အခန်း ၁၅၄
Vol. 16 Ch. 154
အပိုင်း ၁၅၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဤကမ္ဘာကို ရောက်လာကတည်းက ဆိုလွန် လှပသော အမျိုးသမီးပေါင်း များစွာကို မြင်တွေ့ခဲ့ဖူး၏။
သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်း ၊ မင်းသမီး ကျိနင်နှင့် မုန်ထိုလော့တို့မှာ ရှားပါးလှသော အလှပိုင်ရှင် သုံးဦး ဖြစ်ကြသည်။ တော်ဝင်မြို့တော်မှ မင်းသမီး ကျိယန် ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ သူမက လွန်စွာ ကျက်သရေရှိပြီး လူ့ပြည်က မဟုတ်သကဲ့သို့ ထူးကဲသော အလှတရားနှင့် ပြည့်စုံနေ၏။
သို့သော် ကွေ့ချင်းရှောင်းကို မြင်လိုက်ရသောအခါ ဆိုလွန်၏ မျက်လုံးများ ကျိန်းစပ်သွားရသည်။ ဟုတ်ပေသည်... တကယ်ကို ကျိန်းစပ်သွားခြင်းပင်။ သူမကို ကြည့်လိုက်ရုံဖြင့် မျက်လုံးများထဲ၌ စူးခနဲ နာကျင်မှုကို သူ အမှန်တကယ် ခံစားလိုက်ရ၏။
ဆိုနင်ပင်း ၊ ကျိနင်နှင့် မုန်ထိုလော့တို့၏ အလှတရားက နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းပြီး ကျိယန်၏ အလှတရားက အလွန်တရာ ကျက်သရေရှိ၏။
သို့သော် ကွေ့ချင်းရှောင်း၏ အလှတရားကမူ တည့်တိုးဆန်ကာ အသက်ရှူမှားလောက်အောင် လှပသည်။ သူမ၌ လူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ခိုးယူသွားနိုင်သော ကျက်သရေရှိမှုမျိုး ရှိနေ၏။ တကယ်ကို အံ့မခန်း လှပလွန်းလှသည်။
သခင်မ ထူလင်းစီကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က ဆိုလွန် သူမ၏ ရုပ်ဆင်းသွင်ပြင်ကြောင့် အံ့အားသင့်ခဲ့ရသည်။ သို့သော် ကွေ့ချင်းရှောင်း၏ အလှတရားကမူ အမေဖြစ်သူထက် အဆင့်များစွာ ပိုမိုမြင့်မားနေပြီး ဆိုလွန်ကိုပင် တုန်လှုပ်သွားစေ၏။
လူအုပ်ထဲ၌ ရပ်နေချိန်၌ အလင်းရောင်များ အားလုံးက သူမ၏ ခန္ဓာကိုယ်ထံသို့ စုပြုံကျရောက်နေသကဲ့သို့ ဖြစ်နေပြီး အခြားလူများ အားလုံးကို မှေးမှိန်သွားစေသည်။
တော်ဝင်မြို့တော်ရှိ ကျောင်းသူများကြား၌ ကွေ့ချင်းရှောင်းက အဘယ်ကြောင့် အလှဆုံး မိန်းကလေးအဖြစ် အငြင်းပွားဖွယ် မရှိ သတ်မှတ်ခံထားရသနည်း ဆိုသည်ကို ဆိုလွန် နောက်ဆုံး၌ နားလည်သွား၏။
