← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အပိုင်း ၁၅၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန်က လက်နှစ်ဖက်ကို ယှက်၍ နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ “ထျန်းရွှေ မြို့စားနဲ့ ထျန်းရွှေမြို့ရဲ့ သခင် ဆိုလွန်က အမွေဆက်ခံသူကို ဂါရဝပြုပါတယ်။”

အမွေဆက်ခံသူ ကျိယိုးက ပြန်လည် မနှုတ်ဆက်သလို စကားတစ်ခွန်းမှလည်း မဆိုချေ။ သူက ဆိုလွန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စူးရှသော အလင်းတန်းတစ်ခုက လက်ကနဲ ဖြစ်သွားသည်။

ဤကဲ့သို့ အေးတိအေးစက် တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ပရိသတ်များက ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။ စကားပြောသံများ လုံးဝ ရပ်တန့်သွားပြီး လူတိုင်းက ဆိုလွန်ထံသို့ လှည့်ကြည့်လာကြသည်။

ကျိယိုးက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “ကောင်းပြီ... မတ်တပ်ရပ်လို့ ရပါပြီ။”

ထိုအခါမှသာ ဧည့်သည်များက အကြည့်လွှဲသွားကြပြီး သူတို့၏ စကားဝိုင်းကို ပြန်စကြ၏။ သို့သော် သူတို့၏ မျက်လုံးများထဲရှိ သရော်လှောင်ပြောင်မှုများကိုမူ မဖုံးကွယ်နိုင်ကြချေ။

အလေးစားရဆုံး ဧည့်သည်တော်၏ အေးတိအေးစက် ဆက်ဆံခြင်းကို ခံလိုက်ရသည်ဖြစ်ရာ ယနေ့ညသည် မိန်းမလိုက်စားသော မြို့သခင် ဆိုလွန်အတွက် အလွန် ခက်ခဲသော ညတစ်ည ဖြစ်လာတော့မည်မှာ သေချာနေသည်။

သို့သော် ကွေ့ရှင်းဖူကမူ လုံးဝ တည်ငြိမ်နေဆဲပင်။ သူက ဆိုလွန်ကို ခေါ်ဆောင်ကာ အခြား ဧည့်သည်များကို ဆက်လက် မိတ်ဆက်ပေးနေ၏။

သဘာဝကျစွာပင် ထိုအခြားဧည့်သည်များမှာ စစ်တပ်မှ တပ်မှူးများ ၊ လင်ဟိုင်မြို့၏ နယ်ဘက်အရာရှိများ သို့မဟုတ် ရာထူးကြီးမားသော သခင်များ ဖြစ်ကြသည်။

ထိုလူများက ဆိုလွန်ကို ကြည့်သောအခါ သူတို့၏ အပြုံးများက ဟန်ဆောင်ကာ သရော်နေကြ၏။ မည်သို့ပင်ဆိုစေ ဤမြို့သခင်မှာ ပိုင်နက်နယ်မြေများကို ဆုံးရှုံးထားရုံသာမက သူ၏ အဓိကမြို့တော်ကိုပါ ဆုံးရှုံးထားရသူ ဖြစ်သည်။

သူတို့အတွက်မူ သူက လင်ဟိုင်မြို့သို့ ထွက်ပြေးလာသော လမ်းဘေးခွေးတစ်ကောင်နှင့် တူနေ၏။ လုံးဝ အသုံးမကျသူ တစ်ယောက်ပင်။

နောက်ဆုံး၌ ကွေ့ရှင်းဖူက ဆိုလွန်ကို ထိုင်ခုံတစ်ခုထံသို့ ခေါ်သွား၏။

အခြားလူများ အားလုံးက မတ်တပ်ရပ်၍ စကားပြောနေကြသော်လည်း လူတစ်ယောက်ကသာ မျက်စိမှိတ်ကာ ဖျာတစ်ချပ်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ပတ်ဝန်းကျင်နှင့် လုံးဝ ကင်းကွာနေပုံရသည်။

ထိုအမျိုးသားက ရိုးရှင်းသော လျှော်တေကြိုး ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သစ်သားဆံထိုးဖြင့် ရိုးရိုးရှင်းရှင်း ထုံးဖွဲ့ထား၏။ အလွန် နှိမ့်ချဟန်ရှိသည်။

