသည်မှာ ကုတင်ကို ဆိုလိုခြင်းပင်။
ထိုကဲ့သို့သော စကားများကို အလွန် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသော ယောက္ခမနှင့် သားမက် ကြား၌သာ ပြောဆိုနိုင်မည် ဖြစ်၏။
ကွေ့ရှင်းဖူက လူများ၏ ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်သည့် လူကြီးတစ်ယောက် ဖြစ်သည်ဟု ဆိုရပေမည်။ သူ့အနား၌ တစ်နာရီခန့် အချိန်ဖြုန်းဖူးသူတိုင်းက သူ့အပေါ် အလွန် ကောင်းမွန်သော အမြင်မျိုး ရှိသွားတတ့ကြ၏။
ယခင်က ဆိုလုံ တစ်ယောက် ကွေ့ရှင်းဖူနှင့် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့ရခြင်းမှာ ထိုအချက်ကြောင့်ပင် ဖြစ်လောက်သည်။
ကွေ့ရှင်းဖူက ဖော်ရွှေစွာ ပြော၏။ “ငါ့တူလေး... မင်း ခရီးသွားလာနေရတာ ကြာပြီဆိုတော့ အရမ်း ပင်ပန်းနေလောက်ပြီ။ မင်းအတွက် ဂျင်ဆင်းဂျုံပြုတ် တစ်ပန်းကန် ချက်ခိုင်းလိုက်မယ်။ စားပြီးသွားရင် ရေချိုး ၊ အဝတ်အစားလဲပြီး ကောင်းကောင်း အိပ်လိုက်ဦး။ ဒီည မြို့စားအိမ်တော်မှာ မင်းအတွက် ကြိုဆိုပွဲတစ်ခု ကျင်းပပေးမယ်။”
ဆိုလွန်က ရိုသေစွာ ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် ဦးလေး။ ဒီည ကွေ့ချင်းရှောင်း အိမ်ပြန်လာမှာလား။”
ကွေ့ရှင်းဖူက ခေါင်းညိတ်၏။ “သေချာပေါက် ပြန်လာမှာပေါ့။ သူ့ရဲ့ စေ့စပ်ထားသူ ရောက်နေတာလေ။ သူသာ အိမ်မပြန်လာရဲရင် နောက်ထပ် ဘယ်တော့မှ ပြန်လာစရာ မလိုတော့ဘူး။ မင်း စိတ်ချလက်ချ နေလို့ရပါတယ်။ မင်းရဲ့ အဒေါ်ကိုသာ ငါ မထိန်းချုပ်နိုင်တာ... သမီးကိုတော့ အရမ်း တင်းတင်းကျပ်ကျပ် အုပ်ချုပ်ထားတယ်။ သေချာ အနားယူလိုက်ဦး ငါ့တူလေး... ညကျမှ ပြန်တွေ့ကြတာပေါ့။”
ထို့နောက် ကွေ့ရှင်းဖူ ထွက်သွားသည်။
**--**--**--**--**--**--**--**
မကြာမီ အစေခံမလေး တစ်ယောက်က အငွေ့တထောင်းထောင်း ထနေသည့် ဂျင်ဆင်းဂျုံပြုတ်ကို ယူလာ၏။ ဆိုလွန်က ပန်းကန်များစွာကို တစ်ဆက်တည်း သောက်သုံးလိုက်သည်။
သူ ဗိုက်ဝသွားပြီးနောက် အစေခံမလေးများက သူ၏ ရေချိုးရေကို ပြင်ဆင်ပေးကြ၏။ ဆိုလွန်က နေ့ရက်ပေါင်းများစွာ သေချာ ရေမချိုးရသေးသဖြင့် ရေနွေးထဲ၌ သက်သောင့်သက်သာ စိမ်ချိုးလိုက်သည်။
ခဏအကြာ၌ သေးငယ်လှသည့် လက်တစ်စုံက သူ၏ ဦးရေပြားကို စတင် နှိပ်နယ်ပေးလာ၏။ အားအနည်းငယ် သုံးလိုက် ၊ လျှော့လိုက်ဖြင့် အလွန် သက်သောင့်သက်သာ ရှိလှသည်။
အစ်မဖြစ်သူ ဆိုနင်ပင်း၏ လက်ကလေးများပင်။
ဆိုနင်ပင်းက အပြုံးဖြင့် မေးသည်။ “အခြေအနေက အစ်မတို့ ထင်ထားတာထက် ပိုကောင်းနေတယ်မလား။”
ဆိုလွန်က သန်းဝေရင်း ပြော၏။ “ကျွန်တော်လည်း မသိသေးဘူး။ ဒါပေမဲ့ ဒီည ဧည့်ခံပွဲမှာတော့ အရာအားလုံး ရှင်းလင်းသွားမှာပါ။”
ဆိုနင်ပင်းက ဆက်မေးလိုက်သည်။ “ဒီည ဧည့်ခံပွဲမှာ မောင်လေး ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ပိုက်ဆံ ၊ စစ်သည်တွေနဲ့ ပိုင်နက်ကို တည့်တိုး ငှားရမ်းဖို့ တောင်းဆိုမှာလား။”