သူမ၏ မိခင်၌ နိုင်ငံခြားသွေး တစ်ဝက်ပါဝင်သဖြင့် ကွေ့ချင်းရှောင်း၌ နိုင်ငံခြားသွေး လေးပုံတစ်ပုံ ပါဝင်နေသည်ဟု ဆိုရမည်။ ရုတ်တရက် ကြည့်လိုက်လျှင် သူမက အရှေ့တိုင်း အမျိုးသမီးတစ်ယောက်၏ မျက်နှာသွင်ပြင်မျိုး ရှိ၏။ သို့သော် သူမ၏ နိုင်ငံခြားသွေးကြောင့် မျက်နှာအချိုးအစားက သိသာထင်ရှားပြီး ကြွတက်နေသည်။
အံ့သြဖွယ်ကောင်းစွာပင် သူမ၌ ဆိုလွန်ကဲ့သို့ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော မျက်လုံးများ ရှိနေ၏။ သို့သော် သူမ၏ မျက်တောင်ကော့များက သိမ်မွေ့စွာ အပေါ်သို့ ကော့တက်နေပြီး လူများ၏ နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းနေနိုင်သည်။
သူမ၏ နှာတံက စင်းလုံးချော ကျောက်စိမ်းကဲ့သို့ မြင့်မားကာ အပြစ်အနာအဆာ ကင်းမဲ့နေ၏။ အနည်းငယ် ကော့တက်နေသော နှာခေါင်းထိပ်လေးက သူမကို ထူးခြားပြီး မာနကြီးသည့်ဟန် ပေါက်နေစေသည်။
သို့သော် သူမ၏ အထင်ရှားဆုံး အစိတ်အပိုင်းမှာ နှုတ်ခမ်းများပင်။ ထိုနှုတ်ခမ်းများက မီးတောက်တစ်ခုကဲ့သို့ နီရဲနေ၏။ နှုတ်ခမ်းနီ မဆိုးထားလျှင်ပင် သူမ၏ နှုတ်ခမ်းအစုံက သဘာဝအတိုင်း မီးခဲအလား နီရဲနေသည်။ ပြီးပြည့်စုံနေပြီး အပြင်းအထန် နမ်းရှိုက်ချင်စိတ် ပေါ်လာစေ၏။
သူမ၏ နှုတ်ခမ်းထောင့်များကလည်း အပေါ်သို့ အနည်းငယ် ကွေးတက်နေသဖြင့် သဘာဝအတိုင်း မာနကြီးနေပုံပေါ်ကာ အခြားလူများကို အမြဲတမ်း အထင်သေးနေသကဲ့သို့ ဖြစ်နေသည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း မိခင်ဖြစ်သူ၏ နိုင်ငံခြားသွေးကို အမွေရထား၏။ ၅ ပေ ၉ လက်မခန့်ရှိကာ အရပ်ရှည်ဟု ဆိုရပေသည်။ ဝတ်စားဆင်ယင်ရသည်ကို နှစ်သက်ပြီး သူမ၏ အလှတရားနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသထား၏။
သူမက ကိုယ်လုံးကိုယ်ပေါက်နှင့် တစ်သားတည်းကျနေသော အပြာရောင် ဂါဝန်အကြပ်ကို ဝတ်ဆင်ထားသည်။ ဆွဲဆောင်မှုရှိလွန်းသဖြင့် အခြား အမျိုးသမီးတိုင်းနီးပါးကို မှေးမှိန်သွားစေ၏။
ရဲ့ကျင်းယွီ၌ အံ့မခန်း ကိုယ်လုံးကိုယ်ပေါက် ရှိသော်လည်း ကွေ့ချင်းရှောင်း၏ ရင်သားများကမူ မယုံနိုင်လောက်အောင် ကြီးမားပြီး မောက်ကြွနေသည်။ ထို့အပြင် သူမ၏ စက်ဝိုင်းသဏ္ဍာန် တင်ပါးများက အပေါ်သို့ ကော့တက်နေပြီး အရှေ့တိုင်း အမျိုးသမီးများကြား၌ အလွန် ရှားပါးသော အချိုးအစား ဖြစ်၏။