အသက် သုံးဆယ်အောက်သာ ရှိသေးပုံရ၏။ သူ၌ သွယ်လျသော မျက်နှာ ၊ ကျောက်စိမ်းကဲ့သို့ အသားအရည်နှင့် နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသော အငွေ့အသက်များ ရှိနေသည်။

ကွေ့ရှင်းဖူနှင့် ဆိုလွန်တို့ ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ ထိုအမျိုးသားက မျက်လုံးများကို ဖွင့်လိုက်၏။

ထိုခဏ၌လေးပင် သူ၏ သူငယ်အိမ်ထဲ၌ ထက်မြက်ပြီး တောက်ပသည့် အလင်းရောင်တစ်ခုက ဓားတစ်လက်၏ အလင်းတန်းကဲ့သို့ စူးရှစွာ လက်ကနဲ ဖြစ်သွားသည်။

ကွေ့ရှင်းဖူက လေးနက်စွာ မိတ်ဆက်ပေးလိုက်၏။ “ငါ့တူလေး... သူက သခင်ကြီး ဓားသခင်ရဲ့ ထိပ်တန်းတပည့် ချင်းချန်ဇီပဲ။”

ဓားသခင်ဟူသော ဂုဏ်ပုဒ်ကို ကြားလိုက်ရသောအခါ ဆိုလွန် အနည်းငယ် တုန်လှုပ်သွားမိ၏။ ထိုသူက တကယ်ကို ဂန္ထဝင်မြောက် ပုဂ္ဂိုလ်တစ်ဦးပင်။

ဓားသခင် ပိုင်ရှောင်းက တစ်ချိန်က မြို့စားရာထူး၏ အမွေဆက်ခံသူ ဖြစ်ခဲ့ဖူးသည်။ သို့သော် သူက အာဏာ သို့မဟုတ် ပိုင်နက်နယ်မြေများကို စိတ်ဝင်စားခြင်း မရှိခဲ့ချေ။

သူ၏ တစ်ဘဝလုံးကို ဓားပညာ၌သာ နှစ်မြှုပ်ထားခဲ့၏။ ရာထူးကို ဆက်ခံပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စစ်ရေးအာဏာများကို တော်ဝင်မိသားစုထံသို့ ချက်ချင်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုအချိန်မှစ၍ ဓားပညာကိုသာ သီးသန့် အာရုံစိုက်ရန် တစ်ကိုယ်တည်း လှည့်လည်သွားလာနေခဲ့သည်။

နုလန်ဘုရင့်နိုင်ငံရှိ မြို့စားကြီး အယောက်နှစ်ဆယ်ကျော်အနက် သူတစ်ဦးတည်းသာ ပိုင်နက်နယ်မြေကို စွန့်လွှတ်ခဲ့ဖူးသူ ဖြစ်၏။

နိုင်ငံအပေါ် သူ၏ ပေးဆပ်မှုများကို ဂုဏ်ပြုသောအားဖြင့် ယခင်ဘုရင်က သူ့ကို မြို့စားကြီးအဖြစ် ခန့်အပ်ခဲ့သည်။ လက်ရှိ ဘုရင်ကျိပိုင် ထီးနန်းတက်လာသောအခါ အဆင့်မြင့် မြို့စားကြီးအဖြစ်ပင် ရာထူးတိုးပေးခဲ့၏။

သို့သော် ဓားသခင်ကမူ မည်သည့်ရာထူးပင် ဖြစ်နေပါစေ တော်ဝင်မြို့တော်သို့ သွားရောက်ကာ ဘုရင်ကို အရိုအသေပေးခြင်းမျိုး တစ်ခါမှ မလုပ်ခဲ့ချေ။

ပိုင်နက်နယ်မြေများကို စွန့်လွှတ်ပြီးနောက် ပထမ အနှစ်နှစ်ဆယ်အတွင်း သူက ဓားပညာကို ပြီးပြည့်စုံစေရန် သိုင်းပညာရှင်များကို စိန်ခေါ်ရင်း ကမ္ဘာတစ်လွှား ခရီးလှည့်လည်ခဲ့သည်။

နောက်ထပ် အနှစ်နှစ်ဆယ်အကြာ၌ နုလန်ဘုရင့်နိုင်ငံသို့ ပြန်လာကာ ဓားပညာကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီး တစ်ခါတစ်ရံ တပည့်များကို လက်ခံသင်ကြားပေးတတ်၏။