ဆိုလွန်က ခေါင်းခါရင်း ပြော၏။ “မဟုတ်ဘူးလေ။ ဒီကိစ္စတွေကို ကျွန်တော်ဘက်ကနေ ထုတ်ပြောလာလို့ မဖြစ်ဘူး။”
ဆိုနင်ပင်းက နားမလည်ဟန်ဖြင့် ပြော၏။ “ဒါဆို မောင်လေး ဘာကို ထုတ်ပြောမှာလဲ။ ဒီည ဧည့်သည်တွေ အများကြီး ရောက်လာလိမ့်မယ်။ ပြီးတော့ ကွေ့ရှင်းဖူက သူ့ရဲ့ ဂုဏ်သတင်းကို အရမ်း တန်ဖိုးထားတယ်။ အတိတ်တုန်းက အစ်မတို့ ဆိုမိသားစုက သူ့အပေါ် ကျေးဇူးအများကြီး ရှိခဲ့တာပဲ။”
“လူတွေအကုန်လုံးရှေ့မှာ ပိုင်နက်နဲ့ ငွေကြေးကို ငှားရမ်းဖို့ အစ်မတို့သာ တောင်းဆိုလိုက်ရင် သူ သေချာပေါက် ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။”
ဆိုလွန်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး... ဒီနေ့ ကျွန်တော် တစ်ခုတည်းပဲ လုပ်မယ်။ ကွေ့ချင်းရှောင်းကို တရားဝင် လက်ထပ်ခွင့် တောင်းပြီး အမြန်ဆုံး မင်္ဂလာဆောင်ပေးဖို့ တောင်းဆိုမယ်။”
ဆိုနင်ပင်း အံ့အားသင့်သွား၏။ ယခင်က ကွေ့ချင်းရှောင်းနှင့် စေ့စပ်ထားမှုအကြောင်း သူမ ထုတ်ပြောတိုင်း ဆိုလွန်က မပျော်ရွှင်ခဲ့ချေ။ သူက နှုတ်ဆိတ်နေတတ်သလို အကြောင်းအရာကိုလည်း ပြောင်းသွားတတ်၏။
ယနေ့၌မူ တည့်တိုး လက်ထပ်ခွင့်တောင်းရန် လိုလားနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ဆိုနင်ပင်းက အပြုံးဖြင့် ပြောသည်။ “ကောင်းပါပြီလေ... မောင်လေးပဲ ဆုံးဖြတ်ပါ။ အစ်မရဲ့ ဦးနှောက်က မောင်လေးလောက် မထက်မြက်ပါဘူး။”
ရေချိုးပြီးနောက် သက်သောင့်သက်သာရှိသည့် ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး နူးညံ့ကာ မွှေးကြိုင်နေသည့် ကုတင်ပေါ်၌ လှဲလျောင်းလိုက်၏။
ဆိုလွန်က အမြဲတမ်း အလွန် နက်နက်နဲနဲ တွေးတောတတ်သဖြင့် ပုံမှန်အားဖြင့် ကောင်းကောင်း အိပ်မပျော်တတ်ချေ။ သူ့ကဲ့သို့ လူမျိုးများက အိပ်ပျော်ရန် မကြာခဏ အခက်အခဲ ရှိတတ်သည်။
ဆိုနင်ပင်းက ကုတင်စွန်း၌ ထိုင်ကာ ဆိုလွန်၏ နားထင်များကို ညင်သာစွာ နှိပ်နယ်ပေးရင်း သီချင်းတစ်ပုဒ်ကို ညည်းတွားနေ၏။
နောက်ဆုံး၌ ဆိုလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
**--**--**--**--**--**--**--**
ညအချိန်သို့ ရောက်သောအခါ မည်သူကမှ လာမခေါ်ခင်မှာပင် ဆိုလွန်က ဦးစွာ နိုးလာပြီး မျက်လုံးများကို ဖွင့်လိုက်၏။
ဆိုနင်ပင်းက အခန်းထဲ၌ ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမက သူ၏ ပိုးချည်ဝတ်ရုံကို မီးပူဖြင့် ဖိတိုက်ပေးနေ၏။
အဝတ်အစားများမှာ ဘုရင်မင်းမြတ်က ချီးမြှင့်ထားသည့် ထျန်းရွှေမြို့စား၏ ဝတ်ရုံရှည်နှင့် ရွှေသရဖူတို့ ဖြစ်သည်။
ယနေ့ည ဧည့်ခံပွဲသို့ တက်ရောက်ရန် ဆိုလွန်က ဤဝတ်စုံကို ဝတ်ဆင်ရမည် ဖြစ်၏။