သူမက ယောက်ျားတစ်ယောက်၏ ယုံကြည်မှုကို ဖျက်ဆီးပစ်ရန် မွေးဖွားလာသကဲ့သို့ ဖိအားပေးနိုင်စွမ်းရှိသည့် အံ့မခန်း အလှပိုင်ရှင်ပင်။ ဤကဲ့သို့ ပြင်းထန်သော အလှတရားနှင့် ရင်ဆိုင်ရပါက မည်သည့် ယောက်ျားမဆို ကြီးမားသော ဖိအားနှင့် နက်ရှိုင်းသော သိမ်ငယ်စိတ်ကို ခံစားရမည်သာ...။
ဟုတ်ပေသည်... ဤမျှ လှပသော မျက်နှာနှင့် ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်ကို ရင်ဆိုင်ရချိန်၌ ယောက်ျားအများစုက လက်နက်ချ အရှုံးပေးရုံသာမက သူတို့ကိုယ်သူတို့ လုံးဝ မထိုက်တန်ဟု ခံစားသွားရပေလိမ့်မည်။
ထိုသည်က မီးခွက်တစ်ခုကို ကြည့်ရသည်နှင့် တူ၏။ တောက်ပသော မီးခွက်က ရှင်းလင်းစွာ မြင်နိုင်ရန် ကူညီပေးသည်။
သို့သော် ကွေ့ချင်းရှောင်းကမူ မျက်စိကန်းလောက်အောင် တောက်ပသည့် မီးမောင်းကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး မျက်လုံးများကိုပင် နာကျင်ရလောက်အောင် တောက်ပနေ၏။
သူ့ထက် တစ်နှစ်ခွဲခန့် အသက်ကြီးသော စေ့စပ်ထားသူကို ကြည့်ရင်း ဆိုလွန်က သူမ တစ်ချိန်က ပေးပို့ခဲ့ဖူးသော စာကို ပြန်လည် အမှတ်ရသွား၏။ “ဆိုလွန်... နင် ငါ့အနားကို ထပ်လာရပ်ရဲရင် ဒါမှမဟုတ် ငါ့ကို နင့်မိန်းမလို့ ထပ်ခေါ်ရဲရင် နင့်ကို ငါ သတ်ပစ်မယ်”
**--**--**--**--**--**--**--**
ဆိုလွန်၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်သောအခါ ကွေ့ရှင်းဖူက ထို အံ့အားသင့်သွားသော တုံ့ပြန်မှုအတွက် အလွန် ကျေနပ်သွား၏။
သူ၏ သမီးဖြစ်သူက နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး၌ တကယ်ကို အလှပဆုံး အမျိုးသမီး ဖြစ်သည်။ သူမ၏ အလှတရားက လွှမ်းမိုးနိုင်လွန်းသဖြင့် တော်ဝင်မိသားစုမှ လူငယ်လေးများပင် လက်ထပ်ရန် မရဲဝံ့ကြချေ။ သူမ၏ အလှတရားက နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် အေးချမ်းခြင်း မရှိဘဲ ရန်လိုသည့်ဟန် ရှိနေ၏။
လက်ရှိအချိန်၌ ကွေ့ချင်းရှောင်းက လူငယ် အထက်တန်းလွှာ ယောက်ျားလေးများနှင့် မိန်းကလေးများ ပါဝင်သော လူတစ်စုနှင့် စကားပြောနေသည်။ အမှန်တကယ်တော့ လူငယ် အထက်တန်းလွှာ တစ်အုပ်စုက သူမကို ဝိုင်းရံကာ မြှောက်ပင့်ပေးနေခြင်းပင်။ သူမက ထိုလူများကို မာနကြီးပြီး ပျင်းရိကာ ဂရုမစိုက်သည့်ဟန်ဖြင့်သာ ပြန်လည် တုံ့ပြန်နေ၏။