တော်ဝင်လူငယ် အများအပြားက သူ၏ တပည့်ဖြစ်လာရန် တောင်းဆိုခဲ့ကြသည်။ သို့သော် သူက မိသားစု နောက်ခံ သို့မဟုတ် တော်ဝင်သွေးကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ဘဲ မွေးရာပါ ပါရမီကိုသာ ဂရုစိုက်၏။

ကွေ့ချင်းရှောင်းက သူ၏ တပည့်များထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ ပါရမီ မည်မျှ မြင့်မားကြောင်း သက်သေပြနေသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ပိုင်ရှောင်းအား နုလန်ဘုရင့်နိုင်ငံ၏ နံပါတ်တစ် ဓားသမားအဖြစ် အသိအမှတ် ပြုခဲ့ကြ၏။ သူ၏ ကျော်ကြားမှုက ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့ပြီး ဓားပြိုင်ပွဲ၌ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိချေ။

လက်ရှိအချိန်၌ သူက တိုက်ခိုက်ရန်ပင် မလိုအပ်တော့ပေ။ သူ၏ ဂုဏ်သတင်းက သက်ရှိထင်ရှား ဂန္ထဝင်တစ်ရပ် ဖြစ်လာလေပြီ။

ဓားသခင် ပိုင်ရှောင်းဟူသော အမည်နာမက နုလန်ဘုရင့်နိုင်ငံတွင်သာမက အလယ်ပိုင်းဒေသ တစ်ခုလုံး၌ပါ ကျော်ကြားခဲ့၏။ သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံကြသည်။

ဆိုလွန်က ချက်ချင်းပင် နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ “မဟာဆရာသခင် ချင်းချန်ဇီကို ဂါရဝပြုပါတယ်။”

ချင်းချန်ဇီက လွန်စွာ ယဉ်ကျေးလှ၏။ သူက ဆိုလွန်ထက် ပိုမို နိမ့်ကျစွာ ခါးညွှတ်၍ ပြန်လည် အရိုအသေပေးရင်း ပြန်ပြောသည်။ “မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး။ မြို့စားကြီး ဆိုလွန် ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။”

ထိုရိုးရှင်းသော ဟန်ပန်လေးကို ကြည့်ရုံမျှဖြင့် ဤအမျိုးသား၏ သိုင်းပညာနှင့် ဓားပညာများက မယုံနိုင်လောက်အောင် နက်နဲမည်ဖြစ်ကြောင်း ဆိုလွန် သိလိုက်၏။

စစ်မှန်သော သိုင်းပညာရှင်များသာလျှင် ဤမျှ နှိမ့်ချနိုင်စွမ်းရှိသည့် ခွန်အားနှင့် ယုံကြည်မှုမျိုး ရှိကြသည်။

အရေးကြီးသော ဧည့်သည်များ အားလုံးကို မိတ်ဆက်ပေးပြီးနောက် ကွေ့ချင်းရှောင်းက သူမ၏ လက်များကို ညင်သာစွာ လက်ခုပ်တီးလိုက်သည်။ “ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အားလုံး ရောက်ရှိလာပြီဆိုတော့ ဧည့်ခံပွဲကို စတင်ပါမယ်။ ကျေးဇူးပြုပြီး နေရာယူပေးကြပါ။”

ချက်ချင်းပင် တေးဂီတသံများ ထွက်ပေါ်လာ၏။

ဆိုလွန်အတွက် ကြိုဆိုရေး ဧည့်ခံပွဲက တရားဝင် စတင်သွားလေပြီ။ တစ်ချိန်တည်း၌မှာပင် ဆိုလွန်၏ တိုက်ပွဲကလည်း တရားဝင် စတင်လေပြီ။

**--**--**--**--**--**--**--**

ဧည့်ခံပွဲသို့ တက်ရောက်လာသော ဧည့်သည် အယောက်တစ်ရာခန့် ရှိ၏။ ကွေ့ရှင်းဖူနှင့် သူ၏ သမီးဖြစ်သူ ကွေ့ချင်းရှောင်းတို့က အိမ်ရှင်များအဖြစ် ထိပ်ဆုံး စားပွဲ၌ ထိုင်နေကြသည်။

တော်ဝင်လူငယ်နှင့် မြို့စားကြီး တစ်ဦးအနေဖြင့် အမွေဆက်ခံသူ ကျိယိုးက အဆင့်အတန်း အမြင့်မားဆုံး ဖြစ်သောကြောင့် အမြင့်ဆုံးနှင့် အလယ်ဗဟိုကျသော ဂုဏ်ထူးဆောင် နေရာ၌ ထိုင်နေ၏။