ဆိုလွန်က သမ်းဝေကာ မေးလိုက်သည်။ “အစ်မ မနားရသေးဘူးလား။”
ဆိုနင်ပင်းက ချိုသာသည့် အပြုံးဖြင့် ပြော၏။ “အစ်မ ခဏလောက် နားလိုက်ပါသေးတယ်။ လာ... မောင်လေးရဲ့ အဝတ်အစားသစ်တွေကို လဲရအောင်။”
ထို့နောက် ဆိုနင်ပင်းက သူမကိုယ်တိုင် မြို့စားဝတ်ရုံရှည်ကို ဝတ်ဆင်ပေးလိုက်ပြီး ရွှေဝါရောင် သရဖူကိုလည်း သူ၏ ခေါင်းပေါ်၌ တင်ပေးလိုက်သည်။
သူမက လက်ခုပ်တီးရင်း ပျော်ရွင်စွာ ပြောလိုက်သည်။ “မောင်လေးက အရမ်း ချောတာပဲ။ မျက်စိတောင် မဖွင့်နိုင်လောက်အောင် တောက်ပနေတယ်။”
ထိုစကားများက ဆိုလွန်ကို အနည်းငယ် ရှက်ရွံ့သွားစေ၏။
ထိုအချိန်၌ အပြင်ဘက်မှ ကွေ့ရှင်းဖူ၏ အသံ ထွက်ပေါ်လာသည်။ “ငါ့တူလေး... ဦလေးနဲ့ လိုက်ခဲ့တော့။ ဧည့်သည်တွေ အားလုံး ရောက်နေကြပြီ။”
ကွေ့ရှင်းဖူ ဝင်လာပြီး လုံးဝ ပြောင်းလဲသွားသော ဆိုလွန်ကို မြင်သောအခါ သူ၏ မျက်လုံးတို့က တောက်ပသွား၏။ သူက လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။ “ငါ့တူလေး... မင်းက တကယ်ကို တောက်ပနေတာပဲ။ ဒီညတော့ မင်းက တခြားလူတွေအားလုံးထက် ပိုပြီး ထင်ပေါ်နေတော့မယ် ထင်တယ်။”
ထို့နောက် သူက ဆိုနင်ပင်းဘက် လှည့်ကာ ပြောလိုက်သည်။ “ရှောင်ပင်း... သွားကြရအောင်။”
ဆိုနင်ပင်းက ညင်သာသော လေသံဖြင့် ပြောလိုက်သည်။ “ဦးလေးရဲ့ အနောက်ကနေ လိုက်ခဲ့ပါ့မယ်။”
ချက်ချင်းပင် ကွေ့ရှင်းဖူက ဆိုလွန်၏ လက်ကို ဆွဲကိုင်၍ ဧည့်ခံပွဲ ခန်းမဆီသို့ လျှောက်သွား၏။
ခြံဝင်းနှစ်ခု ၊ စင်္ကြံလမ်းတစ်ခုနှင့် ပန်းခြံတစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့ရှေ့၌ ဧရာမ ဧည့်ခံပွဲ ခန်းမကြီးတစ်ခု ပေါ်လာသည်။
လက်ရှိအချိန်၌ ခန်းမကြီးက လင်းထိန်နေပြီး ဧည့်သည်များ၏ စည်ကားသိုက်မြိုက်သော အသံများဖြင့် ပြည့်နှက်နေ၏။
ကွေ့ရှင်းဖူက ဝင်မလာခင်၌ပင် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒီညရဲ့ ကြယ်ပွင့် ရောက်လာပြီ။ အားလုံးပဲ ကြည့်လိုက်ကြပါဦး။ ငါ့သူငယ်ချင်းရဲ့ သားက တကယ်ကို ချောမောခန့်ညားနေတယ် မဟုတ်ဘူးလား။”
ထိုစကားကို ကြားသောအခါ ဧည့်သည်များ အားလုံး စကားပြောဆိုမှု ရပ်တန့်သွားကြပြီး အကြည့်များ အားလုံးက ကွေ့ရှင်းဖူနှင့် ဆိုလွန်တို့ထံသို့ လှည့်လာကြ၏။
ထို့နောက် ကွေ့ရှင်းဖူက အော်ခေါ်လိုက်သည်။ “ကွေ့ချင်းရှောင်း... မင်းရဲ့ မောင်လေး ဆိုလွန်ကို လာနှုတ်ဆက်”
ထိုစကားကို ကြားသောအခါ ဆိုလွန်က လူအုပ်ကြီးထံသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
ကွေ့ချင်းရှောင်းကို ချက်ချင်းပင် မြင်လိုက်ရ၏။ သူမက လူအုပ်ကြား၌ အလှပဆုံး မိန်းကလေး ဖြစ်ပြီး လုံးဝ မိန်းမောဖွယ်ရာ ကောင်းကာ အလွန် မျက်စိဖမ်းစားနေလျက် ရှိသည်။
အပိုင်း ၁၅၃ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team