ဖခင်ဖြစ်သူ၏ ခေါ်သံကို ကြားပြီးနောက် ကွေ့ချင်းရှောင်းက သူမ၏ လှပသော မျက်လုံးများကို ဆိုလွန်ထံသို့ ပျင်းရိစွာ ရွှေ့လိုက်သည်။ သူမက ဆိုလွန်ကို တစ်ချက်သာ စိုက်ကြည့်ပြီးနောက် သူမ၏ နှုတ်ခမ်းလေးကို စူကာ အထင်သေးမှုကို ရှင်းလင်းစွာ ပြသလိုက်၏။
ထို့နောက် သူမ၏ အကြည့်များက ဆိုလွန်၏ အနောက်၌ ရပ်နေသော ဆိုနင်ပင်းထံသို့ ကျရောက်သွားသည်။ သူမ၏ လှပသော မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ပွင့်လန်းသွား၏။ သူမက အမြန်လျှောက်လာပြီး ဆိုနင်ပင်း၏ လက်များကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “အစ်မနင်ပင်း... ညီမ အစ်မကို လွမ်းနေတာ။”
သူမ၏ အသံက အလွန် နူးညံ့သော်လည်း ထိုအသံ၌ ဖုံးကွယ်ထားသော ထက်ရှမှုတစ်ခု ရှိနေ၏။ ထိုကဲ့သို့ ပြောဆိုနိုင်ရန် အထူး လေ့ကျင့်ထားသကဲ့သို့ နားထောင်ရသည်မှာ အလွန် သာယာပြီး ဆွဲဆောင်မှု ရှိနေသည်။
ဆိုနင်ပင်းက ညင်သာစွာ ပြန်ပြောသည်။ “အစ်မလည်း ညီမကို လွမ်းပါတယ်။ ဒါပေမဲ့ ညီမ ဆိုလွန်ကို အရင် နှုတ်ဆက်သင့်တယ် မဟုတ်ဘူးလား။”
ထိုအခါမှသာ ကွေ့ချင်းရှောင်းက ဆိုလွန်ကို ကြည့်လာ၏။ သူမ၏ သိမ်မွေ့သော မေးစေ့လေးကို အနည်းငယ် မော့လိုက်ပြီး လှပသော မျက်လုံးများကို ကျဉ်းကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ဆိုလွန်... နင် လက်ရွေးစင်စစ်သည်တော် တံဆိပ်ရပြီး ရာထူးကို ဆက်ခံလိုက်ပြီဆို။”
ဆိုလွန်က အသာပင် ခေါင်းညိတ်လိုက်သည်။ “အင်း...။”
ကွေ့ချင်းရှောင်းက ထပ်မေး၏။ “ဆိုတော့... နင့်ကိုယ်နင် ဂုဏ်ယူနေလား။”
ဆိုလွန်က မျက်နှာသေဖြင့် ပြန်ဖြေသည်။ “သာမန်ပါပဲ။ ဂုဏ်ယူရမယ့် အဆင့်နဲ့ အဝေးကြီး လိုပါသေးတယ်။”
ကွေ့ချင်းရှောင်းက မောက်မာစွာ ပြုံးလိုက်၏။ “နင် ဂုဏ်ယူသင့်တယ်။ ဘာလို့လဲဆိုတော့ နင့်ရဲ့ လေးပစ်စွမ်းရည်က ငါ အသက် ၁၃ နှစ်တုန်းက ရှိခဲ့တဲ့ အဆင့်ကို နောက်ဆုံးတော့ ရောက်လာပြီလေ။ စကားမစပ်... ငါက လေးပစ်တာကို အပျော်သဘောပဲ သင်ထားတာ။”
ထိုသို့ ပြောပြီးနောက် ကွေ့ချင်းရှောင်းက မာနကြီးစွာဖြင့် ထွက်သွားတော့သည်။
အနီး၌ ရပ်နေသည့် ကွေ့ရှင်းဖူကမူ အနေခက်စွာ ပြုံးရင်း ပြောလိုက်သည်။ “တောင်းပန်ပါတယ် ငါ့တူလေးရာ။ ဦးလေး သူ့ကို အရမ်း အလိုလိုက်ထားမိတယ်။ ဒီနေ့က လူတွေ အရမ်းများနေတော့ သူ့ကို ဆူဖို့ အချိန်ကောင်း မဟုတ်လို့ပါ။”