ယနေ့ည၏ ဂုဏ်ထူးဆောင် ဧည့်သည်များ ဖြစ်ကြသော ဆိုလွန်နှင့် ဆိုနင်ပင်းတို့က ညာဘက်ရှိ ပထမဆုံး ခုံများ၌ ထိုင်နေကြသည်။ သူတို့နှင့် တည့်တည့် မျက်နှာချင်းဆိုင်၌ တူညီသော အဆင့်အတန်းရှိသည့် ဓားသခင် ပိုင်ရှောင်း၏ တပည့် ချင်းချန်ဇီက ထိုင်နေ၏။

ကွေ့ရှင်းဖူက အစေခံများကို အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းမွန်သော အစားအစာများနှင့် ရှားပါးသော ဟင်းလျာများက ရေကဲ့သို့ အဆက်မပြတ် ရောက်ရှိလာတော့သည်။

အသားများ ၊ ဟင်းသီးဟင်းရွက်များ ၊ သစ်သီးများနှင့် ဖရဲသီး အများစုမှာ နေ့စဉ်စားသုံးနေကျ သာမန် အစားအစာများ ဖြစ်သော်လည်း ထိုအစားအစာများကို မယုံနိုင်လောက်အောင် ကျွမ်းကျင်မှုဖြင့် ပြင်ဆင်ထားကြောင်း ဆိုလွန် သတိပြုမိလိုက်၏။

တစ်ခါတစ်ရံမှသာ တကယ်ကို ရှားပါးလှသော ဟင်းလျာတစ်ခု ပါလာတတ်သည်။ ဤသည်က ကွေ့ရှင်းဖူ၌ နေထိုင်မှု ဘဝပုံစံနှင့် ပတ်သက်၍ ကြီးမားသော အကြိုက်ရှိသော်လည်း အလွန်အကျွံ ဖြုန်းတီးခြင်း သို့မဟုတ် အမွှမ်းတင်လွန်းခြင်းမျိုး မရှိကြောင်း ပြသနေ၏။

ဆိုလွန်မှာ ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သည်။ သူက အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ချက်ချင်းပင် အလောတကြီး စတင် စားသောက်တော့၏။

သို့သော် အခြား အထက်တန်းလွှာများကမူ သူတို့၏ အစားအစာများကို ယဉ်ကျေးစွာဖြင့် နည်းနည်းချင်းစီသာ စားသောက်ကြသည်။

ဆိုလွန် တစ်ယောက် ရိုင်းစိုင်းစွာ စားသောက်နေသည်ကို မြင်သောအခါ သူတို့ လွန်စွာ အံ့အားသင့်သွားကြ၏။ သဘာဝကျစွာပင် မည်သူကမှ သူ့ကို ပေါ်တင် သရော်လှောင်ပြောင်ခြင်း မပြုကြချေ။ မည်သို့ပင်ဆိုစေကာမး ဤနေရာ၌ ရှိနေသူတိုင်းက ဂုဏ်သရေရှိပြီး အဆင့်အတန်း မြင့်မားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော် ကွေ့ရှင်းဖူကမူ သူ့ကို နွေးထွေးစွာ ကြည့်နေ၏။ ဆိုလွန် စားသောက်နေခြင်းကို ခေတ္တ ရပ်တန့်လိုက်သောအခါ ကွေ့ရှင်းဖူက သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ “ဒီပထမဆုံး ဝိုင်တစ်ခွက်က ကျွန်တော်တို့ရဲ့ ဘုရင်မင်းမြတ် အတွက်ပါ။ ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... ကျွန်တော်တို့ရဲ့ နိုင်ငံတော် ကြီးပွားတိုးတက်ပါစေ။”

ထိုစကားများကို ကြားသောအခါ အားလုံးက သူတို့၏ ဝိုင်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။