ထို့နောက် သူက ဆိုလွန်ကို ဆွဲခေါ်ကာ ဧည့်ခံပွဲ ခန်းမထဲသို့ ဝင်သွား၏။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက လက်ဝှေ့ယမ်းကာ ကွေ့ရှင်းဖူကို စတင် နှုတ်ဆက်ကြတော့သည်။
ကွေ့ရှင်းဖူက ဆိုလွန်ကို ခေါ်ဆောင်သွားပြီး အရေးကြီးသော ဧည့်သည်များကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေး၏။ ပထမဆုံးအနေဖြင့် ဤနေရာ၌ အဆင့်အတန်း အမြင့်မားဆုံးဖြစ်သူနှင့် သူက စတင် မိတ်ဆက်ပေးလိုက်သည်။
ထိုလူငယ်လေးမှာ ကွေ့ချင်းရှောင်းကဲ့သို့ပင် အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေ၏။ သူ၏ အနီး၌ သူ့ကို မြှောက်ပင့်ပေးရန် ကြိုးစားနေသူ အနည်းဆုံး ဆယ်ဂဏန်းခန့် ဝိုင်းရံနေကြသည်။
လှပသော အထက်တန်းလွှာ မိန်းကလေးများ ၊ လူငယ် အထက်တန်းလွှာ ယောက်ျားလေးများနှင့် အသက်ကြီးသူများပါ မကျန် သူပြောသမျှကို ထောက်ခံရန် ဝိုင်းအုံနေကြ၏။
ထိုသခင်လေးက ရွှေဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ခေါင်းပေါ်၌ နဂါးရုပ် ထွင်းထုထားသော ရွှေသရဖူကို ဆောင်းထားသည်။ သိသာလှစွာပင် တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်၏။
အသက် ဆယ့်ငါး သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး ဆိုလွန်ထက် အနည်းငယ် အရပ်ပိုရှည်သည်။ မိန်းကလေးတစ်ယောက်နှင့် ဆင်တူလောက်အောင် လှပသော မျက်နှာရှိသည့် ဆိုလွန်နှင့် မတူဘဲ ထိုလူငယ်က အလွန် ယောက်ျားပီသ၏။ သိမ်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်ပြီး ချောမောခန့်ညားနေသည်။
ရုပ်ဆင်းသွင်ပြင်ကို ကြည့်မည်ဆိုလျှင် တော်ဝင်လူငယ်၌ ကွေ့ချင်းရှောင်းနှင့် တူညီသော ခံစားချက်မျိုး ရှိနေ၏။ ကွေ့ချင်းရှောင်းက မိန်းကလေးတစ်ယောက်အနေဖြင့် အစွန်းရောက်လောက်အောင် လှပပြီး လူများ၏ စိတ်ဝိညာဉ်ကို ခိုးယူနိုင်စွမ်း ရှိသည်။
ဤလူငယ်ကလည်း ယောက်ျားတစ်ယောက်အနေဖြင့် အလွန်တရာ ချောမောခန့်ညားပြီး မျက်စိဖမ်းစားနိုင်၏။
ရုပ်ရည်သက်သက်ကိုသာ အခြေခံ၍ ပြောရလျှင် မင်းသား ကျိလီပင် သူ့ထက် နိမ့်ကျနေသည်။ ခန်းမထဲရှိ အမျိုးသမီးများ အားလုံးက သူ့ကို ပြင်းပြပြီး ရမ္မက်ကြီးသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်ကြသည်မှာ အံ့သြစရာ မဟုတ်ချေ။