ကွေ့ရှင်းဖူက သူ၏ ဝိုင်ခွက်ကို အပြည့် ပြန်ငဲ့လိုက်သည်။ ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့် သူက ဆက်ပြော၏။ “ဒီဒုတိယမြောက် ဝိုင်တစ်ခွက်က တမလွန်ကို ရောက်သွားပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ညီအစ်ကို ဆိုလုံကို ဂုဏ်ပြုဖို့ပါ။ သူ မကွယ်လွန်ခင်အထိ ဒီနိုင်ငံအတွက် သူ့ရဲ့ အစွမ်းကုန် ကြိုးစားပြီး အရပ်မျက်နှာ အနှံ့အပြားမှာ တိုက်ပွဲဝင်ခဲ့တယ်။ သူ ကွယ်လွန်သွားတာက နိုင်ငံတော်အတွက် ကြေကွဲစရာတစ်ခု ၊ ဆိုမိသားစုအတွက် ကြေကွဲစရာတစ်ခု ဖြစ်သလို ကျွန်တော် ကွေ့ရှင်းဖူအတွက်လည်း နက်ရှိုင်းတဲ့ ကိုယ်ပိုင် နာကျင်မှုတစ်ခုပါပဲ။”

ထို့နောက် ကွေ့ရှင်းဖူက ဝိုင်တစ်ဝက်ကို မြေကြီးပေါ်သို့ သွန်ချလိုက်ပြီး ကျန်တစ်ဝက်ကို သောက်လိုက်၏။

ဆိုလွန်နှင့် ဆိုနင်ပင်းတို့က ထိုင်ခုံများမှ ထကာ ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး တမလွန်ရှိ မြို့စားကြီး ဆိုလုံကို အရိုအသေပေးရန် သူတို့၏ ဝိုင်များကို မြေကြီးပေါ်သို့ သွန်ချလိုက်ကြသည်။

ကွေ့ရှင်းဖူက တတိယမြောက် ဝိုင်ခွက်ကို ထပ်ငဲ့ကာ ပြောလိုက်သည်။ “ဒီတတိယမြောက် ဝိုင်တစ်ခွက်မှာ အဓိပ္ပာယ် သုံးခု ပါဝင်ပါတယ်။”

အားလုံးက ချက်ချင်းပင် အသေအချာ နားထောင်လိုက်ကြ၏။

ကွေ့ရှင်းဖူက ပြောလိုက်သည်။ “ပထမ အဓိပ္ပာယ်ကတော့ အမွေဆက်ခံသူ ကျိယိုး ရောက်ရှိလာတဲ့အတွက် ကျေးဇူးတင်ဖို့ပါ။ မင်းသားရဲ့ ရောက်ရှိလာမှုက ကျွန်တော့်ရဲ့ နှိမ့်ချတဲ့ မြို့စားအိမ်တော်အတွက် ကြီးမားတဲ့ ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးပါတယ်။”

အားလုံးက ဝိုင်ခွက်များကို မြှောက်ကာ အမွေဆက်ခံသူ ကျိယိုးကို အဝေးမှနေ၍ ရိုသေစွာ အရိုအသေပေးလိုက်ကြသည်။

ကွေ့ရှင်းဖူက ဆက်ပြော၏။ “ဒုတိယ အဓိပ္ပာယ်ကတော့ ကျွန်တော့်ရဲ့ တူလေး ဆိုလွန်ကို တရားဝင် ကြိုဆိုဖို့ပါ။”

သို့သော် ဤတစ်ကြိမ်၌မူ ဆိုလွန်ကို ဂုဏ်ပြုရန် မည်သူကမျှ သူတို့၏ ဝိုင်ခွက်များကို မမြှောက်ကြချေ။

ထို့နောက် ကွေ့ရှင်းဖူက ဆက်ပြောသည်။ “နောက်ဆုံး အဓိပ္ပာယ်ကတော့ ကျွန်တော့်သမီးရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးဖို့ပါ။”

ကွေ့ရှင်းဖူက သူ၏ ဝိုင်ကို သောက်လိုက်ပြီး ကျန်ရှိနေသော ဧည့်သည်များကလည်း သူတို့၏ ဝိုင်များကို ပျော်ရွှင်စွာ သောက်လိုက်ကြ၏။

ဆိုလွန် ရုတ်တရက် အံ့အားသင့်သွားသည်။ ကွေ့ချင်းရှောင်း၏ အသက်နှစ်ဆယ်ပြည့် မွေးနေ့မှာ ယနေ့ မဟုတ်ချေ။ လိုလိုတစ်လနီးပါး လိုသေးသည် မဟုတ်လော။