သို့သော် သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ၏ မျက်လုံးများက ကွေ့ချင်းရှောင်းထံသို့ မကြာခဏ ရောက်သွားတတ်၏။ သူတို့နှစ်ဦးကို ကြည့်ရုံမျှဖြင့် ကောင်းကင်ဘုံက ဖန်တီးပေးထားသည့် ပြီးပြည့်စုံသော ဖူးစာရှင်များကဲ့သို့ ဖြစ်နေကြသည်။
ဆိုလွန်က အလွန် ဆွဲဆောင်မှုရှိပြီး လှပသော အမျိုးသမီး အများစုထက်ပင် ပို၍ ဆွဲဆောင်မှု ရှိ၏။ သူ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးများက အမျိုးသမီးများကိုပင် မနာလိုဖြစ်သွားစေနိုင်သည်။ သို့သော် တော်ဝင်လူငယ်နှင့် ယှဉ်လိုက်ပါက ဆိုလွန်၌ ခိုင်မာပြီး ယောက်ျားပီသသော သူရဲကောင်းတစ်ယောက်၏ ဟန်ပန်မျိုးကို လိုအပ်နေသည်။
ကွေ့ရှင်းဖူက ရှေ့သို့ထွက်ကာ လက်နှစ်ဖက်ကို ယှက်၍ နက်ရှိုင်းစွာ အရိုအသေပေးရင်း ပြောလိုက်သည်။ “ကွေ့ရှင်းဖူက အမွေဆက်ခံသူကို ဂါရဝပြုပါတယ်။”
တော်ဝင်လူငယ်က အမြန် ပြန်လည် နှုတ်ဆက်လိုက်ပြီး ကွေ့ရှင်းဖူကို မတ်မတ်ရပ်နိုင်ရန် ကူညီပေးရင်း ပြောလိုက်သည်။ “ဦးလေးက ယဉ်ကျေးလွန်းနေပါပြီ။”
ကွေ့ရှင်းဖူက ဆိုလွန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ငါ့တူလေး... သူက အရှေ့တောင်ပိုင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး မြို့စားကြီး ကျိဝေရဲ့ သားတော်ပဲ။ နုလန်ဘုရင့်နိုင်ငံရဲ့ ထီးနန်းဆက်ခံခွင့် အဆင့်လေးနေရာမှာ ရှိတဲ့ အမွေဆက်ခံသူ ကျိယိုးဆိုတာ သူပေါ့။ မြန်မြန် အရိုအသေပေးလိုက်ဦး။”
မြို့စားကြီး ကျိဝေအကြောင်းကို ဆိုလွန် ကြားဖူးသော်လည်း အပြင်၌ တစ်ခါမျှ မဆုံဖူးခဲ့ချေ။ အခြားသူများကဲ့သို့ပင် မြို့စားကြီး ကျိဝေက ဘုရင်ကျိပိုင်၏ ညီတော်တစ်ပါး ဖြစ်၏။ နုလန်ဘုရင့်နိုင်ငံရှိ သြဇာအာဏာကြီးမားသော အုပ်ချုပ်ရေးမှူးများအားလုံးထဲတွင် မြို့စားကြီး ကျိဝေ တစ်ဦးတည်းသာ တော်ဝင်မိသားစုဝင် ဖြစ်သည်။
မိန်းမလိုက်စားသူဖြစ်သည့် မြို့စားကြီး ကျိထင်နှင့် မတူဘဲ မြို့စားကြီး ကျိဝေက အလုပ်ကြိုးစားပြီး ထူးချွန်ပြောင်မြောက်သူ ဖြစ်၏။ ထို့ကြောင့် ဘုရင်ကျိပိုင်က ကျိထင်ကို မျက်နှာသာပေးသော်လည်း တော်ဝင်ထီးနန်း ဆက်ခံခွင့်နှင့် ပတ်သက်လာပါက ကျိထင်သည် ကျိဝေ၏ သားဖြစ်သူ ကျိယိုးကို ယှဉ်နိုင်စွမ်း မရှိနေချေ။
အပိုင်း ၁၅၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုပဲ အရှည်ကြီး ရေးနေရတာ စိတ်သိပ်မရှည်တော့ဘူး 😅