ကွေ့ရှင်းဖူက ရှင်းပြလိုက်သည်။ “သဘာဝကျစွာပဲ သမီးလေးရဲ့ တကယ့်မွေးနေ့က ရက်နှစ်ဆယ် လိုပါသေးတယ်။ ဒါပေမဲ့ တူလေး ဆိုလွန်အတွက် ဒီကြိုဆိုရေး ဧည့်ခံပွဲကို ကျင်းပနေပြီဆိုတော့ သမီးရဲ့ မွေးနေ့ကိုပါ တစ်ခါတည်း ကျင်းပဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။ တကယ့်မွေးနေ့ကျရင် နောက်ထပ် ဧည့်ခံပွဲ တစ်ခုကို ထပ်လုပ်တော့မှာ မဟုတ်ပါဘူး။”

ကွေ့ချင်းရှောင်းက ပျင်းရီစွာ ပြောသည်။ “သမီးက ကိစ္စမရှိပါဘူး။” သူမ၏ လေသံက အမြဲတမ်းလိုလို မာနကြီးပြီး သိမ်မွေ့နေ၏။

ဝိုင်သုံးခွက် သောက်ပြီးနောက် ဧည့်သည်များက သူတို့၏ လက်ဆောင်စာရင်းများကို စတင် ပေးအပ်ကြပြီး သူတို့၏ မွေးနေ့လက်ဆောင် အားလုံးကို ကွေ့ချင်းရှောင်းထံသို့ ဆက်သလိုက်ကြသည်။ လက်ဆောင်တစ်ခုစီတိုင်းက မယုံနိုင်လောက်အောင် အဖိုးတန်ပြီး တန်ဖိုးကြီးမားလှ၏။

ဆိုလွန် တစ်ယောက်သာလျှင် လက်ဆောင် ပြင်ဆင်မထားသူ ဖြစ်သည်။ သူ၏ သူငယ်အိမ်များက အနည်းငယ် ကျုံ့သွား၏။ သူ အကွက်ဆင်ခံလိုက်ရလေပြီ။

ယနေ့ည၏ ကြိုဆိုရေး ဧည့်ခံပွဲသည် ကွေ့ချင်းရှောင်း၏ စောစီးစွာ ကျင်းပသော မွေးနေ့ပွဲလည်း ဖြစ်ကြောင်း သူ့ကို မည်သူကမှ မပြောခဲ့ကြချေ။

အခြား ဧည့်သည်များ အားလုံးက လက်ဆောင်များ ယူဆောင်လာခဲ့ကြသည်။ ဆိုလွန် တစ်ယောက်သာ လက်ဗလာ ဖြစ်နေပြီး ယခုမှ ပြင်ဆင်ရန်ကလည်း နောက်ကျလွန်းနေပြီ ဖြစ်၏။

သူက ကွေ့ချင်းရှောင်း၏ စေ့စပ်ထားသူ ဖြစ်သည်။ ယနေ့ည၌ သူမကို တရားဝင် လက်ထပ်ခွင့်တောင်းရန်ပင် သူ စီစဉ်ထားခဲ့၏။ သို့သော် ယခုအခါ သူ့၌ သူမအတွက် မွေးနေ့လက်ဆောင်ပင် မရှိနေချေ။

ဤသည်က သူ့ကို မယုံနိုင်လောက်အောင် ပေါ့ဆသူတစ်ယောက်အဖြစ် မြင်စေသည်။ ဤအခြေအနေမျိုး၌ မင်္ဂလာကိစ္စကို မည်သို့လုပ်ပြီး ထုတ်ပြောနိုင်မည်နည်း။

ဧည့်သည် အများစုက သူတို့၏ ပစ္စည်းများကို ပေးအပ်ပြီးနောက် အရေးကြီးဆုံး ပုဂ္ဂိုလ် သုံးဦးသာ လက်ဆောင် ပေးရန် ကျန်ရှိတော့၏။ ထိုသုံးဦးမှာ ချင်းချန်ဇီ ၊ အမွေဆက်ခံသူ ကျိယိုးနှင့် နောက်ဆုံးတွင် ဆိုလွန်တို့ပင်။

ချင်းချန်ဇီက သစ်သားသေတ္တာ တစ်လုံးကို ကိုင်လျက် ထိုင်ခုံမှ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “ညီမလေး... ဒီလက်ဆောင်က အစ်ကို့ဆီက မဟုတ်ပါဘူး။ အစ်ကိုတို့ရဲ့ ဆရာက မွေးနေ့ဆုတောင်းပေးဖို့ ညီမလေးဆီကို ဒါလေး ပေးခိုင်းလိုက်လို့ပါ။”

အပိုင်း ၁၅၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters